အခန်း (၆၄၉)
Vol. 44 Ch. 649
အနက်ရောင်မြူခိုးများက ပျောက်ကွယ်သွားခဲ့ပြီး အလွန်အိုမင်းနေသော အုတ်ဂူကြီးတစ်ခု ပေါ်လာခဲ့သည်။ အပြင်ဘက်မှ ကြည့်လိုက်မည်ဆိုလျှင် မကောင်းဆိုးရွားဆန်သောအရာများကို ပိတ်လှောင်ထားနိုင်သည့် နေရာကြီးတစ်ခုကဲ့သို့ ထင်မှတ်ရ၏။
ယခုတော့ ကုန်းမြေကြီးက အနည်းငယ် ပြောင်းလဲသွားပြီဖြစ်ပြီး အုတ်ဂူကြီးက အနည်းငယ် ပြန်ပေါ်လာခဲ့၏။ သိပ်မကြာခင် ရှေးဟောင်းအင်ပါယာ (၅)ယောက်ထဲမှ တစ်ယောက်ဖြစ်သော မကောင်းဆိုးရွားဝိညာဉ်တစ်ခုကလည်း အလိုလို ပေါ်လာတော့မည် ဖြစ်သည်။
မုန့်ချီက သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေသော်လည်း အဆင့်အရ ပြောရမည်ဆိုလျှင်တော့ မကောင်းဆိုးရွားဝိညာဉ်ထက် နိမ့်ကျနေသေး၏။ သူက အနည်းငယ်လေးပင် သတိမလွတ်စေရန် ဆုံးဖြတ်ထားခဲ့သည်။
သူက ညာဘက်လက်တွင် ကောင်းကင်ပြစ်ဒဏ်ဓားကို ကိုင်ဆောင်ထားပြီး ဘယ်ဘက်လက်ထဲတွင် အနက်ရောင်အလံတစ်ခုကို ကိုင်ဆောင်ထားသည်။ အနက်ရောင်အလံဆီမှ အငွေ့အသက်များ ထွက်ပေါ်လာနေပြီး မုန့်ချီကို ဖုံးကွယ်ပေးထား၏။
တခဏအတွင်း တိတ်ဆိတ်ခြင်း ဗုဒ္ဓဘုန်းတော်ကြီးနှင့် ဟယ်ကန်ရှန့်တို့က အလွန်ကြီးကျယ်ခမ်းနားသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားမိခဲ့သည်။ ထိုအငွေ့အသက်က သူတို့ကို တုန်လှုပ်ခြောက်ခြားစေနိုင်ပြီး သူတို့ လုံးဝမခံစားခဲ့ဖူးသော အရာတစ်ခုကို ပေးနိုင်သည်။
တခဏအတွင်း မြူခိုးများက မိုင်(၁၀၀)ခန့်အတွင်း ပျံ့နှံ့သွားပြီး စိုစွတ်သော ပတ်ဝန်းကျင် အခြေအနေတစ်ခုကို ဖန်တီးပေးလိုက်သည်။ ရေစက်လေးများက သူတို့၏ အရေပြားပေါ်တွင် ဖုံးလွှမ်းလုမတတ် ဖြစ်လာပြီး ဝေ့ကျင်းအဆင့် ပညာရှင်များ၏ အာရုံခံနိုင်စွမ်းကပင် မြူခိုးများကို ထိုးဖောက်၍ မရနိုင်တော့ပေ။
မြူခိုးများထဲတွင် သူတို့က အုတ်ဂူဝင်ပေါက် အပြင်ဘက်ကိုသာ စစ်ဆေးကြည့်နိုင်ခဲ့၏။ မုန့်ချီ၏အငွေ့အသက်များကြောင့် သူတို့က ထိတ်လန့်ကြောက်ရွံ့နေကြသည်။
“တော်တော်ကြောက်စရာကောင်းတာပဲ…”
