← Chapters

အခန်း (၆၅၇)

Vol. 44 Ch. 657

အခန်း (၆၅၇)

Vol. 44 Ch. 657

"လူတစ်ယောက် လဲကျသွားပြီ။ ဘာဖြစ်တာလဲ ... ဘာတွေဖြစ်နေတာလဲ…"

ပါတူမြေပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားသည့်အတွက် ဘေးနားတွင် ရှိနေသော လမ်းသွားလမ်းလာများက တုန်လှုပ်ခြောက်ခြားသွားကြသည်။

တချို့ကတော့ အမှုပတ်မှာ စိုးသည့်အတွက် အဝေးကို ရှောင်ရှားသွားကြပြီး တချို့ကတော့ လာရောက် အကူအညီပေးနေကြ၏။ တခြားလူများကတော့ အဝေးမှနေ၍ အခြေအနေကို စောင့်ကြည့်နေကြသည်။

"သူ သေသွားပြီ ..."

အကူအညီပေးရန် အနားကို ရောက်လာသောလူတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်၏။ ထိုကဲ့သို့ အခြေအနေ အလှည့်အပြောင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ကြပေ။ လူတစ်ယောက်က ဘာကြောင့် ရုတ်တရက် သေဆုံးသွားခဲ့ရသနည်း။ ထိုအရာက ရုတ်တရက်အပူတက်၍ သေဆုံးခြင်း သို့မဟုတ် နှလုံးပျက်စီး၍ သေဆုံးခြင်းပေလော။

ရုတ်တရက်ဆိုသလို လူအုပ်ကြီး၏အလယ်မှနေ၍ လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ထိုလူက သူ့ကိုယ်သူ ဆေးပညာရှင် တစ်ယောက်ဟု ကြေညာပြီး လူအများ၏အရှေ့တွင် အလောင်းကို စတင်စစ်ဆေးနေခဲ့၏။

"ဘာဒဏ်ရာ၊ ဘာရောဂါမှလည်း မရှိဘူး..."

သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်ပြီး ပါတူ၏ရင်ဘတ်နှင့် ဗိုက်ကို ဖိကြည့်လိုက်သည်။

ရုတ်တရက်ဆိုသလို ပါတူ၏နံရိုးက ချိုင့်ဝင်ပြီး အက်ကွဲသွားခဲ့၏။ သူ့လက်အားကြောင့် အောက်တွင် ရှိနေသော အရိုးများက ကြေမွသွားခဲ့သည်။ အလောင်း၏ အရှေ့ဘက်ပိုင်းက ပွင့်သွားခဲ့ပြီး အတွင်းထဲတွင် မည်သည့်အရာမျှမရှိပေ။ သေဆုံးသူ၏ ကိုယ်တွင်းအင်္ဂါများကိုလည်း တစ်စုံတစ်ခုက ဝါးမြိုသွားသည့်အလား ပျောက်ဆုံးသွားခဲ့၏။

"သရဲ ... သရဲ…"

ကြည့်နေသူများအားလုံးက ချက်ချင်းပင် ထိတ်လန့်ကြောက်ရွံ့သွားကြ၏။ လူတိုင်းက ထိတ်လန့်တကြား ထွက်ပြေးသွားကြသည့်အတွက် အနားတွင် လူတစ်ယောက်မျှမရှိဘဲ ပါတူ၏အလောင်းတစ်ခုတည်းသာ ကျန်နေတော့သည်။

မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး ကျောရိုးထဲတွင် တဆစ်ဆစ် နာကျင်သွားသလို ခံစားနေရ၏။ သူတို့က ထိုကဲ့သို့ သွေးနှင့် ပုံသဏ္ဍာန်မျိုးကို စိမ်းနေခြင်း မရှိချေ။ သို့သော် ထိုကဲ့သို့အရာမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြခြင်းဖြစ်သည်။

အစောပိုင်း ပါတူ သူ့ကို ဖြတ်ကျော်သွားသည့် အချိန်တွင် မုန့်ချီက သူ့ဆီတွင် အသက်စွမ်းအားများကို ခံစားမိနေသေး၏။ သူ၏ကိုယ်တွင်းအင်္ဂါများက မည်ကဲ့သို့ ပျောက်ဆုံးပြီး ဘာကြောင့် ရုတ်တရက် အသတ်ခံလိုက်ရသနည်း။

ထိုအချိန်တွင် ကျယ်လောင်သော အော်သံများ ထွက်ပေါ်လာခဲ့၏။

"စုန်းပညာ ...

နတ်ဆရာတွေရဲ့ စုန်းပညာ။ မြက်ခင်းစိမ်းမျိုးနွယ်စုတွေက ဒီနေရာကို နောက်တစ်ကြိမ် ရောက်လာပြန်ပြီ ... "

"နတ်ဆရာတွေရဲ့ စုန်းပညာဟုတ်လား ..."

