အခန်း (၆၅၁)
Vol. 44 Ch. 651
ဓားအလင်းရောင်က မုန့်ချီ၏ မျက်လုံးတည့်တည့်ကို ဝင်ရောက်လာခဲ့သည်။ သူ၏မျက်လုံးထဲတွင်တော့ အလင်းတန်းများသာ လုံးဝပြည့်နှက်နေခဲ့၏။ အုတ်ဂူ၏ အတွင်းပိုင်းထဲတွင် ရှိနေသော မြင်ကွင်းများအားလုံးက အိပ်မက်တစ်ခုသဖွယ် ပြောင်းလဲသွားခဲ့သည်။
သူ့ခန္ဓာကိုယ်ကလည်း ဓားအလင်းတန်းများကြောင့် လင်းလက်လာခဲ့၏။ သူ၏ကိုယ်တွင်းအင်္ဂါများ၊ သွေးကြောများနှင့် အရိုးများကလည်း အလင်းရောင်အောက်တွင် အသေးစိတ် ပေါ်လာခဲ့ရ၏။ ထို့ပြင် ပို၍သေးငယ်သော ခန္ဓာကိုယ်၏ အသေးစိတ် အချက်အလက်များပင် ပေါ်လာခဲ့သည်။
သူ၏ခန္ဓာကိုယ်က အလွန်သေးငယ်သော အမှုန်အမွှားလေးများအဖြစ် ပြောင်းလဲသွားပြီး ဓားအလင်းတန်းကို တားဆီးနိုင်ခြင်း မရှိတော့သလို မုန့်ချီက ခံစားနေရ၏။ သူ၏ချီစွမ်းအင် အတွင်းပိုင်းနှင့် ပုံရိပ်ယောင်ခန္ဓာများအားလုံးကလည်း မစစ်မှန်တော့သလို ဖြစ်လာခဲ့သည်။
အစွမ်းထက်သော အလင်းတန်းနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီ၏ လှုပ်ရှားမှုများအားလုံးက ကျရှုံးသွားခဲ့ရ၏။ ဓားအလင်းတန်းက သူ့ကို လျှို့ဝှက်ဆန်းကြယ်စွာ ထိုးဖောက်လာခဲ့ပြီး စည်းမျဉ်းများ၊ နိယာမများအားလုံးကို လျစ်လျူရှုထားခဲ့သည်။ ထိုအလင်းတန်းက သန့်စင်ထက်မြက်ပြီး ပြင်းထန်သည့်အပြင် ဓားဆန္ဒများနှင့် ပြည့်နှက်နေခဲ့သည်။
မုန့်ချီက သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည့်အချိန်တွင် သူ၏ပင်မဝိညာဉ် တစ်ခုတည်းကသာ တည်ငြိမ်ပြီး ထိန်းချုပ်နိုင်စွမ်း ရှိနေသေးကြောင်း တွေ့လိုက်ရ၏။ ထိုအရာက ဓားအလင်းရောင် မုန်တိုင်းအောက်တွင် ဒယိမ်းဒယိုင် ဖြစ်နေသေးသည်။ ထိုအရာက ကောင်းကင်လမ်းညွှန်(၇)ချက်မှ သိုင်းကွက်တစ်ခုဖြစ်၏။ ထိုအရာက တာအိုကိုဖြတ်တောက်ပြီး အစစ်အမှန်ကို ရှာဖွေခြင်းဟူသော သိုင်းကွက်လည်းဖြစ်သည်။
မုန့်ချီ၏ ပင်မဝိညာဉ်အတွင်းပိုင်းထဲတွင် ရွှေရောင်ကြာပန်းတစ်ခု ပေါ်လာခဲ့သည်။ ထိုကြာပန်းဆီမှ ဖရိုဖရဲ အလင်းရောင်များ ထွက်ပေါ်လာပြီး အလင်းရောင် သန်းပေါင်းများစွာ တောက်ပလာခဲ့၏။ အလင်းတန်းများက ကြောက်စရာကောင်းသော ဓားဆန္ဒများကို တားဆီးလိုက်ပြီး ပတ်ဝန်းကျင် ကမ္ဘာကြီး၏ စည်းမျဉ်းဖိအားများကို ဖယ်ရှားပစ်လိုက်သည်။
ထို့ကြောင့် မုန့်ချီက စဉ်းစားရန် အချိန်ရရှိသွားခဲ့ပြီး ကျန်ရှိနေသော လက်နက်အနည်းငယ်ကို ကောင်းကောင်း ဆုပ်ကိုင်နိုင်ခဲ့သည်။
"ဒါကြောင့်လည်း ကောင်းကင်ဘိုးဘေးရဲ့ ပထမတံဆိပ်(၃)မျိုးက ကောင်းကင်လမ်းညွှန်ချက်နဲ့ ဗုဒ္ဓကျင့်စဉ်တွေကိုတောင် ယှဉ်နိုင်တာပဲ ..."
