အခန်း (၆၄၈)
Vol. 44 Ch. 648
ဟယ်ကန်ရှန့်၏နောက်မှနေ၍ ဟွမ်ဖူဖေးက နတ်ဘုရားစုစည်းခြင်းတောင်ထိပ်၏ တံခါးဆီသို့ လျင်မြန်စွာ ပျံသန်းလာခဲ့၏။ သူမက တံခါးနောက်တွင် ရင်းနှီးသော လူတစ်ယောက်ကို မြင်လိုက်ရ၏။
တာအိုသခင်ချင်းယွမ်က ပိုးသား တာအိုသခင်ဝတ်ရုံနှင့် ရသေ့ဦးထုပ်ကို ဆောင်းထားပြီး ပိုးသားခါးပတ်နှင့် မြက်ဖိနပ်ကို စီးထားခဲ့သည်။ ယခင်အချိန်နှင့် ကွဲပြားမှုမရှိဘဲ သူ့ပုံစံက အချိန်ကာလ၏စစ်ဆေးမှုကို ကျော်လွှားနိုင်သလို ထင်မှတ်ရ၏။
"မတွေ့ရတာကြာတော့ ပိုပြီးတော့တောင် ချောမောခန့်ညားလာသလိုပဲ ..."
နောက်ဆုံးတွင်တော့ ဟွမ်ဖူဖေးက သူ့ဆရာကိုပြန်တွေ့လိုက်ရသည့်အတွက် အလွန်ဝမ်းသာသွားခဲ့သည်။
ဟယ်ကန်ရှန့်ကလည်း ဦးညွတ်လိုက်သည်။ သူ၏ကြိုးစားအားထုတ်မှုနှင့် အခွင့်အရေးများအပြင် ဝေ့ကျင်းအဆင့်ကို တက်လှမ်းနိုင်ရသည့် အဓိကအချက်ကတော့ ဟွမ်ဖူဖေးကို တာအိုသခင်ချင်းယွမ် သင်ကြားပေးခဲ့သော အရာများကြောင့် ဖြစ်ကြောင်း သေချာသိနေခဲ့သည်။
အစစ်အမှန်ကောင်းကင်မိုးကြိုး(၅)သွယ်ကို ဖြည့်စွက်ပေးမှုနှင့် တိမ်တိုက်လှံသိုင်းပညာများ၊ လူသားနှင့် ကောင်းကင်ဆက်သွယ်မှုအပေါ် ပြောပြချက်များနှင့် ဝေ့ကျင်းအဆင့် သတ်မှတ်ချက်များ၊ နောက်ဆုံးသိုင်းကွက်၊ စသည့်အရာများအားလုံးက တိမ်တိုက်လှံသိုင်းပညာကို အားနည်းချက်ကင်းမဲ့စွာ ပြသနိုင်စေခဲ့သည်။
ထိုဆရာက သူ၏ခွန်အားနှင့် ကျင့်စဉ်အဆင့် တိုးတက်မှုတွင် သိသိသာသာ ကူညီပေးနိုင်ခဲ့၏။ ဆရာ့အကူအညီကြောင့်သာ မဟုတ်လျှင် ထိုသိုင်းကျမ်းအပေါ် သူ၏နားလည်မှုများနှင့် နိမ့်ကျသော အရည်အချင်းအရ အများဆုံး ဝေ့ကျင်းတစ်ဝက် အဆင့်ကိုသာ ရောက်နိုင်သည်။
စောင့်ကြပ်နေသော အစောင့်များအားလုံးကတော့ ထိုမြင်ကွင်းကြောင့် အံ့ဩမှင်တက်နေကြသည်။ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်သခင်နှင့် နတ်သမီးသဖွယ် လှပသော မိန်းကလေးဟွမ်ဖူတို့က ထူးဆန်းသော တာအိုသခင်ကို လေးလေးစားစား ဦးညွတ်နေကြ၏။
"သူက ဘယ်သူလဲ ... သူက ဘယ်လိုအစွမ်းမျိုးကို ပိုင်ဆိုင်ထားတာလဲ…"
အစောင့်တပည့်များက တွေးနေကြသည်။
မုန့်ချီက ပြုံးလိုက်၏။
"မင်းတို့(၂)ယောက်ကလည်း ချောမောခန့်ညားနေတုန်းပါပဲ ..."
ဟွမ်ဖူဖေးကတော့ ယခင်တုန်းကကဲ့သို့ ကလေးဆန်မှုများ မရှိတော့ချေ။ သူမ၏ပုံစံက ပွင့်လန်းလာသော ပန်းပွင့်တစ်ပွင့်ကဲ့သို့ ဖြစ်နေ၏။ ကမ္ဘာမြေကြီးက ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် ပေါင်းစပ်သွားသည့်အချိန်တွင် ဟယ်ကန်ရှန့်ကတော့ သဘာဝတရားကြီးနှင့် တစ်သားတည်း အခြေအနေကို ရောက်နေခဲ့သည်။ သူ့ပုံစံက ပို၍ရင့်ကျက်ပြီး တည်ငြိမ်နေခဲ့၏။
ဟွမ်ဖူဖေးကလည်း ဟယ်ကန်ရှန့်ကို အမှီလိုက်နိုင်ပြီး တံခါး(၉)ပေါက် ပွင့်နေခဲ့သည်။ ယခင်မုန့်ချီက တံခါး(၈)ပေါက် ပွင့်နေခဲ့သော်လည်း ယခုတော့ သူ့ပုံစံက ပို၍ချောမောခန့်ညားသည့်အပြင် သူ၏အစွမ်းကို ခန့်မှန်းကြည့်၍လည်း မရနိုင်တော့ပေ။
"တာအိုသခင်ချင်းယွမ်ကလည်း ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီလား ..."