မုန့်ချီနှင့် ကျန်းကျိဝေတို့ဆီတွင်လည်း ပြောစရာစကားလုံး မရှိကြတော့ပေ။ ထိုအရာက စုန်းပညာ၏ အကူအညီနှင့် လုပ်ဆောင်ရန် ဖြစ်ကောင်းဖြစ်နိုင်၏။

ကျန်းကျိဝေက သူမ၏ဂိုဏ်းထဲတွင် ရှိနေစဉ် အတောအတွင်း နတ်ဆရာများ၏ စုန်းပညာအကြောင်းကို ကြားခဲ့ဖူးသည်။ သို့သော် သူမကတော့ မြက်ခင်းစိမ်းနယ်မြေ၏ အပြင်ဘက်တွင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်၏။ ထို့ကြောင့် သူမက ထိုအရာကို ချက်ချင်း တွေးမိခဲ့ခြင်း မရှိချေ။

မုန့်ချီကတော့ မြောက်ပိုင်းမြက်ခင်းစိမ်းလွင်ပြင်ထဲသို့ ခရီးသွားလာခဲ့သည့်အချိန်တွင် ထိုအရာကို ကြုံခဲ့ဖူး၏။ သို့သော် သူက နတ်ဆရာတစ်ယောက်နှင့် တစ်ကြိမ်သာ တိုက်ခိုက်ခဲ့ဖူးသည့်အတွက် သူတို့၏ စုန်းပညာအကြောင်းကို နားလည်ထားခြင်း မရှိချေ။

"မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းက နတ်ဆရာတွေကို တစ်ခုခုထိခိုက်အောင်များ လုပ်ခဲ့တာလား…"

မုန့်ချီက ပါတူ၏ အလောင်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူတို့က အနားသို့ ကပ်သွားခြင်းမရှိဘဲ လူသေအလောင်းကို ဖြတ်ကျော်၍ ပေကျင်းမြို့ကို ပြန်သွားခဲ့ကြ၏။ မြောက်ပိုင်းမြက်ခင်းစိမ်းကိစ္စရပ်များက သူနှင့် မသက်ဆိုင်တော့သည့်အတွက် သူက ထိုကိစ္စများကို ဝင်ပါလိုခြင်း မရှိချေ။

တည်းခိုဆောင်သို့ ပြန်ရောက်လာသည့်အချိန်တွင် တာအိုသခင်ချုံဟယ်က မုန့်ချီနှင့် ကျန်းကျိဝေတို့ကို စောင့်နေပြီဖြစ်သည်။

"ဒီကိစ္စကို သန့်စင်မှော်အရှင် သိသွားပြီဆိုရင်တော့ ငါတို့က ဘာမှအရမ်းကြီး စိုးရိမ်နေစရာ မလိုပါဘူး ... "

တာအိုသခင်က တည်ငြိမ်စွာ ပြောလိုက်သည်။

တာအိုသခင်ချုံဟယ်က အစောပိုင်းတွင် သူတို့နှင့်ချောင်ရှန်းကျိ၏ တွေ့ဆုံမှုကို သေချာနားထောင်နေခဲ့၏။ သို့သော် သူကတော့ ဘိုးဘေးလင်းပေါင် ရုပ်ဖျက်မှုကို ဖယ်ရှားရန် မလိုအပ်သေးပေ။ သူ၏စွမ်းအားများကို ထိန်းချုပ်ထားသရွေ့ သူပေါ်သွားရန် ဖြစ်နိုင်ခြေက အလွန်နည်းပါး၏။

အင်မော်တယ်အဖွဲ့အစည်းထဲတွင်လည်း သတင်းပေးများ၊ သူလျိုများ အများကြီး ရှိနေသည်။ သို့သော် ဒဏ္ဍာရီအဖွဲ့တွင်လည်း အလွန်သတိထားမိနိုင်သော ပညာရှင်များ ရှိနေ၏။ သူတို့က အင်မော်တယ်အဖွဲ့အစည်းကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေနိုင်သည်။ သူက နောက်တစ်ကြိမ် အပြင်းအထန်လှုပ်ရှားမှုများမှ ရှောင်ကျဉ်ရမည်ဖြစ်ပြီး ချောင်ကလန်မှ အသက်များကိုလည်း မလိုအပ်ဘဲ ယူဆောင်လိုခြင်း မရှိချေ။

"ချောင်ကလန်က ကျွန်တော်တို့ရဲ့တောင်းဆိုမှုကို ငြင်းဖို့များတာကတော့ တော်တော်လေးကို ကံဆိုးသွားတယ်။ မဟုတ်ရင် အခြေအနေတွေက တော်တော်လေး အဆင်ပြေသွားမှာ…"

မုန့်ချီက သက်ပြင်းချလိုက်မိ၏။

ထိုအချိန်မျိုးတွင် မုန့်ချီကတော့ ထိုအုတ်ဂူနှင့် ပတ်သက်ပြီး ချောင်ကလန်ကို သတင်းပေးလိုက်မိသည့်အတွက် အနည်းငယ် ဒုက္ခများသလို ခံစားလိုက်ရသည်။ သို့သော် ချောင်ရှန်းကျိကလည်း အင်မော်တယ်အဖွဲ့သားတစ်ယောက်ဖြစ်၏။ အကယ်၍ ဘိုးဘေးလင်းပေါင်ကသာ သူ့ကို မပြောဘဲ သူ့အိမ်တံခါးဝသို့ ရုတ်တရက် ရောက်လာမည်ဆိုလျှင် သူ့ကို မလေးစားရာ ကျပါလိမ့်မည်။ ထိုအပြုအမူက တရားမျှတသော အင်မော်တယ်အဖွဲ့ထဲတွင် ပြဿနာဖြစ်သွားနိုင်၏။