မုန့်ချီက ထိုကဲ့သို့ နားလည်သွားခဲ့သည်။ ထိုကမ္ဘာဦးရွှေကြာပန်းက တာအိုကို ဖြတ်တောက်ခြင်းနှင့် အစစ်အမှန်ကို ရှာဖွေခြင်းဟူသော သိုင်းကွက်၏ စိတ်ပိုင်းဆိုင်ရာဖိအားများကိုလည်း ဖယ်ရှားပစ်နိုင်သည်။
"မဟုတ်ရင် ငါက အချိန်စီးကြောင်းထဲမှာ ပိတ်မိသွားတော့မှာ..။ အရာအားလုံး နှေးကွေးသွားပြီး ဓားအလင်းတန်းက မျက်ခုံးကြားထဲ ထိုးဖောက်လာတာကိုပဲ ငါက ကြည့်နေရတော့မှာ။ ဒါဆိုရင်တော့ နောက်ဆုံးမှာ ငါ့ကိုယ်ငါ ပြန်မြင်လာရလိမ့်မယ် .။ ဒါက ဉာဏ်အလင်းပွင့်မှုအဆင့်မှာ ကျန်းကျိဝေရခဲ့တဲ့ အနန္တဓားသိုင်းနဲ့ တူတယ်…"
သူက သူ၏ခန္ဓာကိုယ်စွမ်းအားနှင့် အတွင်းအားများကို အသုံးမပြုနိုင်ခြင်း သို့မဟုတ် ပြင်ပကမ္ဘာကြီးမှ စွမ်းအားများကို လှုံ့ဆော်ပြီး ပုံရိပ်ယောင်ခန္ဓာကိုယ် အသုံးပြုခြင်း မလုပ်နိုင်တော့သည့်အတွက် ဓားအလင်းတန်းကို ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီက ပင်မဝိညာဉ်၏အစွမ်းကိုသာ လှုံ့ဆော်လိုက်ရသည်။
ထို့ကြောင့် သူ၏ပင်မဝိညာဉ်က နိယာမဖြစ်စဉ်ကို အသုံးပြုခဲ့၏။ ထို့နောက် ပင်မဝိညာဉ်က ရုတ်တရက် ကြီးထွားလာပြီး နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ထားသော ဧရာမရွှေရောင်ဗုဒ္ဓကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုဗုဒ္ဓကြီး၏ လက်တစ်ဖက်က ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးထားပြီး တခြားလက်တစ်ဖက်က မြေပေါ်သို့ ထိုးထားခဲ့၏။
"ပုံရိပ်ယောင်ကမ္ဘာကြီးထဲတွင် အစစ်အမှန်ပုံစံရရှိလာခြင်း…"
ထိုအရာက ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက် ‘ငါ၊ ထူးခြားမှုနှင့် အမှန်တရား’ ဖြစ်သည်။ သူ လန်းယာ့၌ နေထိုင်နေစဉ် ရွမ်ယုရှုနှင့်အတူ ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်ကို လေ့လာခဲ့သည်။ သူ၏ လေ့ကျင့်မှုအရှိန်ကလည်း တိုးတက်လာခဲ့ပြီး နောက်ဆုံးတွင်တော့ သူက ပထမသိုင်းကွက်ကို ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်လုနီးပါး ဖြစ်ခဲ့၏။
လက်ရှိအချိန်တွင် သူ၏ပင်မဝိညာဉ်က အကောင်းအတိုင်း ရှိနေသေးသည့်အတွက် ‘ငါ၊ ထူးခြားမှုနှင့် အမှန်တရား’ ဟူသော သိုင်းကွက်ကို လိုက်လျောညီထွေ အသုံးပြုနိုင်သည်။
