အခန်း (၈၀၁)
Vol. 54 Ch. 801
အစီအရင်အင်ပါယာသည် သိစိတ်မျှင်တစ်ခုတည်းကိုသာ ထုတ်ဖော်အသုံးပြုထားတာ ကံကောင်းလွန်းသေး၏။ အကယ်၍ မူရင်းခန္ဓာကိုယ်သာ ရှိမည်ဆိုပါက ပါးစပ်အဟောင်းသားဖြင့် ရှိနေမှာ သေချာသည်။ သူနှင့် တခြားသော သိုင်းအင်ပါယာများအားလုံးသည် တခြားသောမျိုးနွယ်များ၏ ကျူးကျော်မှုကို မည်ကဲ့သို့ ခုခံရမည်ကိုသာ စဉ်းစားရင်း တိုက်ပွဲ၌ သေဆုံးခဲ့ကြ၏။ သို့ပေမဲ့ တခြားသူမျိုးနွယ်စုများကို သွားရောက်ကာ ကျူးကျော်တိုက်ခိုက်မည့်အကြောင်း တစ်ခါမှ မစဉ်းစားခဲ့ဘူးချေ။
ကျွင်းချောင်ရှောင်းမှာတော့ ခြားနားလွန်းလှ၏။ တစ်ဖက်လူများသည် ကျိန်းသေပေါက် လာမည်ကို သိရှိပြီးနောက် မှာတော့ အဘယ်ကြောင့် ဤနေရာတွင် စောင့်နေရမည်နည်း။ လူများကို စုစည်းကာဖြင့် သွားရောက် သတ်ဖြတ်ရ ပေလိမ့်မည်။
ခုခံခြင်းနှင့် သွားရောက်တိုက်ခိုက်ခြင်း - ဤအရာမှာ ကွာခြားလွန်းလှ၏။ ကျွင်းချောင်ရှောင်း၏ အမူအကျင့်အရဆိုလျှင် တစ်စုံတစ်ယောက်သည် သူ၏ ဂိုဏ်းနှင့်တပည့်များကို ပစ်မှတ်ထားနေသည်ကို သိရှိသည် ဆိုပါက ချက်ချင်းပဲ စဦးသွားရောက်တိုက်ခိုက်မှာ သေချာသည်။
အစီအရင် အင်ပါယာက ပြောလိုက်သည်။ “ဝိညာဉ်မျိုးနွယ်တွေရဲ့ ကမ္ဘာက အရမ်းကို အန္တရာယ်များလွန်းတယ်၊ သူတို့ကို သွားပြီး ကျူးကျော်ဖို့ဆိုတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူတူပဲ”
“ဒါကို စိတ်ပူနေဖို့ မလိုပါဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်ကို တည်နေရာသာပေး၊ ဒါကို ရင်ဆိုင် ဖို့အတွက် ကျုပ်မှာ နည်းလမ်းတွေ အများကြီးရှိတယ်”
“ကြယ်ကြွေကုန်းမြေတိုက်ကြီးနဲ့ ဝိညာဉ်မျိုးနွယ်တွေ နေတဲ့အရပ်က အရမ်းကို ဝေးတယ်၊ တည်နေရာကို ဖြတ်သန်းသွားလာနိုင်တဲ့ စွမ်းရည်မရှိရင် ဒီလိုမျိုး ပြုလုပ်ဖို့ဆိုတာ မလွယ်ဘူး” အစီအရင် အင်ပါယာက ပြောလိုက် သည်။
ကျွင်းချောင်ရှောင်းက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “ဒီလိုဆိုရင် သူတို့က ကြယ်ကြွေကုန်းမြေ တိုက်ကြီးကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
အစီအရင်အင်ပါယာက ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက ဒီနေရာထဲမှာ အက်ကွဲကြောင်း တွေပေါ်လာတယ်၊ ပြီးတော့ လေဝဲပုံစံလမ်းကြောင်းတွေ ဖြစ်တည်လာခဲ့တယ်၊ ဒီနည်းလမ်းကို အသုံးပြုပြီး သူတို့က ရောက်လာကြတာ”
“တည်နေရာလမ်းကြောင်းတွေက ဘယ်နားမှာလဲ”
“အစီအရင်နဲ့ ကျုပ်စည်းခတ်ခဲ့တယ်”
