သတင်းကြားခြင်း
Vol. 008 Ch. 777
ရှီမာယူယူ၏ အခြေအနေနှင့် ရှုဂျင်း၏အပြုအမူကို အားလုံးမြင်လိုက်သောအခါ သူမ အသက်မရှင်နိုင် ဟု ခန့်မှန်းမိကြသည်။
ရှုဂျင်းက ဘယ်လိုလူမျိုးလဲ။ သူက ကောင်းကင်ဂိုဏ်းမှာ သာမန်ဆရာမှမဟုတ်တာ၊ သူ့စွမ်းအားကို တိုင်းပြည်တစ်ခုလုံး အသိအမှတ်ပြုရတယ်လေ။ သူတောင် အကူအညီမဲ့နေတယ်ဆိုရင် ရှီမာယူယူရဲ့ အခြေအနေက တကယ်ကိုဆိုးနေပြီလို့ ဆိုလိုတာပဲ။
ရှီမာယူယူကို ထိုပုံစံအတိုင်းမြင်လိုက်သောအခါ ချီဝေ၏ မျက်လုံးများသည် နီရဲလာသည်။ သူတို့သည် ရင်းနှီးကြသည်မှာ မကြာသေးသော်လည်း သူမသည် သူတို့ကိုဂရုစိုက်ပေးခဲ့သည်။ သူသည် သူမကို အစ်ကိုကြီး အဖြစ်အသိအမှတ်ပြုသည်မှာ မကြာသေးသော်လည်း ဒီလိုပုံဖြစ်သွားသည်။ သူ ကူညီပေးဖို့အတွက် နောက်ထပ် အင်အားကြီး သခင်ကိုဘယ်မှာသွားရှာမှာလဲ။
“ဒီလောက်မြန်မြန်ကြီး ဝမ်းနည်းမနေနဲ့” ကျူလန် ပြောလိုက်သည် “သူအဆင်ပြေမှာပါ”
“သူ့ဆရာတောင် ဘာလုပ်ရမှန်းမသိဖြစ်နေတာ၊ သူ့အခြေအနေက…” ချီဝေသည် ဝမ်းနည်းလာသဖြင့် ဆက်မပြောနိုင်ပေ။
“ကောင်းကင်ဂိုဏ်းက အရည်အချင်းရှိသူတွေများပါတယ်၊ တစ်ယောက်ယောက်မှာတော့ အကြံရှိမှာပါ” အပြာရောင်ဓားသွားပြောလိုက်သည် “အဆိုးဘက်မတွေးနဲ့ အစောကြီးရှိသေးတယ်”
“ငါ ကောင်းကင်ဂိုဏ်းကိုသွားချင်တယ်” ချီဝေ ပြောလိုက်သည်။
“ဘာ” အပြာရောင်ဓားသွားနှင့် တခြားသူများသည် သူ့အား တအံ့တသြကြည့်ကြလေသည်။ ဒီလူသည် ခရီးသွားခဲသည်။ သို့သော် သိကျွမ်းသည်မှာ မကြာသေးသောလူတစ်ယောက်အတွက် အမှန်တကယ်ပင် သွား လိုစိတ်ရှိသည်။
“ငါ ဆရာ့ရဲ့အခြေအနေကို စိုးရိမ်တယ် ကိုယ့်မျက်လုံးနဲ့ တပ်အပ်ကြည့်ချင်တယ်” ချီဝေ ပြောလိုက် သည်။
“ဒါပေမဲ့ ချီမျိုးနွယ်ရဲ့ ပြိုင်ပွဲကစတော့မယ်၊ မင်း ပြန်ပြီး ပြိုင်ရမယ်လေ၊ အခုသွားမယ်ဆိုရင် အချိန်မှီ ရောက်မှာမဟုတ်ဘူး” ယုချင်း သတိပေးလိုက်သည်။
“ဟုတ်တယ် မင်းပျက်ကွက်မယ်ဆိုရင် မင်းအစ်ကိုတွေက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး” ရှန်မင်လန် ဆက်ပြောလေသည်။
“ငါဂရုမစိုက်ဘူး” ချီဝေသည် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလေသည် “အစ်ကိုကြီးက ငါ့ကို အကြိမ်ပေါင်းများစွာကယ်ခဲ့တာ သူ့ကြောင့်သာမဟုတ်ရင် ငါသေတာကြာနေပြီ အခု သူ့အနာဂတ်ကမသေချာ ဖြစ်နေတာ ငါ့ကိုထွက်သွားစေချင်တာလား မလုပ်နိုင်ဘူး၊ သူတကယ်အဆင်ပြေတယ်ဆိုမှ ငါ အလျင်စလိုပြန်ပြီး ပြိုင်လို့ရတယ်၊ သူအဆင်မပြေဘူးဆိုရင် ငါ တစ်နည်းနည်းနဲ့ကူညီရမယ်”
