← Chapters

အခန်း (၆၅၈)

Vol. 44 Ch. 658

အခန်း (၆၅၈)

Vol. 44 Ch. 658

အစိမ်းရောင်အုတ်များ၊ အနက်ရောင်အုတ်ကြွပ်များနှင့် တည်ဆောက်ထားသော ခြံဝန်းထဲတွင် မှေးမှိန်နေသော အလင်းရောင်များက တဖျပ်ဖျပ် တောက်ပနေခဲ့သည်။ အနောက်ဘက်ဝင်ပေါက်ကို လှမ်းကြည့်လိုက်မည်ဆိုလျှင် ရေနှင့် သစ်ပင်ကြီးများကို တွေ့နေရ၏။ ထိုနယ်မြေထဲတွင် အစောင့်တစ်ယောက်မျှမရှိဘဲ တံခါးများကို သေချာပိတ်ထားခဲ့သည်။ ထိုနေရာတွင် ထူးထူးခြားခြားကို တည်ငြိမ်နေခဲ့၏။

မြေခွေးဘုရင်ကို စောင့်ဆိုင်းခဲ့ဖူးသည့် အတွေ့အကြုံများအရ မုန့်ချီကတော့ စိတ်လှုပ်ရှားနေခြင်း မရှိဘဲ လျှို့ဝှက်ဆန်းကြယ်သည့် လူ (၂) ယောက် ထွက်လာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။ အကယ်၍ သူကသာ ချောင်မိသားစု၏ အားနည်းချက်ကို ဆုပ်ကိုင်နိုင်မည်ဆိုလျှင် ကိစ္စများကို ဖြေရှင်းရာ၌ ပို၍လွယ်ကူသွားနိုင်သည်။

ကျန်းကျိဝေကလည်း သူ့လို တူညီသောအတွေးမျိုး ရှိနေခဲ့၏။ အသက်စွန့်လွှတ်ခြင်း တစ်ကိုယ်တော်ကျင့်စဉ်ကို လေ့ကျင့်ထားနိုင်သော လူတစ်ယောက်က စိတ်ရှည်သည်းခံမှုမရှိဘဲ နေမည်လော။ လုံလောက်သော စိတ်ရှည်သည်းခံမှုမရှိဘဲ စိန်ခေါ်မှုမျိုးစုံကို ဖြတ်ကျော်နိုင်ခြင်း မရှိလျှင် ဓားအလင်းတန်းက သူ့ကို ပေါင်းစည်းထားသည့်နေရာမှ လွတ်မြောက်သွားနိုင်ပြီး ကောင်းကင်ကြီးပေါ်သို့ တက်လှမ်းသွားနိုင်သည့်အတွက် အမှန်တကယ် မရှိနိုင်တော့ပေ။

အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားခဲ့ပြီး မြောက်ပြန်လေကလည်း အလွန်အေးစက်နေသည်မှာ အရက်မူးသမား တစ်ယောက်ကိုပင် အေးခဲပြီး သေသွားစေနိုင်သော အစွမ်းမျိုးရှိသည်။ သို့သော် အေးစက်မှုနှင့် နွေးထွေးမှုများ တစ်ခုမျှ မုန့်ချီနှင့် ကျန်းကျိဝေတို့ကို သက်ရောက်စေနိုင်ခြင်း မရှိချေ။ သူတို့က ဘေးဘက်ဝင်ပေါက်၏ အနက်ရောင်တံခါးကြီးကိုသာ အာရုံစိုက်နေခဲ့သည်။

တံခါးကြီးက ပွင့်လာပြီး ချောင်မိသားစု၏ ဝင်္ကပါက အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သို့သော် ထိုလှုပ်ရှားမှုက တံဆိပ်ပြား၏ အကူအညီနှင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

နောက်ဆုံးတွင်တော့ ချောင်တိုင်က လူစိမ်း (၂) ယောက်ကို ပြန်ပို့ပေးလိုက်၏။ သူက အလွန်အရေးကြီးသော အရာတစ်ခုကို လုပ်ဆောင်နေရသည့်အလား သူ့ပုံစံက တည်ငြိမ်နေခဲ့သည်။ သူက စကားတစ်ခွန်းမျှမပြောဘဲ ခေါင်းညိတ်၍ သူတို့ (၂)ယောက်ကို လိုက်ပို့ပေးလိုက်၏။ ထို့နောက် သူက ခြံဝန်းထဲကို ပြန်လှည့်သွားခဲ့ပြီး နောက်တွင် ရှိနေသော တံခါးကို ပိတ်လိုက်သည်။

အလွန်လျှို့ဝှက်ဆန်းကြယ်သော လူ (၂) ယောက်က ရေလှိုင်းများကဲ့သို့ လှုပ်ရှားပြီး အလင်းရောင်များထဲသို့ ပျံသန်းသွားခဲ့သည်။ သူတို့ လမ်းလျှောက်သွားသည့်အချိန်တွင် ထိုအလင်းရောင်များက မြေပြင်နှင့် ကပ်နေခဲ့၏။ ထို့နောက် သူတို့က ချောင်မိသားစုစံအိမ်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

မုန့်ချီကတော့ သူတို့၏လက်ကျန် အငွေ့အသက်များကို စစ်ဆေးမိခဲ့၏။ သူ၏မျက်လုံးထဲတွင် ရွှေရောင်ကြာပန်းပွင့်များ တောက်ပလာပြီး သူက အလွန်လျှို့ဝှက်ဆန်းကြယ်သောလူများ၏ ခြေရာလက်ရာကို စစ်ဆေးကြည့်နေသည်။ သိပ်မကြာခင် မှေးမှိန်နေသော အလင်းတန်းတစ်ခုက သူ၏မျက်လုံးထဲတွင် ပြန်ပေါ်လာခဲ့၏။

