အခန်း (၈၀၂)
Vol. 54 Ch. 802
တိုင်လုသည် အလွန်ဒေါသထွက်လျက်ရှိသည်။ သူသည် တောင်၏ ကျောက်နံရံကြီးကို တဝုန်းဝုန်းနှင့် ထိုးနှက် နေသည်အထိ ဒေါသထွက်လျက်ရှိနေ၏။ တခြား အကြောင်းကြောင့် မဟုတ်ပေ။ နဂါးကျားပြိုင်ပွဲအတွင်းတွင် သူသည် ရတနာတချို့ကို ရှာဖွေရန် အတွက် အဝါရောင်မြေပုံတစ်ခုကို ဝယ်ယူခဲ့၏။ ထိုအဝါရောင်မြေပုံအတိုင်း သူသည် ဖိနပ်များ အမြောက်အများ ကုန်သည်အထိ ရတနာရှိသည်ဆိုသော နေရာအထိ လျှောက်လှမ်း လာခဲ့သည်။ အဆုံးသတ်မှာတော့ ဘာတစ်ခုမှ မရှိခဲ့ချေ။
သူ့အား ပို၍ စိတ်ဓာတ်ကျဆင်းစေသည်မှာ သိုင်းပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိ လာခဲ့ကြခြင်းပင်ဖြစ်သည်။ ၎င်းတို့၏ လက်ထဲတွင် မြေပုံတစ်ခုကို ကိုင်ဆောင်ထားခဲ့ကြပြီး သူနှင့် ထပ်တူညီနေ၏။ အားလုံးသည် ထိုင်၍ သေချာဆွေးနွေးခဲ့ကြပြီးသည့်နောက်မှာတော့ သူတို့အားလုံးသည် လမ်းပေါ်ရှိ အဘိုးအို တစ်ယောက်ဆီမှ ဝယ်ယူခဲ့သည့် မြေပုံဖြစ်ကြောင်း နားလည်သွားမိ၏။ ထိုအရာမှာ အလိမ်ခံလိုက်ရသည် ဖြစ်ကြောင်း သာမန်လူတစ်ယောက်ပင်လျှင် ချက်ချင်းနားလည်နိုင်သော အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။
အား
တိုင်လုသည် ခေါင်းကိုကုတ်ကာဖြင့် အားရပါးရ အော်ဟစ်လိုက်မိ၏။ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော အစိမ်းရောင် ဓာတ်သဘာဝများသည် လှိုင်းများကဲ့သို့ ဖြစ်တည်လာပြီးသည့်နောက် အနီးပတ်ဝန်းကျင်တွင်ရှိနေသော အပင်များ အားလုံးကို စုပ်ယူပြီး ညှိးနွမ်းခြောက်ကပ်သွားသည်အထိ ဖြစ်သွားစေခဲ့သည်။ သူ့အနေနှင့် ဤမြေပုံကို အမှီပြု၍ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးမြှင့်နိုင်ရန် အခွင့်အလမ်းကို ရှာဖွေနိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။ ထိုမှသာလျှင် သူသည် ပြိုင်စံရှားဂိုဏ်းနှင့် ရီရှင်းချန်တို့အား လက်စားချေနိုင်မှာဖြစ်သည်။ အဆုံးသတ်မှာတော့ အရာအားလုံး သည် သူ့အား လှောင်ပြောင်နေသကဲ့သို့ပင်။ ထိုကဲ့သို့သောကိစ္စကို သူမည်သို့မှ လက်သင့်မခံနိုင်ချေ။
တိုင်လုသည် အော်ဟစ်ကြုံးဝါးလိုက်၏။ “လက်စားချေဖို့အတွက် ငါက ဒီလောက်အထိ ခက်ခဲနေတာလား”
“ကောင်လေး”
ရုတ်တရက်ဆိုသလိုပဲ ထည်ဝါလှသည့်အသံတစ်ခုသည် သူ၏နားထဲတွင် ပေါ်လာ၏။ “ပိုပြီး အားကောင်းချင်တယ်ဆိုရင် မင်းအနေနဲ့ တခြားသူတွေရဲ့ စွမ်းအင်တွေကို ပိုပြီး စုပ်ယူဖို့ လိုအပ်တယ်၊ ဒါမှသာ အားနည်းမှုတွေက ပျောက်ကွယ်သွားမှာပဲ”
