အင်ပါယာချီထံမှ အကူအညီ
Vol. 014 Ch. 1344
လူအိုကြီးယွင်သည် စင်မြင့်ပေါ်ကို ကြည့်နေပြီး အင်ပါယာချီက ယွင်ချန်းယွဲ့ကို သူ့လက်အောက်တွင် ကျင့်ကြံ ခွင့်ပြုမည်ဟု ကြေညာသည်အား မြင်လေသည်။ ထိုကတိသည် နန်းတော် စစ်ဆေးပွဲကို အောင်မြင်၍ အင်ပါယာ လက်အောက်တွင် ကျင့်ကြံခွင့် ရလာခြင်းထက်ပိုသော အဓိပ္ပာယ်ကို ဆောင်လေသည်။
ယနေ့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်သည် ယွင်ချန်းယွဲ့၏ အဆင့်အတန်းကို မိုးထိ ထိုးတက် သွားစေပြီး သူမသည် တော်ဝင်မိသားစုနှင့် နီးစပ်ရန် အခွင့်အရေး ရရှိလာခြင်းပင် ဖြစ်သည်။
ထိုသည်က ယွင်ကလန်မှ အချိန်တိုင်း မျှော်လင့်နေခဲသည့် အရာဖြစ်ကာ ထို့ကြောင့်ပင် သူတို့သည် သူတို့၏ မျိုးဆက် လူငယ်များကို အင်ပါယာ လက်အောက်တွင် ကျင့်ကြံရန် ပို့လွှတ် ချင်နေကြခြင်း ဖြစ်ပေသည်။
ထိုဆန္ဒသည် နောက်ဆုံး၌ အမှန်တကယ် ဖြစ်လာခဲ့သော်လည်း ထိုသည်က သူတို့၏ အားထုတ်မှုကြောင့် ဖြစ်လာခဲ့ခြင်း မဟုတ်ပေ။
ဆန့်ကျင်ဘက် အနေနှင့် သူတို့သည် သူမအပေါ်တွင် ရက်စက်စွာ ပြုမူခဲ့ပြီး သူမကို စတေးကာ အဝေးသို့ ပို့ဆောင်ခဲ့ခြင်းကြောင့် ထိုအောင်မြင်မှုက သူတို့နှင့် သက်ဆိုင်ခြင်း မရှိတော့ပေ။
ယွင်ချန်းယွဲ့သည် သူမ၏ ကလန်သားများကို မုန်းတီးနေမည်မှာ သေချာပေသည်။
သူတို့သည် ကျင့်ကြံဆင့်များ ဖျက်ဆီး ခံလိုက်ရသည့် ယွင်မော့ကို ကြည့်လိုက်ကြသည်။ လက်စားချေခြင်း ဟူသည်မှာလည်း ဖြစ်နိုင်ခြင်း မရှိသည်မှာ သံသယဖြစ်ရန် မလိုပေ။ ရီဖူရှင်းသာ အမှန်တကယ် သူတို့နှင့် စာရင်းရှင်းလိုပါက သူတို့သည် အထိအခိုက်မရှိဘဲ လွတ်မြောက်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။
ထိုလူများ၏ အခြေအနေသည် ကျို့ချိုးကလန် နှင့် ကျုံးကလန်ထက်ပင် လွှမ်းမိုးနိုင်စွမ်းရှိကာ အင်ပါယာ ကိုယ်တိုင် ထွက်ပေါ်လာရအောင် လုပ်နိုင်ပေသည်။ ထိုအရာအားလုံးက ထိုလူများသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ပြသနေ၏။ သူတို့၏ နောက်ခံသည် ကောင်းကင် အာဏာစက်ဘုံ အတွင်းမှ နယ်မြေသခင်ဖြစ်သည့် အင်ပါယာချီထက်ပင် အလွန်အားကောင်းကာ လေစားမှုကို ပြသရသည်။
ယွင်ချုံး၏ မျက်နှာက ဖြူဖျော့နေပြီး စိတ်ဓာတ် အကြီးအကျယ် ကျနေကာ စီစဉ်ထားမှုများက မည်သို့ဖြစ်၍ ဤမျှ ပြောင်းလဲသွားရသနည်းဟု တွေးတောနေသည်။
ထိုအချိန်တွင် ယွင်ထန်နှင့် ယွင်နီက သူတို့ဘက်သို့ လျှောက်လာခဲ့သည်။
