အခန်း (၆၅၄)
Vol. 44 Ch. 654
"တံဆိပ်ကို ကူညီပေးနိုင်တဲ့ မှော်လုပ်ဆောင်ချက်မျိုးရှိလား ..."
မုန့်ချီက အမြစ်စိမ်းကြီးကို စနောက်သလို အမူအရာနှင့် ကြည့်လိုက်သည်။
"ကျွန်တော်လည်း မသိဘူး ..."
သူက တီးတိုးပြန်ပြောလိုက်ပြီး မုန့်ချီကို လှည့်ကြည့်လိုက်၏။ ထို့နောက် ချက်ချင်းပင် အကြည့်လွဲသွားခဲ့သည်။
မုန့်ချီက သူ၏ပုံရိပ်ယောင်ခန္ဓာကိုယ်ကို အသက်သွင်းလိုက်ရာ ကမ္ဘာဦးအင်မော်တယ်၏ အငွေ့အသက်များ ထွက်ပေါ်လာပြီး ဖြစ်နိုင်ချေအရာအားလုံးကို သယ်ဆောင်ထားခဲ့၏။ ထိုအရာက ကိုယ်ပိုင်ကံကြမ္မာ ရှိနေသော ပြောင်းလဲမှုများအားလုံးကို ကိုယ်စားပြုသည်။
ဘိုးဘေးလင်းပေါင်က မတ်မတ်ထိုင်နေပြီး အလွန်ကြီးကျယ်ခမ်းနားသည့်သူ၏အငွေ့အသက်ကလည်း သူ၏ဓမ္မကာရဆီမှနေ၍ တဖြည်းဖြည်း ထွက်ပေါ်လာပြီး ဖြည့်စွက်စာအား(၂)မျိုး၊ ကျောက်(၄)မျိုးနှင့် ဓာတ်ကြီး(၅)ပါးကို လေ့လာကြည့်နေခဲ့၏။ သာမန်လေ့လာခြင်းမှတစ်ဆင့် မတူညီသော အနှစ်သာရများ ဖန်တီးထားခဲ့သည့် အသေးစိတ် အချက်အလက်များ၊ ဖြစ်နိုင်ချေများအားလုံးက ရောယှက်နေပြီး တဖြည်းဖြည်း ပို၍ရှုပ်ထွေးလာကာ နောက်ဆုံးတွင်တော့ တိတ်ဆိတ်သွားခဲ့သည်။
ထို့ကြောင့် အမြစ်စိမ်းကြီးက အတော်လေး မသက်မသာ ခံစားနေရပြီး သူက ကြည်လင်(၃)သွယ်ဘိုးဘေး၏ အနားတွင် ရောက်နေသလို ခံစားနေရ၏။ သူက အနည်းငယ် တုန်ရင်သွားခဲ့ပြီးနောက် ယုရှုနန်းတော်ထဲတွင် တူညီသောအခြေအနေကို ကြုံဖူးကြောင်း သတိရသွားခဲ့သည်။ သူက အချိန်အတော်ကြာ ရုန်းကန်ခဲ့ပြီးမှ ပြောလိုက်၏။
"သခင်ကြီးက အဲဒီအကြောင်းကို လုံးဝမပြောခဲ့တာတော့ အမှန်ပဲ။ ဒါပေမဲ့ အဲဒါဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လို သစ်ပင်တွေက အသိဉာဏ်ကို ဖုံးကွယ်ထားတဲ့နေရာမှာ အရမ်းတော်တယ်လေ။ တကယ်လို့ သူသာ သေချာစိုက်မကြည့်ဘူးဆိုရင် ကျွန်တော်တို့က သာမန်မြက်ပင်တွေ၊ ပန်းပွင့်တွေနဲ့အတူတူလို့ တွေးမိမှာပဲ။ တကယ်လို့ လူတစ်ယောက်ကသာ တံဆိပ်ကို အမှန်တကယ် ဖျက်ဆီးလိုက်မယ်ဆိုရင် သူက ကျွန်တော်တို့အားလုံးကိုလည်း မှတ်မိနိုင်မှာ မဟုတ်ဘူး .. "
"ဒါကြောင့် ယုရှုကို မှန်ကန်တဲ့လူရဲ့လက်ထဲ ချန်ထားခဲ့ခြင်းအပြင် သန့်စင်မှော်အရှင်က တခြားပညာရှင် တစ်ယောက်ယောက်ကို စောင့်နေတယ်လို့ ပြောချင်နေတာလား ..."
မုန့်ချီက စဉ်းစဉ်းစားစားနှင့် မေးကြည့်လိုက်၏။
အမြစ်စိမ်းကြီးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်။ အဲဒီအချိန်တုန်းက သခင်ကြီးပုံစံက တော်တော်လေး ထူးဆန်းတယ်။ ဒီလိုခေတ်အပြောင်းအလဲမှာ ဘယ်သူက အသက်ရှင်ရပ်တည်နေနိုင်မှာလဲလို့ သူက ကျွန်တော်တို့ရှေ့မှာ ခဏခဏ ရေရွတ်နေတတ်တယ် .။ ပြီးတော့ သူ ပိတ်လှောင်ထားတဲ့အရာတွေကလည်း တော်တော်လေးကို ထူးခြားတယ်။ သူတို့တွေက ကျင့်စဉ်တွေ၊ နတ်ဘုရားလက်နက်တွေ၊ ရတနာတွေ မဟုတ်ဘူး…"
"အဲဒါက ဘာလဲ ..."