“ဒါဆို ငါတို့လည်း မင်းနဲ့လိုက်မယ်” အပြာရောင်ဓားသွား ပြောလိုက်သည် “ဟုတ်တယ် ငါတို့က သိတာ မကြာသေးပေမယ့် အသက်နဲ့ရင်းတာတွေကို အတူကြုံခဲ့ရတာ၊ ဒီလိုမျိုးထွက်မသွားနိုင်ဘူး၊ ငါတို့ အခုဆရာကို သွားပြောရင်လည်း သဘောတူမှာပါ”
“မင်းတို့သွားမှတော့ ငါတို့လည်းသွားမှာပဲ” ကျူလန် ပြောလိုက်သည်။
“ကောင်းပြီ ငါဆရာ့ကိုသွားပြောလိုက်မယ်”
အပြာရောင်ဓားသွားသည် အပြာရောင်ဓားသွားသခင်ကို ပြောလုကိသည်။ ဂိုဏ်းသည် တခြားဂိုဏ်းများ နှင့် ပတ်သတ်ရသည်ကို မကြိုက်ပေ။ ဆရာ့ကို ဖျောင်းဖျရန် အချိန်ကြာမည်ဟု သူထင်ထားသည်။ သို့သော် သူ့ ဆရာသည် မထင်မှတ်စွာပင် ချက်ချင်းပင် သဘောတူလေသည်။
“သူက မင်းရဲ့ ကယ်တင်ရှင်ပဲ သူဘယ်လိုနေလဲဆိုတာ သွားကြည့်သင့်တယ်၊ ဒါပေမဲ့ ဂိုဏ်းရဲ့ စည်းမျဉ်း တွေကို မှတ်မိရမယ်၊ စည်းမျဉ်းနဲ့ ဆန့်ကျင်တာတွေ ဘာမှမလုပ်မိစေနဲ့” အပြာရောင်ဓားသွားသခင် ပြောလိုက် သည်။
သူသည် ရှီမာယူယူနှင့်ပတ်သတ်ပြီး အကောင်းမြင်စိတ်ရှိသည်။
“ဟုတ်ကဲ့ပါ ဆရာ” အပြာရောင်ဓားသွား ပြန်ဖြေလိုက်သည်။
“အပြာရောင်ဓားသွား၊ မင်းဟိုကိုရောက်ရင် သံမဏိလုံးလေးအကြာင်းကို ကူစုံစမ်းပေးဦး” ခရမ်းရောင် ဓားသွားသခင် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” အပြာရောင်ဓားသွားသည် သံမဏိလုံးလေး၏ စွမ်းအားကို နားလည်သည်။ လူအများ စိတ်ဝင်စားနေသော အရာဖြစ်ရာ ဂိုဏ်းသည် သိချင်သိမှာတော့ မဆန်းတော့ပေ။
ဂိုဏ်းသာ ထိုကဲ့သို့အရာမျိုးပိုင်ဆိုင်ပါက သူတို့အတွက်လည်း ကောင်းသည်။
ဒီနေ့ ပွဲအပြီးတွင် သံမဏိလုံးလေး၏ သတင်းမှာ လျင်မြန်စွာပျံ့သွားလောက်ပြီ။
မျိုးဆက်သစ်များသည် ကျန်သောကိစ္စများအတွက် မလိုတော့ကာ သူတို့သည် တိမ်တိုက်နီတောင်ထိပ် မှ အလောင်းများကို ရှင်းရသည်။ ဂိုဏ်းများသည် သူတို့ကို မတူညီသောနေရာများတွင် ခွဲပေးထားသည်။
အပြာရောင်ဓားသွားနှင့် တခြားသူများသည်မုရွှန်မြို့သို့ ပြန်လာလိုက်သည်။ ရှီမာယူယူသည် မုရွှန်မြစ် ဘေးတွင်နေသည်ဟု ပြောခဲ့သည့်စကားကို ပြန်တွေးမိကာ သူမကိုရှာရန် ထိုနေရာကိုပင် တိုက်ရိုက်သွားလိုက် သည်။