မုန့်ချီကတော့ ထိုအရာကြောင့် အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း သူ့ကိုယ်သူ သေချာပြန်လည်ဖျောင်းဖျနေရသည်။ သူကိုယ်တိုင်က ဒေါသနှင့် လက်တုံ့ပြန်မှု၏ လှည့်ဖြားမှုကို ခံရနိုင်၏။ အကယ်၍ သူပူးပေါင်းနေသော အဖွဲ့အစည်းကသာ နောက်ကျောကို ဓားနှင့်ထိုးမည်ဆိုလျှင် သူကိုယ်တိုင်လည်း ဒေါသထွက်ပြီး လက်တုံ့ပြန်မိနိုင်၏။

ထို့ပြင် ချောင်ရှန်းကျိက သူ၏အကျိုးအမြတ်အစား ကလန်၏အကျိုးအမြတ်ကိုသာ ကြည့်တတ်သည့် လူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူတို့ပူးပေါင်းလုပ်ဆောင်ရန် အခွင့်အရေးနည်းပါးသော်လည်း သူက မုန့်ချီတို့ကို ပြဿနာတက်အောင် လုပ်မည်ဟုတော့ တွေးထားခဲ့ခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ တန်ကြေးတစ်ခုခုတော့ ပေးဆပ်ရနိုင်သည်။

ဘိုးဘေးလင်းပေါင်က ခေါင်းညိတ်ပြီး ပြောလိုက်၏။

"မြေအောက်အုတ်ဂူဆိုတဲ့စကားလုံးကို ကြားလိုက်ရပြီဆိုရင် သူတို့က ချောင်ကလန် ပတ်ဝန်းကျင်နယ်မြေတွေကို ချက်ချင်း ရှာဖွေကြမှာပဲ..။ သူတို့က နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေပြီး လူစိမ်းတွေက အကျိုးအမြတ်ရသွားမှာကို ခွင့်ပြုမှာ မဟုတ်ဘူး။ သူတို့က သတင်းလာပေးတဲ့အတွက် ငါတို့ကိုတောင် ကျေးဇူးတင်နေလိမ့်မယ်…"

မုန့်ချီက သူ့ကိုယ်သူသာ အပြစ်တင်လိုက်မိသည်။

တိတ်တဆိတ် နားထောင်နေသော ကျန်းကျိဝေက ရုတ်တရက် ဝင်ပြောလိုက်၏။ "ဒါပေမဲ့ မြေအောက်အုတ်ဂူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ချောင်ကလန်ဆီ ပြောပြလိုက်တာက ဆိုးသွားတာတော့ မဟုတ်ဘူး။ ငါတို့က ဒါကိုအခွင့်အရေးအနေနဲ့ အသုံးချပြီး သူတို့ကို လမ်းလွှဲလိုက်လို့လည်း ရတယ်။ မဟုတ်ရင် ဘာအချက်အလက်မှမရှိတဲ့အတွက် သူတို့က သူတို့ရဲ့တားမြစ်နယ်မြေတွေမှာပဲ ခုခံနေကြလိမ့်မယ်။ ဒါဆိုရင် ဟာကွက်တစ်ခု ပေါ်လာဖို့ မဖြစ်နိုင်တော့ဘူး…"

သူမကတော့ အကောင်းမြင်စိတ်နှင့် တွေးတောစဉ်းစားနေခဲ့သည်။

"ချောင်ကလန်မှာ နတ်ဘုရားလက်နက်တွေ၊ ခုခံရေးအတားအဆီးတွေနဲ့ သေဆုံးသွားတဲ့ ဓမ္မကာရအဆင့်ပညာရှင်ရဲ့ ရုပ်အလောင်းလည်း ရှိနေသေးတယ်.။ ပင်မတားမြစ်နယ်မြေ(၂)ခုရဲ့ ခုခံမှုက အရမ်းကြီးမားလွန်းတဲ့အတွက် နောက်ထပ် အဆင့်မတက်သေးဘူးဆိုရင် ငါကိုယ်တိုင်တောင် ချိုးဖောက်ဝင်ရောက်ဖို့ တော်တော်လေးကို ခက်ခဲနိုင်တယ်…."

