အခန်း (၈၀၆)
Vol. 54 Ch. 806
ထမင်းကြော်ပန်းကန် တစ်ပန်းကန်လုံးနီးပါးကို စားသုံးခဲ့သော ခရမ်းရောင်ဘုရင်သည် တစ်နေ့လုံးနီးပါး ငိုယိုလျက် ရှိနေတော့၏။ အထူးသဖြင့် သူသည် စီစဉ်စရာရှိသည့် ကိစ္စရပ်များကို အောင်မြင်အောင် မပြုလုပ်နိုင်ခင်မှာပဲ တခြားသောသူများ၏ လက်အတွင်းသို့ သက်ရောက်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်စဉ်းစားပြီးသည့် နောက်မှာတော့ မျက်ရည်မဆယ်နိုင်အောင် ဖြစ်မိနေကြ၏။
သို့ပေမဲ့ သူအား ထပ်မံ၍ အခွင့်အရေး ပေးမည်ဆိုပါက ထမင်းကြော်ပန်းကန် တစ်ပန်းကန်လုံးကို ထပ်မံစားဦးမှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် သူသည် မည်မျှပင် ငိုယိုရသည်ဖြစ်စေ ဤမျှအရသာရှိလှသော အစားအစာများကို စားသုံးရသည့်အတွက် နောင်တရမိလိမ့်မည် မဟုတ်ချေ။
ခရမ်းရောင်ဘုရင်၏ အားအင်အဆင့်သည် ပြိုင်စံရှားဂိုဏ်းတွင် နေနေသည့် အတိုင်းအတာအတွင်း ပြန်လည်၍ ကောင်းမွန်လာခဲ့သည်။ သို့ပေမဲ့ သူ၏ဝမ်းဗိုက်သည် အရသာရှိလှသော အစားအစာများ၏ ထိန်းချုပ်မှုကို ခံထား ရသောကြောင့် ဤနေရာတွင် လိမ်လိမ်မာမာပဲ နေနေခြင်းသာ ဖြစ်တော့၏။ လက်ရှိအခြေအနေမှာတော့ သူ့အား မောင်းထုတ်လျှင်ပင် ထွက်သွားလိမ့်မည် မဟုတ်ချေ။
တစ်နေ့မှာတော့ ကျွင်းချောင်ရှောင်းသည် ခရမ်းရောင်ဘုရင်နားတွင်ထိုင်ရင်း မေးစေ့ကို ပွတ်သပ်ကာ ပြုံးလိုက်၏။ ပြီးနောက် ပြောလိုက်မိ၏။ “အရသာရှိလား”
“အရသာရှိတာပေါ့”
“အရသာရှိတယ်ဆိုရင် များများစား”
အစားအစာများကို စားလျက်ရှိသော ခရမ်းရောင်ဘုရင်သည် ရှေ့တွင်ရှိနေသော စွပ်ပြုတ်ပန်းကန်ကြီးအား မော့သောက်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ထပ်ပေးအုံး”
“နေအုံး... ဒီလူရဲ့မျက်လုံးအကြည့်က နည်းနည်းလေး ထူးဆန်းနေတယ်”
ခရမ်းရောင်ဘုရင်သည် သတိအပြည့်နှင့် ဖြစ်သွား၏။ “ခင်ဗျား ပြောစရာရှိတယ်ဆိုရင်လည်း မြန်မြန်ပြော”
“ကျိရှု”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာဖြင့် ကျိရှု၏ ပခုံးကို ပုတ်လိုက်၏။ “အခု ခင်ဗျားဂိုဏ်းထဲမှာ နေရတာ တော်တော်ကြာနေပြီ၊ နေ့စဉ်နေ့တိုင်း တံခါးဖွင့်ပေးရတဲ့အလုပ် လုပ်နေတာ တော်တော်ကြာပြီဆိုတော့ ဂိုဏ်းအပေါ်မှာ တာဝန်အနည်းငယ်တော့ ကျေတယ်လို့ဆိုရမယ်၊ အနာဂတ်မှာ ပိုပြီးတော့ အလုပ်ကြိုးစားဖို့ လိုတယ်”
“ဘယ်လို အလုပ်ကြိုးစားရမှာလဲ” ခရမ်းရောင်ဘုရင်က မေးလိုက်၏။
