← Chapters

သူနဲ့ရှိနေရင်စိတ်ချရတယ်

Vol. 008 Ch. 763

သူနဲ့ရှိနေရင်စိတ်ချရတယ်

Vol. 008 Ch. 763

သေစမ်း

သူမ နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည် “သူတို့တစ္ဆေဘုရင်ကို ဘာလို့သတ်ခဲ့တာလဲ၊ မင်းတို့က နှစ်ယောက်လုံးဘုရင်ဖြစ်နေလို့ သူ့ကိုသဘောမကျလို့လား”

“ငါအဲလောက် အားမနေဘူး”

“ဒါဆို ဘာလို့သတ်တာလဲ”

“သူ့မိန်းကလေးကို ငါခိုးတယ်လို့ ပြောတယ်၊ စိတ်မပြေပဲ ငါနဲ့လာတိုက်တယ်လေ” မိုရှားပြောလေသည်။

“မင်းက တစ္ဆေလောကရဲ့မိဖုရားနဲ့အိပ်ခဲ့တယ်” ရှီမာယူယူသည် စိတ်မချမ်းသာမှုကို ဖုံးကွယ်ရန် အံ့သြ သည့်အသံဖြင့် အော်လိုက်သည်။

“ငါ မိန်းမတွေကိုစိတ်မဝင်စားဘူး” မိုရှားပြောလိုက်သည်။

“ဒါပေမဲ့ တစ္ဆေဘုရင်က အကြောင်းအရင်းမပဲ အကြောင်းမဲ့မင်းကို သူ့မိန်းကလေးခိုးပါတယ်ဆိုပြီး စွပ်စွဲ မှာတော့မဟုတ်ဘူး ဟုတ်တယ်မလား” ရှီမာယူယူသည် သူ့ကိုမယုံကြည်ပေ။

“အဲမိန်းကလေးက သူမဘာသာငါ့နောက်လိုက်တာလာ ငါသူမကို မနှောင်ယှက်ဖူးဘူး” မိုရှား ပြော လိုက်သည် “ဒါပေမဲ့ အဲရေကြက်အိုကြီးက သူ့မိန်းကလေးကို ငါခိုးပါတယ်လို့ ငြင်းနေပြီး ငါနဲ့လာတိုက်တာ၊ ငါမှ မလုပ်တာကို ဘာလို့သူ့ကိုအဲလို စိတ်တိုင်းကျလုပ်ခွင့်ပေးရမှာလဲ၊ ငါတို့ တိုက်ကြတယ်၊ အဲတိုက်ပွဲက ၃ရက် ၃ည ကြာခဲ့တယ်၊ နောက်ဆုံးတော့ ငါတို့နှစ်ယောက်လုံး ခြေကုန်လက်ပန်းကျနေပြီ သူထွက်သွားတဲ့အချိန်မှာ ဒဏ်ရာ အပြည့်နဲ့ အသက်ရှုသံကလည်း နောက်ဆုံးတစ်ချက်ပဲကျန်တော့တယ်၊ ငါလည်းအဲလိုပဲ ဒါပေမဲ့ ငါအသက်ရှင်နေ ခဲ့ပြီး သူသေသွားခဲ့တယ်”

“ကျင့်ကြံနိုင်တဲ့လူတစ်ယောက်က နောက်ဆုံးအသက်လေးတစ်မျှင်ကျန်ရင်တောင်မှ ဆက်နေနိုင်တယ် မလား၊ ဒါပေမဲ့ သူကတကယ်သေသွားတာလား” ရှီမာယူယူ မေးလိုက်သည် “မင်းကငတုံးလား အဲဒီတစ္ဆေဘုရင် ကို သေချာပေါက်တခြားလူသတ်တာပဲ၊ ဘာလို့မင်းက နာမည်ဆိုးတွင်နေခဲ့တာလဲ”

ရှီမာယူယူ ပြောလိုက်သောစကားကြောင့် မိုရှား သဘောကျသွားပြီး နတ်ဆိုးညွှတ်လက်ကောက်အတွင်း တွင် သူ့ပါးစပ်ထောင့်သည် ရယ်မောသကဲ့သို့ပင် တွန့်တက်သွားသည်။

ထိုနှစ် တစ္ဆေဘုရင်သေဆုံးခြင်းမှာ သူ့ကြောင့်မဟုတ်ဘူးဟု ပြောခဲ့သော်လည်း ဘယ်သူမှမယုံခဲ့ကြပေ။ သူမကတော့ ဇာတ်ကြောင်းကိုရိုးရှင်းစွာနားထောင်လိုက်ရသော်လည်း သူသတ်ခြင်းမဟုတ်သည်ကို သိသည်။ ဒီလိုယုံကြည်မှုသည် သူ့နှလုံးသားကို အရည်ပျော်စေသည်။

