အခန်း (၆၅၆)
Vol. 44 Ch. 656
အေးစက်နေသော ရေခဲရေကန်၏ မျက်နှာပြင်အပေါ်ဘက်တွင် အစိုဓာတ်များ ပါဝင်နေသော လေပြေလေညင်းများက သူတို့၏မျက်နှာပေါ်သို့ တိုက်ခတ်လာသည့်အတွက် သူတို့လည်း အတော်လေးကို လန်းဆန်းသွားကြသည်။
မုန့်ချီက အင်မော်တယ်အဖွဲ့သို့ ပထမဆုံး ရောက်လာခဲ့သည့်အချိန်တွင် တိမ်တိုက်ပြာဘိုးဘေး သူ့ကို မိတ်ဆက်ပေးခဲ့သော အချက်အလက်များကို ပြန်လည်စဉ်းစားနေခဲ့၏။
သူက စိတ်ဝိညာဉ်အသံပို့ဆောင်မှု စွမ်းရည်ကိုသုံးပြီး တိုးတိုးလေး ပြောပြလိုက်သည်။
"ကောင်းကင်တက်လှမ်းခြင်းဘိုးဘေးက ဓားကို အသုံးပြုတဲ့ စွမ်းရည်အများဆုံးရှိတဲ့ နာမည်တစ်ခုပဲ။ သူက ဘိုးဘေးလင်းပေါင်နဲ့လည်း တူတယ်။ ဒါပေမယ့် အဲဒီနာမည်ကိုတော့ ယူပြီးသွားပြီ။ သူနဲ့အနီးစပ်ဆုံးရှိတာကတော့ ဘိုးဘေးဒိုပေါင်ပဲ။ အဲဒါက ကောင်းကင်တက်လှမ်းခြင်းဘိုးဘေးရဲ့ တပည့်တစ်ယောက်လို့ ပြောလို့ရတယ်။ သူက သူ့ဆရာရဲ့အသိပညာတွေ အားလုံးကိုလည်း အမွေရထားတယ်။ ဒါပေမဲ့ အင်မော်တယ်ဂိုဏ်းမှာ သူနဲ့ပတ်သက်တဲ့ အမွေအနှစ်တွေ ၊ ကျင့်စဉ်တွေ မရှိသေးဘူး။ ဒါကြောင့် သူ့နာမည်ကလည်း ပျောက်ကွယ်နေတယ်။ ပြီးတော့ နတ်ဆိုးသုတ်သင်ရေးဘိုးဘေး ..”
“လက်ရှိ ရနိုင်တဲ့နာမည်တွေထဲမှာတော့ ဓားသိုင်းပညာနဲ့ ပတ်သက်ပြီး စွမ်းရည်အရှိဆုံးလူက ဘိုးဘေးကျင်းဝူ၊ အင်မော်တယ်ယုတင်နဲ့ တခြားနာမည်တွေ ဖြစ်နိုင်တယ်။ ဘိုးဘေးထိုက်ရီကလည်း ဓားသိုင်းပညာရှိတဲ့ လူတစ်ယောက်လို့ သတ်မှတ်လို့ရတယ်။ ဒါပေမယ့် သူက အသူရာအင်ပါယာရဲ့ ဆန့်ကျင်ဘက် တာအိုသခင်လည်း ဖြစ်နိုင်တဲ့အတွက်ကြောင့် သူ့ရဲ့နာမည်နဲ့ ပါလာနိုင်တဲ့ ကံကြမ္မာဝန်ထုတ်ဝန်ပိုးက တော်တော်လေးကို လေးလံနိုင်တယ်။ ဒီနာမည်နဲ့ ရင်းနှီးနေတဲ့ အဖွဲ့သားတွေ ၊ အရှေ့ပိုင်းဘိုးဘေးလို လူတွေကတောင် ဆိုးဆိုးဝါးဝါး သေဆုံးသွားကြရတယ်…"
ကျန်းကျိဝေက မုန့်ချီ ပြောပြသည့်အရာများကို တိတ်တဆိတ် နားထောင်နေပြီး ရင်ထဲတွင် စဉ်းစားနေခဲ့သည်။ ထို့နောက် သူမက ပြောလိုက်၏။
"ဘိုးဘေးကျင်းဝူက အနောက်ပိုင်းသခင်မရဲ့ ဆန့်ကျင်ဘက် တာအိုသခင်ပဲ။ သူ့ရဲ့စွမ်းရည်ထဲမှာ ကြောက်စရာအကောင်းဆုံးက သတ္တုစွမ်းရည်တွေကို ထိန်းချုပ်နိုင်ပြီး သူ့ရဲ့ဓားသိုင်းပညာကတော့ အထောက်အပံ့အနေနဲ့ပဲ ရှိတယ်။ တခြားအင်မော်တယ်တွေထဲမှာတော့ အင်မော်တယ်ယုတင်က ဓားနဲ့ပတ်သက်ပြီး အကြီးမားဆုံးခွန်အား၊ အစွမ်းထက်ဆုံးစွမ်းရည်တွေ ရှိနေတယ်လို့ နာမည်အကျော်ကြားဆုံးပဲ…။ သူ့ရဲ့နာမည်က ငါနဲ့ တော်တော်လေးကို သင့်တော်တယ်…"
ယွင်ကျုံးကျိကဲ့သို့ အင်မော်တယ်ယုတင်၏ နာမည်ကို နတ်ဘုရားကမ္ဘာကြီးထဲတွင်သာ ကြားခဲ့ဖူးသည်။ သို့သော် သူတို့က သံသရာတာဝန်များထဲသို့ အချိန်တော်တော်ကြာ ရောက်နေခဲ့ပြီ ဖြစ်သည့်အတွက် မုန့်ချီ ရှင်းပြရန် မလိုအပ်ဘဲ ထိုနာမည်ကို ရင်းနှီးနေခဲ့သည်။