ဘိုးဘေးလင်းပေါင်က မေးလိုက်သည်။
အမြစ်စိမ်းကြီးက သူ၏သစ်ရွက်များကို မြှောက်ပြီး ခေါင်းပွတ်၍ ပြောလိုက်သည်။
"သခင်ကြီးက အဲဒီအရာကို တမင်တကာ ဖုံးကွယ်ထားတဲ့အချိန်မှာ ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ ။ ကျွန်တော် သိတာကတော့ အဲဒီတံဆိပ်က နှစ်ပေါင်း (၉၀၀)ကြာတိုင်း တစ်ကြိမ် ပြောင်းလဲသွားတတ်တယ်။ ပြီးတော့ အပြာရောင်လ ထွက်လာတဲ့အချိန်မှာ အဲဒီအရာက နတ်ဘုရားကျင့်စဉ် ၊ နတ်ဘုရားလက်နက်နဲ့ ဘာရတနာမှ မဟုတ်ဘူးဆိုတာကိုတော့ သိခဲ့ရတယ်။ အဲဒါက အစွမ်းထက်ပညာရှင် တစ်ယောက်လည်း မဟုတ်ဘူး။ တော်တော်လေးကို ထူးဆန်းတယ် ..."
မုန့်ချီနှင့် ဘိုးဘေးလင်းပေါင်တို့က အချင်းချင်း ကြည့်လိုက်မိကြပြီး သူတို့(၂)ယောက်ဆီတွင်လည်း မည်သည့်အတွေးမျှမရှိကြပေ။ သူတို့က အသေးစိတ် ထပ်မံမေးမြန်းနေကြသော်လည်း အမြစ်စိမ်းကြီးက သေချာမသိပေ။ သူက ဝေဝေဝါးဝါးသာ ပြောပြနေပြီး ထိုတံဆိပ်၏ ယေဘုယျလက္ခဏာကို ပြောပြရန် ခက်ခဲနေ၏။
ထိုအချိန်တွင် မုန့်ချီက ခေါင်းငုံ့ပြီး အမြစ်စိမ်းကြီး၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်၍ ပြောလိုက်သည်။
"မင်း ထွက်လာခဲ့တဲ့အချိန် ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်က ခွန်းလွန်တောင်ပေါ်မှာ ရှိနေသေးလား ..."
အမြစ်စိမ်းကြီးက ခံနိုင်စွမ်း မရှိသော တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ အချိန်တော်တော်ကြာပြီးနောက် သူက ပြောလိုက်၏။
"ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်က တစ်ညတည်းနဲ့ ပျောက်ကွယ်သွားခဲ့တာ ...။ ခွန်းလွန်တောင်က သခင်ကြီးတွေလည်း အတူတူပဲ။ အင်မော်တယ်တွေက ခွန်းလွန်တောင်ကနေ ထွက်သွားကြပြီး ဆယ်စုနှစ်ပေါင်းများစွာ ပြန်မလာခဲ့ကြဘူး ..။ အဲဒီနောက်မှာတော့ သခင်ကြီးက ခွန်းလွန်တောင်ကိုပြန်လာပြီး ကျွန်တော်တို့ကို ပိတ်လှောင်ပစ်လိုက်တယ်…"
မုန့်ချီကတော့ အမတ်ကြီးဟွမ်ဆီမှနေ၍ နတ်ဘုရားတိုက်ပွဲ ပြီးဆုံးသွားပြီးနောက် ဖြစ်ခဲ့သော ပြောင်းလဲမှုကြီးများကို ကြားထားပြီးသားဖြစ်သည်။ ဘိုးဘေးလင်းပေါင်ကလည်း နတ်ဘုရားကမ္ဘာကြီးထဲသို့ ရောက်ခဲ့ဖူးသည့်အတွက် ထိုအရာများကို ကြားဖူးထားပြီး ကိုယ်ပိုင်အယူအဆများ ရှိနေနိုင်သည်။ ထိုသို့ဆိုရာတွင် သူတို့ကတော့ ကြားလိုက်ရသောသတင်းကြောင့် အံ့သြမှင်တက်သွားခဲ့ကြသေး၏။
နှစ်ပေါင်းကြာမြင့်စွာ နေထိုင်ခဲ့ကြသော ထိပ်သီးအင်အားစုကြီးတစ်ခုက မည်ကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရသနည်း။ ရန်ကျန်းက ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ သူက ထိုအရာကို ဖော်ထုတ်ရန် ကြိုးစားနေခြင်းပေလော။ သူက တံဆိပ်ထဲတွင် ထိုအရာနှင့် ပတ်သက်သောအရာတစ်ခုခုကို ဖုံးကွယ်ထားခြင်းများ ဖြစ်နိုင်မည်လော။
"သန့်စင်မှော်အရှင်က နောက်ပိုင်း ဘယ်နေရာကို ရောက်သွားလဲဆိုတာ မင်းသိလား ..."
မုန့်ချီကတော့ ရန်ကျန်း၏နောက်ပိုင်း လုပ်ရပ်များကို စိတ်ဝင်စားနေသေးသည်။
အမြစ်စိမ်းကြီးက တွေဝေနေပြီး ခဏကြာစဉ်းစားနေခဲ့ပြီးမှ ပြန်ဖြေလိုက်သည်။
"ကျွန်တော်က ဘာလို့အိမ်မက်ဆိုးတွေ အများကြီး မက်လဲဆိုတာ မသိဘူး။ ဒါကြောင့် ကျွန်တော်က သခင်ကြီးတို့ကို ကိစ္စတွေ အများကြီး ဖုံးကွယ်ထားခဲ့တာ ..."