မုန့်ချီက ပထမလက်ဝါးသိုင်းကို အသုံးပြုနိုင်ရုံသာ ရှိ၏။ အလွန်ကြောက်စရာကောင်းသော နတ်ဆိုးဗုဒ္ဓ သေဆုံးသွားပြီးနောက် ဖြစ်ခဲ့သည့် အရာများအားလုံးက ဘာမျှမဟုတ်တော့ပေ။ ထိုအရာက ဗုဒ္ဓကျင့်စဉ်နှင့် ကောင်းကင်လမ်းညွှန်ချက် တိုက်ပွဲတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။
ဧရာမရွှေရောင်ဗုဒ္ဓကြီးက ကောင်းကင်ကြီးပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။ ထိုဗုဒ္ဓကြီးက အဆုံးမဲ့ ရှိနေပြီး အထွဋ်အမြတ် ဖြစ်နေသလို ထင်မှတ်ရ၏။ ထို့နောက် ပါးစပ်ဟလိုက်ရာ အလွန်သိမ်မွေ့ညင်သာသော အသံတစ်ခု ထွက်လာခဲ့သည်။
"ကမ္ဘာလောကကြီးထဲမှာ ငါ တစ်ယောက်တည်းရှိတယ်။ ကမ္ဘာလောကကြီးထဲမှာ ငါ၊ထူးခြားမှုနဲ့အမှန်တရားက နေရာတိုင်းမှာရှိတယ်…"
အုတ်ဂူ၏ အပြင်ဘက်တွင် ရှိနေသော တိတ်ဆိတ်ခြင်း ဗုဒ္ဓဘုန်းတော်ကြီးကတော့ သူ့ရှေ့ကို ဗုဒ္ဓရောက်လာသည့်အလား တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ ဗုဒ္ဓ၏အသံက အလွန်ကျယ်လောင်လွန်းလှသည့်အတွက် သူက ဗုဒ္ဓပြောသည့် စကားများကိုပင် မကြားခဲ့ပေ။
အပြာရောင်ကောင်းကင်ကြီး၊ အဖြူရောင်တိမ်တိုက်များ၊ မြစ်များနှင့် ပုံရိပ်ယောင်ကမ္ဘာကြီးတစ်ခုလုံးကပင် ဧရာမရွှေရောင်ဗုဒ္ဓကြီးဆီသို့ ပျံသန်းလာခဲ့၏။ ထို့ပြင် မုန့်ချီ၏ အတွင်းပိုင်းပုံရိပ်ယောင်ခန္ဓာ၊ ချီစွမ်းအင်များနှင့် ခန္ဓာကိုယ်များ အားလုံးကလည်း ဗုဒ္ဓဆီသို့ ပျံသန်းသွားခဲ့သည်။ ထိုသို့ဆိုလျှင် ဗုဒ္ဓက အရာအားလုံးကို စုစည်းနိုင်ခဲ့၏။
"ကမ္ဘာလောကကြီးထဲမှာ ငါ၊ ထူးခြားမှုနဲ့အမှန်တရားက နေရာတိုင်းရှိတယ်…"
ထိုအချိန်တွင် ဓားအလင်းတန်းက မုန့်ချီ၏ ရွှေရောင်ဗုဒ္ဓကြီးရှေ့တွင် အသေးအဖွဲ့ကဲ့သို့ ပေါ်လာခဲ့သည်။ ဓားအလင်းတန်းကလည်း ကြီးထွားလာခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ အလင်းရောင်က တဖြည်းဖြည်း ပို၍သန့်စင်ထက်မြက်လာပြီး အချိန်ကပင် ရပ်တန့်သွားသလို ထင်ရသည်။
အလွန်ကြီးကျယ်ခမ်းနားပြီး သိပ်သည်းသော ဓားအလင်းတန်းနှင့် ရွှေရောင်ဗုဒ္ဓကြီးက အချင်းချင်း တိုက်ခိုက်လိုက်မိ၏။ ထိုခဏတွင် ကောင်းကင်ပေါ်၌ အဆုံးမဲ့အလင်းရောင်များ ပြည့်နှက်လာခဲ့သည်။