"နင်က မိန်းကလေးပညာရှင်ဆိုတဲ့ အစစ်အမှန်ကို ဖုံးကွယ်ဖို့အတွက် ယောကျ်ားလေး အင်မော်တယ်တစ်ယောက်ကို အသုံးပြုတယ်။ ပြီးတော့ ဓားသိုင်းပညာကလည်း ကွဲပြားတယ်။ ဒါက တကယ်ကောင်းတဲ့ရွေးချယ်မှုပဲ…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
ကျန်းကျိဝေ၏ မူလစိတ်ဝင်စားမှုက မတူကွဲပြားသော ဓားသိုင်းပညာများကို လေ့လာသင်ယူပြီး သူမ၏ကိုယ်ပိုင် ဓားသိုင်းပညာကို မြှင့်တင်ရန်ဖြစ်ကြောင်း သူက နားလည်ထားခဲ့သည်။ ထိုနာမည်က သူမအတွက် အရေးကြီးနေခြင်း မရှိချေ။ ထို့ပြင် အင်မော်တယ်ယုတင်နာမည်က ဘိုးဘေးဂုဏ်ပုဒ်များထက် အနည်းငယ် ပို၍နိမ့်ကျနေ၏။ ထို့ကြောင့် သူမ၏ ကံကြမ္မာဝန်ထုပ်ဝန်ပိုးက အတော်လေးကို နည်းပါးသွားနိုင်သည်ဟု ဆိုလိုနေသည်။
သူတို့က ဆွေးနွေးမှုကို အဆုံးသတ်လိုက်ပြီး လှေငယ်လေးနှင့် ငါးဖမ်းချင်ယောင်ဆောင်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့က သဘာဝအငွေ့အသက်၏ စီးဆင်းမှုကို စောင့်ကြည့်နေခဲ့၏။
သူတို့က ပတ်ဝန်းကျင်ကို ဖြည်းညင်းစွာ လေ့လာနေရင်း ပတ်ဝန်းကျင် မြင်ကွင်းများက သူတို့၏ခေါင်းထဲတွင် မြေပုံတစ်ခုပမာ ပေါ်လာခဲ့သည်။ လှေငယ်လေးက အတွင်းပိုင်းထဲကို ရောက်သွားလေလေ သူတို့က ရေကန်ပေါ်တွင် စီးဆင်းနေသော ရေခဲတုံးများကို ပို၍မြင်တွေ့လာရလေလေ ဖြစ်သည်။
သူတို့၏မြင်ကွင်းထဲတွင် အဖြူရောင်နှင်းပွင့်များသာ ပြည့်နှက်နေပြီး လမ်းသွားလမ်းလာများကတော့ သားမွှေးအင်္ကျီများ ဝတ်ဆင်ထားသော်လည်း တစ်ကိုယ်လုံး တုန်ယင်နေကြ၏။ ရှုခင်းကြည့်ရန် ရောက်လာကြသော လူအများစုကတော့ သူတို့၏လှေကို ပြန်လှည့်ပြီး အဝေးသို့ လှော်သွားကြသည်။
သိုင်းပညာ ကျွမ်းကျင်သော ပညာရှင်အနည်းငယ်၏ လှေများကသာ လွင့်မျောနေသော ရေခဲတုံးများ၏ မြင်ကွင်းကို ကြည့်ရှုရန်အတွက် အတွင်းပိုင်းထဲကို ဆက်လက် ထွက်ခွာလာကြခြင်း ဖြစ်သည်။ ထိုရေခဲများ၏ အေးစက်မှုမျိုးကို မြင်တွေ့ရသည်မှာ အလွန်ရှားပါး၏။
နောက်ဆုံးတွင်တော့ မုန့်ချီနှင့် ကျန်းကျိဝေတို့က ကျန်းဝူအင်ပါယာ ဖော်ပြထားသည့်အတိုင်း သဘာဝစွမ်းအင်စီးကြောင်းများကို လေ့လာပြီး ခြေရာလက်ရာများကို ရှာတွေ့ခဲ့ကြသည်။ သူတို့က လှေကို ရေခဲနှင့် နှင်းများ ပိုင်နက်ထဲသို့ တဖြည်းဖြည်း လှော်ခတ်သွားကြ၏။
အတွင်းပိုင်းထဲကို ရောက်လာလေလေ ရေပေါ် ပေါ်နေသော ရေခဲတုံးများက ပို၍ကြီးမားလာလေလေ ဖြစ်သည်။ တချို့ကတော့ အဖြူရောင် နှင်းသစ်တောကြီးများ အပေါ်တွင် ပေါက်ရောက်နေကြပြီး ရေကန်ပေါ်တွင် တည်ငြိမ်စွာ လွင့်မျောနေကြ၏။
လှေငယ်လေးကတော့ ဧရာမရေခဲတုံးကြီးများ ကြားထဲမှနေ၍ ဖြတ်သန်းလာပြီး နောက်ဆုံးတွင်တော့ အဖြူရောင် ကျွန်းတစ်ကျွန်းအနားသို့ ရောက်လာခဲ့သည်။ ကျွန်း၏ပတ်ပတ်လည်တွင် ရှိနေသောအရာများ အပါအဝင် ရေကန်ထဲရှိ ရေများကပင် အေးခဲနေခဲ့၏။
"အဲဒီနေရာမှာ..."