သူ့ကို ကြည့်ရသည်မှာ ဆုံးဖြတ်ပြီးသွားပုံရသည်။
"သခင်ကြီးက သူ့ရဲ့ဆက်ခံသူကို ပြောပြပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့တယ် ... သူက ကောင်းကင်(၉)သွယ်အပျက်အစီးကို သွားမယ်လို့ ပြောသွားတာပဲ…"
"ကောင်းကင်(၉)သွယ် အပျက်အစီးလား ...ရန်ကျန်းက ကောင်းကင်(၉)သွယ် အပျက်အစီးကို သွားခဲ့ပြီး အဲဒီအချိန်ကတည်းက ပြန်ထွက်မလာတာလား။ ဘာကြောင့်လဲ..."
မုန့်ချီကတော့ စဉ်းစားနေမိခဲ့သည်။ သူကတော့ ခံစားချက်များ လှုပ်ရှားလာသည်ကို ခံစားနေခဲ့ရ၏။
‘ကောင်းကင်(၉)သွယ် ပျက်စီးမှုရဲ့ လျှို့ဝှက်ချက်က လုံးဝကို မရိုးရှင်းနိုင်ဘူး။ ဒါကြောင့်လည်း ကူရှောင်စန်းက အခုအချိန်ထိ တာဝန်မပြီးသေးတာ။ ကောင်းကင်ခုံရုံးမှာ သူ့ရဲ့ကွင်းဆက်တာဝန်က တော်တော်လေးကို ခက်လိမ့်မယ် .။ ဒါနဲ့ ဘာလို့ သူက ကောင်းကင်(၉)သွယ်ကို စိတ်ဝင်စားနေရတာလဲ။ ကျင့်စဉ်တွေ၊ နတ်ဘုရားလက်နက်တွေ၊ ရတနာတွေကြောင့်လား .ဒါမှမဟုတ် ရန်ကျန်းကိုတောင် အဲဒီနေရာ ရောက်သွားအောင် ဆွဲဆောင်နိုင်တဲ့ အကြောင်းပြချက်ကြောင့်လား။ ဒါမှမဟုတ် စန်ချင်းဗုဒ္ဓလို ထူးချွန်တဲ့ထိပ်သီးပညာရှင်တွေရဲ့ ရည်ရွယ်ချက်က ကောင်းကင်ခုံရုံးကို ကျဆင်းစေပြီး ကောင်းကင်(၉)သွယ်ကို ဖျက်ဆီးပစ်ချင်နေတာများလား ...’
‘သူက တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်နေတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကလည်း သေချာပေါက် မရိုးရှင်းနိုင်ဘူး။ ငါက အဲဒီအကြောင်းအရာတွေကို ဂရုစိုက်ဖို့တော့ ခက်သေးတယ်။ ဘာလို့လဲဆိုတော့ ငါက ကောင်းကင်(၉)သွယ် အပျက်အစီးကို ပူးပေါင်းရှာဖွေဖော်ထုတ်ဖို့ သူနဲ့ သဘောတူညီချက် လုပ်ထားလို့ပဲ။ ငါက သေသေချာချာ စုံစမ်းစစ်ဆေးပြီး အဲဒီနတ်ဆိုးမရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ ကြိုးစားရမယ်။ မဟုတ်ရင် ငါက သစ္စာဖောက်ခံရနိုင်သလို သူ့ဆီကနေ ဘာမှရနိုင်မှာ မဟုတ်ဘူး…’
“သခင်ကြီးက ငါတို့ကို ပြောပြစေချင်တာလား ..."
မုန့်ချီက စိတ်ဝင်တစား မေးလိုက်သည်။
အမြစ်စိမ်းကြီးက ခေါင်းခါပြီး ထပ်ပြောလိုက်၏။
"အဲဒီကိစ္စကလွဲရင် သခင်ကြီးက တခြားဘာစကားမှမပြောခဲ့ဘူး။ ဪ ... အစောပိုင်းမှာတော့ သူက ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ကို တွေ့ပြီလို့ ပြောခဲ့တယ်။ ပြီးတော့ အဲဒီနေရာကို တစ်ကြိမ်သွားပြီးတော့ ရှာဖွေခဲ့တယ် ... အဲဒီခရီးစဉ်အတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့အရာတွေကိုတော့ ဘာမှမပြောခဲ့ဘူး…"
"တံဆိပ်ကို ဖျက်ဆီးဖို့ အဓိကသော့ချက်က ကျောက်စိမ်းပုံရိပ်ယောင်နန်းတော်ထဲမှာ ရှိနေတာလည်း ဖြစ်နိုင်တယ်…"
ဘိုးဘေးလင်းပေါင်က စဉ်းစားနေပုံရသည်။
"မဟုတ်ရင် ငါတို့က ကျင့်စဉ်အဆင့် တိုးတက်အောင် စောင့်နေပြီးမှပဲ ချိုးဖျက်ဝင်ရောက်လို့ရနိုင်မယ် ..."