ယွင်ထန်သည် ယွင်ကလန်သားများကို ကြည့်နေသည့် ပုံအရ ယခုထိတိုင် ဒေါသ ထွက်နေပုံရကြောင်း ခန့်မှန်း နိုင်ပေသည်။ သူက အေးစက်စွာ ပြောလိုက်သည်။ “ချန်းယွဲ့ရဲ့ အဖေက ကလန်အတွက် သူ့ကိုယ်သူ စတေးခဲ့ရတယ်။ ပြီးတော့ အခုလည်း မင်းတို့က ကလန်အကျိုးအတွက် ဆိုပြီးတော့ ချန်းယွဲ့ကို အသုံးတော်ခံ အဖြစ် ကျုံးကလန်ဆီ ပို့ခဲ့တယ်။ ကျုပ်ဆီမှာ ရုတ်တရက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေ အားလုံးက ခင်ဗျားတို့နဲ့ ကျုံးကလန်ကြားမှာ ဆက်သွယ်မှု တည်ဆောက်ပြီး ရင်းနှီးချင်တဲ့အတွက် ဖြစ်ခဲ့ရတာပဲ။ ကလန်က ဒီနန်းတော်စစ်ဆေးပွဲမှာ ပါဝင်နိုင်ဖို့အတွက် အချိန်အကြာကြီး စီစဉ်နေခဲ့တယ်။”
ယွင်ထန်၏ ပုံစံသည် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းနေပြီး သူက ဆက်ပြောလိုက်သည်။ “ဒါက တကယ့်ကို ရယ်စရာပဲ။ ကလန်က စွန့်ပစ်ခြင်းကို ခံရပေမယ့် အပြင်လူကနေ ကယ်တင် ပေးခဲ့တယ်။ ရီဖူရှင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ခင်ဗျားတို့အားလုံးက ကျုပ်တို့အပေါ် နောင်တတရားနဲ့ ဝမ်းနည်းမှု နည်းနည်းလေးတောင် မခံစားပေးဘဲ ခင်ဗျားတို့ရဲ့ ရည်မှန်းချက် အောင်မြင်သွားတဲ့ အတွက် ပျော်ရွှင်နေကြမယ် ဆိုတာ ကျုပ် ပြောရဲတယ်။ ဒီနေ့ကနေစပြီး ကျုပ်ရဲ့ မိသားစုက လော့မြို့ ယွင်ကလန်နဲ့ ချည်နှောင်ထားမှု အားလုံး အကုန် ဖြတ်ပစ်မယ်။ ခင်ဗျားတို့ကလန် ကြီးပွားတိုးတက်ပြီး အောင်မြင်မှုတွေ ရဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်”
ယွင်ထန်နှင့် ယွင်နီ နှစ်ယောက်လုံးသည် တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းပင် လှည့်ကာ ထွက်သွားတော့သည်။
အထူးသဖြင့် ယွင်နီသည် သူတို့ လုပ်ခဲ့သည့် လုပ်ရပ်များအပေါ်တွင် အလွန် မုန်းတီး နေပေလိမ့်မည်။
သူမ၏ ယောက်ျားက ကလန်အတွက် သေဆုံးခဲ့ရပြီး သူမ၏ သမီးက မျိုးရိုးနာမည် ပြောင်းခဲ့ရကာ ထိုအရာအားလုံးသည် ကလန်က သူမတို့ကို စတေးခံအဖြစ် အသုံးချခဲ့ခြင်းကြောင့်သာ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ ထိုသည်က အမှန်တကယ်ပင် ရင်နင့်စရာ ဖြစ်ခဲ့သည်။ [Note: ဖခင် သေဆုံးသွား၍ မိခင် မျိုးရိုးသို့ ပြောင်းလဲခဲ့ရခြင်း]
သို့သော် ကံတရားက ဖေးမ၍ ဆရာရီသည် သူမတို့၏ ဘက်တွင် ရှိနေပေးခဲ့သည်။
သူမသည် စင်မြင့်ထက်တွင် ရှိနေသည့် ငွေဖြူရောင် ဆံပင်နှင့် လူငယ်ကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ကျေးဇူးတင်ရှိခြင်းများနှင့် ပြည့်နှက် နေပေသည်။
သူမသည်လည်း ကလန်က ဤအရာကို အချိန်ကြာမြင့်စွာကပင် စီစဉ်လာခြင်း ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ ထိုအရာအားလုံးသည် လီနတ်ဓားကလန်မှ ရီဖူရှင်းနှင့် အကျပ်ကိုင် ခြိမ်းခြောက်ခြင်းကြောင့် မဟုတ်ပေ။ ထိုဖြစ်ရပ်သည်က တိုက်ဆိုင်သွားသည့် ဆင်ခြေသာလျှင် ဖြစ်ပေသည်။
