← Chapters

အခန်း (၆၅၃)

Vol. 44 Ch. 653

အခန်း (၆၅၃)

Vol. 44 Ch. 653

"သေစမ်း..."

မုန့်ချီနှင့် ဆရာကြီးကျိယွဲ့တို့၏ စိတ်ထဲတွင် တစ်ပြိုင်နက်တည်း ပြောလိုက်မိကြသည်။

ထိုတာအိုသခင်ငယ်လေးက အလွန်ကပ်စေးနည်းပြီး ယခုလို လက်တုံ့ပြန်လိမ့်မည်ဟု တစ်ဖက်လူက လုံးဝထင်မထားခဲ့ပေ။ သူကတော့ ရှေ့တက်သွားမည့်လမ်းကို ပိတ်ထားခဲ့ပြီး သူ့ကို သံသယမျက်လုံးများနှင့် သေချာ စိုက်ကြည့်နေခဲ့၏။ ဘာကြောင့် ထိုလူကို အလွန်ရင်းနှီးသည်ဟု ခံစားနေရသနည်း။

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က အသက်ရှင်နေသေးသည်။ ဘာကြောင့် မကောင်းဆိုးဝါးဝိညာဉ်က အသတ်ခံလိုက်ရပြီး တာဝန်ပြီးဆုံးသွားပြီဟု သံသရာအရှင်သခင်က ပြောဆိုခဲ့ရသနည်း။ မကောင်းဆိုးဝါးဝိညာဉ်က သံသရာအရှင်သခင်နှင့် နတ်ဆိုးသုတ်သင်ရေးအလံထဲတွင် ရှိနေသော ကျန်းဝူ၏ အစစ်အမှန် ဝိညာဉ်ကို အမှန်တကယ် အရူးလုပ်နိုင်ခြင်းပေလော။ မုန့်ချီက နောက်တစ်ကြိမ် စဉ်းစားနေရန် မလိုဘဲ ဓားမောက်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

မကောင်းဆိုးဝါးဝိညာဉ်က နောက်ထပ် ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။ ဆရာကြီးကျိယွဲ့၏ မျက်နှာက မည်းမှောင်သွားခဲ့ပြီး သူ၏မျက်လုံးများက အလွန်နက်ရှိုင်းလာခဲ့၏။ သူ၏မျက်လုံးတစ်ဖက်တွင် ဆန်းကြယ်လိပ်နှင့် တခြားမျက်လုံးတစ်ဖက်တွင် စပါးအုံးမြွေကြီးတစ်ကောင် ပေါ်လာခဲ့သည်။

ရန်သူနှင့် တွေ့ဆုံသည့်အချိန်တွင် ပထမဆုံး တိုက်ခိုက်ခြင်းက အနိုင်ရရန် အခွင့်အလမ်းများ၏။ အနက်ရောင်မီးခိုးငွေ့များက ဓားတစ်လက်အဖြစ် စုစည်းသွားခဲ့သည်။ ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က သူ၏အစွမ်းထက်သော စွမ်းရည်ဖြစ်သည့် တာအိုကို ဖြတ်တောက်ခြင်းနှင့် အစစ်အမှန်ရှာဖွေခြင်းဟူသော သိုင်းကွက်ကို အသုံးပြုခဲ့သည်။

အလွန်သန့်စင်သော ဓားအလင်းရောင်က တခဏအတွင်း မုန့်ချီ၏ရှေ့ကို ရောက်လာခဲ့၏။ သို့သော် ကောင်းကင်နှင့်မြေကြီး၊ အသွေးအသားများ၊ ချီစွမ်းအားများနှင့် ပုံရိပ်ယောင်ခန္ဓာ ပျောက်ကွယ်သွားသည့် ပုံရိပ်ယောင်များက ယခင်တုန်းကထက် ပို၍ အားနည်းနေခဲ့သည်။

ဆရာကြီးကျိယွဲ့က ပထမကောင်းကင်ဝေ့ကျင်းအဆင့်သာ ရှိနေသေးသည့်အတွက် ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်၏ အစွမ်းကလည်း ပထမကောင်းကင် လှေကားအဆင့်သို့ လျော့ကျသွားခြင်းပေလော။ မုန့်ချီက စဉ်းစားကြည့်နေပြီး အလွန်ဝမ်းသာသွားခဲ့၏။

"ငါ့ရဲ့အမြင်နဲ့ အတွေ့အကြုံတွေက အားနည်းပေမယ့် အခုငါ့အစွမ်းက သူ့ထက် ပိုသာသွားပြီ…"

