← Chapters

အခန်း (၆၄၆)

Vol. 44 Ch. 646

အခန်း (၆၄၆)

Vol. 44 Ch. 646

မုန့်ချီက အပြုံးကို ဖုံးကွယ်ထားပြီး မေးလိုက်သည်။

“ဒါတွေအားလုံးက ငါ့အတွက်လား…”

“ဟုတ်တယ်…”

ရွမ်ယုရှုက စားပွဲပေါ်တွင် ရှိနေသော မုန့်ပန်းကန်များကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဒီမကောင်းဆိုးဝါး ဂဏန်းစွတ်ပြုတ်က အပူချိန်ကို ထိန်းတဲ့နေရာမှာ အကောင်းဆုံးပဲ။ နင်က သူ့ရဲ့အရသာကို အကောင်းဆုံး ဖြည့်စွက်ပေးဖို့အတွက် ဒင်ဆမ်းကို အရင်စားပြီးမှပဲ ကြက်ခြေထောက်ကို စားသင့်တယ်။ ဒါတွေက အကောင်းဆုံး စားစရာတွေပဲ။ နင်က သူတို့ကို ကောင်းကောင်းစားမှရမယ်…”

သူမကတော့ သဘောအကျဆုံးအရုပ်ကလေးတစ်ခုကို သူမ၏မိတ်ဆွေဆီသို့ ပေးနေသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ ကျေးဇူးတင်သည့် ခံစားမှု၊ မျှဝေရသည့် ပျော်ရွှင်မှုနှင့် လက်မခံချင်‌လိုသော ခံစားချက်များအားလုံးက သူမဆီတွင် ပူးတွဲရှိနေခဲ့၏။ မုန့်ချီက သူမ၏လက်ဆောင်ကို လက်မခံဘဲ သူမ၏စားစရာများကို ဖြုန်းတီးပစ်မှာကိုလည်း လက်မခံနိုင်သည့်အတွက် သူ့ကို သတိပေးနေခဲ့ခြင်းဖြစ်သည်။

ရွမ်ယုရှု၏အသံကိုကြားသည့်အခါ မုန့်ချီက အပြုံးနှင့် ထိုင်လိုက်ပြီး ဝါးတူကို ကောက်ယူလိုက်သည်။

“ဂလွီ...”

ထိုအချိန်တွင် ရွမ်ယုရှု၏ဗိုက်ထဲမှနေ၍ အသံတစ်ခု ထွက်လာသည့်အတွက် သူမက တစ်ဖက်သို့ ရှက်ရွံ့စွာ လှည့်သွားခဲ့၏။

မုန့်ချီကတော့ သတိမထားမိချင်ယောင်ဆောင်ပြီး ပင်လယ်သက်တမ်းကိတ်ကို အနည်းငယ် ကိုက်ကြည့်လိုက်သည်။ ထိုအရာက အမှန်တကယ်ကို အရသာရှိပြီး မွှေးရနံ့နှင့် ချိုမြမှုကလည်း ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။ ထို့နောက် သူက ရွမ်ယုရှု၏ အကြံပေးချက်အတိုင်း ကြက်ခြေထောက်တစ်ဖတ် ယူစားကြည့်လိုက်သည်။ ထိုကြက်ခြေထောက်၏အရိုးများက ကြွပ်ရွနေပြီး အသားကလည်း အတော်လေးကို အရသာရှိနေသည်။

ကိတ်မုန့်၏ အချိုထဲမှနေ၍ ချဉ်ဖြုံးဖြုံး အရသာနှင့်အတူ ထူးဆန်းသော မွှေးရနံ့တစ်ခု ထွက်လာခဲ့၏။ ထိုအရာက အလွန်အရသာရှိလွန်းလှသည့်အတွက် သူက တစ်ခုလုံးပင် မျိုချပစ်ချင်ခဲ့သည်။

ထိုနှစ်ခုကို စားလိုက်ပြီးနောက် မုန့်ချီက အလွန်ကျေနပ်သွားခဲ့၏။ သူက ရွမ်ယုရှုကို ကြည့်လိုက်ရာ သူမက ဂုဏ်ယူဝံ့ကြွားစွာ ပြုံးနေကြောင်း မြင်လိုက်ရ၏။ သို့သော် သူမကတော့ ကျောက်တုံးစားပွဲကိုသာ စိုက်ကြည့်နေသေးသည်။

“အတူတူစားကြစို့…”

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

ရွမ်ယုရှုက နောက်ဆုံးကျန်နေသော ပင်လယ်သက်တမ်းကိတ်ကို စိုက်ကြည့်နေရာမှ ခေါင်းခါပြီး ပြောလိုက်၏။

“မစားတော့ဘူး။ ဒါတွေက နင့်အတွက်ပဲ…”

