အခန်း (၇၉၉)
Vol. 54 Ch. 799
ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ရဲ့ နောက်ဆုံးလောကကြီးက ရှေးအစီအရင်အင်ပါယာ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ထိန်းချုပ်ခံထားရခြင်းပင်ဖြစ်တော့သည်။ အတွင်းတွင်ရှိသော မြင်ကွင်းများ အားလုံးသည် လွန်ခဲ့သည့်နှစ်ပေါင်း တစ်သောင်းတုန်းက အင်ပါယာများ၏ တိုက်ပွဲပင်ဖြစ်ပြီး ဤအရာအားလုံးကလည်း အစီအရင်မှ ပြန်လည် ဖော်ညွှန်းပြသနေအြစီအရင်ကြီးကို ဖန်တီးစီရင်ခဲ့သော အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် အနာဂတ်တစ်နေ့တွင် တစ်စုံတစ်ယောက် သည် ဤဒသမမြောက်လောကဆီသို့ ရောက်ရှိလာမည်ကို ကောင်းကောင်းနားလည်မိ၏။ ထို့ကြောင့်ပင် သူသည် အစီအရင်ဖန်တီးခြင်းနှင့် ပတ်သက်သော နည်းလမ်းများကို သေသေချာချာ ချန်ရစ်ခဲ့တော့သည်။ ဤအရာသည် စမ်းသပ်မှုတစ်ခုဟုခေါ်ဆိုခြင်းထက် အခွင့်အရေးကို ပိုင်ဆိုင်နိုင်မည့်သူများကို စောင့်မျှော်နေခြင်းဟုပင် ဆိုရမည် ဖြစ်၏။
ရှန်းကွမ်းရှင်းရောင်သည် စိတ်မပျက်ပေ။ မျှော်စင်တစ်ခုလုံး၏ အစီအရင်တစ်ခုလုံးကို အောင်မြင်စွာ ထိန်းချုပ်နိုင် ခဲ့ပြီဖြစ်သည်။ သူမအနေနှင့် ဆုလာဘ်ရရှိမည့်အစီအရင်ဖန်တီးထားမှုကိုပင် ပြန်လည်ပြင်ဆင်နိုင်ခဲ့ပြီဖြစ်ပြီး အတွင်း၌ စည်းခတ်ထားခဲ့သော ခန္ဓာကိုယ်များအားလုံးကို ဆင့်ခေါ်ခဲ့သည်။ လောကတစ်ခုတွင် ခန္ဓာကိုယ်တစ်ခု ရှိသောကြောင့် လောကဆယ်ခု၊ စုစုပေါင်း ခန္ဓာကိုယ်ဆယ်ခု ရှိနေတော့၏။ ထိုခန္ဓာကိုယ်များ အားလုံးသည် မီးတောက်အလုံးလေး (သို့မဟုတ်) စိတ်ဝိညာဉ်အလုံးလေးများကဲ့သို့ ဒသမမြောက်လောကကြီးတွင် လွှင့်မျော လျက်ရှိနေ၏။
ပထမလောကကြီးမှစ၍ ဒသမမြောက်လောကကြီးဆီသို့ စီ၍ ကြည့်လိုက်မည်ဆိုလျှင် တောရိုင်းခန္ဓာကိုယ်၊ လေပွေ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်ခန္ဓာကိုယ်၊ ဓားအသွင်ပြောင်း ခန္ဓာကိုယ်၊ ယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်၊ ဓာတ်ငါးပါးခန္ဓာကိုယ်၊ အတွင်းစိတ်မိစ္ဆာခန္ဓာကိုယ်၊ ပုံရိပ်ယောင်ခန္ဓာကိုယ်၊ မိုးကြိုးအပြစ်ပေးမှုခန္ဓာကိုယ်နှင့် အစီအရင် စိတ်ဝိညာဉ် ခန္ဓာကိုယ်တို့ပင်ဖြစ်သည်။
လီချင်းယန်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိ၏။ “ဒီခန္ဓာကိုယ်ပုံစံတွေက ဒီလိုပုံစံမျိုး ရှိတာလား”