ဟွမ်ဖူဖေးက တစ်ယောက်တည်း တွေးလိုက်မိ၏။
"သူက ဆရာတူအစ်ကိုကြီးထက် အဆင့်အရ နိမ့်ကျပေမယ့် သူက သူ့ရဲ့အပြုအမူ၊ ပုံစံ၊ အမြင်အာရုံ၊ အတွေ့အကြုံနဲ့ ခွန်အားတွေလို အစစအရာရာမှာ ဆရာတူအစ်ကိုကြီးထက် ပိုပြီးတော့သာတယ်။ သူက ဆရာတူအစ်ကိုကြီးကိုကျော်ပြီး ဝေ့ကျင်းအဆင့် ပညာရှင်အနည်းငယ်ထဲက တစ်ယောက်ဖြစ်လာရင်လည်း အဓိပ္ပာယ်ရှိပါတယ်လေ ... "
ဟွမ်ဖူဖေးက တစ်ယောက်တည်း တွေးနေမိသည်။
"ဒီနှစ်တွေအတွင်း ဘယ်ကိုရောက်နေတာလဲ တာအိုသခင်။ ကျွန်မတို့က တာအိုသခင်ကို လိုက်ရှာနေပေမယ့် တာအိုသခင်က ဒီကမ္ဘာကြီးထဲကနေ ပျောက်သွားသလိုပဲ…"
ဟွမ်ဖူဖေးက မေးခွန်းများ မေးလိုက်၏။
မုန့်ချီက လက်ကာပြလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"အဲဒါက ပြောရမှာအရှည်ကြီးပဲ .။ ဒီနေ့ မင်းတို့ရဲ့မင်္ဂလာပွဲဆိုမှတော့ ငါ့ကြောင့် နောက်မကျစေနဲ့။ မင်္ဂလာပွဲပြီးမှပဲ ငါတို့က စကားပြောကြတာပေါ့ ... ငါလည်း အလျင်မလိုပါဘူး…"
သံသရာတံဆိပ်တိုင်း၏ ကြာချိန်က (၂)လဖြစ်သည်။ ဝေ့ကျင်းအဆင့်ကို ရောက်ရှိလာပြီးနောက် သူက လေထဲတွင် ပျံသန်းသွားလာနိုင်သည့်အတွက် အုတ်ဂူကို ရောက်ရန် အချိန်မပေးရပေ။
ဟွမ်ဖူဖေးက စကားပြောတော့မည့်အချိန်တွင် ဟယ်ကန်ရှန့်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် ကျေးဇူးပြုပြီး ထိုင်ပါဦး ... "
သူတို့(၂)ယောက်က မုန့်ချီကို တလေးတစား ခေါ်ဆောင်သွားခဲ့သည်။
ထိုနေရာတွင် ရှိနေသော တပည့်များနှင့် အစေခံများအားလုံးက အံ့ဩမှင်တက်နေကြ၏။ ထိုတာအိုသခင်က မည်သူဖြစ်ကြောင်း သူတို့အားလုံးက သိချင်နေကြသည်။
သူတို့(၃)ယောက် ခန်းမထဲကို ဝင်လာသည့်အချိန်တွင် စိတ်ဝင်စားနေသော သိုင်းလောကသားများအားလုံးကလည်း သူတို့ကို လှည့်ကြည့်လိုက်ကြ၏။
"ဒါက နှင်းကျနေတဲ့ ညအချိန် နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကနေ သခင်မကြီးဟွမ်ဖူနဲ့ မိန်းကလေးဟွမ်ဖူတို့ကို တစ်ယောက်တည်းဝင်ကယ်သွားခဲ့တဲ့ တာအိုသခင်ချင်းယွမ်လား ..."
"ငါလည်း အဲဒီလိုထင်တာပဲ ..။ အဲဒီအချိန်တုန်းက တံခါး(၈)ပေါက်ပဲ ရှိသေးပေမယ့် သူက နဂါးစိမ်းဘုရင်နဲ့ မျက်ခုံးနီဓားမောက်ဘုရင်တို့ထက် ပိုပြီးအဆင်မြင့်တယ်။ သူက ပြိုင်ဘက်ကင်းပဲ .။ နှစ်ပေါင်းများစွာကြာပြီးမှ သူကပြန်ရောက်လာတယ်။ သူက ဘာလုပ်ချင်နေတာလဲ ..."
မုန့်ချီက ရွာ(၉)ရွာ ကမ္ဘာကြီးထဲတွင် ဒဏ္ဍာရီပုံပြင်တစ်ခု ဖန်တီးထားခဲ့သည်။ လက်ရှိသိုင်းလောကသားများက ထိုပုံပြင်ကို အမှတ်ရနေကြ၏။ တာအိုသခင်က သိုင်းလောကသားများကို ဖြတ်ကျော်သွားသည့်အချိန်တွင် သူတို့က တီးတိုးပြောနေကြသည်။
"သူက စလာကတည်းက တော်တော်လေးအစွမ်းထက်တယ် .။ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ သူ့ရဲ့အစွမ်းက ပိုပြီးတော့တောင် ကြောက်စရာကောင်းနိုင်တယ်။ သူက ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီလားတောင် မသိဘူး။ ငါက သူ့ရဲ့အဆင့်ကို မမြင်ရဘူး။ သူ့ရဲ့အဆင့်က ဝေ့ကျင်းတစ်ဝက်အဆင့် ဒါမှမဟုတ် ဝေ့ကျင်းအဆင့် ဖြစ်နိုင်တယ်.. "
"ဒီကမ္ဘာကြီးထဲမှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေက ရေတွက်ကြည့်လို့တောင်ရတယ်။ အခု ငါတို့မှာ နောက်ထပ်ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ရှိလာပြီ ... "
သူတို့က တီးတိုးပြောဆိုနေကြပြီး ခန့်မှန်း၍ မရနိုင်သော တာအိုသခင်ချင်းယွမ်က ဝေ့ကျင်းအဆင့်ဖြစ်မည်ဟု လက်ခံလိုက်ကြသည်။ သူက တန်းကန်အင်ပါယာ ပြိုင်ပွဲတွင်လည်း အလားအလာရှိလာနိုင်၏။
မုန့်ချီကတော့ သခင်မကြီးဟွမ်ဖူ၏ အရိုအသေပေးမှုကို တုန့်ပြန်လိုက်ပြီး အင်မော်တယ်ဝူလျန့်၊ ဟုန်ရှန်မိန်းမပျိုနှင့် ဖုန်းဆိုးမြေမှ ခါးကုန်းကြီးတို့၏ဘေးတွင် ထိုင်လိုက်သည်။ သူက သူတို့ကို နှုတ်ဆက်လိုက်၏။
"အကုန်လုံးပဲ ... အဆင်ပြေကြရဲ့လား…"
ဟုန်ရှန်မိန်းမပျိုကတော့ ယခင်တုန်းကအတိုင်း ရဲတင်းနေဆဲသာဖြစ်သည်။ သူမက အသက်(၃၀) မရှိသေးသော်လည်း သူမဆီတွင် အကာအကွယ်ချီစွမ်းအင်များ ရှိနေခဲ့သည်။
ဖုန်းဆိုးမြေမှ ခါးကုန်းကြီးကတော့ ပို၍အသက်ကြီးသွားပုံရပြီး သူ၏ချီစွမ်းအင်များက နူးညံ့သိမ်မွေ့လာခဲ့သည်။ သူတို့(၂)ယောက်က ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး အရိုအသေပေးလိုက်၏။
"တာအိုသခင်ကတော့ အရင်တုန်းက အတိုင်းပါပဲလား ... "
မုန့်ချီက ပြုံးလိုက်သည်။
"ငါက အရင်တုန်းကထက်ပိုပြီး ရုပ်ချောလာတယ် မဟုတ်လား ... "
သူတို့(၂)ယောက်က မည်သို့တုံ့ပြန်ရမှန်း မသိကြပေ။ ထို့နောက် တာအိုသခင်ချင်းယွမ်က သဘောထားကောင်းကြောင်း သူတို့က အမှတ်ရသွားခဲ့၏။ ဟွမ်ဖူဖေးနှင့် ဟယ်ကန်ရှန့်တို့ နှုတ်ဆက်ပြီးသွားသည့်အချိန်တွင် သူတို့က တခြားဧည့်သည်များကို လိုက်လံနှုတ်ဆက်နေကြသည်။
ဟွမ်ဖူဖေးကတော့ လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။
"ဆရာတူအစ်ကိုကြီး ...