ကျွင်းချောင်ရှောင်းသည် ထိုင်ချလိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ လက်များသည် စားပွဲခုံကို တစ်ဒေါက်ဒေါက်နှင့် ခေါက်ကာ ပြောလိုက်မိ၏။ “ခင်ဗျားရဲ့ နောက်လိုက်တွေ အကုန်လုံးကို စုစည်းလိုက်၊ ပြီးတော့ သံမဏိအရိုးတောင်မှာ လာနေခိုင်းလိုက်လေ၊ သူတို့ရဲ့ အစားအစာနဲ့ နေဖို့ထိုင်ဖို့အရေးကို ကျုပ်က တာဝန်ယူ ပေးမယ်”
ခရမ်းရောင်ဘုရင်၏ အမူအရာများသည် ပျက်ယွင်းသွားမိ၏။ ဤအရာသည် သူ စိတ်အပူရဆုံးကိစ္စပင်ဖြစ်သည်။ ဤ ရှောင်လွှဲ၍ မရသောကိစ္စသည် အမှန်တကယ်ပင် ဖြစ်ပျက်လာခဲ့သည်။
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “များပြားလှတဲ့ ကျင့်ကြံသူတွေက သားရဲတွေကို အမဲလိုက်ပြီး အသက်ရှင်နေထိုင်ကြတယ်လေ၊ ဒီတော့ သံမဏိအရိုးတောင်မှာသာ သူတို့နေမယ်ဆိုရင် အနာဂတ်မှာ စိတ်ပူစရာမလိုဘဲနဲ့ ကြီးထွားဖွံ့ဖြိုးလာလိမ့်မယ်”
ဤလူသည် သားရဲမျိုးနွယ်စု၏ ဘုရင်ပင်ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းထဲတွင် ပိုမိုအားကောင်းလှသော သားရဲရိုင်း များ ရှိမည်ဆိုပါက ကျိန်းသေပေါက် အားကောင်းလာတော့မှာဖြစ်၏။ ထို့အပြင် သံချပ်ကာ ဝံပုလွေတပ်နှင့်အတူ မြင်းစီးတပ်၊ ကျားသစ်စီးတပ် စသည့်အရာများကိုလည်း ဖန်တီးထားနိုင်၏။ များပြားလှသည့် စိတ်ဝိညာဉ်သားရဲ များအားလုံးသည် အလွန်အားကောင်းလှသည့် တိုက်ခိုက်ရေးသမားများပင် ဖြစ်တော့၏။
ထိုသို့ဆိုလျှင်တောင်မှ ဤအရာသည် ကျွင်းချောင်ရှောင်း၏ အတွေးအခေါ်တစ်ခုသာဖြစ်၏။ အကယ်၍ တစ်နေ့တွင် ဝိညာဉ်မျိုးနွယ်သာ ကျူးကျော်လာမည်ဆိုပါက သူ့အနေနှင့် ကြမ်းတမ်းလှသည့် သားရဲရိုင်းများဖြင့် သားရဲစစ်တပ်ကြီးဖွဲ့စည်းကာ ခုခံ တိုက်ခိုက်နိုင်စွမ်းရှိမည်။
ခရမ်းရောင်ဘုရင်၏ အမူအရာများသည် ပိုပို၍ ပျက်ယွင်းလာခဲ့သည်။ သူသည် ဤကိစ္စနှင့်ပတ်သက်၍ စိတ်ထဲတွင် လွန်ဆွဲလျက်ရှိနေတော့၏။ သူသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် အသစ်ဖြစ်တည်လာခဲ့သည် ဆိုသော်လည်း သူ၏နောက်လိုက် တပည့်များအား သူ့ကဲ့သို့ နေထိုင်စေချင်သည်လား ဆိုသည်ကို ဝေခွဲမရချေ။
ကျွင်းချောင်ရှောင်းသည် စဦးအဆင့်သားရဲဆေးလုံးအား စားပွဲပေါ်သို့တင်ကာ ပြောလိုက်၏။ “ဒါက ခင်ဗျားရဲ့ ဆာလောင်မှုကို စိတ်ကျေနပ်စေနိုင်လိမ့်မယ်၊ စမ်းပြီး စားကြည့်လိုက်လေ”
“ဆာလောင်မှု ဟုတ်လား” ဆေးလုံးကို ကြည့်ရှုပြီးနောက် ခရမ်းရောင်ဘုရင်၏ မျက်လုံးများသည် သံသယများဖြင့် ဖြစ်တည်လျက်ရှိသည်။ ဝမ်းဗိုက်ကြီးတစ်ခုလုံး ပြည့်ဝသွားစေဖို့ ဆေးလုံးကဲ့သို့ အရာလေးတစ်ခုက တတ်နိုင်စွမ်း သည်လား။ သားရဲများ၏ ဝမ်းဗိုက်ကို အထင်သေးခြင်းသာဖြစ်ပေလိမ့်မည်။