သူတို့က ရှေ့ကိုဆက်၍ လျှောက်နေကြပြီး အပြာရောင်မြေပြင်ပေါ်တွင် ရှိနေသော ချောင်ကြားထဲမှနေ၍ သွားလာနေကြ၏။ ဘေး (၂) ဖက်တွင် ရှိနေသော လမ်းမကြီးများက သူ့မျက်လုံးထဲတွင် ကြည်လင်တောက်ပနေပြီး သူတို့က ပင်ကျင်း နှင်းဆီတည်းခိုဆောင်ရှိရာကို သွားလာနေကြခြင်း ဖြစ်သည်။

သူတို့ကို ခြေရာပျောက်သွားမှာ စိုးရိမ်နေသည့်အတွက် မုန့်ချီက အလျင်အမြန် လှုပ်ရှားလိုက်၏။ သူက ကျန်းကျိ‌ဝေကို ဆွဲခေါ်လိုက်ပြီး ထိုနယ်မြေထဲတွင် ရှိနေသော အငွေ့အသက်များကို ခြေရာခံ၍ သူတို့ စောင့်ဆိုင်းနေသည့်နေရာမှ ထွက်ပြေးသွားခဲ့သည်။

နှင်းဆီတည်းခိုရိပ်သာ၊ ရွှေလေလှိုင်းတံတား၊ ရွမ်ယန်လမ်းကြား၊ အဖော်(၈)သွယ်လမ်းကြား….

မှေးမှိန်နေသော အလင်းတန်းတစ်ခုက မြို့ထဲတွင် ကွေ့ပတ်၍ သွားလာနေကြပြီး သူတို့ တည်းခိုနေသည့်နေရာကို တည့်တည့်ပြန်သွားခဲ့ခြင်း မရှိချေ။

ရုတ်တရက်ဆိုသလို အလင်းတန်း (၂) ခုက အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က ဆန့်ကျင်ဘက်တွင် ရှိနေသော လမ်း (၂) ခုထဲသို့ ဝင်သွားကြပြီး ရေမြောင်းထဲသို့ ခုန်ဆင်းသွားကြ၏။ ထိုအချိန်တွင် အလင်းရောင်များက နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး ရှေ့ကို ပြေးသွားလိုက်ကြသည်။

"မဟုတ်သေးဘူး..."

စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်း၏ အခြေအနေကို နားလည်နေသည့်အတွက် မုန့်ချီက သူတို့၏အရိပ်များကို ပစ်မှတ်ထားနိုင်ခဲ့ခြင်း မရှိပေ။ တခဏအတွင်း သူက ထို (၂)ယောက်ကို ခြေရာပျောက်သွားခဲ့၏။

ထိုအချိန်တွင် သူနှင့် ကျန်းကျိဝေတို့၏ နားထဲ၌ ဘိုးဘေးလင်းပေါင်၏အသံကို ရုတ်တရက် ကြားလိုက်ရသည်။

"အထည်ချုပ်လမ်းကြားထဲမှာ..."

"အထည်ချုပ်လမ်းကြား..."

မုန့်ချီနှင့် ကျန်းကျိဝေတို့က သံသယဝင်နေခြင်းမရှိဘဲ ထိုနေရာသို့ ပျံသန်းသွားကြ၏။ သူတို့ ရောက်လာသည့်အချိန်တွင် အပြာရောင်ကျောက်တုံး၏ အောက်မှနေ၍ မှေးမှိန်နေသော အလင်းတန်း (၂) ခု တက်လာသည်ကို မြင်လိုက်ရသည်။ သူတို့က ထိုလမ်းကြား၏ ဝင်ပေါက်ထဲသို့ ဝင်သွားခဲ့ကြ၏။

ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်က အမှန်တကယ်ကို အစွမ်းထက်လွန်းလှသည်။ နတ်ဘုရားလက်နက်မရှိသော ဂိုဏ်းနှင့် မိသားစုဝင်များကပင် ထိုကဲ့သို့ ပညာရှင် တစ်ယောက်ကို ရင်ဆိုင်ရသည့်အချိန်တိုင်း ခုခံကာကွယ်မှု မရှိနိုင်ပေ။

တစ်ချိန်တည်းတွင် သူတို့က မှေးမှိန်နေသော အလင်းတန်း (၂) ခု၏နောက်မှ တိတ်တဆိတ် ခြေရာခံလိုက်နေရင်း သူတို့၏အရှိန်က နှေးကွေးသွားကြောင်း မုန့်ချီက သတိထားမိခဲ့သည်။ သူတို့က လူသားပုံသဏ္ဍာန် ပြန်ပြောင်းသွားခဲ့၏။ ထို့နောက် သူတို့က အထည်ချုပ်လမ်းကြား၏ အဆုံးတွင်ရှိနေသော ခြံဝန်းတစ်ခုထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့သည်။

ထိုနေရာက ထွက်ပြေးရန် အကောင်းဆုံး နေရာတစ်ခုဖြစ်ပြီး ထိုနေရာက ကျင်းရီမြစ်နှင့် နီးကပ်သည့်အပြင် လမ်းပေါင်းစုံမှ သွားလာ၍ရနိုင်၏။ မြစ်ကမ်းဘေး (၂) ဖက်တွင် ပေါက်ရောက်နေသော မြက်ပင်များ၏ ရနံ့ကလည်း ပျံ့နှံ့လာခဲ့သည်။ ညအချိန်က အလွန်တည်ငြိမ်နေသည့်အတွက် မြစ်ရေစီးသံ တိုးတိုးကိုပင် ကြားနေရ၏။

"ဒါဆိုရင် ငါတို့က အထဲကို ဝင်သွားပြီး စုံစမ်းဖို့အတွက် လူတစ်ယောက်ကို ဖမ်းလိုက်ရမှာလား…"

