အခန်း (၈၀၄)
Vol. 54 Ch. 804
တိုင်လုနှင့် ရီရှင်းချန်တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံပွဲမှာတော့ တိုင်လုသည် တတိယအကြိမ်မြောက် ထပ်မံ၍ မေ့မျောသွားခဲ့ရပြန်သည်။ တိုင်လုသည် ဝါးမြိုခြင်းနှလုံးသားကျမ်းစာအား ကျင့်ကြံပြီး ၎င်း၏ ကျင့်ကြံခြင်း အဆင့်များသည် အချိန်တိုအတွင်း တိုးတက်သွားခဲ့သည် ဆိုလျှင်တောင်မှ ရီရှင်းချန်သည် တိုက်ခိုက်ချိန်၌ အားအင်တစ်ဝက်ကိုတောင် ထုတ်ဖော် အသုံးမပြုခဲ့ရချေ။
သို့ပေမဲ့ တိုင်လုသည် အားမကောင်း၍ ရှုံးနိမ့်ခဲ့ရခြင်း တော့ မဟုတ်ပေ။ ရီရှင်းချန်မှာ အလွန်တရာ မြန်ဆန်စွာ တိုးတက်ပြီး အားကောင်းလွန်းနေသောကြောင့်ပင် ဖြစ်တော့၏။ ထို့ပြင် ရီရှင်းချန်မှာ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရှိခဲ့ပြီဖြစ်ပြီး ချီစုစည်းခြင်းဆေးလုံးများကို စားသုံးကာ စိတ်ဝိညာဉ် ကျောက်တုံးများကိုလည်း စုပ်ယူခဲ့ရ၏။
အစ်ကိုကြီးအစိမ်းရောင်မာဖလာသည် ရီရှင်းချန်ကို အနိုင်ယူ တိုက်ခိုက်ချင် သည်ဆိုခြင်းမှာ အဆုံးမဲ့သောလမ်းကို လျှောက်လှမ်းနေရခြင်းနှင့်ပင် ဆင်တူနေပေလိမ့်မည်။
ဟွင်သည် ဇဝေဇဝါ ဖြစ်မိနေသည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ စိတ်ဝိညာဉ်ချီတွေက အရမ်းကို အားနည်းနေတယ်၊ ဘာလို့ အရမ်းကို အားကောင်းတဲ့ ဂိုဏ်းတစ်ခုနဲ့ ဒီလိုမျိုး လူငယ်မျိုးဆက်တွေက ပေါ်လာရ တာလဲ၊ သူတို့ကို ဒီအတိုင်းသာ လွှတ်ထားမယ်ဆိုရင် ဘယ်လိုမှ နောင်တစ်ချိန်မှာ ထိန်းနိုင်မှာ မဟုတ်တော့ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး”
ဟွင်သည် တိကျခိုင်မာစွာ ပြောလိုက်သည်။ “ငါဝိညာဉ်လောကထဲကို ပြန်ရောက်ပြီဆိုတာနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး ငါ့ရဲ့ထိခိုက်နေတဲ့ ဝိညာဉ်ကို ပြန်ကောင်းအောင် လုပ်ရမယ်၊ ပြီးရင် ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ် ပြီးတော့ လူတွေအများကြီးရဲ့ စွမ်းအင်တွေကို စုပ်ယူမယ်၊ ဒါမှ ပြိုင်စံရှားဂိုဏ်းနဲ့ ကျွင်းချောင်ရှောင်းတို့ ထပ်ပြီး မတိုးတက်လာခင်မှာ သတ်ပစ်နိုင်မှာ”
သူ့အနေနှင့် တိုင်လုအား သွေးဆောင်ဖျားယောင်း၍ မြောက်ပိုင်းသဲကန္တာရနယ်မြေထဲသို့ ခေါ်ဆောင်လာခြင်းပင် ဖြစ်သည်။ အဓိကအားဖြင့် သူသည် သူ၏ကမ္ဘာဆီသို့ပြန်၍ ပြန်လည်အားမွေးချင်သောကြောင့်သာဖြစ်သည်။ အရာအားလုံးသည် ဟွင်၏စီစဉ်မှုအတိုင်း ဖြစ်တည်လာခဲ့၏။