သူသည် လက်ကိုဆန့်ထုတ်ပြီးနောက် တစ်ခါတည်းပင် မျိုချလိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်သည် မတ်တပ်ထရပ်လိုက်မိ၏။ သူ၏မျက်လုံးများတွင်တော့ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက် သွားသည်။ သူသည် ဤဆေးလုံးကို စားလိုက်သည်နှင့်တပြိုင်နက် ဗိုက်တစ်ဝက်လောက် ပြည့်သွားခဲ့၏။ ထို့အပြင် ဆေးလုံး၏ အစွမ်းသက်ရောက်မှုကလည်း ခန္ဓာကိုယ်ထဲတွင် ရှိနေသည်။ ဆာလောင်မှုကို မခံစားရတော့ချေ။
“ခင်ဗျား သားရဲဆေးလုံးကို စားလိုက်တာ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီဆေးတစ်လုံး စားလိုက် တာနဲ့ ဆယ်ရက်တိတိ စားစရာ မလိုတော့ဘူး”
“ဆယ်ရက် ဟုတ်လား”
ခရမ်းရောင်ဘုရင်၏ မျက်လုံးများသည် ပြူးထွက်သွားသည်။ ဆယ်ရက်ဆိုသည်မှာ မကြာ ချေ။ သို့ပေမဲ့ သားရဲရိုင်းများအတွက် လိုအပ်သည့်ကယ်လိုရီများ စုပ်ယူနိုင်ရန်အတွက် ခက်ခက်ခဲခဲ သားကောင် ရှာဖွေရသည့်အချိန်ကာလပင်ဖြစ်တော့သည်။ ဤကဲ့သို့ ဆေးလုံးမျိုးသာရှိမည်ဆိုပါက အဘယ်ကြောင့် အပြင်သို့ ထွက်၍ အစားအစာကို ရှာဖွေနေမည်နည်း။
ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ များပြားလှသော သားရဲများသည် ကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံရန် မလိုအပ်ပဲ ကောင်းကင်နှင့်မြေကြီးအတွင်းမှာရှိသည့် ဓာတ်သဘာဝများကို စုပ်ယူခြင်းအားဖြင့် ပိုမိုအားကောင်း လာကြသည့်သူများဖြစ်သည်။
“ကျုပ်ဆီမှာ သားရဲဆေးလုံးတွေ အများကြီး ရှိတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားရဲ့ နောက်လိုက်တွေအကုန်လုံး သံမဏိအရိုးတောင်ထဲမှာ စိတ်အေးလက်အေး နေနိုင်ဖို့အတွက် လုံလောက်တယ်”
ခရမ်းရောင်ဘုရင်သည် ဆွံ့အသွား၏။ တိတိကျကျပြောရလျှင် သူကိုယ်တိုင် စိတ်ပါလျက်ရှိနေ၏။ သားရဲများသည် ကောင်းကင်နှင့်မြေကြီးရှိ ဓာတ်သဘာဝများကို စုပ်ယူကာဖြင့် တိုးတက်လာကြခြင်းဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ စားသောက်ရသည့် အစားအစာများသည် အလွန်များပြားရခြင်းပင်ဖြစ်၏။ အစားအသောက်စားခြင်းတွင် နှေးကွေး မည်ဆိုပါက ၎င်းတို့၏ ကြီးထွားဖွံ့ဖြိုးမှုသည် နှေးကွေးလာပေလိမ့်မည်။ ဤကဲ့သို့တစ်ခါစားလျှင် ဆယ်ရက်ခန့် ခံနိုင်သည့် သားရဲဆေးလုံးများသာ ရှိမည်ဆိုပါက အချိန်တိုင်း ကောင်းကင်နှင့်မြေကြီးအတွင်းရှိ ဓာတ်သဘာဝ များကို စုပ်ယူထားနိုင်ပြီး အားအင်အဆင့်များသည်လည်း ကျိန်းသေပေါက် တိုးပွားလာပေလိမ့်မည်။
