အခန်း (၆၅၂)
Vol. 44 Ch. 652
သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးက လေထဲတွင် လွင့်မျောနေပြီး သက်တန့်ရောင် အလင်းတန်းများနှင့်အတူ နက်မှောင်နေသော တိမ်တိုက်ပင်လယ်ကြီးထဲကို ထိုးဖောက်လာခဲ့သည်။
ထိုအရာက ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်ကို သိသိသာသာ အားနည်းအောင် လုပ်ဆောင်ပေးနေသည့် အချိန်တွင် သူ ရှောင်တိမ်းသည့်အရှိန်ကလည်း အနည်းငယ်လေးပင် နှေးကွေးသွားခဲ့ခြင်း မရှိချေ။ တခဏအတွင်း သူက နတ်ဆိုးသုတ်သင်ရေးအလံဆီသို့ နီးကပ်လာခဲ့ပြီး အလံကိုယ်တိုင်ကလည်း သူ့ဆီသို့ ဖြည်းညင်းစွာ တိုးလာနေခဲ့သည်။
ထိုအချိန်တွင် အုတ်ဂူ၏နံရံပေါ်မှနေ၍ လူသားပုံစံအရိပ်တစ်ခု ထွက်လာပြီး ရုတ်တရက်ဆိုသလို သူ့လက်ကို ဆန့်ထုတ်လိုက်ရာ လေဟာနယ်ထဲမှနေ၍ စာရွက်တစ်ခု ပေါ်လာသလို ထင်မှတ်ရသည်။ ထိုစာရွက်က ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်ကို အတွင်းထဲတွင် ဖမ်းဆီးထားလိုက်၏။
“တောင်တန်းမြစ်မြေပုံ လျှို့ဝှက်ရတနာ…”
သူက နတ်ဆိုးသုတ်သင်ရေးအလံကို ငါးစာအနေနှင့် အသုံးချပြီး ကျန်းဝူမကောင်းဆိုးရွာဝိညာဉ်ကို အာရုံပျံ့လွင့်အောင် လုပ်ဆောင်ခဲ့သည်။ သူကိုယ်တိုင်ကတော့ မြေပုံထဲတွင် ပုန်းအောင်းနေခဲ့၏။ ထိုကဲ့သို့ အမြင်အရရော၊ အတွေ့အကြုံအရရော ဗဟုသုတ ပြည့်စုံသော အင်အားကြီးပညာရှင် တစ်ယောက်၏ မကောင်းဆိုးရွားဝိညာဉ်ကို ရင်ဆိုင်ရသည့်အချိန်တွင် တောင်တန်းမြစ်မြေပုံကို ပြသလိုက်မည်ဆိုလျှင် အသုံးဝင်မှုကို ကြိုတင်သိရှိသွားနိုင်ပြီး အသုံးမဝင် ဖြစ်သွားနိုင်သည်။
ထို့ကြောင့် မုန့်ချီက သူ၏အစစ်အမှန် ခန္ဓာကိုယ်နှင့် ပြိုင်ဘက်ကို အာရုံလွှဲထားခဲ့ပြီး သူ၏ကိုယ်ပွားနှင့် မကောင်းဆိုးရွား သုတ်သင်ရေးအလံကို ရယူရန် ကြိုးစားခဲ့သည်။ ထို့နောက် သူ့ကိုယ်ပွားက တောင်တန်းမြစ်မြေပုံကို နတ်ဆိုးသုတ်သင်ရေးအလံရှေ့တွင် တိတ်တဆိတ် ဖွင့်လိုက်၏။
အကယ်၍ ပစ်မှတ်ကသာ နတ်ဆိုးသုတ်သင်ရေးအလံကို ရယူနိုင်မည်ဆိုလျှင် သူက တိုက်ပွဲကို ရှုံးနိမ့်သွားနိုင်သည်။ အကယ်၍ သူက ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်ကို ယာယီထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်မည်ဆိုလျှင်ပင် အနည်းဆုံးတော့ မုန့်ချီက နတ်ဆိုးသုတ်သင်ရေးအလံကို ရရှိနိုင်သေး၏။
မုန့်ချီက ထိုပန်းချီကားကို မြှောက်လိုက်ပြီး လက်တစ်ဖက်နှင့် အစွန်းနှစ်ဖက်ကို ကိုင်လိုက်သည်။ ထို့နောက် တောင်တန်းမြစ်မြေပုံ၏ ချုပ်နှောင်ခြင်းစွမ်းအားများကို သုံးလိုက်၏။ တဖန် သူက ပန်းချီကားကို ဆန့်ကျင်ဘက်သို့ ခါထုတ်လိုက်ရာ နတ်ဆိုးသုတ်သင်ရေးအလံရှိရာသို့ ပျံသန်းသွားခဲ့သည်။ ထို့နောက် ဒဏ်ရာရနေသော လက်နှစ်ဖက်ကို ရုတ်သိမ်းလိုက်ရာ ကောင်းကင်ပြစ်ဒဏ်ဓားကလည်း သူ၏ညာဘက်လက်ထဲမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။