“ဘယ်သူလဲ” တိုင်လုသည် အလန့်တကြားဖြင့် ထအော်လိုက်၏။
အသံရှင်က ဆက်လက်၍ ပြောဆိုတော့သည်။ “မင်း ငါကို ဟွင်လို့ ခေါ်လည်းရတယ်၊ ဒါမှမဟုတ် အရှင်လို့ ခေါ်လည်း ရတယ်”
တိုင်လုက အေးစက်စက် ပြောလိုက်သည်။ “ကျုပ် ခန္ဓာကိုယ်ထဲက ထွက်သွားစမ်း”
ဟား ဟား ဟား
ဟား ဟား ဟား
ဟွင် ဟု သူ့ကိုယ်သူခေါ်သောသူသည် ထူးဆန်းစွာဖြင့် ရယ်မောလိုက်တော့၏။ “ငါထွက်သွားပြီဆိုတာနဲ့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဝါးမြိုခြင်း စွမ်းအင်တွေကလည်း လုံးဝပျောက်ကွယ်သွားလိမ့်မယ်၊ မင်းသေချာ စဉ်းစားနော်”
တိုင်လု၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူသည် လက်ရှိတွင် သိုင်းဘုရင်အဆင့်သို့ ရောက်ရှိသွားခဲ့၏။ ထိုကဲ့သို့ရောက်ရှိခြင်းသည် ဝါးမြိုခြင်းစွမ်းအင်ကို ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။ ဝါးမြိုခြင်းစွမ်းအင်သာ ပျောက်ကွယ်သွားမည်ဆိုပါက သူသည် ကျိန်းသေပေါက် ဘာမှမဟုတ်သည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲ သွားပေမည်။
“ကောင်လေး... ငါ့ရဲ့အကူအညီနဲ့ မင်းက ပိုပြီးတော့ အားကောင်းလာခဲ့တယ်၊ ဒီတော့ ပြိုင်စံရှားဂိုဏ်းနဲ့ ရီရှင်းချန် တို့ကို ခြေထောက်အောက်မှာ ဆက်ပြီးနင်းချေချင်တယ်ဆိုရင် ငါ့အကူအညီကို ဆက်ပြီးယူမှ ဖြစ်လိမ့်မယ်” ဟွင်သည် ထူးဆန်းစွာဖြင့် ရယ်မောလိုက်၏။
တိုင်လုက တီးတိုးပြောလိုက်သည်။ “တကယ်လား”
“မင်းက လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ ဝါးမြိုခြင်း စွမ်းအင်ကို ကောင်းကောင်းနားလည်ခဲ့ပြီဆိုပေမယ့် အခြေခံအဆင့်ပဲ ရှိသေးတယ်၊ အခု ငါက အသက်ဝင်နိုးထခဲ့ပြီဆိုတော့ မင်းကို မှန်ကန်အောင် သင်ပြပေးမယ်” ဟွင်သည် ဂုဏ်ယူ စွာဖြင့် ပြောလိုက်သည်။
“ကျုပ်က ဝါးမြိုခြင်းစွမ်းအင်ကို ဘယ်လို အသုံးပြုရမှာလဲ”
တိုင်လုသည် နှလုံးခုန်သံများ မြန်ဆန်သွားခဲ့၏။ သူသည် ဘာမှန်းမသိဘဲ ဝါးမြိုခြင်းစွမ်းအင်ကို ပိုင်ဆိုင်ရရှိခဲ့၏။ လက်ရှိအခြေအနေမှာတော့ သူ၏ ခန္ဓာကိုယ်ထဲတွင် ဟွင် ဟု သူ့ကိုယ်သူခေါ်သော ရောင်းရင်းတစ်ယောက်သည် တည်ရှိလို့နေသည်။ ထိုအရာကို သူသည် မြန်မြန်ဆန်ဆန်နှင့် အသားကျအောင် ပြုမူရပေလိမ့်မည်။
“ဝါးမြိုခြင်းစွမ်းအင်ဆိုတာ ဝါးမြိုတဲ့နှလုံးသားကျမ်းနဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ သန့်စင်တဲ့ စွမ်းအင်တွေအဖြစ် ရရှိအောင် ပြုလုပ်တာပဲ၊ ငါမင်းကို အခုသင်ပေးမယ်”