သူ၏နားလည်မှုအရဆိုလျှင် ဤကဲ့သို့သော ခန္ဓာကိုယ်ဆိုသည်မှာ သန္ဓေစွမ်းအင်မှတဆင့် ရရှိခဲ့သည့်အရာများ ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ စိတ်ဝိညာဉ်အလုံးလေးများကဲ့သို့ လေထဲတွင် လွင့်မျောလျက် ရှိနေသည်။
ကျွင်းချောင်ရှောင်းမှာတော့ အလွန်တရာ တည်ငြိမ်လျက်ရှိနေသည်။ ထို့ပြင် နတ်မီးခန္ဓာကိုယ်နှင့် ပေါင်းစပ်ခဲ့ဖူးသည်မဟုတ်လား။ ထို့ကြောင့် ဤကဲ့သို့သော ပုံစံမျိုးနှင့်ပတ်သက်၍ တချို့သော နားလည်မှုများကို ပိုင်ဆိုင်ထားသည်။
“စိန်ခေါ်မှုကို ပြုလုပ်နိုင်တဲ့လူ ဆယ်ယောက်တိတိ သတ်မှတ်ပေးထားတာ အလကား မဟုတ်ဘူးပဲ၊ ဒီတော့ ဆယ်ခု ရှိရမှာပေါ့၊ တစ်ယောက်တစ်ခုစီ ခွဲယူလိုက်ကြတာပေါ့”
ထိုစကားသံကိုကြားတော့ တပည့်များအားလုံး၏ မျက်လုံးများသည် လင်းလက်သွား၏။ လက်ရှိအချိန်တွင် ဂိုဏ်းချုပ်ကျွင်းသည် ရှိရှိသမျှသော ခန္ဓာကိုယ်များအားလုံးကို သူတစ်ယောက်တည်း ယူဆောင်လိုက်လျှင်လည်း ကိစ္စမရှိချေ။ တပည့်များက မည်သည့်စကားမှ ပြန်လည်ခွန်းတုံ့ပြန်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် ၎င်းသည် ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူပြောဆိုသည့်စကားများသည် အမိန့်ပင် ဖြစ်တော့၏။ သို့ပေမဲ့ သူ့အနေနှင့် ဤမျှများပြားသော ခန္ဓာကိုယ်များနှင့် ပေါင်းစပ်ဖို့ဆိုသည်မှာ အဓိပ္ပာယ်မရှိလှချေ။
ပြောနေစရာပင် မလိုချေ။ သူသည်သာ ရှိရှိသမျှအားလုံးသော ပစ္စည်းကောင်းများကို ယူဆောင်နေမည်ဆိုပါက အနာဂတ်တွင် ဂိုဏ်းအားကိုယ်စားပြုမည့်တပည့်များသည် ဘာဖြစ်သွားမည်နည်း။
“ရှင်းရောင်”
ကျွင်းချောင်ရှောင်းသည် ညာဘက်အစွန်ဆုံးတွင်ရှိနေသော အအေးလုံးလေးကဲ့သို့ လင်းလက်နေသည့် အလင်းလုံးလေးကို လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ “အစီအရင်စိတ်ဝိညာဉ်ခန္ဓာကိုယ်က အစီအရင်နဲ့ ပတ်သက်တယ်၊ ဒီတော့ ဒါကို မင်းယူလိုက်”
“ကျေးဇူးပါဂိုဏ်းချုပ်” ရှန်ကွမ်းရှင်းရောင်သည် ပျော်ရွှင်စွာဖြင့် ခန္ဓာကိုယ်ကို ဆင့်ခေါ်လိုက်၏။ ထိုကောင်လေး သည် မငြင်းပယ်ချေ။ ပျော်ရွှင်စွာဖြင့် သူမ၏ခန္ဓာကိုယ်ကို လှည့်လည်သွားလာလျက်ရှိနေ၏။ ဤခန္ဓာကိုယ် အမျိုးအစားမျိုးသည် အလင်းလုံးနှင့် တူညီလှပြီး စကားမပြောဆိုနိုင်ဟုဆိုသော်လည်း ၎င်းတို့၏ ကိုယ်ပိုင် အသိစိတ်တော့ ရှိနေသေး၏။ ထို့ကြောင့် သိုင်းကျင့်ကြံသူနှင့် ချိတ်ဆက်နိုင်ခြင်းပင် ဖြစ်တော့သည်။