ဖက်တီးကျူနှင့် တခြားသူများသည် စိုးရိမ်နေကြာ အနီရောင်တောင်ထိပ်မှ သတင်းများကို စုံစမ်းရန် ကြိုးစားနေကြသည်။ အတားဆီးပျက်စီးသွားပြီဟု ကြားသည်နှင့် သူတို့သည် ချက်ချင်းပင် သူမကို ဆက်သွယ် ရန်ကြိုးစားလေသည်။ သို့သော် ဆက်သွယ်၍မရသည်ကိုပင် တွေ့လိုက်ရသည်။
ထိုအချိန်တွင် ရှီမာယူယူသည် အတားအဆီးအတွင်းတွင် ရှိသေးသည်။ အတားအဆီး၏ သီးခြားခွဲထား မှုအရည်အသွေးမှာ ရှိနေသေးသဖြင့် သူတို့သည် သူမကို ဆက်သွယ်၍မရခြင်းဖြစ်သည်။ နောက်ပိုင်း သူမ တိုက်ပွဲအတွင်းရှိနေစဉ်ကလည်း ဝိဉာဉ်စေတီအတွင်း တစ်ခုခုဖြစ်နေသည်ကို ခံစားမိသော်လည်း သူမ မစုံစမ်း နိုင်ခဲ့ပေ။
နောက်တော့ သူမ မေ့မြောသွားခဲ့သည်။
သူမကို လူတစ်ယောက်လာရှာသည်ဟု တာဝန်ခံပြောသည်ကို ကြားသည်နှင့် လာရှာသည့်သူကိုသိချင် မိသည်။ အောက်ထပ်ကိုဆင်းသွားသောအခါ လူစိမ်းများကို တွေ့ရပြီး နားမလည်နိုင်ဖြစ်နေကြသည်။
“ဒီနိမ့်ကျတဲ့လူက ဝေကျိရွှီပါ ဘယ်သူလဲလို့မေးပါရစေ…” ဝေကျိရွှီသည် ပထမဆုံးသွားကာ သူတို့အား မြင်သည်နှင့် မေးလိုက်သည်။
“ခင်ဗျားက ဝေကျိရွှီလား” ချီဝေသည် ရှေ့တိုးကာ သူ့လက်ကိုဆုပ်ကိုင်ပြီး ပြောလေသည် “ဆိုတော့ ကောင်းကင်မြို့ကိုတိုက်ရိုက်ရောက်တာက ဘယ်မြို့ကနေသွားရမယ်ဆိုတာ သိတယ်ပေါ့”
“ခင်ဗျားတို့က” ဝေကျိရွှီသည် သူတို့အား မေးခွန်းထုတ်ကာ ကြည့်လေသည်။
အပြာရောင်ဓားသွားသည် ဝေကျိရွှီလက်မှ ချီဝေ၏လက်များကိုပြန်ဆွဲကာ ပြောလေသည် “ကျွန်တော် တို့က ယူယူရဲ့ မိတ်ဆွေတွေက သူက ကျွန်တော်တို့ကို အနီရောင်တောင်ထိပ်မှာတုန်းကကယ်ခဲ့တာ”
“ခင်ဗျားတို့က ဟိုကိုစေလွှတ်လိုက်တဲ့ အပြာရောင်ဓားသွားနဲ့အဖွဲ့လား၊ ခင်ဗျားတို့ သတင်းပို့တာ ကျွန်တော်တို့ကြားတယ်” ဝေကျိရွှီ ပြောလိုက်သည် “ခင်ဗျားတို့ ကောင်းကင်မြို့ကိုသွားချင်တယ်ဆိုရင် တမြို့ကို သွားရမယ်၊ အဲဒီမှာ ကောင်းကင်မြို့ကိုတိုက်ရိုက်ရောက်တဲ့ ဖြတ်လမ်းတည်ဆောက်မှုသုံးလို့ရတယ်”
ထိုအချိန်တွင် တခြားသူများလည်းရောက်လာကာ အခြေအနေကိုစုံစမ်းမည်အပြုတွင် ဝေကျိရွှီသည် အပြာရောင်ဓားသွားတို့နှင့် စကားပြောနေသည်ကိုတွေ့လိုက်သည်။
“ခင်ဗျားတို့က ကောင်းကင်မြို့ကို စိုးရိမ်တကြီးသွားမယ့်ပုံပဲ၊ တစ်ခုခုဖြစ်လို့လား” ရှီမာယူရန် မေးလိုက် သည်။
“ယူယူ ဒဏ်ရာရထားတယ် အဲဒါကြောင့် ကျွန်တော်တို့ သွားကြည့်ကြမလို့” အပြာရောင်ဓားသွား ပြော လိုက်သည် “ခင်ဗျားတို့က သူ့မိသားစုနဲ့ သူငယ်ချင်းတွေလို့ကြားလို့ သတင်းလာပေးတာပါ”