မုန့်ချီက ကျန်းကျိဝေကို မေးလိုက်သည်။

သူ့နောက်တွင် ရပ်နေသည်မှာ ကောင်းကင်မှတ်တမ်း၏ ထိပ်ဆုံးတွင် ရှိနေသော ပညာရှင်တစ်ယောက်ဖြစ်ပြီး လောကကြီးထဲတွင် အစွမ်းထက်ဆုံး ပညာရှင်တစ်ယောက် ဖြစ်သည်။ သူက လျင်မြန်ပြီး ဆုံးဖြတ်ချက်ပြတ်သားသော လူတစ်ယောက် ဖြစ်၏။

"ဒါပေမဲ့ အတွင်းထဲမှာ ဘာတွေရှိနေလဲဆိုတာ ငါတို့မသိဘူးလေ။ လျှို့ဝှက်ဆန်းကြယ်တဲ့သူတွေက ဘယ်သူတွေလဲဆိုတာလည်း မသိဘူး…"

ကျန်းကျိဝေက တွေဝေနေခဲ့သည်။

ကျန်းကျိဝေကတော့ အလွန်တည်ငြိမ်ပြီး သဘောထားကြီးသော မိန်းမပျိုတစ်ယောက် ဖြစ်သည့်အပြင် သူမက ဓားရေးပညာ အလွန်ကျွမ်းကျင်သော မိန်းမပျိုတစ်ယောက် ဖြစ်သည်။ သူမက အနိုင်မရမချင်း နောက်ပြန်ဆုတ်တတ်သည့် အလေ့အထမျိုး မရှိချေ။ ရွေးချယ်ခွင့်သာ ပေးလိုက်မည်ဆိုလျှင် သူမက ရည်မှန်းချက်ကို ရရှိရန်အတွက် ရှည်လျားသော လမ်းကြောင်းကို လုံးဝယူဆောင်လိမ့်မည် မဟုတ်ချေ။

မုန့်ချီ၏အကြံပေးချက်က သူမနှင့် ကိုက်ညီနေခဲ့၏။ သို့သော် အလင်းဓားက ကျားကစားပွဲတစ်ခုတွင် အဓိကအချက် ဖြစ်သွားနိုင်သည်။ မလှုပ်ရှားခင် သေသေချာချာ စဉ်းစားရမည် ဖြစ်၏။ သူတို့က ခံစားချက်များကို အလိုလိုက်၍ မဆင်မခြင် လှုပ်ရှား၍ မရနိုင်ပေ။

မုန့်ချီက အစောပိုင်းတွင် ထွက်ပြေးသွားခဲ့သော အလင်းတန်း (၂) ခုအကြောင်းကို စဉ်းစားကြည့်နေခဲ့သည်။ သို့သော် သူက ထိုလူများကို ဝေဖန်ဆန်းစစ်ရန် အချိန်မရနိုင်သေးခင် ဘိုးဘေးလင်းပေါင်က နောက်တစ်ကြိမ် ပြောလိုက်၏။

"အဲဒါက နတ်ဆရာကျင့်စဉ်ကို အသုံးပြုပြီး ထွက်ပြေးနိုင်တဲ့ အရိပ်ကျင့်စဉ်တစ်မျိုးပဲ။ အရေးပါတဲ့ အဆင့်အတန်းရှိတဲ့ လူတစ်ယောက်ယောက်က နောက်ကွယ်ကနေ ထိန်းချုပ်နေတယ်။ ငါက အခုချိန် လှုပ်ရှားလိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးရတယ်။ ဒီတော့ မင်းတို့ (၂) ယောက်က သွားပြီး သူတို့ကို စမ်းသပ်ကြည့်လိုက်ပါလား။ ငါက အမှောင်ထဲကနေ ဘယ်သူတွေပေါ်လာမလဲ စောင့်ကြည့်လိုက်မယ်…"

"နတ်ဆရာတွေလား။ ဒါဆိုရင် ဒီနေ့ပါတူရဲ့သေဆုံးမှုကလည်း သူတို့နဲ့ ဘယ်လိုများ ပတ်သက်နေတာလဲ…"

မုန့်ချီက မှင်တက်သွားခဲ့သော်လည်း ချက်ချင်း သဘောတူလိုက်သည်။

"ကောင်းပါပြီ…"

ဘိုးဘေးလင်းပေါင်က တာအို (၃) သွယ်ဘိုးဘေးဖြစ်ကြောင်း သိလိုက်ရသည့်အပြင် သူတစ်ယောက်တည်းနှင့် အင်မော်တယ်သတ်ဖြတ်ရေးဝင်္ကပါကို အသုံးပြုနိုင်ကြောင်း မြင်တွေ့ပြီးသွားသည့်အချိန်တွင် ဘိုးဘေးလင်းပေါင်အပေါ် အကြွင်းမဲ့ ယုံကြည်ချက် ရှိနေခဲ့သည်။

အကယ်၍ ခြံဝန်းထဲ၌ ဓမ္မကာရအဆင့် ပညာရှင် (၂) ယောက် ပုန်းအောင်းနေမည်ဆိုလျှင်ပင် ဘိုးဘေးလင်းပေါင်က သူတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး သူနှင့် ကျန်းကျိဝေတို့ကို အန္တရာယ်ထဲမှ ကယ်ထုတ်နိုင်မည်ဖြစ်ကြောင်း ယုံကြည်နေခဲ့သည်။ အကယ်၍ နောက်ကွယ်တွင် ကောင်းကင်မှတ်တမ်းမှ ထိပ်တန်းပညာရှင် တစ်ယောက် ရှိနေသည်ကိုပင် သူက ငကြောက်တစ်ယောက်ကဲ့သို့ ပြုမူနေမည်ဆိုလျှင်တော့ သူက သိုင်းလောကတွင် လှည့်ပတ်သွားလာခွင့် မရှိနိုင်တော့သလို သိုင်းပညာလမ်းကြောင်းကို လေ့လာ၍လည်း မရနိုင်တော့ပေ။ သူက အထုပ်အပိုးပြင်ပြီး အိမ်ပြန် ဈေးရောင်းရန်သာ ရှိပါတော့သည်။