ချက်ချင်းပဲ များပြားလှသော မန္တာန်များသည် သူ၏ သိစိတ် ပင်လယ်ထဲတွင် ပေါ်ပေါက်လာတော့သည်။ သူသည် ဘာမှန်းမသိပဲ ထိုအရာများနှင့်ပေါင်းစပ်ပြီးသည့်နောက်မှာတော့ မျက်လုံးများသည် တလက်လက် တောက်ပလာ တော့၏။
“အမှိုက်လေး”
ဟွင်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ငါမင်းကို ကြွားပြောနေတာ မဟုတ်ဘူး၊ ဒီကျမ်းကို နှစ်ဆယ် သို့မဟုတ် သုံးဆယ်ရာခိုင်နှုန်းအထိ နားလည်မယ်ဆိုရင်တောင်မှ မင်း ပြိုင်စံရှားဂိုဏ်းနဲ့ ရီရှင်းချန်ကို ကောင်းကောင်း နင်းချေနိုင်လိမ့်မယ်”
ဂျွတ်
တိုင်လုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ အစိမ်းရောင် အလင်းငွေ့ များသည် ဖြတ်သန်းသွားခဲ့တော့သည်။ “ကျုပ် အဲနေ့ကို ရောက်ဖို့အတွက် မျှော်လင့်နေမယ်”
..............
“ဟတ်ချိုး”
စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် နာချေလိုက်၏။ ပြီးနောက် သူသည် နှာခေါင်းကို ပွတ်သပ်ကာဖြင့်ပြောလိုက်၏။ “တစ်ယောက်ယောက်များ ငါ့ကို ကျိန်ဆဲနေတာလား”
စနစ်က ပြောလိုက်သည်။ “လက်ခံသူက အခု ဓာတ်ငါးပါးခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားပြီလေ၊ ကြယ်ကြွေကုန်းမြေ တိုက်ကြီးထဲမှာ မကျေနပ်တဲ့လူတွေ အများကြီးလည်း ရှိနေနိုင်တာပဲ”
“ရှေးတုန်းက သိုင်းအင်ပါယာကြီးတွေတောင်မှ အဲဒီဝိညာဉ်မျိုးနွယ်တွေရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတယ်ဆိုတော့ ငါ့အနေနဲ့ တစ်ခုခု လုပ်မှဖြစ်မယ်၊ ဒါပေမဲ့ ငါ့ရဲ့အားအင်အဆင့်က အဲဒီလိုလုပ်ဖို့အတွက် ခွင့်မပြုဘူးလေ” ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။
စနစ်က ပြောလိုက်၏။ “သူတို့က လက်ခံသူကို လောကကြီးကို ကယ်တင်ဖို့ပြောတာမဟုတ်ဘူးလေ၊ သူတို့ရဲ့ အမွေအနှစ်ခန္ဓာကိုယ်တွေကို ထားခဲ့တာက လက်ခံသူတွေအနေနဲ့ အနာဂတ်မှာ ပိုပြီးကောင်းမွန်လာဖို့၊ ဒီတိုက်ကြီးကို ကာကွယ်ပေးဖို့ပဲ”
“ငါနားလည်ပြီ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
စနစ်သည် ဆွံ့အသွား၏။ “နားလည်မှပဲ အဆင်ပြေမှာပေါ့”
ကျွင်းချောင်ရှေင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ဘာပဲပြောပြော သူတို့က ဝိညာဉ်မျိုးနွယ်မပြောနဲ့ ဘာမျိုးနွယ်ပဲဖြစ်ဖြစ် ပြိုင်စံရှားဂိုဏ်းနဲ့ ငါ့ရဲ့တပည့်တွေကို ထိခိုက်ရဲတယ်ဆိုရင်တော့ သတ်ပစ်ရမယ်”