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး အဝေးတွင် ရှိနေသော အလွှာများကို စိုက်ကြည့်လိုက်၏။ သူတို့က ရေခဲမြူကန့်လန့်ကာကို ဖြတ်ပြီး မည်သည့်အရာကိုမျှ မမြင်ရပေ။ သူတို့က သေချာလေ့လာ ဆုံးဖြတ်ပြီးမှသာ ရေခဲပြင်ပေါ်သို့ တက်ရမည် ဖြစ်သည်။
ရုတ်တရက်ဆိုသလို ကျွန်း၏အစွန်၌ လူတစ်ယောက်ရပ်နေပြီး သူတို့ကို လှမ်းအော်လိုက်သည်။
"ဒီနေရာက ချောင်ကလန်ရဲ့ တားမြစ်နယ်မြေပဲ။ ဒီနေရာကို လူစိမ်းတွေ လာခွင့်မပြုဘူး…"
မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။ ထိုအရာက သူတို့အတွက် အဆိုးဆုံး အခြေအနေတစ်ရပ် ဖြစ်၏။ ကျန်းဝူအင်ပါယာ၏ ရတနာက ချောင်ကလန်၏ တားမြစ်နယ်မြေထဲတွင် ရှိနေခဲ့သည်။
သူတို့ဆီတွင်လည်း ရွေးချယ်စရာ မရှိတော့ချေ။ သူတို့က နေ့ခင်းကြောင်တောင် အတင်းအကြပ် ဝင်ရောက်ရန်လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့လည်း လှေကို ပြန်လှည့်လာပြီး ရေခဲများ မျောပါနေသော နယ်မြေထဲမှ ထွက်လာခဲ့ကြ၏။
ထိုအချိန်တွင် သူတို့၏ မျက်နှာချင်းဆိုင်မှနေ၍ တရုတ်ရိုးရာ လှေငယ်လေးတစ်စီးက နှင်းနှင့်ရေခဲများ လွှမ်းခြုံနေသော ကျွန်းရှိရာသို့ လှော်ခတ်လာခဲ့၏။ ထိုလှေပေါ်တွင်တော့ မိန်းမပျိုလေးတစ်ယောက် ရှိနေသည်။ သူမက အဖြူရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာလေးပေါ်တွင် လက်ဝတ်ရတနာများ ဝတ်ဆင်ထားခြင်း မရှိချေ။ သူမက အငွေ့အသက်များကို ဖိနှိပ်ထားပြီး သူမ၏ပုံစံက အလွန်ထူးခြား၏။ ထိုလှေငယ်လေးက သူတို့၏လှေကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။
ထိုမိန်းမပျိုက မုန့်ချီနှင့် ကျန်းကျိဝေတို့ကို သတိထားမိသော်လည်း အာရုံမစိုက်ခဲ့ပေ။ သူတို့ကို အနီးအနားသို့ ရောက်လာသော ခရီးသွားများအဖြစ်သာ သတ်မှတ်ထားခဲ့၏။
ထိုမိန်းမပျို၏လှေ ဖြတ်ကျော်သွားသည့်အချိန်တွင် ကျန်းကျိဝေက စိတ်ဝိညာဉ်ပို့ဆောင်မှုနှင့် ပြောလိုက်သည်။
"မြေနတ်သမီး ချောင်အာ..."
သူမက ချောင်အာကို မြင်ခဲ့ဖူးသည်။
"ဒါဆိုရင် ဒါက ချောင်အာပေါ့…"
မုန့်ချီက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်၏။
ထိုအရာက မြောက်ပိုင်းကျိုးအင်ပါယာထဲတွင် အထူးချွန်ဆုံး လူငယ်ပညာရှင်များထဲမှ တစ်ယောက်ဖြစ်သည်။ သူမက လူငယ်မှတ်တမ်း၏ ထိပ်ဆုံး (၁၀) ယောက်ထဲကို ရောက်နေသည်မှာ ကြာခဲ့ပြီဖြစ်ပြီး ဝေ့ကျင်းတစ်ဝက်အဆင့်တွင် ဝေကျင်းအဆင့် ပညာရှင်များကို အနိုင်ယူနိုင်ခဲ့သည်။
ရင်ထဲတွင် ရုတ်တရက် တဆစ်ဆစ် ခံစားရသည့်အတွက် မုန့်ချီက လှေငယ်လေးကို ပြန်လှည့်လိုက်သည်။ လှေငယ်လေးက ဆိုက်ကပ်သွားပြီ ဖြစ်၏။ ချောင်အာက လှေပေါ်မှ ခုန်ဆင်းလိုက်ပြီး နှင်းပေါ်ကို ဆင်းသက်လိုက်သည်။ ထို့နောက် သူမက ကျွန်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့၏။
ထိုအချိန်တွင် မုန့်ချီ၏မျက်လုံးထဲ၌ ရွှေရောင်အလင်းတန်းများ ပေါ်လာခဲ့သည်။ သူ့မျက်လုံးထဲတွင်တော့ သူက ချောင်အာ၏ ဝိုးတဝါးပုံရိပ်ကို မြင်နေရသေး၏။
"ဖောက်ထွင်းမျက်လုံးကျင့်စဉ်..."
