ရှဲရုန်အကူအညီတောင်းခြင်း
Vol. 008 Ch. 784
ရှီမာယူမင်နှင့် တခြားသူများသည် မတ်တပ်ရပ်ပြီး ထသွားရာ အခန်းဝင်ပေါက်ရောက်သောအခါ ရှဲရုန်နှင့် မာဘိုကျင်းတို့သည် အပြင်မှလျှောက်လာလေသည်။
သူတို့မျက်နှာမှ ဖုံးဖိမရသော အပျော်များကိုကြည့်ကာ ရှဲရုန်ပြောလိုက်သည် “ကျင့်စဉ်အမှတ်တွေ အများကြီးရလို့ပျော်နေကြတာလား”
“မင်းတို့လည်းသိတာလား” ရှီမာယူမင်သည် တအံ့တသြပြောလေသည်။
“ငါတို့တင်မဟုတ်ဘူး၊ အဖွဲ့တိုင်းကသိလောက်ပြီ၊ မင်းတို့ လျှပ်စီးအဖွဲ့က မစ်ရှင်နှစ်ခုပြီးပြီးတော့ အမှတ် ၃၂၀၀၀ ရတယ်ဆိုပဲ၊ တခြားအဖွဲ့တွေ မနာလိုလို့သေတော့မယ်”
“ဘယ်လိုလုပ်အဲလောက်မြန်မြန်ကြီးပြန့်သွားတာလဲ” ရှီမာယူမင်သည် မှင်တက်လေသည်။
“ဒီလို သတင်းကြီးကပြန့်တာမြန်တာပဲလေ၊ မင်းတို့က တစ်ခါတည်း အများကြီးရသွားတာကိုး၊ အရင်က တစ်ခါမှ အဲလိုမဖြစ်ဖူးတာ၊ ပြီးတော့ မင်းတို့က လူနည်းနည်းနဲ့ အခုမှ အသစ်ဖွဲ့တဲ့ အဖွဲ့လေ၊ မင်းတို့အမှတ်တွေ ခွဲတွက်တာကို တွေးလိုက်ရင်ကို သူတို့မနာလိုပြီးသေတော့မှာ၊ သူတို့အဖွဲ့ထဲကို မင်းတို့ကိုခေါ်ချင်တဲ့လူတောင် ရှိနေပြီ” ရှဲရုန်သည် ပြုံးပြီးပြောလေသည်။
သူမသည် ရှီမာယူမင်ဆီလျှောက်ရင်းနှင့် မသိစိတ်မှ ရှီမာယူယူအား ကြည့်လိုက်သည်။ သူမ၏ ဖျော့တော့သော မျက်နှာကိုတွေ့သောအခါ သူမသည် စိုးရိမ်စွာမေးလိုက်သည် “ယူယူ ဘာလို့အဲလောက် ဖြူဖျော့နေရတာလဲ၊ ဒဏ်ရာရထားတာလား”
ရှဲရုန်၏ အံ့သြနေသော အမူအရာနှင့် စိုးရိမ်မှုမှာ ဟန်ဆောင်နေခြင်းမရှိသည်ကို ရှီမာယူယူ မြင်သောအခါ တစ္ဆေလောကသားများကြောင့် ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ကြောင်း ပေါ်သွား၍မဖြစ်သည်ကို သတိရ သွားသည်။ သူမ ပြုံးလိုက်သည် “ဟုတ်တယ် မစ်ရှင်လုပ်တုန်းက ဒဏ်ရာရသွားတာပါ ဒါပေမဲ့ အခုသက်သာသွား ပါပြီ၊ နည်းနည်းလောက်နားလိုက်ရင် ရပါပြီ”
“ဟုတ်တယ် မစ်ရှင်လုပ်ရင်းနဲ့ ဒဏ်ရာရတာတော့ ဖြစ်တတ်တဲ့ကိစ္စပဲ၊ မင်းရဲ့ အခြေခံအားကို မထိခိုက် သရွေ့တော့ နားလိုက်ရင်အဆင်ပြေသွားမှာပါ” ရှဲရုန်သည် ဒဏ်ရာများရတတ်သည့်ကိစ္စကိုသိသည်။ သူတို့ မစ်ရှင်လုပ်ရန် အပြင်ထွက်တိုင်းတွင် ဒဏ်ရာရကြသည်။ သည်လိုနှင့် သူမသည် ဒဏ်ရာအကြောင်းကို သိပ် မတွေးတော့ပေ။