ကျန်းကျိဝေဆီတွင်လည်း သူ့လို ထင်မြင်ချက်မျိုး ရှိနေခဲ့၏။ တစ်စုံတစ်ယောက်က သူတို့ကို ထောက်ပံ့ပေးနေသည့်အတွက် လှုပ်ရှားရသည်မှာ ပို၍လွယ်ကူသွားနိုင်သည်။ သူတို့က အငွေ့အသက်များကို ကောင်းမွန်စွာ ဖုံးကွယ်လိုက်ကြပြီး ဘေးဘက်ဝင်ပေါက်မှတဆင့် ခြံဝန်းထဲကို တိတ်တဆိတ် ဝင်လာကြသည်။

အကောင်းဆုံးရလဒ်ကတော့ လျှို့ဝှက်ဆန်းကြယ်သော လူများကို အသက်ရှင်လျက် ဖမ်းဆီးရန် ဖြစ်၏။ ထို့ကြောင့် သူတို့က တိုက်ခိုက်ရန်ရွေးချယ်ခဲ့ခြင်း မရှိသလို အိမ်ထဲတွင် ရှိနေသော ခြံဝန်းကို ဖျက်စီးရန်လည်း ရွေးချယ်ခဲ့ခြင်း မရှိချေ။

ခြံဝန်းထဲသို့ ရောက်သွားသည့်အချိန်တွင် ရေစက်ကျသံက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ အတွင်းပိုင်းထဲတွင် အလွန်တည်ငြိမ် မှောင်မည်းနေသည့်အတွက် မုန့်ချီက အိပ်မက်နယ်မြေတစ်ခုထဲကို ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ ဤနေရာတွင် ဝင်္ကပါတစ်ခု ဖန်တီးထားခဲ့ခြင်း ဖြစ်၏။

သို့သော် ထိုခြံဝန်းက လူသူထူထပ်သော ဈေးတစ်ခု၏အနီးတွင် တည်ရှိနေသည်။ ထိုလူများက သူတို့၏ ခြေရာလက်ရာများကို ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ကြ၏။ ထို့ကြောင့် ထိုဝင်္ကပါက သတိပေးချက် ထုတ်ပြန်နိုင်သော ဝင်္ကပါတစ်ခုသာ ဖြစ်နိုင်သည်။ အကယ်၍ သူတို့က တစ်စုံတစ်ခု အသုံးပြုလိုက်မည်ဆိုလျှင် ချက်ချင်း ပေါ်သွားနိုင်၏။ သို့သော် ထိုကဲ့သို့သော ဝင်္ကပါတစ်ခုက အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ် ရှိနေသော မုန့်ချီအတွက် အတားအဆီးတစ်ခု ဖြစ်နိုင်ဦးမည်လော။

မုန့်ချီက ကျန်းကျိဝေကို ဝင်္ကပါထဲသို့ တိတ်တဆိတ် ခေါ်ဆောင်လာခဲ့သည့်အချိန်တွင် လရောင်အောက် ရေတွင်းတစ်ခုအနားတွင် လျှို့ဝှက်ဆန်းကြယ်သော လူ (၂)ယောက်ကို တွေ့လိုက်ရသည်။ သူတို့က အပေါ်ဝတ်ရုံကို ချွတ်ထားရာ အလွန်ထင်ရှားသော မြက်ခင်းစိမ်းလွင်ပြင်မှ မျက်နှာ (၂) ခု ပေါ်နေခဲ့၏။

ခြံဝန်းထဲတွင် ရှိနေသော အခြေအနေက မုန့်ချီ၏စိတ်ထဲ၏ ရှင်းရှင်းလင်းလင်း ပေါ်နေခဲ့သည်။ ထိုအရာက ကုန်သည်ကြီးတစ်ခု၏ အရွယ်အစားခန့်ရှိပြီး သူတို့၏ အဖွဲ့သားအများစုကလည်း မြက်ခင်းပြင်မှ ဈေးသည်များ ဖြစ်ကြသည်။

ရုတ်တရက်ဆိုသလို နတ်ဆရာ (၂) ယောက်က မုန့်ချီနှင့် ကျန်းကျိဝေတို့ ပုန်းအောင်းနေသော နေရာကို စိုက်ကြည့်လိုက်သည်။ သူတို့က ထူးခြားသော နည်းလမ်းများကို အသုံးချပြီး အန္တရာယ်အငွေ့အသက်ကို စစ်ဆေးနိုင်ပုံရ၏။

"အခုချက်ချင်းပဲ…"

ထိုအရာကို မြင်သည့်အခါ မုန့်ချီက ချက်ချင်း ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် သူ၏အရေပြားပေါ်၌ ရွှေရောင်အလင်းတန်းတစ်ခု လွှမ်းခြုံလာပြီး ထိုလူ(၂) ယောက်ဆီကို တဟုန်ထိုး ပျံသန်းသွားခဲ့သည်။

တစ်ချိန်တည်းတွင် လေထဲ၌ အနက်ရောင်အငွေ့များ ပေါ်လာပြီး သူတို့က ရှည်လျားသော မြွေတစ်ကောင်ပုံစံ ဖြစ်ပေါ်လာခဲ့သည်။ မြေပြင်ပေါ်မှနေ၍ ပေါင်းပင်ကြီးများလည်း ပေါက်လာပြီး သူတို့က မုန့်ချီ၏ ခြေထောက်မှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်သလို ထင်မှတ်ရသည်။

