အခန်း (၆၅၅)
Vol. 44 Ch. 655
မုန့်ချီက အင်မော်တယ်လမ်းကြားထဲတွင် ရပ်နေခဲ့သည်။ သူက ဆရာကြီးကျိယွဲ့၏ သိုလှောင်အိတ်ထဲတွင် ပါဝင်နေသော ပစ္စည်းများအားလုံးကို ထုတ်လိုက်ပြီး အရာအားလုံးကို လဲလှယ်လိုက်သည့်အခါ ကံကြမ္မာအမှတ် (၇၆၀၀) ရရှိခဲ့သည်။
အကယ်၍ ကံကြမ္မာအမှတ်များ အလျင်စလို လိုအပ်နေခြင်းကြောင့်သာ မဟုတ်လျှင် မုန့်ချီက အင်မော်တယ်လမ်းကြားထဲ၌ ထိုပစ္စည်းများကို ပြသထားပြီး အင်မော်တယ်အဖွဲ့မှ ပညာရှင်များကို ရောင်းချရန် စဉ်းစားထားခဲ့သည်။
သို့သော် လင်ပိုစောင်းနှင့် ကျန်းဝူ မကောင်းဆိုးရွားဝိညာဉ်တိုက်ပွဲတွင် သူ၏ရတနာများ ကုန်ဆုံးသွားခဲ့သည့်အတွက် သူ၏အားနည်းချက်များကို တိုးတက်လာစေရန် အလျင်အမြန် လိုအပ်နေခဲ့သည်။ သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကဲ့သို့သော စွမ်းအားကို ယာယီမြှင့်တင်ပေးနိုင်သည့် စွမ်းရည်တစ်ခုကိုလည်း အလျင်အမြန် လိုအပ်နေသေးသည်။
သူက ဝေ့ကျင်းအဆင့်ကို ရောက်ရှိလာသည့် အချိန်ကတည်းကစပြီး စွမ်းအားကို ယာယီမြှင့်တင်ပေးနိုင်သော ကျင့်စဉ်အဆင့်များ၏ ဘေးထွက်ဆိုးကျိုးများက အတော်လေးကို ကြောက်စရာကောင်းနေခဲ့၏။ တချို့က အသုံးပြုသူ၏ ပင်မဝိညာဉ်ကို ထိခိုက်စေပြီး တချို့ကတော့ ဝေ့ကျင်းအဆင့် ပညာရှင်များ၏ စွမ်းရည်ကို လျော့ချပစ်နိုင်သည်။ တချို့ကတော့ အသုံးပြုသူ၏သက်တမ်းကို တစ်ဝက်ခန့် ဖယ်ရှားပစ်နိုင်၏။
ထိုကဲ့သို့ စွမ်းရည်မျိုးကို အသုံးပြုနိုင်မှသာ ကြောက်မက်ဖွယ်ရာ တန်ပြန်သက်ရောက်မှုများကြောင့် မုန့်ချီက စိုးရိမ်နေခဲ့၏။ ထိုကဲ့သို့ ကျင့်စဉ်မျိုးကို အသုံးပြုရသည်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသလိုမျိုးသာ ဖြစ်ပါလိမ့်မည်။ သံသရာ အရှင်သခင်၏ ပြီးပြည့်စုံသော ကုသစွမ်းရည်မျိုးသာ မရှိလျှင် ထိုကဲ့သို့ကျင့်စဉ်မျိုးကို အသုံးပြုခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေသလို ဖြစ်ပါလိမ့်မည်။
ထိုကဲ့သို့ ကျင့်စဉ်မျိုးကို အသုံးပြုလိုက်ပြီးနောက် အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်၏ အကျိုးအာနိသင်ကပင် နှေးကွေးသွားနိုင်သည်။ ထို့ကြောင့်လည်း အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်နှင့် ကောင်းကင်ရွှေကျင့်စဉ်တို့တွင် ထိုကဲ့သို့ သက်ရောက်မှုမျိုး မရှိခြင်း ဖြစ်သည်။
ထိုကျင့်စဉ်နှစ်ခုလုံးက လိုအပ်လာလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော နည်းလမ်းများလည်း ဖြစ်သည်။ သံသရာအရှင်သခင်၏ ပြီးပြည့်စုံသော ကုသစွမ်းရည်ကို နမူနာယူပြီး ကျန်းဝူ မကောင်းဆိုးရွားဝိညာဉ် အဖြစ်အပျက်ကို ကြုံတွေခဲ့ရပြီးနောက် ယခုမုန့်ချီဆီတွင် သံသယများ ပြည့်နှက်လာခဲ့သည်။ သူ၏မျှော်လင့်ချက်များ နိမ့်ကျလာနေသည်နှင့်အမျှ သူက ဘေးထွက်ဆိုးကျိုးနည်းပါးသော ကျင့်စဉ်များကိုသာ မွှေနှောက်ရှာဖွေနေခဲ့၏။