ဘိုးဘေးလင်းပေါင်က ချောင်ကလန်၏အင်အားကို ထောက်ပြလိုက်သည်။

ချောင်ကလန်က ဤလောကကြီးထဲတွင် အကြီးမြတ်ဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သည့်အတွက် သူတို့၏အစွမ်းက အမှန်တကယ်ကို ကြောက်စရာကောင်း၏။

မုန့်ချီက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ခေါင်းထဲတွင် အဖြေများကို ရှာဖွေနေခဲ့သည်။

"လူလိမ်ဝမ်စစ်ယွမ်နဲ့ နတ်ဆိုးမကူရှောင်စန်းတို့ဆိုရင် ဒီလိုအခြေအနေမျိုးမှာ ဘာလုပ်မှာလဲ…"

သူတို့(၂)ယောက်က သူတို့လက်ရှိမျိုးဆက်တွင် လှည့်ကွက်များ ၊ အစီအစဉ်များ ချမှတ်ရာ၌ အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။ မုန့်ချီက သူတို့၏အစီအစဉ်များ၊ လှည့်ကွက်များထဲတွင် အကြိမ်ပေါင်းများစွာ ကြုံခဲ့ရပြီးနောက် သူကိုယ်တိုင်က ကိုယ်ပိုင်အစီအစဉ်များ ချမှတ်သည့်အချိန်တွင် သူတို့(၂)ယောက်ကဲ့သို့ တွေးတောလာခဲ့ရသည်။

ပို၍မြင့်မားသောအမြင်ရှိသည့် နတ်ဆိုးမကူရှောင်စန်းက သူမ၏အစစ်အမှန်ကို အာရုံစိုက်နေသော်လည်း လျှို့ဝှက်ဆန်းကြယ်သော ပစ်မှတ်များနှင့် ဖုံးကွယ်ထားသော လှည့်စားမှုများစွာ ရှိနေသည်။ မုန့်ချီကသာ သူမ၏အတွေးများကို နားလည်သည်ဆိုလျှင် သူမကို ဖမ်းမိသည်မှာ ကြာလောက်ပါပြီ။

ထိုအစား ဝမ်စစ်ယွမ်ကတော့ ချဉ်းကပ်မှုတွင် ပို၍တည့်တိုးဆန်ပြီး သူ၏အစီအစဉ်နှင့် ပတ်သက်၍ မုန့်ချီကို အမြဲပြောပြတတ်သည်။ အနည်းဆုံးတော့ သူက မုန့်ချီနှင့် တစ်ကြိမ်ဆွေးနွေးပြီး သူ၏အစစ်အမှန်ရည်ရွယ်ချက်ကို ဖုံးကွယ်၍ အစီအစဉ်များ ချမှတ်တတ်သည်။

"အစစ်အမှန်ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့လား ..."

ခေါင်းထဲတွင် အစီအစဉ်တစ်ခု ဖြည်းညင်းစွာ ပေါ်လာသည့်အချိန်တွင် သူက ဘိုးဘေးလင်းပေါင်၏အသံကို ကြားလိုက်ရသည်။

"တားမြစ်နယ်မြေရဲ့အတားအဆီးတွေကို တိုက်ရိုက်ထိုးဖောက်ဖို့ အရမ်းကို ခက်နိုင်တယ်။ ဒါပေမဲ့ သူတို့ကို လမ်းလွှဲလိုက်လို့ရတယ်။ အဲဒါက ဒီက မိန်းကလေးကျန်းပြောတဲ့ စကားအတိုင်းပဲလေ ...”

“ဒါကြောင့်လည်း အတွေ့အကြုံဆိုတာက နှစ်ချို့အရက်လိုပဲလို့ ပြောကြတာကိုး…"

မုန့်ချီက စိတ်ထဲတွင် အပိုင်းအစများကို စုစည်းပြီး အစီအစဉ်တစ်ခုကို ရေးဆွဲလိုက်သည်။

ဘိုးဘေးလင်းပေါင်နှင့် ကျန်းကျိဝေတို့က သူ့ကို စိတ်ဝင်တစား စိုက်ကြည့်နေကြ၏။ သူက သူ့ကိုယ်သူ ကျူးကော့လျန်ကဲ့သို့ သတ်မှတ်လိုက်ပြီး သူ၏အစီအစဉ်ကို ဖြည်းညင်းစွာ ပြောလိုက်သည်။

"ချောင်ကလန်က ကျွန်တော်တို့ရဲ့စကားကို အကြွင်းမဲ့ယုံကြည်နေပြီး ကျွန်တော်တို့က လျှို့ဝှက်အုတ်ဂူကို ရှာမယ်ဆိုတာ ယုံကြည်ပါ့မလား။ သန့်စင်မှော်အရှင် ချောင်ရှန်းကျိက ယုံကြည်နိုင်ပေမယ့် ချောင်ကလန်ရဲ့မျိုးနွယ်ခေါင်းဆောင်ဆီမှာ တခြားအစီအစဉ်တွေ ရှိနိုင်တယ် မဟုတ်လား ... "

"ငါတို့က တခြားပစ်မှတ်ကို ရှာနေသလို ဟန်ဆောင်ရမှာလား…"

ကျန်းကျိဝေက သူ့အစီအစဉ်ကို ချက်ချင်း နားလည်သွားခဲ့သည်။

"ဟုတ်တယ်…"

