← Chapters

အခန်း (၈၀၇)

Vol. 54 Ch. 807

အခန်း (၈၀၇)

Vol. 54 Ch. 807

ပြိုင်စံရှားဂိုဏ်းတွင် နေထိုင်ခဲ့သည့် အတောအတွင်း ခရမ်းရောင်ဘုရင်သည် အလွန်ပြောင်းလဲခဲ့ပြီဖြစ်၏။ မည်သည့်အရာများ ပြောင်းလဲခဲ့သနည်းဆိုသော် သူသည် အစားအစာတစ်ခုတည်းကြောင့်သာ ပြိုင်စံရှားဂိုဏ်းတွင် နေထိုင်ခဲ့ခြင်း မဟုတ်တော့ပေ။ အဘယ်ကြောင့်ပြောင်းလဲသွားခဲ့ရသနည်း ဆိုသော် ထူးခြားသည့် လေ့ကျင့်ရေးနည်းလမ်းများကို သူကြုံတွေ့ ခဲ့ရသောကြောင့်ဖြစ်၏။

သားရဲတစ်ကောင်ဖြစ်သည့်သူသည် သိုင်းကျင့်ကြံခြင်းနည်းစနစ်များကို လေ့ကျင့်ရန် မလိုပေ။ သို့ပေမဲ့ ခန္ဓာကိုယ် တည်ဆောက်ခြင်းအခန်းသည် သူ၏ခန္ဓာကိုယ်ကို ပိုမိုကာ အားကောင်းစေခဲ့၏။ စမ်းသပ်မှုမျှော်စင်၏ ပထမထပ် သည် သူ့အတွက် အကျိုးသက်ရောက်မှုများလှသော အခန်းပင်ဖြစ်သည်။

ခရမ်းရောင်ဘုရင်သည် နေ့စဉ်နေ့တိုင်း မိုးလင်း၍ တံခါးဆွဲဖွင့်လိုက်သည်ဆိုသည်နှင့် မနက်စာေြပြီးသည့်နောက်မှာတော့ တစ်မနက်လုံး ခန္ဓာကိုယ်တည်ဆောက်ခြင်းအခန်းဆီသို့သွား၍ အချိန်ဖြုန်း၏။

နေ့လယ်စာ စားသောက်ပြီးသည့်နောက်မှာတော့ စမ်းသပ်မှုမျှော်စင်ဆီသို့ ထပ်၍ သွားပြန်သည်။ ညစာ စားပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲသို့သွား၍ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူတတ် သည်။ ပြီးသည့်နောက်မှာတော့ ပြန်၍ အိပ်လေသည်။

ဤကဲ့သို့သောဘဝသည် ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည် ဆိုသော်လည်း သူ၏ခန္ဓာကိုယ် အားကောင်းစေရန် အတွက် တက်ကြွသည့် ခံစားချက်များကို ပေးစွမ်းနေသည်။ သူ့အနေနှင့် စည်းခတ်မခံရခင်က အားအင်အဆင့် များကို ပြန်လည်ရရှိမည်ဆိုလျှင် ယခုထက်ပိုမို၍ အားကောင်းနေပေလိမ့်မည်။ အစားအသောက်၊ အနေအထိုင် အားလုံးကို ပံ့ပိုးပေးထား၏။ သူ့အနေနှင့် တိုးတက်အောင် ပြုလုပ်ရန်သာ ရှိတော့သည်။ ထိုကဲ့သို့သော အခြေ အနေမျိုးတွင် ခရမ်းရောင်ဘုရင်၏ စိတ်ပိုင်းဆိုင်ရာသည် မပြောင်းလဲဘဲ ဘယ်နေလိမ့်မည်နည်း။

ထို့အပြင် လက်ရှိပြိုင်စံရှားဂိုဏ်းတွင် နေထိုင်ခဲ့သည့်အတောအတွင်း ကျွင်းချောင်ရှောင်းသည် သူ့အား အံ့အား သင့်စေမည့်ကိစ္စရပ်များကို ပြုလုပ်ပြခဲ့၏။ တောင်ကြားထဲတွင် စိတ်ဝိညာဉ်မိုင်းတွင်းကြီးတစ်ခုလုံးကို မောင်ပိုင်စီး ခဲ့ပြီး ဟွာတောင်တန်း၏ ထိပ်တွင် အဆင့်သုံးမိစ္ဆာဂိုဏ်းနှစ်ခုအား စိန်ခေါ်ခဲ့သေး၏။