“မင်းတို့ ဒီနေ့ဘာကိစ္စရှိလို့လဲ” ရှီမာယူမင် မေးလိုက်သည်။
“တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ မင်းတို့ပြန်လာတယ်လို့ကြားလို့ တွေ့ဖို့လာတာ” ရှဲရုန်သည် ရှီမာယူယူအားကြည့်လိုက်သည်။ သူမအမူအရာသည် အခက်တွေ့နေသည့်ပုံပင်။
“ငါ့ကို ကိစ္စရှိလို့ရှာတာလား” ရှီမာယူူယူ မေးလိုက်သည်။
“အဲဒါက…” ရှဲရုန်နှင့် မာဘိုကျင်းတို့သည် အကြည့်ချင်းဖလှယ်ကာ အနည်းငယ်တွေဝေနေသည်။ နောက်ဆုံးတွင် မာဘိုကျင်းပြောလေသည် “ဒီလိုပါ ငါတို့ဒီတစ်ခေါက်ကို မစ်ရှင်အတွက်အပြင်ထွက်တယ်၊ ပြီးတော့ ငါတို့အဖွဲ့ဝင်တစ်ယောက်က ဒဏ်ရာရတလာတယ်၊ ဒီမှာယူယူလို့ခေါ်တဲ့ ကျောင်းသားက အရည်အချင်းရှိတဲ့ သမားတော်လို့ကြားလို့ပါ၊ အဲဒါကြောင့် ကူညီပေးနိုင်မလား မေးချင်တာပါ၊ ဒါပေမဲ့ မင်းလည်း ဒဏ်ရာရထားမယ်လို့ မထင်မိဘူး…”
“ကျောင်းသားတစ်ယောက် ဒဏ်ရာရတယ်ဆိုရင် ဆရာကိုသွားရှာကြတာမဟုတ်ဘူးလား” ရှီမာယူရန် သတိပေးလိုက်သည်။
“အဲဒါကို မသိပဲနေပါ့မလား၊ ဒါပေမဲ့ ဂိုဏ်းထဲက ဆရာတွေတောင် သူမကိုကြည့်ပြီး အကြောင်းအရင်းကို မရှင်းနိုင်ဘူး၊ သူလည်း ဘယ်လိုကုရမလဲဆိုတာ မသိဘူးဖြစ်နေတယ်” ရှဲရုန် ပြောလိုက်သည် “ငါတို့အစတုန်းက အပြင်ဂိုဏ်းကိုသွားပြီး ဆရာဟော်ကိုသွားရှာမလို့ ဒါပေမဲ့ သူမနေ့ညကထွက်သွားတယ်လို့ ကြားခဲ့တယ်၊ အဲဒါကြောင့် နောက်ဆရာတစ်ယောက်ရှာမရခင် ယူယူ့ကိုအရင်ရှာမယ်လို့ စဉ်းစားလိုက်တာ၊ ဆရာဟော်က လည်း တကယ်တော်တဲ့ သမားတော်ပဲလေ”
“ဒါပေမဲ့ ယူယူက သူကိုယ်တိုင်တောင် ဒဏ်ရာရထားတာ ငါတို့နောက်နည်းလမ်းတစ်ခု စဉ်းစားသင့် တယ်” မာဘိုကျင်း ပြောလိုက်သည်။
“ဘယ်သူဒဏ်ရာရတာလဲ”
“ယွမ်ယွမ်ပါ” ရှဲရုန် ပြောလိုက်သည်။
“ရှုးယွမ်ယွမ်လား” ရှီမာယူယူသည် တောက်ပသောမျက်လုံးများနှင့် ထိုမိန်းကလေးကို တွေးမိလိုက် သည်။ သူတို့ ဝင်္ကပါတောတွင်ရှိစဉ်က သူမသည် ယူယူ့ကိုကာကွယ်ပေးခဲ့သည်။
“ဟုတ်တယ်”
“သူမ ဘာဖြစ်လို့လဲ”
“သူမ အပြင်ပိုင်းကတော့ပုံမှန်ပဲ ဒါပေမဲ့သတိရမလာဘူး” ရှဲရုန်ပြောလိုက်သည် “ဆရာနဲ့ ဆွေးနွေးပြီးတာ တော့ သူမအသက်အန္တရာယ်မရှိဘူးလို့ပြောတယ် ဒါပေမဲ့ ငါတို့စိတ်ပူနေလို့”