“ရှောင်ကျီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တောရိုင်းခန္ဓာကိုယ်က မင်းအတွက်ပဲ”
အရင်မြင်ကွင်းများထဲတွင်လည်း တောရိုင်းအင်ပါယာသည် ရှောင်ကျီအား သေသေချာချာ ကြည့်ကာဖြင့် သူ၏ ခန္ဓာကိုယ် အမွေဆက်ခံမည့်သူကို ရွေးချယ်ခဲ့သေးသည် မဟုတ်လား။
“ကောင်းပါပြီ” ရှောင်ကျီသည် အရှေ့သို့ လှမ်းထွက်လာပြီးသည့်နောက် တောရိုင်းခန္ဓာကိုယ်အား သူ၏လက်နှင့် လှမ်းကိုင်လိုက်တော့သည်။ သူ၏လက်ဝါးနှင့်အလင်းလုံး ထိတွေ့မိသည့်အချိန်မှာတော့ အလွန်တရာထူထဲပြီး အားကောင်းလွန်းလှသော အော်ရာများသည် ပျံ့နှံ့သွားသည်။ ထိုအရာသည် သူ့အား အလွန်အမင်း စိတ်လှုပ်ရှား စေ၏။
“ရှောင်မို၊ လီဖေး လေပွေခန္ဓာကိုယ်က မင်းတို့အတွက်ပဲ”
“ကောင်းပါပြီ” စုရှောင်မိုနှင့် လီဖေးတို့သည် အမြန်နှုန်းအမျိုးအစား သိုင်းကျင့်ကြံသူများဖြစ်ကြ၏။ သို့ပေမဲ့ စုရှောင်မိုသည် လီဖေးထက် အနည်းငယ်ပို၍ မြန်ဆန်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ခြေတံမှာ ပို၍ရှည်သော ကြောင့်ဖြစ်သည်။ ထို့ကြောင့် စုရှောင်မိုက ဤခန္ဓာကိုယ်ကို အရင်ဆုံး ရယူလိုက်သည်။
“ကျိုးဟုန်... ဓားအသွင်ပြောင်းခန္ဓာကိုယ်က မင်းအတွက်ပဲ”
ကျွင်းချောင်ရှောင်းသည် ဓားတာအိုကို အလွန်အမင်း စိတ်ဝင်စားလှသူ မဟုတ်သောကြောင့် ဤခန္ဓာကိုယ်အား စိတ်မဝင်စားချေ။ တပည့်များအားလုံးထဲတွင်လည်း ဓားနှင့်ပတ်သက်သောခန္ဓာကိုယ်ကို အမွေဆက်ခံနိုင်သူဟူ၍ သူတစ်ယောက်တည်းသာ ရှိနေ၏။
“စိတ်ဝိညာဉ်ခန္ဓာကိုယ်က”
“ဂိုဏ်းချုပ်” ရီရှင်းချန်သည် နှောင့်နှေးမှုမရှိဘဲ ဝင်ရောက်ကာ ပြောဆိုလိုက်၏။ “ဒီတပည့်က ဒါကို လိုချင်ပါတယ်”
တခြားသောခန္ဓာကိုယ်များသည် မဆိုးလှချေ။ သို့ပေမဲ့ သူစိတ်မဝင်စားချေ။ သူ့အနေနှင့် သူ၏ကျင့်ကြံခြင်း အဆင့်ကို ပိုမိုမြန်ဆန်စေနိုင်သည့် စိတ်ဝိညာဉ်ခန္ဓာကိုယ်ကိုသာ ပိုမို၍ လိုချင်နေမိသည်။
“ကောင်းပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ယူလိုက်တော့”
