အခန်း (၈၀၀)
Vol. 54 Ch. 800
ကျွင်းချောင်ရှောင်းသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက အင်ပါယာများကြား စစ်ပွဲသည် အဘယ်ကြောင့် ဖြစ်ပွားရသည်ဆိုခြင်းနှင့်ပတ်သတ်၍ စိတ်မဝင်စားလှချေ။ သူ၏အထင်အရဆိုလျှင် ဆယ်မျက်နှာသေဆုံးခြင်း မျှော်စင်ထဲတွင်ရှိသော အကျိုးအမြတ်များအားလုံးကို ရယူခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့် သူနှင့် သူ၏တပည့်များ အားလုံးသည် ပျော်ပျော်ရွှင်ရွှင် ပြန်လည်ထွက်ခွာသွားရပေလိမ့်မည်။ ထို့အပြင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် သူတို့ ထွက်ခွာလာမည်ကို စောင့်မျှော်နေကြသည်မဟုတ်လား။
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ သူ၏ အဓိက ရည်ရွယ်ချက်သည် ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲ ဝင်ရောက် ပြီးသည့်နောက်မှာ လက်ရွေးစင်ဂိုဏ်းစာရင်း ထဲတွင် ၎င်း၏ ဂိုဏ်းအဆင့် ပိုမိုမြင့်တက်လာစေရန်သာ ဖြစ်တော့ သည်။ တပည့်များကိုခေါ်ဆောင်၍ ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲတွင် ဝင်ရောက်ယှဉ်ပြိုင်စိန်ခေါ်ခဲ့သည် ဆိုသော်လည်း တစ်ယောက်မှ ဒဏ်ရာမရရှိဘဲ ပြန်လည်ထွက်ခွာလာသည် ဆိုခြင်းသည် များပြားလှသည့် မှတ်တမ်းများကို ပြန်လည်ချိုးဖြတ်နိုင်တော့မှာဖြစ်၏။
ထိုသို့ဆိုလျှင် သူ့ဂိုဏ်း၏ အဆင့်သည်လည်း ကျိန်းသေပေါက် ပိုမို၍ မြင့်မားလာပေလိမ့်မည်။ ဂိုဏ်း၏အဆင့် မြင့်တက်လာခြင်းနှင့်အတူ ခန္ဓာကိုယ်ဆယ်ခုကိုလည်း ပိုင်ဆိုင်ရယူခဲ့သေး၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် လောက၏ ထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိသွားသလို ခံစားမိနေသည်။
“ဂိုဏ်းချုပ်”
ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “စီနီယာအစီအရင်အင်ပါယာကို ကြည့်ရတာ ကျွန်မတို့ကို အရမ်းအရေးကြီးတဲ့ ကိစ္စတချို့ ပြောစရာရှိတဲ့ပုံပေါ်တယ်၊ မဟုတ်ရင် မျှော်စင်ထဲမှာ သူ့ရဲ့ဝိညာဉ်အကြွင်းအကျန်ကို ချန်ထားရစ်စရာ အကြောင်းမရှိဘူးလေ”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ခဏရပ်တန့်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်ရဲ့ တန်ဖိုးကြီးမားလှတဲ့ တပည့်ကြောင့် ခင်ဗျားကို မိနစ်အနည်းငယ်လောက် ပေးလိုက်မယ်၊ ပြောချင်တာကို မြန်မြန်ပြောတော့”
“လူငယ်လေး” အစီအရင်အင်ပါယာ၏ ဝိညာဉ်အကြွင်းအကျန်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်း တုန်းက အင်ပါယာတွေက စစ်ပွဲစဖြစ်ခဲ့ကြတယ်၊ ဘာလို့လဲဆိုတော့ တခြားလောကမှာရှိတဲ့ မျိုးနွယ်စုက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဝင်ရောက်ကျူးကျော်လာလို့ပဲ”
