ပိတ်ဆို့မှုဖယ်ရှားခြင်း
Vol. 008 Ch. 770
ဒီဇီသည် တစ္ဆေသခင်စကားဆုံးသည်အထိ နားထောင်ပြီး သူ့မျက်လုံးများသည် ချုပ်တည်းမရသော တုန်လှုပ်မှုကိုဖြစ်နေသည်။
“အဲလောက်အားကောင်းတာလား” သူသည် အနည်းငယ်ယုံကြည်မှုမရှိကာ တစ္ဆေသခင်ချဲ့ကားပြော သလားဟု ထင်မိသည်။ သို့သော် သူ့အကြောင်းသိသလောက်ဆိုလျှင် သူသည် ထိုကဲ့သို့လူမျိုးမဟုတ်ပေ။
“အင်း” တစ္ဆေသခင်သည် လက်ထဲမှပုလဲနက်ကိုသိမ်းပြီး အတွေးလွန်နေသည်။
ဒီဇီသည် မနှောင့်ယှက်တော့ပဲ လှည့်ကာ တခြားအစေခံဆီတွင် အာရုံစိုက်လိုက်သည် “မင်းကရော ဘာသတင်းရလာလဲ”
“သခင်ကြီး မြစ်ကိုဖြတ်လာတဲ့ ဝိဉာဉ်သခင်တွေအများကြီးပဲ သူတို့ကဒီကိုလာပြီးကျွန်တော်တို့ကို ရှင်း မယ်လို့ပြောကြတယ်” အစေခံပြောလေသည်။
“ငါတို့ကို နိုင်ချင်တယ်ဟုတ်လား ဟင်း သာမာန်လူတစ်အုပ်လောက်နဲ့ သူတို့ကဝင်လာရဲသေးတယ်၊ သေချင်နေကြတယ်ထင်တယ်၊ ငါလည်း ဝိဉာဉ်နည်းနည်းလောက်လျော့နေတာနဲ့ အတော်ပဲ သူတို့ကိုခေါ်ခဲ့ လိုက်” ဒီဇီ အမိန့်ပေးလေသည်။
“မရဘူး” တစ္ဆေသခင်သည် ထိုအကြံအားကန့်ကွက်သည်။
“ဘာလို့လဲ၊ ငါတို့က ဆုံးရှုံးသွားတဲ့ဝိဉာဉ်တွေကို ဘယ်လိုပြန်ဖြည့်မလဲဆိုတာ ပြောနေကြတာမလား၊ အဲလူတွေလာတာကို ငါတို့ကဘာလို့လုပ်လို့မရရမှာလဲ” ဒီဇီသည် နားမလည်ပေ။
“အချိန်မသင့်ဘူး” တစ္ဆေသခင် ပြောလိုက်သည် “နိဗ္ဗာန်မီးသာပေါ်မလာရင် အဲလူတွေက ငါတို့အတွက် အခွင့်အရေးပဲ ဒါပေမဲ့ အခုနိဗ္ဗာန်မီးပေါ်လာတော့ လုပ်လက်စတွေအမြန်လုပ်ပြီး ဒီကနေ ထွက်သွားရမယ်၊ ငါတို့ တစ္ဆေလောကိုသွားပြီးမှ ဝိဉာဉ်တွေထပ်ရှာကြမယ်”
“ဒါဆိုလည်း အဲဒီဝိဉာဉ်ကိုတံဆိပ်ခတ်ဦးမှာလား” ဒီဇီ မေးလိုက်သည်။
“လုပ်မယ်” တစ္ဆေသခင်ပြောလိုက်သည် “ဒါပေမဲ့အခုတော့ မလွယ်သေးဘူးငါတို့ အများကြီးပေးဆပ် လိုက်ရမှာစိုးတယ်”
“လုပ်ကြည့်ရမှာပဲ သူ့က နိဗ္ဗာန်မီးရှိတဲ့လူဆိုတော့ သူသာ တစ္ဆေလောကကိုရောက်သွားမယ်ဆိုရင် အသုံးဝင်နိုင်တယ်” ဒီဇီ ပြောလိုက်သ်ည။
“ဒီအကြံကောင်းတယ် ကောင်ပြီ ဒါဆိုရင် အဲဒါကို ငါပဲရှင်းလိုက်မယ်” တစ္ဆေသခင် ပြန်ဖြေလေသည်။
“မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ” ဒီဇီ ပြောလေသည်။
“ဒါပေမဲ့ အဲလူတွေက ဝင်လာချင်မှတော့ သူတို့ကိုဒီအတိုင်းဝင်ခွင့်မပြုနိုင်ဘူး၊ သူတို့ဝိဉာဉ်ကိုမယူဘူး ဆိုရင်တောင် တစ်ခုခုတော့ လုပ်လိုက်သင့်တယ်” တစ္ဆေသခင် ပြောလိုက်သည်။
