← Chapters

အခန်း (၈၀၅)

Vol. 54 Ch. 805

အခန်း (၈၀၅)

Vol. 54 Ch. 805

တိုင်လုသည် သူ၏ အားနည်းနေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာဖြင့် သဲမုန်တိုင်းများအောက်တွင် လှမ်းလျှောက်သွားခဲ့တော့သည်။ သူ၏ ကျောရိုးမကြီးသည် ကုန်းလျက်ရှိပြီး အလွန်တရာ စိတ်ပျက် အားငယ်နေ သည့်အသွင်သဏ္ဍာန်မျိုးလည်း ပေါ်လျက်ရှိသည်။

“ကောင်လေး... အားမငယ်နဲ့”

ဟွင်သည် နှစ်သိမ့်ပေးလိုက်၏။ “ဝါးမြိုခြင်းသွေးမျိုးဆက်မရှိဘူး ဆိုရင်တောင်မှ ဝါးမြိုခြင်းနှလုံးသားကျမ်းက ရှိနေသေးတယ်လေ၊ ဒီတော့ မင်းအနေနဲ့ အဆင့်မြင့်အဆင့်ထိ နားလည်နိုင်မယ်ဆိုရင် ပြိုင်ဘက်ကင်းနိုင်သေးတယ်”

သူ၏ကိုယ်ပိုင်ကမ္ဘာဆီသို့ ပြန်ရောက်ခြင်းအားဖြင့် သူသည် အလျင်မြန်ဆုံးနည်းဖြင့် ပြန်လည်အားကောင်းလာနိုင် မှာသေချာ၏။ သို့ပေမဲ့ အစီအရင်အင်ပါယာ ဖန်တီးခဲ့သော အစီအရင်သည် သူမကျွမ်းကျင်သော အရာတစ်ခု အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားမည်ဟု သူမထင်မှတ်ခဲ့ချေ။ ဤအရာသည် သူ၏ မူလအစီအစဉ်နှင့် သွေဖယ်သွား ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ဤလူသားအား ပြုစုပျိုးထောင်သည့်နေရာတွင် အာရုံစိုက်ရပေလိမ့်မည်။ ဤတိုင်လု ဆိုသည့်လူငယ်သည် ကြောင်တောင်တောင် နိုင်ပြီး အဆင်ခြင်မဲ့လှသည်ဆိုသော်လည်း ပိုမိုအားကောင်းလာ သည်ဆိုပါက သူ့အနေနှင့် ဝါးမြိုခြင်းဝိညာဉ်ကို အသုံးပြုကာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို အလုံးစုံထိန်းချုပ်နိုင်မှာ ဖြစ်သည်။ ဤအရာမှာ သူလုပ်ချင်သည့်အရာသာ ဖြစ်၏။

တိုင်လုမှာတော့ ဟွင်၏အရှေ့တွင် စစ်တုရင်အရုပ်ကလေးဖြစ်နေသည်ကို မသိရှိပေ။ တစ်စုံ တစ်ယောက်သည် သူဒဏ်ရာရသည့်အချိန်တွင် နှစ်သိမ့်ပေးနေသည်ကို ကြားလိုက်ရသည့်အချိန်မှာတော့ စိတ်ထိခိုက် ဝမ်းနည်းလျက် ရှိနေတော့သည်။

ဟူး....

သူသည် သက်ပြင်းကိုချလိုက်၏။ ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ “ကျုပ်က ပိုပြီး ပြင်းပြင်းထန်ထန် ကြိုးစားမယ်၊ ပိုပြီးအားကောင်းလာစေရမယ်၊ တစ်နေ့မှာ ရီရှင်းချန်နဲ့ ကျွင်းချောင်ရှောင်းတို့ကို ကျုပ်ရဲ့ခြေထောက်အောက်ကို ရောက်အောင်လုပ်မယ်”

ကြီးမြတ်တဲ့ ယောက်ျားကောင်းတစ်ယောက်မှာ ရည်မှန်းချက်ဆိုတာ ရှိသင့်၏။

“ဒီတော့”