သူမက မည်သည့်စကားလုံးမျှ ပါဝင်ခြင်း မရှိစေရန် အတတ်နိုင်ဆုံးထိန်း၍ ပြောနေခဲ့၏။

မုန့်ချီက ရယ်လိုက်သည်။

“ငါက စားစရာတွေကို မျှဝေတတ်တယ်ဆိုတာ နင်လည်း သိနေတာပဲ။ တကယ်လို့ ငါတစ်ယောက်တည်း စားတယ်ဆိုရင် ပျင်းစရာကောင်းပြီး အရသာမရှိ ဖြစ်သွားနိုင်တယ်…”

“ဒါဆိုလည်း ကောင်းပြီလေ…”

ရွမ်ယုရှုက ငြင်းမနေတော့ဘဲ လျင်မြန်စွာ ထိုင်လိုက်ပြီး သစ်သားတူတစ်စုံကို ကောက်ယူလိုက်သည်။

သခင်မလေးစံအိမ်က တိတ်ဆိတ်နေပြီး သူတို့မုန့်စားနေသည့်အသံများသာ ထွက်ပေါ်လာနေခဲ့၏။ အစစ်အမှန် အစားသရဲလေးအတွက်တော့ ယခုအချိန်တွင် စကားပြောလိုက်ခြင်းက စားစရာများကို စော်ကားလိုက်ခြင်း ဖြစ်နိုင်သည်။

ခဏကြာပြီးနောက် စားစရာ‌များအားလုံး ကုန်ဆုံးသွားခဲ့ပြီး မုန့်ချီကတော့ အလွန်ဝမ်းသာစရာကောင်းသော ခံစားမှုတစ်ခု ရနေခဲ့သည်။

ရွမ်ယုရှုက သူမ၏တူကို ပြန်ချလိုက်ပြီး အသက်ကို ဝဝရှုလိုက်၏။ သူမကတော့ ထိုအရသာများကို အလွန်ကျေနပ်နေသလို ထင်‌မှတ်ရသည်။ ရုတ်တရက်ဆိုသလို သူမက မုန့်ချီကိုကြည့်ပြီး မေးလိုက်၏။

“နင်က ဘယ်နေရာကို ဆက်သွားမှာလဲ…”

ထိုမေးခွန်းက ဝေဝါးနေသော်လည်း မုန့်ချီက သူမ၏‌ရည်ရွက်ချက်ကို နားလည်နေသည်။

“ရွာ(၉)ရွာ ကမ္ဘာကြီး…”

သူက ပထမကောင်းကင်လှေကားတွင် တည်ငြိမ်သွားပြီးနောက် ရွာ(၉)ရွာ ကမ္ဘာကြီးသို့ ပြန်သွားရန်‌ ဆန္ဒရှိကြောင်း သူ့မိတ်ဆွေများကို ပြောခဲ့ဖူးသည်။ သူက နတ်ဆိုးသုတ်သင်ရေးအလံကိုသုံးပြီး ထိုနေရာတွင် ကျန်းဝူအင်ပါယာ၏ မကောင်းဆိုးရွားဝိညာဉ်ကို ရှင်းပစ်ရမည်ဖြစ်၏။

ကျန်းကျိဝေနှင့် တခြားသူများအားလုံးကလည်း မုန့်ချီကို ကူညီပေးရန် သူတို့၏တာဝန်မှနေ၍ သံသရာတံဆိပ်ကိုရရှိရန် ကြိုးစားမည်ဟု ကတိပေးထားခဲ့သည်။ မုန့်ချီက သူ့အစီအစဉ်မတိုင်ခင် (၄)လစောပြီး ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်ခဲ့ကြောင်း မြင်လိုက်ရသည့်အတွက် သူမက စိတ်ဝင်တစား မေးခဲ့ခြင်း ဖြစ်၏။

“ရှေ့ဆက်လျှောက်ရမဲ့လမ်းက ခက်ခဲပြီး အန္တရာယ်များတယ်။ ဒါပေမဲ့ ငါက တိုးတက်ချင်တယ်ဆိုရင် ကြိုးစားရမှာပဲ…”

မုန့်ချီက ပြောချင်နေသော အဓိပ္ပာယ်ကို အကြောင်းပြန်ပေးလိုက်သည်။ သူပြောသည့်စကားက ဝေဝါးနေသော်လည်း ရွမ်ကလန်၏ စံအိမ်ထဲတွင်တော့ ထိခိုက်မှုကို ဂရုစိုက်စရာ မလိုအပ်ပေ။

ရွမ်ယုရှုကတော့ သူ့စကားကို နားလည်နေခဲ့၏။ သူတို့က အနောက်သို့ခရီးသွားခြင်း ကမ္ဘာကြီးထဲရှိ အန္တရာယ်များကို ပြင်ဆင်ရမည်ဖြစ်ပြီး သူကသာ ကျန်းဝူအင်ပါယာ တာဝန်တစ်ခုလုံး ပြီးဆုံးသွားပြီဆိုလျှင် အလွန်ကြီးမားသော အကျိုးအမြတ်များကို ရရှိနိုင်ပါလိမ့်မည်။