ထိုဓားချက်ကို ရင်ဆိုင်ရသည်မှာ ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ပြီးသော ထိပ်တန်းပညာရှင်များအတွက်ပင် အလွန်အန္တရာယ်များနိုင်သော်လည်း မုန့်ချီအတွက်တော့ မဟုတ်တော့ပေ။ အလွန်ထူးခြားသော သူ၏စွမ်းရည်များထဲတွင် ကောင်းကင်လမ်းညွှန်ချက်ထက် အနည်းငယ်သာ ပို၍အားနည်းသော သိုင်းကွက် အတော်များများ ရှိနေပြီး သူ၏ဗုဒ္ဓလက်ဝါးကလည်း ကောင်းကင်လမ်းညွှန်ချက်နှင့် အဆင့်တူ ဖြစ်ကြသည်။

ထိုခဏတွင် မုန့်ချီ၏ ပင်မဝိညာဉ်ထဲ၌ လက်(၂) ဖက် ပေါက်လာခဲ့၏။ တစ်ဖက်က အောက်သို့စိုက်ထားပြီး ပြန်မကောင်းသေးပေ။ တခြားတစ်ဖက်ကတော့ လက်သီးဆုပ်ထားခဲ့၏။ ထိုလက်သီးက အလွန်သန့်စင်ရိုးရှင်းသောပုံစံနှင့် လှုပ်ရှားလိုက်ရာ ရွှေရောင်အစက်များ၊ ခရမ်းရောင်မီးခိုးငွေ့များနှင့် အနက်ရောင် လေးထောင့်တုံးတစ်ခု၊ အဖြူရောင်အလင်းတန်းများအားလုံး ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ကောင်းမှု (၃) မျိုးက လက်သီးထဲတွင် စုစည်းနေပြီး ရုပ်ပိုင်းဆိုင်ရာနှင့် ပုံရိပ်ယောင်ပုံစံ (၂) ခုလုံး ပါဝင်နေခဲ့၏။ ထိုအရာက ပင်မဝိညာဉ်ကို တိုက်ရိုက်အသုံးချနိုင်သော ရှားရှားပါးပါး စွမ်းရည်တစ်ခုလည်း ဖြစ်သည်။

တစ်ချိန်တည်းတွင် ကောင်းကင်ပြစ်ဒဏ်ဓားက လေထဲသို့ မြောက်တက်သွားခဲ့၏။ အနက်ရောင်တိမ်တိုက်များလည်း စုစည်းလာပြီး အစိမ်းရောင်မိုးကြိုးများ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်အပြစ်ပေးမှု စွမ်းအားများကလည်း စတင်ပေါ်လာခဲ့၏။ ထိုအရာက ကမ္ဘာဦးရွှေကြာပန်းနှင့် ကိုက်ညီနေပြီး ကောင်းကင်လမ်းညွှန်ချက်မှ ပင်မဝိညာဉ်ကိုဖိနှိပ်၍ ခုခံလိုက်သည်။

မုန့်ချီ အသုံးပြုလိုက်သော ဆုတောင်း (၃) မျိုး လက်သီးသိုင်းက အနက်ရောင် အငွေ့ဓားရှည်ကို လွဲချော်လုနီးပါး ဖြစ်သွားခဲ့ပြီး နေရာအမှန်ကို တိတိကျကျ တိုက်ခိုက်နိုင်ခဲ့သည်။ ဓားရှည်က ရွှေရောင်၊ အနက်ရောင်နှင့် အဖြူရောင် အပိုင်းအစလေးများအဖြစ် ပျက်စီးသွားခဲ့၏။

"ဘုန်း..."

ကောင်းကင်ပြစ်ဒဏ်ဓားက ကျဆင်းသွားခဲ့သည်။ ရေပုံးကြီးတစ်ခုပမာ ကြီးမားလွန်းလှသော အစိမ်းရောင် မိုးကြိုးကြီး (၅) ခုကလည်း တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့၏။ သူတို့အားလုံးက ဆရာကြီးကျိယွဲ့ကို ခေါင်းဖြတ်ရန် ဓားမောက်ကို ထောက်ပံ့ပေးနေကြသည်။

"ဗုန်း..."

အကာအကွယ်၊ ရေ၊ အလင်းတန်းနှင့် လရောင်ကလည်း လျှပ်စီးကြောင်းများကြောင့် ပြန့်ကျဲသွားခဲ့၏။

ဓားရှည်က ဆရာကြီးကျိယွဲ့ကို (၂) ပိုင်းခုတ်လိုက်သည်။ ထိုခဏတွင် အနက်ရောင်အငွေ့များ ပျောက်ကွယ်သွားကြောင်း မြင်လိုက်ရပြီး အော်သံတစ်ခုကို ကြားလိုက်ရ၏။

မုန့်ချီ၏ဘယ်ဘက်လက်က ဆရာကြီးကျိယွဲ့၏ သိုလှောင်အိတ်ကို ယူလိုက်သည်။ ထို့နောက်တွင်မှ မိုးကြိုးအလင်းတန်းများက သူ့ကို ဝါးမျိုသွားခဲ့၏။

"ဂျိမ်း..."