“သူမဆိုမှတော့ ငါသွားပြီးကြည့်ပေးမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ မင်း… အခု…” ရှဲရုန်သည် သူမအားစိုးရိမ်စွာကြည့်လေသည်။
“ငါအဆင်ပြေပါတယ် နည်းနည်းအားနည်းတာပဲရှိတာ၊ သူမကိုသွားကြည့်ရုံပဲ ဒဏ်ရာမပြင်းဘူးဆိုရင် နောက် ၂ရက်နေရင် ငါတို့ပြန်စစ်ကြည့်လို့ရတယ်” ရှီမာယူယူ ပြောလိုက်သည်။
ရှဲရုန်သည် အားနာစွာပြုံးရင်း ကျေးဇူးတင်စကားပြောလေသည် “ဒါဆိုရင် မင်းကိုပဲဒုက္ခပေးရတော့မှာပဲ”
“ဒါဆိုလည်း သွားကြမယ်လေ” ရှီမာယူယူ ပြောလိုက်သည် “သြော်ဟုတ်သားပဲ အဆင့်ပြိုင်ပွဲက စတော့ မှာ၊ အဆင့်ပြိုင်ပွဲက သုံးခုထဲက တစ်ခုပဲ၊ ဖက်တီးကျူ မင်းတို့သေချာလေး ပြင်ဆင်သင့်တယ်”
ဖက်တီးကျူနှင့် တခြားသူများခေါင်းညိမ့်လိုက်ကြသည်။ သူမ ပြင်ဆင်သင့်သည်ဟု ဆိုလိုသည်မှာ သူတို့သည် ကျင့်ကြံရန်လိုအပ်သည့်အရာများကို ပြင်ဆင်ထားရန်ဖြစ်သည်။ သူမ ပြီးသွားသည်နှင့် သူတို့သည် ဝိဉာဉ်စေတီအတွင်းဝင်ကာ တံခါးပိတ်ကျင့်ကြံကြမည်ဖြစ်သည်။ သူတို့သည် ပြင်ဆင်ရန်ကိစ္စများရှိကြသည်။
သူမ အတွင်းဂိုဏ်းသို့ဝင်စဉ်က သူတို့ သူမကို ပြိုင်ပွဲသုံးခုအကြောင်းကို ပြောပြခဲ့သည်ကို ရှီမာယူယူ ပြန်တွေးမိသည်။ ပြိုင်ပွဲတောင်စတော့မှာပါလား…
ရှဲရုန်သည် ရှီမာယူယူအား သူမတို့ အဆောင်အားခေါ်သွားလိုက်သည်။ သူတို့ ဝင်လာသည့်အချိန်တွင် ခြံဝန်းအတွင်းတွင် လူအများရပ်နေသည်ကို တွေ့လိုက်ရသည်။
“ရှဲရုန် သူက မင်းပြောတဲ့တစ်ယောက်လား” လူကောင်သေးသော လူငယ်တစ်ယောက်သည် ရှီမာယူယူ ၏ နေမကောင်းသောပုံစံကိုကြည့်ပြီး သူမသည် ကျွမ်းကျင်သာ သမားတော်ဟုတ်မဟုတ်ကို သိချင်နေသည်။
“မင်းဘယ်သူ့ကိုသွားရှာလဲမှတ်တယ်၊ ယူယူ့ကိုသွားရှာတာပဲ ဒါပေမဲ့ ယူယူ ဘာလို့အဲလောက် အခြေအနေဆိုးနေတာလဲ” သူမနှင့် ဝင်္ကပါတောတွင်တွေ့ဖူးသည့် လူတစ်ယောက်သည် နှုတ်ဆက်လေသည်။
“မစ်ရှင်လုပ်တုန်း ဒဏ်ရာရခဲ့လို့ပါ” ရှီမာယူယူ ဖြေလိုက်သည် “ငါ ယွမ်ယွမ်ရဲ့ အခြေအနေကို သွားကြည့် လိုက်ဦးမယ်”
“ငါ မင်းကိုခေါ်သွားပေးမယ်” ရှဲရုန် ပြောလိုက်သည်။
သူတို့ထွက်သွားသည်နှင့် လူကောင်သေးသော လူငယ်သည် သူမကို ခေါ်ဝေါ်သည့်အမည်ကို ကြားပြီး ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည် “ယူယူ ဟုတ်လား ရှီမာယူယူလေ ရှီမာယူယူ”