အနောက်သို့ခရီးသွားခြင်း ကမ္ဘာကြီးထဲရှိ ပထမတာဝန်က သေမင်းတမန် တာဝန်တစ်ခု ဖြစ်သည်။ ကျန်းယွင်ရှန်၊ ဖူကျန်းကျန်း၊ ကီဟွေအန်နှင့် လော်ရှန်းကျိတို့အားလုံးက ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ရပြီး မုန့်ချီနှင့် ရွမ်ယုရှုတို့က စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြုံခဲ့ရသည်။ ထို့ကြောင့် သူတို့က နောက်တစ်ကြိမ် ထိုကမ္ဘာကြီးသို့ သွားတော့မည့်အချိန်၌ ပို၍သတိထားရန် ဆန္ဒရှိနေခဲ့၏။

“ငါက နင်နဲ့အတူမလိုက်နိုင်တာ စိတ်မကောင်းပါဘူး…”

ရွမ်ယုရှုက ယခုအချိန်ထိ သံသရာတံဆိပ် မရသေးသည့်အတွက် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

“မဟုတ်ရင် ငါကလည်း ငါ့ရဲ့သံစဉ်တွေကိုသုံးပြီး နင့်ကို အကူအညီပေးနိုင်တယ်..”

သူမက ဝေ့ကျင်းအဆင့်ကို ဝင်ရောက်နေသော်လည်း မုန့်ချီနှင့် ယှဉ်လိုက်မည်ဆိုလျှင် စွမ်းရည်ကွာဟချက်က အလွန်ကြီးမားနေသေးသည်။ သို့သော် ရွမ်ယုရှု၏ အကူအညီစွမ်းရည်များက မုန့်ချီ၏တိုက်ခိုက်စွမ်းရည်ကို လျင်မြန်စွာ မြင့်တက်လာစေနိုင်ပြီး သူ့ကိုပြန်ကောင်းလာစေရန် ကူညီပေးနိုင်သည်။ ထိုအထောက်အပံ့များက မုန့်ချီအတွက် အလွန်အရေးပါ၏။

သို့သော် ရွမ်ယုရှုက ယခုမှ အဆင့်တက်သည့်အတွက် ပို၍များပြားသောသံစဉ်များနှင့် ရင်းနှီးရန် လိုအပ်ကြောင်း နားလည်နေသေးသည်။ သူမက ဤကမ္ဘာကြီးထဲမှ ထွက်ခွာမသွားခင် လေ့ကျင့်မှုများကို ပြီးဆုံးအောင် လုပ်နိုင်ရန် ခက်ခဲ၏။

ထို့ကြောင့် သူက ရယ်ကာမောကာနှင့် နှစ်သိမ့်လိုက်သည်။

“ဒါလည်း အဆင်ပြေပါတယ်။ ငါ့မှာ နတ်ဘုရားလက်နက်တစ်ခုရှိတယ်။ ဘယ်သူမှငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး…”

သူ ပြောလိုက်သည့်အချိန်တွင် ခေါင်းထဲ၌ အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ သူ့မိတ်ဆွေများအားလုံးက သံသရာအရှင်သခင်အပေါ် အလွန်မှီခိုအားထားနေရသည့်အတွက် သံသရာတံဆိပ်ကို ရရှိရန် ခက်ခဲနိုင်သည်။ ကွင်းဆက်တာဝန်တစ်ခုတွင် သူတို့၏စွမ်းအားများကို စုစည်းနိုင်ခြင်းမရှိဟု ဆို‌လိုနေခဲ့၏။

သို့သော် အလားတူပစ္စည်းများနှင့် အတွေ့အကြုံများက အင်မော်တယ် အဖွဲ့အစည်းထဲတွင် အလွယ်တကူ ရရှိနိုင်သည်။ အကယ်၍ ပစ္စည်းများစွာက အလွန်ရှားပါးနေမည်ဆိုလျှင်ပင် သူတို့ဆီ၌ သံသရာအရှင်သခင်နှင့် လဲလှယ်ခြင်းက ပို၍ကောင်းမွန်၏။

‘ငါက သူတို့ကို အင်မော်တယ်တွေနဲ့ မိတ်ဆက်ပေးလိုက်ရင် ကောင်းမလား…’

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။

အင်မော်တယ်အဖွဲ့ထဲသို့ ပူးပေါင်းပြီး အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရပြီးနောက် သူက ထိုအဖွဲ့အစည်းကို ဆန့်ကျင်နေခဲ့ခြင်း မရှိတော့ပေ။ ယခု ပို၍ပင် အထောက်အပံ့ပေးနေခဲ့၏။ ထို‌နေရာတွင် လမ်းကြောင်းများစွာ ရှိနေသော်လည်း အဖွဲ့သားများကတော့ အချင်းချင်း ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ကြပြီး တကိုယ်ရည်အကျိုးအမြတ်များလည်း ရရှိနိုင်ကြသည်။ ထိုအရာက သူ၏စည်းမျဉ်းကို ဆန့်ကျင်နေခြင်း မရှိချေ။