အစိမ်းရောင်မိုးကြိုးများ ပေါက်ကွဲသွားခဲ့ပြီး ဆရာကြီးကျိယွဲ့က ပြာမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

"စွမ်းအားနဲ့ ဖိနှိပ်ရတဲ့ ခံစားချက်က တော်တော်ကောင်းတာပဲ…"

မုန့်ချီက ဆုတောင်း (၃) မျိုး လက်သီးသိုင်း သုံးလိုက်သည့်လက်ကို လွှဲယမ်းလိုက်သည်။ သူ၏ခွန်အားနှင့် စွမ်းရည်က တာအိုကိုဖြတ်တောက်ခြင်းနှင့် အစစ်အမှန် ရှာဖွေခြင်းသိုင်းကွက်ကို ဖိနှိပ်နိုင်သော်လည်း ထိုလက်ကတော့ ဆိုးဆိုးဝါးဝါး ထိခိုက်သွားခဲ့ရသည်။ သူ၏ပင်မဝိညာဉ်က အနည်းငယ် ထိခိုက်သွားခဲ့၏။ ယခုတော့ ကောင်းကင်လမ်းညွှန်ချက် (၇) သွယ်က မည်မျှ အစွမ်းထက်ကြောင်း သူလည်း သိသွားခဲ့သည်။

"ဒါပေမဲ့ ကျန်းဝူအင်ပါယာရဲ့ အမြင်အာရုံ ၊ အတွေ့အကြုံနဲ့ သိုင်းပညာတွေအားလုံးက တော်တော်လေးကို အစွမ်းထက်တယ်…"

မုန့်ချီက တစ်ယောက်တည်း တွေးနေမိခဲ့၏။

ရုတ်တရက်ဆိုသလို သူက မျက်မှောင်ကြုတ်လိုက်မိပြီး မျက်လုံးများက အေးစက်သွားခဲ့သည်။ မည်ကဲ့သို့သော အမြင်အာရုံ၊ အတွေးအမြင်များ ဖြစ်စေကာမူ (၂) ဖက်စလုံး၏ စွမ်းအားကွာဟမှုကို ကျန်းဝူ မကောင်းဆိုးဝါးဝိညာဉ်က မမြင်ဘဲနေမည်လော။ ထိုကဲ့သို့ ကွာဟမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို သူ နားမလည်ခြင်းပေလော။

"မဟုတ်သေးဘူး။ သူ နောက်တစ်ကြိမ် ထွက်ပြေးသွားပြန်ပြီ…"

မုန့်ချီက ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားခဲ့ပြီး အုတ်ဂူထဲတွင် ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်၏ ပျောက်ကွယ်သွားမှုကို အမှတ်ရသွားခဲ့၏။

သူက လက်ထဲတွင် ကိုင်ထားသော ဓားမောက်ကို လေထဲသို့ မြှောက်လိုက်သည်။ ထိုအချိန်တွင် မိုးကြိုးများ စုစည်းလာပြီး တစ်နေရာတည်းသို့ စုစည်းသွားခဲ့၏။

"ဗုန်း..."

ထိုနေရာတွင် နေလုံးကြီးတစ်ခု ကျရောက်လာသလို ထင်မှတ်ရပြီး တလက်လက် တောက်ပနေသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ သို့သော် နေလုံးကြီးက အလွန်ထူးခြားနေသည်မှာ အလွန်ကြောက်စရာကောင်းသော မိုးခြိမ်းသံများ အားလုံးကို ပျောက်ကွယ်သွားစေခဲ့ခြင်း ဖြစ်၏။

"ရောင်စဉ်ရှင်းလင်းခြင်း…"

ယောကျ်ားဆန်သော အငွေ့အသက်များက စကြဝဠာတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ပြီး နေရာတိုင်းကို အုပ်စိုးသွားခဲ့သည်။

လေဟာနယ်၏ တစ်နေရာတွင် အနက်ရောင်အရိပ်တစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်က ပျောက်ကွယ်သွားခဲ့၏။ ကျန်ရှိနေသည့် အနက်ရောင် အငွေ့အသက်များကတော့ ကျန်းဝူမကောင်းဆိုးဝါဝိညာဉ် ဖြစ်သည်။ သူက မည်ကဲ့သို့ တိုက်ရိုက်လုပ်ဆောင်ခဲ့သနည်း။ သူက မတွက်ချက်နိုင်ခြင်းပေလော။ တစ်စုံတစ်ယောက်က ကောင်းကင်ကြီးကို မျက်စိမှောက်အောင် လုပ်ဆောင်နေခြင်းပေလော။

"အဲဒါ သူလား...။ အဲဒီအဆင့်ကို ရောက်နေပြီလား.."