ကြယ်ခူးအင်မော်တယ်နှင့် တခြားပညာရှင်များက အစစ်အမှန် အင်မော်တယ် တစ်ယောက်ကို တွေ့နေရသည့်အလား အသက်ကိုပင် အောင့်ထားမိသည်။ ထိုအငွေ့အသက်က ပင်လယ်ရေလှိုင်းကြီးအလား တိုးထွက်လာချိန်တွင် ဆရာကြီးကျိယွဲ့ဆီ၌ အတွေးတစ်ခုတည်းသာ ရှိသည်။
“ကြောက်စရာကောင်းတယ်။ ဒါက တော်တော်လေး ကြောက်စရာကောင်းတယ်…”
အစောပိုင်းတွင် မုန့်ချီ၏တိုက်ခိုက်မှုကြောင့် သူက ထိတ်လန့်သွားခဲ့ပြီး သူ၏စွမ်းအား(၁၀)ဆ တိုးမြင့်လာလျှင်ပင် မုန့်ချီကို မယှဉ်နိုင်ကြောင်း ယုံကြည်နေခဲ့သည်။
ယခုတော့ မုန့်ချီ၏အငွေ့အသက်များက ပို၍ပြင်းထန်လာခဲ့၏။ ထိုအငွေ့အသက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူက နေမင်းကြီး၏အရှေ့တွင် ရှိနေသော ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ ခံစားလိုက်ရ၏။ မုန့်ချီဆီမှ လှုပ်ရှားမှုလေးတစ်ခုကပင် သူ့ကို ငရဲပြည်သို့ ပို့ဆောင်ပေးနိုင်သလို ခံစားနေရသည်။
ထိုအငွေ့အသက်များက သူ့ဆီမှဖြစ်စေ၊ သူ၏လက်နက်များဆီမှ ထွက်ပေါ်လာခြင်းဖြစ်စေ ချင်းယွင်က အမှန်တကယ်ကို စွမ်းရည်မြင့်မားသည်။ ချင်းယွင်က သူ့ကို လက်တုံ့ပြန်တော့မည့်အကြောင်း စဉ်းစားမိသည့်အချိန်တွင် ဆရာကြီးကျိယွဲ့က မသက်မသာ ခံစားခဲ့ရ၏။
သူကတော့ ဝမ်းနည်းစရာကောင်းသော ကံကြမ္မာနှင့် လကျေးရွာ၏ ကျရှုံးမှုကိုပင် စတင်စဉ်းစားနေမိခဲ့သည်။ ပုံရိပ်ယောင်များထဲတွင် သူ၏နှလုံးသားက မီးတောက်နေသည့်အလား နာကျင်မှုကို ခံစားနေခဲ့ရ၏။ ထိုအချိန်တွင် သူ၏နောက်ကျောက နာကျင်သွားသလို ခံစားလိုက်ရသည်။ နာကျင်မှု၏ နှိပ်စက်မှုကြောင့် ခန္ဓာကိုယ်က ပျက်စီးသွားသလိုပင် ဖြစ်နေခဲ့၏။
“ချီစွမ်းအင် သွေဖယ်မှုလား…”
သူ့ရှေ့တွင် ရှိနေသော အရာအားလုံးက မည်းမှောင်သွားကြောင်း ဆရာကြီးကျိယွဲ့က ခံစားလိုက်ရ၏။ သူက ရုန်းကန်မနေတော့ဘဲ သူ့ကိုယ်သူ ကျဆင်းခွင့်ပေးလိုက်သည်။
သူ ပြုတ်ကျလာသည်ကို သတိထားမိသွားသည့်အတွက် ကြယ်ခူးအင်မော်တယ်က သူ့ကိုပြေးဖမ်းလိုက်သည်။ မဟုတ်လျှင် မြေပေါ်သို့ပြုတ်ကျပြီးနောက် အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားမည်ဖြစ်၏။
“ဘာဖြစ်တာလဲ….”