တစ်ခုတည်းသော ပြဿနာကတော့ ရွမ်ယုရှု၊ ကျန်းကျိဝေနှင့် ချီကျန်းရန်တို့က အထက်တန်းလွှာ မိသားစုကြီးနှင့် ဂိုဏ်းကြီးများမှဖြစ်ပြီး သူတို့က လျှို့ဝှက်အဖွဲ့အစည်းများထဲသို့ ပူးပေါင်းခြင်းကို ဆန့်ကျင်လိုကြ၏။ ထို့ကြောင့် သူက သူတို့၏စိတ်သဘောထားကို မေးမြန်းရန် လိုအပ်နေသေးသည်။ အကယ်၍ သူတို့ကသာ ထိုအတွေးကို ဆန့်ကျင်နေမည်ဆိုလျှင် သူကတော့ သူတို့၏ ကြားခံအဝယ်တော်တစ်ယောက်သာ လုပ်ဆောင်ပေး၍ ရနိုင်၏။

“ငါက တနေ့နေ့တော့ ဘိုးဘေးကို မေးကြည့်ရမယ်…”

မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်ပြီး ရွမ်ယုရှုကို ပြန်လှည့်ကြည့်လိုက်သည်။

ရွမ်ယုရှုက အေးစက်စွာ ပြောလိုက်၏။

“ငါက ကောင်းကင်ပြာသံစဉ်ကို အရင်ဆုံး သင်ယူဖို့ကြိုးစားရမယ်။ အဲဒါက ဒဏ်ရာတွေ၊ ကုသမှုကို မြှင့်တင်ပေးနိုင်တယ်။ အဲဒီနောက်မှာတော့ စွမ်းအားကုန်ဆုံးသွားတဲ့အချိန်မှာ စွမ်းအားတွေကို ပြန်ဖြည့်ပေးနိုင်တဲ့ ရေလှိုင်းသံစဉ်ကို လေ့ကျင့်ရမယ်။ ပြီးတော့ လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ ပျက်စီးဝင်္ကပါသံစဉ်တစ်ခုလည်း ရှိနေသေးတယ်။ ငါက အဲဒီသံစဉ်တွေအားလုံးကို နားလည်သွားပြီဆိုရင် တော်တော်လေး အသုံးဝင်လိမ့်မယ်..”

သူမ၏အသံလေးထဲတွင် အလွန်ပြင်းထန်သော စိတ်ခံစားချက်များ ကင်းမဲ့နေပြီး သူမက တမင်တကာ ဟန်ရေးပြနေခြင်း မဟုတ်ချေ။ အလွန်သိမ်မွေ့ညင်သာသော သူမ၏စကားလုံးတိုင်းက လူတိုင်းကို တည်ငြိမ်အေး‌ချမ်းစေခဲ့၏။

မုန့်ချီကလည်း သက်ရောက်ခံလိုက်ရပြီး သူမ၏စကားကို အပြုံးနှင့် နားထောင်နေခဲ့သည်။ ထိုအသံကို နားထောင်နေရင်း ရေလှိုင်းစီးနေသကဲ့သို့ ဂီတသံတစ်ခုက မုန့်ချီဆီကို ရောက်လာခဲ့၏။

ကြယ်ကင်းစင်နေသော ကောင်းကင်ကြီးပေါ်တွင် လမင်းကြီးက တောက်ပစွာ ရှိနေပြီး လေ‌ပြည်လေညင်းလေးက သူတို့၏မျက်နှာပေါ်သို့ တိုက်ခတ်သွားခဲ့သည်။

နောက်တစ်နေ့တွင်တော့ သူက အနောက်ဖက်တောင်ကုန်းဆီသို့‌ နောက်တစ်ကြိမ် တက်သွားခဲ့ပြီး ဝမ်စစ်ယွမ်ဆီသို့ သွားရောက်လည်ပတ်ခဲ့သည်။ လင်ပိုစောင်း ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဝမ်စစ်ယွမ်က အနောက်ဖက်တောင်ကုန်းပေါ်ရှိ ဗုဒ္ဓကျောင်းဆောင်ထဲတွင် စကားပြောရန် သူ့ကို ဖိတ်ခေါ်ထားခဲ့သည်။ မုန့်ချီက ထိုကိစ္စကို သေချာရှင်းရှင်းလင်းလင်း မသိရသေးပေ။

‘တော်တော်လျှို့ဝှက်ဆန်းကြယ်တဲ့လူပဲ’