မုန့်ချီက နံရံဆီသို့ လွင့်သွားခဲ့၏။ သူက နံရံနှင့် ပြင်းထန်စွာ တိုက်မိသွားခဲ့ပြီး ရင်ဘတ်က ချိုင့်ဝင်သွားခဲ့သည်။ ခန္ဓာကိုယ်အတွင်းပိုင်းထဲတွင်လည်း လှုပ်ရှားသွားခဲ့၏။ သူ၏မျက်ခုံးကြားထဲတွင် ဒဏ်ရာတစ်ခု ပေါ်လာပြီး နှုတ်ခမ်းထောင့်မှနေ၍ သွေးများ စီးကျလာခဲ့၏။
နှစ်သန်းပေါင်းများစွာ ဖိနှိပ်ထားခြင်းမှ ရုန်းထွက်ရန် ကြိုးစားလိုက်ပြီးနောက် ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က သိုင်းသခင်အဆင့် အစွမ်းကို ပိုင်ဆိုင်ထားပြီး ရှေးဟောင်းပညာရှင်တစ်ယောက်၏ အသိပညာနှင့် ဗဟုသုတများကို ပိုင်ဆိုင်ထားသည်။
ဗုဒ္ဓလက်ဝါးနှင့် နိယာမဖြစ်စဉ်သာ မရှိလျှင် မုန့်ချီက ဓားအလင်းတန်း၏ တိုက်ခိုက်မှုကြောင့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်ပြီး သေပင် သေသွားနိုင်သည်။ သူက အသက်ရှင်နေသေးသည်မှာ ကံကောင်းသွားခဲ့၏။
မကောင်းဆိုးဝါးဝိညာဉ်၏ တုံ့ပြန်တိုက်ခိုက်မှုက အေးစက်ပြီး မျက်လုံးများက လေးနက်နေသည်။ သူက ဘယ်ဘက်လက်ကို ရုတ်သိမ်းလိုက်ရာ နတ်ဆိုးသုတ်သင်ရေးအလံက သူ့ဆီကို ပို၍လျင်မြန်စွာ ပျံသန်းလာခဲ့၏။
"ငါက သူ့လက်ထဲကို နတ်ဆိုးသုတ်သင်ရေးအလံ ပေးလိုက်လို့မရဘူး ..."
ယခုမုန့်ချီဆီတွင် ထိုအတွေးတစ်ခုတည်းသာ ရှိသည်။
"တကယ်လို့ ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်ကသာ နတ်ဆိုးသုတ်သင်ရေးအလံကို ရသွားမယ်ဆိုရင် ငါက ချက်ချင်း ထွက်ပြေးဖို့နဲ့ ဒီနေရာမှာ သေသွားဖို့ပဲ ရှိတော့တယ်"
ခေါင်းထဲ၌ တွေးနေသည့်အချိန်တွင် သူက နတ်ဆိုးသုတ်သင်ရေးအလံပေါ်၌ ရှိနေသော အမှတ်အသားကို အသက်သွင်းလိုက်သည်။ ထိုအချိန်တွင် အနက်ရောင်အလံလေးက တစ်ကြိမ် လှုပ်ရှားသွားခဲ့ပြီး ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်ကို ရင်ဆိုင်ရန် အနီရောင်မြူခိုးများ ထုတ်လွှတ်လိုက်သည်။
သူက သူ၏လက်နက်ကို မကြောက်ဟု မကောင်းဆိုးဝါးဝိညာဉ်က ပြောခဲ့သော်လည်း မုန့်ချီကတော့ သူ့စကားကို မယုံကြည်ခဲ့ပေ။
"အဲဒီလိုသာဆိုရင် ဘာလို့ သူက ငါ့ကို အရင်ဆုံး စိတ်ရှုပ်ထွေးအောင် လုပ်မှာလဲ။ သူက အလံကို တစ်ပိုင်းတစ်စ ထိန်းချုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ငါကမှ ပိုင်ရှင်ပဲ ..."
ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က ရှေးဟောင်းပုံပြင်များအကြောင်း စတင်ပြောပြနေခဲ့သည့် အချိန်ကစပြီး မုန့်ချီက သတိထားနေခဲ့သည်။ သူက အံ့သြသွားပြီး ဇဝေဇဝါဖြစ်ချင်ယောင်ဆောင်ခဲ့သော်လည်း သတိထားနေဆဲသာဖြစ်၏။ သူက မကောင်းဆိုးဝါးဝိညာဉ်၏ အာရုံပျံ့လွင့်အောင် လုပ်ဆောင်မှုကို လက်မခံခဲ့ပေ။
သို့သော် မကောင်းဆိုးဝါးဝိညာဉ်က သံသရာအရှင်သခင်၏ အဆင့်အတန်းနှင့် ပတ်သက်ပြီး ဝေဝေဝါးဝါး လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့်သာ မုန့်ချီက လက်လွှတ်လိုက်ရခြင်းဖြစ်သည်။ မကောင်းဆိုးဝါးဝိညာဉ်က အခွင့်အရေးကိုအရယူပြီး အလံကိုထိန်းချုပ်ခဲ့၏။
"ဟမ် ..."
ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က ပို၍တင်းကျပ်စွာ ထိန်းချုပ်လိုက်သည်။ ထိုအချိန်တွင် အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး ရေလှိုင်းများက လှုပ်ရှားလာခဲ့သည်။ နောက်ဆုံးတွင်တော့ လှုပ်ရှားနေသောအလံက သူ့ဆီသို့ ပျံသန်းလာခဲ့သည်။
ဒဏ်ရာရနေသော မုန့်ချီကတော့ မြေပေါ်တွင် လဲကျနေခဲ့သည်။ တစ်ချိန်တည်းတွင် ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က သူ့ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်၏။ သူက မုန့်ချီ၏ ပတ်ပတ်လည်တွင် ရှိသော လေဟာနယ်ကို ခွဲထုတ်လိုက်ပြီး အလံဆီသို့ မရောက်စေရန် ကြိုးစားလိုက်သည်။
စွမ်းအား၊ လှုပ်ရှားမှုနှင့် အဆင့်အရ ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်ထက် နိမ့်ကျနေသည့်အတွက် မုန့်ချီကသာ သူ၏နတ်ဘုရားလက်နက်ကို ဆုံးရှုံးလိုက်ရမည်ဆိုလျှင် အနိုင်ရရန် အခွင့်အရေး မရှိနိုင်တော့ပေ။ သူက လက်ဗလာနှင့် အပြင်ဘက်ကမ္ဘာကြီးကို ပြန်သွားရမည်သာ ဖြစ်သည်။
ထို့ကြောင့် ရုတ်တရက်ဆိုသလို မုန့်ချီက ပုံစံပြောင်းလဲလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ ပင်မဝိညာဉ်ကို ခွဲထုတ်လိုက်သည်။ သူ၏ပင်မဝိညာဉ်က နောက်ဆုံးမိနစ်တွင် ပိတ်လှောင်ထားသော လေဟာနယ်ထဲမှ လွတ်မြောက်သွားခဲ့၏။
သူက ပင့်သက်ရှိုက်လိုက်မိသည်။ ထို့နောက် စိတ်စွမ်းအားကို ပြန်လည်စုစည်းလိုက်ပြီး ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ကြည့်လိုက်၏။ သူက ခေါင်း(၂)လုံး၊ လက်(၄)ဖက်နှင့် မြေပြင်ပေါ်တွင် ရပ်နေပြီး ကောင်းကင်ကြီးကို ထိလာခဲ့သည်။ သူက လက်တစ်ဖက်တွင် ဓားမောက်ကို ကိုင်ထားပြီး တခြားလက်တစ်ဖက်တွင် ဓားရှည်ကို ကိုင်ထားသည်။