“ဖြစ်လာမယ့်ကပ်ဘေးကြီးကို ကြိုတင်ကာကွယ်နေတာနဲ့ လက်ခံသူအနေနဲ့ ဝိညာဉ်မျိုးနွယ်တွေရဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ အာရုံပိုစိုက်ဖို့ လိုလိမ့်မယ်၊ ဒါမှမဟုတ် အစီအရင်ချိုးဖြတ်နိုင်မလားကို သွားကြည့်ဖို့ မြောက်ပိုင်း သဲကန္တာရထဲကို သွားဖို့ အချိန်ကျပြီလို့ထင်တယ်” စနစ်က ဆော်ဩလိုက်၏။
“ဒါက အဓိပ္ပာယ်ရှိတယ်၊ မဟုတ်သေးဘူး”
ကျွင်းချောင်ရှောင်းသည် အလန့်တကြားပြောလိုက်၏။ “လူသား မျိုးနွယ်တွေရဲ့ အသက်ရှင်ရပ်တည်မှုကို မင်းလိုမျိုး ခံစားချက်မရှိတဲ့ စက်ရုပ်က ဘာလို့ နားလည်နေရတာလဲ၊ ဘာလို့ ဒီလောက် တက်ကြွနေရတာလဲ”
“ဟုတ်တာပေါ့”
စနစ်က ပြောလိုက်သည်။ “လက်ခံသူက ဝိညာဉ်မျိုးနွယ်တွေနဲ့ တိုက်ခိုက်မယ်၊ လုံလောက်တဲ့ အားအင်မရှိဘူးဆိုရင် သေတဲ့အထိ နှိပ်စက်ခံရမယ်၊ ဒါဆိုရင် စတိုးထဲကိုသွားမယ်၊ ပစ္စည်းတွေဝယ်မယ်၊ ဒါဆိုရင် စနစ်က ဂိုဏ်းစုဆောင်းမှတ်တွေကိုရမယ်၊ ဒါက ရိုးရှင်းတယ်မဟုတ်လား”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွား၏။ “မင်း ငါ့ကို ဂိုဏ်းစုဆောင်းမှတ်တွေ သုံးဖြုန်းစေချင် တာပဲလား၊ ဒီထက်ပိုပြီး တိုက်ရိုက်ဆန်ပြီး ပြောလို့မရဘူးလား”
...........................
“ဒီကျင့်ကြံခြင်းနည်းစနစ်ကို အမှီပြုပြီး ကျုပ်ပိုပြီး အားကောင်းလာနိုင်တာလား”
“ဝါးမြိုခြင်းနှလုံးသားကျမ်းက မင်းကို ပုံမှန်ထက်ပိုပြီး အားကောင်းသွားစေလိမ့်မယ်၊ ဒါပေမဲ့ ပိုမိုအဆင့်မြင့်တဲ့ ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိချင်တယ်ဆိုရင် ဥပမာ လေဟာနယ်ဖြတ်သန်းခြင်းတို့ ဘာတို့ အဆင့်မြင့် စွမ်းရည်တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဝါးမြိုခြင်းသွေးမျိုးဆက်ကို လိုအပ်လိမ့်မယ်”
“လေဟာနယ်ကို ချိုးဖြတ်ခြင်း ဟုတ်လား”
တိုင်လု၏ မျက်လုံးများသည် စိမ်းဖန့်သွားသည်။ “ဝါးမြိုခြင်းသွေး မျိုးဆက်ကို ဘယ်လိုမျိုး အမွေဆက်ခံလို့ရလဲ”
မြောက်ပိုင်းသဲကန္တာရထဲမှာ အစီအရင်တစ်ခုနဲ့ စည်းခတ်ခြင်းခံထားရတဲ့ တည်နေရာတစ်ခုရှိတယ်၊ အဲတာကို ချိုးဖြတ်နိုင်တယ်ဆိုရင် မင်းက လွတ်လပ်တဲ့ တည်နေရာနယ်မြေထဲကို ဝင်ရောက်နိုင်တယ်၊ အဲမှာ ဝါးမြိုခြင်း သွေးမျိုးဆက် ရှိတယ်”
တိုင်လုသည် ချက်ချင်းမတ်တပ်ရပ်လိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ခင်ဗျား ကျုပ်ကို ဘာလို့ အားကောင်းစေချင်တာလဲ၊ တခြားရည်ရွယ်ချက်ရှိသေးလား”
ဟွင် “....”