ဤဖြစ်ရပ်တွင် လီရို့ရွှမ်း မပါဝင်လာလျှင်ပင် ကလန်က တူညီစွာ ချန်းယွဲ့ကို အဝေးသို့ ပို့ဆောင် လိမ့်မည်ဖြစ်ကာ ယွင်မော့၏ အနာဂတ်ကို တောက်ပစေရန် အထောက်အပံ့သာသာ ဖြစ်ရပေလိမ့်မည်။
အခြားတစ်ဖက်တွင် လီနတ်ဓားကလန်မှ လူများသည် စိတ်ပျက်မှုနှင့် တုန်လှုပ်ချောက်ချားမှုကို ခံစားနေကြရသည်။
အင်ပါယာချီသည် ကျို့ချိုးကလန်ကို စုံစမ်းစစ်ဆေးရန် အမိန့်ချခဲ့သည်။ သူတို့နှင့် မဟာမိတ် များသည်လည်း သံသယမရှိ စစ်ဆေးမှုတွင် ပါဝင်သွားပေလိမ့်မည်။ ကလန် နှစ်ခုလုံးသည် ထိုအခိုက်တွင် အချင်းချင်း မည်သည့် ပတ်သက်မှုမှ မထားလိုတော့ချေ။ ရှင်းလင်းစွာပင် သူတို့သည် လျှို့ဝှက် ပူးပေါင်းကြံစည်မှုဟု အင်ပါယာက အမည်တပ်ကာ အပြစ်ပေးလာမည်ကို ရှောင်ရှားရန် အဆက်အသွယ် အားလုံးကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်လေသည်။
အခြားထက်ပို၍ ရီဖူရှင်းသည် သူတို့ကို တစ်ကြိမ် သတိပေးဖူးခဲ့သည်။ လီရို့ရွှမ်းသည် သူ့ကို တစ်ကြိမ် သတ်ဖြတ်ရန် ကြံစည်ဖူးပြီး ယွင်ကလန်သို့ သွားကာ သူ့ကို လက်လွှဲပေးရန် ပြောကာ သူတို့ နေရာသူတို့ သိရန် ပြောခဲ့သည်။
လီရို့ရွှမ်းသည် သူတို့ ကလန် မျိုးဆက်များတွင် အထူးချွန်ဆုံး ဖြစ်ပြီး လူတိုင်းသည် သူမ၏ ကလန်က သူမကို မည်ကဲ့သို့ ကိုင်တွယ်လိမ့်မည်ကို စိတ်ဝင်စား နေကြသည်။
သူတို့သာ ရီဖူရှင်းကို လျစ်လျူရှူခဲ့လျှင် ထိုအဖွဲ့သည် သူတို့ကို သေသည်အထိ ပုရွက်ဆိတ်များကဲ့သို့ နင်းချေရန် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။ ထို့ပြင် မည်သူကမှ ထိုသည်ကို ပြောဆို တားဆီး ပေးနိုင်လိမ့်မည် မဟုတ်ပေ။
ခြေတစ်လှမ်းမှားပါက အရာအားလုံး အဆုံးသတ် သွားနိုင်သည်။
လီရို့ရွှမ်းသည် သူမ၏ ကလန်သို့ ပြန်လျှောက်လာခဲ့ပြီး သူမ၏ ကလန်သားများ အားလုံးက သူမကို ကြည့်နေသည်အား မြင်လေသည်။
သူမ၏ ခံစားမှုအရ တစ်ခုခု လွဲမှားနေကြောင်း ပြောနိုင်ပေသည်။ ထိုမျက်လုံးများသည် ယခင်ကကဲ့သို့ အကြည့်များနှင့် တူညီနေခြင်း မရှိပေ။
သူမသည် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပင် သူမ၏ စိတ်များက ရှင်းလင်း သွားခဲ့သည်။ ထိုအကြည့်များက တစ်ဆင့် သူမသည် သူမ၏ ကလန်က ရီဖူရှင်း၏ ဒေါသမှ ကာကွယ်ရန် သူမကို စွန့်ပစ်လိုက်တော့မည် ဖြစ်ကြောင်း သိရှိလိုက်ပေသည်။
သူမသည် တစ်ချိန်က သူမ ကလန်၏ ဂုဏ်ယူစရာ ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သူမ၏ အရှုပ်အထွေးများ အတွင်းသို့ ကလန်ကိုပါ ဆွဲသွင်း ခံလိုက်ရမည်ကို စိုးရိမ်နေပြီး သူတို့သည် သူမအား မည်သို့ လုပ်ရမည်ကို တွေးတောနေကြသည်။
သူမသည် စိတ်ထဲ၌ အရိုးထဲထိ အေးစိမ့်သော အေးစက်မှုတို့ကို ခံစားလိုက်ရသည်။ အသေးအဖွဲကို စွန့်လွှတ် စတေး၍ ကလန်၏ အကျိုးကို ကာကွယ်မည်လား။