အနည်းဆုံးတော့ သူက ကျင့်စဉ်တစ်ခုကို တွေ့ခဲ့ဖူးသည်။ ထိုအရာက သဘာဝချည်နှောင်ခြင်းကျင့်စဉ် ဖြစ်သည်။ ထိုကျင့်စဉ်က အသုံးပြုသူ၏ ခန္ဓာကိုယ်ထဲသို့ သဘာဝစွမ်းအင်များကို ပေါင်းထည့်ပေးနိုင်၏။ ထိုသို့ဆိုလျှင် ပုံရိပ်ယောင်ခန္ဓာက အသုံးပြုသူဆီမှ ကွဲထွက်လာနိုင်ပြီး သူ၏လျှို့ဝှက်စွမ်းအားများကို ထုတ်လွှတ်ကာ ခန္ဓာကိုယ်နှင့် ပင်မဝိညာဉ်ကို မြှင့်တင်ပေးနိုင်သည်။
သို့သော် ထိုကျင့်စဉ်၏ အကျိုးသက်ရောက်မှုများက စက္ကန့်ပိုင်းလေးသာ ခံနိုင်ရည်ရှိပြီး ပုံရိပ်ယောင်ခန္ဓာကိုယ်က အသုံးပြုသူဆီမှ လုံးဝပြတ်တောက်သွားနိုင်သည်။ ပုံရိပ်ယောင်ခန္ဓာကို ဆုံးရှုံးလိုက်ရခြင်းက ဝေ့ကျင်းအဆင့်မှနေ၍ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ပြန်ရောက်သွားစေနိုင်၏။ ထိုကဲ့သို့ ကျဆင်းသွားခြင်းက နှစ်ရှည်လများ ကျင့်ကြံမှုကို ဖျက်ဆီးပစ်နိုင်ပြီး အလွန်ဆိုးရွားသော သက်ရောက်မှုတစ်ခု ဖြစ်သွားစေနိုင်သည်။
“ငါက အဲဒီအရာကို သေရေးရှင်ရေးအခြေအနေမျိုးမှာပဲ နောက်ဆုံးသိုင်းကွက်အနေနဲ့ အသုံးပြုလို့ရနိင်မယ်…”
မုန့်ချီက ထိုကျင့်စဉ်၏ ဆိုးကျိုးများကို သေချာလေ့လာနေရင်း ရေရွတ်လိုက်သည်။
သဘာဝချည်နှောင်ခြင်းအစွမ်းကို သာမန်အသုံးပြုမည်ဆိုလျှင်ပင် ပုံရိပ်ယောင်ခန္ဓာကို အားပျော့သွားစေနိုင်သည်။ အားကောင်းသော ဆေးရည်များ၊ သံသရာအရှင်သခင်၏ ကုသစွမ်းရည်များ မရှိလျှင် ပုံရိပ်ယေင်ခန္ဓာကို ကြံ့ခိုင်သန်စွမ်းစေနိုင်သော ရှားပါးတွင်းထွက်ပစ္စည်းများ၊ ရတနာများကို အလေးထားရန် လိုအပ်သည်။
မုန့်ချီက ထိုကျင့်စဉ်ကို လဲလှယ်ရန် ကံကြမ္မာအမှတ်(၅၀၀၀) သုံးလိုက်ရ၏။ သူ့ဆီတွင် မူလရှိနေသည့်အရာနှင့် ပေါင်းလိုက်သည့်အခါ သူ့ဆီ၌ စုစုပေါင်း ကံကြမ္မာအမှတ်(၄၈၀၀) ကျန်နေသေးသည်။ ထို့နောက် သူက ကံကြမ္မာအမှတ် (၄၀၀၀)တန်ကြေးရှိသော ဘေသဇ္ဇဂုရု ကုသဆေးလုံးတစ်လုံးကို လဲလှယ်လိုက်၏။
……………
ကျိကန်းဓားစံအိမ်၏ ဌာနချုပ်ရှိနေသော တောင်ထိပ်က ကောင်းကင်ကြီးပေါ်သို့ မိုးထိုးနေသလို ထင်မှတ်ရသည်။ ထိုအရာက တိမ်တိုက်များထဲထိအောင် မြင့်မားနေခဲ့၏။
ဆောင်းရာသီအစောပိုင်းဖြစ်သည့်အတွက် နှင်းပွင့်လေးများက တောင်တန်းပေါ်တွင် အဖြူရောင်ခြုံလွှာကြီးတစ်ခု ခင်းကျင်းထားသလို ထင်မှတ်ရသည်။ နေရာတိုင်းတွင် ဖြူဖွေးနေသော မြင်ကွင်းများသာ မြင်နေရ၏။
မျက်နှာဖုံး ဖယ်ရှားထားသော ဘိုးဘေးလင်းပေါင်က တာအိုသခင်ချုံဟယ်ဟူသော အဆင့်အတန်းနှင့် မုန့်ချီဆီကို ရောက်လာခဲ့သည်။ သူက အဝေးတွင် ရှိနေသော လိုဏ်ဂူငယ်လေးတစ်ခုထဲ၌ ပုန်းအောင်းနေရင်း ဌာနချုပ်ဆီသို့ မုန့်ချီ လမ်းလျှောက်သွားသည်ကို ငေးကြည့်နေခဲ့၏။
ရုတ်တရက် သူက တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။ သူက အဖြူရောင်နှင်းပွင့်များနှင့် အကာအကွယ် အလွှာများစွာကို ဖောက်၍ လူတစ်ယောက်ကို မြင်လိုက်ရသလို ထင်မှတ်ရ၏။ သူ၏ခံစားချက်များက လေးလံသွားသလို ခံစားလိုက်ရသည်။