ထိုအချိန်တွင် အော်သံများကို ကြားလိုက်ရပြီး မုန့်ချီက နောက်တစ်ကြိမ် လက်ကို မြှောက်လိုက်ရာ အနက်ရောင်အစက်ကလေးတစ်စက်ကို ဖမ်းဆုပ်လိုက်သည်။ ထိုအရာကို အလွှာပေါင်းများစွာနှင့် ပိတ်ဆို့ထားလိုက်ပြီး လက်ဖဝါးထဲတွင် ပိတ်လှောင်ထားလိုက်၏။ ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က မည်မျှပင် ကြိုးစားစေကာမူ အခုတော့ သူ့လက်ထဲကို ရောက်လာခဲ့သည်။

ကျန်ရှိနေသည့် အစွမ်းများကြောင့် ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က သူ့ကို ကမ်းလှမ်းလိုက်၏။

"နတ်ဆိုးသုတ်သင်ရေးအလံရဲ့ ရည်ရွယ်ချက်တွေက ပျောက်ကွယ်သွားပြီ။ သူနဲ့မင်းရဲ့ သဘောတူညီမှုကလည်း ပြီးသွားပြီလေ။ နောက်ထပ်ဘာကံကြမ္မာမှ မရှိတော့ဘူး။ တကယ်လို့ မင်းသာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါ့ရဲ့လက်ရှိအစွမ်းနဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှု မပေးနိုင်ရင်တောင် ငါ့ရဲ့အတွေ့အကြုံတွေ၊ လှည့်ကွက်တွေ၊ ကောင်းကင်လမ်းညွှန်ချက် ဓားသိုင်းပညာ အသုံးပြုမှုတွေအားလုံး မင်းကိုပေးမယ်။ အဲဒီအထဲမှာ ပင်မလမ်းညွှန်ချက်ရဲ့အတွေးအမြင်တွေလည်း ပါလိမ့်မယ်။ ဒါက နှစ်ပေါင်း (၁)သောင်းလောက် ငါ့ရဲ့လေ့လာထားမှုတွေပဲ။ ဒါက အမှောင်အင်ပါယာဆိုတဲ့ဂုဏ်ပုဒ်ရဲ့ ပင်မထောက်တိုင်တွေထဲက တစ်ခုလို့လည်း ပြောလို့ရတယ်…"

သူက စကားပြောနေရင်း မုန့်ချီက သူ့ကို မယုံကြည်မှာ စိုးရိမ်နေသည့်အတွက် သူ၏အတွေးများကို ပို့ဆောင်ပေးလိုက်သည်။ ထိုအရာများက ကောင်းကင်လမ်းညွှန်ချက် (၇)သွယ်၏ ပင်မလမ်းညွှန်ချက်နှင့်ဆိုင်သော အတွေ့အကြုံတချို့ကို ဘာသာပြန်ပေးထားသည်။ သူတို့အားလုံးက အတော်လေးကို ထူးခြားပြီး စမ်းသပ်ကြည့်ရန် ကမ်းလှမ်းလိုက်ခြင်းလည်း ဖြစ်၏။

မုန့်ချီက အချိန်အတိုင်းအတာတစ်ခုအထိ ထိုအရာများအားလုံးကို နားမလည်နိုင်သေးပေ။ သို့သော် သူက အာရုံစိုက်ကြည့်လိုက်ရာ သူ၏ခေါင်းထဲတွင် လျင်မြန်စွာ မှတ်သားနိုင်ခဲ့၏။ ထိုအချိန်တွင် ဓားသိုင်းပညာအပေါ် သူ၏နားလည်နိုင်စွမ်းက တိုးတက်လာကြောင်း ခံစားမိလိုက်သည်။

"ဒါက အချိန်ကုန်ဆုံးမှုအတွက် လျော်ကြေးအနေနဲ့ လုံလောက်တယ်…"

မုန့်ချီက တစ်ယောက်တည်း ဝမ်းသာအားရ တွေးခဲ့မိ၏။

ထို့နောက် သူက ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။

"တခြားဘာရှိသေးလဲ...။ ကျန်းဝူအင်ပါယာရဲ့ကျင့်စဉ်တွေနဲ့ ရှေးဟောင်းသိုင်းကျမ်းတွေရော..."

"သေစမ်း..…"

ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က ကျိန်ဆဲလိုက်မိသည်။

"ငါတို့သာ အပေးအယူလုပ်နိုင်မယ်ဆိုရင် ငါ သိထားတဲ့ ကျင့်စဉ်တွေနဲ့ ရှေးဟောင်းကျင့်စဉ်တွေ အားလုံး ပြောပြမယ်။ ဥပမာအနေနဲ့ ပြောရရင် ကမ္ဘာဦးယန်ပေတံက ငရဲကြီး (၉) ထပ်ရဲ့ တစ်နေရာမှာ ရှိနေတယ်ဆိုတဲ့ သတင်းမျိုးပေါ့။ မင်း တကယ်အသည်းအသန် သိချင်နေတဲ့သူက..."