ဟွင်သည် ဆော်ဩ လိုက်တော့၏။ “သားရဲတွေ၊ ပန်းတွေ၊ သစ်ပင်တွေကိုပဲ စွမ်းအင်တွေစုပ်ဖို့ ရှာမနေနဲ့၊ မင်းအနေနဲ့ ပိုပြီး မြန်ဆန် လာအောင်လို့ သိုင်းကျင့်ကြံသူတွေရဲ့ စွမ်းအင်တွေကို စုပ်ဖို့ ပြင်ဆင်တော့လေ”

မြောက်ပိုင်းသဲကန္တာရဆီသို့လာရာလမ်းတွင် သူသည် ထိုသို့အကြံပေးခဲ့၏။ သို့ပေမဲ့ တိုင်လုသည် ဝါးမြိုခြင်း စွမ်းရည်ကို ကျွမ်းကျင်နေပြီဆိုသော်လည်း သားရဲများနှင့် သစ်ပင်များကိုသာ စမ်းသပ်စုပ်ယူလျက်ရှိသည်။ သိုင်းကျင့်ကြံသူများကို ဘယ်သောအခါကမှ မစုပ်ယူခဲ့ချေ။ တိတိကျကျ ပြောရမည်ဆိုလျှင် သူသည် ဝါးမြိုခြင်း စွမ်းရည်ကိုပိုင်ဆိုင်ပြီးကတည်းက သားရဲများကိုသာ စွမ်းအင်စုပ်ယူမှု ပြုလုပ်ကြ၏။ သူ့အား ပြဿနာလာရှာသည့် သိုင်းကျင့်ကြံသူများ၏ စွမ်းအင်များကို စုပ်ယူသည်က လွဲရင် တခြားသောသူများကို စတင်တိုက်ခိုက်ကာ စွမ်းအင် စုပ်ယူသည့်အလုပ်ကို ဘယ်သောအခါကမှ မလုပ်ခဲ့ချေ။

“ကျုပ်က တခြားလူတွေနဲ့ ရန်ငြှိုးမှ မရှိတာ၊ သူတို့ရဲ့ စွမ်းအင်တွေကို သွားပြီး စုပ်ယူဖို့ဆိုတာ မသင့်တော်ဘူးလေ၊ မဟုတ်ဘူးလား” တိုင်လုက ပြောလိုက်သည်။

“ကောင်လေး”

ဟွင်က ပြောလိုက်သည်။ “ဒီလောကကြီးမှာ မင်းသေရင်သေ၊ မသေရင် သူကသေရလိမ့်မယ်၊ ကြင်နာတတ်တဲ့ နှလုံးသားက မင်းကိုမင်း ချောက်နက်ထဲကို တွန်းပို့နေတာပဲ”

တိုင်လု၏ မျက်လုံးများသည် အေးစက်သွားခဲ့၏။

“အခု ငါပြောတာကို နားထောင်”

ဟွင်သည် စတင်ကာ ဖြောင်းဖြလိုက်၏။ “သိုင်းကျင့်ကြံသူတွေရဲ့ စွမ်းအင်တွေကို စုပ်ယူမှ မင်း ပိုပြီးအားကောင်းလာလိမ့်မယ်၊ ဒီတော့ ကလဲ့စားချေချင်တယ်ဆိုရင် ဒီလောကကြီးထဲမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်အောင် ပြုလုပ်ရလိမ့်မယ်”

“ကောင်းပါပြီ”

တိုင်လုကပြောလိုက်သည်။ “စမ်းကြည့်ကြတာပေါ့”

“ဟမ်”

သဲဝါမြို့ဆီသို့ လာရာလမ်း အဓိကလမ်းမကြီးမှာတော့ အဘိုးအိုတစ်ယောက်သည် ကော့ပက်ကော့ပက်နှင့် လမ်းလျှောက်လာသည်ကို သူမြင်လိုက်ရ၏။ သူ၏ မျက်လုံးများသည် လင်းလက်သွားသည်။

“တွေ့ပြီပဲ”

တိုင်လုသည် လေဟုန်စီးဂိုဏ်း၏ ဘိုးဘေးအကြီးအကဲ အဘိုးကြီးရှုကို မြင်လိုက်ရခြင်းပင် ဖြစ်တော့၏။ ထိုသူသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်ခွာလာပြီးသည့်နောက် အရေးကြီးကိစ္စများကို ကိုင်တွယ်ရန်အတွက် မြို့ဆီသို့ ဦးတည်ကာ လျှောက်လှမ်းနေခြင်းဖြစ်သည်။