နတ်ဆရာ (၂) ယောက်က တုံ့ပြန်မှုနှေးကွေးသွားသည့်အတွက် ရူးသွပ်သော တုံ့ပြန်မှုများကိုသာ လုပ်ဆောင်နိုင်ကြသည်။ နတ်ဆရာတစ်ယောက်၏ လက်တစ်ဖက်က လက်ဝါးတံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး တခြားလက်တစ်ဖက်တွင် အနက်ရောင် တောင်ဝှေးတစ်ခုကို ကိုင်ထားသည်။

သူက လက်ဝါးနှင့် မုန့်ချီကို ရိုက်ချလိုက်၏။ ထိုတောင်ဝှေးက အစွမ်းမရှိသော်လည်း သဏ္ဍာန်မဲ့ချီစွမ်းအင်များက မုန့်ချီ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလာခဲ့သည်။ ရွှေရောင်အလင်းတန်းနှင့် ထိတွေ့မိသည့်အချိန်တွင် ထိုအရာများက ဆူပွက်လာသော ရေများကဲ့သို့ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာခဲ့၏။

သူ၏မျက်ခုံးကြားထဲတွင် ရှိနေသော ကမ္ဘာဦးရွှေကြာပန်းကလည်း ထိုစွမ်းအားများကို တားဆီးရန် သူ့ကို အကူအညီပေးလိုက်သည်။ ထိုအရာက နတ်ဆရာများ၏ ထိပ်တန်းကျင့်စဉ်တစ်ခုဖြစ်သော ကျိန်စာတောင်ဝှေးကျင့်စဉ် ဖြစ်သည်။ မုန့်ချီက အနက်ရောင် အငွေ့များနှင့် ဖန်တီးထားသော မြွေကြီးကို လက် (၂) ဖက်နှင့် ဆုတ်ဖြဲပစ်လိုက်သည်။

ထိုအချိန်အတွင်း သူက နတ်ဆရာတစ်ယောက်၏ ရှေ့ကို ရောက်လာခဲ့၏။ သူက လက်ထဲတွင် ဓားမောက်တစ်လက်ကို ကိုင်ထားပြီး အနတ္တကျိန်စာဖျက်ဓားပညာကိုသုံး၍ သူ၏ပြိုင်ဖက်ကို စိတ်ကစဉ်ကလျား ဖြစ်သွားစေရန် ဆွဲဆောင်လိုက်သည်။

တစ်ဖက်တွင်တော့ ကျန်းကျိ‌ဝေ၏ ဓားအလင်းရောင်က အလွန်သန့်စင်နေသည့်အတွက် အနက်ရောင်အငွေ့များ၊ ပေါင်းပင်များ၊ ကျိန်စာများ၊ တစ်ခုမျှ အနားကို ရောက်မလာနိုင်ကြပေ။ အလွန်ထက်မြက်သော အလင်းရောင်က သူတို့ကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုက်ပြီး တခြားသော နတ်ဆရာ၏မျက်နှာကို ဖြတ်ကျော်သွားခဲ့သည်။

မုန့်ချီနှင့် ကျန်းကျိဝေတို့ (၂) ယောက်လုံးက တိုက်ခိုက်မှုတွင် အစွမ်းကုန် တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ သူတို့က ဘိုးဘေးလင်းပေါင် သတိပေးထားသော နောက်ကွယ်မှလူ ပေါ်လာမည့်အချိန်ကို စောင့်နေခဲ့သည်။

မုန့်ချီ၏ အနတ္တကျိန်စာဖျက် ဓားပညာက နတ်ဆရာ (၂) ယောက်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ (၇) ခုကို လှုံ့ဆော်နိုင်ခဲ့သည်။ တစ်ခါတစ်ရံ သူတို့က ပြုံးနေကြပြီး တစ်ခါတစ်ရံ သူတို့ဆီ၌ မျက်နှာဖုံးတစ်ခု ပေါ်လာကြ၏။

ဓားသွားက သူတို့ကို တိုက်ခိုက်လိုက်သည့်အချိန်တွင်တော့ သူတို့က မှင်တက်သွားမိကြသည်။ မုန့်ချီနှင့် ကျန်းကျိဝေတို့က သူတို့နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည့်အတွက် သူတို့ကို အလွယ်တကူ ဖမ်းဆီးနိုင်ကြ၏။

ရုတ်တရက်ဆိုသလို ထူးဆန်းသော လေလှိုင်းတစ်ခု ပေါ်လာခဲ့သည်။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော လေစီးကြောင်းများကလည်း တခဏအတွင်း ပျောက်ကွယ်သွားသလို ထင်မှတ်ရ၏။ ကမ္ဘာမြေကြီး၏အစွမ်းနှင့် သူ၏ကိုယ်ပိုင်အစွမ်းများကလည်း ပျောက်ကွယ်သွားသလို ထင်မှတ်ရသည်။

နတ်ဆရာ (၂) ယောက်၏ ခန္ဓာကိုယ်ကတော့ အလိုလို ကြီးမားလာပြီး ဘောလုံးကြီးတစ်ခုကဲ့သို့ လျင်မြန်စွာ ကြီးထွားလာခဲ့၏။ သူတို့၏ခန္ဓာကိုယ်က အခွံသက်သက်သာဖြစ်ပြီး အတွင်းပိုင်းထဲတွင် သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသလို ဖြစ်နေခဲ့၏။

"ဗောင်း..."