မုန့်ချီ၏မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူ့အသံ မဆုံးသေးခင် မုန့်ချီက အော်လိုက်မိ၏။

"ရပ်လိုက်..."

သူ ပြောလိုက်သည့်အချိန်တွင် မုန့်ချီ၏လက်က အနက်ရောင် မီးတောက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ထိုတံဆိပ်နှင့် မကောင်းဆိုးဝါးဝိညာဉ်ကို ဝါးမျိုသွားခဲ့သည်။

"မင်း..."

ကျန်းဝူမကောင်းဆိုးဝါဝိညာဉ်၏ အသံက လှုပ်ရှားသွားခဲ့ပြီး မီးတောက်ထဲတွင် ထိတ်လန့်ကြောက်ရွံ့နေခဲ့သည်။ ထို့နောက် သူက လျင်မြန်စွာ အော်ဟစ်ညည်းညူနေခဲ့၏။

အနက်ရောင်မီးတောက်များ ပျောက်ကွယ်သွားသည့်အချိန်တွင် မုန့်ချီ၏ လက်ဖဝါးကတော့ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေခဲ့သည်။ မည်သည့်အရာမျှ မကျန်တော့ချေ။ ဗလာဖြစ်နေသော လက်ဖဝါးကိုကြည့်ပြီး မုန့်ချီက မှင်တက်နေခဲ့မိ၏။ သူကတော့ ရယ်ရမလား ငိုရလားပင် မသိတော့ချေ။

"ငါက အရမ်းလောဘကြီးသွားတဲ့အတွက် ရှေးဟောင်းကျင့်စဉ်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုကို မေးလိုက်မိတာ...။ ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က သံသရာအရှင်သခင်ရဲ့ တားမြစ်ချက်တွေအကြောင်း ဘာမှသိမထားလောက်ဘူး.။ ထားလိုက်ပါတော့လေ။ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမှာပဲ…"

ထိုအတွေးမျိုးနှင့် သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီး သူက ကောင်းကင်လမ်းညွှန်ချက် (၇)သွယ်၏ အတွေ့အကြုံ တစ်စိတ်တစ်ပိုင်းကို ပြန်လည်စဉ်းစားကြည့်နေရင်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ အကယ်၍ ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်က အပိုစကားများ မပြောလျှင်ပင် သူကတော့ သဘောတူညီချက် လုပ်ဆောင်၍ ရလိမ့်မည် မဟုတ်ချေ။

အများဆုံး သူက ပို၍များပြားသော ကျင့်စဉ်များ၊ လျှို့ဝှက်အစွမ်းများကို ရယူရန် ကြိုးစားနိုင်ရုံသာ ရှိသည်။ ထိုအရာများကလည်း သေချာပေါက် ဖယ်ရှားခံရမည်သာ ဖြစ်၏။ မည်သို့ဖြစ်စေကာမူ ကျန်းဝူအင်ပါယာက အသက်ရှင်နေနိုင်သေးသည်။ သူက မကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားရမည်ဟူသော ကတိပေးထားခဲ့၏။

အကယ်၍ တစ်စုံတစ်ယောက်က အလွန်ဉာဏ်များလျှင်တော့ ကျန်းဝူအင်ပါယာကို လှည့်စားရန် ဖြစ်နိုင်သည်။ သို့သော် ထိပ်သီးပညာရှင်တစ်ယောက်ကို လုံးဝမလှည့်စားသင့်ပေ။

နေလုံးကြီး ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသည့်အခါ ဟွမ်ဖူတောင်နှင့် သူ့ပြိုင်ဘက်များက ပြေးလာကြပြီး မုန့်ချီက ခဏကြာစဉ်းစား၍ ပြန်လှည့်လာခဲ့သည်။ သူက ကောင်းကင်လမ်းညွှန်ချက် ပဉ္စမမြောက်သိုင်းကွက်ကို ရယူနိုင်လျှင် ပို၍အဆင်ပြေနိုင်သည်။ သံသရာအရှင်သခင်က မည်ကဲ့သို့ ပြဿနာများ ပေးနိုင်ကြောင်း မည်သူက သိနိုင်မည်နည်း။

ဤအရာများ ဖြစ်ပျက်ခဲ့ပြီးနောက် သံသရာအရှင်သခင်က ပြိုင်ဘက်ကင်းသည်ဟူသော ခံစားချက်အပေါ် သူလည်း သံသယများ ရှိလာခဲ့သည်။

"အကျိုးအမြတ်ရယူတဲ့သူက သစ္စာဖောက်ပဲ။ ဒါပေမဲ့ သူက ရိုးရိုးသားသား ပြောနေသေးတယ်…"