“အား အား... စီနီယာ ကျုပ်မှားပါပြီ၊ စီနီယာ မှားပါပြီ”

ဘုန်း ဘုန်း ဘုန်း

ညရောက်သည့်အချိန်မှာတော့ တိုင်လုသည် သွေးတွေလျှံနေသော နှာခေါင်းကို အုပ်ကိုင်ပြီးနောက် ရောင်ကိုင်း နေသော မျက်နှာနှင့်အတူ တည်နေရာထဲတွင် ကွေးကွေးလေး အိပ်နေလျက်ရှိတော့သည်။ သူသည် နာကျင်စွာဖြင့်ပင် အော်ငြီးလျက်ရှိနေသည်။

“ငါ ဘာလို့ သိုင်းအုပ်စိုးသူတစ်ယောက်ကို သွားပြီး ပြဿနာ ရှာမိရတာလဲ”

..............

ပြိုင်စံရှားဂိုဏ်းမှာတော့ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းကြီးတွင် ထိုင်လျက်ရှိနေ၏။ သူ့အနေနှင့် လက်ရှိအချိန်တွင် တခြားသော ကိစ္စရပ်များကို ဘေးဖယ်ထားရန် စဉ်းစားလိုက်မိသည်။ လက်ရှိအချိန်တွင် အရေး ကြီးဆုံးကိစ္စမှာ အထူးတာဝန်ကို မည်သို့ပြည့်စုံအောင် ပြုလုပ်ရမည်ဆိုသည့်အကြောင်းပင် ဖြစ်တော့၏။ အထူး တာဝန်သည် အနည်းဆုံးသော စံသတ်မှတ်ချက်တစ်ခုဆီသို့ ရောက်ရှိခဲ့ပြီဆိုသော်လည်း တစ်နှစ်အတွင်း သူ့အနေနှင့် ပိုမိုတိုးပွားအောင် လုပ်စရာတွေ ရှိနေသေး၏။

“စားဖိုမှူးနတ်ဘုရားပြိုင်ပွဲ အခုကနေဆိုရင် နှစ်လ၊ သုံးလလောက်ပဲ ကျန်တော့တယ်၊ တုတုရဲ့ လေ့ကျင့်မှုက ဘယ်လိုအခြေအနေရှိနေပြီလဲဆိုတာ မသိဘူး”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ စားဖိုဆောင်ဆီသို့ သွားလိုက်တော့သည်။

သူလျှောက်ဝင်လာလာခြင်း မှာပဲ လီထျန်းထျန်း၊ စီမာကျုံးတနှင့် တခြားသောသူများသည် ဆောင့်ကြောင့်ထိုင်လျက် ငိုကြွေးနေသည်ကို မြင်လိုက်ရ၏။ ၎င်းတို့သည် မျက်ရည်များပင် ရွှဲလျက်ရှိ၏။

ဘာတွေဖြစ်နေသနည်း။ လီဖေးသည် အတွင်းစိတ်မိစ္ဆာ ခန္ဓာကိုယ်အား အသုံးပြု၍ တခြားသောသူများအား စိတ်ဓာတ်ကျစေရန် ဖန်တီး ပြုလုပ်စွမ်းဆောင်နေသည်လား။ မဟုတ်သေးချေ။ ဤကောင်လေးသည် စမ်းသပ်မှုမျှော်စင်တွင် လေ့ကျင့်လျက်ရှိနေ၏။ သူ့တွင် ဤကဲ့သို့ စနောက် ရန် အချိန်မရှိချေ။

“ဂိုဏ်းချုပ်”

လီထျန်းထျန်းသည် မျက်ရည်များကို သုတ်ကာဖြင့် နှာတရှုံ့ရှုံ့ဖြင့် ပြောလိုက်သည်။ “စီနီယာအစ်မလျှို ရဲ့ ထမင်းကြော်က အရမ်းကို အရသာရှိလွန်းတယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့ စားပွဲပေါ်တွင်ရှိသော ထမင်းကြော်ပန်းကန်ကို မြင်လိုက်ရ၏။ ထိုအရာသည် သူ စားလေ့စားထရှိသော ထမင်းကြော်နှင့် ခြားနားမှု မရှိချေ။ ထို့ကြောင့် မျက်လုံးတွေ ချာချာလည်ကာ မေးလိုက်၏။ “ဒါအရင်တုန်းက စားတဲ့ဟာနဲ့ အတူတူပဲ မဟုတ်ဘူးလား၊ ဘာကွာလို့လဲ”