တာအိုသခင်က ဘယ်အဆင့်ကို ရောက်နေပြီလို့ ထင်လဲ…"
ဟယ်ကန်ရှန့်က မျက်မှောင်ကြုတ်လိုက်မိသည်။
"ငါက သူ့အဆင့်ကို မမြင်နိုင်ဘူး ... "
"ဆရာတူအစ်ကိုကြီးကတောင် တာအိုသခင်ရဲ့အဆင့်ကို မမြင်နိုင်ဘူးလား ..."
ဟွမ်ဖူဖေးက မှင်တက်သွားခဲ့သည်။
"တာအိုသခင်က ဘယ်လိုအဆင့်မျိုးကို ရောက်နေတာလဲ။ သူက ကျွန်မရဲ့အဖေလို အဆင့်မျိုးကို ရောက်သွားတာလား။ ဒါမှမဟုတ် ကျွန်မအဖေထက်ပိုပြီး အဆင့်မြင့်သွားတာလား ... "
မုန့်ချီ၏ဘေးတွင် ထိုင်နေသော အင်မော်တယ်ဝူလျန့်ကလည်း တာအိုသခင်ချင်းယွမ်၏ အဆင့်ကို ခန့်မှန်းနိုင်ခြင်း မရှိချေ။ သူက တည့်တည့်မေးချင်နေသော်လည်း တစ်ဖက်လူ၏ လျှို့ဝှက်ချက်ကို မေးမြန်းခြင်းက အပြစ်ရှိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နေရ၏။
အသေးအဖွဲ စကားများ ပြောဆိုနေကြရင်း မုန့်ချီက စားလိုက်သောက်လိုက် လုပ်နေ၏။ လူတိုင်းက သူ့အကြောင်းကို ပြောနေကြောင်း သူက သတိထားနေပုံမရချေ။
မင်္ဂလာပွဲ ပြီးဆုံးသွားသည့်အချိန်တွင် သိုင်းလောကသားများအားလုံးက တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြ၏။ မုန့်ချီနှင့် သူ့စားပွဲဝိုင်းတွင် ထိုင်နေသူများကသာ ကျန်နေခဲ့သည်။
သခင်မကြီးဟွမ်ဖူ ဦးဆောင်ပြီး မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသော ဟယ်ကန်ရှန့်နှင့် ဟွမ်ဖူဖေးတို့က မုန့်ချီကို လာရောက်နှုတ်ဆက်ကြသည်။
"တာအိုသခင်က ဘာလို့ သိုင်းလောကကို ပြန်လာရတာလဲ။ ကျွန်တော်တို့ ကူညီပေးနိုင်တဲ့ အရာတစ်ခုခုရှိလား ... "
နှုတ်ဆက်လိုက်ပြီးနောက် ဟယ်ကန်ရှန့်က တိုက်ရိုက်မေးလိုက်သည်။
ထိုစကားကိုကြားသည့်အခါ အင်မော်တယ်ဝူလျန့်က မတ်တပ်ရပ်လိုက်ပြီး သူတို့ကို သီးသန့်ချန်ထားခဲ့၏။
"အဆင်ပြေပါတယ်။ မင်းတို့ထွက်သွားစရာမလိုဘူး။ ငါ့မှာ ဖုံးကွယ်ထားစရာ မရှိပါဘူး ... "
မုန့်ချီက လက်ကာပြောလိုက်သည်။
သူက ဖြည်းညင်းစွာ ပြောလိုက်၏။
"ငါက နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပြီး နောက်ဆုံးမှာတော့ အောင်မြင်သွားပြီ။ ငါက အုတ်ဂူထဲမှာရှိတဲ့ မကောင်းဆိုးဝါးဝိညာဉ်ကို ဖိနှိပ်နိုင်တဲ့ နည်းလမ်းလည်းတွေ့ပြီ။ ဒါကြောင့် ငါက အဲဒီမကောင်းဆိုးဝါးကို ဖြေရှင်းဖို့အတွက် အုတ်ဂူထဲကို ပြန်ဝင်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါနဲ့အုတ်ဂူထဲမှာ ထူးဆန်းတဲ့ အရာတစ်ခုခုများ ဖြစ်ခဲ့သေးလား ..."
ကျန်ရှိနေသော ဧည့်သည်များက ဟွမ်ဖူတောင်၏ မိတ်ဆွေများနှင့် နတ်ဘုရားစုစည်းခြင်း တောင်ထိပ်၏ အတွင်းစည်းတပည့်များ ဖြစ်ကြသည်။ နောက်ပိုင်းနှစ်များတွင် သူတို့က ရွာ(၉)ရွာ ကမ္ဘာကြီး၏ တည်ထောင်သူများ ရူးသွပ်သွားကြသော အကြောင်းပြချက်ကို ကြားခဲ့ဖူး၏။ ထို့ကြောင့် သူတို့က ထိုမကောင်းဆိုးဝါးတစ္ဆေအကြောင်း စကားထုတ်ပြောရဲခြင်း မရှိကြပေ။
ယခု သူတို့အားလုံးက မုန့်ချီ၏စကားကို ကြားလိုက်ကြရသည်။
"အဲဒီမကောင်းဆိုးဝါးဝိညာဉ်က ဝေ့ကျင်းအဆင့် ပညာရှင်တွေရဲ့ ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး သူတို့ကို အုတ်ဂူကြီးထဲ ခေါ်ဆောင်သွားကြတယ် ..."