“ငါက သူ့ကိုသတ်တာမဟုတ်ပေမယ့် သူက ငါနဲ့တိုက်ပွဲဖြစ်ပြီးတော့ သူ့အရည်အချင်းတွေလည်း ပျောက်သွားတယ်၊ ဘာပဲဖြစ်ဖြစ် အကုန်လုံးကအတိတ်တွေပဲ ပြန်ပြောစရာမလိုတော့ဘူး” မိုရှား ပြောလေသည် “တစ္ဆေတစ်ရာအောင်လံတော် အကြောင်းကို ဆက်နားထောင်မှာလား နားမထောင်ဘူးလား”

“ဟုတ်သားပဲ ဆက်ပြောပါဦး” သူ အမှန်တကယ် တစ္ဆေဘုရင်ကို သတ်သည် မသတ်သည်ကို ဆက်ပြော ရန်မလိုတော့ပြီဟု ရှီမာယူယူခံစားရသည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုအဖြစ်အပျက်မှာ နှစ်ပေါင်းများစွာကြာနေ ပြီဖြစ်သည်။ ထိုစဉ်ကဇာတ်ကြောင်းမှာ လှည့်ကွက်မည်မျှပါသည်ဆိုသည်ကို ဘယ်သူမှမသိနိုင်ပေ။ တစ္ဆေတစ်ရာအောင်လံတော်အကြောင်း ပြောရသည်မှာ ပိုအရေးကြီးသည် “အဲအောင်လံတော်က အများကြီးရှိ တာလား”

“မရှိဘူး တစ်ခုတည်းရှိတာ”

“ဒါပေမဲ့ မင်းခုနကပြောတော့ အနည်းဆုံး နတ်ဆိုးသန်းချီပါတဲ့ အောင်လံတော်လည်းရှိတယ်ဆို၊ အဲဒါက တခြားဟာတွေလည်းအများကြီးရှိသေးတယ်လို့ ပြောချင်တာမဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။

“တစ်ခုတည်းပဲရှိသေးတယ်၊ မင်းရဲ့ဝိဉာဉ်စေတီမှာ သခင်တွေအများကြီးရှိခဲ့သလိုပေါ့” မိုရှား ပြောလိုက် သည်။

“တစ္ဆေတစ်ရာအောင်လံတော်ကို ကိုင်တဲ့လူက နှိပ်ကွပ်နိုင်တာမဟုတ်ဘူးလား၊ သူ့မှာ သခင်ဘယ် လောက်ရှိသေးတာလဲ” ရှီမာယူယူမေးလိုက်သည်။

“အဲပစ္စည်းက ဘယ်အချိန်ကတည်းကရှိနေတာမှန်း မသိကြဘူး” မိုရှားသည် သနားစဖွယ်ပြောလေ သည်။

“ငါသာ အဲဒီတစ္ဆေတစ်ရာအောင်လံတော်ကိုရမယ်ဆိုရင် ကောင်းမှာပဲ” ရှီမာယူယူသည် တစ္ဆေတစ်ရာ အောင်လံတော်ကို အပြည့်အဝစိတ်ဝင်စားရင်း အင်္ကျိလက်ကို လိပ်တင်လိုက်သည် “ပြဿနာလာရှာတဲ့လူရှိရင် အဲဒီတစ္ဆေတစ်ရာအောင်လံတော်ကို လွှတ်ပြီး သူတို့ကိုစားခိုင်းလိုက်ရုံပဲ၊ ဒါက တကယ့်အခွင့်အရေးကောင်းပဲ”

“မင်းလို လုတတ်တဲ့လူအတွက် ဒါက အခွင့်အရေးကောင်းပဲ” မိုရှား ပြောလိုက်သည် “ဒါပေမဲ့ အဲဒါကို ယူချင်တယ်ဆိုရင်တောင် အသက်ရှင်မှဖြစ်မယ်”

“ငါမျက်စိကျတဲ့ ပစ္စည်းပဲ၊ ဘယ်လိုလုပ် အဲဒါရဖို့ အသက်ဆုံးရှုံးခံမလဲ” ရှီမာယူယူသည် သူရဲကောင်းဆန် စွာပြောလိုက်သည်။ သူမ စကားများသည် ဓားပြအသံပေါက်နေသည်မှာတော့ နှမြောစရာကောင်းသည်။