သို့သော် ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်က သူ၏ပြိုင်ဘက်ကို တားဆီးတော့မည့်အချိန်တွင် သူက အေးစက်သော လေလှိုင်းတစ်ခုကို ခံစားမိခဲ့သည်။ ဓားအလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကို စပ်ဖျင်းဖျင်း ခံစားမှုတစ်ခု ဖန်တီးပေးနိုင်ပြီး ဓားရှည်တစ်လက်က သူ့နောက်ကျောတွင် ဧရာမအမာရွတ်ကြီးကဲ့သို့ ရုတ်တရက် ပေါ်လာခဲ့သည်။
ဓားမောက်တစ်လက်ကတော့ သူ့ကို တိုက်ခိုက်လိုက်၏။ အသံမဲ့မိုးကြိုးများက နေရာတိုင်းတွင် ပေါက်ကွဲသွားခဲ့ပြီး မကောင်းဆိုးရွားဝိညာဉ်ကို လွှမ်းခြုံ၍ ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။ တခဏအတွင်း ဓားအလင်းရောင်က တဖြည်းဖြည်း တောက်ပလာပြီး အလင်းရောင်များ အားလုံးကို ဝါးမြိုသွားသလို ထင်မှတ်ရ၏။
တောင်တန်းမြစ်မြေပုံကလည်း ကြည်လင်လာပြီး မြေပုံပေါ်တွင် အက်ကွဲကြောင်းများ ပြည့်နှက်လာခဲ့သည်။ ထို့နောက် အနက်ရောင်အရိပ်တစ်ခု ထွက်လာခဲ့၏။ ထိုအချိန်တွင် မုန့်ချီက နတ်ဆိုးသုတ်သင်ရေးအလံကို ဖမ်းဆုပ်နိုင်ခဲ့သည်။ သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးကတော့ ခေါင်းပေါ်တွင် ဆက်ရှိနေပြီး သက်တန့်ရောင် အလင်းတန်းများ တောက်ပနေခဲ့၏။
ကျန်းဝူမကောင်းဆိုးရွာဝိညာဉ်က မျက်မှောင်ကြုတ်လိုက်မိပြီး ဓားရှည်နှင့် ခုတ်ချလိုက်သည်။ တခဏအတွင်းဓားအလင်းတန်းက နှစ်ပိုင်းပြတ်သွားခဲ့ပြီး နေရာတိုင်းကို ထိုးဖောက်သွားခဲ့၏။
ထိုအချိန်တွင် အုတ်ဂူထဲ၌ ကမ္ဘာပေါင်းများစွာ တဆက်တည်း ပေါ်လာခဲ့သည်။ ကြယ်၊ ကောင်းကင်နှင့် မြေကြီးများက ဓားအလင်းရောင်ကို ဝါးမြိုသွားသည့်အလား အချင်းချင်း ထပ်သွားခဲ့သည်။ ထိုခဏတွင် မုန့်ချီကတော့ ဤဓားချက်ကို ပုန်းရှောင်၍ မရနိုင်တော့သလို ခံစားမှုတစ်ခု ခံစားခဲ့ရသည်။
“ကောင်းကင်ဓား (၇)ချက် …
တာအိုကမ္ဘာကြီး…”
ထိုကဲ့သို့ မလွတ်မြောက်နိုင်သော ဓားချက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီကတော့ အလင်းတန်းများ လွှမ်းခြုံနေသော်လည်း အကြောက်တရား မရှိခဲ့ချေ။ သူက စွမ်းအားနှင့် စိတ်ဝိညာဉ်ကို နတ်ဆိုးသုတ်သင်ရေးအလံထဲသို့ ပေါင်းထည့်လိုက်သည်။ ထိုအခါ အနီရောင်မြူခိုးများ ထွက်ပေါ်လာပြီး အနက်ရောင်မြူခိုးများ ပျောက်ကွယ်သွားခဲ့၏။
မုန့်ချီက နတ်ဆိုးသုတ်သင်ရေးအလံကို နောက်တစ်ကြိမ် ကိုင်လိုက်သည်။ ဓားအလင်းတန်းက သူ့ဆီသို့ ရောက်ရှိလာသည့်အချိန်တွင် သူက အနက်ရောင်အလံကို ဓားတစ်ချောင်းကဲ့သို့ ဝှေ့ယမ်းတိုက်ခိုက်လိုက်၏။
“ချွင်...”
ဒီရေလှိုင်းများက သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံး၏ ချုပ်နှောင်ခြင်းစွမ်းအားကို ဖယ်ရှားလိုက်ပြီး အုတ်ဂူတစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။ ရေစက်တစ်ခုချင်းဆီတိုင်းကလည်း အလေးချိန်များ ပေါင်းထည့်ထားသလို ထင်မှတ်ရပြီး ဖိအားက မြေကြီးကိုပင် ခွက်ဝင်သွားစေနိုင်၏။
“ဗွမ်း...”