“မဟုတ်ဘူး၊ မဟုတ်ဘူး” လီထျန်းထျန်းက ထအော်လိုက်၏။ “ဒီထမင်းကြော်က အရင်ဟာနဲ့ ခြားနားတယ်၊ ဒါကို စားပြီးလို့ရှိရင်... ဝူး... ဝူး နည်းနည်းလောက်ကြအောင် ငိုပါရစေအုံး”

“ဒါက အသစ်ဖန်တီးထားတဲ့အရာလား”

ကျွင်းချောင်ရှောင်းသည် စားပွဲဆီသို့ အသာလှမ်းသွားပြီးသည့်နောက် ဇွန်းတစ်ချောင်းကို ကောက်ယူကာ ပြောလိုက်၏။ “ငါလည်း စမ်းကြည့်လိုက်မယ်”

............

“ဟောခန်းသခင်လီ”

စားသောက်ခန်း၏ အပြင်ဘက်မှာတော့ လျှိုဝမ်ရှစ်သည် ပြုံးကာပြောလိုက်၏။ “ကျွန်မက ဒီနေ့မှာ ထမင်းကြော်အသစ်တစ်မျိုးကို ဖန်တီးခဲ့တယ်လေ၊ ဒါက အရမ်းကို အရသာရှိတယ်”

လီလိုရှုက ပြုံးကာပြောလိုက်သည်။ “မင်းဒီလိုပြောလေ၊ ငါကပိုပြီး စိတ်ဝင်စားလာလေပဲ”

“အနံ့ခံကြည့်လို့ပဲ ရနိုင်တယ်၊ စားလို့တော့မရဘူးနော်”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့”

မိန်းကလေးသည် ရုတ်တရက် မျက်နှာတစ်ခုလုံး တည်ကြည်သွား၏။ “ကျွန်မက ထမင်းကြော် ထဲမှာ တချို့သောအရသာတွေကို ထပ်ပေါင်းထည့်ထားတယ်၊ ဒါကို စားပြီးလို့ရှိရင် ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ ငိုနေလိမ့်မယ်”

လီလိုရှုသည် အံ့အားသင့်မိသွား၏။ “အဲလောက် မှော်ဆန်တာလား”

၎င်းတို့နှစ်ယောက်သည် စကားပြောဆိုရင်းမှာပဲ စားသောက်ခန်းဆီသို့ လျှောက်ဝင်လာတော့သည်။ သို့ပေမဲ့ အထဲသို့ ဝင်ဝင်ချင်းမှာပဲ ရုတ်တရက် ကြောင်အသွား၏။ အဘယ်ကြောင့်ဆိုသော် လူသုံးယောက်သည် တစ်တန်းတည်း ဆောင့်ကြောင့်ထိုင်ကာ ငိုယိုလျက် ရှိနေကြ၏။

“ကောင်.. ကောင်မလေး”

ကျွင်းချောင်ရှောင်းသည် သူ၏ မျက်လုံးထဲရှိ မျက်ရည်များကို သုတ်ကာဖြင့် ငိုကာ ပြောလိုက်၏။ “မင်း ထမင်းကြော်ထဲကို မျက်ရည်ယိုစေတဲ့ အငွေ့တွေများထည့်ပြီးတော့ ချက်ထားတာလား”

“ဟမ်”

လျှိုဝမ်ရှစ်သည် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ “ဂိုဏ်းချုပ်တို့ ဒီထမင်းကြော်တွေကို စားလိုက်တာလား”

.....................