သူက ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်ကို တိုက်ခိုက်ရန် ပြည့်ပြည့်ဝဝ ပြင်ဆင်နေခဲ့၏။ သူ၏ တခြားလက်(၂)ဖက်တွင်တော့ လက်မအရွယ်အစား ပုလဲလုံးတစ်ခုကို ကိုင်ထားသည်။ ထိုပုလဲလုံးဆီမှ ဖရိုဖရဲအလင်းတန်းများ ထွက်ပေါ်လာနေပြီး ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ပြသနေခဲ့သည်။ မုန့်ချီက တုန်ယင်နေသော လက်(၂)ဖက်နှင့် ထိုပုလဲလုံးကို လေထဲသို့ မြှောက်လိုက်သည်။ ပုလဲလုံးဆီမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာနေခဲ့၏။
ထိုအခါ မကောင်းဆိုးဝါးဝိညာဉ်က မျက်မှောင်ကြုတ်လိုက်မိပြီး ရေစွမ်းအားများကလည်း ရပ်တန့်သွားခဲ့သည်။ အနက်ရောင်မြူခိုးများကလည်း လည်ပတ်လာပြီး နတ်ဆိုးသုတ်သင်ရေးအလံက လေထဲတွင် ရပ်တန့်သွားခဲ့၏။ ရေထဲတွင် ပါဝင်နေသော အရာများအားလုံးက စွမ်းအားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး အနည်းငယ်လေးပင် လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။
ထိုအရာက သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံး ဖြစ်သည်။ ထိုအရာက နာမည်အတိုင်း ရေကို ထိန်းချုပ်နိုင်သော ပုလဲလုံးတစ်လုံး ဖြစ်၏။ ထိုကဲ့သို့ ရတနာတစ်ခု ရှိနေသေးသည့်အတွက်ကြောင့် မုန့်ချီက အုတ်ဂူထဲကို တစ်ယောက်တည်း ဝင်လာရဲခြင်း ဖြစ်သည်။
နတ်ဆိုးသုတ်သင်ရေးအလံက လေထဲ၌ ရပ်တန့်နေသည့်အချိန်တွင် မုန့်ချီက အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်ကို သောက်လိုက်သည်။ သူ၏ဒဏ်ရာများက လျင်မြန်စွာ ပြန်ကောင်းလာပြီး စွမ်းအားများလည်း ပြန်ရလာခဲ့၏။ ထို့နောက် သူကအရှေ့ကို ပြေးထွက်သွားခဲ့၏။
အလံကို ပြန်လည်လုယူရမည့်အစား မုန့်ချီက တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ သူက နေလုံးကြီးအလား ဓားမောက်ကို ဝှေ့ယမ်းတိုက်ခိုက်လိုက်ပြီး ဖရိုဖရဲတွင်းပေါက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ ထို့နောက် သူတို့(၂)ယောက်လုံးက လေထဲတွင် ရင်ဆိုင်တိုက်ခိုက်မိခဲ့သည်။
"ဗုန်း ..."
အဖြူရောင်အလင်းတန်းများက အုတ်ဂူကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး အပြင်ဘက်တွင် ရှိနေသော အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထိုမြင်ကွင်းက ကြယ်မြစ်ကြီး၏ သင်္ချိုင်းဟုပင် ထင်မှတ်ရ၏။
ကျန်းဝူ၏မကောင်းဆိုးဝါးဝိညာဉ်က သူ၏ဓားရှည်နှင့်အတူ လှုပ်ရှားသွားခဲ့သည်။ အဖြူအနက် ထိုက်ကျိစက်ဝိုင်းလည်း ပေါ်လာပြီး ဆန်းကြယ်လိပ်နှင့် တောင်ပံပါမြွေတို့က ပေါင်းစည်း၍ လိပ်ခွံတစ်ခု၏ ပုံရိပ် ပေါ်လာခဲ့သည်။ ထိုလိပ်ခွံက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့၏။ ထိုအရာက ကြောက်စရာကောင်းသော မုန်တိုင်း၊ အပူလှိုင်းနှင့် အလင်းတန်းများအားလုံးကို တားဆီးထားလိုက်သည်။