အုတ်ဂူ၏ အပြင်ဘက်တွင်လည်း အနီရောင်မြူခိုးများ ပြည့်နှက်လာသည့်အတွက် ဟွမ်ဖူတောင်၊ ကြယ်ခူးအင်မော်တယ်နှင့် တခြားသူများက သူတို့မျှော်မှန်းကြည့်၍ မရနိုင်သော အစွမ်းထက် အင်အားစုတစ်ခုကို ခံစားမိခဲ့သည်။ မိုင်ပေါင်း(၁၀၀)ကျော် ရှိနေသော တောင်တန်းကြီးများက ပြိုကျသွားခဲ့ပြီး တောင်ထိပ်များကလည်း ပျက်စီးသွားခဲ့သည်။
အတွင်းပိုင်း လေဟာနယ်ထဲတွင် ရေများ စီးဆင်းလာပြီး တွင်းနက်ကြီးများ ပြည့်နေခဲ့၏။ နောက်ဆုံးတွင်တော့ ကြယ်မျိုးစေ့လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဗွမ်း...”
အဆုံးမဲ့အနက်ရောင်ရေလှိုင်းများက ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်ဆီသို့ ရောက်လာကြပြီး ထိုအရာက သူ၏ကိုယ်ပိုင်နည်းလမ်းနှင့် လွှမ်းမိုးထားသော ဓားအလင်းတန်းများကို အနည်းငယ် ရပ်တန့်သွားစေခဲ့သည်။ ထို့နောက် အနက်ရောင်ရေလှိုင်းများက အရာအားလုံးကို လွှမ်းခြုံသွားခဲ့၏။
အခွင့်အရေးကို အရယူပြီး ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်က ဓားရှည်ကို ပြန်ရုတ်သိမ်း၍ သူ၏မျက်နှာပေါ်တွင် ကြောက်စရာကောင်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက ဓားကိုကိုင်ပြီး ဆန်းကြယ်လိပ်နှင့် မြွေပျံတစ်ခု ပုံသဏ္ဌာန် ဖန်တီးလိုက်ရာ သူတို့က အဖြူအနက် ထိုက်ကျိစက်ဝိုင်းတစ်ခု ထွက်ပေါ်လာပြီး အစွမ်းထက်သည့် ခုခံမှုတစ်ခု ဖန်တီးပေးလိုက်သည်။
“ဗုန်း...”
သူက ရေလှိုင်းများထဲတွင် နစ်မြုပ်သွားခဲ့ပြီး ရေလှိုင်းများက ဆက်တိုက် ရောက်ရှိလာနေခဲ့သည်။ အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းများကလည်း ရေလှိုင်းများ၏ အတွင်းထဲတွင် လှုပ်ရှားနေပြီး မြွေပျံနှင့် ဆန်းကြယ်လိပ်တို့က လှုပ်ရှားသွားခဲ့၏။
“ဗွမ်း...”
အဖြူအနက်ထိုက်ကျိစက်ဝိုင်းက ပျက်စီးသွားခဲ့ပြီး လိပ်ခွံက ကာကွယ်ပေးရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။
မုန့်ချီ၏နားထဲတွင် ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
“ငါက လက်လျော့မှာ မဟုတ်ဘူး…”
လိပ်ခွံက ပျက်စီးသွားခဲ့ပြီး အနက်ရောင်ရေများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံ၍ အုတ်ဂူကြီးတစ်ခုလုံးကို စီးဆင်းသွားခဲ့သည်။ သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးနှင့် နဂါးထိန်းစင်မြင့်တို့ကလွဲလျှင် အရာအားလုံးခြေရာလက်ရာပင် မကျန်တော့ချေ။
“ငါ လုံးဝလက်မလျော့ဘူး…”
မုန့်ချီက ထိတ်လန့်တကြား အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။
သူ၏ ပင်မဝိညာဉ်ထဲတွင်လည်း နာကျင်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းသွားခဲ့ပြီး လက်ညှိုးတစ်ချောင်း မြှောက်နိုင်သည့်အစွမ်းမျိုးပင် မရှိတော့ပေ။ သူ့အတွက်တော့ နတ်ဘုရားလက်နက်များကို အသုံးပြုရခြင်းက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ သူက ထိုသို့လုပ်ရန် အတော်လေး ရုန်းကန်ခဲ့ရ၏။