“ငါတို့မပြန်ဘူးလား သူတို့လာတဲ့အထိစောင့်ပြီးမှ ပြန်မှာလား” ဒီဇီ မေးလိုက်သ်ည။
“စောင့်ချင်တယ်” တစ္ဆေသခင် ပြောလိုက်သည် “စောင့်ရုံတင်မဟုတ်ဘူး ဒီနေရာကို ဖွင့်ထားခဲ့ရမယ်”
“တစ္ဆေသခင် ဒီနေရာကို ဖွင့်မယ်ဆိုရင် ငါတို့က ၃လအတွင်းထွက်သွားမှာရမယ်”
“ရပါတယ်” တစ္ဆေသခင်ပြောလိုက်သည် “ငါတို့ ၃လတောင်စောင့်စရာမလိုတော့ပါဘူး…”
“ဒါဆို ငါတို့လူတွေပြန်ခေါ်ပြီး ပြန်ဖို့ပြင်လိုက်တော့မယ်” ဒီဇီ ပြောလိုက်သည်။
“ဂရုစိုက်ပါ၊ ငါတို့ရည်ရွယ်ချက်ကို တခြားသူတွေမသိစေနဲ့” တစ္ဆေသခင် ပြောလိုက်သည်။
ဒီဇီသည် ပေါ့ပါးစွာ မျက်မှောင်ကြုတ်ပြီး “အဲလူတွေလာတယ်ဆိုတာက ငါတို့ကို လိုက်ဖို့ပဲ၊ ငါတို့ လှုပ်ရှားမှုလုပ်ရင်တောင် သူတို့မသိနိုင်မှာတောင် စိုးသေးတယ်”
“ဒါဆို သူတို့ကိုလမ်းလွှဲလိုက်၊ သူတို့သာ ငါတို့နဲ့အတူထွက်သွားမယ်ဆိုရင် ငါတို့ပြန်တဲ့အချိန်ကို ပြဿနာ ဖြစ်နိုင်တယ်၊ အဲလူတွေကို ငါတို့ပြဿနာဖြေရှင်းခိုင်းရမယ်”
“တခြားသူတွေကိုရှင်းဖို့ အဲလူတွေကိုသုံးမယ်လို့ ပြောနေတာလား၊ အကြံကောင်းပဲ ငါသူတို့ကို ဂရုတစိုက် ရအောင်လုပ်လိုက်မယ်” ဒီဇီသည် ပြန်ဖြေပြီးနောက် လှည့်ထွက်သွားလေသည်။
“ဆက်စောင့်ကြည့်ထားလိုက်” တစ္ဆေသခင်သည် ရှေ့တွင်ဒူးထောက်နေသော နှစ်ယောက်ကိုပြောလိုက် သည်။
“ဟုတ်ကဲ့ ဆရာ” ပြောပြီးနောက်တွင် သူတို့နှစ်ယောက်သည် တစ္ဆေသခင်ကိုအရိုအသေပေးပြီးနောက် ထွက်သွားလေသည်။
ဆရာဟုခေါ်ရခြင်းမှာ သခင်ကြီးသည် သူ့အမိန့်ကို တူညီစွာပင် လေးစားမှုပေးရမည်ဟု အမိန့်ပေးခဲ့ သည်။ ထို့ကြောင့် သူ့အမိန့်ကို ဘယ်သူမှမငြင်းဆန်ရဲပေ။
တစ္ဆေသခင်သည် လက်ထဲတွင် ပုလဲကိုဆုပ်ကိုင်ကာ ကမ်းပါးတွင် တစ်ယောက်တည်းရပ်နေသည်။ သူ၏ အနက်ရောင်ဝတ်စုံသည် လေထဲတွင်လွင့်နေသော်လည်း သူထိုအရာကိုအာရုံမထားပေ။
ရှီမာယူယူနှင့် တခြားသူများသည် မြို့သို့ပြန်လာရာ ချူမောင်နှမများသည် လျှို့ဝှက်အခန်းတွင်ရှိနေသေး သည်။ သူမသည် ဟိန်းသံလေးတို့ ပေါင်းစပ်ကာ အတားအဆီးထဲသို့ဝင်သွားလိုက်သည်။
“ရှင်တို့ ပြန်လာကြပြီလား ဘယ်လိုနေလဲ သူတို့ရောအဆင်ပြေကြရဲ့လား” ချူလျူသည် ရှီမာယူယူအား ကြည့်လေသည်။
“တစ်ခုခုဖြတ်သွားတာပါ အဲလောက်စိုးရိမ်နေကြတာလား” ရှီမာယူယူ မေးလိုက်သည်။