မုန့်ချီက အပြုံးနှင့် အတည်ပြုပေးလိုက်၏။

"ချောင်ကလန်မှာ တားမြစ်နယ်မြေ(၄)ခုရှိတယ်။ သူတို့အတွက် အရေးအကြီးဆုံးနေရာက သူတို့ဘိုးဘေးနေအိမ်မှာရှိတဲ့ ဘိုးဘေးအုတ်ဂူနဲ့ မြေနတ်သမီးရေကန်ပဲ။ တခြားတားမြစ်နယ်မြေ(၂)ခုမှာရှိတဲ့ တန်ဖိုးအရှိဆုံး ရတနာတွေကတော့ ရှာပြီးသွားတာ ကြာလှပြီ။ သူတို့တွေက အကြွင်းအကျန်လောက်ပဲ ကျန်တော့မယ်။ ဒါကြောင့်လည်း အခုအဲဒီနေရာကို သူတို့ရဲ့ဆွေမျိုးတွေ လေ့ကျင့်ဖို့အတွက် အသုံးချနေကြတာ။ အဲဒီတားမြစ်နယ်မြေ(၂)ခုမှာရှိနေတဲ့ အစောင့်တွေက အများဆုံး ပထမကောင်းကင်လှေကားပဲ ရှိနေနိုင်တယ်…"

"ချောင်ရှန်းကျိက ဒီကိစ္စမှာ ငါ ဝင်ပါနေတာကို မသိလောက်ဘူး .။ ဒီတော့ ခုခံဖို့အတွက် သူ့ရဲ့အစီအစဉ်တွေက မင်း ကျူးကျော်လာမှာကို တားမြစ်ရုံလောက်ပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် မြေအောက်ခန်းက အဲဒီတားမြစ်နယ်မြေ(၂)ခုထဲမှာ တကယ်ရှိမရှိ သူတို့လည်း သံသယဝင်နေလိမ့်မယ်။ ငါတို့က ဒီအချက်ကို အသုံးချပြီး သူတို့ကို လမ်းလွှဲလိုက်လို့ရတယ်…"

ဘိုးဘေးလင်းပေါင်က မုန့်ချီ၏အစီအစဉ်ကို ခေါင်းညိတ်ထောက်ခံလိုက်သည်။

မုန့်ချီက ဆက်၍ ပြောလိုက်၏။

"အရင်ဆုံးကျန်းကျိဝေက အဲဒီနေရာမှာ အာရုံလွှဲဖို့လုပ်ရမယ် ...။ အချိန်ကျလာတဲ့အခါကျရင် ငါက နင့်ရဲ့လျှို့ဝှက်ရတနာကို ပြင်ဆင်ထားဖို့အတွက် အချက်ပြလိုက်မယ်။ ပြီးတော့ သူတို့ရဲ့အကူအညီတွေ ရောက်လာတာကိုစောင့်ပြီး သူတို့ကို အဲဒီထဲမှာ ပိတ်လှောင်ထားမယ်။ သူတို့ရဲ့ခုခံမှုနဲ့ သံသယတွေက အမြင့်ဆုံးကို ရောက်သွားပြီဆိုရင် သူတို့က ငါတို့ရဲ့လမ်းလွှဲနည်းလမ်းကို ခုခံဖို့အတွက် သေချာပေါက် ပြင်ဆင်ကြလိမ့်မယ်။ သူတို့ရဲ့အကူအညီတစ်စိတ်တစ်ပိုင်းကိုပဲ အဲဒီနေရာကို လွှတ်လိုက်လိမ့်မယ်။ ပြီးတော့ သူတို့က တခြားပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ကြလိမ့်မယ်။ အဲဒီအချိန်မှာ ဘိုးဘေးကတော့ ဘိုးဘေးရဲ့ ရတနာတွေကိုသုံးပြီး သူတို့ကို ယာယီထိန်းချုပ်ထားလိုက်ပါ…"

"ဒါဆိုရင် ငါတို့က မြေအောက်ခန်းကို ငါးစာအနေနဲ့ အသုံးချပြီး သူတို့ရဲ့ခုခံမှုနဲ့ ချောင်ကလန်ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးရမှာပေါ့ ..."

ကျန်းကျိဝေ၏ မျက်လုံးများက တလက်လက်တောက်ပလာပြီး မုန့်ချီ၏အစီအစဉ်ကို ပြည့်ပြည့်ဝဝ နားလည်သွားခဲ့သည်။

မြေအောက်ခန်းနှင့် ပတ်သက်သော သတင်းအချက်အလက်က ချောင်ကလန်ကို ပြောပြီးသွားပြီဖြစ်သည့်အတွက် သူတို့က လှုပ်ရှားမှုကို ဖုံးကွယ်ရန် ကြိုးစားရမည်ဖြစ်သည်။ သူတို့က မြေအောက်ခန်းထဲကို ဝင်ချင်နေသော အစစ်အမှန်ရည်ရွယ်ချက်ကို ဖုံးကွယ်ထားရမည်ဖြစ်၏။ ထိုအရာကလှည့်ကွက်များထဲမှ လှည့်ကွက်တစ်ခုလည်း ဖြစ်သည်။

"နောက်ဆုံးကျမှ မင်းက မြေနတ်သမီးရေကန်ကိုသွားပြီး အကူအညီသွားတောင်းမယ် ..."