“ဘယ်နေရာမှာလဲ”
“မြောက်ပိုင်းတည်နေရာထဲမှာလေ၊ သဲတွေအများကြီး ရှိတဲ့နေရာပေါ့”
စနစ်ကပြောလိုက်သည်။ “မြောက်ပိုင်းသဲကန္တာရနယ်မြေကို ပြောတာနဲ့တူတယ်”
“ဝိညာဉ်မျိုးနွယ်တွေက သိုင်းပညာအရင်းအမြစ်တွေကို စုစည်းရတာ ကြိုက်နှစ်သက်တယ် မဟုတ်လား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
အစီအရင်အင်ပါယာက ပြောလိုက်သည်။ “သူတို့က တခြားမျိုးနွယ်တွေဆိုပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အသုံးပြုဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေ လိုအပ်သေးတယ်လေ၊ ဒီတော့ သူတို့ကို ပိုမိုအားကောင်းလာစေဖို့ လက်နက်ပစ္စည်းတွေ ထုတ်ဖော်ဖို့အတွက် ကျောက်ရိုင်းတွေလည်း လိုအပ်တယ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားမိ၏။ အစီအရင်အင်ပါယာသည် အကျိုးအမြတ်ရှိသည်ကို ပြောဆိုခဲ့သည်ဆိုခြင်းမှာ သူ၏အထင်အရဆိုလျှင် သူသာတခြားမျိုးနွယ်စုကို သွားရောက်ကျူးကျော်မည်ဆိုပါက ၎င်းတို့ သိမ်းဆည်းထားခဲ့သော အရာအားလုံးကို ရရှိမှာသေချာ၏။
“ပြိုင်စံရှားဂိုဏ်းက ခန္ဓာကိုယ်တွေကို အမွေဆက်ခံပြီးပြီဆိုမှတော့ လောကကြီးကို ကာကွယ်ပေးဖို့ တာဝန်ကို ကျိန်းသေပေါက် ယူရမှာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
စနစ် “....”
“လက်ခံသူ ဒီလောက်ကြီး ရိုးသားဖြောင့်မတ်နေဖို့ မလိုပါဘူး”
“ဒီတော့ စီနီယာကို မနှောက်ယှက်တော့ပါဘူး၊ ဒီတော့ အရင်ဆုံး ထွက်သွားပါတော့မယ်” ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာဖြင့် ပြောလိုက်၏။ “သွားကြစို့”
မကြာခင်မှာပဲ တပည့်များအားလုံးသည် သူ့နောက်ကို လိုက်ကာဖြင့် ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်မှ ထွက်ခွာ သွားခဲ့ကြသည်။
အစီအရင် အင်ပါယာသည် သက်ပြင်းကိုချကာပြောလိုက်၏။ “ငါက ဒီလိုလူမျိုးကို တွေ့ရဖို့အတွက် နှစ်ပေါင်း တစ်သောင်းကျော်စောင့်ခဲ့ရတယ်၊ ဒါပေမဲ့ သူ့ကို လောကကြီးကို ကယ်တင်ဖို့ တောင်းဆိုခဲ့ရတာက မယုံကြည် ရဘူးလို့ ခံစားမိနေတယ်”
သူ၏အသံသည် ပြောဆိုရင်းမှာပဲ တဖြည်းဖြည်းနှင့် တိမ်ဝင်သွားခဲ့သည်။ ဝိညာဉ်သိစိတ်အမျှင်သည် ဤမျှော်စင် ထဲတွင် စည်းခတ်ခံထားရပြီး ကံကြမ္မာရေစက်ပါသူ ရောက်ရှိလာမည်ကို စောင့်မျှော်နေခြင်းဖြစ်သည်။ လက်ရှိ အခြေအနေမှာတော့ သူ၏တာဝန်ပြီးမြောက်သွားပြီဖြစ်သောကြောင့် လောကကြီးတွင် တည်ရှိမှု မရှိတော့ပေ။
......................