ဌာနချုပ်၏ ဝင်ပေါက်တွင် တပည့်နှစ်ယောက်ရပ်နေပြီး သူတို့၏ခါးတွင် ဓားများ ချိတ်ထားကြ၏။ သူတို့က အလွန်စူးရှသော မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။ မုန့်ချီ ရုတ်တရက်ပေါ်လာသည့်အတွက် သူတို့က မှင်တက်သွားကြသော်လည်း ချက်ချင်းပင် သူ၏ဓားမောက်၊ ရုပ်ရည်နှင့် အဝတ်အစားကိုကြည့်ပြီး သူ့ကို မှတ်မိသွားကြသည်။
ထိုအရာက သတ်ဖြတ်ရေးဓားစုမုန့်ဖြစ်၏။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း အန္တရာယ်အရှိဆုံး လူငယ်ပညာရှင် တစ်ယောက်လည်းဖြစ်သည်။
စိုက်ကြည့်နေသော တပည့်က မုန့်ချီကို နှုတ်ဆက်လိုက်၏။
“ဂိုဏ်းတူအစ်မကျန်းနဲ့တွေ့ဖို့ ဒီကိုရောက်လာတာလား သခင်လေးစု…”
သူတို့က သက်တူရွယ်တူသာ ဖြစ်ကြသည်။ သို့သော် သူတို့၏ကြားထဲတွင် ကွဲပြားမှုက အလွန်ကွာဟနေ၏။
“ဟုတ်တယ်။ ကျေးဇူးပြုပြီး ငါ ရောက်လာတဲ့အကြောင်း သတင်းပို့ပေးလို့ရမလား..”
မုန့်ချီက တလေးတစား တုံ့ပြန်လိုက်သည်။
ထိုတပည့်က ခဏရပ်ပြီး ပြန်ဖြေလိုက်၏။
“ဂိုဏ်းတူအစ်မကျန်းက တံခါးပိတ်လေ့ကျင့်နေတယ် ထင်တယ်။ သူက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ နှောင့်ယှက်လို့မရတဲ့ လေ့ကျင့်မှုမျိုးတော့ မဟုတ်ဘူး။ ကျွန်တော် ချက်ချင်း သတင်းပို့လိုက်ပါ့မယ်…”
ထိုတပည့်က အလျင်အမြန် ထွက်သွားပြီး တောင်ထိပ်ပေါ်တွင် ပျောက်ကွယ်သွားခဲ့၏။
မုန့်ချီကတော့ ထွက်သွားသည့် သူ့ကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူက လက်နောက်ပစ်ပြီး အဝေးတွင် ရှိနေသော တောင်တန်းများ၊ တောင်ထိပ်များရှိရာကို ငေးကြည့်နေမိခဲ့၏။
တချို့နေရာများတွင်တော့ ရှေးကျပြီး တချို့နေရာများကတော့ အလွန်ဆန်းကြယ်လှသည်။ တချို့ကတော့ မတ်စောက်ပြီး ကျယ်ပြန့်လှ၏။ တောင်တန်းများ တစ်ခုနှင့်တစ်ခု တူညီနေခြင်းမရှိချေ။ မတူညီသော ပုံသဏ္ဌာန်နှင့် အရွယ်အစားများစွာထဲတွင် ထိုတောင်တန်းများက တောင်ကြားကို လွှမ်းမိုးထားခဲ့ပြီး ကျိကျန်းဓားစံအိမ်၏ ဌာနချုပ်ကို ကြီးကျယ်ခမ်းနားစေသော စက်ဝိုင်းပုံတောင်တန်းများကဲ့သို့ ဖြစ်နေခဲ့သည်။
ကောင်းကင်လမ်းညွှန်ချက် (၇)သွယ်၏ ပင်မလမ်းညွှန်ချက်နှင့် ပတ်သက်သော မှတ်ဉာဏ်များက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။ ထိုတောင်တန်းနှင့် ပတ်သက်သော မြင်ကွင်းများက သူ၏မျက်လုံးထဲမှ မှေးမှိန်သွားခဲ့ပြီး သူ့ရှေ့တွင် အလွန်ထူးခြားပြီး ရှုပ်ထွေးသော ဓားသိုင်းပြကွက်များသာ အစားထိုး ဝင်ရောက်လာခဲ့သည်။
“ဒါဆိုရင် ဒီတောင်တန်းတွေကို ကျိကျန်းဓားစံအိမ်ရဲ့ တည်ထောင်သူ ပြောင်းလဲထားခဲ့တာပဲ။ သူက အစီအစဉ်တကျ တည်ထောင်ထားခဲ့ပြီး ဒီလိုပုံစံမျိုး ထိန်းသိမ်းထားခဲ့တာ…”