ထို့အပြင် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က တည်ရှိခဲ့သော ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်ဆီသို့သွား၍ စိန်ခေါ်ခဲ့ပြန်၏။ ဤအရာကိစ္စများအားလုံးသည် ဤလူငယ်မှာ သာမန်မဟုတ်ဘဲ အနာဂတ်တွင် ၎င်း၏ပူးပေါင်းပါက ကျိန်းသေပေါက် ကြီးမားသည့်အကျိုးရလဒ်မျိုး ရရှိစေမည်ဟု ခရမ်းရောင်ဘုရင်အား နားလည်မိစေတော့၏။

ယခင်တုန်းက လူသားနှင့်သားရဲတို့၏ ပေါင်းစပ်မှုအကြောင်း ပြောဆိုမည်ဆိုလျှင် သူသည် လူသားများထံမှ အရင်းအမြစ်များရရှိ၍ သားရဲမျိုးနွယ်များ ပိုမိုအားကောင်းစေရန် စဉ်းစားခဲ့၏။ ထိုကဲ့သို့သော အကြံအစည်ကြောင့်သာ ခရမ်းရောင်ဘုရင်သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်အဖြစ် သဘောတူခဲ့ခြင်းဖြစ်သည်။ သူသည် ငြိမ်ငြိမ်သက်သက် ဖြင့် စောင့်စားနေခြင်းဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သူ၏စိတ်သည် အလွန်တရာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

အကြီးအကဲညိုနှင့် တခြားသော စိတ်ဝိညာဉ်သားရဲများမှာတော့ သားရဲဆေးလုံးကို စားပြီးနောက်မှာတော့ ကျိန်းသေပေါက် ၎င်းတို့၏ဘုရင်သည် ဦးနှောက်မဲ့ ပြိုင်စံရှားဂိုဏ်းအား ထောက်ပံ့နေခြင်းမဟုတ်ကြောင်း နားလည်မိလိုက်ကြ၏။

ရက်အနည်းငယ်အတွင်းမှာပဲ သေမင်းတောင်ကြားထဲတွင်ရှိနေသော သားရဲပေါင်းငါးသိန်းတို့ သည် သံမဏိအရိုးတောင်ဆီသို့ ရွှေ့ပြောင်းလာခဲ့ကြတော့သည်။ ထို့အပြင် အပြင်ဘက်လောကထက် ပိုမို အားကောင်းသော လောက၏ဓာတ်သဘာဝများကို စုပ်ယူနိုင်သည့်နေရာတွင်လည်း နေထိုင်ရသည်။ ထို့ကြောင့် သံမဏိအရိုးတောင်ဆီသို့ ရောက်ရှိလာသော သားရဲများအားလုံးသည် ၎င်းတို့၏ အိမ်ကဲ့သို့ပင် ခံစားနေမိကြ တော့သည်။

၎င်းတို့၏ လေးနက်မှုကို ပြသရန်အတွက် ကျွင်းချောင်ရှောင်းသည် သီးခြားဖြစ်တည်ခြင်းအစီအရင်ကို ပိုမိုတိုးမြင့်၍ ချဲ့ထွင်လိုက်တော့၏။ ပြီးနောက် သားရဲများအား စိတ်ဝိညာဉ်စွမ်းအင်များ ပိုမိုသုံးစွဲနိုင်စေရန် ဖန်တီးပေးထား၏။ ဆေးလုံးသည် တစ်ခါစားသုံးပြီးပါက ဆယ်ရက်ကြာ ထပ်မံစားသောက်စရာ မလိုတော့ချေ။

ဟုတ်ပေသည်။ ဤကဲ့သို့ စားလိုက်၊ သောက်လိုက် လုပ်နေလျှင် ပျင်းရိငြီးငွေ့စရာ ကောင်းပေလိမ့်မည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သိုင်းဘုရင်နှင့် သိုင်းအုပ်စိုးသူအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော လူသားတစ်ပိုင်း စိတ်ဝိညာဉ်သားရဲများကို ခေါ်လိုက်၏။ ပြီးနောက် လျှိုဝမ်ရှစ်အား ၎င်းတို့အား ချက်ပြုတ်ကျွေးမွေးစေတော့၏။