“ကျေးဇူးပါ ဂိုဏ်းချုပ်” ရီရှင်းချန်သည် အလောတကြီးနှင့် လျှောက်သွားပြီးသည့်နောက် စိတ်ဝိညာဉ်ခန္ဓာကိုယ် အား လှမ်းကိုင်လိုက်တော့သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။ ညအင်ပါယာသည် အမှန်ပင် ရယ်မောခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ ၎င်း၏လက်ထဲတွင်တော့ စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် ရုန်းကန်လျက် ရှိသည်။ သူသည် သူ၏ပိုင်ရှင်အသစ်နှင့်ပတ်သက်၍ သဘောမကျသလို ခံစားနေခြင်းပင်ဖြစ်၏။
“ငြိမ်ငြိမ်နေစမ်း” ရီရှင်းချန်သည် လေးလေးနက်နက်ဖြင့် အော်ဟစ်လိုက်သည်။ ကြောက်လန့်သွားပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်လေးသည် ငြိမ်သက်သွားတော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အကြီးအကဲကျန့်... ခင်ဗျားကတော့ ယွမ်ဝိညာဉ်ခန္ဓာကိုယ်ကို ယူလိုက်”
“ကျေးဇူးပါ ဂိုဏ်းချုပ်” ကျန့်ရာသည် ယွမ်ဝိညာဉ်ခန္ဓာကိုယ်ကို ယူဆောင်လိုက်၏။ သူ၏ စိတ်ထဲမှာတော့ စဉ်းစား နေသည်။ “ဒီအရာက ဘာသုံးရမှာလဲ”
ဤယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် ရှိရှိသမျှ အရာအားလုံးကို ကြည့်ရှုနိုင်သည့် စိတ်ဝိညာဉ်အာရုံဖြန့်ကျက်မှုနှင့် ဆင်တူနေကြောင်းကို သိရှိပါက ကျိန်းသေပေါက် ထခုန်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် သူ၏ ညီမလေးအား ရှာဖွေရန်အတွက် ကြီးမားသည့်အထောက်အကူဖြစ်လာပေလိမ့်မည်။
“လီဖေး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကို မင်းတစ်ခုရွေးလိုက်”
လီဖေးသည် ခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “တပည့်က အတွင်းစိတ်မိစ္ဆာခန္ဓာကိုယ်ကို ရွေးချယ်ပါ့မယ်”
“မင်းကကော” ကျွင်းချောင်ရှောင်းသည် လုချင်းချင်းကို ကြည့်လိုက်၏။
လုချင်းချင်းက ပြောလိုက်သည်။ “တပည့်မလိုအပ်ပါဘူး”
သူမသည်ရေခဲခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးသားဖြစ်သည်။ ထို့ကြောင့် တခြားသောခန္ဓာကိုယ်များကို စိတ်မဝင်စားချေ။
“မင်းတကယ် မလိုချင်ဘူးလား”
“မလိုချင်ပါဘူး”
“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် လီချင်းယန်ကို ကြည့်ကာ ပြောလိုက်သည်။ “ဒီမှာ မိုးကြိုးအပစ်ပေးမှု ခန္ဓာကိုယ်ရယ်၊ ပုံရိပ်ယောင်ခန္ဓာကိုယ်ရယ် ကျန်သေးတယ်၊ မင်းတစ်ခုရွေးလိုက်”
လီချင်းယန်သည် ခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “ဒီခန္ဓာကိုယ်အမျိုးအစားနှစ်ခုက တပည့်နဲ့ အသုံးတည့်မယ် မထင်ဘူး၊ ဒီတော့ သင့်တော်တဲ့ ဂိုဏ်းတူညီလေး တစ်ယောက်ယောက်ကို ပေးတာက ကောင်းလိမ့်မယ် ထင်တယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မသင့်တော်ဘူးဆိုရင်တောင်မှ မင်းတစ်ခုတော့ ယူရမယ်”