မုန့်ချီနှင့် ကျန်းကျိဝေတို့ သူတို့ကို မဖမ်းနိုင်သေးခင် သူတို့က လေတင်းနေသော ဘောလုံးကြီး (၂) ခုကဲ့သို့ ပေါက်ကွဲသွားခဲ့ပြီး အသားစများက နေရာတိုင်းတွင် ပြန့်ကျဲသွားခဲ့သည်။ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်၏ ပေါက်ကွဲမှုက သူတို့၏ခန္ဓာကိုယ် အပိုင်းအစတိုင်းကို ဝါးမြိုသွားခဲ့သည်။

မုန့်ချီက လက်မြှောက်ပြီး သူ၏မျက်ခုံးကို အချိန်မီ တားဆီးလိုက်သော်လည်း အသားစတစ်ခုက သူ့ဆီကို ရောက်လာသည့်အတွက် ထိုအရာက သတ္တုနှင့် ကျောက်တုံးများ ပစ်ပေါက်ခံလိုက်ရသလို ဖြစ်နေခဲ့၏။ ထိုတိုက်ခိုက်မှုက အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို အနည်းငယ်လေးပင် လှုပ်ရှားသွားစေနိုင်ခြင်း မရှိပေ။ ထိုအရာက ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုသာ ဖြစ်စေခဲ့သည်။

ကျန်းကျိဝေ၏ ဓားအလင်းရောင်ကတော့ သူမ၏ ပတ်ပတ်လည်တွင် လှုပ်ရှားနေသည့်အတွက် အသားစများက အဝေးကို လွင့်သွားကြ၏။ အသံများအားလုံး ပျောက်ကွယ်သွားသည့် အချိန်တွင် ခြံဝန်းထဲ၌ အသားစများ သွေးများသာ ကျန်နေတော့သည်။ ထိုအချိန်ကျမှ မြက်ခင်းစိမ်းလွင်ပြင်မှ ကုန်သည်များလည်း ကြောက်လန့်တကြား နိုးလာကြ၏။

"ကြည့်ရတာ တစ်ယောက်ယောက်က သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ တစ်ခုခုလုပ်ထားတာ ဖြစ်မယ်ထင်တယ်။ ပြီးတော့ အစောပိုင်းမှာ ငါ့ကို အနှောင့်အယှက်ပေးလိုက်တဲ့ အငွေ့အသက်တစ်ခုလည်း ရှိနေသေးတယ်…"

ဘိုးဘေးလင်းပေါင်၏အသံကို ကြားလိုက်ရသည်။

"ဘိုးဘေးလင်းပေါင်တောင် သတိမထားမိအောင် နှောင့်ယှက်နိုင်တဲ့ အငွေ့အသက်လား။ ဒါဆိုရင်တော့ အနည်းဆုံးတော့ တရားခံက ဓမ္မကာရတစ်ဝက်အဆင့် ဒါမှမဟုတ် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် ဖြစ်နိုင်တယ်…"

မုန့်ချီက အံ့သြမှင်တက်သွားမိခဲ့၏။

"အဲဒီအငွေ့အသက်က ချက်ချင်း ပျောက်ကွယ်သွားတာဆိုတော့ သေချာမစစ်ဆေးလိုက်ရဘူး။ ပြီးငေါက အစောကြီးကတည်းက ပုန်းနေခဲ့တာဆိုတော့ အဲဒီအရာက ဘယ်သူလဲဆိုတာ ချက်ချင်းမပြောနိုင်ဘူး.."

ဘိုးဘေးလင်းပေါင်က ထပ်ဖြည့်ပြောလိုက်သည်။

မုန့်ချီနှင့် ကျန်းကျိဝေတို့က ဘိုးဘေးလင်းပေါင်ကို နောက်ထပ် မေးခွန်းထုတ်ရန် အချိန်မရတော့ပေ။ သူတို့က လက်ရှိအခြေအနေကို ထိန်းချုပ်ရန် အရေးပါနေသေးသည်။

သူတို့က မြက်ခင်းစိမ်းလွင်ပြင်မှ ကုန်သည်များကို စစ်ဆေးမေးမြန်းလိုက်သည့် အချိန်တွင် အဖွဲ့သားများအားလုံးက သာမန်ကုန်သည်များသာဖြစ်ကြောင်း နားလည်သွားခဲ့၏။ သူတို့ထဲတွင် ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များ ပါဝင်နေကြသော်လည်း သူတို့၏အဖွဲ့သား (၂) ယောက်က နတ်ဆရာများဖြစ်ကြောင်း မည်သူမျှ မသိကြပေ။

တည်းခိုဆောင်သို့ ပြန်ရောက်လာသည့်အချိန်တွင် မုန့်ချီက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

"ချောင်မိသားစုက မြက်ခင်းစိမ်းလွင်ပြင်က နတ်ဆရာတွေနဲ့ ပူးပေါင်းနေတာလား။ သူတို့ရဲ့အဆင့်အတန်း ၊ အရင်းအမြစ်နဲ့ အခြေအနေကို စဉ်းစားကြည့်လိုက်မယ်ဆိုရင်တော့ သူတို့က အပြင်လူတွေကို အားကိုးဖို့ လုံးဝမလိုဘူး…"

ကျန်းကျိဝေကတော့ ထိုဖြစ်နိုင်ခြေကို မယုံကြည်နိုင်သေးပေ။

"သူတို့က အကျိုးအမြတ်တစ်ခုအတွက် ရိုးရိုးရှင်းရှင်း ပူးပေါင်းနေတာလည်း ဖြစ်နိုင်တယ်။ အကျိုးအမြတ်နဲ့ ပတ်သက်လာရင်တော့ လူတိုင်းက ရန်သူနဲ့တောင် ပူးပေါင်းလုပ်ဆောင်နိုင်ကြတာပဲ…"

မုန့်ချီကတော့ သူတို့ မြင်လိုက်ရသည့်အရာကိုသာ ယုံကြည်နေခဲ့သည်။ ဘိုးဘေးလင်းပေါင်ကတော့ နတ်ဆရာ (၂) ယောက်၏ သေဆုံးမှုကို စဉ်းစားနေရင်း သူတို့၏စကားကို တိတ်တဆိတ် နားထောင်နေခဲ့၏။ သူက သဲလွန်စတစ်ခုကို စစ်ဆေးနေခဲ့ပြီး ထိုအငွေ့အသက်၏ ပိုင်ရှင်ကို သုံးသပ်ကြည့်နေပုံရသည်။