ကျန်းဝူဂိုဏ်းက တာအိုအတုံ့အလှည့် ကျင့်စဉ်ကို ရရှိထားခဲ့ပြီး ကျန်းဝူအင်ပါယာ၏စွမ်းရည် တစ်စိတ်တစ်ပိုင်းကို ရရှိထားခဲ့သည်။ ထို့ကြောင့် သူတို့၏တပည့်များအားလုံးဆီတွင် အလွန်အစွမ်းထက်သော ခုခံစွမ်းရည်များ ရှိနေကြ၏။ ယခုတိုက်ခိုက်နေသည်မှာ ကျန်းဝူအင်ပါယာ၏ အတွေ့အကြုံအများစုကို အမွေဆက်ခံထားသော မကောင်းဆိုးဝါးဝိညာဉ်ဖြစ်သည်။
မုန့်ချီက ဓားအိမ်ထဲမှနေ၍ သူ့ဓားကို ဆွဲထုတ်ရန် ပြင်ဆင်လိုက်၏။ သူက ညာဘက်လက်ကို အတွင်းထဲကို ဖိနှိပ်လိုက်ရာ ဓားရှည်က အေးခဲသွားသလို ထင်မှတ်ရသည်။ ထို့နောက် အရာအားလုံးက အသက်ဝင်လာခဲ့၏။
ကျားက သစ်တောထဲကို ခုန်ဝင်သွားပြီး နဂါးက ပင်လယ်ထဲကို ဝင်ရောက်သွားခဲ့သည်။ တိတ်ဆိတ်မှုနှင့် လှုပ်ရှားမှုများက အချင်းချင်း ပြင်းထန်စွာ ရင်ဆိုင်မိခဲ့၏။ အလွန်တောက်ပသော ဓားအလင်းတန်းများကြောင့် အုတ်ဂူကြီးတစ်ခုလုံး လင်းထိန်နေပြီး လေဟာနယ်ကပင် နေရာပြောင်းသွားသလို ထင်ရသည်။
လိပ်ခွံကြီးက ပျက်စီးသွားတော့မလို ထင်မှတ်ရ၏။ သို့သော် ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်ကတော့ တည်ငြိမ်နေသေးသည်။ လိပ်ခွံက ပျက်စီးသွားခဲ့ပြီး အရာအားလုံးကလည်း ပျက်စီးသွားခဲ့၏။ ထိုအရာက ကမ္ဘာကြီး၏ အဆုံးသတ်ကဲ့သို့ ဖြစ်နေခဲ့သည်။
မုန့်ချီ၏ တဟုန်ထိုးဓားသိုင်းပညာက ကမ္ဘာသစ်တစ်ခုဖန်တီးခြင်းကဲ့သို့ ဖြစ်နေခဲ့၏။ သူက ပထမတွင် ဖျက်ဆီးပစ်ခဲ့ပြီး ထို့နောက် ကမ္ဘာကြီး ဆက်လက်လည်ပတ်ရန် ယင်နှင့်ယန်ကို မျှတအောင် လုပ်ဆောင်ခဲ့သည်။ ဖျက်ဆီးမှုက နှေးကွေးသွားခဲ့ပြီး ယင်နှင့်ယန်က ပြောင်းလဲသွားခဲ့သည်။ ဓားမောက်သိုင်းပညာမျိုးစုံလည်း ထွက်ပေါ်လာပြီး ဖျက်ဆီးခြင်းများကို ပြန်လည်မွေးဖွားမှုနှင့် တားဆီးရန် ကြိုးစားနေခဲ့၏။
ထိုအချိန်၌ နတ်ဆိုးသုတ်သင်ရေးအလံ၏ ဘေးတွင် လူတစ်ယောက် ပေါ်လာခဲ့သည်။ သူက တာအိုသခင်ဝတ်စုံနှင့် ရသေ့ဦးထုပ်ကို ဆောင်းထားပြီး ပိုးခါးပတ်နှင့် မြက်ဖိနပ်ကို စီးထားခဲ့သည်။ သူ့ပုံစံက မုန့်ချီနှင့် တူညီနေခဲ့သည်။
မုန့်ချီက နတ်ဆိုးသုတ်သင်ရေးအလံကို လက်လွှတ်ပြီးတော့ တိုက်ခိုက်ခဲ့သည်မှာ သူ့ကိုယ်ပွားက အလံကို ရယူနိုင်ရန်ဖြစ်သည်။ သူက ပြုံးလိုက်ပြီး အလံကို ညာဘက်လက်နှင့် ဆုပ်ကိုင်လိုက်၏။
ရုတ်တရက်ဆိုသလို လေဟာနယ်ထဲမှာနေ၍ အနက်ရောင်အငွေ့များ ထွက်ပေါ်လာပြီး ဧရာမလက်တစ်ဖက် ဖြစ်ပေါ်လာခဲ့သည်။ ထိုလက်က ဝင်ရိုးကို ညင်သာစွာ ကိုင်လိုက်၏။
"ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်ရဲ့ ကိုယ်ပွားလား ..."
အနက်ရောင်အငွေ့များက ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်ကဲ့သို့ လူသားပုံသဏ္ဍာန် ဖြစ်ပေါ်လာခဲ့သည်။ သူက ဘုရင်ဝတ်ရုံနှင့်သရဖူတစ်ခုကို ဆောင်းထားခဲ့၏။ သူက နတ်ဆိုးသုတ်သင်ရေးအလံဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
"သူကလည်း ငါ့ကို အာရုံလွှဲဖို့ ကိုယ်ပွားတစ်ခု သုံးခဲ့တာပဲ ..."