“ကျွန်မတို့က သိတာမကြာသေးဘူးဆိုပေမယ့် ဒီနေရာမှာ အတူပိတ်မိနေကြတာလေ၊ အဲတော့ ဒုက္ခကို အတူတူကျော်ဖြတ်မယ့် ရဲဘော်ရဲဘက်တွေပဲ” ချူလျူပြောလိုက်သည်။
“အစ်မကြီး သခင်လေးရှီမာရောက်လာပြီဆိုတော့ သူတို့အဆင်ပြေမှာပါ” ချူရီ ပြောလိုက်သည်။
ရှီမာယူယူ ပြုံးပြီးပြောလိုက်သည် “သူတို့က အပေါ်ထပ်မှာ အဲဒီဝိဉာဉ်မိစ္ဆာတွေကိစ္စရှင်းပြီးသွားပြီ အန္တရာယ်မရှိတော့ဘူး”
“ဒါဆို ကျွန်မတို့ကိုအပြင်ထွက်ပြီး ကြည့်ခွင့်ပြုပါ” ချူလျူသည် ပြောပြီးသည်နှင့် အတားအဆီးကိုပိတ် လိုက်သည်။
“အစ်မကြီး အခုအန္တရာယ်မရှိတော့ဘူးဆိုတော့ သားတို့လည်းအပြင်သွားသင့်လောက်ပြီ” ဖက်တီးလေး ချူကျန်းထန်က ပြောလေသည်။
“မင်းကဘာအတွက်ထွက်မှာလဲ” ချူလျူသည် ခွင့်မပြုစွာဖြင့် မေးလိုက်သည်။
“သားတို့အပြင်မသွားရတာတော်တော်ကြာနေပြီ” ချူကျန်းထန်သည် ခေါင်းငုံ့ကာ ပြောလေသည်။
ချူလျူသည် သူမ မောင်ငယ်ညီမငယ်များ၏ သဘောကျနေသောမျက်လုံးများကိုမြင်သောအခါ လေးလံ စွာဖြင့် သက်ပြင်းချမိလေသည်။ သူတို့သည် ကလေးများဖြစ်ကြသဖြင့် ကစားရသည်ကိုနှစ်သက်ကြသည်။ သို့သော် ဒီနေရာတွင် ပိတ်မိနေသည်မှာ အချိန်ကြာနေပြီဖြစ်သည်။ အန္တရာယ်မရှိတော့ဟု ကြားသည်နှင့် သူတို့ သည် အပြင်ထွက်ကာကစားချင်ကြသည်။
သို့သော် အခြေအနေမှာ ပြီးပြတ်အောင်ဖြေရှင်းပြီးသည်မဟုတ်ပေ။ သူတို့အပြင်ထွက်တဲ့အချိန်ကျမှ အန္တရာယ်ရှိလာရင် သူမ ဘယ်လိုလုပ်မလဲ။
“သခင်လေး ရှီမာ သူတို့အပြင်ထွက်လို့ရလား” သူမအစ်မ၏ တွေဝေမှုှနှင့်ယှဉ်လျှင် ချူရီသည် တည့်တိုး မေးသည်။
“ခဏလောက်တော့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မကြာတာကောင်းမယ်၊ သူတို့ အပြင်လေရှုပြီးတာနဲ့ ချက်ချင်းပြန်ဝင်သင့်တယ်”
တစ္ဆေလောကသားနှစ်ဖွဲ့လုံး အပြင်းအထန်ထိုးနှက်ခံထားရသဖြင့် သူတို့ ရစ်လည်လည်လုပ်နေဦးမည်။
“သခင်လေးရှီမာက အဆင်ပြေတယ်ပြောမှတော့ မင်းတို့ကိုနေ့တစ်ဝက် အပြင်ထွက်ခွင့်ပေးမယ်” ချူလျူ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်” ဖက်တီးလေးသည် ရှီမာယူယူအား ကျေးဇူးတင်စွာကြည့်လေသည်။ သူ့နောက်မှ ကလေးတစ်စုကလည်း သူမကို ကျေးဇူးတင်သောမျက်လုံးများဖြင့် ကြည့်လေသည်။
“ဒါဆို အခုပဲသွားရအောင်” ရှီမာယူယူ ပြောလိုက်သည်။