ဤလူငယ်သည် ရတနာများရှိသည်ဟု ပြောဆိုကာဖြင့် လမ်းဘေးတွင်ရှိသော အဘိုးအိုတစ်ယောက်၏ လှည့်ဖြား ခြင်းကို ခံခဲ့ရသူဖြစ်သည်။ ယခု အဘယ်ကြောင့် နက်နဲလှသောမေးခွန်းများကို ထုတ်ဖော်မေးမြန်းနေရသနည်း။
“ရိုးရှင်းတာပေါ့”
ဟွင် ကပြောလိုက်သည်။ “ငါတို့က တူညီတဲ့ရန်သူတွေ ရှိလို့လေ”
“ပြိုင်စံရှားဂိုဏ်းလား”
“အမှန်ပဲ”
“ကျုပ်သိပြီ”
တိုင်လုသည် နားလည်သွား၏။ ပြီးနောက် သူသည် မုန်းတီးစွာ ပြောလိုက်၏။ “ဒါဆို တူတူ အလုပ် လုပ်ကြတာပေါ့၊ ပြီးရင် ဒီဂိုဏ်းကို ကျင့်ကြံခြင်းလောကထဲကနေ ထွက်ခွာသွားအောင် လုပ်ရမယ်”
“ပြိုင်စံရှားဂိုဏ်းက နည်းနည်း အားကောင်းတယ်လေ၊ ဒီတော့ ဝါးမြိုခြင်းနှလုံးသားကျမ်း တစ်ခုတည်းနဲ့ သူတို့ကို ဖိနှိပ် အနိုင်ယူနိုင်ဖို့ခက်တယ်၊ မြောက်ပိုင်းသဲကန္တာရထဲသွားပြီး အစီအရင်ကို ချိုးဖြတ်မယ်၊ ဝါးမြိုခြင်း သွေးမျိုးဆက်ကို မင်းရဖို့ လိုအပ်တယ်” ဟွင်က ဆက်ပြောလိုက်သည်။
“အစီအရင်နဲ့ပတ်သက်ပြီး ကျုပ်ဘာမှ မသိဘူးလေ”
“အဆင်ပြေတယ်၊ အဲကို ရောက်အောင်သာသွားလိုက်၊ အစီအရင်ကို ချိုးဖြတ်ဖို့က ငါတာဝန်ယူတယ်”
“ကောင်းပါပြီ”
အစ်ကိုကြီး အစိမ်းရောင်မာဖလာနှင့်လူသည် မြောက်ပိုင်းသဲကန္တာရထဲသို့ ဦးတည်တော့သည်။ သူသည် ဝါးမြိုခြင်း သွေးမျိုးဆက်ကို ရရှိပြီးနောက် အလွန်တရာ မြင့်မားလှသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည်ကို စိတ်ကူးယဉ် နေမိ၏။ လက်စားချေပြီးသည့်နောက်မှာ သူသည် လေဟာနယ်ကို ဖြတ်သန်းသွား၍ အထက်လောကဆီသို့ တက်လှမ်းသွားမည်ဟု စဉ်းစားထား၏။
.................