မုန့်ချီက အတွေ့အကြုံများကို သုံးသပ်ကြည့်နေပြီး ခေါင်းညိတ်လိုက်မိသည်။
ဝင်ပေါက်တွင် ရပ်စောင့်နေသော တပည့်များကတော့ အနက်ရောင်ကိုယ်ကျပ်ဝတ်စုံ ဝတ်ထားသော မုန့်ချီကို ငေးကြည့်နေကြ၏။
ထိုအချိန်တွင် တောင်ထိပ်ပေါ်မှ အဝါဝတ်လူရိပ်တစ်ခု ပျံသန်းလာခဲ့သည်။ ထိုအရာက ကျန်းကျိဝေဖြစ်၏။ သူမက သူ့ဆီသို့ လျင်မြန်စွာ လျှောက်လာပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
“နင် အဆင့်တက်သွားတယ်လို့ ငါကြားတယ်…”
သူမ၏စကားလုံးများက ရိုးရှင်းပြီး တည့်တိုးဆန်သည်။ သူမဆီတွင် ဟန်ဆောင်နေသော အမူအရာများမရှိဘဲ နွေးထွေးမှုများ ပါဝင်နေခဲ့၏။
“ဟုတ်တယ်…”
မုန့်ချီက ဝန်ခံလိုက်သည်။ သူ အယုံကြည်ရဆုံး မိတ်ဆွေတစ်ယောက်၏ရှေ့တွင် ဖုံးကွယ်ထားရန် မလိုအပ်ပေ။
“ငါက နင့်ကိုအကူအညီတောင်းစရာ တာဝန်တစ်ခုရှိတယ်။ ငါတို့တွေ လမ်းလျှောက်ရင်း စကားပြောကြတာပေါ့…”
ကျန်းကျိဝေက အသေးစိတ် အခြေအနေများကို မေးမြန်းခဲ့ခြင်း မရှိချေ။ သူမက ချက်ချင်းပင် ပြန်လှည့်သွားပြီး ဝင်ပေါက်ကို စောင့်ကြပ်နေသော တပည့်အနည်းငယ်ကို မှာကြား၍ မုန့်ချီနှင့်အတူ အဝေးကို ထွက်သွားခဲ့သည်။
“ငါက ကျန်းဝူ မကောင်းဆိုးရွားဝိညာဉ်ကို သုတ်သင်နိုင်ခဲ့ပြီ….”
မုန့်ချီက စိတ်ဝိညာဉ်အသံပို့ဆောင်မှုနှင့် တိုက်ရိုက်ပြောလိုက်သည်။
ကျန်းကျိဝေက သက်ပြင်းချလိုက်မိ၏။
“နင်က ပထမကောင်းကင်လှေကားကို ကျော်ဖြတ်နိုင်ခဲ့ပြီဆိုတဲ့သတင်း ငါကြားတဲ့အချိန် နင်က အဲဒီတာဝန်ကို သေချာပေါက် ဆက်လုပ်မယ်ဆိုတာ ငါသိတယ်။ တကယ်လို့ ငါ့ဆီမှာသာ သံသရာတံဆိပ်ရှိနေရင် ငါက နင်နဲ့အတူ လိုက်ခဲ့မှာပဲ။ ပထမဆုံးတာဝန်ကလွဲရင် ဒီကွင်းဆက်တာဝန်တစ်ခုလုံးကို နင်တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရတာ။ ဒါကို စဉ်းစားမိတဲ့အချိန်တိုင်း ငါ တော်တော်လေး အရှက်ရမိတယ်..”
သူမက ခံစားချက်များကို ဖုံးကွယ်ထားခြင်းမရှိဘဲ တည့်တည့်သာ ပြောလိုက်သည်။
“နင့်ဆီမှာလည်း စိတ်ဝင်စားစရာ ကိစ္စတစ်ခုခုရှိရင် ငါ့ကိုအကျိုးအမြတ်တွေ မျှဝေမှာပဲ မဟုတ်လား…”
မုန့်ချီက အပြုံးနှင့် မေးလိုက်၏။
“ငါ့ရဲ့ကံကြမ္မာက အထူးခြားဆုံးပဲ။ ငါက ခရီးစဉ်တွေကနေ အကျိုးအမြတ်တွေ အများကြီး မကြာခဏ ရခဲ့တယ်။ ငါက အဲဒီအကျိုးအမြတ်တွေအားလုံး ကူညီပေးတဲ့သူတွေနဲ့ မျှဝေခဲ့တာပဲ။ နင်ကရော နောက်ပိုင်း ငါ့ကို အကူအညီမပေးတော့ဘူးလား…”
ကျန်းကျိဝေက တိုးတိုးလေး ရယ်လိုက်မိ၏။
“ဒါကတော့ နင့်ရဲ့သဘောပဲလေ။ ငါက အဲဒီအချိန်ကျမှ နောင်တရဖို့ အရမ်းနောက်ကျသွားပြီ…”
သူတို့ အချင်းချင်း စနောက်နေကြပြီးနောက် မုန့်ချီက သူလာလည်ရသည့် အဓိကအချက်ကို ပြောပြလိုက်သည်။ သူက လင်ပိုစောင်း အဖြစ်အပျက်မှနေ၍ ကျန်းဝူမကောင်းဆိုးရွားဝိညာဉ်ဆီသို့ ခရီးစဉ်တစ်ခုလုံးကို အသေးစိတ်ပြောပြခဲ့သည်။
“သံသရာအရှင်သခင်က တော်တော်လေး ကောက်ကျစ်စဉ်းလဲတာပဲ….”