“ခင်ဗျား စဉ်းစားပြီးပြီလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ခက်ခက်ခဲခဲ ရွေးချယ်ပြီးသည့်နောက် ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “ကျုပ် သူတို့ကို ဆင့်ခေါ်လိုက်မယ်”
ဤအရာသည် အညံ့ခံခြင်းမဟုတ်ဘဲ၊ ပူးပေါင်းဆောင်ရွက်မှုသာဖြစ်၏။ သိုင်းကျင့်ကြံသူများအားလုံးသည် သားရဲများကို အမဲလိုက်သတ်ဖြတ်နေလေ့ရှိသည်။ ထို့ကြောင့် အားလုံး ဘေးရန်ကင်းစေရန်အတွက် သူသည် စဉ်းစားဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်တော့၏။ ထို့အပြင် ဂိုဏ်းချုပ်ကျွင်းသည် သားရဲများအားလုံးအတွက် စားစရာနှင့် နေစရာကို ဖန်တီးပေးမည်ဟု ပြောထားသည် မဟုတ်လား။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါဆိုရင် ညဘက် လူခြေတိတ်တဲ့အချိန်ကျမှ အဖွဲ့လိုက် ၊ အဖွဲ့လိုက် သံမဏိ အရိုးတောင်ဆီကို ဝင်လာတာ ကောင်းလိမ့်မယ်”
သားရဲများ အလုံးလိုက်အရင်းလိုက် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်တိုက်ခိုက်သည့်အချိန်တွင် ရှိရှိနေသမျှသော လူများအားလုံး အထိတ်တလန့်ဖြစ်စေခဲ့၏။ ထို့ကြောင့် သိုသိုသိပ်သိပ်ဖြင့် ဤနေရာသို့ လှမ်းလာစေရန် ဂိုဏ်းချုပ်ကျွင်းက မျှော်လင့်နေမိသည်။
ခရမ်းရောင်ဘုရင်သည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်မိ၏။ “ငါသူတို့ကို နောက်လိုက်အဖြစ်လုပ်ဖို့ ဘယ်လို ပြောရမလဲ၊ ထားလိုက်တော့”
ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “အရင်ဆုံး ဆက်သွယ်ရမယ်”
ဝှစ် ဝှစ်
ပြောပြီးသည့်နောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ အော်ရာတစ်ခုသည် ကောင်းကင်ယံသို့ ပျံတတ်သွားပြီးသည့်နောက် သေမင်းတောင်ကြားဆီသို့ ဦးတည်သွားတော့သည်။
.............
“အကြီးအကဲညို”
တောင်ထဲမှာတော့ လူသားတစ်ပိုင်းစိတ်ဝိညာဉ်သားရဲသည် မျက်မှောင်ကုတ်လိုက်သည်။ “ဘုရင်က ပြိုင်စံရှားဂိုဏ်းထဲမှာ အချိန်အတော်ကြာ ဖမ်းဆီးခံထားရတယ်၊ ဒုတိယအကြိမ် ဘယ်တော့ သွားကယ်ကြမလဲ”
“စိတ်မပူနဲ့”
ခရမ်းရောင်ဘုရင်၏ ညာလက်ရုံးက ပြောလိုက်၏။ “ဘုရင့်ရဲ့ညွှန်ကြားချက်ကို စောင့်ကြရအောင်၊ ပြီးတော့မှ အစီအစဉ်တွေ လုပ်ကြတာပေါ့”
“ကောင်းပါပြီ”