သူက မှားယွင်းသုံးသပ်မိခဲ့ပြီး ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်ကို ဖယ်ရှားရန် တွေးမိခဲ့သည်။ ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ် အသုံးပြုခဲ့သော ကျင့်စဉ်များက အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းလှသည့်အတွက် နတ်ဆိုးသုတ်သင်ရေးအလံထဲတွင် ရှိနေသော ကျန်းဝူ၏သိစိတ်ကို အရူးလုပ်နိုင်သည့်အပြင် သံသရာအရှင်သခင်ကိုပါ အရူးလုပ်နိုင်ခဲ့သည်။ ထိုအရာက သံသရာအရှင်သခင်၏ အတွေးနှင့် ရည်ရွယ်ချက်ကြောင့်ပေလော။

အကယ်၍ ဒုတိယတစ်ခုသာဆိုလျှင် …

မုန့်ချီက ထိုအရာကို တွေးလိုက်မိရုံနှင့် ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။ အကယ်၍ သံသရာအရှင်သခင်ဆီ၌ ရည်ရွယ်ချက်များ ရှိနေမည်ဆိုလျှင် မုန့်ချီကဲ့သို့သော လူဝင်စားများအတွက် မည်ကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ရှိလာမည်နည်း။ မည်သည့်အချိန်တွင် ထိုအရာက ပေါ်လာနိုင်မည်နည်း။

ဆရာကြီးကျိယွဲ့၏ သိုလှောင်အိတ်ကို ကိုင်ထားပြီး ကျန်းဝူအင်ပါယာ၏ ကောင်းကင်လမ်းညွှန်ချက်နှင့် ပတ်သက်သော ပင်မလမ်းညွှန်ချက်ကို စဉ်းစားနေစဉ် မုန့်ချီကို အစိမ်းရောင်အလင်းတန်းများ လွှမ်းခြုံသွားပြီး လေထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ဟွမ်ဖူတောင်နှင့် ကြယ်ခူးအင်မော်တယ်တို့ ရောက်လာခဲ့သည့်အချိန်တွင် အပြာရောင် ကောင်းကင်ကြီးသာ တွေ့လိုက်ရပြီး လူသူတစ်ယောက်မျှ မတွေ့ရတော့ပေ။ တာအိုသခင်ချင်းယွမ်က သိုင်းလောကထဲတွင် လုံးဝပေါ်မလာခဲ့သလို ထင်မှတ်ရသည်။

ပတ်ပတ်လည်တွင် အလင်းရောင်များ ထွက်ပေါ်လာပြီး မုန့်ချီက အလယ်၌ ရှိနေသော အလင်းတိုင်လုံးဆီသို့ ပြန်ပေါ်လာခဲ့၏။

သူက ဆရာကြီးကျိယွဲ့၏ ပစ္စည်းများကို ကံကြမ္မာအမှတ်များနှင့် မလဲရသေးခင် သူ့နားထဲ၌ ဘိုးဘေးလင်းပေါင်၏အသံကို ကြားလိုက်ရသည်။

"ထွက်လာခဲ့ဦး။ မင်း ငါ့ကို ရှာနေတယ်ဆိုတာ ငါ သိတယ်။ လာခဲ့…. အခြေအနေ တိုးတက်မှု ရှိတယ်…"

"တိုးတက်မှု ရှိတာလား..."

ဘိုးဘေးလင်းပေါင်က အမြစ်စိမ်းကြီးကို မေးမြန်းစုံစမ်းရာ၌ တိုးတက်မှု ရှိနေခြင်းပေလော။ မုန့်ချီ၏ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။ အမြစ်စိမ်းကြီးကလည်း ကျန်းဝူအင်ပါယာကဲ့သို့ ပျောက်ကွယ်သွားမှာကို သူက စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူက စိမ်းပြာနန်းတော်ထဲသို့ လျင်မြန်စွာ ပျံသန်းလာခဲ့၏။

လျှို့ဝှက်အခန်းထဲတွင် ဘိုးဘေးလင်းပေါင်က မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး လှောင်အိမ်တစ်ခု၏နောက်တွင် ထိုင်နေခဲ့သည်။ ထိုအချိန်တွင် သစ်ကိုင်းပုံသဏ္ဍာန် ဝိညာဉ်မြက်ပင်ကိုတော့ အနီရောင်သစ်ရွက်များ လွှမ်းခြုံနေပြီး သူ၏ခန္ဓာကိုယ်က တစ်ဖက်တွင် ညှိုးခြောက်သွားခဲ့သည်။

"ငါက ကမ္ဘာကြီးတစ်ခုလုံးမှာ မထင်ရှားတဲ့ အရင်းအမြစ်တွေကို ရှာဖွေနေပြီး သူ့ကို ပါးစပ်ပွင့်လာအောင် လုပ်နိုင်ခဲ့တယ်…"