သူက အသက်ကို ပြင်းပြင်းရှုလိုက်ရာ ကမ္ဘာမြေကြီး၏ စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာနေခဲ့သည်။ မုန့်ချီက အခွင့်အရေးကို အရယူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုသနေခဲ့၏။ ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်က အမှန်တကယ် သေဆုံးသွားခြင်းရှိမရှိ ငရဲနတ်ဘုရားကသာ သိနိုင်ပါလိမ့်မည်။
နတ်ဘုရားလက်နက်များက အစွမ်းထက်ပြီး ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်ထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်၏။ သို့သော် ထိုအရာက မကောင်းဆိုးရွာဝိညာဉ် ပိုင်ဆိုင်ထားသောအရာ ဖြစ်သည့်အတွက် အကျိုးသက်ရောက်မှုရှိမရှိ မသေချာပေ။
အနက်ရောင်အလံပေါ်တွင် နောက်ထပ်အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအရာက ပျက်စီးသွားတော့မည့်အ ခြေအနေကို ရောက်နေခဲ့သည်။ အနက်ရောင်မြူခိုးများက ရေလှိုင်းများသဖွယ် ကမ္ဘာမြေကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး ပြင်ပကမ္ဘာကြီးထဲသို့ နစ်မြုပ်သွားခဲ့သည်။ မြေပြင်ပေါ်တွင်လည်း အကြွင်းအကျန်မရှိ ရှင်းလင်းသွားခဲ့၏။
“မင်းက မကောင်းဆိုးရွားဝိညာဉ်ကို ဖယ်ရှားနိုင်ခဲ့ပြီ။ ဖြစ်နိုင်ခြေရှိတဲ့ ကျန်းဝူရဲ့တည်နေရာကိုလည်း သိပြီ။ ကွင်းဆက်တာဝန် ပဉ္စမအဆင့် ပြီးဆုံးသွားပြီ။ ကျန်းဝူ ကွင်းဆက်တာဝန်ရဲ့ ဆဌမအဆင့်ကတော့ ကျန်းဝူအင်ပါယာ နောက်ဆုံးပုန်းအောင်းနေတဲ့နေရာကို ရှာဖွေဖို့ပဲ။ အဲဒီအရာကို ငရဲအင်ပါယာရဲ့ လက်အရိုးနဲ့ ရှာကြည့်လို့ရနိုင်တယ်…”
အလွန်ကြီးကျယ်ခမ်းနားသော သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။
မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ သူက မကောင်းဆိုးရွားဝိညာဉ်ကို စိုးရိမ်နေခြင်း မရှိတော့ချေ။ ထို့ပြင် သူ့ဆီ၌ ရတနာများများ မရှိသော်လည်း သူက ထိုအရာများကို စိတ်လိုလက်ရ အသုံးပြုခဲ့ရ၏။
သူ့ထက် အသိအမြင်ပိုင်း၊ ဗဟုသုတပိုင်းနှင့် အစွမ်းအရပါ သာလွန်နေသော လူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ့ဆီ၌ တခြားနည်းလမ်းလည်း မရှိခဲ့ချေ။
သူ့စိတ်ထဲတွင် အေးချမ်းသွားသည်နှင့် မုန့်ချီက တကိုယ်လုံး အစွမ်းမရှိတော့သလို ခံစားလိုက်ရသည်။ သူက နောက်ထပ် လုပ်ရမည့်အရာကို မစဉ်းစားချင်သေးပေ။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ယခုအချိန်၌ သူက မည်သည့်အရာကိုမျှ လုပ်နိုင်သည်ဟု ခံစားမိခြင်း မရှိချေ။ သူက ရိုးရှင်းစွာ ထိုင်နေပြီး နွေးထွေးသော လေလှိုင်းများကို ရှုရှိုက်နေခဲ့၏။
“ကျန်းဝူအင်ပါယာရဲ့ ဆဠမအဆင့်က ကျန်းဝူအင်ပါယာ နောက်ဆုံး ပုန်းအောင်းနေတဲ့နေရာကို ရှာဖွေဖို့ပဲ။ ဒါက ငရဲအင်ပါယာရဲ့အရိုးကို ငါ ရှာတွေ့တဲ့နည်းလမ်းအတိုင်း သွားရမယ်…”
မုန့်ချီကတော့ နောက်ထပ်တာဝန်အတွက် အခက်အခဲကို တွေးလိုက်မိသည်။ ငရဲအင်ပါယာ၏ လက်အရိုးက အသက်ပြောင်းလဲခြင်းဂိုဏ်း၏ ပိုင်ဆိုင်မှုထဲတွင် ရှိနေခဲ့၏။ သူတို့ကို လျှို့ဝှက်ဆန်းကြယ်စွာ တူးဖော်မိခြင်းလည်း ဖြစ်နိုင်သည်။ မကောင်းဆိုးဝါး လမ်းစဉ်(၉)သွယ်ထဲတွင် အစွမ်းထက်ဆုံးဂိုဏ်းများထဲမှ တစ်ခုက ထိုအရိုးကို ရရှိသွားခဲ့သည့်အချိန်တွင် သူကိုယ်တိုင်ကလည်း မလွယ်ကူမှာ စိုးရသည်။