သို့ပေမဲ့ ဤရူးသွပ်နေသည့်တိုင်လုဆိုသည့်ကောင်၏ ဦးနှောက်သည် တစ်စုံတစ်ခု မှားယွင်းနေပုံပေါ်သည်။ ရီရှင်းချန်ကို အနိုင်မတိုက်ခိုက်နိုင်ပဲနှင့် စိန်ခေါ်ခဲ့သေးသည်။ ဟွင်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ “လူသားတွေက မယုံရဘူး၊ ငါတို့ဘာသာ ငါတို့လုပ်မှဖြစ်မယ်”
ဟူး
လက်ရှိအချိန်မှာတော့ တိုင်လုသည် နိုးထလာခဲ့သည်။ သူသည် သဲသောင်ပြင်ပေါ်မှ လေးဖက်ထောက် ထလိုက် တော့သည်။ သူသည် သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီး အားကောင်းလှသည့် ကျင့်ကြံခြင်းနည်းစနစ်ကို ရရှိခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့် ရီရှင်းချန်အား အနိုင်မယူနိုင်သနည်း။ ယခုလည်း ခွေးကဲ့သို့ပဲ နှိပ်စက်ရိုက်နှက် ခြင်းကို ခံခဲ့ရသေး၏။
“ကောင်လေး”
ဟွင်သည် နှစ်သိမ့်လိုက်၏။ “ဒါက ခဏတာ ရှုံးနိမ့်မှုပဲ၊ ဒီလို ခဏတာ ရှုံးနိမ့်မှုက တစ်သက်တာ ရှုံးနိမ့်တာ မဟုတ်ဘူး၊ မင်းအနေနဲ့ ကျိန်းသေပေါက် ရုန်းကန်ပြီး ပြန်ထလာနိုင်ရမယ်၊ ဒါမှ လောကကြီးကို အနိုင် ရတဲ့လူ ဖြစ်လာမှာလေ”
“ဒါက အမှန်ပဲ” တိုင်လုသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်က ပြောလိုက်၏။ “ကျုပ်က အရှုံးတွေကို လက်ခံနိုင်ရမယ်၊ ပြီးတော့ မဖြစ်မနေ ပြန်လာနိုင်ရမယ်”
......................
“ဂိုဏ်းချုပ်”
အဝါရောင်သဲသောင်ပြင်ကြီးပေါ်မှာတော့ ရှန်ကွမ်းရှင်းရောင်သည် လေးနာရီတိတိကြာအောင် အစီအရင်ကို လေ့လာခဲ့ရသည်။ သူမသည် မျက်စိကိုဖွင့်ကာဖြင့် ပြောလိုက်သည်။ “တပည့်က စီနီယာ အစီအရင် အင်ပါယာ ထားခဲ့တဲ့ အစီအရင်ကို ကျွမ်းကျင်သွားခဲ့ပြီ”
“ဒါဆိုရင် မင်းလမ်းကို ရှာတွေ့ပြီလား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။
ရှန်ကွမ်းရှင်းရောင်၏ နှလုံးသားများ၏ တုန်ခါသွားမိ၏။ ပြီးသည့်နောက်မှာတော့ သူတို့၏ရှေ့တွင်ရှိသော တည်နေရာသည် အနည်းငယ်တုန်ခါလာသည်။ အတားအဆီးနံရံကြီးတစ်ခု ဖြစ်တည်လာ၏။ သူမက ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ဒီအစီအရင်ထဲကို အခုဝင်သွားလို့ရပြီ”
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်ပြီး အတားအဆီးကို အသာကုန်း၍ လှမ်းကြည့်လိုက်၏။ ရီရှင်းချန်နှင့် ရှန်ကွမ်းရှင်းရောင်တို့သည် သူ၏နောက်ဆီမှ လိုက်ပါလာခဲ့ကြသည်။ သုံးယောက်လုံး ဝင်ရောက်သွားပြီးသည့် နောက်မှာတော့ တည်နေရာနံရံကြီးတစ်ခုလုံးသည် ပြန်လည်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။ အစီအရင်၏ အထဲတွင်တော့ အလင်းများ လင်းထိန်လျက်ရှိနေသော တည်နေရာတစ်ခု ရှိနေသည်။ အလယ်ဗဟို တည်နေရာ မှာတော့ သေးငယ်လှသော အက်ကွဲကြောင်းလေးရှိနေပြီး ရှုပ်ထွေးလှသော အစီအရင်များ၊ အက်ကွဲကြောင်းများ နှင့် ဖိနှိပ်ခြင်းကို ခံထားရ၏။ ကြည့်ရသည်မှာ ရှေးကျသော စည်းတစ်ခု ဖြစ်ပုံပေါ်သည်။