သူမသည် သူမ၏ ကလန်အတွက် စတေးခံရမည့် အသေးအဖွဲလေး အဖြစ်သို့ နိမ့်ကျသွားခဲ့ပြီ ဖြစ်သည်။
သူမက ရပ်တန့်လိုက်ပြီး သူမရှေ့မှ လူအားလုံး၏ မျက်နှာများကို ကြည့်လိုက်ကာ သူတို့အားလုံးကို သူစိမ်းများကဲ့သို့ ခံစားလိုက်ရသည်။
“တောင်ထိပ်က ရန်ဟောင် ကျောက်စာချပ်ကိစ္စနဲ့ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အဲဒါက ကျွန်မ တစ်ယောက်တည်းရဲ့ လုပ်ရပ်ပဲ။ ကိုယ့်လုပ်ရပ်ကိုယ် အားလုံး တာဝန်ယူမယ်။ ဒီနေ့ ဒီအချိန်ကနေ စပြီး ကျွန်မ လီရို့ရွှမ်း လီနတ်ဓားကလန်က လူမဟုတ်တော့ဘူး။ ကျွန်မ လုပ်သမျှ အရာအားလုံးက ကလန်နဲ့ မသက်ဆိုင်တော့ဘူး” လီရို့ရွှမ်းက ထိုနေရာ၌ ချက်ချင်း ဆုံးဖြတ်ချက် ချကာ ပြောလိုက်သည်။
သူမ၏ ကလန်သို့ ပြန်သွားရန်မှာ အလွန် အန္တရာယ် များလိမ့်မည် ဖြစ်သည်။ ဖြစ်နိုင်ချေ များသည်က သူမ၏ ကလန်သည် ထိုအရှုပ်အထွေးများက ကင်းလွတ်စေရန် သူမကို ဓားစာခံ ဖြစ်စေလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သူမသည် သူမ၏ ကလန်နှင့် အဆက်အသွယ် ဖြတ်ပစ်ရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။
သူမသည် ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်းပင် ပြန်လှည့်ကာ လျှောက်လိုက်ပြီး ချက်ချင်း ထွက်ခွာ သွားရန် ရည်ရွယ်လိုက်သည်။
“အဲဒီလိုပဲ ထွက်သွားတော့မယ်လို့ စဉ်းစားနေတာလား” အေးစက်စက် အသံတစ်ခုကို ကြားလိုက်ရသည်။ ရီဖူရှင်းက လီရို့ရွှမ်းကို လှည့်ကြည့်လာသည်။
သူ ကြားဖူးသည်က လီရို့ရွှမ်းသည် ပြတ်သားသည့် ဆုံးဖြတ်ချက်များကို လျင်မြန်စွာ ချမှတ်၍ ထို့အတိုင်း လိုက်လုပ်တတ်ပေသည်။ သူမသည် ယခင်က သူ့ကို သတ်ဖြတ်ရန် ကြံရွယ်ခဲ့သည့်အခါ အလွန် ရက်စက်ပြီး ထောက်ထား ညှာတာခြင်းမျိုး မရှိခဲ့ပေ။ သူမသည် သူ့ကို ခေါ်ဆောင်ရန် ယွင်ကလန်သို့ သွားရောက်ခဲ့ပြီးနောက် ယွင်ကလန်က ကျို့ချိုးကလန်ကို ဆန့်ကျင်ဖြစ်စေရန် ကြိုးစားခဲ့သည်။ သူမ၏ အပြုအမူ လုပ်ဆောင်ချက်များသည် သူမက ထောက်ထား ညှာတာတတ်သူ မဟုတ်သည်ကို ပြသနေသည်။
လက်ရှိတွင် သူမသည် သူမ၏ ကလန်နှင့် ချည်နှောင်ထားမှု အားလုံးကို ဖြတ်တောက်ကာ တစ်ယောက်တည်း ထွက်ပြေးရန် ရည်ရွယ်လိုက်သည်။
လီရို့ရွှမ်းသည် ရပ်တန့်လိုက်ပြီး ရီဖူရှင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။ “ရှင်က တကယ်ပဲ ရန်ဟောင် ကျောက်စာချပ်ကို ဖျက်ဆီးခဲ့တယ်။ အဲဒါကြောင့် ရှင့်ကို ဒေါသထွက်ပြီး အပြစ်တင်မိတာက ပုံမှန်ပါပဲ။ ဒါပေမဲ့ တောင်းပန်မှုကို ပြသဖို့အတွက် ကျွန်မရဲ့ ဆံပင်ကို ဖြတ်ဖို့ ဆန္ဒရှိပါတယ်”
ထို့နောက် သူမသည် လက်ကို ခေါင်းနောက်ဘက်ကို ပို့လိုက်ကာ ဆံပင်ကို စုကိုင်လိုက်သည်။ သူမ၏ လက်အတွင်း၌ ဓားတစ်လက် ပေါ်ပေါက်လာပြီး သူမ၏ ဆံပင်ကို ချက်ချင်း ဖြတ်ပစ်လိုက်သည်။ သူမ၏ ပိတုန်းရောင် ဆံနွယ်များက လေထဲတွင် လွင့်ပါသွားပေသည်။