မုန့်ချီက ဆက်ပြောလိုက်၏။

"ဘယ်လိုဖြစ်ဖြစ် ချောင်မိသားစုက နတ်ဆရာ (၂) ယောက် သေဆုံးမှုနဲ့ ပတ်သက်မယ်ဆိုတာ သေချာတယ်။ သူတို့ရဲ့အပြစ်အတွက် သူတို့က သက်သေတွေကို လုပ်ကြံလိုက်တာပဲ။ ဒါက ငါတို့ရဲ့အစီအစဉ်ကို ကူညီပေးနိုင်ပြီး မြေနတ်သမီးရေကန်ထဲမှာရှိတဲ့ တားမြစ်နယ်မြေကိုဝင်ဖို့ အကူအညီပေးနိုင်တယ်…”

“တကယ်လို့ ငါတို့ကသာ သူတို့ပူးပေါင်းမှုရဲ့နောက်ကွယ်မှာရှိတဲ့ အကြောင်းပြချက်ကို ရှာဖွေဖော်ထုတ်နိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းတယ်…"

ဘိုးဘေးလင်းပေါင်၏အသံက အလွန်တည်ငြိမ်နေခဲ့သည်။ သူက မြက်ခင်းစိမ်းလွင်ပြင်မှ ပညာရှင်ပေါင်းစုံနှင့် တိုက်ခိုက်ခဲ့ဖူးသည့်အတွက် ထိုအရာများကို သတိထားနေခဲ့သည်။ ထို့ပြင် သူက မြောက်ပိုင်းကျိုးအင်ပါယာထဲတွင် ရှိနေသော အမှန်တရားအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင် ဖြစ်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ သူ့ခေါင်းထဲတွင်လည်း ဝင်းလက်တောက်ပသွားခဲ့သည်။

"အဲဒါကို ဆုံးဖြတ်နိုင်တဲ့ နည်းလမ်းတစ်ခုရှိတယ်…"

ပါတူက ပင်ကျင်းမြို့ထဲတွင် သေဆုံးသွားသည့်အတွက် သူ့သခင် အာဂူလာကလည်း ပင်ကျင်းမြို့ထဲတွင်သာ ပုန်းအောင်းနေနိုင်သည်။ သူက တစ်စုံတစ်ခုကို သိနေနိုင်၏။

နောက်တစ်နေ့တွင် မုန့်ချီက ပင်ကျင်း လူထူထပ်သောနေရာတွင် မြေခွေးသုတ်သင်ရေး အဖွဲ့အစည်း၏ အမှတ်အသားကို ချန်ထားခဲ့သည်။ သူက သူ့နာမည်ကို ကြေညာခဲ့ပြီး သူ လက်ရှိနေထိုင်သော တည်းခိုဆောင်ထဲတွင် စောင့်နေခဲ့၏။

သူက ချောင်မိသားစု၏ အကြောင်းပြန်မှုကို မရခင် အရိပ်တစ်ခုက တည်းခိုဆောင်ထဲသို့ ခိုးကြောင်ခိုးဝှက်ဝင်လာပြီး မုန့်ချီ၏တံခါးကို ခေါက်လိုက်သည်။ ဧည့်သည်က မြောက်ပိုင်းကျိုးအင်ပါယာမှ လူတစ်ယောက်ကဲ့သို့ သားရေဦးထုတ်ကြီးတစ်ခုကို ခေါင်းပေါ်တွင် ဆောင်းထားသည်။ သူ့ပုံစံက အတော်လေးကို စိုးရိမ်ထိတ်လန့်ပြီး မသက်မသာ ခံစားနေရပုံပေါ်၏။

သူကတော့ တခြားလူမဟုတ်ဘဲ ဟာရီစုမျိုးနွယ်စုမှ အာဂူလာ ဖြစ်သည်။ တံခါးကို ဖွင့်လိုက်သည့်အချိန်တွင် အာဂူလာက အနက်ဝတ်မုန့်ချီကို မျက်နှာချင်းဆိုင် ကြည့်လိုက်၏။ သူ၏ခန္ဓာကိုယ်နှင့် ကြွက်သားများကတော့ ပြောင်းလဲသွားပုံမရချေ။ သူက မြေခွေးဘုရင်ကို သတ်လိုက်ပြီးနောက် တစ်ကိုယ်လုံး သွေးများစွန်းထင်နေသော လူတစ်ယောက်နှင့် အတူတူသာ ဖြစ်သည်။

"သူက မင်းကို သတ်ချင်နေတယ်…"

အာဂူလာက မုန့်ချီကို တွေ့တွေ့ချင်း ထိုစကားကို ပြောလိုက်သည်။ ထိုစကားက သူ၏အသုံးဝင်မှုကို ပြသလိုက်ခြင်းလည်း ဖြစ်၏။

မုန့်ချီကတော့ ဧည့်သည်ကို အခန်းထဲသို့ ဝင်ခွင့်ပေးလိုက်ပြီးတော့ မျက်ခုံးပင့်၍ မေးလိုက်သည်။

"ဘယ်သူလဲ..."

သူ့ခေါင်းထဲတွင်လည်း အလွန်ခေါင်းမာသော ကောင်းကင်ကံကြမ္မာကျောင်းဆောင်ထဲမှ သတ်ဖြတ်ခြင်းရပ်တန့်သူကို တွေးမိခဲ့သည်။

အာဂူလာက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ တည်ငြိမ်သွားခဲ့၏။

"မြေခွေးဘုရင်ရဲ့ဆရာ...။ မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းရဲ့ အစစ်အမှန်အရှင်သခင်..."