ကျန်းကျိဝေက သက်ပြင်းချလိုက်မိပြီး ကောင်းကင်လမ်းညွှန်ချက်(၇)သွယ်ဟူသော စကားကို ကြားသည့်အခါ သူမ၏မျက်လုံးများက တဖျတ်ဖျတ် တောက်ပနေခဲ့၏။
“သံသရာအရှင်သခင်က ငါတို့အားလုံးထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တယ်။ ဒီတော့ အခုချိန်မှာ သူ့ကို စိုးရိမ်နေတာက အကူအညီဖြစ်မှာ မဟုတ်ဘူး။ ပထမဆုံး ငါတို့က ကောင်းကင်လမ်းညွှန်ချက် (၇)သွယ်ရဲ့ ပဉ္စမသိုင်းကွက်ကိုရဖို့ ကြိုးစားသင့်တယ်…”
မုန့်ချီက ပြောပြလိုက်သည်။
သူက သက်ပြင်းချပြီး ဆက်ပြောလိုက်၏။
“ငါက ဆရာကြီးတစ်ယောက်ရဲ့အကူအညီကို တောင်းဆိုထားတယ်။ ဒါပေမဲ့ အခုချိန်မှာ သူပေါ်လာဖို့ မသင့်တော်သေးဘူး။ သူက ငါတို့ကိုအစ်ကိုချီနဲ့ တွေ့ဖို့အတွက် ဟွမ်ဟွာဓားဂိုဏ်းရဲ့ ဌာနချုပ်ဆီ ပို့ပေးလိမ့်မယ်…”
ရွမ်ယုရှုကတော့ သူ၏အဆင့်နှင့် ပတ်သက်ပြီး တည်ငြိမ်အောင် အလုပ်များနေသေးသည်။ ထို့ပြင် သူက ဂီတပညာများကို လေ့လာနေရသေး၏။ ကျိုးဟမ်ကတော့ မြို့တော်မှ အစောင့်များ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသည့်အတွက် ထွက်လာရန် ခက်ခဲနိုင်သည်။
ထို့ကြောင့် မုန့်ချီက ကျန်းကျိဝေနှင့် ချီကျန်းရန်တို့ကို အကူအညီတောင်းရန်သာ ဆုံးဖြတ်ထားခဲ့သည်။ အစ်ကိုချီကရော ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်မည်လော။
ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်ပြီး လျှို့ဝှက်အကူအညီဟူသည်မှာ အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲ တစ်ယောက်ဖြစ်ကြောင်း သိနေခဲ့သည့်အတွက် နောက်ထပ်မေးခွန်းများ မမေးခဲ့ချေ။ ထိုအချိန်တွင် လေလှိုင်းတစ်ခု တိုက်ခတ်လာပြီး သူတို့က လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။
ဟွမ်ဟွာဓားဂိုဏ်း၏ ဌာနချုပ်က ရနံ့(၄)သွယ်တောင်ထိပ်ပေါ်တွင် တည်ရှိသည်။ ကျန်းကျိဝေက အဝေးတွင် စောင့်နေပြီး မုန့်ချီကတော့ ဌာနချုပ်၏ဝင်ပေါက်သို့ တည့်တည့်လျှောက်သွားကာ ချီကျန်းရန်ကို တွေ့ချင်ကြောင်း တောင်းဆိုခဲ့၏။
ဟွမ်ဟွာဓားဂိုဏ်းမှ တပည့်က သိမ်မွေ့နူးညံ့စွာ ပြောလိုက်သည်။
“စိတ်မကောင်းပါဘူး သခင်လေးစု။ အစ်ကိုချီက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဝေ့ကျင်းအဆင့်ကို ရောက်သွားတာ။ ဒါပေမဲ့ သူက အဆင့်သစ် တည်ငြိမ်သွားတဲ့အချိန်မှာပဲ အရေးကြီးကိစ္စရှိတဲ့အတွက် ဌာနချုပ်ကနေ ထွက်သွားတာ အခုထိပြန်မလာသေးဘူး။ သူ့ဆီကနေ ဘာသတင်းမှလည်း မရသေးဘူး…”
သူက ချီကျန်းရန်၏အခြေအနေကို အမှန်အတိုင်း ပြောပြလိုက်ပြီး ဌာနချုပ်တွင် မရှိကြောင်း ပြောလိုက်သည်။
“အစ်ကိုချီက ဘာလို့ဒီလောက်အလျင်စလို ထွက်သွားရတာလဲ။ ဘာတွေဖြစ်နေတာလဲ..”
မုန့်ချီက မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။
သူက သူ၏စွမ်းရည်များကို ထုတ်သုံးပြီး ကျောက်စိမ်းပုံရိပ်ယောင်တွက်ချက်မှုအစွမ်းကို အသုံးပြုလိုက်ရာ ချီကျန်းရန်၏ ခြေရာလက်ရာများက ဝေဝါးနေကြောင်း တွေ့လိုက်ရသည်။ သူ၏တည်နေရာနှင့် ပတ်သက်ပြီး အဖြေရှာမရခဲ့ပေ။
ထို့ကြောင့် မုန့်ချီလည်း ခေါင်းခါလိုက်မိပြီး ထိုကိစ္စကို ဘေးဖယ်ထားလိုက်၏။ သူက ကောင်းကင်လမ်းညွှန်ချက် (၇)သွယ် ပဉ္စမသိုင်းကွက်၏ အမွေအနှစ်များကို လျင်မြန်စွာ ရယူရမည်ဖြစ်သည်။ မဟုတ်လျှင် မထင်မှတ်ထားသော အခြေအနေများဖြစ်လာနိုင်၏။
…………….