လူသားတစ်ပိုင်းစိတ်ဝိညာဉ်သားရဲနှင့် တခြားသော စိတ်ဝိညာဉ်သားရဲများအားလုံးသည် စောင့်မျှော် ရုံသာ တတ်နိုင်၏။ လက်ရှိအခြေအနေမှာတော့ သေမင်းတောင်ကြားထဲတွင်ရှိနေသည့် သားရဲရိုင်းများ၏ အရေ အတွက်သည် ငါးသိန်းကျော်ပင် ရှိနေကြပြီဖြစ်၏။ ၎င်းတို့အားလုံးသည် ကျင့်ကြံခြင်းအဆင့် မျိုးစုံပါဝင်နေ၏။ ၎င်းတို့သည် ဤမျှများပြားသည့် အရေအတွက်ဖြင့် စုဝေးနေကြသည်ဆိုသော်လည်း မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်ကြချေ။ ထို့ကြောင့်ပဲ အလယ်ပိုင်းဒေသတွင်ရှိနေသော စောင့်ကြည့်ရေးမျှော်စင်နှင့် တခြားသော ဂိုဏ်း အသီးသီးမှ လူများသည် အရှေ့တောင်ရန်ကျူးတွင် များပြားလှသည့်သားရဲရိုင်းများ စုဝေးနေသည်ကို မသိကြခြင်း ပင်ဖြစ်တော့၏။
ဟုတ်ပေသည်။ သို့ပေမဲ့ ဤမျှများပြားသော သားရဲရိုင်းများ စုဝေးနေသည်ဆိုလျှင်တောင်မှ ပြိုင်စံရှားဂိုဏ်းကို လာရောက် တိုက်ခိုက်မည်ဆိုပါက ၎င်းတို့အားလုံးသည် ကိုယ့်သေတွင်းကိုယ်တူးသလိုပင် ဖြစ်ပေလိမ့်မည်။
ဝှစ်
ထိုအချိန်မှာတော့ အလင်းတန်းတစ်ခုသည် ပျံသန်းလာပြီးသည့်နောက်မှာတော့ အကြီးအကဲညို၏ သိစိတ်ပင်လယ် ထဲသို့ ဝင်ရောက်လာခဲ့၏။ သူသည် ပျော်ရွှင်စွာ ပြောလိုက်မိ၏။
“ဘုရင်က သတင်းစကား ပို့လိုက်သည်၊ ငါတို့ အားလုံးကို အဖွဲ့လိုက် အဖွဲ့လိုက်ခွဲပြီး သံမဏိအရိုးတောင်ထဲကို တိတ်တဆိတ်ဝင်ခဲ့ဖို့ ပြောထားတယ်လေ၊ ကြည့်ရတာ ဘုရင်က သူ့ရဲ့အားအင်အဆင့်တွေ ပြန်ရခဲ့ပြီနဲ့တူတယ်၊ ဒါကြောင့် ပြိုင်စံရှားဂိုဏ်းကို တစ်ခါတည်း ချိုးဖြတ် ဖျက်ဆီးပစ်ဖို့ ကြိုးစားတာနေမယ်”
“သွား သွား”
အကြီးအကဲညိုက ပြောလိုက်သည်။ “မြန်မြန်သွားစို့”
ရွှီး ရွှီး
သိုင်းအုပ်စိုးသူအဆင့်နှင့် နှိုင်းယှဉ်၍ရနိုင်သော စိတ်ဝိညာဉ်သားရဲ တစ်ဒါဇင်ကျော်တို့သည် သေမင်းတောင်ကြား ထဲမှ ပျံသန်းထွက်ခွာလာကြသည်။ ၎င်းတို့သည် သံမဏိအရိုးတောင်ခြေဆီသို့ ရောက်သည့်အချိန်မှာတော့ အနီရောင်အတွင်းခံကို ဝတ်ဆင်ထားသော ခရမ်းရောင်ဆံပင်နှင့်လူတစ်ယောက်သည် သေခြင်းရှင်ခြင်းစင်မြင့်တွင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရ၏။
“ဘုရင်” အကြီးအကဲညိုနှင့် တခြားသောသူများသည် စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်ကြ၏။
ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “ငါနဲ့ တောင်ပေါ်ကို လိုက်ခဲ့”
“ကောင်းပါပြီ” စိတ်ဝိညာဉ်သားရဲ တစ်ဒါဇင်ကျော်တို့သည် ပျံသန်းသွားပြီးသည့်နောက် သံမဏိအရိုးတောင်၏ နောက်ဘက်ဆီသို့ ရောက်ရှိသွားကြသည်။
အကြီးအကဲညိုသည် အလျင်အမြန်ဖြင့် ပြောလိုက်၏။ “ဘုရင်.. ဘာအစီအစဉ်ရှိလို့လဲ”
ခရမ်းရောင်ဘုရင်သည် အနီးပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုပြီးနောက် ပြောလိုက်သည်။ “ဒီပတ်ဝန်းကျင်က ဘယ်လိုလဲ”
“မဆိုးပါဘူး”