သိပ်မကြာခင် ချောင်အာက မည်သည့်အရာမျှမရှိသော ကျွန်းငယ်လေး၏ အလယ်ကို ရောက်လာခဲ့သည်။ ထိုနေရာတွင် နှစ်ပေါင်း (၁)သောင်းကျော် သက်တမ်းရှိနေသော ရေခဲတုံးကြီးများ ရှိနေခဲ့၏။ သူမက စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး ရှေးဟောင်းရေခဲတုံးကြီးပေါ်သို့ လက်ဖဝါးတင်လိုက်သည်။
ထိုအချိန်တွင် အလင်းရောင်များ ရုတ်တရက် တောက်ပလာခဲ့၏။ အလွန်ရှေးကျသော ရေခဲတုံးကြီးက အက်ကွဲသွားခဲ့ပြီး တံခါးတစ်ချပ် ပေါ်လာခဲ့သည်။ ထို့နောက် ချောင်အာက အထဲသို့ ဝင်သွားပြီး နောက်တွင် ရှိနေသော လှေကားထစ်မှ အောက်သို့ ဆင်းသွားခဲ့၏။ သူမ၏နောက်တွင် ရှိနေသော ရေခဲတံခါးကလည်း ပိတ်သွားခဲ့သည့်အတွက် မုန့်ချီက သူမ၏ပုံရိပ်ကို ထပ်မံမြင်တွေ့ရခြင်း မရှိတော့ချေ။
"ငါတို့ရဲ့ပတ်ပတ်လည်မှာ စီးဆင်းနေတဲ့ စွမ်းအားလက္ခဏာတွေအရ နတ်ဆိုးသုတ်သင်ရေးဘိုးဘေးရဲ့ရတနာတွေက ချောင်အာဝင်သွားတဲ့ ရေခဲခန်းထဲမှာ ရှိနေလိမ့်မယ်။ အဲဒီအငွေ့အသက်တွေက ရေခဲမျက်လုံးနဲ့ တော်တော်လေးတူတယ်။ ဒါကြောင့် ချောင်ကလန်က အဖွဲ့သားတွေက အဲဒီအရာကို လုံးဝသတိထားမိမှာ မဟုတ်ဘူး…"
မုန့်ချီက သူ ရှာတွေ့သည့်အရာများကို ကျန်းကျိဝေသိအောင် ပြောပြလိုက်သည်။
ကျန်းကျိဝေက တိတ်တဆိတ် စဉ်းစားနေခဲ့၏။
"ဒါက ချောင်ကလန်ရဲ့တားမြစ်နယ်မြေတွေထဲမှာ အပြင်းထန်ဆုံးပဲ။ ငါတို့က အဲဒီနေရာကိုဝင်ဖို့ တော်တော်လေး ခက်လိမ့်မယ်…"
လှေငယ်လေးက ရေထဲတွင် တဖြည်းဖြည်း လှုပ်ရှားနေရင်း ရေခဲတုံးများကို ဖြတ်ကျော်သွားခဲ့သည်။ မုန့်ချီက စဉ်းစားနေရင်း ပြောလိုက်၏။
"ရှေးဟောင်းရေခဲရဲ့ အေးစက်မှုတွေက ကျွန်းတစ်ခုလုံးကိုတောင် ပျံ့နှံ့နေတယ်။ အဲဒီအအေးဒဏ်ကြောင့် သက်ရှိတွေ တစ်ခုမှ နေနိုင်မှာ မဟုတ်ဘူး။ ငါကလည်း အသွင်ပြောင်းကျင့်စဉ်တွေကိုသုံးပြီး ဝင်သွားလို့မရနိုင်ဘူး။ ငါက ချောင်ကလန်က အဖွဲ့သားတစ်ယောက်အဖြစ် ပြောင်းလဲပြီး တံခါးကို ဘယ်လိုဖွင့်လဲဆိုတာ လေ့လာမှပဲ ရနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒီတံခါးကို ဖွင့်ဖို့အတွက် ချောင်ကလန်ရဲ့ကျင့်စဉ်တွေ လိုအပ်နိုင်သလို အတွင်းထဲမှာ လျှို့ဝှက်အတားအဆီးတွေလည်း ရှိနေနိုင်တယ်။ အသွင်ပြောင်းနိုင်တဲ့ရန်သူတွေကို ဆန့်ကျင်ဖို့အတွက် အတားအဆီးတွေလည်း ရှိနေနိုင်တယ်…"
ပြောင်းလဲခြင်းဟူသောစကားကို ပြောသည့်အချိန်တွင် မုန့်ချီက ထိတ်လန့်သွားခဲ့သည်။ သူ့ခေါင်းထဲတွင် အလွန်ချောမောခန့်ညားသော လူတစ်ယောက်၏ပုံရိပ် ပေါ်လာခဲ့၏။
"ချောင်ရှန်းကျိ သန့်စင်မှော်အရှင်..."
အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို လေ့ကျင့်ထားသော လူများကသာ အသွင်ပြောင်းနိုင်သော လူများ၏ကျူးကျော်မှုကို တားဆီးနိုင်မည် ဖြစ်သည်။ သိုင်းသခင်အဆင့်သို့ မြင့်တက်သွားပြီးနောက် သူက ချောင်ကလန်တွင် အရေးပါသော လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည် မဟုတ်ပေလော။
"ဘာဖြစ်လို့လဲ..."