ငရဲအင်ပါယာ၏ လက်ကောက်ဝတ်အရိုးနှင့်ပင် သူက ငရဲအင်ပါယာ၏ တခြားအရိုးများကို ရရှိရန် မအောင်မြင်နိုင်သေးပေ။ အသက်ပြောင်းလဲခြင်းဂိုဏ်း၏ ဖုတ်ကောင်များနှင့် ကျန်းဝူ အုတ်ဂူထဲတွင် ရှိနေသောအရာများက အတော်လေးကို တူညီနေသည်။
အသက်ပြောင်းလဲခြင်းဂိုဏ်းက ငရဲအင်ပါယာ၏အရိုးများကို အဖြေရှာနိုင်ပြီး ကျန်းဝူအင်ပါယာနှင့် ပတ်သက်သော အချက်အလက်တချို့ကို ရရှိခဲ့ခြင်းလည်း ဖြစ်နိုင်၏။
မုန့်ချီ၏စိတ်ဝိညာဉ်စွမ်းအားက တိုးတက်လာပြီး သူက ရေထဲတွင် ရှိနေသော ချီစွမ်းအားများကို အားရပါးရ စုပ်ယူနေခဲ့၏။ သူက ရေလှိုင်းများကို ယူဆောင်သွားနိုင်လုနီးပါး ဖြစ်နေသည်။ ယခုတော့ သူလည်း သေချာစဉ်းစားကြည့်နေခဲ့၏။
ထိုအချိန်တွင် သူ့လက်ထဲ၌ ရှိနေသော နတ်ဆိုးသုတ်သင်ရေးအလံက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ အလံထဲမှနေ၍ အနက်ရောင်ရေလှိုင်းတစ်ခု ထွက်လာပြီး အပေါ်ဘက်တွင် ရှိနေသော နဂါးထိန်းစင်မြင့်ဆီသို့ တိုက်ရိုက်ပျံသန်းသွားခဲ့၏။
“ဘာတွေဖြစ်နေတာလဲ…”
မုန့်ချီက ချက်ချင်း ခုန်ထလိုက်သည်။ ကျန်းဝူအင်ပါယာက အလံထဲတွင် လှည့်ကွက်တချို့ ဖုံးကွယ်ထားနိုင်သည်။
ထိုရေစီးကြောင်းလေးက နဂါးထိန်းစင်မြင့်ဆီသို့ ပျံသန်းသွားခဲ့ပြီး ဆူပွက်နေသော ရေများကဲ့သို့ ဖြစ်နေခဲ့၏။ နဂါးထိန်းစင်မြင့်ဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အုတ်ဂူကြီးကို ဖြတ်ကျော်သွားခဲ့သည်။
မကောင်းဆိုးရွားဝိညာဉ် သေဆုံးသွားကြောင်း သေချာသွားပြီးနောက် ထိုအရာက အလင်းလုံးတစ်ခုအဖြစ် စုစည်းသွားခဲ့ပြီး ပိန်ပိန်ပါးပါးနှင့် အဘိုးအိုတစ်ယောက်၏ ပုံသဏ္ဌာန် ပေါ်လာခဲ့သည်။ ထိုအရာက တာအိုဝတ်စုံ ဝတ်ဆင်ထားသော နတ်ဆိုးသုတ်သင်ရေးဘိုးဘေး ကျန်းဝူအင်ပါယာ ဖြစ်၏။ သူက မုန့်ချီကို နူးညံ့သိမ်မွေ့စွာ ကြည့်နေပြီး သူ့တစ်ကိုယ်လုံးကို ဖောက်မြင်နေရသလို ထင်ရသည်။
သူက လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်လိုက်၏။
“မကောင်းဆိုးရွားဝိညာဉ်ကို ဖယ်ရှားပြီးသွားပြီ။ ငါက တော်တော်လေး ကျေးဇူးတင်ပါတယ်။ တိုက်ပွဲတွေ ပြီးသွားတဲ့နောက် အုတ်ဂူထဲမှာ ပစ္စည်းနည်းနည်း ကျန်နေသေးတယ်။ ဒါပေမဲ့ ငါ့ရဲ့တခြားနေရာတွေမှာ စိတ်ဝိညာဉ်လွှဲပြောင်းမှု အနည်းငယ်နဲ့ ရတနာတွေ ကျန်နေသေးတယ်…”
“ကောင်းကင်လမ်းညွှန်ချက်(၇)သွယ်ရဲ့ ပထမသိုင်းကွက်၊ တာအိုကို ဖြတ်တောက်ပြီး အစစ်အမှန်ကို ရှာဖွေခြင်းဆိုတဲ့ သိုင်းကွက်၊ ပြီးတော့ တခြားရတနာတွေကို ကျိရှင်းတောင်တန်းပေါ်မှာရှိတဲ့ အမှောင်လိုဏ်ဂူထဲမှာ မြုပ်နှံထားခဲ့တယ်။ အဲဒီနေရာက ထာဝရမြေကြီးတွေ လောင်ကျွမ်းနေတဲ့နေရာပဲ…”
“တာအိုလောက ပဉ္စမသိုင်းကွက်နဲ့ တခြားရတနာတွေကိုတော့ ပျံလွှားတောင်ပေါ်မှာရှိတဲ့ ရေခဲရေကန်ထဲမှာ တွေ့နိုင်တယ်…”
“တာအိုအတုံ့အလှည့်ရဲ့ သတ္တမသိုင်းကွက်၊ ကိုယ်တိုင်ဖန်တီးထားတဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှု အနည်းငယ်နဲ့ တခြားရတနာတွေကိုတော့ ကျန်းရှင်းယွမ်မြစ်ထဲမှာ တွေ့လိမ့်မယ်…”
သိပ်မကြာခင် အလင်းတန်းက ပျောက်ကွယ်သွားခဲ့ပြီး အသံတစ်ခုသာ ထွက်ပေါ်လာခဲ့၏။