ကြယ်ခူးအင်မော်တယ်က မျက်မှောင်ကြုတ်လိုက်မိသည်။
ဆရာကြီးကျိယွဲ့က အပေါ်ဘက်ကို မော့ကြည့်နေခဲ့၏။ ကြယ်ခူးအင်မော်တယ်၏ မျက်လုံးထဲတွင်တော့ သူ့ပုံစံက သနားစရာကောင်းသော အခြေအနေမျိုး ဖြစ်နေသည်။ ဆံပင်များက ဖွာလန်ကျဲနေပြီး ပါးနှစ်ဖက်က သွေးမရှိတော့သလို ဖြစ်နေခဲ့သည်။ မျက်လုံးများကလည်း မှေးမှိန်နေပြီး သူ၏အငွေ့အသက်က လှုပ်ရှားနေခဲ့၏။
နတ်ဆိုးသုတ်သင်ရေးအလံ၏ အငွေ့အသက်များ လွှမ်းခြုံထားသည့် မုန့်ချီက အုတ်ဂူထဲသို့ ဝင်သွားခဲ့သည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ကြားထဲတွင် ရှိနေသော နယ်ခြားအပါအဝင် အမှတ်အသားအားလုံးက ပျောက်ကွယ်သွားခဲ့သည်။ ပျက်စီးနေသော နံရံများနှင့် အပျက်အစီးများကိုလည်း နေရာတိုင်းတွင် တွေ့မြင်နိုင်ပြီး ပုတ်သိုးနေသောအရာများက ပျံ့ကျဲနေကြ၏။ နဂါးထိန်းစင်မြင့်တစ်ခုတည်းသာ အပေါ်ဘက်တွင် ဆက်လက်ရှိနေပြီး တစ်ခုတည်း အထီးကျန်နေသလို ဖြစ်နေခဲ့သည်။
အုတ်ဂူကြီးတစ်ခုလုံးက အတွင်းထဲတွင် ရှိနေသော အရာအားလုံးကို ဖိနှိပ်နေသလို ထင်မှတ်ရသည်။ မုန့်ချီက ခန္ဓာကိုယ် လေးလံလာသလို ခံစားနေရပြီး လေထဲတွင် ပျံသန်းရန် ခက်ခဲနေခဲ့၏။ ထို့ကြောင့် သူလည်း ရွေးချယ်စရာ မရှိတော့ဘဲ မြေပေါ်သို့ဆင်း၍ လမ်းလျှောက်လိုက်ရသည်။ မုန့်ချီ၏အရှေ့ဘက်တွင် အနက်ရောင်မြူခိုးများ လွှမ်းခြုံနေသည့်အတွက် သူက မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်ခြင်း မရှိချေ။
ထိုခဏအတွင်း မြူခိုးများထဲမှနေ၍ လူတစ်ယောက် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့၏။ သူက ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး သူ၏ပတ်ပတ်လည်တွင်တော့ မိုးကြိုးအလင်းရောင်များ ပြည့်နှက်နေသည့် လှံရှည်တစ်ချောင်းကို ကိုင်ထားခဲ့သည်။ သူ့ပုံစံက ငယ်ရွယ်နုပျိုနေသေးသော်လည်း သူက သက်လတ်ပိုင်းအရွယ် ဖြစ်၏။
သူကတော့ နတ်ဘုရားစုစည်းတောင်ထိပ်၏ ယခင်တောင်ထိပ်သခင်ဖြစ်ပြီး တန်းကန်အင်ပါယာတစ်ယောက်လည်းဖြစ်သော ဟွမ်ဖူတောင်ဖြစ်သည်။ သူက သက်လတ်ပိုင်းအရွယ်တွင် ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်၏။ သူ့ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ခြင်းမရှိဘဲ သူ့ဆီတွင် စွမ်းအားများ ဆက်လက်တည်ရှိနေသေး၏။