မြောက်ပိုင်းကျိုးအင်ပါယာ…
ပင်ကျင်းမြို့၏ အနီးတစ်ဝိုက်တွင် ရှိနေသော ဖေးရန်တောင်အနားရှိ မြေနတ်သမီးရေကန်တွင်…
ထိုရေကန်က တောင်တန်းပေါ်ရှိ သစ်တောကြီးထဲတွင် ရှိနေပြီး မိုင်ထောင်ပေါင်းများစွာ အကျယ်ရှိသည်။ အင်မော်တယ်နှစ်ယောက်၏ တိုက်ပွဲကြောင့် တွင်းနက်ကြီးတစ်ခု ဖြစ်လာပြီး ထိုရေကန်ဖြစ်လာသည်ဟု ဆိုခဲ့၏။ ယခုတော့ ထိုရေကန်က အလွန်လှပသော မြင်ကွင်းများနှင့် ပြည့်နှက်နေခဲ့သည်။ ထိုရေကန်၏ အလယ်ဗဟိုတွင်တော့ သဘာဝရေခဲဗဟိုကြောင့် နာမည်အကျော်ကြားဆုံးဖြစ်ပြီး ထိုနေရာတွင် ရေခဲမျက်လုံးရှိသည့်အတွက် ရေကန်၏အလယ်တွင် အေးခဲနေခဲ့သည်။
ထိုရေခဲများက နှစ်ပေါင်းတစ်သောင်းကျော် ရှိနေခဲ့သည့်အတွက် အလွန်ရှားပါးသော မြင်ကွင်းတစ်ခု ပေးစွမ်းနိုင်ခဲ့၏။ ပင်ကျင်း ချောင်ကလန်၏ ဘိုးဘေးက ထိုနေရာတွင် သေဆုံးသွားခဲ့သော ဓမ္မကာရအဆင့် မြေအင်မော်တယ်တစ်ယောက်၏ ရှေးဟောင်းရုပ်အလောင်းကို ရှာတွေ့ခဲ့သည်။ သူတို့က ထိုအရာနှင့် ချန်ထားခဲ့သော အမွေအနှစ်များကို ရှာဖွေတွေ့ရှိခဲ့၏။
နောက်ပိုင်းနှစ်များတွင်တော့ သိုင်းကျင့်စဉ်များ၊ သင်ကြားမှုများကို စုစည်းပြီး ချောင်ကလန်က သူတို့၏ကိုယ်ပိုင်ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ထိုအရာက မြေအင်မော်တယ်သိုင်းကွက်(၇၂)ခုဖြစ်ပြီး ထိုအရာက ရှေးဟောင်းအုတ်ဂူထဲမှ တွေ့ရှိထားသော လမ်းကြောင်း(၇)ခုကို ရည်ညွှန်းထားခြင်းလည်း ဖြစ်သည်။
ချောင်ကလန်က မြေနတ်သမီးရေကန်တစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ပတ်ဆို့ထားခြင်း မရှိပေ။ သူတို့က ရေခဲဗဟိုရှိနေသော နေရာကိုသာ အပြင်လူများ ဝင်မရစေရန် ပိတ်ဆို့ထားခဲ့သည်။ ထိုရေကန်ကိုတော့ ခရီးသွားများကို ဆွဲဆောင်နိုင်ရန် တပိုင်းတစ ဖွင့်လှစ်ထားခဲ့၏။
ရေကန်၏လှိုင်းလုံးများက လျင်မြန်စွာ ရိုက်ခတ်သွားပြီး ရေခဲတုံးလေးများက ဖြည်းညင်းစွာ ပျော်ကျလာနေခဲ့သည်။ ပတ်ပတ်လည်တွင်တော့ ခရီးသွားများကို သယ်ဆောင်ထားသော လှေပေါင်းများစွာ ရှိနေ၏။
မုန့်ချီနှင့် ကျန်းကျိဝေတို့က ရုပ်ဖျက်ပြီး ခရီးသွားအဖွဲ့ထဲတွင် ပေါင်း၍ ရေကန်ထဲတွင် လှေလှော်နေခဲ့သည်။ သူတို့နှစ်ယောက်က တင်ပျဉ်ခွေထိုင်နေပြီး ငါးမျှားတံတစ်ခုနှင့်အတူ တစ်နေရာတည်းကို ငေးကြည့်နေကြ၏။ သူတို့၏ပုံစံက ငြိမ်းချမ်းစွာ ငါးမျှားနေသလို ထင်မှတ်ရသည်။
သူတို့နှင့် မလှမ်းမကမ်းတွင်တော့ လှေနှစ်စီး ရှိနေ၏။ ပညာရှင်တစ်ယောက်က သူ၏လှေပေါ်မှ ခုန်ဆင်းလိုက်ပြီး တစ်ဖက်တွင် ခြေချ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ငါက မင်းနာမည်ကို ကြားဖူးတာကြာပြီ။ ငါ မင်းကို စိန်ခေါ်ချင်တယ်….”