“မင်းက သူ့ကိုအခုမှ သိတာလား၊ မဖြစ်နိုင်ဘူး မင်းတောထဲမှာသွားနေနေတာလား”
“ငါက အချိန်တစ်ခုလောက် တံခါးပိတ်ကျင့်ကြံနေတာမလား၊ ငါ သူ့နာမည်ကိုကြားဖူးတယ် ဒါပေမဲ့ တစ်ခါမှမတွေ့ဖူးဘူး၊ သူ့ကိုအရပ်ရှည်ပြီး ခပ်ထွားထွား ယောက်ျားကြီးလို့မှတ်နေတာ၊ ဒီလောက်လူကောင်သေး မယ်လို့ဘယ်သူထင်မိမှာလဲ” လူကောင်သေး ပြောလေသည်။
“သူက လူကောင်သေးတာလဲ မင်းလောက်ပဲကို” လူတစ်ယောက်သည် သူ့အား အိုးမဲသုတ်သကဲ့သို့ ပြောရင်း ရယ်မောကာ စနောက်လိုက်သည်။
ရှီမာယူယူ အိမ်ထဲသို့ဝင်ကာ ယွမ်ယွမ်၏ အခန်းသို့သွားလိုက်သည်။ ယွမ်ယွမ်သည် ငြိမ်းချမ်းသော ပုံစံ ဖြင့် အိပ်ယာပေါ်လှဲနေသည်ကို တွေ့လိုက်ရသည်။ တစ်ခါတရံတွင် သူမ၏ နှုတ်ခမ်းသည် နူးညံ့စွာပြုံးလေသည်။
“ယူယူ သူမ မေ့လဲကတည်းက မျက်နှာအမူအရာကဒီအတိုင်းပဲ အိမ်မက်လှလှလေးမက်နေတဲ့ပုံမျိုး” ရှဲရုန် ပြောလိုက်သည် “အစတုန်းကတော့ သူမ ဒီအတိုင်းအိပ်နေတယ်လို့ထင်နေတာ၊ ဒါပေမဲ့ နောက်နေ့ မနက် ရောက်တော့လည်း ဒီပုံစံအတိုင်းပဲ၊ သူမကို ငါတို့ဘယ်လောက်ပဲခေါ်ခေါ် မနိုးလာဘူး၊ အဲတော့မှာပဲ တစ်ခုခု ဖြစ်နေပြီဆိုတာ သိလိုက်တာ၊ သူကို ကြည့်ပေးလို့ရမလား”
“အင်း”
ရှီမာယူယူ လျှောက်သွားပြီး သူမသွေးကြောကိုစမ်းလိုက်သည်။ အချိန်အတော်ကြာမှပင် သူမလက်ကို လွှတ်လိုက်သည်။
“သူမ ဘယ်လိုနေလဲ” ရှဲရုန် မေးလိုက်သည်။
“အဲတုန်းက မင်းတို့ဘယ်သွားခဲ့ကြတာလဲ”
“ခရမ်းရောင်နုံးမြေ”
“မင်းတို့က ခရမ်းရောင်နုံးမြေကိုသွားခဲ့ကြတယ်ဟုတ်လား” ရှီမာယူယူသည် ရှဲရုန်အား တအံ့တသြ ကြည့်လေသည်။
“အဲတုန်းက ငါတို့လည်း ကျင့်စဉ်အမှတ်များများရချင်တဲ့ ခက်ခဲတဲ့မစ်ရှင်ကိုရွေးခဲ့ကြတယ်၊ ခရမ်းရောင် နုံးမြေကမစ်ရှင်ကို တချို့လူတွေက လွယ်တယ်လို့ပြောနေကြတာနဲ့ အဲဒီကိုပဲသွားလိုက်ကြတာ” ရှဲရုန်သည် ပြောရင်းနှင့် အနည်းငယ်ဒေါသထွက်နေလေသည်။ သူတို့သာ ထိုနေရာသို့မသွားလိုက်ပါက ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။
“ခရမ်းရောင်နုံးမြေက အပြင်ပိုင်းဒေသမှာ အန္တရာယ်အများဆုံးနေရာ ဆယ်ခုထဲက တစ်ခုပဲ၊ မစ်ရှင်က မခက်ပေမယ့် ပတ်ဝန်းကျင်တစ်ခုတည်းကိုက အန္တရာယ်များနေပြီ၊ ဘယ်လိုလုပ်လွယ်မှာလဲ” ရှီမာယူယူသည် သူတို့အတွေးများကို စိတ်ပျက်ကာ ခေါင်းရမ်းမိလေသည်။
***