“ဂိုဏ်းချုပ်”
ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “ဒါက စီနီယာ အစီအရင်အင်ပါယာပြောတဲ့ တည်နေရာ အက်ကွဲကြောင်းပဲ ဖြစ်ရမယ်”
ဘေးတစ်ဖက်တွင် မတ်တပ်ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်မိသည်။ “ဝိညာဉ်မျိုးနွယ်တွေက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဒီနေရာကနေ လှမ်းလျှောက်လာကြတာကိုး၊ ဒါဆိုရင် ငါတို့ကလည်း ဒီနေရာကနေ သူတို့ကမ္ဘာကို သွားလို့ရလိမ့်မယ်”
“ဒါက အမှန်ပဲ”
စနစ်က ပြောလိုက်၏။ “ဒါက နှစ်လမ်းသွားလမ်းကြောင်းတစ်ခုပဲ၊ ကြည့်ရတာ ဟင်းလင်းပြင် ပိုးကောင်တွေ ဖွင့်သွားခဲ့တဲ့အရာ ဖြစ်လိမ့်မယ်”
“ဟင်းလင်းပြင်ပိုးကောင် ဟုတ်လား” ကျွင်းချောင်ရှောင်းက မေးလိုက်၏။
စနစ်က ရှင်းပြလိုက်သည်။ “ဟင်းလင်းပြင်ပိုးကောင်ဆိုတာက စကြဝဠာထဲမှာ နေထိုင်တဲ့ အထူးမျိုးဆက် သတ္တဝါ တွေပဲလေ၊ သူတို့က တည်နေရာတွေကို ဖွင့်လှစ်နိုင်တယ်၊ ပြီးတော့ တခြားကမ္ဘာတွေဆီသွားနိုင်ဖို့ လမ်းကြောင်း တွေကိုလည်း ဖန်တီးနိုင်စွမ်း ရှိတယ်”
“အံ့အားသင့်စရာပဲ” ကျွင်းချောင်ရှောင်းက ရေရွတ်လိုက်မိသည်။
စနစ်ကပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ မှတ်တမ်းတွေအရဆိုရင် အဆင့်မြင့် ဟင်းလင်းပြင် ပိုးကောင်တွေက အဆင့်နိမ်နဲ့ အဆင့်မြင့်ကမ္ဘာတွေကို သွားလို့ရနိုင်တဲ့ လမ်းတွေ ဖွင့်ပေးနိုင်တယ်”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွား၏။ “ဒါက အရမ်းကြမ်းလွန်းတယ်”
“ဟုတ်တယ်” စနစ်က ပြောလိုက်သည်။ “ဒါပေမဲ့ ဟင်းလင်ပြင်ပိုးကောင်တွေကို သုံးပြီး လမ်းကြောင်းဖွင့်တယ် ဆိုတာက အထဲကို ဝင်လို့တော့ရတယ်လေ၊ ဒါပေမဲ့ တရားမဝင်ဘူးမဟုတ်လား၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အားအင်အဆင့်နဲ့ အထက်ကမ္ဘာဆီကို တက်လှမ်းနိုင်တာကမှ ဂုဏ်ယူစရာ ကောင်းတာလေ”
“အင်း”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ကြယ်ကြွေကုန်းမြေတိုက် ကြီးမှာရှိတဲ့ ဝိညာဉ်မျိုးနွယ်တွေက ဟင်းလင်းပြင်ပိုးကောင်ဖွင့်ထားတဲ့လမ်းကနေ ဝင်လာကြတာပဲ”
“ဒါကို မင်းခန့်မှန်းနေဖို့တောင် လိုသေးလို့လား” စနစ်သည် ဆွံ့အသွားမိ၏။
“ရှင်းရောင်”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒီအပေါ်မှာရှိတဲ့စည်းက ကျိုးပြတ်သွားပြီလား”
ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်... စည်းက ပျက်နေပြီလေ၊ ဒါပေမဲ့ ဒီဟာက တကယ့်ကို အလုံးစုံ ပျက်သွားပြီးတဲ့အခါကျမှ ဝိညာဉ်မျိုးနွယ်တွေက ဒီဘက်ကို ရောက်လာနိုင်မှာလေ”
“အင်း” ကျွင်းချောင်ရှောင်းသည် ဤစည်းအား ချိုးဖြတ်ပစ်မည့် အကြံအစည်ကို ဖယ်ရှားလိုက်တော့၏။ သူ၏ အဓိက ရည်ရွယ်ချက်သည် မြောက်ပိုင်းသဲကန္တာရနယ်မြေထဲတွင် ဤလမ်းတစ်ခုရှိလားဆိုသည်ကို လာရောက် ကြည့်ရှုခြင်းပင်ဖြစ်၏။ ယခုရှာဖွေတွေ့ရှိပြီဆိုမှတော့ တာဝန်ပြည့်စုံပြီဟု ဆိုရမည်။
ဒွီ ဒွီ
ရုတ်တရက် တခြားတစ်ဖက်ဆီမှ အက်ကွဲကြောင်းများသည် ပိုမို၍ တုန်ခါလာခဲ့၏။
“ဂိုဏ်းချုပ်”
ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “ကြည့်ရတာ ဟိုဘက်ခြမ်းကနေပြီး တစ်စုံတစ်ခုက ချိုးဖြတ် နေပုံရတယ်”
ဤလမ်းကြောင်းသည် တခြားကမ္ဘာနှင့်ချိတ်ဆက်လျက် ရှိနေ၏။ ထို့ကြောင့် တစ်ဖက်မှ ချိုးဖြတ်နေသည်ဆိုခြင်း မှာ ဝိညာဉ်မျိုးနွယ်များ ပြုလုပ်နေခြင်းပင် ဖြစ်ပေလိမ့်မည်။
“အစီအရင်အင်ပါယာပြောတာ မှန်တာပဲ၊ ဝိညာဉ်မျိုးနွယ်တွေက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဖျက်ဆီးချင်တဲ့ စိတ်ဆန္ဒတွေက မကုန်ခမ်းသေးဘူးပဲ”
ရှန်ကွမ်းရှင်းရောင်သည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်... ဒီစည်းက ဖိနှိပ်ထားတယ်ဆိုပေမဲ့ အလုံးစုံ မပြည့်စုံသေးဘူးလေ၊ ဒီတော့ ကြာကြာမခံဘဲနဲ့ ကျိုးပြတ်သွားမှာစိုးရတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကို အားကောင်းအောင် ပြုလုပ်လို့ရလား”
ရှန်ကွမ်းရှင်းရောင်သည် အချိန်အတော်ကြာ စဉ်းစားလိုက်၏။ ပြီးနောက် ပြန်လည်ပြောဆိုလိုက်သည်။ “ပြဿနာ မရှိလောက်ဘူး”
“ဒါဆိုရင် အားကောင်းအောင်လုပ်တော့”
“ကောင်းပါပြီ” ရှန်ကွမ်းရှင်းရောင် အနေနှင့် စည်းအစီအရင်တစ်ခုလုံးကို သူမဘာသာသူမ ဖန်တီးနိုင်ဖို့ ဆိုသည်မှာ အလွန်တရာခက်ခဲပေလိမ့်မည်။ သို့ပေမဲ့ အစီအရင်အင်ပါယာချန်ခဲ့သော စည်းတစ်ခုကို ပိုမိုအားကောင်းအောင် ပြုလုပ်ဖို့အတွက်ကတော့ သူမအတွက် အခက်အခဲ မရှိချေ။
ဝှစ် ဝှစ်
နာရီအနည်းငယ်ကြာပြီးသည့်နောက် စည်းအစီအရင်တစ်ခုလုံးသည် အက်ကွဲကြောင်းလေဟာနယ်အပေါ်တွင် ဖြစ်တည်လာခဲ့တော့သည်။ ဤအရာသည် အားဖြည့်ခြင်းပင် ဖြစ်သည်။ အတွင်း၌ဖြစ်တည်နေသော အားအင် များသည်လည်း တဖြည်းဖြည်း ယုတ်လျော့ပြီး နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့တော့သည်။