ကျွင်းချောင်ရှောင်းနှင့် လီထျန်းထျန်းတို့သည် တစ်နာရီလောက်ကြာအောင် ငိုယိုခဲ့ရ၏။ ၎င်းတို့၏ မျက်လုံးများပင် မို့ဖောင်းလျက်ရှိသည်။ လျှိုဝမ်ရှစ်သည် အမှားလုပ်မိသည့်ကလေးတစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။ နံရံ၏ ထောင့်တစ်ခုတွင် မှီလျက်ရှိပြီး ခေါင်းကိုငုံ့ကာ တီးတိုးပြောနေ၏။

“ဂိုဏ်းချုပ်... တောင်းပန်ပါတယ်၊ ဒီထမင်းကြော်ကို စားမိလိမ့်မယ်လို့ မထင်ဘူးလေ”

“မဆိုးဘူး၊ မဆိုးဘူး”

ကျွင်းချောင်ရှောင်းသည် ထိုင်ချလိုက်၏။ ပြီးနောက် မျက်လုံးထောင့်တွင်ရှိသော မျက်ရည် များကို သုတ်လိုက်သည်။ “ဒီအသစ်ဖန်တီးထားတဲ့ ထမင်းကြော်က အရင်ကထက်ပိုပြီး အရသာရှိတယ်၊ မင်းသာ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲမှာ ပြိုင်ရင် ဒိုင်လူကြီးတွေ ထိုင်ငိုနေတော့မှာပဲ”

“ဂိုဏ်းချုပ်... ဒါက အခုမှ သုတေသန လုပ်ထားတဲ့အရာလေ၊ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲအတွက်ဆိုရင် ပိုပြီး အားကောင်းတဲ့ ဟင်းပွဲတွေ ရှိနေသေးတယ်” လျှိုဝမ်ရှစ်က ပြောလိုက်သည်။

“ဒီထက်ပိုပြီး အားကောင်းတာကို ပြောတာလား”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒီလိုဆိုရင် စာဖိုးမှူး နတ်ဘုရားပြိုင်ပွဲမှာ အနိုင်ရရှိဖို့ဆိုတာက ကိစ္စအသေးလေး ဖြစ်သွားပြီပေါ့”

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် မျက်မှောင်ကြုံ့ကာဖြင့် ပြောလိုက်၏။ “စားဖိုမှူးနတ်ဘုရားပြိုင်ပွဲရဲ့ လက်ရှိ အခြေအနေကို ဂိုဏ်းချုပ် မသိသေးဘူးထင်တယ်၊ ဒီမှာရှိတဲ့ ဆရာ့ဆရာကြီးတွေက သူတို့ရဲ့ အတော်ဆုံးတပည့် တွေကို စေလွှတ်ပြီး ပြိုင်ခိုင်းမှာလေ”

“ဪ” ကျွင်းချောင်ရှောင်းသည် လီလိုရှုကို လှမ်းကြည့်လိုက်၏။

လီလိုရှုက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ရှုဝေထျန်းလို့ခေါ်တဲ့လူက စားဖိုမှူးနတ်ဘုရား ပြိုင်ပွဲမှာ ငါးကြိမ်တိတိ အနိုင်ရရှိခဲ့တယ်၊ ပြီးတော့ သူက လက်ရှိစားဖိုမှူးနတ်ဘုရားဘုရင်အဖြစ်လည်း သတ်မှတ်ခံထားရ တယ်လေ”

“အွန်း အံ့အားသင့်စရာပဲ”

စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကို ငါးကြိမ်တိတိ အနိုင်ရရှိပြီး ဗိုလ်ဆွဲခဲ့သည်ဆိုသည်မှာ ကံတရားကြောင့် ကျိန်းသေပေါက် မဟုတ်တော့ချေ။ အစစ်အမှန် စွမ်းရည်ရှိ၍သာ ဖြစ်ပေလိမ့်မည်။