ဘိုးဘေးလင်းပေါင်က သူ့ကို အပြုံးနှင့် ပြောလိုက်သည်။

မုန့်ချီက ရယ်ပြီး ခေါင်းညိတ်ပြလိုက်၏။

"ဖြစ်နိုင်မယ်ဆိုရင်တော့ ပြဿနာကြီးကြီး ဖန်တီးပေးပါ ဘိုးဘေး ..။ ကျွန်တော်က မိသားစုခေါင်းဆောင်ရဲ့ အနီးကပ်လက်အောက်ငယ်သား တစ်ယောက်အဖြစ် ပြောင်းလဲပြီး မြေနတ်သမီးရေကန်မှာရှိတဲ့ တခြားသူတွေကို အကူအညီ သွားတောင်းချင်ယောင်ဆောင်လို့ရတယ်။ ကျွန်တော် သတင်းပို့ပြီးအဆုံးမှာတော့ သေချင်ယောင်ဆောင်လိုက်မယ်။ ကျွန်တော်က ပြောင်းလဲမှုကျင့်စဉ်တွေကိုသုံးပြီး အထဲကို မထိုးဖောက်နိုင်ပေမယ့် အတွင်းထဲမှာ စောင့်ကြည့်နေတဲ့သူတွေကသာ ဝင်ပေါက်ကို ဖွင့်လိုက်မယ်ဆိုရင် ဘာပြဿနာမှ မရှိတော့ဘူးလေ…"

ဘိုးဘေးလင်းပေါင်က ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ဒီကိစ္စရဲ့လေးနက်မှုအရ သတင်းပို့တဲ့သူ သေသွားတဲ့အတွက်ကြောင့် အဲဒီမှာ စောင့်ကြည့်တဲ့သူတွေက သေချာပေါက် တိုက်ခိုက်လိမ့်မယ် ..။ အတွင်းထဲမှာရှိတဲ့ သိုင်းသခင်အဆင့် ခုခံသူတွေကလည်း ရေခဲမျက်လုံးထဲမှာရှိတဲ့ မြေအင်မော်တယ်ရဲ့ရုပ်အလောင်းကို အလျင်အမြန် အသက်သွင်းလိမ့်မယ်။ ဒါက ဘာမှမဟုတ်ပါဘူး ... ဘယ်လိုပဲဖြစ်ဖြစ် မြေနတ်သမီးရေကန်က ကလန်တစ်ခုလုံးမှာ အရေးပါဆုံးအရာပဲလေ…”

“တံခါးတွေအားလုံး ပွင့်သွားပြီဆိုရင်တော့ ကျွန်တော်က ဆုတောင်း(၃)မျိုး လက်သီးသိုင်းကို အသုံးပြုလိုက်မယ်။ ကျွန်တော်ရဲ့ကိုယ်ပွားတွေထဲက တစ်ခုကတော့ ရှေ့ဆက်ပြီး နောက်ထပ်ကိုယ်ပွားတွေ အများကြီးခွဲလို့ရတယ် ... ဒါဆိုရင် အတွင်းထဲကို အနှောင့်အယှက်မရှိ ရှင်းရှင်းလင်းလင်းဝင်နိုင်မှာပဲ…"

"တာအို(၃)သွယ်ကျင့်စဉ်…."

ကျန်းကျိဝေက မျက်လုံးပြူးသွားခဲ့ပြီး ဘိုးဘေးဆရာကြီး၏ အစစ်အမှန်နာမည်ကို သုံးသပ်မိလိုက်သည့်အတွက် အလွန်ထိတ်လန့်သွားခဲ့၏။

"သူတို့ရဲ့ခုခံမှုမှာ အားနည်းချက်မရှိတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လူတွေရဲ့ နှလုံးသားထဲမှာတော့ ဟာကွက်ဆိုတာက သေချာပေါက်ရှိလာမှာပဲလေ။ စိတ်ပျက်ပြီး သတိထားနေမယ်ဆိုရင် ထိုးဖောက်လို့ မရနိုင်တဲ့ အကာအကွယ်တစ်ခုကတောင် စာရွက်တစ်ရွက်လို ပျက်စီးသွားနိုင်တယ်…"

မုန့်ချီက ပြဇာတ်တစ်ခုကို ဇာတ်သိမ်းပေးလိုက်သည်။

မြေအောက်ခန်းထဲတွင် ရှိနေသော စိတ်ဝိညာဉ်လွှဲပြောင်းမှုများ၊ ရတနာများကို လုံလုံခြုံခြုံရရှိသွားပြီဆိုလျှင် မုန့်ချီက အဝေးသို့ လုံလုံခြုံခြုံ ပြန်ထွက်သွားနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိနေသေးသည်။ ထိုအစီအစဉ်က အလွန်ရှုပ်ထွေးသော်လည်း ယခင်ကမ္ဘာမြေတွင် ရှိခဲ့စဉ်က ပေါင်းသင်းဆက်ဆံရေး အင်ဂျင်နီယာဟုခေါ်သော ဘွဲ့ယူသည့်အချိန်တွင် သင်ကြားခဲ့ရသည့် စိတ်ပညာအချက်အလက်များ ပါဝင်နေခဲ့သည်။

ထို့နောက် မုန့်ချီက သူ ထိန်းချုပ်နိုင်သော ချောင်ကလန်မှ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကို ရွေးချယ်ရန် လိုအပ်သည်။ သူက အားနည်းချက်များ၊ ထိုလူနှင့်ပတ်သက်သောအရာများကို လေ့လာရမည်ဖြစ်၏။ ထိုအရာအတွက် သူက အချိန်လိုအပ်သော်လည်း လက်ရှိအချိန်တွင်တော့ သူ့ဆီ၌ တခြားစိတ်ကူးမျိုး မရှိသေးပေ။