ထိုအချိန်တွင် ကြည့်နေသူများက စိတ်ဝင်တစား အော်ဟစ်လိုက်ကြပြီး လှေပေါင်းများစွာက အနီးနားကို လာရောက်ကြည့်ရှုနေကြ၏။
“စိန်ခေါ်မှုတွေ၊ နှစ်ယောက်ချင်း တိုက်ခိုက်မှုတွေ၊ အောင်မြင်ကျော်ကြားမှုအတွက် ယှဉ်ပြိုင်မှုတွေ၊ သိုင်းလောကကို ရောက်လာတဲ့ လူသစ်တွေက သူတို့ရဲ့ အရည်အချင်းတွေကို ပြသဖို့အတွက် ကြိုးစားနေကြတာပဲ..”
မုန့်ချီကတော့ အေးအေးဆေးဆေး အမူအရာနှင့် ငါးမျှားချိတ်ကို ပစ်လွှတ်လိုက်ရင်း ပြောလိုက်သည်။
သူ၏စိတ်နေစိတ်ထားကို သိနေသည့်အတွက် ကျန်းကျိဝေက စနောက်လိုက်၏။
“နင်ကရော ဒီလိုကိစ္စတွေကို စိတ်မဝင်စားတော့ဘူးလား…”
မုန့်ချီက အပြုံးနှင့် ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး။ ငါလည်း စိတ်ဝင်စားပါသေးတယ်…”
ကျန်းကျိဝေက ရယ်လိုက်ပြီး မျက်ခုံးပင့်လိုက်မိ၏။ သူမက ပတ်ပတ်လည်တွင် ရှိနေသော မြင်ကွင်းများကိုကြည့်ပြီး သဘာဝတရားကြီး၏အငွေ့အသက်များ၊ လှုပ်ရှားမှုကို ခံစားကြည့်နေခဲ့သည်။ အချိန်ကြာသည်နှင့်အမျှ ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုများ ရှိနေတတ်ပြီး ကျန်းဝူအင်ပါယာ ဖော်ပြထားသော တည်နေရာကတော့ ဤနေရာတွင် မရှိတော့ချေ။
ထိုအကြောင်းပြချက်ကြောင့် သူတို့က လှေတစ်စီးနှင့် လှည့်ပတ်သွားလာနေပြီး ဤနယ်မြေထဲတွင် ရှိနေသောသဘာဝစွမ်းအင်အငွေ့အသက်များ ပြောင်းလဲမှုကို လေ့လာ၍ ရတနာဖုံးကွယ်ထားသည့်နယ်မြေကို စစ်ဆေးကြည့်နေခဲ့သည်။ လှိုင်းလုံးများက သူတို့၏ပတ်ပတ်လည်တွင် ညင်သာစွာ လှုပ်ရှားနေခဲ့၏။
မုန့်ချီက အခွင့်အရေးကို အရယူပြီး စိတ်ဝိညာဉ်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
“ငါက အင်မော်တယ်ဂိုဏ်းရဲ့လုပ်ရပ်တွေအပေါ် မှားယွင်းပြီး ယူဆမိခဲ့တယ်….”
သူက လျှို့ဝှက်ချက်များကို ပြောပြနေခြင်း မဟုတ်ကြောင်း ကျန်းကျိဝေက သိနေသည်။ မုန့်ချီက အင်မော်တယ်အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဘိုးဘေးလင်းပေါင်ကဲ့သို့သော ခေါင်းဆောင်၏ ယုံကြည်မှုကိုလည်း ရရှိခဲ့၏။
“ဟုတ်လား…”
ကျန်းကျိဝေက မုန့်ချီ၏ရည်ရွယ်ချက်ကို နားမလည်နိုင်သေးပေ။
“အင်မော်တယ်အဖွဲ့က တော်တော်လေးကို လွတ်လပ်တယ်။ အဓိက ကတော့ အရင်းအမြစ်တွေနဲ့ သတင်းအချက်အလက်တွေ စုစည်းပြီး အဖွဲ့သားတွေ အချင်းချင်းကူညီပေးကြတာ။ သူတို့မှာ ကန့်သတ်ချက်နည်းနည်းပဲ ရှိတယ်။ အဲဒါက အဖွဲ့သားတွေရဲ့သဘောတူညီမှုတွေ၊ လက်အောက်ငယ်သားတွေ အချင်းချင်း ပြဿနာမဖြစ်အောင် တားဆီးထားတဲ့အရာတွေပဲ။ သူတို့က အကျိုးအမြတ်တွေအပေါ် အခွင့်အရေးယူတာမျိုးလည်း မရှိဘူး…”
“ဒီတစ်ကြိမ် ငါတို့သာ စောစောပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် အင်မော်တယ်အဖွဲ့ကနေ သံသရာတံဆိပ်တစ်ခုတောင် လဲလှယ်နိုင်တယ်။ ငါတို့က ကိုယ်ရွေးချယ်ထားတဲ့ အင်မော်တယ်နာမည်ပေါ်မူတည်ပြီး သင့်တော်တဲ့ကျင့်စဉ်တွေကိုလည်း ရွေးချယ်လို့ ရနိုင်သေးတယ်..”