“ရှင်းရောင်... အဆင်သင့်ပြင်တော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မြောက်ပိုင်းသဲကန္တာရနယ်မြေထဲကို နှစ်ရက်အတွင်း ရောက်အောင်သွားရအောင်၊ အဲဒီမှာ အစီအရင်အင်ပါယာ စည်းခတ်ထားတဲ့နေရာတစ်ခု ရှိတယ်လေ၊ အဲဟာကို သွားရှာမယ်”
“ဂိုဏ်းချုပ်.... တခြားလောကဆီကို သွားမလို့လား” ရှန်ကွမ်းရှင်းရောင်သည် မျက်လုံးပြူးသွားမိ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တည်နေရာလမ်းကြောင်းက လောကနှစ်ခုကို ဆက်စပ်ထားတာတဲ့၊ ဒီတော့ တစ်စုံတစ်ခုဖြစ်သွားမှာ စိုးရိမ်ရတယ်လေ”
“နားလည်ပါပြီ”
ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်... အားဖြည့်ပေးဖို့ ပြောနေတာလား”
“အင်း”
“ဂိုဏ်းချုပ်... ဂိုဏ်းချုပ်က တကယ့်ကို စဉ်းစားတတ်တယ်၊ သာမန်လူတွေကတော့ ဂိုဏ်းချုပ်လိုလူတစ်ယောက် ရှိတာ သူတို့အတွက် ကောင်းချီးပဲလေ၊ လောကကြီးကို ကယ်တင်မယ့်ဂိုဏ်းချုပ်က အံ့အားသင့်စရာကောင်းတယ်”
“.........”
ရှန်ကွမ်းရှင်းရောင်၏ စကားလုံးများသည် ကျွင်းချောင်ရှောင်းအား ရှက်ရွံ့သွားစေ၏။ သူသည် တကယ်တမ်း အားဖြင့် ဝိညာဉ်မျိုးနွယ်များ၏ လောကဆီသို့ ဝင်ပေါက်သည် သေချာရှိသလားဆိုသည်ကို ကြည့်ရှုချင်မိခြင်းသာ ဖြစ်သည်။ သာမန်လူများအတွက် အားတက်သရောဖြင့် ကူညီကယ်ဆယ်ရန် အစီအစဉ် မရှိချေ။
“ဂိုဏ်းချုပ်”
ရီရှင်းချန်သည် ဝင်ကာ ပြောလိုက်၏။ “ကျွန်တော်လည်း လိုက်ချင်တယ်”
လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက အင်ပါယာများ၏ စစ်ပွဲအကြောင်း သိရှိပြီးနောက်တော့ သူသည် ဝိညာဉ် မျိုးနွယ်များနှင့်ပတ်သက်၍ စိတ်ပါဝင်စားလျက်ရှိ၏။
“ကောင်းပြီ”
ဂိုဏ်း၏ကိစ္စများကို စီစဉ်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ရှန်ကွမ်းရှင်းရောင်နှင့် ရီရှင်းချန်တို့ကို ခေါ်ဆောင် ကာဖြင့် မြောက်ပိုင်းသဲကန္တာရနယ်မြေထဲသို့ သွားတော့သည်။
ဟူး ဟူး
အနောက်မြောက်တည်နေရာကြီးတစ်ခုထဲမှာတော့ တိုင်လုသည် လမ်းတလျှောက်တွင် သူ၏ဝါးမြိုခြင်းစွမ်းအင် များကို ထုတ်ဖော်အသုံးပြုနေ၏။ ကျင့်ကြံခြင်းနည်းစနစ်ကို ရရှိခဲ့ပြီဖြစ်သောကြောင့် သူ၏ကျင့်ကြံခြင်းနည်းစနစ် သည်လည်း အလွန်လျင်မြန်စွာဖြင့် တိုးတက်လျက်ရှိနေတော့သည်။
“မဆိုးဘူး၊ မဆိုးဘူး”
ဟွင်သည် သဘောကျစွာဖြင့် ပြောလိုက်မိ၏။ “လက်ရှိတိုးတက်မှုနှုန်းနဲ့ဆိုရင် ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးကို စိန်မခေါ်နိုင်ဘူးဆိုရင်တောင်မှ ရီရှင်းချန်ကို အနိုင်ယူဖို့က ပြဿနာမရှိတော့ဘူး”
တိုင်လုသည် အေးစက်စက်နှင့် ပြုံးလိုက်၏။ “အဲကောင်ကို ထပ်ပြီး မတွေ့စေနဲ့”
..........