“တခြားမျိုးနွယ်တွေက ဝင်ရောက်ကျူးကျော်တယ် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် မေးလိုက်မိ၏။
အစီအရင်အင်ပါယာက ပြောလိုက်သည်။ “ခန္ဓာကိုယ်မရှိတဲ့အထူးတည်ရှိမှုတွေပေါ့၊ သူတို့က သိုင်းကျင့်ကြံသူတွေရဲ့ ဝိညာဉ်တွေကို ထိန်းချုပ်နိုင်တယ်လေ၊ ပြီးတော့ လောကကြီးကို ကပ်ဘေးကြီးတွေ ဖြစ်ပေါ်လာအောင် ဆောင်ယူ လာတာပေါ့”
“တောရိုင်းအင်ပါယာ သိုင်းအင်ပါယာ လင်းကျူးတို့က အဲဒီလူတွေရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတာလား” ကျွင်းချောင်ရှောင်းက မေးလိုက်၏။
“အမှန်ပဲ” အစီအရင် အင်ပါယာက ပြောလိုက်သည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ၏ မျက်နှာများသည် ပျက်ယွင်းသွား၏။ စောနတုန်းက သတ်ဖြတ်ခဲ့ကြ သော သိုင်းအင်ပါယာများ၏ မျက်နှာနှင့် အမူအရာများသည် အေးစက်လွန်းလှ၏။
ကျွင်းချောင်ရှောင်းသည် ဆွံ့အ သွားမိသည်။
“လိုရင်းကို ပြောပါလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဥပမာအားဖြင့် ကျုပ်တို့ရဲ့ တာဝန်က ဘာလဲ ဆိုတာမျိုးပေါ့”
အစီအရင်အင်ပါယာက ပြောလိုက်သည်။ “သိုင်းအင်ပါယာတာ လင်းကျူ နဲ့ တခြားသောသူတွေက သူတို့ကိုယ် သူတို့ ပေးဆပ်ပြီးတော့ တခြားမျိုးနွယ်တွေကို အနိုင်ယူနိုင်အောင် ပြုလုပ်ခဲ့ကြတယ်ဆိုပေမဲ့ သူတို့ရဲ့ ရည်မှန်းချက်က မအောင်မြင်ခဲ့ကြဘူးလေ၊ ဒီတော့ ဝိညာဉ်မျိုးနွယ်တွေက ကျိန်းသေပေါက် ပြန်လာလိမ့်မယ်၊ ဒီဝိညာဉ်မျိုးနွယ် တွေကို စောင့်ကြည့်ပြီးတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို စောင့်ကြည့်ပေးဖို့တာဝန်က မင်းတို့အားလုံးမှာ ရှိတယ်”
“တောင်းပန်ပါတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လူတွေကို ကယ်တင်ဖို့၊ လောကကြီးကို ငြိမ်းချမ်း စေဖို့ ရည်ရွယ်ချက်ဆိုတာ တခြားသူတွေမှာပဲ ရှိတယ်လေ၊ ကျုပ်ဆီမှာ မရှိဘူး”
ရုတ်တရက်ဆိုသလိုပဲ တစ်စုံတစ်ယောက်သည် သူ့အား ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ကာကွယ်ပေးရန် တောင်းဆိုလျက်ရှိနေ၏။
“လူငယ်လေး”
အစီအရင်အင်ပါယာက လေးနက်စွာဖြင့် ပြောလိုက်မိသည်။ “မင်းက အင်ပါယာတွေ ချန်ထားခဲ့တဲ့ ခန္ဓာကိုယ်တွေ အကုန်လုံးကို အမွေဆက်ခံပြီးသွားပြီလေ၊ ဒီတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် အကောင်းဆုံး ပြုလုပ်ပေးရမယ်”
“အားနာပါတယ်၊ စိတ်မဝင်စားပါဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“သွားကြစို့၊ သွားကြစို့”
အားလုံးသည် သူ၏နောက်သို့ လိုက်လာကြသည်။ သူတို့သည် မျှော်စင်ထဲမှ ထွက်ရန် ပြင်လိုက်ကြတော့သည်။