ဧည့်သည်များအားလုံးက တွေးနေမိကြ၏။
"သူက ဒီလောက်ကြောက်စရာကောင်းတဲ့မကောင်းဆိုးဝါးဝိညာဉ်ကို ဘယ်လိုရင်ဆိုင်မှာလဲ။ သူ့ဆီမှာ မကောင်းဆိုးဝါးဝိညာဉ်ကို ချုပ်နှောင်နိုင်တဲ့ အရာရှိတာလား ..."
ထင်မြင်ချက်များစွာ ပေါ်လာပြီးနောက် မုန့်ချီ အောင်မြင်သွားပြီ ဟူသောအရာကို သူတို့က လေးလေးနက်နက် စဉ်းစားနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူက ထိုစကားများသာ ပြောခဲ့ပြီး အချက်တစ်ချက်ကိုသာ ဖော်ပြခဲ့ခြင်းဖြစ်သည်။
"အုတ်ဂူထဲမှာ ထူးဆန်းတဲ့အရာတစ်ခုတော့ ဖြစ်ခဲ့တယ် ..."
ဟယ်ကန်ရှန့်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး အရင်ဆုံး ပြန်ဖြေလိုက်သည်။
"ဘယ်လိုထူးဆန်းတဲ့အရာမျိုးလဲ..."
မုန့်ချီက တည်ငြိမ်စွာ မေးလိုက်သည်။
ဟွမ်ဖူဖေးက ဝင်ပြောလိုက်၏။
"အရင်နှစ်မှာ တောင်တန်းထဲကနေ တောက်ပတဲ့အလင်းရောင်တွေ၊ အော်သံတွေ ထွက်လာတယ် ... ပြီးတော့ မကြာခင် အတောအတွင်း အုတ်ဂူကြီးက မကြာခဏ ပေါ်လာခဲ့တယ်။ ဒါကြောင့် ဆရာကြီးကျိယွဲ့၊ ကြယ်ခူးအင်မော်တယ်၊ တိတ်ဆိတ်ခြင်းဗုဒ္ဓဘုန်းတော်ကြီးနဲ့ လှုပ်ရှားခြင်းဓားအင်မော်တယ်တို့က တောင်တန်းထဲမှာ စုစည်းပြီး ရတနာတွေ၊ ကျင့်စဉ်တွေပေါ်လာမှာကို စောင့်နေကြတယ်။ ကျွန်မတို့အားလုံးကတော့ မကောင်းဆိုးဝါးဝိညာဉ်အကြောင်း သိနေတဲ့အတွက် အဲဒီတောင်တန်းကနေ ဝေးဝေးနေပြီး နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကိုပဲ ပြန်ပြီးတည်ထောင်ခဲ့တယ်….”
“ကျန်းဝူ မကောင်းဆိုးဝါး ဝိညာဉ်က တစ်ခုခုပဲ။ သူက အခြေအနေတွေကို ကြိုမြင်နိုင်တာများလား…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး မကောင်းဆိုးဝိညာဉ်နှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို ထပ်မံစုံစမ်းနေခဲ့သည်။ အဆုံးတွင်တော့ သူက ထပ်မစောင့်တော့ဘဲ အုတ်ဂူကို ချက်ချင်းသွားရန် ဆုံးဖြတ်လိုက်၏။ သူက ကျန်းဝူအင်ပါယာ၏ မကောင်းဆိုးဝါးဝိညာဉ်ကို လွတ်မြောက်သွားခွင့် မပေးနိုင်ပေ။
"အရမ်းနောက်မကျသေးခင် ငါ အခုပဲ သွားမှရတော့မယ် ... "
မုန့်ချီက ထွက်သွားရန် မတ်တပ်ရပ်လိုက်သည်။
ဟယ်ကန်ရှန့်က ချက်ချင်း လိုက်လာခဲ့၏။
"ကျွန်တော်က တာအိုသခင်ကို လမ်းပြပါ့မယ် ..."
"အုတ်ဂူထဲမှာ အရမ်းအန္တရာယ်များတယ်။ မင်း မလိုက်လာတာ ပိုကောင်းမယ်"
မုန့်ချီက ခေါင်းခါပြလိုက်၏။ အကယ်၍ မကောင်းဆိုးဝါးဝိညာဉ်က မုန့်ချီ၏ခန္ဓာကိုယ်ကို အပိုင်သိမ်းပိုက်လိုက်မည်ဆိုလျှင် သူက သံသရာအရှင်သခင်ကို အသုံးပြု၍ ဖယ်ရှား၍ ရနိုင်သည်။
အကယ်၍ ဟယ်ကန်ရှန့်ကိုသာ ထိန်းချုပ်သွားမည်ဆိုလျှင် မည်သို့ဖြစ်နိုင်မည်နည်း။ ထို့ပြင် ကျန်းဝူအင်ပါယာ၏ မကောင်းဆိုးဝါးဝိညာဉ်က လှည့်စားခြင်း အတတ်ပညာကိုလည်း ကျွမ်းကျင်ထားသည်။ သူက ပွတ်ကာသီကာ လွတ်မြောက်သွားနိုင်သည့်အတွက် မုန့်ချီ၏တာဝန်က အောင်မြင်လုဆဲဆဲတွင် ကျရှုံးသွားနိုင်၏။
"တာအိုသခင် စိတ်မပူပါနဲ့ ... ကျွန်တော်က အုတ်ဂူထဲကို မဆင်မခြင် ဝင်မလာပါဘူး။ ဒါပေမဲ့ ကျွန်တော်ရဲ့ဆရာက အုတ်ဂူထဲမှာရှိနေတဲ့အချိန် ကျွန်တော်က အိမ်မှာပဲထိုင်ပြီး သတင်းကို ထိုင်စောင့်မနေချင်ဘူး ..."