ထို့ကြောင့် ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်ကလွဲလျှင် အုတ်ဂူထဲ၌ သူက အစွမ်းထက်ဆုံးဖြစ်သည်။ သူက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်လုနီးပါး ဖြစ်ခဲ့၏။ မုန့်ချီက သူ၏လမ်းညွှန်မှုကိုရခဲ့ပြီး လိပ်နက်ကျောက်စိမ်းပြားလေး၏ ကံကြမ္မာကြောင့် သူ့ကို ကယ်တင်ချင်ခဲ့သည်။ ထို့ကြောင့် သူ၏စွမ်းအားများကို ဖိနှိပ်ထားပြီး ဟွမ်ဖူတောင်ကို မတော်တဆ ဒဏ်ရာ မရစေချင်ခဲ့ပေ။
မုန့်ချီက ချက်ချင်းပင် သူ၏အရှိန်ကို မြန်လိုက်သည်။ သူက တောင်တန်းကြီးတစ်ခုကို ပစ်တိုက်နေသော ရထားတစ်စင်းကဲ့သို့ ဟွမ်ဖူတောင်ဆီကို ပြေးဝင်သွားခဲ့၏။
ဟွမ်ဖူတောင်ကတော့ ကမ္ဘာကြီးနှင့် တောင်တန်းကြီးတစ်ခုလုံးကို သယ်ဆောင်ထားသည့်အလား သူ၏လှံရှည်ကို မြှောက်လိုက်သည်။
ဗုန်း...
လေဟာနယ်က ပြိုလဲသွားခဲ့ပြီး အနက်ရောင်မိုးကြိုးများက မုန့်ချီဆီကို ရောက်လာခဲ့၏။ မိုးကြိုးအလင်းတန်းများက မြေပြင်နှင့် နံရံများကိုပင် ရင်ဆိုင်လိုက်မိ၏။ မိုးကြိုးတိုက်ခိုက်မှုက အမှန်တကယ်ကို အန္တရာယ်များလွန်းသည်။ မုန့်ချီက သူ့ဓားကို ရှေ့သို့ ထုတ်လိုက်ရာ မိုးခြိမ်းသံများအားလုံးက ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့၏။ ဓားသွား၏ပတ်ပတ်လည်တွင်လည်း အလင်းရောင်များ စုစည်းနေပြီး သူတို့က အပ်တစ်ချောင်းစာ အရွယ်အစားထိ ပြောင်းလဲသွားခဲ့သည်။
မုန့်ချီက ပြန်လှည့်လာပြီး ခါးကိုစောင်း၍ ဟွမ်ဖူတောင်၏ လှံရှည်ကို ရှောင်တိမ်းလိုက်သည်။ သူ့ရင်ဘတ်က လှံရှည်ကို ရင်ဆိုင်လိုက်မိ၏။ ထိုလှံရှည်က နောက်ပြန်လွင့်သွားခဲ့ပြီး မုန့်ချီကတော့ အထိအခိုက် မရှိခဲ့ပေ။ ထို့နောက် မုန့်ချီက အောက်ဘက်မှနေ၍ သူ၏ဓားမောက်ကို ကိုင်ထားခဲ့၏။
ဟွမ်ဖူတောင်က သူ၏တိုက်ခိုက်မှုကို လှံရှည်နှင့် တားဆီးလိုက်သည်။ ဓားမောက်နှင့် လှံရှည်တို့က တိုက်ခိုက်မိသွားပြီး မိုးကြိုးပင်လယ်ကြီးတစ်ခုက အုတ်ဂူတစ်ဝက်ခန့်ကို လွှမ်းခြုံသွားခဲ့၏။
ထိုအချိန်တွင် မုန့်ချီ၏နောက်ကျောဘက်၌ တခြားသော လက်တစ်စုံ ထွက်ပေါ်လာခဲ့၏။ ထိုလက်နှစ်ဖက်က ကျောက်စိမ်းကဲ့သို့ စွတ်စွတ်ဖြူနေပြီး ပတ်ပတ်လည်တွင် အဝါရောင်နှင့် ခရမ်းရောင်အလင်းတန်းများ လွှမ်းခြုံနေသည်။ ထို့နောက် သူက လက်တစ်ဖက်နှင့် လက်သီးဆုပ်လိုက်၏။
“ရွှီး...”