မုန့်ချီ၏အမူအရာကို သတိထားမိသည့်အတွက် ကျန်းကျိဝေက စိုးရိမ်တကြီး မေးလိုက်သည်။
မုန့်ချီက အားနည်းစွာ ပြုံးလိုက်၏။
"ငါက လူတစ်ယောက်ကို တွေးမိသွားလို့ပါ။ သူကလည်း ငါနဲ့ သိတဲ့လူတစ်ယောက် ဖြစ်နေတာ ကံကောင်းသွားတယ်။ ဒီကိစ္စကို ဘိုးဘေးဆရာကြီးနဲ့ အရင်ဆုံး စကားသွားပြောကြတာပေါ့…”
"ဘိုးဘေးဆရာကြီးလား..."
ကျန်းကျိဝေက တီးတိုးရေရွတ်လိုက်သော်လည်း နောက်ထပ် မေးခွန်းများ မမေးခဲ့ပေ။
……….
တည်းခိုဆောင်တစ်ခုထဲတွင် တာအိုသခင်ချုံဟယ်က မုန့်ချီနှင့် ကျန်းကျိဝေတို့၏ရှေ့တွင် ရပ်နေပြီး ဘိုးဘေးလင်းပေါင် မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။
သူက တိတ်တဆိတ် ပြောလိုက်၏။
"သန့်စင်မှော်အရှင်က သတိထားတတ်တဲ့ သူတစ်ယောက်ပဲ။ သူက လောဘကြောင့် မတရားတဲ့အလုပ်မျိုးကို လုပ်တတ်တဲ့လူမျိုးတော့ မဟုတ်ဘူး။ မင်းက သူ့ကို အကူအညီတောင်းလို့ ရနိုင်တယ်။ တကယ်လို့ မင်းက သူ့အကူအညီ မရဘူးဆိုရင်တောင် သူကတော့ မင်းကို လုံးဝသစ္စာဖောက်မှာ မဟုတ်ဘူး…"
အကယ်၍ သူတို့ကသာ ချောင်ကလန်ထဲမှ အတွင်းအကူအညီ ရနိုင်မည်ဆိုလျှင် မုန့်ချီနှင့် ကျန်းကျိဝေတို့၏ ပြဿနာများက အလွယ်တကူ ဖြေရှင်းနိုင်ပါလိမ့်မည်။ အကူအညီ ရရှိရန်အတွက် ပေးဆပ်ရမည့် တန်ဖိုးနှင့် လျော်ကြေး ရှိနေသေးသော်လည်း မုန့်ချီက ပူးပေါင်းလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
ခဏရပ်လိုက်ပြီးနောက် ဘိုးဘေးလင်းပေါင်က ဆက်၍ သတိပေးလိုက်၏။
"ကောင်းကင်လမ်းညွှန်ချက် (၇) သွယ်က ဓမ္မကာရအဆင့် ပညာရှင်တွေတောင် လိုချင်တပ်မတ်နေတဲ့ အရာတစ်ခုပဲ။ တကယ်လို့ သန့်စင်မှော်အရှင်က ကောင်းကင်လမ်းညွှန်ချက် (၇) သွယ်ကို လောဘမရှိရင်တောင် သူက သူ့ကလန်ရဲ့ အခြေအနေကို ပြန်ပြီးစဉ်းစားလိမ့်မယ်။ တကယ်လို့ အဲဒီလောက် တန်ဖိုးရှိတဲ့ ရတနာတစ်ခုကသာ သူတို့ကလန်ရဲ့ ပိုင်နက်ထဲမှာ ရှိနေပြီး သူတို့ကတော့ လုံးဝမသိတဲ့အကြောင်းကို သိသွားမယ်ဆိုရင် မင်းက အဲဒါကို ခိုးယူဖို့ အကူအညီတောင်းတဲ့အချိန် သူက မင်းကို ကူညီပေးနိုင်ပါ့မလား။ သူက မလူးသာမလွန့်သာအခြေအနေ ရောက်သွားနိုင်ပြီး ဘာလုပ်သင့်လဲဆိုတာတောင် သိမှာမဟုတ်တော့ဘူး။ ဒါကြောင့် မင်းက အဲဒီပစ္စည်းရဲ့အသေးစိတ်ကို မပြောပြတာ ပိုပြီးတော့ကောင်းမယ်လို့ ထင်တယ်…"
လူသားများ၏ နှလုံးသားက ခန့်မှန်းရခက်သည့်အတွက် အမြဲလိုလို စိုးရိမ်နေနိုင်သည်။ အထူးသဖြင့် ရင်ထဲတွင် သူ့ကလန်အတွက် အမြဲလိုလို စဉ်းစားနေတတ်သော ချောင်ရှန်းကျိကဲ့သို့သော လူစားမျိုးဖြစ်၏။
မုန့်ချီနှင့် ကျန်းကျိဝေတို့က ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့ကိုယ်တိုင် ချောင်ရှန်းကျိ ဖြစ်နေမည်ဆိုလျှင်လည်း သူတို့က သူတို့ကလန်အတွက် ထိုကဲ့သို့ တန်ဖိုးကြီးမားသော ရတနာများကို သေချာပေါက် ယူဆောင်ပေးချင်ပါလိမ့်မည်။
"ဘယ်လိုပဲဖြစ်ဖြစ် သူ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ အရင်ဆုံး စောင့်ကြည့်ကြတာပေါ့.."
မုန့်ချီက နောက်ဆုံး ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက ကျန်းကျိဝေကို အင်မော်တယ်အဖွဲ့ထဲသို့ ဝင်ရောက်ရန် စီစဉ်ပေးလိုက်ပြီး လျှို့ဝှက်စာတစ်စောင် ရေးလိုက်သည်။ သူက ချောင်ရှန်းကျိကို တွေ့ဆုံရန် စာတစ်စောင် ပို့လိုက်၏။
…………..