အစီအရင် အင်ပါယာက အလောတကြီးဖြင့် ပြောလိုက်သည်။ “လူငယ်လေး.... မင်းအနေနဲ့ ကြယ်ကြွေကုန်းမြေ တိုက်ကြီးကို ကာကွယ်ပေးမယ်ဆိုရင် ကျိန်းသေပေါက် ဆုလာဘ်တွေ ရလိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် လမ်းသွားနေရာမှ ရုတ်တရက် ရပ်တန့်ကာ ပြောလိုက်သည်။ “ကုန်းမြေတိုက်ကြီးရဲ့ ကျရှုံးခြင်း၊ မြင့်တက်ခြင်းဆိုတာ လူတိုင်းဆီမှာ တာဝန်ရှိတယ်”
“..........” တပည့်များ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ အကျိုးအမြတ်အကြောင်း ပြောရမည်ဆိုလျှင် ဂိုဏ်းချုပ်၏ တုံ့ပြန်နိုင်မှုသည် သိုင်းနယ်မြေ ကျင့်ကြံသူများ၏ တည်နေရာ ရွေ့ပြောင်းနိုင်မှုထက်ပင် ပိုမို၍ မြန်ဆန်လှသေး၏။
အကျိုးအမြတ်ဟူသော သူ၏ စကားလုံးသည် တစ်ဖက်လူ၏ အမူအရာကို ချက်ချင်းပြောင်းလဲသွားလိမ့်မည်ဟု အစီအရင်အင်ပါယာက မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် သူသည် မြန်မြန်ပဲ ဆက်ကာ ပြောလိုက်၏။ “ဒီ တခြားမျိုးနွယ်တွေကို ဝိညာဉ်မျိုးနွယ်တွေလို့ ခေါ်တယ်လေ၊ သူ့တို့က ခန္ဓာကိုယ်မရှိဘူး၊ ဝိညာဉ်ပုံစံအတိုင်းပဲ တည်ရှိတယ်၊ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာ သူတို့က ကျင့်ကြံခြင်းတွေ၊ အဆင့်တွေ၊ သိုင်းနည်းစနစ်တွေ အကုန်လုံးကို အမွေဆက်ခံရယူတယ်၊ ပြီးတော့ သူတို့ရဲ့ပုံစံအတိုင်းပဲ လုပ်ချင်တာ တွေကို လုပ်ကြတာပေါ့”
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ဘယ်လိုမျိုးရှာဖွေတွေ့ရှိနိုင်လဲ”
အစီအရင်အင်ပါယာက ပြောလိုက်သည်။ “ဒီဝိညာဉ်မျိုးနွယ်တွေဆီမှာ ထူးဆန်းတဲ့နည်းလမ်းတစ်ခုရှိတယ်၊ သူတို့က သတ္တဝါတွေ၊ သက်ရှိတွေရဲ့ စွမ်းအင်တွေကို ဝါးမြိုပြီးတော့ သူတို့ကိုယ်သူတို့ ပိုပြီးအားကောင်းအောင် ပြုလုပ်ကြတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပိုပြီးတော့ အသေးစိတ် တိတိကျကျလေး ပြောပေးပါလား”
အစီအရင်အင်ပါယာက ပြောလိုက်သည်။ “ပန်းတွေ၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ မြက်ပင်တွေ၊ လောက ကြီးမှာရှိတဲ့ စွမ်းအင်တွေ အကုန်လုံးကို သူတို့က စုပ်ယူတယ်၊ ဝိညာဉ်မျိုးနွယ်တွေက ဒီအရာတွေကို စုပ်ယူရုံတင် မကဘဲ သူတို့အတွက် ကောင်းမွန်တဲ့ အကျိုးအမြတ်ဖြစ်အောင် ဖန်တီးနိုင်ကြတယ်”
“ပန်းနဲ့ မြက်ပင်တွေကို စုပ်ယူရုံလောက်ပဲဆိုရင် ကိစ္စမရှိဘူး”
“ဒါပေမဲ့ သူတို့က သိုင်းကျင့်ကြံသူတွေနဲ့ အဆင့်မြင့် ကျင့်ကြံခြင်းတေ အကုန်လုံးကိုလည်း စုပ်ယူနိုင်တယ်၊ ဒါကြောင့် သူတို့ရဲ့ အားအင်အဆင့် တိုးပွားမှုက ပိုပြီး မြန်ဆန်လာခဲ့တယ်၊ သူတို့ကို လုပ်ချင်တိုင်း လုပ်ခွင့်ပြုထား မယ်ဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ စိတ်ဝိညာဉ်ချီတွေ အကုန်လုံးက ခမ်းခြောက်ပြီးတော့ အမှိုက် ကုန်းမြေကြီးတစ်ခုလို ဖြစ်သွားလိမ့်မယ်”