သူတို့အဖွဲ့သည် လျှို့ဝှက်အခန်းမှ ထွက်လာပြီး အခန်းများဆီသို့လျှောက်နေစဉ်မှာပင် အပေါ်မှလေကို ခံစားမိသည်။
ဒီခံစားချက်လား…
သူမသည် လျင်မြန်စွာထွက်လိုက်ရာ နေရာကျယ်တွင် လမ်းလျှောက်နေသော လူတစ်စုကိုတွေ့လိုက် သည်။ သူတို့အခန်းသို့ခြေချလိုက်သောအခါ အပြာရောင်ဓားသွားတို့ရှေ့တွင် တခြားသူများရှိနေလေသည်။
“ဆရာ၊ ခရမ်းရောင်ဓားသွားသခင်၊ ဦးလေးလီနဲ့ ညီအစ်ကိုတွေကို နှုတ်ဆက်ပါတယ်” အပြာရောင် ဓားသွားသည် အဖွဲ့ကိုဦးဆောင်ကာ အရိုအသေပေးနေသည်။
အပြာရောင်ဓားသွားသခင်သည် မျက်နှာလေးထောင့်နှင့် လူငယ်တစ်ယောက်သာဖြစ်သည်။ သူသည် ပဟေဠိဆန်စွာ တောက်ပသော မျက်လုံးတစ်စုံနှင့် ရိုးရှင်းကာ ကြင်နာတတ်သောပုံပေါက်သည်။
“မင်း ငါတို့ကိုသတင်းပို့တဲ့အတိုင်းကို ငါတခြားသူတွေကို ပြန်ပြောပြီးပြီ၊ သူတို့အခု လူအင်အားထပ်စုပြီး ဒီကိုအမြန်လာဖို့လုပ်နေတယ်၊ ငါတို့လူတချို့ခေါ်ပြီး အရင်လာလိုက်တာ” သူ အပြာရောင်ဓားသွားနှင့် တခြားသူ များကိုခေါင်းညိမ့်ပြကာ ရှီမာယူယူဘက်သို့ကြည့်လေသည်။
အပြာရောင်ဓားသွား၏ သူတို့အပေါ်ပြောဆိုပုံကိုကြည့်ပြီး ရှီမာယူယူ သဘောပေါက်သွားသည်။ သူမသည် လက်နှစ်ဖက်ဆုပ်ကိုင်ကာ အရိုအသေပေးပြီး မေးလိုက်သည် “ဘယ်လိုဖြစ်တာလဲ၊ ကျွန်တော်တို့ အပြင်နဲ့ဆက်သွယ်လို့မရဘူးမလား”
“မင်းဆင်းသွားတော့ နေရာတစ်ခုလုံးက ပွင့်သွားပြီး ပိတ်ထားတာတွေလည်း လှုပ်နေတယ်လို့ ခံစားရလို့ အပြင်နဲ့ဆက်သွယ်ကြည့်တာ၊ အဲဒါကြောင့် အခြေအနေတွေကို ဆရာတို့ကိုသတင်းပို့လိုက်လို့ အမြန်လာကြ တာ” အပြာရောင်ဓားသွား ရှင်းပြသည်။
“မင်းက မိတ်ဆွေလေးယူယူဖြစ်ရမယ်” အပြာရောင်ဓားသွားသခင် မေးလေသည်။
“ယူယူ အပြာရောင်ဓားသွားသခင်ကို နှုတ်ဆက်ပါတယ်” ရှီမာယူယူသည် တရိုတသေ ပြောလေသည်။
ဒါပေမဲ့ သူမကိုဘယ်လိုသိတာလဲ။ အပြာရောင်ဓားသွားနဲ့ တခြားသူတွေက ပြောလိုက်တာလား။ ဒါပေမဲ့ သူမက ခဏလေးပဲဆင်းသွားတာပါ။ သူတို့က ဒီလောက်များတဲ့ကိစ္စတွေကို ပြောပြီးသွားပြီလား။ သူမ ထို အကြောင်းအားတွေးမိသောအခါ သူမသည် အပြာရောင်ဓားသွားအား သတိရှိစွာကြည့်လိုက်သည်။
“ဟားဟား ငါ့ကိုပြောပြတာ သူတို့မဟုတ်ပါဘူး” အပြာရောင်ဓားသွားသခင်သည် ရယ်မောကာ “ဒါပေမဲ့ မင်းနာမည်ကတော့ မူရွှန်မြို့မှာ သင်းနေတာပဲ”
***