“ဂိုဏ်းချုပ်” ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “အစီအရင်ကို အဆင့်မြင့်တင်ပြီးနောက်မှာ အရမ်းကြီး အတိအကျ မပြောနိုင်ဘူးဆိုပေမဲ့ အနည်းဆုံး နှစ်ပေါင်း ငါးရာကနေ၊ ခြောက်ရာနီးပါးလောက် ခံမယ်လို့ထင်တယ်”
ကောင်းကင်ပေါ်တွင်ရှိနေသော အစီအရင်အင်ပါယာ၏ စိတ်ဝိညာဉ်သည် ပျော်ရွှင်နေပေလိမ့်မည်။ သူ၏ အမွေ အနှစ်ကို ဆက်ခံရယူခဲ့သော ဤမိန်းကလေးသည် အလွန်ပင် ယုံကြည်ရသောလူတစ်ယောက်ဖြစ်နေ၏။ ယခု အခြေအနေမှာတော့ သူဖန်တီးခဲ့သော အစီအရင်သည် အားနည်းနေပြီဆိုသော်လည်း မိန်းကလေး၏ အားကောင်းအောင်ဖန်တီးခြင်းကြောင့် ပြည့်စုံသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ခဏတာ တားဆီးနိုင်လိုက်ပြီဟု ဆိုရမည်။ အနည်းဆုံးတော့ ကြယ်ကြွေကုန်းမြေတိုက်မှ လူများသည် နှစ်ရာဂဏန်းကြာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်တော့မည်ဖြစ်သည်။
“ဒီသီးခြားဖြစ်တည်ခြင်းအစီအရင်က နည်းနည်း အိုဟောင်းနေပြီလေ၊ တခြားသူတွေ အမှတ်တမဲ့ ချိုးဖြတ် ဝင်ရောက်မိမှာကို ကာကွယ်တဲ့အနေနဲ့ ပိုပြီးအားကောင်းအောင် လုပ်သင့်တယ်” ကျွင်းချောင်ရှောင်းက မှာကြား လိုက်သည်။
“ကောင်းပြီ” ရှန်ကွမ်းရှင်းရောင်သည် နားလည်သွားမိ၏။ ထို့ကြောင့် နေ့ဝက်လောက်ကြိုးစားပြီးသည့်နောက် သူမသည် အစီအရင်အင်ပါယာ ချန်ထားခဲ့သောအစီအရင်ကို ပိုမိုအားကောင်းအောင် ပြုလုပ်နိုင်ခဲ့တော့သည်။ အကာအကွယ်နှင့် ခုခံနိုင်စွမ်းမှာလည်း ပိုမို၍ အားကောင်းလာခဲ့၏။
“သွားကြရအောင်” အရာအားလုံးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂိုဏ်းကို ပြန်ကြစို့”
ပြီးသည့်နောက်မှာတော့ ၎င်းတို့သုံးယောက်သည် မြောက်ပိုင်းသဲကန္တာရဆီမှ ထွက်ခွာ၍ ဂိုဏ်းဆီသို့ ပြန်လာခဲ့ တော့သည်။
သူတို့ထွက်ခွာသွားပြီးနောက် တိုင်လုသည် အစီအရင်တည်ရှိရာ တည်နေရာဆီသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။ ကျွင်းချောင်ရှောင်းနှင့် ရီရှင်းချန်တို့ အနားမှာ မရှိမှန်း အတည်ပြုပြီးသည့်နောက် သူသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။
“အစီအရင်အော်ရာတွေကို ငါအာရုံခံမိတယ်၊ ဒါကို ချိုးဖြတ်နိုင်ပြီဆိုရင် မင်းက ဝါးမြိုခြင်းသွေးမျိုးဆက်ကို ကျိန်းသေပေါက် ရပြီပဲ၊ မင်းအနေနဲ့ သိုင်းအင်ပါယာတစ်ယောက်ကိုတောင်မှ လွယ်လွယ်ကူကူ ရိုက်နှက်လို့ရပြီ” ဟွင်က ပြောလိုက်သည်။
တိုင်လု၏ မျက်လုံးများသည် လင်းလက်သွား၏။ လက်ရှိအခြေအနေမှာတော့ သူသည် သိုင်းအင်ပါယာတစ်ယောက် ကို အနိုင်ယူနိုင်မလား ဆိုသည်မှာ မသေချာပေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းနှင့် ရီရှင်းချန်တို့အား နင်းချေပစ်ဖို့ အစွမ်းအစရှိမည်ဆိုလျှင် ကျေနပ်နေပြီဖြစ်၏။