“ဒါက နည်းနည်းကြောက်စရာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
အစီအရင်အင်ပါယာ ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေက စိတ်ဝိညာဉ်ချီတွေကို စုပ်ယူတယ်၊ ပြီးတော့ သူတို့က အစိမ်းရောင်ဓာတ်သဘာဝတွေကို ထုတ်လွှတ်သေးတယ်၊ နောက်ပိုင်း ကျုပ်တို့ရှာဖွေတွေ့ရှိခဲ့တယ်၊ သေချာစုံစမ်းပြီးတဲ့နောက် သူတို့က အခြားဂြိုလ်မှာရှိတဲ့ မျိုးနွယ်တွေဖြစ်ကြောင်း သိရှိလိုက်ရတယ်လေ၊ ဒီလူတွေက ရေဘဝဲတွေလိုပဲ ဂြိုလ်တိုင်းဂြိုလ်တိုင်းမှာရှိတဲ့ စွမ်းအင်တွေကို ဝါးမြိုကြတယ်လေ၊ ပြီးတော့ အလုံးစုံ ပျက်စီးသွားပြီဆိုမှ ပြန်လည်ထွက်ခွာသွားကြတာ”
“လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက ကြွယ်ကြွေကုန်းမြေတိုက်ကြီးကို ကျူးကျော်လာတဲ့ ဝိညာဉ်မျိုးနွယ်တွေက ဘယ်နှစ်ယောက်လောက်ရှိလဲ”
“ကိုးယောက်”
................
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်၏။ ဝိညာဉ်မျိုးနွယ်ကိုးယောက်သည် သိုင်းအင်ပါယာ များကြား စစ်ပွဲကြီးတစ်ခု ဖြစ်ပွားအောင်ပင် ဖန်တီးနိုင်ခဲ့၏။ အဆုံးသတ်မှာတော့ ကုန်းမြေတိုက်ကြီး တစ်ခုလုံးပင် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့ရသေးသည်။ ဤအရာမှာ တရားလွန် လွန်းလှ၏။ သူ့အနေနှင့် ထိုဘက်ခေတ်ကို မမှီခဲ့ဘူးဆိုသော်လည်း သိုင်းအင်ပါယာကိုးယောက်တို့အား အပိုင်စီးကာဖြင့် စွမ်းအင်များကို စုပ်ယူခဲ့သည်ဆိုခြင်း မှာ ကြောက်မက်ဖွယ်ရာကောင်းလှသည့် တည်ရှိသူများ ဖြစ်ပေလိမ့်မည်။ ထိုသို့သော ဖမ်းဆီးထိန်းချုပ်ခြင်းကို ခံထားရသော သိုင်းအင်ပါယာများသည် တချို့သော မလုပ်သင့်သည့်ကိစ္စများကို ပြုလု်ပ်ခြင်းပင် ဖြစ်ပေလိမ့်မည်။
ဥပမာအားဖြင့် တောရိုင်းအင်ပါယာသည် သူ၏တောရိုင်းလောကကြီးကို အသုံးပြု၍ တခြားသူများကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့သေး၏။ ထို့ကြောင့်ပင် တောရိုင်းအင်ပါယာသည် မိမိကိုယ်ကို ထိန်းချုပ်နိုင်သည့် အချိန်လေး အတွင်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသတ်ဖြတ်ပစ်ခဲ့ခြင်းပင် ဖြစ်တော့၏။
အစီအရင်အင်ပါယာက ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို အလျော့မပေး သေးဘူးလေ၊ တစ်နေ့မှာ ဖျက်ဆီးဖို့အတွက် ပြန်လာကြမှာပဲ၊ မင်းတို့က ခန္ဓာကိုယ်တွေကို အမွေဆက်ခံပြီးပြီ ဆိုမှတော့ သူတို့ကို သေဆုံးတဲ့အထိ တိုက်ခိုက်ရလိမ့်မယ်”
“စီနီယာ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီအရာတွေ ခဏထားပြီး အရင်ဆုံး အကျိုးအမြတ် အကြောင်းကို အရင်ပြောပြပါအုံး”
အစီအရင်အင်ပါယာ “.....”