“ကောင်းကင်ဘုံ... ဒီလောက် ကောင်းလိုက်တဲ့အရသာ လောကကြီးမှာ ရှိမယ်လို့ ကျုပ်မထင်ခဲ့မိဘူး”

“ထပ်ပေးအုံး …၊ ထပ်ပေးအုံး … နောက်ထပ် ဆယ်ပွဲပေးအုံး”

“ဝါး... အရသာရှိလိုက်တာ၊ ပြီးတော့ အရမ်းမွှေးတယ်”

ဘဝတစ်သက်တာလုံး အသားစိမ်းကြမ်းများကိုသာ စားသောက်ခဲ့ကြသော စိတ်ဝိညာဉ်သားရဲများသည် လျှိုဝမ်ရှစ် ချက်ပြုတ်ပေးသည့်အရာများကို စားပြီးသည့်နောက်မှာတော့ လောက၏စည်းစိမ်ကို ခံစားလျက် ရှိနေကြတော့သည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ၎င်းတို့အား အလကား စားသောက်ခြင်းတော့ မပြုခဲ့ပေ။ စားသောက်ပြီး သည့်နောက်မှာတော့ စတင်၍ တွက်ချက်တော့၏။

ခြင်္သေ့၊ ကျား၊ ကျားသစ်၊ ဝံပုလွေ အားလုံးသည် ကြမ်းတမ်းလှသော သားရဲရိုင်းများဖြစ်သည်။ အစပိုင်းတုန်းက ကျွင်းချောင်ရှောင်းသည် သံချပ်ကာ ဝံပုလွေတပ်အား တိုးမြှင့်ရန် စဉ်းစားခဲ့သေး၏။ သို့ပေမဲ့ သေချာစဉ်းစားပြီး သည့်နောက်မှာတော့ သားရဲများ၏ဟောခန်းများကို တည်ထောင်ရန် သူစဉ်းစားလိုက်မိတော့သည်။ သားရဲငါးသိန်း ကျော်တို့သည် သံမဏိအရိုးတောင်တွင် အခြေချ နေထိုင်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့၏ခေါင်းဆောင်မှာ ခရမ်းရောင် ဘုရင်ဖြစ်သည်။ ထို့ကြောင့် ခရမ်းရောင်ဘုရင်အား ဟောခန်းသခင်အဖြစ် ရွေးချယ်ရန်ဆိုသည်မှာ အကောင်းမွန် ဆုံးသော ကိစ္စရပ်ပင် ဖြစ်ပေလိမ့်မည်။

“တပည့် ဒါမှမဟုတ် ဟောခန်းသခင်၊ ခင်ဗျားကြိုက်တာကိုရွေး”

“ဟောခန်းသခင်ပေါ့”

ခရမ်းရောင်ဘုရင်၏ ဦးနှောက်သည် သာမန်ပင်ဖြစ်၏။ ထို့ကြောင့် ဟောခန်းသခင်၏ အဆင့်သည် တပည့်ထက်ပိုမို၍ မြင့်မားသည်ကို ကောင်းကောင်းနားလည်မိ၏။

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ဖြင့်ပြောလိုက်၏။ “ခင်ဗျားက ပြိုင်စံရှားဂိုဏ်းရဲ့ ဟောခန်းသခင် ဖြစ်သွားပြီဆိုတော့ ဟောခန်းသခင်လုပ်ရမယ့်ကိစ္စရပ်တွေကို သေချာလုပ်ရလိမ့်မယ်”

“ပြဿနာမရှိဘူး” ခရမ်းရောင်ဘုရင်သည် အာမခံလိုက်၏။

“ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မနက်ဖြန်ကျရင် ကြေညာပေးမယ်”