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး အမြစ်စိမ်းကြီးဆီတွင် နောက်ထပ်မေးခွန်းအနည်းငယ် ထပ်မေးခဲ့သည်။ သို့သော် တိကျသော အချက်အလက်များ မရခဲ့ပေ။
နောက်ဆုံးတွင်တော့ ဘိုးဘေးလင်းပေါင်က အမြစ်စိမ်းကြီးကို ထွက်သွားရန် ပြောလိုက်၏။ လျှို့ဝှက်အခန်းတံခါး ပိတ်သွားသည့်အချိန်တွင် သူက တံခါးကိုကြည့်ပြီး ပြောလိုက်သည်။
"သူပြောတဲ့စကားတွေ အများစုက မှန်ကောင်းမှန်နိုင်တယ် ... ဒါပေမဲ့ အရေးပါတဲ့ အရာတစ်ခု၊ နှစ်ခုကိုတော့ ဖုံးကွယ်ထားနေတုန်းပဲ…"
"ဘိုးဘေးပြောတာ ဟုတ်တယ်…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
"သန့်စင်မှော်အရှင်က သူ့ရဲ့ဆက်ခံသူကို သေချာပေါက် အမှာစကားပြောခိုင်းခဲ့တယ် ..။ ဒါပေမဲ့ သူကတော့ အဲဒီအရာကို ဖုံးကွယ်ထားပြီး အခုအချိန်ကျမှပဲ ကျွန်တော်တို့ကို ပြောခဲ့တယ်။ ဒါက ဘယ်လိုဖြစ်ရတာလဲ ..."
ဘိုးဘေးလင်းပေါင်က အေးအေးဆေးဆေး ပြောလိုက်သည်။
"ဒီနေ့အခြေအနေအရ နောက်ထပ်မေးမြန်းကြည့်မယ်ဆိုရင်လည်း ဘာမှထပ်ပြီး မသိရနိုင်တော့ဘူး ... ငါတို့က ဘာဆက်လုပ်ရမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ဖို့ပဲ လိုအပ်တယ်…"
လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကိုသုံး၍ သေချာစဉ်းစားနေခြင်း မရှိဘဲ အမြစ်စိမ်းကြီးကို နှိပ်စက်လိုက်မည်ဆိုလျှင် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်သည်။ ဥမမာအနေဖြင့် ပြောရလျှင် သူ့ကို ဖျက်ဆီးပစ်လိုက်မိပြီး သဲလွန်စများအားလုံး ပြတ်တောက်သွားနိုင်၏။ မည်သို့ဖြစ်စေကာမူ သူက ရှေးအချိန်ကတည်းက ယနေ့ထိ အသက်ရှင်နေခဲ့သော သတ္တဝါတစ်ကောင်ဖြစ်ပြီး သူ့ဆီ၌ ဝှက်ဖဲတချို့ရှိနေသည်မှာ သေချာသည်။
အမြစ်စိမ်းကြီးနှင့် စကားများကို အနည်းငယ် စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီး လင်ပိုစောင်းနှင့် ပတ်သက်သည့်အရာများကို ဘိုးဘေးလင်းပေါင်သိအောင် ပြောပြလိုက်သည်။
နောက်ဆုံးတွင်တော့ သူက ပြောလိုက်၏။
"ဒီနေ့တော့ စာရင်းထဲမှာ ပျောက်ဆုံးနေတယ်လို့ ပြောထားတဲ့ လင်ပိုစောင်းက ပြန်ပေါ်လာပြီ ။ ဒါက တော်တော်လေးကို ရှုပ်ထွေးနေတယ်။ ဒီတာဝန်ပြီးသွားပြီဆိုရင် ဘိုးဘေးက နတ်ဘုရားလက်နက်ကို တိုက်ရိုက်ရမှာလား…"
ဘိုးဘေးလင်းပေါင်က အမြစ်စိမ်းကြီးနှင့် ပတ်သက်သောအရာများကို လုပ်ဆောင်နေရသည့်အတွက် မြစ်အရှေ့ပိုင်းတွင် ဖြစ်ခဲ့သည့်အရာများကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။ သူက အံ့ဩမှင်တက်နေခဲ့၏။
"ငါက နတ်ဘုရားလက်နက်နဲ့ ပတ်သက်တဲ့ တာဝန်မပြီးသေးဘူး ...။ ဒါပေမဲ့ သံသရာအရှင်သခင်ဆီကနေ ဆုလာဘ်တော့ ရခဲ့တယ်။ အဲဒါက အထက်တန်းလွှာ မိသားစုထဲမှာ ပျောက်ကွယ်နေပုံရတယ်။ ဒါပေမဲ့ သွေးပြာလူသားတွေဆီမှာတော့ မပျောက်ဘူး။ ဖြစ်နိုင်ခြေရှိတာက သွေးပြာလူသားတွေရဲ့ ဘိုးဘေးနဲ့ သံသရာအရှင်သခင်ရဲ့ကြားထဲမှာ ဆက်နွယ်မှုများ ရှိနေတာများလား…"
မုန့်ချီက ထိုအရာကို တွေးထားမိသော်လည်း ဝေဝေဝါးဝါးသာ ဖြစ်သည်။ ဘိုးဘေးလင်းပေါင်က လက်ကာပြောလိုက်ပြီး လျှို့ဝှက်အခန်းတံခါးကိုဖွင့်၍ အမြစ်စိမ်းကြီးကို စိမ်းပြာနန်းတော်၏ တစ်နေရာသို့ တိုက်ရိုက်ပို့လိုက်သည်။
"သခင်ကြီး(၂)ယောက် ..."