ဝှစ် ဝှစ်
ထူးဆန်းလှသော အော်ရာများသည် တိုင်လု၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ကြီးမားလှသည့် ပိုက်ကွန်ကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။ ပြီးနောက် အစီအရင်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီးနောက် ချိုးဖြတ်ရန် ကြိုးစား တော့သည်။
“မဟုတ်ဘူး”
ရုတ်တရက်ပဲ ဟွင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “အစီအရင်က ပိုပြီး အားကောင်းသွားခဲ့တယ်၊ ငါချိုးဖြတ်လို့ မရတော့ပါလား၊ ချီးတဲ့မှ”
ဟွင်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်းလုပ်ခဲ့တာပဲ ဖြစ်ရမယ်”
တိုင်လုသည် စိတ်ဓာတ်ကျသွား၏။ “ခင်ဗျားဆိုလိုတာက ဒီအစီအရင်ကို မဖောက်ထွင်းနိုင်ဘူးဆိုရင် ကျုပ်က ဝါးမြိုခြင်းသွေးမျိုးဆက်ကို အမွေဆက်ခံ မရရှိနိုင်တော့ဘူးပေါ့”
“ဒါက အမှန်ပဲ”
အား....
တိုင်လုသည် သဲကန္တာရထဲတွင် မတ်မတ်ရပ်ပြီး ဒေါသတကြီးဖြင့် အော်ဟစ်လျက်ရှိသည်။ သူ၏ လည်ပင်းရှိ အကြောများပင် ထောင်ထလျက်ရှိနေသည်။
........................
မြောက်ပိုင်းသဲကန္တာရနယ်မြေထဲတွင်ရှိသော အစီအရင်နှင့် စည်းသည် အချိန်အတော်ကြာသည်အထိ ပိုမို အားကောင်းနေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် မည်သူမှ ထိုးဖောက်ဝင်ရောက်၍ မရနိုင်တော့ပေ။ ထို့ကြောင့်ပဲ အခြားတစ်ဖက်ခြမ်းတွင်ရှိနေသော ဝိညာဉ်မျိုးနွယ်တို့သည် ၎င်းတို့အား လာရောက်တိုက်ခိုက်နိုင်ခြင်းငှာ မစွမ်းသာတော့ပေ။ ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ဘာမှန်းမသိဘဲ လောကကြီးကို ကူညီခဲ့ခြင်း ဖြစ်တော့သည်။
ဟုတ်ပေသည်။ သူ့အနေနှင့် လက်ရှိအခြေအနေမှာတော့ ထိုကဲ့သို့သော ပြုလုပ်ခဲ့သည့်အကြောင်းအရာကို မစဉ်းစားမိချေ။ သူ၏ဂိုဏ်း ပိုမိုအားကောင်းလာရန်သာ စဉ်းစားနေမိ၏။ ထိုမှသာလျှင် ဝိညာဉ်မျိုးနွယ်များ၏ တည်နေရာဆီသို့ သွားရောက်၍ ၎င်းတို့ စုဆောင်းထားခဲ့သော အရင်းအမြစ်များအားလုံးကို လုယက်နိုင် …. အဲ …. လောကကြီးကို ကယ်တင်နိုင်မှာဖြစ်၏။
“အစီအရင်အင်ပါယာ”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွား၏။ “ခင်ဗျားပြောတဲ့ တည်နေရာလမ်းကြောင်းက တကယ့်ကို အကျိုးကျေးဇူးများမယ့် အရာတစ်ခုပဲ”
ကျွင်းချောင်ရှောင်း၏ အပြုံးကိုသာမြင်လျှင် ဝိညာဉ်မျိုးနွယ်များအားလုံးသည် ကြက်သီးထသွားကြမှာ သေချာသည်။