နောက်တစ်ရက်မှာတော့ စိတ်ဝိညာဉ်သားရဲဟောခန်း တည်ထောင်ခြင်းအကြောင်းကို တရားဝင်ကြေညာခဲ့ပြီ ဖြစ်၏။ ဟောခန်း၏သခင်သည် ခရမ်းရောင်ဘုရင်ဖြစ်ပြီး ဒုတိယဟောခန်းသခင်မှာ အကြီးအကဲညိုဖြစ်၏။ ကျန်သည့် စိတ်ဝိညာဉ်သားရဲများမှာ ဤဟောခန်း၏ ပထမအသုတ် အဖွဲ့ဝင်များပင်ဖြစ်တော့၏။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းသားအရေအတွက်သည် ပိုမိုကာ တိုးပွားသွားခဲ့တော့၏။ ၎င်းတို့သည် လူသားမဟုတ်ဘူးဆိုသော်လည်း တည်နေရာတစ်ခုအဖြစ်သတ်မှတ်ကာ ၎င်းတို့အတွက် ဂိုဏ်းစုဆောင်းမှတ်များ ရရှိနေ၏။

လူသားနှင့် သားရဲများ သည် ပူးပေါင်းပြီး ပြိုင်စံရှားဂိုဏ်းထဲတွင် တည်ရှိနေသည်ကို မြင်ရသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အလွန်တရာ သဘောကျမိနေသည်။

“ဟုတ်ပြီ၊ ငါက အားအကောင်းဆုံးသော ပြိုင်စံရှားဂိုဏ်းတစ်ခုကို တည်ထောင်ချင်တယ်၊ ငါ့ရဲ့ဂိုဏ်းသားတွေကို လူသားတစ်ခုတည်းအဖြစ် ကန့်သတ်ထားလို့ ဘယ်ဖြစ်လိမ့်မလဲ”

သိုင်းကျင့်ကြံသူများမှာပင်လျှင် ရိုးရိုးသိုင်းကျင့်ကြံသူ၊ နတ်ဆိုးကျင့်ကြံသူ၊ မိစ္ဆာကျင့်ကြံသူဟူ၍ ခွဲခြားထားသေး၏။ ထို့ကြောင့် ၎င်း၏ဂိုဏ်းထဲတွင် လူသား၊ သားရဲများ ယှဉ်တွဲတည်ရှိနေခြင်းသည် ပိုမို၍ ပြည့်စုံသည့်အရာပင် ဖြစ်ပေလိမ့်မည်။

ပြိုင်စံရှားဂိုဏ်းအား တကယ့်ကို ကြီးကျယ်မြင့်မြတ်လှပြီး လောကကြီး၏ နတ်ဘုံနတ်နန်းတစ်ခုကဲ့သို့ ဖြစ်တည်အောင် ဖန်တီးချင်သည်ဆိုလျှင် အလုံးစုံသမမျှတနေမှ ဖြစ်ပေလိမ့်မည်။ အကြီးအကဲညိုနှင့် တခြားသူများ အားလုံးသည် အလွန်အားကောင်းလွန်းလှ၏။ ထို့ကြောင့် သိုင်းအုပ်စိုးသူ ဆယ်ယောက်နှင့် သိုင်းဘုရင်ငါးဆယ်တို့ ထပ်မံရရှိခဲ့၏။ ဤအရာမှာ အလွန်တရာကောင်းမွန်လှသည့် စာရင်းပင် ဖြစ်၏။

“ဒီသတ္တဝါတွေကို ထည့်တွက်မယ်ဆိုရင် ငါတို့က တတိယအဆင့်ဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီ မဟုတ်လား” ကျွင်းချောင်ရှောင်း၏မျက်လုံးများသည် လင်းလက်သွားသည်။

စနစ်သည် သူ့အား ရင်နာအောင် ပြောဆိုလိုက်၏။ “ဒါက သားရဲတွေလေ၊ သူတို့ဆီမှာ လူသားတွေလိုမျိုး အားအင် တွေရှိတယ်ဆိုပေမဲ့ လူသားလိုမျိုး အော်ရာမျိုး၊ အဆင့်သတ်မှတ်မှုမျိုး ရှိတာ မဟုတ်ဘူး၊ ဒီတော့ ဂိုဏ်းအသိ အမှတ်ပြုဟောခန်းက သူတို့ကို အသိအမှတ်ပြုမှာ မဟုတ်ဘူး”

“..........”

ကျွင်းချောင်ရှောင်းသည် ငြိမ်သက်သွားမိ၏။

......................