“မင်း တစ္ဆေတစ်ရာအောင်လံတော်ကို ယူရမှာတင်မကဘူး တစ်ဖက်လူကိုလည်း အနိုင်ရအောင် လုပ်ရ မယ်” မိုရှား ပြောလိုက်သည် “တစ်ဖက်လူမှာ တစ္ဆေအောင်လံတော်ရှိတာကို အဲလူတွေကသိလောက်မယ် အဲဒါကြောင့်လည်း သူ့ကိုလူသားလောကအထိလိုက်ခဲ့တာ၊ ဘယ်ဘက်ပဲဖြစ်ဖြစ် မင်းအတွက် လွယ်မှာမဟုတ် ဘူး”

“တစ္ဆေတစ်ရာအောင်လံတော်ကြောင့် မဟုတ်ရင်တောင် ငါသူတို့ကိုအလွတ်မပေးဘူး၊ သူတို့ အနီရောင် တောင်ထိပ်မှာလုပ်ခဲ့တဲ့ လုပ်ရပ်တွေက လူတွေရဲ့ မုန်းတီးမှုကို ဖိတ်ခေါ်နေတာပဲ” ရှီမာယူယူသည် မုန်းတီးစွာ ပြောလေသည်။

“မင်းက ဘယ်တုန်းကအဲလောက် တရားမျှတသွားတာလဲ၊ မင်းရဲ့ ရည်မှန်းချက်က ငါစုပ်ယူဖို့ ဝိဉာဉ်တွေ ရှာဖို့မဟုတ်ဘူးလား” မိုရှားသည် မျက်လုံးလှန်မိသည်။

သူ့စကားတစ်ခွန်းကြောင့် ရှီမာယူယူ၏ ဒေါသများပျောက်ကွယ်သွားလေသည်။ ဒီလူက သူမကို ဘယ်လို နှိပ်ကွပ်ရမလဲဆိုတာကို တကယ်သိတာပဲ။

“ငါက အမြဲတမ်းတရားမျှတပါတယ်”  သူမ ပြောလေသည် “အဲဒီနတ်ဆိုးတစ္ဆေတွေကို စုပ်ယူလို့ရလား”

“အဲနတ်ဆိုးတစ္ဆေတွေက မင်းအတွက် သာမန်တစ္ဆေတွေပဲ သူတို့မှာအဲလောက် စွမ်းရည်မရှိဘူး၊ သူတို့ ကိုမရလည်း ကိစ္စမရှိဘူး” မိုရှား ငြင်းဆန်လေသည်။

“တကယ်လား”

“အင်း”

“ကောင်းပြီလေ ဒါဆိုလည်း ငါသည်းမခံတော့ဘူး”

“မင်းသဘောပဲ” မိုရှားသည် ထိုမျှလောက် စွမ်းရည်နည်းနည်းလောက်နှင့် စိတ်အရှုပ်မခံပေ။ တစ္ဆေ ပေါင်းထောင်ချီသည် ဝိဉာဉ်အရည်တစ်ပုလင်းနှင့်ပင် ယှဉ်လို့မရပေ “ပြီးတော့ အနီရောင်တောင်ထိပ်က ဝိဉာဉ် တွေကို တစ္ဆေတစ်ရာအောင်လံတော်က စုပ်ယူပြီးနေပြီ၊ ဝိဉာဉ်တစ်ကောင်က နတ်ဆိုးတစ္ဆေဖြစ်သွားမယ်ဆိုရင် တွေးနိုင်တဲ့ အသိစိတ်မရှိတော့ဘူး၊ သူတို့ တစ္ဆေလောကကိုရောက်တာနဲ့ အဲလူကလည်း အသက်မရှင်နိုင်တော့ ဘူး”

“ငါသိပြီ” ရှီမာယူယူသည် ရင်လေးစွာပြောလေသည်။

မိုရှားသည် သူမကို သည်းမခံပဲ ပြန်တိုက်စေချင်သည်။

“ပြီးတော့ အဲဒီဝိဉာဉ်မိစ္ဆာတွေ.. အဆင့်မြင့်တဲ့အကောင်တွေကိုပဲ ထားထားလိုက်၊ အဆင့်နိမ့်တဲ့သူတွေ ကိုခေါ်မထားနဲ့ သိမ်းထားစရာမလိုဘူး” မိုရှားပြောလိုက်သည်။

“အိမ်မက်လေးဘာလုပ်ချင်လဲဆိုတာ ကြည့်ရဦးမယ်၊ သူမက ခေါင်းဆောင်လုပ်ရတာကြိုက်တယ်လို့ ထင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ပြီးတာပဲ”

“ထိပ်တိုက် တိုက်ဖို့ကတော့ မင်းမှာဘာအကြံရှိလဲ”