အကြီးအကဲညိုက ပြောလိုက်သည်။ “ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန် လာတာ ဖြစ်လိမ့်မယ်”
တောင်၏အတွင်းဘက်တွင် သီးခြားဖြစ်တည်ခြင်းအစီအရင် တစ်ခုရှိသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် ဤအစီအရင်အား ကြိုတင်ကာ ဖွင့်ပေးထားခြင်းပင်ဖြစ်၏။ ထို့ကြောင့်ပင် ၎င်းတို့သည် အထဲသို့ ဝင်နိုင်ခြင်းပင် ဖြစ်တော့သည်။
“မဆိုးဘူးဆိုမှတော့”
ခရမ်းရောင်ဘုရင်က ပြောလိုက်၏။ “ဒီမှာနေကြရအောင်”
“ကောင်းပါပြီ”
အကြီးအကဲညိုနှင့် တခြားသောသားရဲများသည် သံပြိုင်အော်လိုက်၏။ သို့ပေမဲ့ တစ်စက္ကန့်အတွင်း မှာပဲ ၎င်းတို့၏ အမူအရာများသည် နဝေတိမ်တောင် ဖြစ်သွားသည်။ “နေ … နေမှာဟုတ်လား”
ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “ဒီဘုရင်က ပြိုင်စံရှားဂိုဏ်းချုပ်နဲ့ ညှိနှိုင်းမှု ပြုလုပ်ထားတယ်လေ၊ လက်ရှိ အခြေအနေမှာ သူ့ဂိုဏ်းက တပည့်တစ်ယောက်အဖြစ် ဟန်ဆောင်နေတယ်၊ အချိန်ရောက်လာပြီဆိုရင် ငါတို့က တူတူပူးပေါင်းပြီး အရမ်းကြီးမားတဲ့အရာတစ်ခု ပြုလုပ်ရမယ်”
“ဒါက” သားရဲများအားလုံးသည် ဆွံ့အသွားကြ၏။ လက်ရှိအခြေအနေမှာတော့ ဘုရင်သည် သူတို့အား မရင်းနှီးသည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။
“ဘုရင်”
အကြီးအကဲညိုသည် မျက်ရည်စက်လက်ဖြင့် ပြောလိုက်၏။ “ဘုရင်... ဘုရင်ပြောင်းလဲသွားပြီနဲ့တူတယ်၊ ဒါက လူသားတွေရဲ့တည်နေရာလေ၊ ဘယ်လိုဖြစ်လို့ ကျုပ်တို့ ဒီမှာ နေရမှာလဲ”
“ဘုရင် နောက်နေတာတော့ မဟုတ်ပါဘူးနော်”
စိတ်ဝိညာဉ်သားရဲများသည် ပြောဆိုလိုက်ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ ခံစားချက်များကို မထိန်းချုပ်နိုင်သလိုပင် မျက်ရည်များပင် ဝိုင်းလာကြ၏။ ဘုရင်သည် သူတို့၏ သစ္စာတရားပင်ဖြစ်သည်။ သူတို့သစ္စာတရား၏ မဏ္ဍိုင်သည် ကျေးကျွန်မဖြစ်စေရန်ပင်ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ လူသားတို့၏ တည်နေရာတွင်နေထိုင်ပြီး လူသား တို့နှင့် ပူးပေါင်းကာ အလုပ်အတူ တွဲလုပ်ရန် စဉ်းစားလျက်ရှိ၏။
......................
“သားရဲဆေးလုံးက ဘယ်လိုလဲ”
“ကောင်းလိုက်တာ၊ ဒါက မှော်ဆန်လွန်းတယ်လေ”
“ဘုရင်... ကျုပ်တို့ ဘုရင်ကို ထောက်ခံတယ်၊ ကျုပ်တို့ရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဒီလူသားတွေကို အသုံးချရမယ်”
“ဒါဆိုရင် ကျန်တဲ့သားရဲတွေကို သွားပြီးတော့ သတင်းပို့ရမယ်၊ သူတို့အားလုံးကို ဖြစ်နိုင်သမျှ အမြန်ဆုံး သံမဏိ အရိုးတောင်ဆီ လာစေဖို့”