သူ၏ဒုတိယတပည့်သည် ရိုးရှင်းပြီး တည်ငြိမ်သော အမူအကျင့်ကို ပိုင်ဆိုင်၏။ ထို့ကြောင့် မည်သည့်အရာကိုမှ တပ်မက်ခြင်းမရှိကြောင်း သူကောင်းကောင်းသိ၏။ သို့ပေမဲ့ ဤအဆင့်သို့ရောက်အောင် စိန်ခေါ်ရောက်ရှိနိုင်ခဲ့သည် ဆိုမှတော့ ကျိန်းသေပေါက် အကျိုးအမြတ်များကို ရရှိမှ ဖြစ်ပေမည်။
“ဒီလိုလုပ်ရအောင်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ချင်းချင်း ယူလိုက်၊ မိုးကြိုး အပြစ်ပေးမှုခန္ဓာကိုယ်ကတော့ မင်းအတွက်ပဲ”
“ကောင်းပါပြီ”
လီချင်းယန်သည် မိုးကြိုးအပစ်ပေးမှု ခန္ဓာကိုယ်ကို လှမ်းကိုင်လိုက်သည်။ လုချင်းချင်းသည် ငြင်းမနေတော့ပဲ ပုံရိပ်ယောင်အိမ်မက်ခန္ဓာကိုယ်အား လှမ်းယူလိုက်တော့၏။ အပြင်ဘက်တွင်ရှိသော သိုင်းကျင့်ကြံသူများသည် ထိုနှစ်ယောက်အနေဖြင့် ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲတွင် ခန္ဓာကိုယ်များကို အတင်းကာရော မဖြစ်မနေ လက်ခံလိုက်ရသည့် အကြောင်းအရာကိုသာ သိရှိမည်ဆိုပါက ကျိန်းသေပေါက် မနာလိုဖြစ်ပေလိမ့်မည်။
ရှေးယခင်ကတည်းက တည်ရှိခဲ့သော ခန္ဓာကိုယ်များအားလုံးသည် သိုင်းကျင့်ကြံသူများ အားလုံးကို အကူအညီ တစ်စုံတစ်ရာ ပေးပေလိမ့်မည်။ ခန္ဓာကိုယ်အမျိုးအစားဆယ်ခုတွင် ကိုးခုကို ခွဲခြမ်းပေးပြီးသည့်နောက် ကျန်နေသည့် ဓာတ်ငါးပါးခန္ဓာကိုယ်သည် ကျိန်းသေပေါက် ကျွင်းချောင်ရှောင်းအတွက်သာ ဖြစ်ပေလိမ့်မည်။
“ဂိုဏ်းချုပ်”
စုရှောင်မိုက ပြောလိုက်သည်။ “ဒါကို ဘယ်လို ပေါင်းစပ်ရမလဲ”
“ခြေချိတ်ပြီးထိုင်လိုက်၊ ပြီးတော့ စိတ်ဝိညာဉ်အတွေးတွေကို ဖြန့်ကျက်ပြီး သူတို့နဲ့ ဆက်သွယ်လိုက်၊ ပြီးရင် မင်းရဲ့ ခန္ဓာကိုယ်ထဲကို လမ်းညွှန်ပြီး ဆွဲခေါ်လိုက်တော့လေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဆွစ် ဆွစ်
အားလုံးသောသူများသည် ခြေချိတ်ထိုင်လိုက်ကြတော့၏။
ဝှစ်
ရှောင်ကျီသည် ပထမဆုံးအနေနှင့် တောရိုင်းခန္ဓာကိုယ်နှင့် ဆက်သွယ်လိုက်တော့သည်။ သူ၏စိတ်ဝိညာဉ်အတွေး များနှင့် ထိတွေ့မိချိန်မှာတော့ တစ်ဖက်စိတ်ဝိညာဉ်အလုံးလေးသည် တိမ်တစ်ခုကဲ့သို့ ပြောင်းလဲကာဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ခန္ဓာကိုယ်များနှင့် ပေါင်းစပ်ခြင်းသည် အလွန်တရာပင် ရိုးရှင်းလွန်းလှ၏။