လီလိုရှုက ဆက်ပြောလိုက်သည်။ “နောက်ပိုင်းနှစ်တွေမှာ ရှုဝေထျန်းက စုန့်ပေါင် လို့ခေါ်တဲ့ တပည့်တစ်ယောက်ကို လက်ခံခဲ့တယ်၊ နှစ်အနည်းငယ်ကြာ လေ့ကျင့်ပြီးတဲ့နောက်မှာ သူ့အမွေအနှစ်တွေကို ကိုးဆယ်ရာခိုင်နှုန်းလောက် ဆက်ခံခဲ့ပြီးပြီလို့ ကြေညာခဲ့တယ်၊ အခု စားဖိုမှူးနတ်ဘုရားပြိုင်ပွဲက စတင်တော့မယ်၊ လူတွေ အကုန်လုံးက အဲဒီ စုန့်ပေါင် ဆိုတဲ့လူပဲ အနိုင်ရရှိလိမ့်မယ်လို့ တွက်ချက်နေကြတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုဆိုရင် ဒီစုန့်ပေါင် ဆိုတဲ့လူက တုတုရဲ့ ချန်ပီယံဖြစ်ရေးလမ်းမှာ အကြီးမား ဆုံးသော ရန်သူတော်ကြီးပေါ့”

လီလိုရှုက ပြောလိုက်သည်။ “ရှုဝေထျန်းက သူ့တပည့်ကို စေလွှတ်ပြီး ပြိုင်ခိုင်းမယ်ဆိုတာ အားလုံးက သိကြတယ်လေ၊ တခြားသော သူတွေကလည်း သူတို့ရဲ့ အားအကောင်းဆုံးလူတွေကို စေလွှတ်ကြမှာပဲ၊ ဒီတော့ ဒီနှစ်ရဲ့ စားဖိုမှူးပြိုင်ပွဲက တကယ့်ကို ဆရာတွေကြီးပဲလို့ ပြောရမယ်”

“...........” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ အထူးတာဝန်သည် လျှိုဝမ်ရှစ်အား စားဖိုမှူးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေပြီး ထိပ်ဆုံးသုံးယောက်ထဲတွင် ပါဝင်စေခြင်းဖြစ်သည်။ သူ့အနေနှင့် ဤအရာသည် လွယ်ကူလိမ့်မည်ဟု တွေးထင်မိခဲ့၏။ သို့ပေမဲ့ အမှန်ပင် ခက်ခဲလှသော တာဝန်တစ်ခု ဖြစ်လို့နေတော့သည်။

“ခက်ခဲမှုရှိမှ စိန်ခေါ်မှုလို့ ခေါ်မှာပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းအနေနဲ့ အဲဒီဆရာပါဆိုတဲ့ လူတွေအကုန်လုံးကို အနိုင်ယူပြီးတော့ ဗိုလ်ဆွဲစေဖို့ မျှော်လင့်မိတယ်”

“ကောင်းပါပြီ”

လျှိုဝမ်ရှစ်သည် ခေါင်းကိုညိတ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ရဲ့ မျှော်လင့်ချက်တွေကို မပျက်ဆီးစေရပါဘူး”

“ကံကောင်းပါစေ” သူ၏တပည့်ကို အားပေးပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဆေးဟောခန်းဆီသို့ သွားလိုက်၏။

“ဟမ်”

တရုတ်ဟင်းလျာများကို လေ့ကျင့်ရန်ပြင်ဆင်နေသည့် လျှိုဝမ်ရှစ်သည် စားပွဲပေါ်တွင်ရှိနေသော ထမင်းကြော်ပန်းကန် ပျောက်သွားသည်ကို မြင်လိုက်ရ၏။ “ဒီပန်းကန် ဘယ်ပျောက်သွားတာလဲ”

အူး … အီး …. အူး …။

တောင်၏အနောက်ဘက်မှာတော့ ခရမ်းရောင်ဘုရင်သည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး မျက်ရည်များသည် မိုးကဲ့သို့ ကျဆင်းလျက်ရှိနေတော့သည်။ သူ၏ ရှေ့တွင်တော့ ပန်းကန်လွတ်ကြီးတစ်ခု ရှိနေတော့ သည်။ ပန်းကန်ထဲတွင်တော့ ထမင်းလုံးတစ်စေ့တောင် မကျန်တော့ချေ။

ကျွင်းချောင်ရှောင်းသည် တစ်လုတ်လောက် စားလိုက်ရုံဖြင့် တစ်နာရီကျော်ကြာ ငိုခဲ့ရသည်။ သို့ပေမဲ့ ခရမ်းရောင်ဘုရင်မှာတော့ ပန်းကန်ထဲရှိ ရှိရှိသမျှ အရာအားလုံးကို စားသောက်ခဲ့လေသည်။

All Chapters