သူတို့(၃)ယောက်က ဖြည်းညင်းစွာ ဆက်လက်ဆွေးနွေးနေကြပြီး လစ်ဟာနေသော အသေးစိတ်အချက်အလက်များကို ဖြည်းညင်းစွာ ဖြည့်ဆည်းလိုက်ကြရာ သူတို့၏အစီအစဉ်က တဖြည်းဖြည်း ဖြစ်နိုင်ချေရှိလာခဲ့သည်။

နောက်ဆုံးတွင်တော့ မုန့်ချီက သက်ပြင်းရှည်ကြီးချလိုက်မိ၏။

"နောက်ထပ်(၂)ရက်လုံးလုံး ကျွန်တော်က မိသားစုခေါင်းဆောင် ယုံကြည်ရတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်အနည်းငယ်ကို နောက်ယောင်ခံလိုက်ရမယ် ..။ ကျွန်တော်က သူတို့ရဲ့အပြုအမူတွေ၊ သူတို့ရဲ့အငွေ့အသက်တွေကို တိတ်တဆိတ် လေ့လာသင်ယူရမယ်။ ကျွန်တော်တို့က အပေါ်ယံမှာ သူတို့ရဲ့ချီစွမ်းအင်စီးဆင်းမှု လမ်းကြောင်းကို သင်ယူနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပဲ…"

သူ၏ခံစားချက်များက ရုတ်တရက်မြင့်တက်လာခဲ့သည်။ အကယ်၍ သူတို့ကသာ ပူးပေါင်းရန် ငြင်းဆန်လိုက်မည်ဆိုလျှင် ချောင်ကလန်ကို ပေးရမည့်ဝေစုက နည်းပါးသွားသည့်အတွက် အကောင်းဆုံးဖြစ်၏။

"ငါက ချောင်ကလန်ရဲ့နေအိမ်ကို စောင့်ကြည့်ဖို့အတွက် ကူညီပေးမယ် ..." ဘိုးဘေးလင်းပေါင်က ပြောလိုက်သည်။

ထိုအချိန်တွင် ကျန်းကျိဝေက အစောပိုင်းတွင်ပါတူနှင့်တွေ့ဆုံမှုကို ရုတ်တရက် အမှတ်ရသွားခဲ့၏။ သူမက ထိုအဖြစ်အပျက်ကို ဘိုးဘေးလင်းပေါင်ဆီသို့ ပြောလိုက်သည်။

"ဘိုးဘေးဆရာကြီး ...

အစစ်အမှန်နတ်ဆရာတွေရဲ့ စုန်းပညာဆိုတာက ဘယ်လိုမျိုးလဲ…."

အစောပိုင်းတွင် သူတို့၏စကားထဲမှနေ၍ ကျန်းကျိဝေက ဘိုးဘေးလင်းပေါင်၏ အစစ်အမှန်ကို စဉ်းစားမိသွားပြီဖြစ်သည်။ သူမက အံ့သြထိတ်လန့်နေခဲ့သော်လည်း မြောက်ပိုင်းမြက်ခင်းပြင်နှင့် ပတ်သက်ပြီး တာအိုသခင်ချုံဟယ်၏ ဗဟုသုတများကို နားလည်ထား၏။ သူကနတ်ဆရာများ၏ စုန်းပညာအကြောင်းကို သေချာနားလည်ထားနိုင်သည်။

ဘိုးဘေးလင်းပေါင်က တိတ်တဆိတ်ရေရွတ်လိုက်၏။

"အဲဒါက နတ်ဆရာတွေ အသုံးပြုတဲ့ စုန်းပညာဖြစ်နိုင်ခြေများတယ်။ ဒါပေမဲ့ သူတို့တွေက မြက်ခင်းစိမ်းမျိုးနွယ်စုတွေထဲမှာ နေထိုင်တဲ့လူမျိုးပဲ။ သူတို့က မျိုးနွယ်စုကို ခုခံကာကွယ်ပေးပြီး သူတို့အဖွဲ့အစည်းထဲကနေ အပြင်ထွက်တယ်ဆိုတာ တော်တော်ရှားတယ်။ သူတို့က ပင်ကျင်းမြို့ထဲမှာ ဘာဖြစ်လို့ တိတ်တဆိတ်ပေါ်လာပြီး အဲဒီလူကို ဖယ်ရှားပစ်ရတာလဲ…"

နတ်ဆရာများက မြောက်ပိုင်းနှင့် တောင်ပိုင်းကုန်သွယ်ရေးပြဿနာများထဲတွင် ပေါ်လာရန် လုံးဝမဖြစ်နိုင်သလောက ်ဖြစ်သည်။ တာအိုသခင်ချုံဟယ်က နတ်ဆရာများ၏ လှုပ်ရှားမှုကို လေးလေးနက်နက် စဉ်းစားနေပြီး ထိုအရာက မြောက်ပိုင်းမှ ကျူးကျော်မှုဟုတ်မဟုတ် သေချာတွေးတောကြည့်နေခဲ့၏။

"ဒါက မြက်ခင်းစိမ်းလွင်ပြင်ထဲက အတွင်းရေးပဋိပက္ခလည်း ဖြစ်နိုင်တာပဲ ..."