ဤတိမ်ကဲ့သို့သော အရာများကို စုပ်ယူလိုက်ပြီးသည့်နောက်မှာတော့ ၎င်း၏ ဒန်ထျန်ထဲတွင် လက်သည်းခွံ အရွယ်အစားခန့်ရှိသော ကမ္ဘာငယ်လေးတစ်ခု ဖြစ်တည်လာ၏။ ဤအရာသည် တောရိုင်းခန္ဓာကိုယ်ပင် ဖြစ်ပေ တော့သည်။ သေးငယ်လှသည်ဆိုသော်လည်း အောင်မြင်စွာဖွဲ့စည်းလိုက်သည့်နောက်မှာတော့ သူ၏ခန္ဓာကိုယ် တစ်ခုလုံးနှင့် ချိတ်ဆက်ပြီး လိုသလို အသုံးပြုနိုင်နေပြီဖြစ်သည်။
ရှောင်ကျီသည် သူ၏ခန္ဓာကိုယ်ကို အာရုံခံပြီးသည့်နောက်မှာတော့ အားအင်နှင့် ခန္ဓာကိုယ်မာကျောမှုသည် တမဟုတ်ခြင်း တိုးတက်သွားသည်ကို ခံစားမှုနေ၏။ တောရိုင်းကမ္ဘာကလည်း ဖွဲ့စည်းပြီးဖြစ်နေသောကြောင့် သူ၏ အကာအကွယ်အားအင်သည် အဆင့်အတန်း တစ်ခုဆီသို့ တိုးတက်သွားခဲ့၏။ အနာဂတ်တွင် သူ့အနေနှင့် ထိုအရာကို အသုံးပြု၍ ပိုမိုအားကောင်းနိုင်တော့မှာဖြစ်သည်။
ဤကဲ့သို့သော လောကကြီးကို အသုံးပြု၍ တောရိုင်းအင်ပါယာသည် လူများအားလုံးကို ချိုးနှက်သတ်ဖြတ် ပစ်သည်ကို မြင်ခဲ့ရ၏။ တစ်နေ့တွင် ရှောင်ကျီအနေဖြင့် တောရိုင်း လောကကြီးကို အသုံးပြု၍ လူများအားလုံးကို သတ်ဖြတ်ပစ်မည်ကို ကျွင်းချောင်ရှောင်း မလိုချင်ပေ။ ထိုသို့ဆိုလျှင် သူသည် ရှောင်ကျီအား ပြန်လည်သတ်ဖြတ် ပစ်မှာ သေချာ၏။
..................
ရွှီး ရွှီး
လီချင်းယန်သည် မတ်တပ်ထရပ်ပြီးနောက် သူ၏ညာဘက်လက်ဝါးကို ဖွင့်လိုက်၏။ အလင်းတန်းများသည် သူ၏ လက်ဝါးထဲတွင် ဖြစ်တည်လာခဲ့၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ကျွန်တော်က မိုးကြိုးကျင့်ကြံသူ ဖြစ်ပြီပေါ့”
ဟား ဟား ဟား
ဟား ဟား ဟား
စုရှောင်မို၏ ရယ်သံကို ကြားလိုက်ရတော့သည်။ သူ၏ခြေထောက်အောက်တွင်တော့ လေပွေလှိုင်းများ ဖြစ်တည် နေပြီးသည့်နောက် ၎င်းသည် အမြန်ဆန်ဆုံးဖြင့် ပြေးလွှားလျက်ရှိ၏။
ကျိုးဟုန်သည် မတ်တပ်ထရပ်လိုက်၏။ သူ့ကိုကြည့်ရသည်မှာ သာမန်ပင်ဖြစ်၏။ သို့ပေမဲ့ သူ၏ခန္ဓာကိုယ် တစ်ခုလုံး၏ ထက်ရှမှုသည် အလွန်တရာ ထက်မြိသော ဓားတစ်စင်းကဲ့သို့ ပြောင်းလဲနေသည်။
“ကျုပ်ရဲ့ စိတ်ဝိညာဉ်အာရုံတွေက ပိုပြီးတော့ အားကောင်းသွားခဲ့တာပဲ” ကျန့်ရာသည် ယွမ်စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ပြီးသည့်နောက်မှာတော့ သူ၏မျက်လုံးများသည် ပိုမို၍ ထက်ရှလာခဲ့၏။ စိတ်ဝိညာဉ်အာရုံများကို အနည်းငယ် ဖြန့်ကျက်လိုက်ပြီးသည့်နောက် ဆယ်မိုင်ပတ်လည်အတွင်း အရာအားလုံးကို သူမြင်နေရ၏။
