အခန်း (၆၆၀)
Vol. 44 Ch. 660
မြေနတ်သမီးရေကန်၏ အပေါ်ဘက်တွင် ရှိနေသော ပင်မကျွန်းပေါ်တွင်…
ချောင်တိုင်၏သေဆုံးမှုကို မြင်တွေ့ခဲ့ပြီးနောက် ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေကြသော တပည့်များက သူ့အလောင်းကို ယူဆောင်လာခဲ့ကြသည်။ သူတို့က ကျွန်းငယ်လေး၏ အတွင်းထဲသို့ လူတစ်ယောက် စေလွှတ်လိုက်၏။
ထိုနေရာတွင် နှစ်(၁)ထောင် ရေခဲသလင်းကျောက်များ စုစည်းနေခဲ့သည်။ ရေကန်၏အလယ်တွင်တော့ အချင်းချင်းထပ်ပြီး သလင်းကျောက်ဖြစ်နေသော ရေခဲအလွှာများ ရှိနေခဲ့၏။ ရေကန်၏ မျက်နှာပြင်ပေါ်တွင်တော့ နှင်းခြုံလွှာတစ်ခု လွှမ်းခြုံနေသကဲ့သို့ ဖြစ်နေသည်။
စေလွှတ်ခံရသောတပည့်က ဉာဏ်အလင်းပွင့်မှုအဆင့်သာ ရှိနေသေး၏။ အရိုးထဲသို့ စိမ့်တက်လာသော အအေးဓာတ်ကြောင့် သူလည်း တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေခဲ့သည်။ သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော ရေခဲကျင့်စဉ်ကိုသုံးပြီး ရေခဲတံခါးပေါ်ရှိ နေရာကို လက်ဝါးနှင့် ရိုက်ချလိုက်၏။ ဤနေရာတွင် အရာအားလုံး အေးခဲသွားစေနိုင်သော အအေးဓာတ်ကလွဲလျှင် သက်ရှိအငွေ့အသက်များ လုံးဝမရှိချေ။
ထိုအချိန်တွင် ရှုပ်ထွေးနေသော မြင်ကွင်းပေါ်၌ မတည်ငြိမ်သော အလင်းတန်းတစ်ခု တောက်ပလာခဲ့၏။ ရေခဲတံခါး၏ ပတ်ပတ်လည်တွင် ရေခဲအလင်းရောင်များ ထွက်ပေါ်လာပြီး ရေခဲများက အတွင်းထဲတွင် လည်ပတ်နေသလို ထင်မှတ်ရသည်။ သို့သော် တံခါးက မပွင့်ခဲ့ပေ။
ထိုအစား အတွင်းထဲမှနေ၍ ကြည်လင်ချိုသာသော မိန်းမပျိုတစ်ယောက်၏အသံကို ကြားလိုက်ရသည်။
"ချောင်တိုင် ဘာဖြစ်တာလဲ…"
တားမြစ်နယ်မြေကို စောင့်ကြပ်ရသော အကြီးအကဲတစ်ယောက်က ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ရောက်လာသည်ကို သတိမထားမိရန် လုံးဝမဖြစ်နိုင်ပေ။ သို့သော် တခြားလူတစ်ယောက်က သူမ၏တာဝန်ကို လက်လွှဲယူသည့်အချိန် မရောက်မချင်း မိသားစုစည်းမျဉ်းများအရ နေရာတွင် ဆက်နေရမည်သာဖြစ်သည်။ ထိုအရာက ဝင်္ကပါ ထိန်းချုပ်သည့် လူမရှိခြင်းကို အခွင့်ကောင်းယူပြီး ရန်သူများ ဝင်ရောက်လာခြင်းကို တားဆီးရန်ဖြစ်သည်။
ဝင်္ကပါကို ပြည့်ပြည့်ဝဝ အသက်သွင်းထားသည့်အချိန်တွင် သိုင်းသခင် တစ်ယောက်ကသာ သူ၏အခြေအနေကို ဆက်၍ ထိန်းသိမ်းထားနိုင်သည်။ မြေအင်မော်တယ်၏ အလောင်းကလည်း အတူတူဟု ပြောနိုင်၏။ ထိုအရာကို သိုင်းသခင်တစ်ယောက် သို့မဟုတ် ပို၍အစွမ်းထက်သော ပညာရှင်တစ်ယောက်ကသာ လှုံ့ဆော်နိုင်စွမ်းရှိ၏။
ချောင်မျိုးရိုးနာမည် ခံယူထားသော တပည့်က ချက်ချင်းပြောလိုက်သည်။
"အစ်ကိုတိုင်က သေသွားပြီ ..။ အခုပင်ကျင်းမှာ ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် ကျွန်တော်တို့က သေရေးရှင်ရေးအခြေအနေကို ရောက်နေပြီ။ ကျွန်တော်တို့က တိုက်ခိုက်သူကို ကူညီပေးဖို့ ဒေါ်လေး(၉)ရဲ့ အကူအညီကို တောင်းခံပါတယ် ..."