အနက်ရောင်မြူခိုးများထဲမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
မုန့်ချီ၏လက်သီးက ဟွမ်ဖူတောင်၏ အကာအကွယ် မိုးကြိုးအလင်းတန်းကို ထိုးဖောက်သွားခဲ့ပြီး သူ၏ဦးခေါင်းကို တည့်တည့်ထိုးမိခဲ့သည်။ ထိုအချိန်တွင် မုန့်ချီက လက်သီးကို ဆုပ်လိုက်ပြီး သူ့လက်ကို နဂါးလက်သည်းအဖြစ် ပြောင်းလဲပစ်လိုက်၏။ ကောင်းမှု၊ ပျော်ရွှင်ခြင်း၊ ကိုယ်ကျင့်တရားနှင့်ဆိုင်သော အငွေ့အသက်များက ဟွမ်ဖူတောင်၏ စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်ကို သန့်စင်၍ သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော မကောင်းဆိုးရွားဆန်သည့်အရာများအားလုံးကို ဖယ်ရှားပေးနေခဲ့သည်။
တခဏအတွင်း မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာခဲ့၏။ သူ၏ပင်မဝိညာဉ်ပေါ်တွင် ကြာပန်းတစ်ခု ပွင့်လန်းလာသည်။ မုန့်ချီ၏ မျက်လုံးများက ကမ္ဘာမြေကြီးကို ငုံ့ကြည့်နေသော ဗုဒ္ဓတစ်ပါးကဲ့သို့ ခန့်မှန်းကြည့်၍ မရနိုင်တော့ပေ။
“ကောင်းကင်နှင့်မြေကြီးလှုပ်ရှားခြင်းကျင့်စဉ်..”
ဟွမ်ဖူတောင်၏ သိစိတ်ပင်လယ်ကြီးက ထွက်ပေါ်လာခဲ့၏။ ထိုအရာကို အနက်ရောင်မြူခိုးများ လွှမ်းခြုံထားခဲ့ပြီး သိစိတ်ပင်လယ်ကြီး၏ ရွှေရောင်လှိုင်းလုံးများကတော့ ထိုမြူခိုးများ၏ အောက်ဘက်တွင် ပိတ်မိနေခဲ့သည်။
ကမ္ဘာဦးရွှေကြာပန်း၏ အကူအညီနှင့် မုန့်ချီက ဟွမ်ဖူတောင်၏ မှတ်ဉာဏ်များကို စုစည်းရန် ကြိုးစားနေခဲ့၏။ လှိုင်းလုံးများ စတင်ထွက်ပေါ်လာသည့်အချိန်တွင် အနက်ရောင်မြူခိုးများက စုစည်းလာပြီး အနက်ရောင်ဝတ်စုံဝတ်ထားသော ကျန်းဝူအင်ပါယာပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
မုန့်ချီက သူ့ဆီကို ကျဆင်းလာနေသော ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်တစ်ခုကို ခံစားမိနေခဲ့၏။ ယခုတော့ သူ၏အတွေးများကပင် စတင်နှေးကွေးလာခဲ့သည်။ သို့သော် ကမ္ဘာဦးရွှေကြာပန်းဆီမှ အလင်းတန်း သန်းပေါင်းများစွာ ထွက်ပေါ်လာသည့်အတွက် ကျန်းဝူအင်ပါယာ၏ တိုက်ခိုက်မှုကို ယာယီတားဆီးနိုင်ခဲ့၏။
သို့သော် မုန့်ချီက ပင်လယ်ကြီးပေါ်တွင် သွားလာနေသော လှေတစ်စင်းကဲ့သို့ ဖြစ်နေသည်။ အချိန်မရွေး မှောက်သွားနိုင်၏။ အခွင့်အရေးကို အရယူပြီး မုန့်ချီက နတ်ဆိုးသုတ်သင်ရေးအလံ၏ အငွေ့အသက်များကို ဟွမ်ဖူတောင်၏ သိစိတ်ပင်လယ်ကြီးထဲသို့ ပေါင်းထည့်ပေးလိုက်သည်။
ဗုန်း...