လီရို့ရွှမ်းသည် သူမ၏ ဆံပင်ကို ဖြတ်ပြီးနောက် ပုခုံးလောက်သာ ကျန်ရှိတော့သည့် ဆံပင်များက ပြေလျော့ကျလာကာ မိန်းကလေး တစ်ယောက် ရှိသင့်သော ကျက်သရေများအား ယုတ်လျော့ သွားစေကာ သူမအား သနားစဖွယ် အသွင်သို့ ရောက်ရှိ သွားစေသည်။ သူမ၏ အဖိနှိပ်ခံနေရသလို ပုံစံသည် အခြားလူများက သူမအပေါ်တွင် မည်သည့် ရက်စက်မှုမှ မလုပ်နိုင်စေရန် တားဆီး နေသကဲ့သို့ပင် ဖြစ်သည်။
သို့သော်လည်း ရီဖူရှင်း၏ အမူအရာက မပြောင်းမလဲပင် ရှိနေဆဲ ဖြစ်သည်။
ရှန့်ထိုလမ်းစဉ်ကို ကျင့်ကြံနေသည့်သူ တို့အားလုံး၏ စိတ်အခြေအနေက သံမဏိကဲ့သို့ပင် ခိုင်မာပြင်းထန် လှသည်။ ရှန့်ထိုတစ်ပါး၏ လုပ်ဆောင်ချက်တိုင်းသည် သူတို့၏ စိတ်ဆန္ဒအလျောက် ဖြစ်လာခြင်း ဖြစ်ကာ သူတို့ လုပ်ဆောင်နေသည့်အရာက မှားယွင်းနေသည်ဟု မည်သို့မှ တွေးလိမ့်မည် မဟုတ်ပေ။ သူမ၏ ဆံပင်ကို ဖြတ်ပစ်လိုက်သည့် အပြုအမူသည် အချိန်ဆွဲလိုသည့် ပရိယာယ်သာ ဖြစ်ပေသည်။ သူမ၏ သနားစဖွယ် အသွင်က သူမ အသက်ရှင်နိုင်စေဖို့ရာ လက်နက်တစ်ခု ဖြစ်သည်။
လီရို့ရွှမ်းသည် အမှန်တကယ် ရက်စက်လှသူ ဖြစ်သည်။
သို့သော်လည်း ရီဖူရှင်း၏ အမူအရာက မပြောင်းမလဲ ကျန်ရှိနေကာ သူ၏ စိတ်က အနည်းငယ်မျှပင် စာနာသနားစိတ်ဖြင့် လှုပ်ခတ် မသွားခဲ့ပေ။ သူက ပြောလိုက်သည်။ “မင်း အဲဒီလိုလေး လုပ်လိုက်ရုံနဲ့ ကျုပ်ရဲ့ စာနာသနားမှုကို ရနိုင်ပြီ ထင်နေတာလား”
လီရို့ရွှမ်းသည် သူ့ကို သတ်ဖြတ်ရန် အမိန့်ပေးစဉ်ကနှင့် တူညီနေခြင်း မရှိတော့ပေ။
“အဲဒီ ကျောက်စာချပ်က အစကတည်းက မင်း အပိုင်လား လီရို့ရွှမ်း” ရီဖူရှင်းက မေးလိုက်သည်။
သူမသည် ထိတ်လန့် တုန်လှုပ်သွားပြီး ပြောစရာစကား ကင်းမဲ့သွားလေသည်။
“အဲဒါက ဘယ်သူ့အပိုင်မှ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ မင်းက အရေးမပါတာတွေ ပြောနေသေးတယ်။ ဒေါသထွက်တာ ပုံမှန်ပဲ ဟုတ်လား” ရီဖူရှင်းက သူမ၏ ထိတ်လန့်နေမှုကို သရော်လိုက်ကာ ဆက်ပြောသည်။ “အခု ကျုပ် မင်းကို အခွင့်အရေး ပေးမယ်။ မင်းသာ ကျုပ်ရဲ့ ဓားချက်တစ်ချက်ကို ခံယူပြီး အသက်ရှင်သေးတယ် ဆိုရင် မင်းကို ထွက်သွားခွင့်ပြုမယ်”
သူ၏ ဓားချက်တစ်ချက်။
လီရို့ရွှမ်း၏ အမူအရာက ထက်ရှလာသည်။ လီနတ်ဓားကလန်မှ တန်ခိုးရှင်တစ်ဦး အနေနှင့် ဓားလမ်းစဉ်ကိုသာ ကျင့်ကြံ ထားခဲ့သော်လည်း ရီဖူရှင်းက သူမအား ဓားကို အသုံးပြု၍ ရင်ဆိုင်ရန် ပြင်ဆင် နေပေသည်။