သူက မူးဝေနေပြီး မည်သည့်အရာများ ဖြစ်နေကြောင်း မသိခဲ့ပေ။
ဘိုးဘေးလင်းပေါင်က မည်သည့်အရာကို ဆိုလိုချင်ကြောင်း မုန့်ချီက နားလည်ခဲ့သည်။ ထို့ပြင် သူကလည်း သွေးပြာလူသားဘိုးဘေး၏ အငွေ့အသက်ကို လက်ခံထားခဲ့၏။ သူက ချက်ချင်းပင် ထိုအငွေ့အသက်၏ ပြောင်းလဲမှုများကို တုပလိုက်ပြီး ကမ္ဘာမြေကြီး၏ ကြားထဲတွင် ရေစွမ်းအားများကို စုစည်းလိုက်သလို ထင်မှတ်ရ၏။
သူက အမြစ်စိမ်းကြီးကိုကြည့်ပြီး မေးလိုက်သည်။
"မင်း တံဆိပ်ထဲမှာ တွေ့ခဲ့မိတဲ့ အငွေ့အသက်က ဒါနဲ့တူလား ..."
အမြစ်စိမ်းကြီးက ခေါင်းခါပြီး ပြောလိုက်သည်။
"ဒါက ရှေးဟောင်းရေနတ်ဘုရား မဟုတ်လား ... ကျွန်တော်မသိဘဲ နေပါ့မလား…"
သူ့ပုံစံက သူ့ကို ဟာသလာမလုပ်ရန် ပြောချင်နေပုံရသည်။ သူ့ပုံစံက အတော်လေးကို သိသာထင်ရှားပြီး အလွယ်တကူ မှတ်မိနိုင်၏။
"ဒါဆိုရင် သွေးပြာလူသားတွေက ရေနတ်ဘုရားရဲ့မျိုးဆက်တွေဆိုတာ သေချာသွားပြီ။ ဒါပေမဲ့ သူက သေလား ရှင်လားတော့ ငါလည်း မသိဘူး…"
မုန့်ချီက အတည်ပြုပြီး ခေါင်းညိတ်လိုက်သည်။
နောက်တစ်ကြိမ် ဘိုးဘေးလင်းပေါင်က အမြစ်စိမ်းကြီးကို ထွက်သွားရန် ပြောလိုက်၏။ သူက တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစားပြီး ပြောလိုက်သည်။
"ကြည့်ရတာတော့ ရေနတ်ဘုရားက သံသရာအရှင်သခင်နဲ့ အတိုင်းအတာတစ်ခုအထိ ပူးပေါင်းပြီး လုပ်ဆောင်နေတာလည်း ဖြစ်နိုင်တယ်…"
သူတို့၏ စကားလုံးများအရ သံသရာအရှင်သခင်ဟူသည်မှာ အသက်ရှင်နေသေးသော ထိပ်သီးပညာရှင်တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ကြသည်။ သူက ယခုအချိန်အထိ အသက်ရှင်နိုင်ပြီး ထိုကဲ့သို့ ပြောင်းလဲနေနိုင်သည့်အတွက် သူ၏အဆင့်နှင့် အစွမ်းကလည်း မျှော်မှန်းကြည့်၍ ရနိုင်သည်ထက်ပင် သေချာပေါက် ကျော်လွန်နေနိုင်သည်။
"ငါတို့က သွေးပြာလူသားတွေရဲ့ဘိုးဘေးရုပ်တု ဘယ်နေရာမှာရှိလဲဆိုတာ မသိတာတော့ နှမြောစရာပဲ ...မဟုတ်ရင် ငါတို့က ဒီသဲလွန်စကို ရှာဖွေလို့ရတယ်…"
ဘိုးဘေးလင်းပေါင်က သက်ပြင်းချပြီးပြောလိုက်၏။
လျှို့ဝှက်အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့သည်။ မုန့်ချီကတော့ ကောင်းကင်လမ်းညွှန်ချက် (၇)သွယ်၏ ပဉ္စမသိုင်းကွက်ကို ရယူပြီး ကျန်းဝူအင်ပါယာ၏ နောက်ပိုင်းတာဝန်များကို လုပ်ဆောင်ရန်အတွက် ဘိုးဘေးကို အကူအညီတောင်းရန် တွေဝေနေခဲ့သည်။
သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာပြီးနောက် မုန့်ချီက လေပူများကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်၏။
"ဘိုးဘေး…
ကျွန်တော်က ကောင်းကင်လမ်းညွှန်ချက်(၇)သွယ်ရဲ့ ပဉ္စမသိုင်းကွက်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ သိထားတယ်…"
အကြိမ်ပေါင်းများစွာ စဉ်းစားလိုက်ပြီးနောက် သူက ထိုကဲ့သို့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ထိုအရာက မတော်တဆဖြစ်ရပ်များကို ကာကွယ်နိုင်သည့်အပြင် အင်မော်တယ်များဆီတွင် ကောင်းကင်လမ်းညွှန်ချက် (၇)သွယ်၏ ပဉ္စမသိုင်းကွက်နှင့် လဲလှယ်၍လည်း ရနိုင်၏။ ထို့ပြင် သူက ကံကြမ္မာနှင့် ချုပ်နှောင်ထားသော ထိပ်သီးအင်အားစုကြီးများ၏ အခြေအနေကိုလည်း စဉ်းစားကြည့်၍ရနိုင်သည်။
ဘိုးဘေးလင်းပေါင်နှင့် အင်မော်တယ်အဖွဲ့မှ တခြားပညာရှင်များဆီတွင် သူ့လို တူညီသော အတွေ့အကြုံများ ရှိနေသည့်အတွက် ထိုအရာက အလွန်လေးနက်မှု မရှိချေ။ ထို့ကြောင့် အချင်းချင်း ကူညီကာကွယ်ပေးခြင်းက မှန်ကန်သော လမ်းကြောင်းဖြစ်၏။
အကယ်၍ တစ်စုံတစ်ယောက်ကသာ သူတို့ထင်ထားသည်ထက် ကျော်လွန်နေသော အစွမ်းရှိနေသည့် အင်အားစုကြီးများ၏ ဝင်္ကပါထဲ၌ ပိတ်မိသွားမည်ဆိုလျှင် အကူအညီမရဘဲ သေဆုံးသွားနိုင်သည်။ ထိုအရာက ကိုယ်ရေးကိုယ်တာကိစ္စများကို ဖုံးကွယ်လိုသော မသိစိတ်နှင့် ဆန့်ကျင်နေသော်လည်း သေချာစဉ်းစားကြည့်လိုက်လျှင်တော့ အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခု ဖြစ်သည်။
"ဟုတ်လား ..."