ဟွမ်ဖူတောင်၏ သိစိတ်ပင်လယ်ကြီးထဲတွင် နောက်ထပ်လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး နောက်ဆုံးတွင်တော့ သူလည်း အနက်ရောင်မြူခိုးများထဲမှ လွတ်မြောက်လာခဲ့၏။
မုန့်ချီနှင့် နတ်ဆိုးသုတ်သင်ရေးအလံ၏ ကျေးဇူးကြောင့် ပိန်ပိန်ပါးပါး ကျန်းဝူအင်ပါယာ၏ လေးနက်သော မျက်နှာအမူအရာက ပျောက်ကွယ်သွားခဲ့ပြီး ဟွမ်ဖူတောင်က သတိပြန်ဝင်လာခဲ့သည်။
မုန့်ချီက ချက်ချင်းပင် ဟွမ်ဖူတောင်ကို အမြန်ဆွဲခေါ်လိုက်ပြီး အပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်။ တစ်ဖက်လူက အုတ်ဂူအပြင်ဘက်သို့ ပျံသန်းသွားခဲ့ပြီး ဟယ်ကန်ရှန့်ဆီသို့ ရောက်သွားခဲ့၏။
“ဆရာ…”
အုတ်ဂူအတွင်းပိုင်းထဲတွင် မည်သည့်အရာများ ဖြစ်နေကြောင်း ဟယ်ကန်ရှန့်က တွေးထားခဲ့ခြင်း မရှိချေ။ သူ့ဆရာက သူ့ဆီသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသည့်အခါ သူက အလွန်ထိတ်လန့်ပြီး စိတ်လှုပ်ရှားသွားခဲ့၏။
နောက်ဆုံးတွင်တော့ ဟွမ်ဖူတောင်က အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လာရသည်။ သူက ခေါင်းညိတ်ပြီး ငုံ့ကြည့်၍ တီးတိုးရေရွတ်လိုက်၏။
“သူက ဒီလိုလူတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တာပဲ…”
တချိန်တည်းတွင် အုတ်ဂူ၏ အတွင်းပိုင်းထဲတွင်တော့ အနက်ရောင်မြူခိုးများက ဆက်လက်ထွက်ပေါ်လာပြီး တဖြည်းဖြည်းနှင့် အနက်ရောင်ဝတ်စုံဝတ်ပြီး သရဖူဆောင်းထားသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏မျက်နှာက ပိန်ပိန်ပါးပါး ဖြစ်ပြီး မျက်လုံးများက အလွန်လေးနက်နေသည်။
ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်၏ရှေ့တွင် မုန့်ချီက အလွန်သတိထားနေခဲ့၏။ အကယ်၍ မကောင်းဆိုးရွားဝိညာဉ်ဆီတွင် ကျန်းဝူအင်ပါယာ၏ အစွမ်းမျိုး မရှိလျှင်ပင် သူ့ဆီ၌ တစ်ဖက်လူ၏ အမြင်အာရုံ၊ အသိပညာနှင့် အတွေ့အကြုံများ ရှိနေနိုင်သေးသည်။ နတ်ဘုရားလက်နက် ပိုင်ဆိုင်ထားသော်လည်း မုန့်ချီက မကောင်းဆိုးရွားဝိညာဉ်ကို လျော့မတွက်ရဲပေ။
မကောင်းဆိုးရွားဝိညာဉ်၏ အငွေ့အသက်များက အလွန်ဝေဝါးနေသည့်အတွက် မုန့်ချီက ကျန်ရှိနေသော သူ၏စွမ်းအားများကို စစ်ဆေးကြည့်နိုင်ခြင်း မရှိချေ။ မကောင်းဆိုးရွားဝိညာဉ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး အုတ်ဂူထဲမှ လွတ်မြောက်သွားနိုင်၏။ သူ့ဆီတွင် စွမ်းအားမည်မျှကျန်နိုင်မည်နည်း။
ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်က ချက်ချင်း တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ ထိုအစား သူက နတ်ဆိုးသုတ်သင်ရေးအလံကို စိုက်ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
“သူက ငါ့ကို ထွက်သွားခွင့်မပေးခဲ့ဘူး…”
သူ ဆိုသည်မှာ နတ်ဆိုးသုတ်သင်ရေးဘိုးဘေး ကျန်းဝူအင်ပါယာကို ဆိုလိုခြင်းဖြစ်သည်။ မုန့်ချီက ကျန်းဝူအင်ပါယာ၏ တည်နေရာကို စုံစမ်းကြည့်တော့မည့်အချိန်တွင် မကောင်းဆိုးရွားဝိညာဉ်က ဆက်ပြောလိုက်၏။
“အုတ်ဂူအပြင်ဘက်မှာ မင်း သုံးလိုက်တဲ့ ဓားမောက်သိုင်းပညာက ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်ကို အခြေခံထားတယ်။ မင်းက လက်ရှိအဆင့်မျိုးနဲ့ အဲဒီလို ဓားမောက်သိုင်းပညာမျိုးကို အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ ငါက ယူဆမိတယ်။ မင်းက မိုးကြိုးနတ်ဘုရားရဲ့နောက်ဆုံးဆက်ခံသူလား…”
“ဟုတ်တယ်…”
ဘာကြောင့် မကောင်းဆိုးရွားဝိညာဉ်က ထိုသို့မေးခဲ့ကြောင်း မုန့်ချီက နားမလည်နိုင်သည့်အတွက် တိုတိုတုတ်တုတ်သာ ပြန်ဖြေလိုက်သည်။
ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်က ရယ်လိုက်၏။
“ကောင်းကင်ခုံရုံး ပျက်စီးသွားတဲ့အချိန်မှာ မိုးကြိုးနတ်ဘုရားက ဒီနေရာမှာ ရှိနေခဲ့တယ်…”
“ကောင်းကင်ခုံရုံးပျက်စီးသွားပြီးတော့ ရှေးဟောင်းမိုးကြိုးနတ်ဘုရားက ဒီနေရာကို တကယ်ပဲ ရောက်လာခဲ့တာလား။ သူက ကျန်းဝူအင်ပါယာကို ခြေရာခံပြီး ဒီနေရာမှာ အဆုံးသတ်ဖို့ ကြိုးစားခဲ့တာလား…”
မုန့်ချီက ထိတ်လန့်သွားခဲ့ပြီး မကောင်းဆိုးရွား ဝိညာဉ်ကို မသေမချာ စိုက်ကြည့်လိုက်မိသည်။ မကောင်းဆိုးရွားဝိညာဉ်က ထိုဇာတ်လမ်းများနှင့် သူ့ကို ရှုပ်ထွေးအောင် လုပ်ဆောင်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း သူသိနေသည်။ ထို့နောက် တိုက်ခိုက်ရန် အခွင့်ကောင်းကို စောင့်ဆိုင်းနေမည်ဖြစ်၏။
သို့သော် တစ်ချိန်တည်းတွင် သူလည်း နားထောင်ချင်မည်ဖြစ်ကြောင်း မကောင်းဆိုးရွားဝိညာဉ်က သိနေခဲ့သည်။ ထိုအကြောင်းအရာများကို များများသိလာလေလေ သူက ကောင်းကင်လမ်းညွှန်ချက်(၇)သွယ်မှ သိုင်းကွက်များကို ရရှိရန် ပို၍အကျိုးအမြတ်များလေလေဖြစ်သည်။
Translated by Hein Htet.