အပြင်ဘက်မှာတော့ ပုံရိပ်ယောင်အစီအရင်သည် အဓိကမြို့များအသီးသီးတွင် တည်ရှိနေတုန်းဖြစ်သည်။ အားလုံးသည် စောင့်မျှော်လျက်ရှိနေကြ၏။
ကျွီ
ရုတ်တရက်ဆိုသလိုပဲ မျှော်စင်၏ ပထမထပ်တံခါးသည် ပွင့်သွားခဲ့သည်။ “သူထွက်လာပြီ၊ ဂိုဏ်းချုပ်ကျွင်းနဲ့ သူတပည့်တွေ ထွက်လာပြီပဲ”
တချိန်လုံး ပုံရိပ်ယောင်အစီအရင်ကြီးကို စောင့်မျှော်လျက်ရှိသော သိုင်းကျင့်ကြံသူများသည် ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များ မျှော်စင်ထဲမှ ထွက်လျှောက်လာကြသည့်အချိန်ကို မြင်ရချိန်မှာတော့ အံ့အားတသင့်ဖြင့် ထအော်လိုက်မိကြသည်။ အားလုံးသည် ညီညီညာညာနှင့် သပ်သပ်ရပ်ရပ် ဝင်သွားခဲ့ကြပြီး ညီညီညာညာ သပ်သပ်ရပ်ရပ် နှင့်ပင် ပြန်လည်ထွက်ခွာလာခဲ့ကြသည်။ ကြည့်ရသည်မှာ မည်သည့်ဒဏ်ရာမှ ရရှိခဲ့ပုံ မပေါ်ပေ။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် မြင်ကွင်းကို လှမ်းကြည့်ကာဖြင့် ရယ်မောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ကို အောင်မြင်စွာဖြင့် ရှင်းလင်းနိုင်ခဲ့ပြီ”
“အံ့အားသင့်စရာပဲ”
“ဒါက မယုံကြည်နိုင်စရာကောင်းတယ်”
ကျွင်းချောင်ရှောင်းကိုယ်တိုင် ပြောဆိုနေသည်ကို ကြားရပြီးချိန်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ သိုင်းကျင့်ကြံသူများအားလုံးသည် မနာလိုမှုများနှင့် ကြည့်ရှုလျက်ရှိနေကြသည်။
လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်း ကတည်းက တည်ရှိခဲ့သော တားမြစ်တည်နေရာသည် မည်သည့်ဆုလာဘ်မှ မရှိကြဘူးဆိုသော်လည်း ဒဏ်ရာတစ်ခုတစ်လေမှ မရဘဲနှင့် မျှော်စင်တစ်ဆင့်ချင်းဆီကို ရှင်းလင်းနိုင်ဖို့ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။ ၎င်းတို့၏ အားအင်အဆင့်ကို အကောင်းမွန်ဆုံး သက်သေပြနိုင်ခဲ့သည်ဟု ဆိုရမည်။
“ဂိုဏ်းချုပ်ကျွင်း”
မြို့တော်ဝန်ဟန်သည် အသံပို့လွှတ်လိုက်၏။ “ဆယ်ထပ်မြောက်က ဘာစမ်းသပ်တာလဲ”
“ဒါက သာမန်စမ်းသပ်မှု သက်သက်ပါပဲ” ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။
တစ်ဖက်လူသည် ဆယ်ထပ်မြောက်လောကကြီးနှင့်ပတ်သက်၍ သူ့အား မပြောဆိုချင်မှန်း သူကောင်းကောင်း နားလည်မိ၏။ ထို့ကြောင့် ထပ်၍ မမေးမြန်းတော့ချေ။ ထိုအစား ပြုံးကာဖြင့် ပြောလိုက်တော့၏။ “ဂိုဏ်းချုပ်ကျွင်း... စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းကို ဘယ်တော့ ပေးမှာလဲ”
“ရော့”
ကျွင်းချောင်ရှောင်းသည် ရိုးသားလွန်းလှသူဖြစ်သည်။ ထို့ကြောင့် ပုံရိပ်ယောင်အစီအရင်၏ ငှားရမ်းခအတွက် လူလုပ် စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းအား ချက်ချင်းပဲ ထုတ်ကာ ပေးလိုက်၏။
မြို့တော်ဝန်ဟန်က ပြောလိုက်၏။ “အနာဂတ်မှာ ထပ်ပြီး အသုံးပြုချင်သေးတယ်ဆိုရင် အချိန်မရွေး လာရှာလို့ ရတယ်နော်”
သူသည် စိတ်ဝိညာဉ်ကျောက်တုံးများ ရရှိခြင်း၏ ချိုမြိန်မှုကို ခံစားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း အား ခဏခဏ ငှားရမ်းရန်ပင် စဉ်းစားမိနေပြီဖြစ်၏။