“ဂိုဏ်းချုပ်” လီဖေးသည် သူ၏ညာလက်ကို ဖွင့်လိုက်သည်။ အမဲရောင်ဓာတ်သဘာဝများသည် ဘောလုံးတစ်လုံး ကဲ့သို့ သူ၏ညာလက်တွင် ဖွဲ့တည်လာသည်။ “ကျွန်တော်ရဲ့ ခန္ဓာကိုယ်ကို ဘာသုံးရမှာလဲ”
“ပစ်မှတ်တစ်ခုခုကို ရှာပြီး စမ်းကြည့်လိုက်လေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ကောင်းပါပြီ” လီဖေးသည် ပြေးနေရာမှ ရပ်လိုက်သော စုရှောင်မိုကို လှမ်းကြည့်လိုက်၏။ ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ ဓာတ်သဘာဝများသည် စုရှောင်မိုဆီသို့ ရောက်ရှိသွား၏။
စုရှောင်မိုသည် ဒူးထောက်ထိုင်ချလိုက်ပြီး နောက် အားရပါးရ အော်ဟစ်ငိုယိုတော့သည်။ “ကျုပ်က ပုရွက်ဆိတ်လေးတစ်ကောင်ကိုတောင်မှ မယှဉ်နိုင်ဘူး၊ ကျုပ်ဘဝက အဓိပ္ပာယ်မရှိဘူး”
ဤအရာသည် သရုပ်ဆောင်နေခြင်းမဟုတ်ပေ။ အစစ်အမှန်ပင်ဖြစ်၏။
“မင်းနားလည်ပြီလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
လီဖေးသည် ဉာဏ်အလင်းရသွားတော့၏။ “နားလည်ပြီ၊ ကျွန်တော်ရဲ့ ခန္ဓာကိုယ်က လူတွေကို အတွင်းစိတ်မိစ္ဆာ ဖြစ်စေဖို့အတွက် ဓာတ်သဘာဝတွေကို စုဖွဲ့စေနိုင်တာပဲ”
ရွှီး
ထိုအချိန်မှာပဲ သူ၏သိစိတ်သည် စွမ်းအားတစ်မျိုး၏ ထွင်းဖောက်ခြင်းကို ခံလိုက်ရ၏။ လီဖေးသည် ကြောင်အ သွားသည်။ ပြီးသည့်နောက်မှာတော့ သူသည် ငှက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး တောင်ပံများကို ဖွင့်ဟကာဖြင့် ကောင်းကင်ပေါ်တွင် လွတ်လွတ်လပ်လပ်နှင့် ပျံသန်းလျက်ရှိနေသည်။
“ပျံမယ်၊ ပျံမယ်” သူသည် လက်ကိုယမ်းခါ၍ မျက်နှာပေါ်တွင် ကြောင်အအ အပြုံးနှင့်အတူ ဒသမမြောက်လောက ကြီးထဲတွင် ပတ်၍ ပြေးလျက်ရှိနေသည်။ ကြည့်ရှုရသည်မှာ အလွန်ပင် ရယ်စရာကောင်းလှ၏။
“.........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်ရင်သွား၏။ ပြီးနောက် သူသည် လုချင်းချင်းအား လှမ်း၍ ကြည့်လိုက်သည်။ ပြောနေစရာပင်မလိုချေ။ ဤမိန်းကလေးသည် ပုံရိပ်ယောင်အိမ်မက်ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်လိုက်ခြင်းဖြစ်ပြီး လီဖေးအား စိတ်ကူးယဉ်အိမ်မက်ထဲသို့ရောက်ရှိအောင် ဖန်တီးခဲ့ခြင်းပင် ဖြစ်တော့သည်။
ဟား ဟား ဟား
ဟား ဟား ဟား