မုန့်ချီက ရှုံ့မဲ့သွားခဲ့ပြီး ဗုဒ္ဓကျောင်းဆောင်ထဲသို့ ဝင်လာခဲ့၏။

ဝမ်စစ်ယွမ်က ဗောဓိကျောင်းဆောင်ထဲတွင် ထိုင်နေပြီး သူ့ရှေ့တွင်တော့ ကျားကွက်ခုံတစ်ခု ရှိနေခဲ့သည်။ သူ့လက်ထဲတွင် အနက်ရောင်ကျားစေ့တစ်စေ့ရှိနေပြီး သူက ထိုကျားစေ့ကို မချသေးဘဲ အစီအစဉ်များကို သေချာစိုက်ကြည့်နေခဲ့၏။

“လူလိမ်ဝမ်ကိုတောင် အခက်တွေ့အောင် လုပ်နိုင်တဲ့ ဝင်္ကပါတစ်ခု ရှိနေသေးတာလား…”

မုန့်ချီက သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ထိုအခင်းအကျင်းကို စိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် အနက်ရောင်ကျားစေ့ အနည်းငယ်လေးသာ ကျန်နေကြောင်း နားလည်သွားခဲ့ပြီး ထိုအနက်ရောင်များက ပြန်လည်အနိုင်ရရန် အခွင့်အရေးမရှိတော့သလို ထင်ရသည်။ မုန့်ချီက နောက်ထပ်စဉ်းစားနေခြင်း မရှိတော့ဘဲ ဝမ်စစ်ယွမ်၏အာရုံစိုက်မှုကို ရရှိစေရန် ချောင်းဟန့်လိုက်သည်။

ဝမ်စစ်ယွမ်က မော့ကြည့်လိုက်ပြီး သူ့လက်ကို ရုတ်သိမ်းလိုက်၏။ သူက လက်မနှင့် လက်ညှိုးကိုသုံးပြီး ထိုကျားစေ့လေးကိုသာ အာရုံစိုက်နေသေး၏။ သူက ဖြူဖပ်ဖြူရော် မျက်နှာအမူအရာနှင့် မုန့်ချီကို ပြောလိုက်သည်။

“သတ်ဖြတ်ရေးဓားက သိုင်းကွက်(၃)ကွက်ကိုသုံးပြီး ရန်သူရဲ့လက်နှစ်ဖက်ကို ဖြတ်ပစ်နိုင်ခဲ့တယ်။ အဲဒါကြောင့် ကြောက်စရာကောင်းတဲ့ တောင်ထိပ် (၆)သွယ် မကောင်ဆိုးရွားက ထွက်ပြေးသွားတယ်။ ဒါက လန်းယာ့နယ်မြေထဲမှာ နာမည်ကြီးနေတဲ့ သတင်း‌တစ်ခုပဲ။ မင်းက မြေပြင်မှတ်တမ်းထဲကို ဝင်ရောက်နိုင်ဖို့ အားလုံးက မျှော်လင့်နေကြတယ်။ တကယ်လို့ ပျက်စီးနေတဲ့ နတ်ဘုရားလက်နက်ကြောင့်သာ မဟုတ်ရင် မင်းရဲ့အစွမ်းတွေအရ မင်းက မြေပြင်မှတ်တမ်းကို ရောက်နေလောက်ပြီ…”

“တကယ်လို့ ငါတို့ကသာ မင်းလက်နက်ရဲ့အစွမ်းကို ဖယ်ရှားလိုက်ပြီး မင်းရဲ့စွမ်းအားပေါ်ကိုပဲ အခြေခံထားတယ်လို့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် မင်းက မဟူရာမှတ်တမ်းမှာရှိတဲ့ တောင်ထိပ်(၆)သွယ် မကောင်းဆိုးရွားထက်တောင် ပိုပြီး‌တော့ အစွမ်းထက်သေးတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုတာက ကောင်းကင်ကပ်ဘေး (၄)ကြိမ် ကြုံခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ကောင်းကင်‌(၄)သွယ် ဝေ့ကျင်းအဆင့် စွမ်းအားတွေနဲ့ပဲ ဖြစ်နိုင်မယ်”

မုန့်ချီကတော့ သူ၏ချီးကျူးမှုများအတွက် ကျေနပ်နေခဲ့သော်လည်း ထိုစကားလုံးများကတော့ လက်ရှိအခြေအနေအတွက် သင့်တော်နေခြင်းမရှိချေ။ ထို့ကြောင့် သူက ပြန်ဖြေလိုက်၏။

“ဒါက သခင်လေးဝမ် စိုးရိမ်နေတဲ့အရာ မဟုတ်လောက်သေးဘူး…”