မုန့်ချီက နားလည်သွားခဲ့သည်။ မုန့်ချီနှင့် ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်တို့က တူညီသော လှည့်ကွက်တစ်ခုကို အသုံးပြုနေခဲ့ကြ၏။ ထိုကိုယ်ပွား(၂)ခုက လျင်မြန်စွာ တိုက်ခိုက်လိုက်ကြပြီး ကျန်းဝူက အစွမ်းထက်၍ မုန့်ချီက ဉာဏ်ကောင်းသည်။ တစ်ယောက်မျှ အသာစီးမရခဲ့ပေ။
"ဘယ်သူကမှ ဉာဏ်ထိုင်းမနေပါလား…"
သူ့ခေါင်းထဲ၌ ထိုကဲ့သို့ အတွေးမျိုးပေါ်လာသည့်အချိန်တွင် မုန့်ချီကတော့ ဖျက်ဆီးမှု၏ အတွင်းထဲတွင် ပြန်လည်ရှင်သန်လာခြင်းဟူသော ခံစားမှုတစ်ခုကို ခံစားမိခဲ့၏။ ဓားအလင်းတန်းတစ်ခုလည်း ထွက်ပေါ်လာပြီး ယင်နှင့်ယန်ကို ခွဲခြားလိုက်သည်။ ဓာတ်ကြီး(၅)ပါးကလည်း အသက်ဝင်လာခဲ့၏။
ကမ္ဘာမြေကြီးက စည်းမျဉ်းများနှင့် တစ်ဖန်ပြန်ရှင်သန်လာပြီး မုန့်ချီကို လျင်မြန်စွာ ဝါးမြိုသွားခဲ့သည်။ ထိုအရာက အလွန်နူးညံ့သိမ်မွေ့လွန်းလှသည့်အတွက် သိပ်မကြာခင် ပျက်စီးသွားတော့မလို ထင်ရ၏။
"တာအိုအတုံ့အလှည့် ..."
မုန့်ချီက ဆက်လက်ရင်ဆိုင်ရဲခြင်း မရှိချေ။ သူက နောက်သို့ ပြန်ဆုတ်သွားခဲ့ရ၏။ သို့သော် ဓားအလင်းတန်းက သူ့နောက်ကို လိုက်လာခဲ့သည်။ မုန့်ချီက လက်သီးတစ်ဖက်နှင့်သာ ပြန်လည်တိုက်ခိုက်ခဲ့ရ၏။
ထိုအချိန်တွင် ခရမ်းရောင်မြူခိုးများ၊ ရွှေရောင်အလင်းတန်းနှင့် အဖြူအနက်တိမ်တိုက်များက ပေါင်းစပ်သွားခဲ့သည်။ မုန့်ချီက ထိုအရာအားလုံးကို ထိုးဖောက်ပြီး ဓားကို တိုက်ခိုက်မိခဲ့၏။
"ဖျောက် ..."
မုန့်ချီက ဒုတိယတစ်ကြိမ် လေထဲသို့ လွင့်သွားခဲ့ပြီး သူ၏ပါးစပ်မှနေ၍ သွေးများ စီးကျလာခဲ့သည်။ သူ့ခန္ဓာကိုယ်ကလည်း ကျုံ့သွားခဲ့၏။ သူက နိယာမဖြစ်စဉ်ကို ဆက်လက်ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ ဆုတောင်း(၃)မျိုးလက်သီးသိုင်းကို သုံးလိုက်ပြီးနောက် သူ့လက်ကလည်း အသုံးမဝင်တော့ဘဲ တွဲလောင်းကျနေခဲ့၏။
ထိုအခွင့်အရေးကို အရယူပြီး ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က နတ်ဆိုးသုတ်သင်ရေးအလံဆီသို့ ပျံသန်းသွားခဲ့သည်။ သူ့ကိုယ်ပွားကိုပင် လျစ်လျူရှုထားခဲ့၏။ သူ့ဆီတွင် စွမ်းအားနည်းပါးနိုင်သော်လည်း သူက မုန့်ချီကို အကြွင်းမဲ့ ဖိနှိပ်နိုင်သော အရည်အချင်းတစ်ခုတော့ ရှိနေသေးသည်။
Translated by Hein Htet.