ဟယ်ကန်ရှန့်က ခေါင်းမာနေပြီး ဟွမ်ဖူဖေးနှင့် သခင်မကြီးဟွမ်ဖူတို့၏ မျက်လုံးထဲတွင်တော့ မြူခိုးများ ထွက်ပေါ်လာခဲ့သည်။ အကယ်၍ သူတို့ကသာ ပျံသန်းနိုင်မည်ဆိုလျှင် သူတို့လည်း လိုက်လာချင်နေကြ၏။
မုန့်ချီက ခဏကြာ တွေဝေနေခဲ့သည်။
"ဒါဆိုရင်တော့ မင်းက ငါ့ကို အပြင်ဘက်မှာ စောင့်နေမှရမယ်..."
ထို့နောက် သူက ခြေထောက်အောက်တွင် တိမ်တိုက်တစ်ခု ဖန်တီးလိုက်ပြီး တိမ်တိုက်ပေါ်တွင် စီးနင်း၍ ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့သည်။ ဟယ်ကန်ရှန့်ကလည်း သူ့နောက်မှ လိုက်လာခဲ့၏။ တာအိုသခင်ချင်းယွမ်က အမှန်တကယ်ကို ဝေ့ကျင်းအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ သူတို့က မုန့်ချီ၏အဆင့်ကို ဖော်ထုတ်နိုင်သည်ဟု ကျန်ရှိနေသော အစောင့်များအားလုံးက ယုံကြည်ချက် ရှိနေခဲ့၏။
အစစ်အမှန် နဂါးတစ်ကောင်ကဲ့သို့ မြွေလိမ်မြွေကောက်ဖြစ်နေသော တောင်တန်းကြီးက အတော်လေးကို အံ့သြစရာကောင်းလွန်းလှသည်။ မကြာခဏဆိုသလို တောင်တန်းများထဲ၌ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့၏။
အုတ်ဂူကြီးကတော့ အမှောင်ထဲတွင် ငြိမ်သက်နေခဲ့သည်။ အုတ်ဂူ၏ ပတ်ပတ်လည်တွင် အနက်ရောင်မြူခိုးများ ထွက်ပေါ်လာနေခဲ့၏။ အနက်ရောင်အငွေ့များ၏ အောက်ဖက်တွင်တော့ မကောင်းဆိုးဝါးဝိညာဉ်များစွာ ရှိနေပြီး မုန့်ချီကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြပါလိမ့်မည်။
ဆရာကြီးကျိယွဲ့၊ ကြယ်ခူးအင်မော်တယ်နှင့် တိတ်ဆိတ်ခြင်းဗုဒ္ဓဘုန်းတော်ကြီးတို့က ကောင်းကင်ပေါ်တွင် ပျံသန်းနေကြသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး သူတို့ကတော့ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုများကို တစ်ပြိုင်နက်တည်း ခံစားနေကြရ၏။
သူတို့က အနက်ရောင်အငွေ့များထဲသို့ စိုက်ကြည့်နေသည့်အချိန်တွင် ဝေ့ကျင်းအဆင့် ဖုတ်ကောင်များကိုသာ တွေ့နေရသည်။ ထို့ပြင် ထိုဖုတ်ကောင်များက ရွာ(၉)ရွာကမ္ဘာကြီး၏ တည်ထောင်သူများဖြစ်ကြသည်။ ရွာ(၉)ရွာ၏ တည်ထောင်သူများက နောက်ပိုင်းနှစ်များတွင် ရူးသွပ်သွားခဲ့ကြပြီး အုတ်ဂူထဲတွင် စုစည်း၍ ဖုတ်ကောင်များ ဖြစ်လာကြခြင်းပေလော။
အဖြူရောင်အလင်းတန်းများက ဆရာကြီးကျိယွဲ့၏ မျက်လုံးထဲတွင် တောက်ပလာခဲ့၏။ ထိုအချိန်တွင် အလင်းတန်း(၂)ခု နီးကပ်လာနေကြောင်း မြင်လိုက်ရ၏။ သူတို့အားလုံးက ထိုအလင်းတန်းများကို သေချာစိုက်ကြည့်နေကြသည်။ သူတို့ထဲမှ တစ်ယောက်ကတော့ သူတို့သိနေသော ဟယ်ကန်ရှန့်ဖြစ်ပြီး တခြားတစ်ယောက်ကတော့ တာအိုသခင် ဝတ်စုံဝတ်ထားသော တာအိုသခင်ငယ်လေး တစ်ယောက်ဖြစ်သည်။
ထိုတာအိုသခင်ငယ်လေးက အလွန်ချောမောခန့်ညားပြီး လန်းဆန်းတက်ကြွနေပုံရ၏။ သူတို့ကပင် သူ၏ခွန်အားနှင့် အစစ်အမှန်အဆင့်ကို မမြင်နိုင်ကြပေ။
"အသစ်ရောက်လာတဲ့ ဝေ့ကျင်းအဆင့်ပညာရှင်လား ... "
တိတ်ဆိတ်ခြင်းဗုဒ္ဓဘုန်းတော်ကြီးနှင့် တခြားသူများကတော့ ထိုတာအိုသခင်ကို မြင်တွေ့ဖူးခြင်း မရှိကြပေ။ ဆရာကြီးကျိယွဲ့တစ်ယောက်တည်းကသာ အံ့ဩမှင်တက်သွားခဲ့၏။
"အဲဒါက ချင်းယွမ်ပဲ ... "
ဆရာကြီးကျိယွဲ့က ချင်းယွမ်ကို လုံးဝမတွေ့ဖူးသော်လည်း သူ့သားနှင့် နောက်လိုက်များဆီမှ ချင်းယွမ်အကြောင်းကို ကြားခဲ့ဖူးသည်။ မုန့်ချီက မည်ကဲ့သို့ ပုံပန်းသဏ္ဍာန်ဖြစ်ကြောင်း သူက ခန့်မှန်းကြည့်နိုင်၏။ တို့ပြင် မုန့်ချီ၏ပုံသဏ္ဍာန်က ကြီးကြီးမားမား ပြောင်းလဲခဲ့ခြင်းလည်း မရှိချေ။
"တာအိုသခင်ချင်းယွမ်က ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီလား ... ဒါဆိုရင် အခုသူက ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ…”
အတွေးနှင့် ထင်မြင်ချက်များ ခေါင်းထဲ၌ ပေါ်လာနေပြီး တာအိုသခင်က သူ့ကိုလှည့်ကြည့်လိုက်ကြောင်း မြင်လိုက်ရသည်။
တာအိုသခင်က သူ့ကိုကြည့်နေခဲ့သည့်အချိန်တွင် သူ၏နောက်ကျောဘက်မှ ဖောက်မြင်နေရသလို ထင်မှတ်ရ၏။
"သူက ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို မြင်နိုင်တယ်။ သူက ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို ဘယ်လိုမြင်နိုင်တာလဲ…"
ဆရာကြီးကျိယွဲ့က ပို၍ပင် အံ့သြမှင်တက်သွားခဲ့၏။
အစစ်အမှန်ခန္ဓာကိုယ် ပုန်းအောင်းနေသော စွမ်းရည်က လကျေးရွာ၏ ဖန်တီးမှုတစ်ခု ဖြစ်သည်။ သူက ထိုက်ယင်နတ်ဆိုးသုတ်သင်ရေးကျင့်စဉ်မှတစ်ဆင့် ထိုသိုင်းပညာကို ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ကိုကဲ့သို့ သိုင်းပညာမျိုးက သူ၏ချီစွမ်းအင်များကို စုစည်းပြီး ပုံရိပ်ယောင်တစ်ခု ဖန်တီးနိုင်သည်။ ထို့နောက် ပုံရိပ်များ၏အရိပ်ထဲတွင် သူ၏အစစ်အမှန်ခန္ဓာကိုယ်ကို ဖုံးကွယ်ထား၍ ရနိုင်၏။ ထိုအရာက အလွန်အံ့သြစရာကောင်းသော ကျင့်စဉ်တစ်ခုဖြစ်သည်။
"ကြည့်လိုက်တာနဲ့ ငါ့ကိုမြင်နေရတာလား။ ချင်းယွမ်က ဘယ်အချိန်တုန်းကများ ဒီလောက်တောင် ရန်လိုသွားခဲ့ရတာလဲ.."