သူက အဓိကအချက်ကိုသာ ပြောစေချင်နေခဲ့သည်။

ဝမ်စစ်ယွမ်က နှစ်ကြိမ်ချောင်းဟန့်လိုက်၏။

“လောကသခင်ကလည်း အလယ်ခေတ်မှာ အဲဒီလိုဖြစ်ခဲ့တယ်။ သူက အဆင့်တူပညာရှင်တွေကို မကြာခဏ အနိုင်ရခဲ့ပြီး သူ့ထက် အစွမ်းထက်တဲ့ လူတွေကိုတောင် ဖျက်ဆီးပစ်နိုင်ခဲ့တယ်။ သူက ကမ္ဘာကြီးကို အုပ်စိုးဖို့ အခွင့်အရေးရှိခဲ့ပေမဲ့ အထွဋ်အထိပ်အခြေအနေမှာပဲ သေဆုံးသွားခဲ့ရတယ်…”

‘ဒါက မင်းတို့ဝမ်မိသားစုကြောင့်ပဲ မဟုတ်လား…’

မုန့်ချီက တိတ်တဆိတ်ရေရွတ်လိုက်မိသည်။

လောကသခင်အပေါ် ဝမ်မိသားစု၏နားလည်မှုများအရ သူတို့က သူ၏အမွေဆက်ခံမှုကို သေချာပေါက် သတိထားမိနိုင်သည်။

‘သူက လောကသခင်ရဲ့ဇာတ်လမ်းကိုသုံးပြီး ငါ့ကို သတိပေးချင်နေတာလား…’

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။

“တွက်ချက်ရေးသူတော်စင်မတိုင်ခင် ဝမ်မိသားစုက မောက်မာမှုမရှိသလို အခက်အခဲတွေကိုလည်း ခံနိုင်ရည် မရှိခဲ့ဘူး။ မဟုတ်ရင် နတ်ဆိုးဗုဒ္ဓရဲ့ ဖျက်ဆီးမှုနဲ့ လောကသခင်ပေါ်မလာခင် တခြားအမွေဆက်ခံမှုတွေအားလုံးက ပျက်စီးသွားရမှာပေါ့..”

မုန့်ချီက ရှုပ်ထွေးနေသည့်အချိန်တွင် ဝမ်စစ်ယွမ်က နောက်ထပ်ခေါင်းစဉ်တစ်ခုကို စတင်ပြောလိုက်ပြန်သည်။

‘ဘာလို့ သူက ဒီလိုမျိုးပြောနေရတာလဲ….’

“တွက်ချက်ရေးသူတော်စင်က အနတ္တရဲ့လက်ထဲမှာသေသွားတယ်ဆိုတာ မင်းက သိနေတာလား…’

ဝမ်စစ်ယွမ်က နှစ်ကြိမ်ချောင်းဟန့်လိုက်ပြီး နောက်တစ်ကြိမ် ခေါင်းစဉ်ပြောင်းလိုက်ပြန်သည်။

“နွေဦးရာသီမှာ ရာသီဥတုက အေးစိမ့်နေတယ်။ ငါတို့ ရေနွေးသောက်ကြစို့….”

သူ့နောက်တွင်ရှိနေသော အစေခံမလေးများက လင်ဗန်းတစ်ခု‌ သယ်လာခဲ့သည်။ ထိုလင်ဗန်းပေါ်တွင်တော့ ပုလင်းငယ်လေးများစွာရှိနေပြီး ရေနွေးအိုးများ ချထားခဲ့၏။

“လျှို့ဝှက်နဂါးလက်ဖက်ခြောက်…”

ဝမ်စစ်ယွမ်က လက်ဖက်ခြောက်ရွက်အနည်းငယ်ကို အိုးထဲသို့ထည့်နေရင်း မိတ်ဆက်ပေးလိုက်သည်။

“သံရနံ့ လက်ဖက်ခြောက်၊ နဂါးကျားအထွဋ်အထိပ်လက်ဖက်ခြောက်၊ နှင်းပွင့်လက်ဖက်ခြောက်၊ ဝါးလက်ဖက်ခြောက်…”

ဝမ်စစ်ယွမ်က ပုလင်းများထဲမှနေ၍ မတူညီသော လက်ဖက်ရွက်လေးများကို ထုတ်လိုက်ပြီး သူတို့အားလုံးကို အိုးထဲသို့ ထည့်လိုက်သည်။ ထိုလက်ဖက်ခြောက်များအားလုံးက နာမည်ကျော်ကြား၏။

မုန့်ချီက ရှုပ်ထွေးနေခဲ့သည်။

‘မတူညီတဲ့လက်ဖက်ခြောက်အရသာတွေက ရှုပ်ထွေးသွားမှာ မဟုတ်ဘူးလား။ လူလိမ်ဝမ်က သူတို့တွေထဲကနေ မျှခြေတစ်ခုကို ဖန်တီးနိုင်တာလား…’