ရှီမာယူယူ ဒဏ်ရာရသည်ဟု ကြားသည်နှင့် သူတို့အမူအရာများသည် ချက်ချင်းပင်ပြောင်းသွားလေ သည်။
“ညီ၄ ဒဏ်ရာရထားတာလား”
“ယူယူ ဒဏ်ရာရထားတယ်ဟုတ်လား အခုသူဘယ်မှာလဲ”
“ဘယ်လိုဖြစ်ပြီး ညီ၅က ဒဏ်ရာရတာလဲ”
“ကျွန်တော်တို့ တစ္ဆေမျိုးနွယ်နဲ့ တိုက်ပွဲဖြစ်တုန်းက အဲရောင်ဝါက သူ့ခန္ဓာကိုယ်ထဲဝင်သွားတယ်၊ သူ အဲနေရာတင်ပဲ မေ့လဲသွားတယ်” အပြာရောင်ဓားသွားပြောလိုက်သည်။
“သူ အခုဘယ်လိုလဲ” ဝေကျိရွှီ မေးလိုက်သည်။
“သူ့ကို ကောင်းကင်ဂိုဏ်းကိုပို့လိုက်ပြီ”
ဝေကျိရွှီနှင့် တခြားသူများသည် ဖျော့တော့နေပြီ။ ဖက်တီးကျူတစ်ယောက်သာ ရှုပ်ထွေးသော အခြေေနေကို နားလည်ရန်ခက်နေသည်။
“ဆရာရှုက သူနဲ့ရှိတယ်မလား၊ ဘာလို့ ဂိုဏ်းကိုပြန်ပို့တာလဲ” သူ မေးလိုက်သည်။
“ဆရာရှုလည်း ဘာမှမလုပ်နိုင်ဘူးဆိုပြီး ပြောတယ်၊ ပြီးတာနဲ့ သူ ဂိုဏ်းကိုပြန်သယ်သွားတာပဲ” ယုချင်း ပြောလိုက်သည်။
“ဆရာရှုက အားကောင်းတာပဲကို ဒါပေမဲ့ သူတောင်ဘာမှမလုပ်နိုင်ဘူးလို့ပြောတယ်ဆိုတော့….” ဖက်တီးသည် စကားကိုဆုံးအောင်မပြောပဲ မှင်တက်နေသည် “သူ့အခြေအနေက အရမ်းဆိုးတယ်လို့ပြောနေတာ လား”
“သူအခု ဘယ်လိုနေလဲ ကျွန်တော်တို့လည်း မသိဘူး” အပြာရောင်ဓားသွား ပြောလိုက်သည် “အဲဒါကြောင့် ကျွန်တော်တို့ ကောင်းကင်ဂိုဏ်းကိုသွားကြည့်ကြမလို့”
“ငါတို့လည်း သွားကြမယ်” ရှီမာယူမင် ပြောလိုက်သည် “ယူရွှီ အခုပဲထွက်မယ်”
“အိုခေ” ရှီမာယူရွှီသည် ခေါင်းညိမ့်ကာ တာဝန်ခံရှာပြီး အခန်းအပ်လေသည်။
“ခင်ဗျားတို့လည်းသွားမယ်ဆိုတော့ အတူတူသွားရအောင်” အပြာရောင်ဓားသွား ပြောလိုက်သည်။
ရှီမာယူမင်ခေါင်းညိမ့်ကာ အားလုံးအား အပေါ်သွားပြီး အထုတ်သိမ်းရန် ပြောလိုက်သည်။ အားလုံးသည် စိတ်များလေးနေကြသဖြင့် ဘယ်သူမှစကားမပြောကြပဲ အခန်းထဲသို့ တိတ်ဆိတ်စွာ ပြန်ကြလေသည်။
သူတို့အခန်းအပ်ပြီးသောအခါ ဖြတ်လမ်းတည်ဆောက်မှုဆီမသွားပဲ မြို့ထဲမှ ထွက်ခဲ့လိုက်သည်။
“ကျွန်တော်တို့ တမြို့ကိုမသွားဘူးလား” ရှန်မင်လန် မေးလိုက်သည်။
“ဖြတ်လမ်းတည်ဆောက်မှုကိုသွားရင် ပြဿနာဖြစ်နိုင်တယ်၊ ကျွန်တော်တို့် တိုက်ရိုက်ပဲပြန်မယ်” ဝေကျိရွှီ ပြောလိုက်သည်။
“တိုက်ရိုက်ပြန်မယ်ဟုတ်လား ဒီနားမှာ ဖြတ်လမ်းတည်ဆောက်မှုမရှိဘူးလို့ ပြောတယ်မလား…” ကျူလန်သည် ပြောရင်းနှင့် ရှီမာယူလင်းကို ကြည့်ပြီး ပြောမည့်စကားလုံးများကိုသာ မျိုသိပ်လိုက်ရသည်။
အော် နောက်ထပ် တည်ဆောက်မှုသခင်တစ်ယောက်ပဲ။
**