မြို့တောင်ဘက်တွင် ရှိနေသော ဇာမဏီကျောင်းဆောင်ထဲတွင် အင်မော်တယ်အဖွဲ့အစည်းမှ သန့်စင်မှော်အရှင် ချောင်ရှန်းကျိက မုန့်ချီနှင့် ကျန်းကျိဝေတို့ ရောက်လာသည့်အချိန်ကို စောင့်နေခဲ့သည်။
အလွန်ကြီးမားသော ဝတ်စုံကို ဝတ်ဆင်ထားသည့်သူက လက်နောက်ပစ်၍ စောင့်နေခဲ့၏။ သူ့ပုံစံက စိတ်မရှည်မှုများ၊ သံသယဝင်သည့် အမူအရာများ လုံးဝမရှိချေ။ ချောင်ရှန်းကျိက ကျန်းကျိဝေကို စိုက်ကြည့်လိုက်၏။
"ဒါက လူသစ်တစ်ယောက်ပါ…"
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
မုန့်ချီနှင့် ဘိုးဘေးဆရာကြီးတို့၏ ယုံကြည်မှုကြောင့် ဝေ့ကျင်းအဆင့်ကို ရောက်နေပြီး သံသရာခရီးသွား တစ်ယောက်ဖြစ်သော ကျန်းကျိဝေကလည်း ချက်ချင်းပင် တရားဝင်အဖွဲ့သားတစ်ယောက် ဖြစ်လာခဲ့သည်။
ချောင်ရှန်းကျိက နောက်ထပ် မေးခွန်းများ မမေးခဲ့ပေ။ သူက သူတို့ကို စိုက်ကြည့်နေပြီး သူ့ကိုတွေ့ဆုံရန် ခေါ်လိုက်ရသည့် ရည်ရွယ်ချက်ကို စောင့်နေခဲ့၏။
"အစ်ကိုချောင် …
ကျွန်တော်တို့က ခရီးသွားရင်း အစ်ကိုတို့ကလန်ရဲ့ တားမြစ်နယ်မြေထဲမှာ မြေအောက်အုတ်ဂူတစ်ခု ရှိနေတာကို သိခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့က အဲဒီအုတ်ဂူထဲမှာရှိတဲ့ ရတနာတွေယူဖို့ အစ်ကို့ကို အကူအညီလာတောင်းတာပါ.."
မုန့်ချီက တည့်တည့်သာ ပြောလိုက်သည်။
ချောင်ရှန်းကျိက မျက်မှောင်ကြုတ်လိုက်မိ၏။
"ငါတို့ကလန်ရဲ့ ပိုင်နက်ထဲမှာလို့ ပြောတာလား…"
မုန့်ချီက ချက်ချင်း ရှင်းပြလိုက်သည်။
"အဲဒါက အစ်ကိုတို့ကလန်ရဲ့ နတ်ဘုရားလက်နက်တွေ၊ ကျင့်စဉ်တွေ မဟုတ်ပါဘူး။ ဒါက အစ်ကိုတို့ကလန် ပေါ်မလာခင် ရှိနေခဲ့တဲ့ ပညာရှင်တစ်ယောက်ရဲ့ အုတ်ဂူပါ။ ဒါပေမဲ့ အရင်နှစ်တွေ အတောအတွင်း အဲဒီအုတ်ဂူကို အစ်ကိုတို့ရဲ့မျိုးနွယ်တွေတောင် တစ်ယောက်မှ သတိမထားမိခဲ့ဘူး။ တကယ်လို့ အစ်ကိုသာ ကျွန်တော်တို့ကို ကူညီပေးမယ်ဆိုရင် အကျိုးအမြတ်တွေကို အညီအမျှခွဲပေးပါ့မယ်။ ကျွန်တော်တို့ရမယ့် ကျင့်စဉ်တွေ ၊ အမွေအနှစ်တွေကိုလည်း အဖွဲ့အစည်းရဲ့စခန်းမှာ ပြသထားပြီး လူတိုင်း လွတ်လွတ်လပ်လပ် လေ့ကျင့်နိုင်တယ်လေ…"
ပို၍များပြားသော အကျိုးအမြတ်များအတွက် စွန့်လွှတ်ရသော အရာများကြောင့် မုန့်ချီ၏ရင်ထဲတွင် နာကျင်နေခဲ့ရသည်။ သို့သော် အကယ်၍ သူတို့ကသာ ချောင်ရှန်းကျိ၏ အကူအညီကို တောင်းဆိုနိုင်မည်ဆိုလျှင် မဖြစ်နိုင်သော အခြေအနေတစ်ခုက ပန်းခြံထဲတွင် လမ်းလျှောက်ရသကဲ့သို့သာ ဖြစ်သွားပါလိမ့်မည်။
ချောင်ရှန်းကျိက ခံစားချက်ကင်းမဲ့စွာ ရှိနေခဲ့၏။ သူက သူတို့၏ကမ်းလှမ်းချက်ကို လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ မုန့်ချီနှင့် ကျန်းကျိဝေတို့က စိတ်ရှည်လက်ရှည် စောင့်နေကြပြီး သူ့ကို အလျင်စလို ဆုံးဖြတ်ရန် တွန်းအားပေးခဲ့ခြင်း မရှိချေ။
နောက်ဆုံးတွင်တော့ ချောင်ရှန်းကျိက သက်ပြင်းချလိုက်၏။ သူက အပြုံးနှင့် အားနည်းစွာ ပြောလိုက်သည်။
"ငါက မိသားစုခေါင်းဆောင်ရဲ့ ခွင့်ပြုချက်မရှိဘဲ တားမြစ်နယ်မြေထဲကို လူစိမ်းတွေ ခေါ်သွားလို့မရဘူး။ မင်းတို့မှာ ရန်ပြုလိုတဲ့စိတ်ဆန္ဒတွေ မရှိနိုင်ပေမယ့် ဒီလိုခွင့်ပြုလိုက်တာက ငါတို့ကလန်ရဲ့ အနာဂတ်အတွက် မကောင်းနိုင်မှာစိုးရတယ်.."