“အဲဒါဆိုလည်း အဲဒီလို လုပ်တာပေါ့” လီရို့ရွှမ်းက ခေါင်းညိတ် လိုက်သည်။ သူမ စကားပြောပြီး သွားသည်နှင့် ဓားအရှိန်အဝါများက ရစ်ပတ်ကာ သူမ၏ နောက်ဘက်တွင် စုစည်းလာသည်။ သူမ၏ သက်စောင့်ဝိညာဉ်က ပေါ်ထွက်လာပြီး အနီးဝန်းကျင်ရှိ ဓားစွမ်းအားများက ကြောက်မက်ဖွယ် ဓားပုံရိပ်များ အဖြစ်သို့ ဖွဲ့စည်းလာသည်။ ကြောက်မက်ဖွယ် ဓားအလင်းများက ဓားပုံရိပ်အတွင်းသို့ ပေါင်းစပ်သွား၏။ ထိုသည်မှာ ခုခံခြင်းဓားများမဟုတ်ဘဲ သတ်ဖြတ်ခြင်း ဓားသွားသာ ဖြစ်လေသည်။
ဓားသမားတစ်ဦးအနေနှင့် အေးကာင်းဆုံး ခုခံကာကွယ်ခြင်းမှာ တိုက်ခိုက်ခြင်းပင် ဖြစ်ကြောင်း သူမ ကောင်းကောင်း နားလည်ပေသည်။
သူမ၏ ဓားများသည် ရီဖူရှင်း တစ်ခုခု လုပ်နိုင်မည့် အချိန်ကိုပင် မစောင့်ဆိုင်းဘဲ ချက်ချင်း ပေါက်ကွဲ ထွက်လာသည်။ သူမသည် ဆုံးဖြတ်ချက် ချထားသည့် အမူအရာဖြင့် ရီဖူရှင်းထံသို့ တည့်မတ်စွာ တစ်ဟုန်ထိုး ပြေးဝင်လာသည်။
ရီဖူရှင်းသည် ဓားနှင့် တစ်ကွက်သာ တိုက်ခိုက်နိုင်လိမ့်မည်။
သူတို့အနီးမှ လူအများက သူမ၏ လှုပ်ရှားမှုကို မြင်သည့်အခါ သူမကို ချီးကျူးကြသည်။ သူမ၏ စရိုက်ကို ထည့်မတွက်လျှင် သူမသည် အရည်အချင်း ရှိသည်မှာ ပြောင်းလဲနိုင်သည့်အရာ မဟုတ်ပေ။ သူမသည် တကယ့်ကိုပင် ကျင့်ကြံရန်အတွက် မွေးဖွားလာသူ ဖြစ်သည်။
ရီဖူရှင်းသည် လီရို့ရွှမ်း လှုပ်ရှားလာသည်ကို တွန့်ဆုတ်သွားခြင်း မရှိဘဲနှင့် ကြည့်နေသည်။ သူသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး ကျားယဲ့ဓားများ သူ့အနီးတွင် ပေါ်ထွက်လာကာ လေထုကို ပိတ်ဆို့ တားဆီး လိုက်သည်။ ယင်းတို့သည် လီရို့ရွှမ်း၏ ဓားမြစ်ကြီးကို တစ်ခုပြီးတစ်ခု ပေါက်ကွဲ ထွက်သွားစေပြီး ထူးခြားသော သဏ္ဌာန်ဖြင့် ရှေ့သို့ ရွေ့လျား သွားသည်။ ထိုဓားများသည် ဝင်္ကပါသဏ္ဌာန်နှင့် သူမထံသို့ ဆောင်းဦးလေပွေကဲ့သို့ ရောက်ရှိလာလေသည်။
ကျားယဲ့ဓားများသည် လီရို့ရွှမ်း၏ မျက်လုံးများထဲတွင် ရောင်ပြန်ဟပ်ကာ တဖြည်းဖြည်း ကြီးမားလာသည်။ သူမသည် အလွန်ပင် ထိတ်လန့် တုန်လှုပ်သွားကာ နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။
သို့သော်လည်း ကျားယဲ့ဓားများသည် မယုံကြည်နိုင်လောက်အောင် လျင်မြန်ပြီး ယင်းတို့သည် သူမ၏ ရှေ့သို့ ရောက်ရှိလာကာ သူမအနီးရှိ ဓားအရှိန်အဝါများကို ထိုးဖောက်ပြီး ခန္ဓာကိုယ်ကို ဖြတ်သန်းကာ ပေါက်ကွဲသွားသည်။
သူမ၏ ခန္ဓာကိုယ်သည် ခဏချင်းအတွင်းမှာပင် အဆက်မပြတ် တုန်ယင်လာသည်။ သူမ၏ သွေးများက အဝတ်အစားများတွင် စွန်းထင်းကာ သူမကို ကြည့်ရသည်မှာ အလွန်ပင် သနားစဖွယ် ကောင်းနေသည်။