“ကျန်းရှင်းယွမ်မြစ်၊ တာအိုအတုံ့အလှည့်၊ ကိုယ်တိုင်နားလည်ထားတဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုတွေနဲ့ တခြားရတနာတွေ။ ကျန်းဝူဂိုဏ်းရဲ့နည်းလမ်းတွေက ဒီလိုရလဒ်တွေ ဖြစ်လာတာပဲဖြစ်မယ်”
မုန့်ချီကတော့ ကျန်းဝူဂိုဏ်းမှ ဘိုးဘေးများ၏ ခရီးစဉ်များကို ပြန်လည်သုံးသပ်ကြည့်နေမိခဲ့သည်။
“သူတို့ရထားတဲ့ ပစ္စည်းတွေကို သုံးသပ်ကြည့်လိုက်မယ်ဆိုရင် ကျန်းဝူအင်ပါယာ ပုန်းနေတဲ့နေရာက ဖြစ်နိုင်တယ်။ ထာဝရမြေမီးတောက်၊ အမှောင်လိုဏ်ဂူ။ အဲဒီအရာတွေက ကျိကျန်းဓားစံအိမ်က ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ မှတ်တမ်းတွေများ ဖြစ်နိုင်မလား…”
ကျိကျန်းဓားစံအိမ်ကလည်း ကျန်းဝူအင်ပါယာ၏ အမွေဆက်ခံမှုများကို ရရှိထားသည်ဟု မုန့်ချီက သံသယဝင်နေမိသည်။ သို့သော် သူကတော့ တာအိုကို ဖြတ်တောက်ခြင်းနှင့် အစစ်အမှန်ကို ရှာဖွေခြင်း သိုင်းကွက်နှင့် ရတနာများကိုသာ အတည်ပြုနိုင်သည်။ စိတ်ဝိညာဉ်လွှဲပြောင်းမှု အရင်းအမြစ်နှင့် ပတ်သက်ပြီး သဲလွန်စတော့ မကျန်ခဲ့ပေ။
မုန့်ချီက သက်ပြင်းချလိုက်မိပြီး ကိုယ့်ကိုယ်ကိုယ် ပြောလိုက်၏။
“တကယ်လို့ ဒီလိုသာ ဖြစ်မယ်ဆိုရင် တာအိုလောက တစ်ခုတည်းကိုပဲ ယူနိုင်တော့မယ်။ ဒါဆိုရင် ပင်မလမ်းညွှန်ချက်ကရော ဘယ်မှာလဲ။ ကောင်းကင်လမ်းညွှန်ချက်(၇)သွယ်ရဲ့ ပင်မလမ်းညွှန်ချက်ကို မရနိုင်ဘူးလား။ ကျန်းဝူအင်ပါယာဆီမှာတော့ သေချာပေါက် ရှိလိမ့်မယ်။ မဟုတ်ရင် ဓား(၃)ချောင်းကို ရယူဖို့က လုံးဝမဖြစ်နိုင်တော့ဘူး။ သူက အင်မော်တယ် ပင်မပစ္စည်းအဖြစ် သယ်သွားတာများလား။ ဒီကွင်းဆက်တာဝန်ရဲ့အဆုံးသတ်မှာ နောက်ဆုံးဆုကြေးက ကျန်းဝူအင်ပါယာရဲ့နတ်ဘုရားလက်နက်လား…”
ထိုသို့ဆိုရာတွင် ကျန်းဝူအင်ပါယာက အသက်ရှင်နေသေးပုံရသည်။ မုန့်ချီကတော့ တကိုယ်လုံး တုန်လှုပ်သွားခဲ့ပြီး သမုဒ္ဒရာအုပ်စိုးခြင်းပုလဲလုံးကို ပြန်ယူလိုက်၏။ ထိုပုလဲလုံးပေါ်တွင် အက်ကွဲကြောင်းငယ်လေးများ ပေါ်နေသည့်အတွက် ပျက်စီးတော့မည့် လက္ခဏာမျိုး ပေါ်နေခဲ့သည်။
စာရင်းကိုင်နတ်ဆရာ၏ သွေးနတ်ဘုရား ပုလဲလုံးက အကြိမ်ပေါင်းများစွာ အသုံးပြုနိုင်သည်။ သမုဒ္ဒရာအုပ်စိုးခြင်း ပုလဲလုံးကလည်း အလားတူဟု ဆိုနိုင်၏။ ထိုအရာက တစ်ကြိမ် အသုံးပြုလေလေ အရည်အသွေး ထိခိုက်လေလေဖြစ်ပြီး နောက်ပိုင်း နတ်ဘုရားလက်နက် ဖန်တီးသည့်အချိန်တွင် အကျိုးသက်ရောက်မှု လျော့ကျသွားနိုင်၏။ အကယ်၍ အကြိမ်ပေါင်းများစွာ အသုံးပြုလိုက်မည်ဆိုလျှင်တော့ ပုလဲလုံးက ပျက်စီးသွားနိုင်သည်။
အလွန်သေးငယ်ပြီး ပုံမှန်မဟုတ်သော အက်ကွဲကြောင်းလေးများကိုကြည့်ပြီး မုန့်ချီက ရင်ထဲတွင် နာကျင်သွားသလို ခံစားလိုက်ရ၏။
“အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်၊ တောင်တန်းမြစ် ပန်းချီကားနှင့် နတ်ဆိုးသုတ်သင်ရေးအလံ။ ငါက အဲဒီလက်နက်တွေအားလုံးရဲ့ စွမ်းရည်ကို အမြင့်ဆုံး အသုံးချခဲ့တယ်။ ဒါပေမဲ့ ငါက ကောင်းကင်လမ်းညွှန်ချက်(၇)သွယ်ကို ရနိုင်ဖို့တော့ ကြိုးစားအားထုတ်ဖို့ လိုသေးတာပဲ။ ပျံလွှားတောင်နှင့် ရေခဲကန်။ ငါက လက်ရှိတည်နေရာကို သံသရာအရှင်သခင်ဆီကနေ မေးလို့ရနိုင်တယ် မဟုတ်လား..”
ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ အုတ်ဂူကြီးက ရှင်းလင်းနေကြောင်း နားလည်သွားခဲ့သည်။ ထိုနေရာတွင် တိုက်ပွဲကြောင့် ပျက်စီးသွားခဲ့သော ကျောက်တိုင်များနှင့် အပျက်အစီးများသာ ရှိနေခဲ့၏။
“ဆုံးရှုံးသွားတဲ့အရာတွေကို ပြန်ရဖို့နည်းလမ်းတော့ ရှိပါသေးတယ်လေ…”
မုန့်ချီ၏ ရင်ထဲတွင် ဝမ်းနည်းမှုများ ပြည့်နှက်လာခဲ့၏။
အုတ်ဂူ၏ အပြင်ဘက်တွင် ရှိနေသော ရေကန်ကြီးကိုကြည့်ပြီး ဆရာကြီးကျိယွဲ့က ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ သူ၏မျက်လုံးထဲတွင်လည်း စိတ်ပျက်သည့် လက္ခဏာအနည်းငယ် ပေါ်နေခဲ့၏။
“သိပ်လည်း စိုးရိမ်မနေပါနဲ့။ တာအိုသခင်ချင်းယွင်က တကယ့်အစစ်အမှန်ပညာရှင် တစ်ယောက်ပဲ။ သူက မင်းကို သေချာပေါက် ပြဿနာရှာမှာ မဟုတ်လောက်ဘူး…”
ကြယ်ခူးအင်မော်တယ်က နှစ်သိမ့်သည့်လေသံနှင့် ပြောလိုက်သည်။
“သူက အခုချက်ချင်း လက်တုံ့မပြန်ဖို့ ဆုံးဖြတ်တာလည်း ဖြစ်နိုင်တယ် မဟုတ်လား..”
“ဟုတ်တယ် ။ တောင်းပန်လိုက်မယ်ဆိုရင် ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး တာအိုသခင်ချင်းယွင်က ခွင့်လွှတ်ပေးနိုင်တာပဲ…”
လှုပ်ရှားခြင်း ဓားအင်မော်တယ်ကလည်း ပြောလိုက်သည်။
ဆရာကြီးကျိယွဲ့က အားတင်း၍ ပြောလိုက်၏။
“ငါကလည်း တာအိုသခင်ချင်းယွင်ရဲ့ကရုဏာတရားကို ယုံကြည်ပါတယ်။ ငါ သူ့ကို တောင်းပန်ဖို့အတွက် လကျေးရွာကို ပြန်လိုက်ဦးမယ်…”
ကြယ်ခူးအင်မော်တယ်နှင့် တခြားသူများကလည်း သူ၏ရွေးချယ်မှုအတွက် ခေါင်းညိတ်သဘောတူလိုက်ကြသည်။ သူက တောင်းပန်မှုမရှိဘဲ အခြေအနေကို မည်သို့ရှောင်တိမ်းရမည်ဖြစ်ကြောင်း သိချင်ရုံသာဖြစ်၏။
ထို့နောက် ဟယ်ကန်ရှန့်က ခနဲ့သလို ပြောလိုက်သည်။
"တာအိုသခင်ချင်းယွင် ခွင့်လွှတ်တာ၊ ခွင့်မလွှတ်တာက ကိစ္စမရှိပါဘူး။ ကျုပ်တို့ နတ်ဘုရားစုစည်းခြင်းတောင်ထိပ်ကတော့ လကျေးရွာနဲ့ ပြဿနာရှင်းရဦးမယ်..”