ပထမတွင်တော့ မုန့်ချီက ဆရာကြီးကျိယွဲ့၏ နေ့ရောညပါ လိုက်လံတိုက်ခိုက်မှုကို ခံခဲ့ရသည်။ ယခုတော့ ဆရာကြီးကျိယွဲ့က သူနှင့် မယှဉ်နိုင်တော့ပေ။
မုန့်ချီကတော့ သူ၏ကိုယ်ပိုင်ကမ္ဘာကြီးထဲတွင် လူတိုင်း၏အဆင့်ကို မြင်နိုင်နေသည့်အတွက် မှင်တက်နေခဲ့ခြင်း မရှိတော့ချေ။ ထို့ကြောင့် သူက တည်ငြိမ်အေးချမ်းနေခဲ့၏။ သူက အလုံးစုံမျက်လုံးမှတစ်ဆင့် ဆရာကြီးကျိယွဲ့၏ အစစ်အမှန်ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။
မုန့်ချီက ပြုံးလိုက်၏။
"ဆရာကြီးကျိယွဲ့ ..
ငါက အခုအချိန်အထိ ငါ့ကိုယ်ငါ တရားဝင်မိတ်ဆက်မပေးရသေးဘူး…"
ဆရာကြီးကျိယွဲ့က တည်ငြိမ်သွားခဲ့သည်။ သူက မုန့်ချီကို လျစ်လျူရှုရဲခြင်း မရှိပေ။ မည်သို့ဖြစ်သည့်ကာမူ မုန့်ချီက ဝေ့ကျင်းအဆင့်ကို ရောက်နေပြီဖြစ်၏။
သူက ပြန်ဖြေလိုက်သည်။
"တကယ်လို့ မင်းသာ ငါ့သားကို ဓားစာခံအဖြစ် ဖမ်းမသွားဘူးဆိုရင် ငါလည်း အဲဒီလိုမျိုး လုပ်ခဲ့မှာ မဟုတ်ဘူး ..."
တိတ်ဆိတ်ခြင်း ဗုဒ္ဓဘုန်းတော်ကြီး၊ ကြယ်ခူးအင်မော်တယ်နဲ့ သက်လက်ပိုင်းအရွယ် လှုပ်ရှားခြင်းဓားအင်မော်တယ်တို့က တိတ်ဆိတ်နေကြသည်။ ထိုလူငယ်တာအိုသခင်က ချင်းယွမ်ဖြစ်ကြောင်း သူတို့လည်း နားလည်သွားကြပြီဖြစ်၏။
"သူက ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီ။ သူက ဟွမ်ဖူတောင်ကို ယှဉ်နိုင်မှာလား... "
မုန့်ချီကတော့ အတိတ်တွင် ပိတ်မိမနေခဲ့ပေ။ သူက လက်(၂)ဖက်ကို နောက်ပစ်ထားခဲ့ပြီး လှုပ်ရှားနေသော အငွေ့များကိုကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဒါက ရှေးဟောင်းကျန်းဝူအင်ပါယာရဲ့အုတ်ဂူပဲ ... ဒီအတွင်းထဲမှာ မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင် ပိတ်မိနေတယ်…"
"ဘယ်လို..."
ဟယ်ကန်ရှန့် အပါအဝင် လူတိုင်းက အံ့သြသွားခဲ့ကြ၏။ ထိုအုတ်ဂူက ရှေးဟောင်းပညာရှင် တစ်ယောက်၏ အုတ်ဂူဖြစ်ကြောင်း သူတို့က ကြားဖူးကြသည်။ သို့သော် ထိုပညာရှင်က ရှေးဟောင်းပညာရှင်(၅)ယောက်ထဲတွင် အပါအဝင် ဖြစ်နေမည်ဟု သူတို့လည်း လုံးဝမတွေးမိကြပေ။
"တကယ်ပဲလား ..."