စိတ်ဝိညာဉ်သားရဲဟောခန်းသည် စတင်တည်ထောင်ခဲ့ပြီးပြီဖြစ်သည်။ ခရမ်းရောင်ဘုရင်သည် ဟောခန်းသခင် ဖြစ်၏။ ဟယ်ဝူတီမှာတော့ တံခါးဖွင့်သည့်အလုပ်ကိုသာ တာဝန်ယူထားရသည်။ ထို့ကြောင့် လက်ရှိတွင် သူသည် တာဝန်နှစ်ခုကို ပူးတွဲယူနေရပြီဖြစ်သည်။ ပြိုင်စံရှားဂိုဏ်း၏ အစစ်အမှန်တပည့်တစ်ယောက်ဖြစ်သည်နှင့် သူသည် တံခါးပိတ်ခြင်းနှင့် တံခါးဖွင့်ခြင်းအလုပ်ကို ညီညီမျှမျှ ပြုလုပ်နေရတော့သည်။

“နေလို့ထိုင်လို့ ကောင်းလိုက်တာ”

နောက်တစ်ရက်မှာတော့ ခရမ်းရောင်ဘုရင်သည် ဟောခန်း၏ အဝင်ဝရှိ ကြီးမားလှသော ထိုင်ခုံကြီးတွင် ထိုင်လျက် ရှိသည်။ သူ၏ မျက်နှာပေါ်တွင်တော့ အလွန်တရာ သဘောကျသည့် အရိပ်အငွေ့များရှိသည်။

“ဟောခန်းသခင်ကျိ”

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ရွှဲရမ်ကွေ့သည် အထဲသို့လျှောက်ဝင်လာကာ ပြုံး၍ ပြောလိုက်၏။ “ဆွေးနွေးစရာရှိတယ်”

“ပြောလေ” ခရမ်းရောင်ဘုရင်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“ဟမ့်” သူသည် ဟောခန်းသခင်အဖြစ် အခုမှ ရာထူးတိုးမြှင့်ခြင်းကို ခံထားရသည်။ သို့ပေမဲ့ တခြားသောသူများအား ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် မထင်မှတ်သလို ဆက်ဆံလျက် ရှိနေ၏။

ရွှဲရမ်ကွေ့က ပြုံးကာပြောလိုက်သည်။ “ကျုပ်တို့ သံချပ်ကာ ဝံပုလွေတပ်က ဝံပုလွေ သားရဲသုံးထောင်ကျော်လောက် လိုအပ်နေတယ်လေ၊ ဒီတော့ ခင်ဗျား နည်းနည်းလောက် ပေးနိုင်မလား”

“မရဘူး”

ခရမ်းရောင်ဘုရင်သည် ချက်ချင်းပဲ ငြင်းပယ်လိုက်၏။ “သားရဲတွေက ဘယ်တော့မှ ကျေးကျွန် မဖြစ်ဘူး၊ သူ့တို့ကို အသုံးချလို့မရဘူး”

“ဟောခန်းသခင်ကျိ”

ရွှဲရမ်ကွေ့သည် လေးလေးနက်နက်ပြောလိုက်၏။ “ခင်ဗျားနဲ့ကျုပ်က ပြိုင်စံရှားဂိုဏ်းရဲ့ ဟောခန်းသခင်တွေပဲလေ၊ ပြုလုပ်နေတဲ့ အရာအားလုံးက ဂိုဏ်းရဲ့ကောင်းကျိုးအတွက်ပဲ၊ ပြီးတော့ ဝံပုလွေ သားရဲတွေက ကျုပ်ဆီကို ပို့လာရင် ပိုပြီးတော့ အားကောင်းလာလိမ့်မယ်။ ပြီးတော့ တူညီတဲ့သဘောကပဲပြောပြော၊ ယေဘူယျကျကျပဲ ပြောပြော၊ ခင်ဗျားက..........”