ဟူး ဟူး
မြောက်ပိုင်းသဲကန္တာရနယ်မြေထဲမှာတော့ လေများသည် တိုက်ခတ်လျက်ရှိနေ၏။ ဖုန်နှင့်သဲများသည် ကောင်းကင် တစ်ခုလုံးတွင် ပျံ့လွှင့်နေ၏။
“ဂိုဏ်းချုပ်”
ရှန်ကွမ်းရှင်းရောင်သည် မျက်လုံးကိုဖွင့်ကာဖြင့် ပြောလိုက်၏။ “ဒီနေရာက စီနီယာ အစီအရင် အင်ပါယာ ဖန်တီးခဲ့တဲ့ အစီအရင် ရှိတဲ့နေရာလား”
“မင်း ဒါကို ထိန်းချုပ်လို့ရရဲ့လား”
“အစီအရင်ရဲ့ ပုံပန်းသွင်ပြင်က ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထက် ပိုပြီးတော့ ရှုပ်ထွေးတယ်လေ၊ ဒီတော့ အချိန်အနည်းငယ် ယူရမယ်လို့ ထင်တယ်”
အစီအရင်စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးသည့်နောက် ရှန်ကွမ်းရှင်းရောင်သည် အစီအရင်နှင့်ပတ်သက်သည့် နားလည်မှုများ တမဟုတ်ခြင်း တိုးပွားသွားခဲ့ရ၏။ သူမသည် ကျန်းတယ်ကျွင်း၏ အဆင့်ကို မရောက်ရှိဘူး ဆိုသော်လည်း ကျန်းတယ်ကျွင်း၏ အကူအညီကို ယူစရာ မလိုတော့ချေ။ သူမဘာသာဖြင့် အလွန်တရာ ရှုပ်ထွေး လှသော အစီအရင်များ အားလုံးကို ဖြေရှင်းနိုင်နေပြီဖြစ်၏။
“ဒါကို ဖြေရှင်းလိုက်၊ ငါမင်းကို ကာကွယ်ပေးထားမယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ကောင်းပါပြီ” ရှန်ကွမ်းရှင်းရောင်သည် ပုံသဏ္ဍာန်မဲ့အစီအရင်အား စတင်ကာဖြင့် ဖြေရှင်းတော့၏။
ရီရှင်းချန်မှာတော့ ဘေးတစ်ဖက်ရှိ ကျောက်တုံးကြီးပေါ်တွင် ထိုင်လျက်ရှိသည်။ သူသည် စိတ်ဝိညာဉ်ခန္ဓာကိုယ် အား အသက်သွင်းကာဖြင့် ကောင်းကင်နှင့်မြေကြီးရှိ ဓာတ်သဘာဝများအားလုံးကို စုပ်ယူလျက်ရှိနေ၏။
“အမ်”
ခဏလောက်ကြာပြီးသည့်နောက် သူသည် မျက်လုံးကို ဖွင့်လိုက်ပြီး သဲနှင့်လေများ လှိုင်းထနေရာဆီသို့ လှမ်းကြည့် လိုက်၏။ အမဲရောင်ပုံပန်းသွင်ပြင်နှင့် လူတစ်ယောက် ပေါ်လာသည်ကို မြင်ရချိန်မှာတော့ သူသည် မျက်မှောင် ကုတ်ကာ တီးတိုးရေရွတ်လိုက်မိသည်။ “ဒီလူကို ကြည့်ရတာ နည်းနည်း ရင်းနှီးနေသလိုပဲ”