မြို့တော်ဝန်ဟန်သည် စိတ်ဝိညာဉ်ကျောက်တုံးများ လိုအပ် နေသောကြောင့် မဟုတ်ပေ။ သို့ပေမဲ့ ဤအစီအရင်ကြီးသည် ဘာတစ်ခုမှ မလုပ်ဘဲ ပစ်ထားရမှာ သေချာ၏။ ပြုပြင်ထိန်းသိမ်းခကလည်း ကုန်ခမ်းသေးသည်။ ဤသို့သော အခြေအနေမျိုးတွင် အပိုဝင်ငွေ ရရှိအောင် ဖန်တီး ထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“ကောင်းပါပြီ” ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြန်ပြောလိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် အချိန်ခဏကြာ မြို့တော်ဝန်မူနှင့် စကားပြောဆိုလိုက်သည်။ ပြီးနောက် ကျန်းတယ်ကျွင်းကို အမိန့်ပေးကာ ပုံရိပ်ယောင်အစီအရင်ကြီးအား ပြန်လည်ဖယ်ရှားရန် ပြောဆိုလိုက်တော့သည်။ အားလုံးပြီးစီး ပြီးသည့်နောက်မှာတော့ သူသည် တပည့်များနှင့်အတူ ဂိုဏ်းဆီသို့ ပြန်သွားခဲ့သည်။
လမ်းမှာတော့ လီချင်းယန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်... အခု ကျွန်တော်တို့ဆီမှာ ကြီးမားတဲ့ တာဝန်ကြီး ရှိနေပြီပေါ့”
“မင်း လောကကြီးကို မကယ်တင်ချင်ဘူး မဟုတ်လား၊ ဒါမှမဟုတ် ကယ်တင်ချင်လို့လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
လီချင်းယန်က ကြောင်သွားသည်။ “ဂိုဏ်းချုပ်က စီနီယာအစီအရင်အင်ပါယာကို ကတိပေးပြီးပြီ မဟုတ်လား”
“ပေးခဲ့တယ်လေ၊ ဒါပေမဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လောကကြီးကို ကယ်တင်ဖို့ဆိုတာ ငါတို့ လုပ်နိုင်တဲ့ အတိုင်းအတာဘောင်အတွင်းကပဲ လုပ်လို့ရတယ်”
သူနှင့် သူ၏ဂိုဏ်း၏ အားအင်အဆင့်သည် လောကကြီးတစ်ခုလုံးကို ကယ်တင်နိုင်လိမ့်မည်ဟု မထင်မှတ်ချေ။ ထို့အပြင် ဤကဲ့သို့သော ကိစ္စရပ်ကြီး တစ်စုံတစ်ခု ဖြစ်မည်ဆိုလျှင် ပထမအဆင့်နှင့် ဒုတိယအဆင့် ဂိုဏ်းများ ကသာလျှင် ထိုအရာကို ကာကွယ်ပြုလုပ်ရပေမည်။
“ချင်းယန်.... အဓိကတာဝန်က မင်း ပိုပြီးအားကောင်းလာအောင် လုပ်ဖို့ပဲလေ၊ အနာဂတ်မှာ မင်းဆီမှာ လုံလောက်တဲ့ စွမ်းအင်ရှိနေမယ်ဆိုရင် လောကကြီးကို ကယ်တင်ဖို့မပြောနဲ့ စကြဝဠာကြီးတစ်ခုလုံးကို ကယ်တင်ဖို့တောင် ပြဿနာ မရှိဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
လီချင်းယန်သည် လေးလေးနက်နက်နှင့် ပြောလိုက်၏။ “ကျွန်တော် နားလည်ပါပြီ”
..................
ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ကို စိန်ခေါ်မှုသည် ပြည့်စုံစွာဖြင့် ပြီးစီးသွားခဲ့ပြီဖြစ်သည်။ အထဲတွင်ရှိသော အမွေအနှစ်ခန္ဓာကိုယ်များကိုလည်း ပြိုင်စံရှားဂိုဏ်းက ရယူသွားခဲ့၏။ ဆုလာဘ်ကို ရရှိခဲ့သည်စာရင်းကို ပြန်လည် ပြင်ဆင်ပြီးပြီဖြစ်သောကြောင့် ပြိုင်စံရှားဂိုဏ်းသည် တစ်ရာရာခိုင်နှုန်း ဆုလာဘ်များကို ရရှိခဲ့ကြ၏။