ဘိုးဘေးလင်းပေါင်က မုန့်ချီကို မယုံကြည်နိုင်သလို အမူအရာနှင့် လှည့်ကြည့်လိုက်သည်။ သူ့အတွက်တော့ ကောင်းကင်လမ်းညွှန်ချက်(၇)သွယ်က ဗုဒ္ဓလက်ဝါးထက်ပို၍ အကူအညီပေးနိုင်သည်။
မုန့်ချီက သူ့ကို ကျန်းဝူမကောင်းဆိုးဝါးဝိညာဉ်နှင့် ပတ်သက်ပြီး အရေးပါသည့် အချက်အလက်များကို ပြောပြလိုက်၏။ ထို့ကြောင့် ဘိုးဘေးလင်းပေါင်က တည်ငြိမ်သွားခဲ့ပြီး သေချာအာရုံစိုက်၍ နားထောင်ခဲ့သည်။
မုန့်ချီ ပြောပြီးသွားသည့်အချိန်တွင် ဘိုးဘေးလင်းပေါင်က တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။
"ပျံလွှားတောင်နဲ့ ရေခဲရေကန် ...
အဲဒီရေခဲကန်ဆိုတာ ပင်ကျင်း ချောင်မိသားစုရဲ့ မြေနတ်သမီးရေကန် မဟုတ်လား…"
ပင်ကျင်း ချောင်မိသားစုက မြောက်ပိုင်းကျိုးအင်ပါယာထဲတွင် ထိပ်တန်းမိသားစုများထဲမှ တစ်ခုဖြစ်ပြီး မြေအင်မော်တယ် ဟူသောစကားလုံးကလည်း နာမည်ကျော်ကြားသည်။
"အဲဒါက မြေနတ်သမီးရေကန်ဆိုရင်တော့ အဆင်ပြေပါတယ်.."
မုန့်ချီက ပြောလိုက်သည်။
ပင်ကျင်း မြေနတ်သမီးရေကန်က အများပိုင် တစ်ဝက်ဖွင့်ထားသော နယ်မြေတစ်ခုဖြစ်ပြီး ချောင်မိသားစုကတော့ ဓားသိုင်းပညာနှင့် နာမည်ကျော်ကြားခြင်း မဟုတ်ချေ။ ထို့ကြောင့် ထိုအမွေဆက်ခံမှုက ဆက်လက်ရှိနေသေးသည်ဟု ဆိုလိုနေ၏။
ဘိုးဘေးလင်းပေါင်က ပြောလိုက်သည်။
"အဲဒီအရာက ပင်ကျင်း မြေနတ်သမီးရေကန်ထဲမှာရှိနေမှတော့ ချောင်မိသားစုက သံသယမဝင်အောင် မင်းအတွက် ဝင်္ကပါကို ယာယီဖယ်ရှားပေးလို့တော့ရတယ်.။ တကယ်လို့ ပြောင်းလဲမှုတွေ ရှိလာမယ်ဆိုရင်တောင် ငါက ခုခံပေးလို့ရနိုင်သေးတယ်"..
မြောက်ပိုင်းကျိုးအင်ပါယာ၏ ခေါင်းဆောင်ပိုင်းထဲမှ တစ်ယောက်ဖြစ်သည့်အတွက် သူက ဘိုးဘေးလင်းပေါင်ဟူသော အဆင့်အတန်းရှိနေသည်ကိုပင် လှုပ်ရှားရာ၌ အနှောင်အဖွဲ့များ ရှိနေသေးသည်။
"အဆင်ပြေပါတယ်.။ ကျွန်တော်က ကူညီပေးဖို့ မိတ်ဆွေတချို့ ရှာလိုက်မယ်.."