ထိုအုတ်ဂူက ချောင်ကလန်၏ တားမြစ်နယ်မြေထဲမှတစ်ခုတွင် ရှိနေကြောင်း မုန့်ချီက ပွင့်ပွင့်လင်းလင်း ဝန်ခံထားခဲ့သည်။ ထို့ကြောင့် ထိုအုတ်ဂူက ပြင်းပြင်းထန်ထန် တားမြစ်ထားသော နေရာတစ်ခုသာ မဟုတ်လျှင် မုန့်ချီက ကိုယ်တိုင်ယူဆောင်သွားခဲ့ပြီဖြစ်ကြောင်း ချောင်ရှန်းကျိက သံသယဝင်နေခဲ့ခြင်း မရှိချေ။ အထူးသဖြင့် အသွင်ပြောင်းလဲမှုတွင် မုန့်ချီ၏စွမ်းရည်နှင့် အရည်အချင်းအရ မဖြစ်နိုင်စရာ မရှိသလောက် ဖြစ်သည်။
"သူက ရွမ်ကလန်ရဲ့ တတိယသခင်လေးလို မဟုတ်ဘဲ တော်တော်လေး စဉ်းစားဉာဏ်ရှိတာပဲ…"
မုန့်ချီက နောက်တစ်ကြိမ် စကားမပြောခင် သေချာစဉ်းစားနေခဲ့သည်။
"ကျွန်တော်တို့က အချင်းချင်း ရင်းနှီးမှုတည်ဆောက်ချင်ရုံ သက်သက်ပါပဲ။ ကျွန်တော်တို့က သွေးသောက်စာချုပ်တစ်ခု ချုပ်လို့ရတယ်။ ကံကြမ္မာအမှတ်တွေ ပေးလိုက်မယ်ဆိုရင် သံသရာအရှင်သခင်က ကျွန်တော်တို့ကို မျက်မြင်သက်သေအဖြစ် သတ်မှတ်ပေးနိုင်တယ်လေ။ ဒါဆိုရင် ကျွန်တော်တို့က ချောင်ကလန်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်မျိုး မရှိဘူးလို့ လုံးဝအာမခံပေးနိုင်တယ်…"
ထိုကဲ့သို့ အာမခံရသည့်တန်ကြေးကို ဘိုးဘေးဆရာကြီးက သေချာပေါက် လက်ခံပါလိမ့်မည်။ သို့သော် ချောင်ရှန်းကျိက ခေါင်းခါပြလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ငါက ငါတို့ကလန်ရဲ့ပိုင်နက်ထဲမှာရှိတဲ့ ပစ္စည်းတွေကို အပြင်လူတွေရဲ့ လက်ထဲမပေးနိုင်ဘူး။ ငါက အရင်ဆုံး မိသားစုခေါင်းဆောင်ရဲ့ သဘောထားကို မေးရဦးမယ်။ ဒါပေမဲ့ မင်းက မင်းရဲ့အဆင့်အတန်းအရ အဓိကအချက်တွေကို ချန်ထားတယ်ဆိုတာ ငါ နားလည်ပါတယ်။ မင်းက ငါ့ကို မနက်ဖြန် ဒီနေရာမှာ စောင့်နေပေးပါ။ ငါ မင်းကို အကြောင်းပြန်မယ်။ တကယ်လို့ မိသားစုခေါင်းဆောင်က ဒီကိစ္စကို သဘောမတူဘူးဆိုရင်တော့ ငါက ဒီကိစ္စကနေ ဝေးဝေးနေမယ်။ ငါ့ရဲ့မိသားစုကိုလည်း ဘာမှသတိပေးမှာ မဟုတ်ဘူး။ ငါက ငါ့မိသားစုရဲ့ နတ်ဘုရားလက်နက်တွေနဲ့ ပစ္စည်းတွေကိုပဲ စောင့်ကြပ်နေမယ်။ မင်းတို့ရဲ့အစီအစဉ် အောင်မြင်တာ မအောင်မြင်တာတော့ မင်းတို့အပေါ်မှာပဲ မူတည်လိမ့်မယ်…"
မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
"ချောင်ကလန်က ကျွန်တော်ရဲ့လမ်းညွှန်ချက်မပါဘဲ အဲဒီအုတ်ဂူကို လုံးဝရှာတွေ့မှာ မဟုတ်ဘူး။ ဒါက နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် အရာတစ်ခုပဲလေ။ ဒီတော့ အကြောင်းပြန်တာက အဆင်ပြေမယ်လို့ ထင်ပါတယ် အစ်ကိုချောင်..."