သူက ပူနေသောရေနွေးကို အိုးထဲသို့ထည့်လိုက်ရာ အလွန်နက်ရှိုင်းသော မွှေးရနံ့တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်စစ်ယွမ်က ရေနွေးတစ်ခွက်ကို မုန့်ချီအတွက် ငှဲ့ပေးလိုက်၏။ ထိုအရာက အဝါဖျော့ရောင်ရှိနေသည်။ မုန့်ချီက ထိုရေနွေးကို သောက်ကြည့်လိုက်သည့် အချိန်တွင် ပါးစပ်ထဲမှ ပြန်အန်မိတော့မတတ်ဖြစ်သွားခဲ့၏။

“ဒါက ဘယ်လိုအရသာမျိုးလဲ။ ရေညှိတွေလိုပဲ…”

ဝမ်စစ်ယွမ်က ပြုံးလိုက်၏။

“ဒါတွေအားလုံးက နာမည်ကျော်လက်ဖက်ခြောက်တွေပဲ။ ဒါပေမဲ့ ငါတို့က အကုန်ရောလိုက်မယ်ဆိုရင်တော့ သူတို့ရဲ့အရသာက တော်တော်ဆိုးတယ်…”

မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့သည်။ သူက ထိပ်တန်းပညာရှင်များစွာ၏ အမွေဆက်ခံမှု တစ်စိတ်တပိုင်းဆီ ရရှိထားသည့်အချက်ကို ဝမ်စစ်ယွမ်က ပြောဆိုလိုခြင်း ဖြစ်သည်။ သူတို့၏နည်းလမ်းများက ရှုပ်ထွေးသည့်အတွက် ထိုလက်ဖက်ခြောက်ကဲ့သို့ ‌တဖြည်းဖြည်း အဆုံးသတ်သွားနိုင်၏။

သူကတော့ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကို လေ့ကျင့်ပြီး ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်သည်။ ထို့နောက် ကောင်းကင်ရွှေကျင့်စဉ်၏ အားဖြည့်မှုကို ရရှိခဲ့၏။ တခြားသောကျင့်စဉ်များကတော့ အသုံးပြုရုံသာဖြစ်ပြီး သူ၏အဆင့်အတန်းကို ကိုယ်စားမပြုနိုင်ပေ။ ထို့ကြောင့် ထိုတွေးခေါ်မှုမျိုးက သူ့အတွက် မသင့်တော်လှပေ။

ဝမ်စစ်ယွမ်က မုန့်ချီ၏အတွေးကို နားလည်နေပုံရပြီး ချောင်းဟန့်လိုက်၏။

“ဒါက ကျင့်စဉ်တွေအကြောင်း ပြောနေတာ မဟုတ်ဘူး။ သူတို့ရဲ့ပတ်သက်မှုတွေ အကြောင်းကို ပြောနေတာ။ မင်းက တစ်ခုခုကို သတိထားမိနေပြီး သူတို့တွေကို ညီမျှအောင် ကြိုးစားနေတယ်။ ဒါပေမဲ့ မင်းကသာ နောက်ပိုင်းရလာနိုင်တဲ့ ကျင့်စဉ်တွေကို မတွက်ချက်နိုင်ဘူးဆိုရင် မင်းက အလုံးစုံ စွဲလမ်းမှုတွေထဲကို ကျရောက်သွားလိမ့်မယ်။ ဒီနေ့ မင်းက အဆင့်တူပညာရှင်တွေကို ရှင်းလင်းပစ်နိုင်ပေမဲ့ နောက်တစ်နေ့မှာတော့ ဒီရေနွေးခွက်လိုပဲ ဘာမှမဟုတ်ဘဲ သေသွားရလိမ့်မယ်…”

မုန့်ချီက သူ၏စိုးရိမ်မှုများကို တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါက ဘယ်လို ရှင်းရှင်းလင်းလင်း တွက်ချက်ကြည့်ရမှာလဲ…”

အစောပိုင်းတွင် ဝမ်စစ်ယွမ်ပြောသည့်‌စကားများကို ပေါင်းစပ်ကြည့်လိုက်ပြီး လောကသခင်ကို သေဆုံးသွားစေခဲ့သည့် အကြောင်းအရာ နောက်ထပ်ရှိနေသေးကြောင်း ခန့်မှန်းမိခဲ့သည်။

“မင်းက ရှင်းရှင်းလင်းလင်း တွက်ချက်နိုင်ဖို့တော့ သိပ်မလွယ်ဘူး။ ဒါပေမဲ့ မင်းက ကောင်းကင်ကပ်ဘေး (၄)ကြိမ် ကြုံခဲ့တာပဲ။ ဒီတော့ မင်းရှေ့မှာ ဒီလမ်းကို လျှောက်ခဲ့တဲ့သူတွေနဲ့ တော်တော်လေး ကွဲပြားတယ်။ မင်းကသာ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းမယ်ဆိုရင် သဲလွန်စတွေကို သေချာပေါက် ရှာတွေ့မှာပါ။ ပြီးတော့ နောက်ပိုင်းမှာလည်း မင်းက လျှို့ဝှက်ကျင့်စဉ်တွေ စိန်ခေါ်မှုတွေကို ကြုံရနိုင်သေးတယ်…”