မျက်နှာတစ်ရာဆေးသူတော်စင်နှင့် နတ်ဆိုးအင်ပါယာတို့သာ ဤအကြောင်းကို ကြားသိမည်ဆိုပါက ကျိန်းသေပေါက် ပြုံးပြုံးကြီး ဖြစ်နေပေလိမ့်မည်။ လွန်ခဲ့သည့်နှစ်ပေါင်း တစ်သောင်းတုန်းက တည်ရှိခဲ့သော တားမြစ်တည်နေရာသည် ကျွင်းချောင်ရှောင်း၏ အလုံးစုံ သိမ်းဆည်းယူငင်ခြင်းကို ခံခဲ့ရ၏။ ၎င်းတို့၏ တည်နေရာ များအားလုံးသည် ပြောင်ရှင်းအောင် ယူဆောင်သွားခြင်းခံရသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ပြိုင်စံရှားဂိုဏ်းသည် ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ကို စိန်ခေါ်ပြီး တပည့်တစ်ဦးတစ်လေကမှ ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဆိုသည့်သတင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ကျိန်းသေပေါက် ပျံ့နှံ့လျက်ရှိ၏။ ထို့အပြင် ဤအရာသည် တကူးတက သတင်းစကားလုပ်၍ ဖြန့်ဝေစရာပင် မလိုချေ။ အဘယ်ကြောင့်ဆိုသော် တိုက်ရိုက်ထုတ်လွှင့်မှုကို ပြုလုပ်ခဲ့သည် မဟုတ်လား။
ထို့ကြောင့်ပင် လက်ရွေးစင်ဂိုဏ်းစာရင်း ပြန်လည်ထွက် လာပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းသည် အဆင့်ကိုးဆယ်မှသည်အဆင့်ရှစ်ဆယ်ဆီသို့ တက်လှမ်းသွားတော့သည်။
“မဆိုးဘူး၊ မဆိုးဘူး”
စာရင်းကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်မိသည်။ သူ၏ဂိုဏ်းသည် အဆင့်လေးသို့ ရောက်ရှိလာပြီး လက်ရွေးစင်ဂိုဏ်းစာရင်းတွင် ရှစ်ဆယ်အထိ ရောက်ရှိလာ၏။ ထို့ကြောင့် အထူးတာဝန်ခုနှစ်၏ တာဝန်များသည် အခြေခံလိုအပ်ချက်များနှင့် ပြည့်စုံသွားပြီဟု ဆိုရမည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် အလုံးစုံ စိတ်ကျေနပ်မှုတော့ မရှိသေးချေ။ ထို့အပြင် အခြေခံလိုအပ်ချက်ကို ပြည့်စုံသည်ဆိုသည်မှာ တစ်ရာ ရာခိုင်နှုန်း ပြည့်ဝသည်ဟုသာ အဓိပ္ပာယ်ပေါ်၏။ သူ့အနေနှင့် ပိုမို၍ ကောင်းမွန်သည့် ရာခိုင်နှုန်းများကို ရရှိမည် ဆိုပါက ပိုမိုမြင့်မားသည့် ဆုလာဘ်များ ရရှိမှာ သေချာသည်။
“ဂိုဏ်းချုပ်”
စုရှောင်မိုသည် သူ့အား လာရောက်တွေ့ဆုံကာ ပြောလိုက်၏။ “တပည့်က ထိုက်ရွှမ်အအေးဂိုဏ်းကို ပြန်ရပါတော့မယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းပြန်တဲ့အချိန်မှာ သတိထား၊ တကယ်လို့ မင်းဘယ်သူလဲဆိုတာ ပေါ်သွားပြီဆိုတာနဲ့ ချက်ချင်း ဂိုဏ်းဆီကို ပြန်လာခဲ့”
“ကောင်းပါပြီ”
လျှိုဝမ်ရှစ် ချက်ပြုတ်ပေးသည့် အစားအသောက်များကို စားသုံးပြီးသည့်နောက်မှာတော့ စုရှောင်မိုသည် ပြိုင်စံရှား ဂိုဏ်းမှ ထွက်ခွာသွားသည်။ ပြီးနောက် သူသည် မည်သူမှမရှိသော တည်နေရာတစ်ခုကို ရောက်ရှိချိန်မှာတော့ မျက်နှာဖုံးကို ထုတ်ယူကာ ဝတ်ဆင်လိုက်တော့၏။ လက်ရှိအခြေအနေမှာတော့ ထိုက်ရွမ်အအေးဂိုဏ်း၏ အပြင်စည်းတပည့် ကုန်းရှန့် ဖြစ်သွားခဲ့လေပြီ။
.....................
ဘုန်း ဘုန်း
သစ်တောတစ်ခုထဲတွင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ တောင်၏ နံရံကြီးတစ်ခုလုံး သည် ကြီးမားလှသော အားအင်ကြောင့် လက်သီးရာကြီးတစ်ခု ထင်ပေါ်လာခဲ့တော့သည်။ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် စိတ်ဓာတ်ကျသည့် အမူအရာဖြင့် တောင်နံရံကြီးကို လက်သီးဖြင့် ထိုးလျက်ရှိသည်။
“ငါ လှည့်စားခံလိုက်ရပြီ၊ ငါတကယ့်ကို လှည့်စားခံလိုက်ရတာပဲ”