ဘိုးဘေးလင်းပေါင်က ခံစားချက်များ ပြည့်နှက်စွာ ပြောလိုက်သည်။

မုန့်ချီက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်၏ အဖြစ်အပျက်အကြောင်းကို ပြောပြလိုက်၏။ သူက ထိုအရာကို အချိန်အတိုင်းအတာ တစ်ခုအထိ တိတိကျကျ မပြောခဲ့ဘဲ ပဉ္စမသိုင်းကွက် ဖုံးကွယ်ထားသည့်နေရာက အန္တရာယ်ရှိမရှိ သိပြီးမှသာ အသေးစိတ်ပြောရန် စဉ်းစားထားခဲ့သည်။ ထိုကြောင့် သူက ထိပ်သီးပညာရှင်တစ်ယောက်၏ မကောင်းဆိုးဝါးဝိညာဉ်နှင့် တွေ့ခဲ့ရသည့် အကြောင်းသာပြောခဲ့ပြီး ထိုအရာကို သံသရာအရှင်သခင်က ဖော်ထုတ်နိုင်သွားသည့်အတွက် ရုတ်တရက် ရှင်းပစ်ခံလိုက်ရသည်ဟု ပြောခဲ့၏။ ထို့နောက် ဘိုးဘေးလင်းပေါင်ကို ပို၍ဂရုစိုက်ရန် ပြောခဲ့သည်။

"ကောင်းပြီလေ။ ငါလည်းဂရုစိုက်ပါ့မယ်။"

ဘိုးဘေးလင်းပေါင်က သတိထား၍ ပြောလိုက်သည်။

"ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ကို တစ်ကြိမ်လာလည်ခဲ့တဲ့ ဧည့်သည်ရဲ့အငွေ့အသက်တွေကို သူက ခံစားမိတယ်လို့ပြောတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူ့ရဲ့အသိဉာဏ်က ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးဘူး။ ဒါကြောင့် အဲဒီအငွေ့အသက်နဲ့ ပတ်သက်တဲ့ မှန်ကန်တဲ့သူကို မဆုံးဖြတ်နိုင်ဘူး။ အဲဒီအငွေ့အသက်ကို ရင်းနှီးတယ်လို့ပဲ သူက ခံစားမိခဲ့တာ..."

"သူက ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ကို ရောက်ခဲ့ဖူးတာလား။ အဲဒါက ဘယ်ထိပ်သီးအင်အားကြီးပညာရှင် ဖြစ်နိုင်မလဲ။ သူ ပြောနေတာက ကောင်းကင်ဘိုးဘေးများလား…"

မုန့်ချီ၏အတွေးများက လှုပ်ရှားသွားခဲ့ပြီး သူ၏ခန္ဓာကိုယ် အတွင်းပိုင်းထဲတွင် ပြောင်းလဲသွားခဲ့သည်။

သူ ရရှိခဲ့ဖူးသော မိုးကြိုးအမှတ်အသားနှင့် သွေးများအရ သူက အလွန်ကြောက်စရာကောင်းသော မိုးကြိုးနတ်ဘုရား၏ အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။ သူက အမြစ်စိမ်းကြီးကိုကြည့်ပြီး မေးလိုက်၏။

"အဲဒါက သူလား..."

အမြစ်စိမ်းကြီးက သူ၏သစ်ကိုင်းနှင့် သစ်ရွက်များကိုလှုပ်ရှားပြီး ပြောလိုက်သည်။

"မဟုတ်ပါဘူး သခင်...။ အဲဒါက ရှေးဟောင်းမိုးကြိုးနတ်ဘုရား မဟုတ်ဘူး…”

မုန့်ချီက နောက်တစ်ကြိမ် ပြောင်းလဲလိုက်ပြီး စိတ်ဝိညာဉ်ပြောင်းလဲမှုအရ အနတ္တ၏ အငွေ့အသက်များကို လှုံ့ဆော်လိုက်ပြန်သည်။

"သူရော ဟုတ်လား..."

"မဟုတ်ဘူး…"

အမြစ်စိမ်းကြီးက တွေဝေစွာ ပြန်ဖြေလိုက်သည်။ ထို့နောက် မုန့်ချီက အင်မော်တယ်များ၏ ကျင့်စဉ်များအတိုင်း အငွေ့အသက်များစွာကို တုပဖန်တီးပြလိုက်သော်လည်း အမြစ်စိမ်းကြီးက သူတို့အားလုံးကို ဖုံးကွယ်လိုက်၏။

နောက်ဆုံးတွင်တော့ မုန့်ချီက ကောင်းကင်ရွှေကျင့်စဉ်ကို စတင်အသုံးပြုလိုက်သည်။ ထိုအချိန်တွင် ကျယ်ပြန့်လှသည့် ကောင်းကင်ကြီးနှင့် ရှေးအချိန် ၊ ပြောင်းလဲခြင်း မရှိသော အငွေ့အသက်များ ပျံ့နှံ့လာခဲ့၏။

"အဲဒါက ခွန်းလွန်အရှင်သခင် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…"

အမြစ်စိမ်းကြီးက အသံကျယ်လိုက်ပြီးနောက် အရှိန်အဝါက ပျောက်ကွယ်သွားသည်။ သူက မုန့်ချီကို စိုးရိမ်ထိတ်လန့်စွာ စိုက်ကြည့်နေပြီး သူ့ကို မရိုက်ရန် သူ့သခင်ကို တောင်းပန်နေသလို ထင်ရသည်။

ဘိုးဘေးလင်းပေါင်က ပြန်မေးလိုက်၏။

"မင်း ခံစားမိတဲ့ အငွေ့အသက်မှာ ဘာတွေထူးခြားမှုရှိလဲ…."