သူမကို လွှမ်းခြုံထားသည့် အရှိန်အဝါအားလုံးက ပျက်ပြယ်သွားပြီး သူမသည် အဆက်မပြတ် အားနည်း လာခဲ့သည်။ သူမ၏ မျက်နှာထက်တွင် အရေးအကြောင်းများ စတင်ပေါ်ပေါက် လာသည်။ သူမသည် သူမ၏ ငယ်ရွယ်နုပျိုမှုကို ဆုံးရှုံးသွားခဲ့ပြီး ချက်ချင်းပင် ဆယ်နှစ်လောက် အိုစာ သွားခဲ့ပေသည်။ သူမ ခန္ဓာကိုယ်ထဲမှ အသက်စွမ်းအားများသည် ဓားစွမ်းအားများကြောင့် ဖျက်ဆီး ခံလိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအား အကြွင်းအကျန်များကို ခံစားကြည့်လိုက်ပြီး သူမသည် လုံးဝ ဖြူဖျော့ သွားခဲ့သည်။ သူမသည် မတ်တပ်ပင် ကောင်းစွာ ရပ်နိုင်စွမ်းမရှိတော့ပေ။
ဓားစွမ်းအားများက ပျောက်ကွယ်သွားပြီး ရီဖူရှင်းက လီရို့ရွှမ်းကို ဆက်ကာ ကြည့်နေသည်။ သူ၏ မျက်လုံးများက ခက်ထန်နေပြီး မည်သည့် ညှာတာသနားမှုတို့မှ ရှိမနေပေ။
လီရို့ရွှမ်း၏ မျက်နှာထက်တွင် ခက်ထန်သော အကြည့်များ ဖြစ်ပေါ်လာပြီး သူ့ကို မော့ကြည့် လိုက်သည်။ သူမသည် မတ်တတ် ရပ်လိုက်ပြီး မည်သည့် စကားမှ မဆိုတော့ဘဲ ခြေဒရွတ်ဆွဲကာ အဝေးသို့ လျှောက်သွား လေတော့သည်။
သူမ၏ ကျင့်ကြံဆင့်များကို ဆုံးရှုံးသွားပြီး ဒဏ်ရာများစွာ ရရှိထားသော်လည်း သူမသည် နောက်ထပ် တစ်ဖန် ကျင့်ကြံနိုင်လိမ့်ဦးမည်ဟု မျှော်လင့်ချက် ရှိနေဆဲပင် ဖြစ်သည်။
ရီဖူရှင်းသည် သူမကို ထပ်မကြည့်တော့ဘဲ တစ်ဖက်သို့ လှည့်လိုက်သည်။
“ဆရာက စွမ်းရည် ဘယ်နမျိုးလောက်တောင် ကျွမ်းကျင်တာလဲ” သူ့ဘေးမှ ယွင်ချန်းယွဲ့က မေးလိုက်သည်။ သူမသည် ရီဖူရှင်းက မိုးကြိုးလမ်းစဉ်ကို လမ်းညွှန်ပေးရန်သာ မေးမြန်းဖူးခဲ့ခြင်း ဖြစ်သည်။
သို့သော် ရီဖူရှင်းသည် ကျုံးချိုးကို ရတနာလှံနှင့် စကြဝဠာ ဖြိုခွင်းခြင်း လမ်းစဉ်ကို သုံးကာ ရှုံးနိမ့်စေခဲ့သည်။
ယခုတွင်လည်း သူသည် ဓားစွမ်းရည်ကို ကျွမ်းကျင်စွာ ပြသခဲ့ပြန်သည်။
ရီဖူရှင်းမှာ သူမ တွေးထင်ထားသကဲ့သို့ မဟုတ်ဘဲ သူမ ခန့်မှန်းလိုက်တိုင်း အမြဲ လွဲမှားနေပေသည်။
“အမ်း.. စွမ်းရည်တချို့မှာ အတော်လေး ကျွမ်းကျင်ပါတယ်” ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။
ထို့နောက် သူသည် အင်ပါယာချီကို ကြည့်ကာ ဦးညွှတ်ရင်း ပြောလိုက်သည်။ “ဒီနေ့မှာ ဖြစ်ခဲ့သမျှကို အရှင်မင်းကြီး ဝင်ပါခဲ့ရတဲ့အတွက် ကျွန်တော် တကယ် အားနာမိပါတယ်။ ပြီးတော့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်ပါတယ်”
“မင်းတို့လူတွေက တကယ် ကိုယ်တော့်ကို အများကြီး မျက်နှာပျက် အရှက်ရစေတာပဲ။ ဒါပေမဲ့လည်း အဲဒါက သူတို့အတွက် နည်းနည်းလောက်ဖြစ်ဖြစ် လှုံဆော်မှု ဖြစ်စေလိမ့်မယ်” အင်ပါယာချီက ဆက်ပြောလိုက်သည်။ “မင်းတို့ အားလုံး သွေးနဂါးဘုံကနေ လာပြီး လေဟာနယ် ခရီးသွားဝင်္ကပါက ချို့ယွင်းမှု ဖြစ်သွားလို့ ဒီကို ရောက်လာတယ်ဆိုတော့ မင်းတို့ထဲက တခြားလူတွေလည်း ဒီနားမှာပဲ ရှိလိမ့်မယ်ဆိုတာ သေချာတယ်။ အဲဒီတော့ မင်းတို့တွေ တော်ဝင်နန်းတော်မှာ ရက်နည်းနည်းလောက် နေပြီး ကျင့်ကြံရင်ရော ဘယ်လိုလဲ။ ဒီမှာ ဖြစ်ခဲ့တာတွေကလည်း မကြာခင်မှာ တောမီးလောင်သလို ပျံ့နှံ့ သွားတော့မှာပဲ။ ကျုပ်လူတွေကိုလည်း မြန်မြန်ဆန်ဆန် သတင်း ဖြန့်ခိုင်းပေးမှာမို့လို့ ဒီနေ့ ရောက်မလာတဲ့ မင်းတို့ မိတ်ဆွေတွေ မကြာခင် ဒီနေရာကို ရှာတွေ့သွားမှာပါ”