နတ်ဘုရားစုစည်းခြင်းတောင်ထိပ်က ဖျက်ဆီးခံရတော့မည့်အချိန်တွင် သူတို့က မီးဝင်ရှို့ခဲ့သည် မဟုတ်ပေလော။ ဆရာကြီးကျိယွဲ့၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုများ ပေါ်နေပြီး သူက ငြင်းခုံနေခဲ့ခြင်း မရှိချေ။ သူက သွေးစိမ်းနဂါးဘုရင်နှင့် တခြားသူများကို ဆုတ်ခွာရန် အမိန့်ပေးလိုက်ပြီး လကျေးရွာသို့ ပြန်သွားခဲ့၏။
သူက ခဏကြာ ပျံသန်းသွားပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်တွင်မှ သူက ပါးစပ်ကို အနည်းငယ်ဟလိုက်ရာ သူ၏မျက်လုံးထဲတွင် အလွန်ကြီးကျယ်ခမ်းနားသော အငွေ့အသက်တစ်ခု ပေါ်လာခဲ့၏။
“ငါ တကယ် လွတ်မြောက်သွားပြီ…”
သူက သက်ပြင်းချလိုက်မိ၏။ ထိုအရာက ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်၏ အသံ ဖြစ်သည်။ သူက လုံးဝမသေခဲ့ပေ။ သူက ဆရာကြီးကျိယွဲ့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့၏။ သူ့ရင်ထဲတွင် ဝမ်းသာမှုများ ပြည့်နှက်နေပြီး သူ့ခေါင်းထဲတွင်လည်း အတွေးများ ပြည့်နှက်နေခဲ့သည်။
“မှော်အလံထဲမှာ လှည့်ကွက်တစ်ခုခု ရှိနေတယ်ဆိုတာ ငါက စောစော ခန့်မှန်းထားနိုင်ခဲ့တယ်။ ငါက ဘယ်လိုလုပ်ပြီး အဲဒါကို ယူနိုင်ပါ့မလဲ။ ငါက ကြောက်စရာကောင်းတဲ့ တိုက်ပွဲထဲကို တိုးဝင်သွားသလို ဟန်ဆောင်လိုက်တယ်။ ပြီးတော့ လှည့်စားခြင်းပညာအတွက် ငါ့ရဲ့စွမ်းအားအများစုကို သုံးလိုက်ရတယ်…”
အုတ်ဂူအပြင်ဘက်တွင် ဆရာကြီးကျိယွဲ့က အားအနည်းဆုံး အခြေအနေ ဖြစ်နေခဲ့သည့်အတွက် သူက သဘာဝပစ်မှတ်တစ်ခု ဖြစ်နေခဲ့သည်။ သူက သက်ပြင်းချပြီး ပြောလိုက်၏။
“သူက ငါ့ကို နတ်ဆိုးသုတ်သင်ရေးအလံဆီကနေ တကယ်ကာကွယ်နိုင်ခဲ့တယ်။ သူက နောက်ဆုံးတစ်ကြိမ် ပေါ်လာခဲ့တယ်ဆိုတာ တမင်ရည်ရွယ်ချက် ရှိနေတာလား…”
သူ့ခေါင်းထဲတွင် သံသယများ ပြည့်နှက်နေသော်လည်း ပျော်ရွှင်မှုများကို ထိန်းချုပ်ထားနိုင်ခြင်း မရှိချေ။ ယနေ့မှစ၍ သူက လွတ်မြောက်သွားပြီဖြစ်၏။ ပင်လယ်ကြီးက မြင့်တက်လာနိုင်သလို ငှက်များကလည်း ကောင်းကင်ပေါ်၌ ပျံသန်းနိုင်သည်။
ရုတ်တရက်ဆိုသလို တာအိုသခင်ဝတ်စုံဝတ်ထားသော လူတစ်ယောက်က အလွန်လျင်မြန်စွာ ပျံသန်းလာသည့်အတွက် ဆရာကြီးကျိယွဲ့က မျက်လုံးပြူးသွားခဲ့၏။ အလွန်ချောမောခန့်ညားသော တာအိုသခင်က သူ့ရှေ့တွင်ပိတ်၍ ရပ်နေကြောင်း မြင်လိုက်ရသည်။
သူက ဦးညွှတ်လိုက်၏။
“ဆရာကြီးကျိယွဲ့…
နဂိုတုန်းကတော့ ငါလည်း ပြဿနာ မရှာချင်ပါဘူး။ ဒါပေမဲ့ ဒါက တော်တော်လေးကို ခက်ခဲတဲ့တာဝန်တစ်ခု ဖြစ်နေတယ်။ မင်းတစ်ယောက်တည်းနဲ့ အဲဒီအရာတွေကို ဘယ်လိုလုပ်ခဲ့လဲဆိုတာ ငါက မမေ့နိုင်သေးဘူး။ ငါ့မှာ အဲဒီအရာနဲ့ ပတ်သက်ပြီး ပြောစရာစကားလုံးတွေ ရှိနေသေးတယ်။ ငါက သဘောထားသေးပြီး လက်တုံ့ပြန်တတ်တဲ့ လူတစ်ယောက်ပဲ။ ငါက ဒါကိုဘယ်လိုလုပ်ပြီး အလွတ်ပေးရမှာလဲ…”
ဆရာကြီးကျိယွဲ့က သူ့ရှေ့တွင် ရှိနေသော တာအိုသခင်ကို မျက်တောင်မခပ်တမ်း စိုက်ကြည့်နေမိခဲ့သည်။ သူက စကားတစ်ခွန်းမျှမပြောနိုင်ခဲ့ပေ။
“မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ယင်စွမ်းအားတွေ အရမ်းများနေတယ်။ မင်းရဲ့မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာနေပြီ။ မင်းကိုကြည့်ရတာ ထိန်းချုပ်ခံထားရသလိုပဲ..”
မုန့်ချီက ရုတ်တရက် အမှန်တရားကို နားလည်သွားခဲ့သည်။
Translated by Hein Htet.