မုန့်ချီက ဆရာကြီးကျိယွဲ့ကို ပြန်လှည့်ကြည့်လိုက်သည်။
"အုတ်ဂူထဲကို ဝင်သွားတဲ့ လူတိုင်းက ထိန်းချုပ်ခံရနိုင်ပြီး နောက်ပိုင်းနှစ်တွေမှာ ရူးသွပ်သွားကြတယ်။ သူတို့ရဲ့ကျင့်စဉ်တွေလည်း ပြောင်းလဲလာပြီး ဝေ့ကျင်းအဆင့်ကို ရောက်ပြီးသွားရင် ပထမကောင်းကင်လှေကားကို မဖြတ်ကျော်နိုင်တော့ဘူး…"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…"
ဆရာကြီးကျိယွဲ့နှင့် ကြယ်ခူးအင်မော်တယ်တို့က တပြိုင်နက်တည်း ပြောလိုက်ကြသည်။ ဟယ်ကန်ရှန့်နှင့်တခြားလူများကလည်း အံ့ဩနေကြ၏။
မုန့်ချီက ပြုံးလိုက်သည်။
"မင်းတို့က အဲဒီကျင့်စဉ်တွေနဲ့ ပတ်သက်ပြီး ငါ့ထက်ပိုသိကြမှာပေါ့။ ဥပမာအနေနဲ့ ပြောရရင် ထိုက်ယင်နတ်ဆိုးသုတ်သင်ရေးကျင့်စဉ်က ပြောင်းလဲထားတယ် ...။ ကျင့်စဉ်ထဲမှာရှိတဲ့ ရေဓာတ်နဲ့ မီးဓာတ်တွေက မျှတမှုမရှိဘူး ... ခင်ဗျားတို့ထဲမှာလည်း ရေဓာတ်အရမ်းများတာတွေ ဒါမှမဟုတ် မီးဓာတ်အရမ်းများတာတွေ ရှိကြတာပဲလေ။ ဆရာကြီးကျိယွဲ့ … ခင်ဗျားက မွန်းတည့်ချိန်မှာဆိုရင် မူးဝေသလိုမျိုး ခံစားရလိမ့်မယ် ။ မနက်အစောပိုင်းဆိုရင် နောက်ကျောက ကိုက်ခဲသလိုမျိုး ခံစားရတယ် မဟုတ်လား…"
သူက ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်နဲ့ လောကသခင်ဓားသိုင်း(၆)ကွက်ကို နားလည်ထားခဲ့သည်။ ထို့ပြင် ကောင်းကင်ရွှေကျင့်စဉ်နှင့် အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်တို့ကိုလည်း လေ့ကျင့်ထားခဲ့၏။ သူက အဆင့်တူ တခြားပညာရှင်များထက် ပို၍အသေးစိတ်နားလည်နိုင်သည်။ ထို့ကြောင့် ယခုသူက နတ်ဆိုးသုတ်သင်ရေးကျင့်စဉ်၏ အဓိကပြဿနာကို ထောက်ပြလိုက်ခြင်းဖြစ်သည်။
ဆရာကြီးကျိယွဲ့က မျက်မှောက်ကြုတ်လိုက်မိပြီး လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သူ့ရင်ထဲတွင်လည်း တဒိန်းဒိန်းခုန်နေခဲ့၏။
"ဒီကျင့်စဉ်ကို လကျေးရွာထဲမှာ ရှိတဲ့သူတွေပဲ သိတယ် ။ အပြင်လူတွေ မသိဘူး။ ဒါဆိုရင် တကယ်ပဲ ဒီကျင့်စဉ်ကို မကောင်းဆိုးဝါးက ပြောင်းလဲထားတာလား…"
အမှန်အတိုင်း ပြောရလျှင် နှစ်ပေါင်းများစွာ အတောအတွင်း လကျေးရွာထဲတွင် ရှိနေသောလူများက ထိုကျင့်စဉ်ထဲတွင် ပြဿနာတစ်ခုကို အမှန်တကယ် တွေ့ခဲ့ကြသည်။ ဖြေရှင်းချက်တချို့ ထွက်ပေါ်လာခဲ့သော်လည်း သူတို့က ထိုအရာကို ဖြေရှင်းရန် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် သူတို့က ထိုကျင့်စဉ်လေ့ကျင့်၍ သေဆုံးသွားသော ကျင့်ကြံသူများ၏အလောင်းကို လေ့လာပြီး အဖြေတစ်ခု ရှာဖွေခြင်းသာ လုပ်ဆောင်နိုင်ကြသည်။
အလွန်ချောမောခန့်ညားပြီး တာအိုသခင်ဝတ်စုံဝတ်ဆင်ထားသော တာအိုသခင်ငယ်လေးက ရှေးဟောင်းအင်ပါယာ(၅)ယောက်ထဲမှ တစ်ယောက် ဖြစ်သော ကျန်းဝူအင်ပါယာ အကြောင်းကို အတော်လေး သိနေခဲ့သည်။ သူက မကောင်းဆိုးဝါးဝိညာဉ်နှင့် ဟာကွက်ရှိနေသော ကျင့်စဉ်အကြောင်းကိုလည်း ပြောပြနေခဲ့၏။
ထိုလူငယ်တာအိုသခင်က လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍မရနိုင်ကြောင်း ကြယ်ခူးအင်မော်တယ်နှင့် တခြားသူများကလည်း သိနေကြသည်။ သူ၏အခြေအနေကို စစ်ဆေးပြီး ထိုလူငယ်တာအိုသခင်လေးက လျှို့ဝှက်ချက် အမြောက်အများကို သိနေပုံရ၏။
"လွန်ခဲ့တဲ့နှစ်တွေတုန်းက သူက တံခါး(၈)ပေါက်အဆင့်ပဲ ရှိနေသေးတယ်။ အခု သူက ဝေ့ကျင်း ဘယ်အဆင့်ကို ရောက်သွားပြီလဲ။ သူက ဟွမ်ဖူတောင်လိုမျိုး ကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်ခဲ့ပြီလား ..."
အနက်ရောင်အငွေ့များ ထွက်ပေါ်လာပြီး အောက်ဘက်မှ ကြားနေရသော အော်သံများက ပြင်းထန်လာခဲ့သည်။ မုန့်ချီက ဆရာကြီးကျိယွဲ့ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး လူအုပ်ကြီးကို ပြောလိုက်၏။
"ငါက မကောင်းဆိုးဝါးဝိညာဉ်ကို သွားပြီးတော့ ရှင်းပစ်မလို့ .။ မင်းတို့က ဝေးဝေးမှာနေတာ ပိုကောင်းမယ်…."