နာရီဝက်လောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ ရွှဲရမ်ကွေ့သည် ပျော်ရွှင်စွာဖြင့် ပြန်သွားတော့သည်။ ခရမ်းရောင်ဘုရင်သည် ဟောခန်းသခင်ဖြစ်ပြီးနောက် သူ၏ ပထမဆုံးအမိန့်ကို ချမှတ်ခဲ့သည်။ ထိုအရာမှာ အကောင်းဆုံးသော ဝံပုလွေသားရဲများသည် သံချပ်ကာဝံပုလွေဟောခန်းဆီသို့ သွားရန်ပင်ဖြစ်တော့၏။

ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သေသေချာချာ စဉ်းစားခဲ့၏။ ပြီးသည့်နောက် မှာတော့ သံချပ်ကာဝံပုလွေတပ်အား သားရဲစီးတပ်ဟု ပြောင်းလဲခေါ်ဆိုရန် အမိန့်ချမှတ်ခဲ့သည်။ ရွှဲရမ်ကွေ့နှင့် တောက်ယွမ်တို့သည် ဟောခန်းသခင်နှင့် ဒုတိယသခင်တို့အဖြစ် ဆက်ရှိနေသည်။ ထိုအထဲတွင်မှာမှ ခြင်္သေ့စီး တပ်၊ ကျားစီးတပ်၊ ကျားသစ်စီးတပ်၊ ဝံပုလွေစီးတပ်ဟူ၍ ထပ်မံကာ ကွဲပြားသွားခဲ့သည်။

ကျန်းယန်နိုင်ငံတွင် အသူရာနဂါးတပ်၊ ကျားဖြူတပ်၊ ဘာမီလီယန်ငှက်တပ်၊ လိပ်မဲတပ်ဟူ၍ ရှိသည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းထဲမှာတော့ ခြင်္သေ့စီးတပ်၊ ကျားစီးတပ်၊ ကျားသစ်စီးတပ်၊ ဝံပုလွေစီးတပ်ဟူ၍ ကွဲပြား ခြားနားနေ၏။

ဤကဲ့သို့ ကြီးမားခန့်ထည်လှသော တပ်ကြီးလေးခုကို ပြောင်းလဲဖွဲ့စည်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တိုက်ပွဲများ ဖြစ်တည်လာသည်ဆိုပါက သားရဲဟောခန်းကို အသုံးပြု၍ တိုက်ခိုက်မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်နိုင်စွမ်း ရှိသည်။

“ဟောခန်းသခင်ကျိ”

သားရဲစည်းတပ်ကို ဖွဲ့စည်းပြီးသည့်နောက် ရွှဲရမ်ကွေ့သည် စိတ်ဝိညာဉ်သားရဲဟောခန်းဆီသို့ ထပ်ရောက်လာကာ ပြုံး၍ ပြောလိုက်သည်။ “ခြင်္သေ့သားရဲ၊ ကျားသားရဲနဲ့ ကျားသစ်သားရဲ နည်းနည်းလောက် ကျုပ်ဆီကို ပို့ပေးပါအုံး”

“မရဘူး” ဟောခန်းသခင်ကျိသည် တိကျခိုင်မာစွာ ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် သူ့အား စိတ်ဝိညာဉ်သားရဲဟောခန်း၏ ဟောခန်းသခင်အဖြစ် သတ်မှတ်ပေးခဲ့သည် ဆိုသည်မှာ သားရဲစီးတပ်ဆီသို့ သားရဲများ စေလွှတ်နိုင်ရန်ဖြစ်ကြောင်း သူကောင်းကောင်း နားလည်လာမိ သည်။ အလွန်တရာ လှည့်စားလှသည့် လူသားပင်ဖြစ်၏။ ဤဘုရင်သည် လက်ရှိအခြေအနေမှာတော့ သူ၏ ယုံကြည်ချက်ကို ကိုင်ဆွဲ၍ ခပ်တင်းတင်းနေထိုင်မှ ဖြစ်ပေလိမ့်မည်။

ရွှဲရမ်ကွေ့သည် ဆက်၍ မတောင်းဆိုတော့ချေ။ နောက်ဆုံးတော့သူသည် ဂိုဏ်းချုပ်ကိုသွား၍ တိုင်တန်းလေ၏။ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်သားရဲဟောခန်းဆီသို့ ရောက်ရှိလာပြီး သားရဲဆေးလုံးတစ်သိန်းကျော် ပါဝင်သည့် သိုလှောင်လက်စွပ်ကို ပစ်တင်ပေးလိုက်သည်။ “ရော့”

All Chapters