ဝမ်စစ်ယွမ်က ထိုစကားကို ပြောနေရင်း အခက်အခဲများကို ကြုံလာရသည့်အလား နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့သည်။ သူက စကားလုံးများကို သေချာရွေးချယ်ပြီး ပြောနေရ၏။ ထို့နောက် သူက သွေးချောင်း‌ဆိုးလိုက်ရာ နှုတ်ခမ်းများက နီရဲသွားခဲ့သည်။

“တကယ်လို့ မင်းကသာ လောကသခင်ပျက်သုန်းခြင်းဓားကို နားလည်ဖို့ အခွင့်အရေးရှိဦးမယ်ဆိုရင်တော့ ‘ပြီးခဲ့တာတွေပြီးပါစေတော့’ဆိုတဲ့ သိုင်းကွက်ကို သေချာပေါက် နားလည်အောင်ကြိုးစားပါ။ တခြားအရာတွေက အရေးမကြီးပါဘူး။ လောကသခင်ပျက်သုန်းခြင်းဓားကနေ အဲဒီကျင့်စဉ်တစ်ခုတည်းပဲ သင်ယူနိုင်တယ်။ တကယ်လို့ မင်းက အဲဒါကို တခြားနေရာ‌ကနေ သင်လို့ရခဲ့မယ်ဆိုရင်တော့ ဘယ်လောက်ပဲသုံးလို့ရရ သေချာပေါက်အမှားပဲ ဖြစ်လိမ့်မယ်…”

“သေချာပေါက် အမှားလား…”

ရုတ်တရက်ဆိုသလို မုန့်ချီက သံသရာအရှင်သခင်ကို တွေးမိသွားသည်။

‘အဲဒီမှာ ရှိနေတာကလည်း အမှားတွေပဲလား…’

ဝမ်စစ်ယွမ်က သက်ပြင်းချလိုက်မိပြီး သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူ၏အမူအရာက ပို၍ပင် ရူးသွပ်သွားပြီး သူက ရှင်းပြလိုက်၏။

"ငါက မင်းထက်ပိုပြီး‌သိနေလို့ မင်းထက်ပိုပြီး အစွမ်းထက်တာ မဟုတ်ဘူး။ ဝမ်မိသားစုက ခေတ်အဆက်ဆက် အတွေ့အကြုံတွေ၊ ရှာဖွေတွေ့ရှိမှုတွေ အများကြီး သိမ်းဆည်းထားတယ်။ ဒါကြောင့် ငါက အဲဒီအရာတွေကို မြင်နိုင်တဲ့ လူတစ်ယောက် ဖြစ်နေခဲ့တာပဲ။ ငါပြောချင်တာ အားလုံးက အဲဒါပဲ…”

မုန့်ချီ၏မျက်နှာပေါ်တွင် ရှုပ်ထွေးသောခံစားချက်များ ပြည့်နှက်နေပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။

“မင်းက ငါ့ကိုဘာလို့ အဲဒီအရာတွေ ပြောနေရတာလဲ…”

‘ဝမ်သခင်လေးက ကောင်းမှုကုသိုလ်လုပ်နေတာလား။ ဒါမှမဟုတ် ဒါက သူ့ရဲ့လှည့်ကွက် တစ်စိတ်တစ်ပိုင်းလား…’

ဝမ်စစ်ယွမ်၏လက်ထဲတွင် ကိုင်ထားသော ကျားစေ့က ကျားကွက်ခုံပေါ်သို့ ရုတ်တရက် ချလိုက်သည့်အတွက် တခြားကျားစေ့များအားလုံး လှုပ်ရှားသွားခဲ့သည်။ သူက ဗောဓိပင်အရိပ်ထဲတွင် မျက်နှာကို ဖုံးကွယ်ထားပြီး သာမန်လေသံနှင့် ပြောလိုက်၏။

“မင်းကို ကူညီတာက ငါ့ကိုယ်ငါ ကူညီနေတာပဲ…”

မုန့်ချီက ကျားကွက်ခုံကို နောက်တစ်ကြိမ် ကြည့်လိုက်မိသည့်အချိန်တွင် ပျက်စီးသွားသော အစီအစဉ်က အသစ်တဖန် ပြောင်းလဲသွားကြောင်း ရုတ်တရက် သတိထားမိခဲ့သည်။ ကျားစေ့များအားလုံးက နေရာပြောင်းလဲသွားသည့်အတွက် ယခုအနက်ရောင်ကျားစေ့များအတွက် အခွင့်အရေး ရှိနေခဲ့ပြီ ဖြစ်၏။

Translated by Hein Htet

All Chapters