အမြစ်စိမ်းကြီးက တီးတိုးရေရွတ်လိုက်၏။

"အဲဒါက အရမ်းကို ဝေးကွာလွန်းတယ်။ ဒါပေမဲ့ အစစ်အမှန်ပဲ။ ရှင်းပြဖို့တော့ ခက်တယ်…."

မုန့်ချီနှင့် ဘိုးဘေးလင်းပေါင်တို့က တိတ်ဆိတ်နေကြပြီး အချိန်အတိုင်းအတာ တစ်ခုအထိ မည်သည့်အငွေ့အသက်ကိုမျှ လှုံ့ဆော်နိုင်ခြင်း မရှိခဲ့ပေ။

ခဏကြာ တိတ်ဆိတ်သွားပြီးနောက် မုန့်ချီက မေးခွန်းပြောင်းလိုက်၏။

"မင်းက ခွန်းလွန်ကနေ ရောက်လာပြီး ယုရှုမှာပဲ နေခဲ့တယ်။ ဒီတော့ မင်းက ရှေးဟောင်းအင်အားစုတွေအကြောင်း တော်တော်လေး သိမှာပေါ့…”

"သူတို့တွေနဲ့ ပတ်သက်ပြီး အင်မော်တယ်တွေ ပြောတဲ့စကားကိုတော့ ကြားဖူးပါတယ်…"

အမြစ်စိမ်းကြီး၏ စကားသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုတချို့ ရှိနေခဲ့သည်။

"ဒါဆိုရင် သေဆုံးသွားပြီးရင် ထာဝရရှင်သန်နိုင်တဲ့နည်းလမ်းတွေ ရှိမရှိ သိချင်တယ်။ လက်ရှိအချိန်ထိ အသက်ရှင်နေနိုင်ချေ အများဆုံးရှိနေတဲ့သူက ဘယ်သူလဲ…"

မုန့်ချီက မတူညီသော လမ်းကြောင်းနှင့် ချဉ်းကပ်ကြည့်လိုက်သည်။

အမြစ်စိမ်းကြီးက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။

"တာအိုသခင် (၃) ယောက်နဲ့ ဗုဒ္ဓ...။ အဲဒီ (၄) ယောက်ကတော့ ဖြစ်နိုင်ချေ အများဆုံးပဲ။ ဒါပေမဲ့ အဲဒါက သူတို့ရဲ့အငွေ့အသက်တွေ မဟုတ်ဘူး။ အဲဒါတော့ သေချာတယ်…"

သူက ခဏရပ်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

"ခွန်းလွန်အရှင်သခင်က ကမ္ဘာအားလုံးရဲ့စတင်သူနဲ့ ကံကြမ္မာအားလုံးရဲ့မျိုးစေ့ပဲ။ တကယ်လို့ သူတောင် အဲဒီလိုကံကြမ္မာမျိုးကို ခံနိုင်ရည်မရှိရင် သူက တာအိုဘိုးဘေးအဖြစ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်။ တခြား (၂) ယောက်ကိုတော့ ကျွန်တော်လည်း သေချာမသိဘူး။ ဗုဒ္ဓကတော့ သူ့ရဲ့ကိုယ်ပိုင်သန့်စင်နယ်မြေထဲမှာ ရှိတယ်။ သူ့ရဲ့သက်တမ်းကလည်း အဆုံးမရှိဘူး။ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားရင်တောင် သူက သေဆုံးသွားမှာ မဟုတ်ဘူး။ သူက တခြားကမ္ဘာတစ်ခုကို ရွှေ့ပြောင်းသွားမယ်ဆိုရင်တောင် သူက အဲဒီကမ္ဘာရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်နေနိုင်တယ်…"

ထို့ကြောင့် မုန့်ချီနှင့် ဘိုးဘေးလင်းပေါင်တို့က အချင်းချင်း ကြည့်လိုက်မိကြပြီး ရုတ်တရက် မေးလိုက်သည်။

"ဘာလို့ သန့်စင်မှော်အရှင်က မင်းတို့ကို ခွန်းလွန်တောင်ကနေ ရွှေ့လာပြီး ပိတ်လှောင်ထားခဲ့ရတာလဲ…"

အမြစ်စိမ်းကြီးက ရုတ်တရက် ပါးစပ်ပိတ်သွားခဲ့လေသည်။

Translated by Hein Htet.

All Chapters