မုန့်ချီက မြေခွေးသုတ်သင်ရေးအဖွဲ့အကြောင်း သူတို့ကို ပြောပြလိုက်သည်။

တာအိုသခင်ချုံဟယ်က ခေါင်းညိတ်ပြီး စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။

ညအချိန်တွင် …

မုန့်ချီနှင့် ကျန်းကျိဝေတို့က ချောင်ကလန်၏ ဘိုးဘေးနေအိမ်ပတ်ပတ်လည်တွင် လှည့်ပတ်သွားလာနေခဲ့သည်။ ဘိုးဘေးလင်းပေါင်ကတော့ သူတို့ကိုအဝေးမှ စောင့်ရှောက်ပေးနေ၏။ သူတို့က ကလန်ထဲမှ အဝင်အထွက်လုပ်နေသော ဝေ့ကျင်းအဆင့် ပညာရှင်များကို တိတ်တဆိတ်စောင့်ကြည့်နေကြသည်။

ရုတ်တရက်ဆိုသလို ဘိုးဘေးလင်းပေါင်၏အသံကို ကြားလိုက်ရ၏။

"စံအိမ်ရဲ့အနောက်ဘက်ဘေးတံခါးမှာ ကလန်ထဲက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် အနားကိုရောက်လာပြီ ... "

ဘိုးဘေးလင်းပေါင်၏အာရုံခံစွမ်းရည်က မုန့်ချီနှင့်ကျန်းကျိဝေတို့ထက် (၁၀)ဆကျော် ပို၍စူးရှနေသည်။

"အနောက်ဘက်တံခါးလား…"

မုန့်ချီနှင့် ကျန်းကျိဝေတို့က ထိုနေရာကို အလျင်အမြန်သွားခဲ့ကြသည်။ သူတို့က ပုန်းရန်နေရာအသစ်တစ်ခုကို ရောက်သည့်အချိန်တွင် အထဲမှ ထွက်လာသော ဝေ့ကျင်းအဆင့်ပညာရှင် တစ်ယောက်ကို မုန့်ချီက မြင်လိုက်ရသည်။

သူက တပည့်များနှင့် တံခါးစောင့်ကြည့်နေသော အစောင့်အကြပ်များကို အဝေးသို့ ပြန်လွှတ်လိုက်ပြီး သူတစ်ယောက်တည်းသာ ရပ်နေခဲ့သည်။

"ဒါက တော်တော်ထူးဆန်းတယ်…"

မုန့်ချီက ကျန်းကျိဝေကို စိတ်ဝိညာဉ်ပို့ဆောင်မှုနှင့် ပြောလိုက်သည်။

ကျန်းကျိဝေက ထိုလူကို စူးစူးနစ်နစ် စိုက်ကြည့်လိုက်၏။

"အဲဒါက အများဆုံး တတိယကောင်းကင် ဝေ့ကျင်းအဆင့်ကို ရောက်နေတဲ့ ချောင်တိုင်ပဲ ..."

"သူက မိသားစုခေါင်းဆောင်ရဲ့မျိုးဆက်လား။ ဒါဆိုရင် မိသားစုခေါင်းဆောင်ရဲ့ အခွင့်အာဏာကို ကိုယ်စားပြုတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ပေါ့…"

မုန့်ချီက သံသယများကို ဘေးဖယ်ထားလိုက်ပြီး အသွင်ပြောင်းမှု လုပ်ဆောင်ရန်အတွက် ချောင်တိုင်၏ လှုပ်ရှားမှုများကို သေချာလေ့လာနေခဲ့သည်။

ရုတ်တရက်ဆိုသလို တံခါးအပြင်ဘက်တွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ အမှောင်ထဲမှနေ၍ အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူ(၂)ယောက်လည်း ပေါ်လာခဲ့၏။ သူတို့၏ဝတ်စုံက အတော်လေးကို ထူးခြားပြီး သူတို့က စိတ်ဝိညာဉ်အာရုံခံစွမ်းရည်များကို ကာကွယ်နိုင်စွမ်းရှိပုံရသည်။

ချောင်တိုင်က ပတ်ပတ်လည်ကို သေချာစစ်ဆေးကြည့်လိုက်ပြီး အနားတွင် လူတစ်ယောက်မျှမရှိကြောင်း သေချာသွားမှသာ လူစိမ်း(၂)ယောက်ကို သူတို့၏စံအိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် သူက တံခါးကိုပြန်ပိတ်လိုက်ရာ ဝတ်ရုံဝတ်ထားသော လူ(၂)ယောက်က စံအိမ်ထဲသို့ ဝင်ရောက်သွားသည့်အတွက် မုန့်ချီနှင့်ကျန်းကျိဝေတို့လည်း သူတို့၏အာရုံခံစွမ်းရည်များကို ရုတ်သိမ်းလိုက်ရသည်။

"ဒါက သံသယဝင်စရာအကောင်းဆုံးပဲ…"

မုန့်ချီက တီးတိုးရေရွတ်လိုက်လေသည်။

Translated by Hein Htet.

All Chapters