ရီရှင်းချန်သည် သူ၏ မျက်နှာကို အုပ်ကာကာဖြင့် ရယ်လျက်ရှိသည်။ သူသည် စိတ်ဝိညာဉ်ခန္ဓာကိုယ်ဖြင့် ပေါင်းစပ် ပြီးသည့်နောက်မှာတော့ ထိုက်ရွမ်ကျမ်းနှင့် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်ကြည့်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးထဲတွင် ရှိသော အလွန်ကို သန့်စင်လှသော စိတ်ဝိညာဉ်စွမ်းအင်များသည် ဆူနာမီ မုန်တိုင်း ကဲ့သို့ သူ၏ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်လျက်ရှိနေတော့သည်။ ဤခန္ဓာကိုယ်နှင့်ဆိုသော် သူ့အနေနှင့် မြန်မြန်ဆန်ဆန် အဆင့်ချိုးဖောက်ဖို့ကို စိုးရိမ်စရာပင် မလိုအပ်တော့ချေ။ ဤနေရာတွင် သိရှိသင့်သည်မှာ အလွန်တရာ အေးစက်လှပြီး မောက်မာလှသော သူတစ်ယောက်ပင်လျှင် သူ့အား အလွန်တရာကောင်းမွန်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားစေနိုင်သည်ဆိုသော ပစ္စည်းတစ်ခုကို ပိုင်ဆိုင်သည်ဆိုပါက မထိန်းချုပ်နိုင်ဘဲ အားရပါးရ ရယ်မောနေမည်ဆိုခြင်းပင်။
“အားလုံးပဲ” ရုတ်တရက်ဆိုသလိုပဲ အစီအရင်အင်ပါယာ၏ လေးနက်သောအသံ ထွက်ပေါ်လာသည်။ “အားလုံးပဲ ဒီနေရာမှာ စည်းခတ်ခံထားရတဲ့ ခန္ဓာကိုယ်တွေကို အမွေဆက်ခံတဲ့အတွက် ဂုဏ်ယူပါတယ်၊ ဒါပေမဲ့ မင်းတို့ အားလုံးဆီမှ တာဝန်ကိုယ်စီရှိကြတယ်”
“တာဝန် ဟုတ်လား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
အစီအရင် အင်ပါယာက ဆက်ပြောလိုက်၏။ “လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက အင်ပါယာတွေက ဘာလို့ စစ်ပွဲဖြစ်ခဲ့ကြတာလဲ၊ မင်းတို့ စိတ်မဝင်စားဘူးလား”
“စိတ်မဝင်စားပါဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ရှင်းယောင်... အပြင်ဘက်လောကဆီသွားတဲ့ ထွက်လမ်းကို ဖွင့်တော့၊ ငါတို့အားလုံး ဂိုဏ်းကို ပြန်ကြမယ်”
“ကောင်းပါပြီ”
အစီအရင်အင်ပါယာ “....”
ခန္ဓာကိုယ်များနှင့် ပေါင်းစပ်ပြီးသည့်နောက် ၎င်းတို့သည် ထွက်ခွာသွားရန် ပြင်ဆင်နေကြ၏။
“ချီးတဲ့မှ”
ကျွီ
တည်နေရာတစ်ခုလုံး တုန်ခါသွားပြီးနောက် အပြင်ဘက်လောကဆီ ထွက်ခွာသွားနိုင်သော လှေကားထစ် ပေါ်ပေါက် လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “အနှောက်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ ဒါဆိုရင် ကျုပ်တပည့်တွေနဲ့အတူ ထွက်ခွာသွားပါ့မယ်”
“လူငယ်လေး”
အစီအရင်အင်ပါယာသည် အလောတကြီးပြောလိုက်သည်။ “နေပါအုံး၊ ငါပြောတာ မပြီးသေးဘူးဟ”