“ကောင်းကင်ဘေးသင့်မှု၊ ကြက်သွေးရောင်မီးတောက်၊ အဲနှစ်ခုနဲ့ဆိုရင် နောက်ထပ်နတ်ဆိုးတစ္ဆေတွေ လာမယ်ဆိုလည်း ကိစ္စမရှိဘူး” မိုရှားပြောလိုက်သည်။

“အဲဒီဝိဉာဉ်မိစ္ဆာတွေကျရော”

“အိမ်မက်လေးရဲ့ လုပ်နိုင်စွမ်းက မင်းထင်တာထက်ပိုတယ်”

“ကောင်းပြီလေ ဒါဆိုလည်း ပြီးတာနဲ့ အောင်လံတော်ဘယ်လိုရမလဲ စဉ်းစားကြည့်မယ်”

“တစ္ဆေတစ်ရာအောင်လံတော်လုတဲ့အချိန်ကျ အဲလူတွေမရှိတာ အကောင်းဆုံးပဲ” မိုရှားထပ်ပြောလေ သည်။

“ငါသိပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီမှာ မင်းတကယ်အဆင်ပြေတာဟုတ်ရဲ့လား”

“မင်း ငါ့ကိုဝိဉာဉ်အရည်နည်းနည်းပဲပေးလိုက်” မိုရှားပြောလိုက်သည်။

“ကောင်းပြီ”

“အင်း”

မိုရှားသည် ပြန်ဖြေပြီးနောက် တိတ်သွားပြန်သည်။ သူတို့နှစ်ယောက်လုံး တိတ်ဆိတ်စွာ လျှောက်ခဲ့ကြ သည်။ ထိုအချိန်တွင် ရှီမာယူယူသည် ရှက်ကိုးရှက်ကန်းဖြင့် ပြောလေသည် “အာ.. အဲတုန်းက ကျေးဇူးပဲ”

“နောက်တစ်ခါကို မင်းအန္တရာယ်များတာလုပ်ရင် ငါမကူညီတော့ဘူး”

“မလုပ်တော့ပါဘူး” ရှီမာယူယူ လျင်မြန်စွာပင် အတည်ပြုလိုက်သည်။

“မယုံဘူး” မိုရှား ပြောလေသည် “ငါသွားနားတော့မယ်”

ပြောပြီးနောက်တွင် သူသည် ဆက်သွယ်မှုကိုဖြတ်လိုက်လေသည်။

သူ စကားဆုံးခါနီးတွင် ပင်ပန်းနေသည်ကို ရှီမာယူယူ အာရုံခံမိသည်။ ထို့ကြောင့် သူတို့ ဆက်သွယ်မှု ဖြတ်လိုက်သည်ကို ဘာမှမပြောပဲ ပါးစပ်ပိတ်နေလိုက်သည်။

တကယ်တော့ သူမသည် ထိုနေ့ကဖြစ်ခဲ့သော အဖြစ်အပျက်နှင့်ပတ်သတ်၍ သူမည်သို့စဉ်းစားသည်ကို မေးချင်သည်။ သို့သော် သူမသာ ထိုအကြောင်းပြောလိုက်ပါက အမှန်တကယ်ပင် ရှက်စရာကောင်းသည်။ ထား လိုက်တော့ သူတောင်မှမပြောတာ သူမက ပိုပြီးတောင်မပြောသင့်သေးတယ်။ သူတို့ပုံစံမဲ့နေရာမှာတုန်းက သူ ဘာမှမကြားလိုက်တာလည်းဖြစ်နိုင်တာပဲ။

မိုရှားနိုးလာသည်နှင့် သူမ ချက်ချင်းပင် ခံစားချက်ကောင်းလာကာ ထိပ်တိုက် တိုက်ခိုက်မည့်အကြောင်း ကို အပြာရောင်ဓားသွားနှင့် ဆွေးနွေးရန် အိမ်ပြန်လာလိုက်သည်။

“ဝေါင်း”

“ရှုး”

ကောင်းကင်တုန်သွားစေလောက်သော ဟိန်းသံသည် ကောင်းကင်မှဖြတ်လာရာ သူမသည် မြို့အပြင် သို့ အလန့်တကြား ခေါင်းမော့ကြည့်လိုက်သည်။ ကြီးမားသော ငှက်များရာကျော်သည် ပျံလာကသည်။ သူမ မိုးပေါ်ပျံသွားရာ ကုန်းနေသတ္တဝါများလည်း ပြေးလာနေကြသည်ကို တွေ့လိုက်ရသည်။ တစ်ခဏအတွင်းမှာပင် ထိုကြီးမားသောငှက်များသည်မြို့တံတိုင်းနှင့် နီးလာလေပြီ…

***

All Chapters