မုန့်ချီက ပြောလိုက်သည်။ သူက ထိုအခွင့်အရေးကိုအရယူပြီး ကျန်းကျိဝေနှင့် တခြားသူများကို အင်မော်တယ်အဖွဲ့ထဲသို့ပူးပေါင်းရန် တိုက်တွန်းချင်ခဲ့၏။
သူက ပြောလိုက်သည်။
"တကယ်လို့ သူတို့တွေထဲက တစ်ယောက်ယောက်က အင်မော်တယ်အဖွဲ့ကို မဝင်ချင်ဘူးဆိုရင်တောင် သူတို့ကတော့ ကောင်းကင်လမ်းညွှန်ချက် (၇)သွယ်ကို လေ့လာဖို့ အခွင့်အရေးတော့ ရှိပါသေးတယ် ..."
"မင်းက မင်း ပိုင်ဆိုင်တဲ့အရာကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိပါတယ် ..." ဘိုးဘေးလင်းပေါင်ကတော့ လောဘများ လုံးဝ မရှိခဲ့ချေ။ သူက သက်ပြင်းချပြီး ပြောလိုက်သည်။
"ငါက ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်ကို ကြုံခဲ့ရပြီးနောက် အဆင့်တက်ဖို့ တော်တော်လေး နီးကပ်နေပြီ။ တကယ်လို့ ငါကသာ ကောင်းကင်လမ်းညွှန်ချက် (၇)သွယ်ကို နောက်တစ်ကြိမ် လေ့လာခွင့်ရမယ်ဆိုရင် အဲဒီအတားအဆီးကို ဖြတ်ကျော်နိုင်ဖို့ မျှော်လင့်ချက်ကြီး ရှိသွားနိုင်ပြီ…"
"ဘိုးဘေးက အဆင့်တက်ဖို့ နီးကပ်နေပြီလား ..."
မုန့်ချီက မေးလိုက်သည်။ သူက အတော်လေးကို ဝမ်းသာသွားခဲ့၏။
ဘိုးဘေးလင်းပေါင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ငါက လူသားအင်မော်တယ်အဆင့်ကို ရောက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ ..။ နောက်ဆုံးမှာတော့ မြေအင်မော်တယ်အဆင့်ကိုရောက်ဖို့ အခွင့်အရေးတစ်ခု ရနေပြီပဲ…"
"လူသားအင်မော်တယ်...မြေအင်မော်တယ်…"
မုန့်ချီက စောင့်ဆိုင်းနေခဲ့ပြီး ထိုအင်မော်တယ်များ ဟူသည်မှာ ဗုဒ္ဓအဆင့် သတ်မှတ်ချက်တွင် မည်သို့ရှိနိုင်ကြောင်း မေးနေခဲ့သည်။
ဘိုးဘေးလင်းပေါင်က သူ့ကိုလေးလေးနက်နက် ပြောလိုက်၏။
"မင်းရဲ့ကံကြမ္မာအရှိန်အဟုန်က သာမန်မဟုတ်ဘူးဆိုတာ ငါလည်း သတိထားမိတယ်။ မင်းက ထိပ်သီးအင်အားကြီးတွေရဲ့ ကံကြမ္မာနဲ့ သေချာပေါက် ပတ်သက်နေတယ်။ ငါလည်း မင်းလိုတူညီတဲ့ အတွေ့အကြုံမျိုး ရှိခဲ့တာပဲ။ အခက်အခဲတွေ အများကြီးကို ကျော်လွှားလာပြီး အခွင့်အရေးတွေ၊ တိုက်ဆိုင်မှုတွေ၊ တစ်စိတ်တစ်ပိုင်းကို ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ ငါက သူတို့တွေထဲက တချို့တစ်ဝက်ကို ရှင်းလင်းနိုင်ခဲ့တယ်…"
"အဲဒီအရာတွေကို ဖြတ်တောက်လို့ရနိုင်တာလား ..."
မုန့်ချီက အတော်လေး ဝမ်းသာသွားခဲ့၏။
ဘိုးဘေးလင်းပေါင်က သက်ပြင်းချပြီး ပြောလိုက်သသည်။
"မင်းနဲ့မတူတာကတော့ ငါ့ရဲ့ကံကြမ္မာတွေက အစစ်အမှန်ကောင်းကင်သခင် ဘိုးဘေးလင်းပေါင်ဆီကနေ ရောက်လာတာပဲ။ ငါက စိမ်းပြာနန်းတော်ကို တွေ့ခဲ့ရတဲ့အချိန်မှာ ကွင်းဆက်တာဝန်တွေကို စတင်ခဲ့ရတယ်။ ငါက ပွတ်ကာသီကာ လွတ်မြောက်ပြီး တာဝန်လည်း ပြီးဆုံးခဲ့တယ်။ ဘိုးဘေးလင်းပေါင်က လုံးဝပျောက်ကွယ်သွားတယ် ဆိုတာတော့ ငါလည်းသေချာသိတယ်။ ဒါပေမဲ့ အဲဒီအတွက်ကြောင့် သူက သေသွားပြီလို့တော့ မဆိုလိုဘူး။ လက်ရှိအချိန်မှာ သူက ငါ နားမလည်နိုင်သေးတဲ့ နောက်ထပ်တည်ရှိမှုတစ်ခုအနေနဲ့ ရှိနေနိုင်တယ်။ သူက အမှန်တကယ် ပျောက်ကွယ်သွားတဲ့အတွက် ငါ့ရဲ့ကံကြမ္မာတစ်စိတ်တစ်ပိုင်းကိုလည်း အလွယ်တကူ ဖြတ်တောက်နိုင်တယ်။ အခုအချိန်မှာ မင်းက ကျန်းဝူကွင်းဆက် တာဝန်ကို စတင်နေပြီ။ တခြားအသေးစိတ်အချက်အလက်တွေတော့ ပေါ်မလာသေးဘူး။ ကြည့်ရတာတော့ မင်းရဲ့ကံကြမ္မာက ငါ့ထက် အဆပေါင်းများစွာ ပိုပြီးတော့ ပြင်းထန်နေတယ်။ ဒါကို ဖြေရှင်းဖို့ နည်းလမ်း မရှိနိုင်သေးဘူး။ ငါတို့က သေချာဂရုစိုက်ပြီး ခြေတစ်လှမ်းချင်းဆီကို လျှောက်လှမ်းဖို့ လိုအပ်တယ်…"
မုန့်ချီက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး စိတ်ပျက်သွားခဲ့ခြင်း မရှိချေ။ ဝမ်စစ်ယွမ်က သူ့ကို သတိပေးခဲ့ပြီးနောက် သူက ထိုအရာအတွက် ပြင်ဆင်ထားခဲ့သည်။
"အင်မော်တယ်အဖွဲ့ကို တည်ထောင်ခဲ့တဲ့ ငါ့လိုပညာရှင် ပထမအသုတ်က မတူညီတဲ့ ကျင့်စဉ်တွေကို ကမ်းလှမ်းခဲ့ပြီး သံသရာကမ္ဘာကြီးထဲမှာ အဖော်တွေရှိနေဖို့ မျှော်လင့်ချက်နဲ့ ရွေးချယ်မှုတွေ လုပ်ဆောင်ခဲ့ရတယ်။ ဒါကြောင့် ငါတို့က သံသရာထဲကနေ လွတ်မြောက်ဖို့အတွက် အတူတူ ကြိုးစားနေကြတာ။ ငါတို့ရဲ့ ကံကြမ္မာနဲ့ ပတ်သက်နေတဲ့ ငါတို့ရဲ့တာအိုသခင်တချို့ကတော့ ငါတို့ရဲ့ မူလရည်ရွယ်ချက်ကို ဖျက်နေမယ်လို့ ငါတို့လည်း မထင်ထားခဲ့ဘူး ..”
“ဒါပေမဲ့ ငါတို့မှာ တခြားရွေးချယ်စရာ မရှိဘူးလေ။ အမှားကိုပဲ ဆက်လုပ်ပြီး အတွေ့အကြုံတွေကို ဖလှယ်ရမှာပေါ့။ သူတို့ဆီက ကံကြမ္မာကို ဖြတ်တောက်နိုင်ဖို့ မျှော်လင့်နေမိတယ်…”
“ဟုတ်တယ် သူတို့အတွက်တော့ ပြောစရာတစ်ခုပဲရှိတယ်။ သေသွားပြီဆိုရင်လည်း သေသွားတာပဲပေါ့…"
မုန့်ချီက အေးအေးဆေးဆေး ပြောလိုက်သည်။
"အဲဒီလိုအစွမ်းမျိုးရှိတဲ့ ထိပ်သီးအင်အားကြီးပညာရှင်တွေ အများကြီးမရှိတာ ကံကောင်းသွားတယ် ..."
ဘိုးဘေးလင်းပေါင်က မုန့်ချီကို နှစ်သိမ့်လိုက်သည်။
မုန့်ချီက ပုံမှန်အခြေအနေကိုပြန်ရောက်သွားခဲ့ပြီး မေးလိုက်၏။
"ဘိုးဘေး ….
ဘိုးဘေးရဲ့ကွင်းဆက်တာဝန်က မပြီးသေးဘူးလား ... "
"ဟုတ်တယ်...မပြီးသေးဘူး။ တစ်ဆင့်ကျန်နေသေးတယ်။ လက်ရှိအချိန်မှာ သဲလွန်စတွေ တော်တော်များများက ပြတ်တောက်နေပြီး တချို့ကို အစောပိုင်းမှာ ယူပြီးသွားပြီ .။ ဥပမာအနေနဲ့ ပြောရရင်တော့ အင်မော်တယ်သတ်ဖြတ်ရေး ဝင်္ကပါလိုမျိုးပေါ့…"
ဘိုးဘေးလင်းပေါင်က စိတ်ဓာတ်ကျသွားခြင်းမရှိဘဲ အပြုံးနှင့် ပြောလိုက်သည်။
"အင်မော်တယ်သတ်ဖြတ်ရေး ဝင်္ကပါလား…"
မုန့်ချီက အနည်းငယ်အံ့သြသွားခဲ့၏။ သို့သော် အလွန်အကျွံအံ့သြသွားခဲ့ခြင်းတော့ မရှိချေ။ ထို့နောက် သူက ဘိုးဘေးလင်းပေါင်နှင့် ကွင်းဆက်တာဝန်များအကြောင်း ပြောနေပြီး သင်ခန်းစာများ သင်ယူနိုင်ရန် ကြိုးစားနေခဲ့၏။
အဆုံးတွင်တော့ မုန့်ချီက ဘိုးဘေးကို ခဏစောင့်ရန် တောင်းဆိုလိုက်ပြီး ပစ္စည်းများကို လဲလှယ်ရန် အလယ်တွင် ရှိနေသော ကျောက်စိမ်းတိုင်လုံးဆီသို့ ထွက်သွားခဲ့သည်။
Translated by Hein Htet.