"မကောင်းဆိုးဝါးဝိညာဉ်ကို ရှင်းပစ်မှာလား ... သူက အဲဒီလို လုပ်ချင်နေတာလား။ ရွာ(၉)ရွာရဲ့ တည်ထောင်သူတွေနဲ့ ဟွမ်ဖူတောင်တို့ကတောင် ပိတ်မိနေခဲ့တာ မဟုတ်လား…"
သို့သော် မုန့်ချီကတော့ အနက်ရောင်အငွေ့များ၏အနားကို ဆင်းသက်သွားခဲ့သည်။
"ဒကာလေး…
ဝေ့ကျင်းအဆင့် ဖုတ်ကောင်တွေကို သတိထား…"
တိတ်ဆိတ်ခြင်းဘုန်းတော်ကြီးက မနေနိုင်တော့ဘဲ အော်ပြောလိုက်သည်။
တိတ်ဆိတ်ခြင်းဘုန်းတော်ကြီးက ထိုစကားကို အော်ပြောလိုက်သည့်အချိန်တွင် သူတို့အားလုံးက ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားသော ဝေ့ကျင်းအဆင့် ပညာရှင်များ၏ အငွေ့အသက်ကို ခံစားမိလိုက်ကြသည်။
ထိုအချိန်တွင် မုန့်ချီက သူ၏ဓားမောက်ကို မြှောက်လိုက်ရာ သူ၏ဓားမောက်ထိပ်ဖျားတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့သည်။
"ဂျိမ်း…"
သူက လေဟာနယ်၏တစ်နေရာကို ဓားမောက်နှင့် ခုတ်ချလိုက်သည်။ စုစည်းလာသော မိုးကြိုးများက နောက်တစ်ကြိမ် ပေါက်ကွဲသွားခဲ့၏။ ထိုအချိန်တွင် ကောင်းကင်ပေါ်၌ ပျံဝဲနေသော ပညာရှင်များ၏ မျက်လုံးထဲ၌ အနီရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။
"ဘုန်း…"
ထိုအလင်းရောင်များက ခရမ်းရောင် ပြောင်းလဲသွားပြီး နေရာတိုင်းကို လျင်မြန်စွာ ပြန့်နှံ့သွားခဲ့၏။ အလင်းတန်းပင်လယ်ကြီးကလည်း မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ဝေ့ကျင်းအဆင့် ဖုတ်ကောင်များက လွှမ်းခြုံခံလိုက်ရပြီး တောင်တန်းများက ပိတ်ဆို့ခံလိုက်ရ၏။ အလင်းတန်းများ ရောက်ရှိသွားသော နေရာတိုင်းတွင် အရာအားလုံးကို ဝါးမျိုသွားခဲ့သည်။
"ဘုန်း…"
တောင်တန်းများက အက်ကွဲသွားခဲ့ပြီး အလောင်းများက မည်းတူးသွားခဲ့သည်။ ပင်မဝိညာဉ်များကလည်း အငွေ့ပျံသွားခဲ့သည်။ အုတ်ဂူကြီးကသာ ပေါ်လာခဲ့၏။
"ခန့်မှန်းလို့ မရနိုင်တဲ့ ခုတ်ချက်မျိုးပဲ…"
တိတ်ဆိတ်ခြင်းဘုန်းတော်ကြီးနှင့် တခြားသူများအားလုံးက တစ်ကိုယ်လုံး အေးစက်သွားကြ၏။ သူတို့၏ခန္ဓာကိုယ်ထဲတွင် လျှပ်စီးကြောင်းများ ဖြတ်သန်းနေသည့်အလား တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။
"သူ့အဆင့်ကိုလည်း မျှော်မှန်းကြည့်လို့တောင် မရဘူး ...”
“ဒီမိုးကြိုးသွား ဓားမောက်သိုင်းပညာက ဒီလိုလည်း သုံးလို့ရနိုင်တာပဲ။ အတော်လေး ကြောက်ဖို့ကောင်းတယ်"
ဟယ်ကန်ရှန့်ကတော့ ထိုခုတ်ချက်ကို သေချာစိုက်ကြည့်နေခဲ့၏။
"တော်တော်ကြောက်စရာကောင်းတဲ့ ခုတ်ချက်ပဲ…"
အငွေ့အသက်နှင့် ခုတ်ချက်၏အစွမ်းကို ခံစားမိသည့်အခါ ဆရာကြီးကျိယွဲ့က အသက်ကို ပြင်းပြင်းရှူနေရသည်။ သူက အနက်ရောင်အငွေ့များထဲတွင် လှည့်လည်သွားလာနေပြီး ထွက်ပြေးရန် ဆန္ဒမရှိချေ။ သူ၏စွမ်းအား(၁၀)ဆ တိုးမြင့်လာမည်ဆိုလျှင်ပင် ထိုခုတ်ချက်ကို ရင်ဆိုင်နိုင်မည်မဟုတ်ချေ။ ထိုအရာက သူမြင်ဖူးသမျှ တိုက်ခိုက်မှုများထဲတွင် အစွမ်းထက်ဆုံး တိုက်ခိုက်မှုလည်းဖြစ်သည်။
"ချင်းယွမ်က ဘယ်လိုအဆင့်မျိုးကို ရောက်နေတာလဲ ... သူက ဟွမ်ဖူတောင်ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တယ်…."
သူက ထိုကဲ့သို့လူတစ်ယောက်ကို လိုက်လံတိုက်ခိုက်မိခဲ့ကြောင်း စဉ်းစားမိသည့်အခါ ခေါင်းထဲတွင် မူးဝေလာခဲ့သည်။ သူ၏ပင်မဝိညာဉ်ကလည်း တည်ငြိမ်နိုင်ခြင်း မရှိတော့ချေ။ သူက အဝေးကို ဆိုးဆိုးဝါးဝါး ထွက်ပြေးသွားချင်နေခဲ့၏။
သူက အစွမ်းကုန်တိုက်ခိုက်လိုက်သည့်အချိန်တွင် မုန့်ချီ၏ သတိပေးချက်က စိတ်ထဲတွင် ပေါ်လာခဲ့သည်။ မတည်ငြိမ်သော စိတ်အခြေအနေတွင် ဆရာကြီးကျိယွဲ့က သူ၏နှလုံးသားနှင့် နောက်ကျောနာကျင်မှုကို ရုတ်တရက် ခံစားမိခဲ့၏။ သူက ကြယ်များကို စတင်မြင်လာရပြီး သွေးအန်လိုက်ရသည်။
ချင်းယွမ်က သူ့ကို မတိုက်ခိုက်ရသေးခင် သူကတော့ ကြောက်လန့်မှုကြောင့် ချီစွမ်းအင်သွေဖယ်မှုကို ခံစားရလုမတတ် ဖြစ်သွားခဲ့သည်။
Translated by Hein Htet.