“အဲဒီလို အရှင်မင်းကြီးရဲ့ အကူအညီကို ရတာ ကျွန်တော်တို့အတွက် အကောင်းဆုံးပါပဲ” ရီဖူရှင်းက ပြောလိုက်သည်။ သူတို့က အင်ပါယာ ချီနယ်မြေကို ရောက်နေပြီး အင်ပါယာက ကူညီဖို့ ဆန္ဒရှိနေသည်။ သို့ဆိုလျှင် ယနေ့တွင် ရောက်မလာခဲ့သည့်သူများ မကြာခင်တွင် ရောက်ရှိ လာကြပေလိမ့်မည်။
“ကျုပ်က အဲဒါကို အလကား ကူညီတာ မဟုတ်ဘူး။ မင်း ဒီမှာ ကျင့်ကြံနေတဲ့ အချိန်အတွင်း နန်းတော်ထဲက တန်ခိုးရှင်တွေနဲ့ သိုင်းပညာ ဖလှယ်ပေးပါ။ သူတို့ ကိုယ့်ကိုယ်ကိုယ် 'ငါသာလျှင် အတော်ဆုံး' ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းလို့ ထင်နေတာတွေကို ရပ်တန့်ဖို့အတွက် အောက်ဘုံ လောကက အသန်မာဆုံး ပါရမီရှင်တွေက ဘယ်လိုဆိုတာကို အတွေ့အကြုံ ရအောင် လုပ်ပေးပါ”
အင်ပါယာချီက ပြုံးကာ အသေးစိတ် ပြောလိုက်သည်။ လူအများသည် သူ့ လက်အောက်တွင် သင်ယူနေကြပြီး သူတို့ အကြားတွင် သူက တိုက်ရိုက်တပည့်အဖြစ် လက်ခံထားသည့် အလွန် ပါရမီရှိသူ အချို့လည်း ရှိသည်။ အခြားထက် အင်ပါယာ၏ မျိုးဆက်များလည်း ထိုအထဲတွင် ပါဝင်လေသည်။
ရီဖူရှင်းနှင့် အခြားလူများသည် သွေးနဂါးဘုံမှ အသန်မာဆုံး ပါရမီရှင်များ ဖြစ်ကြပြီး သူတို့သည် အင်ပါယာချီ၏ လူများနှင့် အသက်အတူတူပင် ဖြစ်ကာ သူတို့ကို ယှဉ်ပြိုင်စေ၍ ရပေသည်။ ထို့သို့သော လေ့ကျင့်ခြင်းမျိုးသည် သူတို့ကို သန်မာလာစေ ရန် အကောင်းဆုံး အကြံဉာဏ်ဖြစ်ကာ သူတို့၏ ကျင့်ကြံခြင်းတွင် အကျိုးအမြတ်များ ရလာစေလိမ့်မည် ဖြစ်သည်။
“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ် လိုက်သည်။ သူက ထိုသို့သော အသေးအဖွဲ တောင်းဆိုမှုမျိုးကို ငြင်းဆိုရန် ရည်ရွယ်ချက် မရှိပေ။
“သွားကြစို့” အင်ပါယာချီက ပြောလိုက်ပြီး တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာ လိုက်ကြသည်။ ကျယ်ပြောလှသည့် နေရာတခွင်မှ လူအုပ်ကြီးသည် မလုံလောက်သကဲ့သို့ ခံစားလိုက်ရသည်။ နန်းတော် စစ်ဆေးပွဲသည် နှောင့်ယှက် ခံလိုက်ရပြီး စစ်ဆေးပွဲ ပြီးနောက် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးသည် ပို၍ပင် ထူးခြား သာလွန်နေသေးသည်။
သူတို့သည် ထိုအရာများမှနေ၍ အင်ပါယာချီနယ်မြေမှ ထိပ်တန်းအင်အားများ အဖြစ် ရပ်တည်ခဲ့သော ကျို့ချိုးကလန်နှင့် ကျုံးကလန်သည် အနှေးနဲ့အမြန် ကျဆုံး သွားတော့မည် ဖြစ်ကာ ကျုံးကလန်က ပို၍ ထိချက် ပြင်းလိမ့်မည်ကို သူတို့ သိရှိကြပေသည်။
***