မုန့်ချီက သူ၏အဖွဲ့အစည်းနှင့် ပတ်သက်ပြီး အခြေအနေကို ရှင်းပြနေခဲ့သည်။
ကျန်းကျိဝေက ခဏကြာစဉ်းစားနေခဲ့၏။
“ဒါဆိုရင် ဆိုးကျိုးတွေက ဘာလဲ…”
“လူတစ်ယောက်က ကိုယ် နာမည်ယူထားတဲ့ အင်မော်တယ်ရဲ့တာဝန်အတိုင်း လုပ်ဆောင်ရတယ်။ ပြီးတော့ ကိုယ်ရွေးချယ်ထားတဲ့ အင်မော်တယ်ရဲ့ကျင့်စဉ်တွေ၊ သိုင်းကွက်တွေကိုပဲ ရွေးချယ်လို့ရတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး ရွေးချယ်လိုက်မယ်ဆိုရင် တကယ့်အစစ်အမှန် ဒဏ္ဍာရီပညာရှင်ရဲ့ကံကြမ္မာ ဝန်ထုပ်ဝန်ပိုးကိုလည်း ခံရနိုင်တယ်။ အဲဒီအရာကလွဲရင် အင်မော်တယ်အဖွဲ့သားတွေက တစ်နှစ်ကိုတစ်ကြိမ် တာဝန်တစ်ခု လုပ်ဆောင်ဖို့ပဲ လိုအပ်တယ်။ ပြီးတော့ အင်မော်တယ်အဖွဲ့သားတွေက နာမည်ကျော်ကြားပြီး ထင်ရှားတဲ့ အထက်တန်းလွှာပညာရှင်တွေပဲ။ သူတို့တွေဆီမှာ မကောင်းတဲ့လုပ်ရပ်မျိုးတွေ မရှိဘူး…”
မုန့်ချီက ဂိုဏ်းနှင့်ပတ်သက်ပြီး သူ၏သုံးသပ်ချက်ကို ပြောပြလိုက်သည်။ သူကတော့ တိမ်တိုက်ပြာဘိုးဘေးမှတဆင့် တော်တော်များများကို သိထားခဲ့၏။
ကျန်းကျိဝေက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။
“အရမ်းကောင်းတာပေါ့။ ငါလည်း ပူးပေါင်းမယ်လေ…”
“နင်က ဒီလောက်မြန်မြန် ဆုံးဖြတ်လိုက်တာလား…”
မုန့်ချီကတော့ သူမ၏တုံ့ပြန်မှုကြောင့် နားမလည်နိုင်ဖြစ်သွားခဲ့၏။
ကျန်းကျိဝေက အပြုံးနှင့်ပြောလိုက်သည်။
“နင်က ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြခဲ့တာပဲလေ။ ငါက နောက်ထပ်စဉ်းစားစရာ၊ တွေဝေနေစရာမှ မလိုတော့တာ…”
‘သူက တကယ့်ကို ဓားသမားတစ်ယောက်လို့ ခေါ်ထိုက်တာပဲ…’
မုန့်ချီကတော့ သက်ပြင်းချလိုက်မိသည်။
ကျန်းကျိဝေက မုန့်ချီကို အပြုံးနှင့်သာ တုံ့ပြန်လိုက်၏။
“ပြီးတော့ နင်က ငါတို့ကို ထိခိုက်အောင် မလုပ်ဘူးဆိုတာ ငါ အကြွင်းမဲ့ယုံတယ်လေ..”
သူမဆီမှ လေးနက်သောယုံကြည်မှုကြောင့် မုန့်ချီက အတော်လေးကို စိတ်လှုပ်ရှားသွားခဲ့ရ၏။ သူက အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေခဲ့သည်။
သူကတော့ ရေပြင်ပေါ်ရှိ တည်ငြိမ်အေးချမ်းမှုကို ခံစားနေရင်း သူမကို စိတ်ဝိညာဉ်ပို့ဆောင်မှုနှင့်ပြောလိုက်၏။
“ငါက တော်တော်လေးကို ပြဿနာတက်နေခဲ့တာ။ ငါ့ရဲ့ကံကြမ္မာက ဒဏ္ဍာရီပညာရှင်တွေ အများကြီးနဲ့ ပတ်သက်နေမှာ စိုးရတယ်။ နောက်ဆုံးမှာတော့ ငါက နောက်တစ်ကြိမ် အသက်ရှင်နိုင်မယ့် ခံစားချက်မျိုးရလာပြီပေါ့…”
ယခုတော့ အခြေအနေက အတော်လေးကို ပြေလျော့သွားခဲ့ပြီး ခံစားချက်များက သက်သာလာခဲ့သည်။
ခဏကြာပြီးနောက် ကျန်းကျိဝေက မေးလိုက်၏။
“ကျန်သေးတဲ့ဒဏ္ဍာရီပညာရှင်တွေထဲမှာ ဓားနဲ့ ပတ်သက်တဲ့ ကျင့်စဉ်တွေရှိကြလား။ အဲဒီပညာရှင်က ယောကျ်ားလေး ဒါမှမဟုတ် မိန်းကလေးလား…”
Translated by Hein Htet.