“အကျိုးအမြတ်က ရှိတာပေါ့”
အစီအရင်အင်ပါယာက ပြောလိုက်သည်။ “ဒါပေမဲ့ အနာဂတ် မင်းတို့ရဲ့ လုပ်ဆောင်မှု အပေါ်မှာ မူတည်နေတယ်”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ လှည့်ကာ ထွက်ခွာသွားသည်။ “ကြည့်ရတာ အကျိုးအမြတ်ဆိုတာ ဘာမှ ရှိမယ့်ပုံမပေါ်ဘူး၊ တမင်ကလာ လှည့်စားပြီးတော့ ပြောနေတာပဲ ဖြစ်ရမယ်”
“လူငယ်လေး”
အစီအရင်အင်ပါယာသည် လှမ်းအော်လိုက်၏။ “မင်းရဲ့မျက်လုံးထဲမှာ အကျိုးအမြတ်ပဲ ရှိတယ်၊ လောကကြီးရှင်သန်ဖို့အတွက် ဘာတစ်ခုမှ စိတ်ထဲမှာ မရှိတော့ဘူးလား”
“ဒီလောကကြီးက အကျိုးအမြတ်တွေနဲ့ပဲ ဖွဲ့တည်ထားတာလေ၊ အကျိုးအမြတ်မရှိတဲ့ အလုပ်က အလကားပဲ မဟုတ်လား”
ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်၏။ “အကျိုးအမြတ်ဆိုတာကပဲ လူသားတွေရဲ့ နှလုံးသား ကို လှုပ်ရှားစေနိုင်တာလေ၊ အကျိုးအမြတ်မရှိရင် ကျုပ်စိတ်မဝင်စားဘူး”
“မင်း....”
“အကျိုးအမြတ် မရှိမှတော့ ကျုပ်ထွက်သွားပါတော့မယ်”
“လူငယ်လေး… အသိုက်အမြုံ ပျက်စီးပြီဆိုမှတော့ ဥဘယ်လို့လုပ် ကျန်ရစ်ခဲ့တော့မလဲ၊ ဒီလိုပဲလေ၊ တခြားမျိုးနွယ် တွေ ဝင်ရောက်လာပြီး ဒီလောကကြီးကို ဖျက်ဆီးပြီဆိုမှတော့ မင်းတို့က ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ” အစီအရင်အင်ပါယာသည် ဒေါသတကြီးဖြင့် လှမ်းအော်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် ရပ်တန့်လိုက်၏။ ပြီးနောက် သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။ “ဒါလည်း ဟုတ်တာပဲ”
အစီအရင်အင်ပါယာက ပြောလိုက်သည်။ “မင်းအနေနဲ ခန္ဓာကိုယ်တွေကို အမွေဆက်ခံပြီးပြီဆိုတော့ လောကကြီးကို ကယ်တင်ရုံတင်မဟုတ်ဘူး၊ မင်းကိုယ်မင်း ကယ်တင်ဖို့လည်း တာဝန်ရှိသေးတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ထပ်မံပြီး ကျူးကျော်မယ်ဆိုတာ သေချာလို့လား”
အစီအရင်အင်ပါယာသည် တိကျသေချာစွာဖြင့် ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ စိတ်ဝိညာဉ် စွမ်းအင်တွေ ရှိနေသရွေ့ သူတို့က အလျော့ပေးမှာ မဟုတ်ဘူး”
“သူတို့ ကျူးကျော်ဝင်ရောက်လာတတ်တဲ့ အချိန်ကာလမျိုးကို သိလား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
အစီအရင်အင်ပါယာသည် ခဏလောက် ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “ဒါက အချိန်အရမ်း ကြာခဲ့ပြီ၊ သူတို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ရောက်ရှိလာတာ အစောကြီးကတည်းက ဖြစ်မယ်၊ ပြီးတော့မှ လူသားတွေရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းလိုက်တာလေ၊ ပြီးတော့ တဖြည်းဖြည်းချင်း ကြီးထွားလာခဲ့ကြတာ”
“ဒါဆိုရင် ဝိညာဉ်မျိုးနွယ်တွေက ဘယ်မှာနေတာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
အစီအရင်အင်ပါယာက ပြောလိုက်သည်။ “မင်းဘာလို့ မေးရတာလဲ”
ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ “သူတို့လာပြီး ကျူးကျော်မှာကို စောင့်နေမယ့်အစား သူတို့ကို သွားပြီးတော့ သတ်လိုက်ကြမယ်လေ”
“သူတို့ကို သွားသတ်မယ် ဟုတ်လား”