မုန့်ချီက နောက်တစ်ကြိမ် ဖိအားပေးလိုက်သည်။
ချောင်ရှန်းကျိက အကျိုးအမြတ်များအတွက် လောဘကြီးနေခြင်း မရှိချေ။ သို့သော် ချောင်ကလန်မှ တခြားသူများကတော့ ပြောပြရန် ခက်ခဲသည်။ မုန့်ချီနှင့် ကျန်းကျိဝေတို့က ချောင်ရှန်းကျိဆီမှ အဝေးကို ထွက်သွားခဲ့ပြီး မြို့တံခါးဆီသို့ ဘေးချင်းယှဉ်၍ လျှောက်သွားခဲ့ကြသည်။
သူတို့က စိတ်ဝိညာဉ်အသံပို့ဆောင်မှုကိုသုံးပြီး တိတ်တဆိတ် စကားပြောဆိုနေကြ၏။
"ချောင်ကလန်က ငါတို့ရဲ့တောင်းဆိုချက်ကို ငြင်းဆန်မှာစိုးရတယ်။ ငါတို့က တားမြစ်နယ်မြေကို အတင်းအကျပ်ကျူးကျော်ဖို့ ဘိုးဘေးဆရာကြီးကို အကူအညီတောင်းသင့်လား…"
ပြောရမည်ဆိုလျှင် ထိုကဲ့သို့ ကြိုးစားမှုမျိုးက အလွန်စွန့်စားရာကျပြီး အလွန်ခက်ခဲနိုင်သည်။ ချောင်ကလန်က ဤလောကကြီးထဲတွင် အထင်ရှားဆုံး မိသားစုများထဲမှ တစ်ခုဖြစ်၏။ ထိုကဲ့သို့ အင်အားနှင့် လွှမ်းမိုးမှုကို ပိုင်ဆိုင်ထားသော အိမ်တော်တစ်ခုက ခြိမ်းခြောက်မှုများကို လုံးဝ ကြောက်ရွံ့ကြလိမ့်မည် မဟုတ်သလို ဓမ္မကာရအဆင့် ရန်သူတစ်ယောက်ကိုပင် ကြောက်လန့်နေလိမ့်မည် မဟုတ်ချေ။
"ငါတို့က အာရုံလွှဲတဲ့နည်းလမ်းကိုတော့ အသုံးပြုလို့ရနိုင်တယ်…"
ကျန်းကျိဝေက အကြံပေးလိုက်၏။
သူတို့ပြောနေသည့်အချိန်တွင် လူတစ်ယောက်က သူတို့၏နောက်မှ ဖြတ်ကျော်သွားပြီး မြို့တံခါးဆီသို့ ပြေးသွားခဲ့သည်။
"ဟမ်..."
မုန့်ချီက အဝေးသို့ရောက်သွားသော ထိုလူကိုကြည့်ပြီး အံ့သြသွားခဲ့၏။ ထိုအရာက သူ သိနေသော မျက်နှာတစ်ခု ဖြစ်သည်။
"နင် သူ့ကို သိလို့လား..."
ကျန်းကျိဝေက မေးလိုက်၏။
မုန့်ချီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"သူက မြောက်ပိုင်းမြက်ခင်းစိမ်းလွင်ပြင်ထဲမှာရှိတဲ့ မျိုးနွယ်စုတွေထဲက မင်းသားတစ်ယောက်ကို အမှုထမ်းနေတဲ့ လူတစ်ယောက်ပဲ…"
ထိုလူက အရပ်ရှည်ရှည်နှင့် ခေါင်းတုံးပြောင်လုနီးပါးဖြစ်နေပြီး ကိုယ်လုံးတွင် တက်တူးများ ရှိနေသည်။ ထိုအရာက မဟာနေမင်းဘုရင်၏ သားတော် အာဂူလာ၏ အစောင့် တစ်ယောက်ဖြစ်သော ပါတူဖြစ်၏။ ပါတူကလည်း မြေခွေးသုတ်သင်ရေး အဖွဲ့အစည်းများထဲမှ လူတစ်ယောက် ဖြစ်သည်။
"ပင်ကျင်းမြို့တော်က မြောက်ပိုင်းမြက်ခင်းစိမ်း ဖုန်းဆိုးမြေနဲ့ အေလှမ်းဝေးတယ်။ ဒီမြို့က မြောက်ပိုင်းနဲ့တောင်ပိုင်းကြားထဲမှာရှိတဲ့ ကုန်သည်တွေ ခရီးတစ်ထောင့်နားတဲ့ နေရာတစ်ခုပဲ။ ဒီတော့ ဒီနေရာမှာ မြောက်ပိုင်းမျိုးနွယ်စုဝင်တွေကို တွေ့ရတာက သာမန်ပါပဲ…"
ကျန်းကျိဝေက သံသယဝင်နေခြင်းမရှိဘဲ ပြောလိုက်သည်။
သို့သော် အလွန်လျင်မြန်စွာ ပြေးလွှားသွားနေသော ပါတူကတော့ ရန်သူများ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသည့်အလား တစ်ကိုယ်လုံး တုန်လှုပ်နေခဲ့၏။ ရုတ်တရက်ဆိုသလို သူမျက်နှာက အစိမ်းရောင် ပြောင်းလဲသွားခဲ့သည်။ သူ့ပါးစပ်ထဲမှနေ၍ အမြုပ်များထွက်လာပြီး အသက်ကို အမောတကောရှူ၍ မြေပေါ်သို့ လဲကျသွားခဲ့သည်။
"ဗုန်း..."
မုန့်ချီ လှုပ်ရှားလိုက်သည့်အချိန်တွင် ပါတူကတော့ အသက်ရှူ ရပ်တန့်သွားကြောင်း တွေ့လိုက်ရလေ၏။
Translated by Hein Htet.