"ဖြည်းဖြည်းပြောပါ။ ဒါမှလည်း ငါ နားလည်နိုင်မှာပေါ့…"

မုန့်ချီက စိတ်မဝင်စားချင်ယောင် ဆောင်လိုက်သည်။

အာဂူလာက ပြုံးရုံလေးပြုံးလိုက်၏။

"ငါ ကိုယ်တိုင်ကလည်း အမှောင်ထဲမှာပဲ နေခဲ့ရတာ...။ ဒါကြောင့် ငါ့မှာ အတွေ့အကြုံ ဘာမှမရှိတော့ဘူး။ ပြောရမယ်ဆိုရင်တော့ မြေခွေးဘုရင်ရဲ့ဆရာက ဟောင်ယွဲ့ကလန်မှာရှိတဲ့ ဆာရန်ကောင်းဝါပဲ…"

"ဟောင်ယွဲ့ကလန် ဟုတ်လား..."

မုန့်ချီက ထိုကလန်အကြောင်းကို သိနေခဲ့သည်။ ထိုအရာက မြက်ခင်းပြင်ထဲတွင် ပင်မမျိုးနွယ်စုတစ်ခုဖြစ်ပြီး ဟွမ်ကျင်းကလန်ပြီးလျှင် ဒုတိယလည်း ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာခန့်တွင် ကူအာဒို၏အဖွဲ့က ရုတ်တရက် အစွမ်းထက်လာပြီး ထိုကလန်ကို သုတ်သင်ရှင်းလင်းခဲ့၏။ ယခုတော့ သူတို့ဆီတွင် အသက်ရှင်ကျန်နေခဲ့သော မျိုးဆက်များ ရှိနေမည်ဟု မထင်ထားခဲ့ပေ။

အာဂူလာက ခေါင်းညိတ်ပြလိုက်၏။

"ဟောင်ယွဲ့ကလန်က ဟွမ်ကျင်းကလန်ရဲ့ လက်အောက်ကနေ ပျောက်ကွယ်ပြီး ပြန်လည်ရှင်သန်လာဖို့ ကြိုးစားနေတယ်။ သူတို့က သူတို့ရဲ့လွှမ်းမိုးမှုတွေကို တိတ်တဆိတ် ချဲ့ထွင်နေကြတာ...။ ဆာရန်ကောင်းဝါက ကလန်ကိုမသုတ်သင်ခင် မွေးဖွားလာခဲ့တာ...။ သူ မွေးလာတဲ့အချိန်က နေရောင်နဲ့လရောင်ကိုတောင် မမြင်ဖူးဘူးလို့ ပြောကြတယ်။ မြေခွေးတွေ အူနေပြီး အပင်တွေပေါက်နေတဲ့နေရာမှာ သူက နေထိုင်ခဲ့ရတာ...။ အနီးအနားမှာရှိတဲ့ ကြွက်တွေအားလုံးကလည်း ရုတ်တရက် သေသွားခဲ့ကြတယ်။ သူ မွေးဖွားလာတာက ကပ်ဆိုးကြီးတစ်ခုပဲ။ ဒါကြောင့် သူက ဟောင်ယွဲ့ကလန်ရဲ့ မျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ သူက တိုးတက်ဖို့ အခွင့်အရေးတစ်ခုကို တွေ့ခဲ့ရတယ်။ အဲဒါကိုတောင် သူကတော့ အစွမ်းထက်တဲ့ ဟွမ်ကျင်းကလန်ကြောင့် ပုန်းနေခဲ့ရသေးတာပဲ။ အဲဒီနောက်မှာတော့ သူက မြေခွေးတွေ စွန့်ပစ်တာ ခံထားရတဲ့ မြေခွေးဘုရင်ကို မွေးစားခဲ့တယ်။ သူ့ရဲ့သိုင်းပညာတွေကိုလည်း သင်ပေးခဲ့တယ်။ ဆာရန်ကောင်းဝါက ဆယ်စုနှစ်တစ်ခုနီးပါးလောက် ပျောက်ကွယ်နေခဲ့တဲ့အတွက် ဟွမ်ကျင်းကလန်က သူ့ကို သုတ်သင်ရှင်းလင်းလိုက်ပြီလို့ သံသယဝင်နေကြတာ...”

“အဲဒီနောက်မှာတော့ သူ့ရဲ့လက်အောက်ခံတွေက မြေခွေးဘုရင်ကို ငါးစာအဖြစ် အသုံးချပြီး မြေခွေးသုတ်သင်ရေးအဖွဲ့အစည်းကို တည်ထောင်ခဲ့တယ်။ ပြီးတော့ မြက်ခင်းပြင်တစ်ခုလုံးမှာ ကျယ်ပြန့်တဲ့ သတင်းကွန်ယက်တစ်ခု တည်ထောင်ခဲ့တယ်…."

"ငါ နားလည်ပြီ…"

မုန့်ချီက သတ်ဖြတ်ခြင်းရပ်တန့်သူ၏မျက်နှာကို သေချာမှတ်မိနေခဲ့ပြီး အလွန်လှပသော သူမ၏မျက်ခုံးများက မျက်လုံးထဲတွင် ပြန်ပေါ်လာခဲ့သည်။

အာဂူလာကတော့ အသက်ကို အမောတကော ရှူနေပြီးနောက် တည်ငြိမ်မှု ရရှိသွားပြီး ပြောလိုက်၏။

"မင်းက မြေခွေးဘုရင်ကို သတ်လိုက်တဲ့အချိန်မှာ ဆာရန်ကောင်းဝါက ရုတ်တရက် ပြန်လာခဲ့တယ်။ သူက မင်းကို အညှိုးအတေးထားနေတာ...။ သူက အရင်နှစ်တွေ အတောအတွင်း အလယ်ကုန်းမြေကြီးကို ဝင်လိုက်ထွက်လိုက် သွားလာနေခဲ့တယ်။ ကြည့်ရတာ သူက မင်းကို ခြေရာခံနေတယ် ထင်တာပဲ…"

Translated by Hein Htet.

All Chapters