ချောင်ဖေးယွဲ့က ချောင်တိုင်၏ သေဆုံးမှုကို ဝိုးတဝါးခံစားမိခဲ့သော်လည်း ထိုတပည့်၏စကားကို ကြားလိုက်ရပြီးနောက် အလွန်ထိတ်လန့်သွားခဲ့ပြီး ဝမ်းနည်းသွားခဲ့သည်။ ချောင်တိုင်က မိသားစုခေါင်းဆောင်၏ မြေးတစ်ယောက် ဖြစ်သည်။
ထိုတပည့်၏နောက်ဆုံးစကားကို ကြားသည့်အချိန်တွင် သူမ၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။ သူမက တီးတိုးရေရွတ်လိုက်သည်။
"ဓမ္မကာရအဆင့် ပညာရှင်ရဲ့တိုက်ခိုက်မှုလား ... "
သူတို့မိသားစုလက်ရှိမျိုးဆက်တွင် ထူးခြားသောရတနာများ ပိုင်ဆိုင်ထားခြင်း မရှိသလို မည်သည့်ဓမ္မကာရအဆင့်ပညာရှင်ကိုမျှ ရန်စထားခဲ့ခြင်းလည်း မရှိချေ။ သူတို့က ပညာရှင်တစ်ယောက်ယောက်၏ အလစ်ချောင်း တိုက်ခိုက်မှုကို ခံရနိုင်မည်လော။ ဖြစ်နိုင်တာက ...။
သူမက လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင် တိတ်တဆိတ် သေဆုံးသွားခဲ့သော ကျင်းကျန်း နတ်ဆရာ(၂)ယောက်၏သေဆုံးမှုကို အမှတ်ရသွားခဲ့သည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။
"ချုံဟယ်နဲ့ လုတတို့က သဲလွန်စရှာတွေ့သွားပြီး ငါတို့ကို စမ်းသပ်ဖို့အတွက် အလစ်ချောင်းတိုက်ခိုက်တာလား။ ပြီးတော့ ငါတို့ပကို စစ်ဆေးကြည့်ချင်နေတာလား.."
အကျိုးအကြောင်းက ဆီလျော်နေပြီး ချောင်တိုင်က အသက်ကိုရင်း၍ သတင်းလာပို့သည့်အတွက် သူမက လက်တစ်ကမ်းအကွာတွင် ရောက်နေသော အန္တရာယ်ကို လျစ်လျူရှု၍ မရနိုင်ကြောင်း ချောင်ဖေးယွဲ့က သိနေခဲ့သည်။
သူမက ချက်ချင်းပင် ဝင်္ကပါကို အသက်သွင်းလိုက်ပြီး ရေခဲအလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်၏။ ထိုအလင်းရောင်က မျက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပင်ကျင်းကို လှမ်းကြည့်လိုက်သည်။ ထိုသို့ လှမ်းကြည့်လိုက်သည့်အချိန်တွင် တလက်လက် တောက်ပနေသော အလင်းတန်းတစ်ခုကိုသာ မြင်နေရ၏။ အဝေးမှနေ၍ ဝင်္ကပါ၏ လှုပ်ရှားမှုများ ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကြောင့် အပြင်ဘက်တွင် ရှိနေသော ချောင်မိသားစု တပည့်များက လှုပ်ရှားသွားခဲ့ပြီး လုံးဝကို ထိတ်လန့်ကြောက်ရွံ့သွားကြ၏။ သူတို့က မိသားစုမှ ပေးထားသော အကျိုးအမြတ်များကို လိုချင်ကြသော်လည်း မိသားစုဆီသို့ ကပ်ဆိုးတစ်ခု ကျရောက်လာမည်ကို အလွန်ကြောက်လန့်နေတတ်သည်။
သိုင်းလောကတွင်တော့ ကပ်ဆိုးကြီးတစ်ခု ပေါ်ထွက်လာတော့မည်ဟု ကောလာဟလများ ထွက်ပေါ်လာနေခဲ့သည်။ အကယ်၍ ထိုအရာကသာ မှားယွင်းမည်ဆိုလျှင် ချောင်ကလန်ကဲ့သို့ ထိပ်တန်းအထက်တန်းလွှာမိသားစုတစ်ခုက မည်ကဲ့သို့ သက်ရောက်ခံရမည်နည်း။
တံခါး(၆)ပေါက်၊ (၇)ပေါက်အဆင့်ပင် မရှိသေးသော တပည့်များက လေ့ကျင့်ရန်အတွက် နှစ်(၁)ထောင် ရေခဲသလင်းကျောက်၏အောက်ထဲကို ဝင်ရောက်ရန် အစွမ်းမျိုး မရှိသေးပေ။ ထို့ကြောင့် သူတို့က ရေခဲတံခါးကိုဖွင့်ရန် အခွင့်အာဏာမရှိကြပေ။
ရေခဲ၏အတွင်းပိုင်းထဲတွင် ရေခဲအပိုင်းအစလေးများနှင့် မြူခိုးများ ပြည့်နေသော တိုက်ခိုက်ရေးအခန်းတစ်ခုရှိသည်။ အခန်း၏ အတွင်းထဲတွင်တော့ အောက်ခြေကို မည်သူမျှမမြင်နိုင်သော စမ်းချောင်းအဝတစ်ခု ရှိနေ၏။ ထိုစမ်းချောင်းထဲမှ ထွက်လာနေသည့်အရာက ကြည်လင်နေသော ရေများ မဟုတ်ဘဲ စီးဆင်းနေသော အပြာရောင်ရေခဲများ ဖြစ်သည်။
ရေခဲများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး အနွေးဓာတ်ရှိနေသော အရာအားလုံးကိုပင် စုပ်ယူသွားခဲ့သည်။ အပြာရောင်ရေခဲများက စီးဆင်းလာနေရင်း တဖြည်းဖြည်း အေးခဲသွားခဲ့၏။ ညဏ်အလင်းပွင့်မှုအဆင့်သာ ရှိသေးသော သာမာန်တပည့် တစ်ယောက်သာဆိုလျှင် သူ၏သွေးနှင့်အရေပြားက ချက်ချင်း အေးခဲသွားနိုင်ပြီး ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။
စမ်းချောင်း၏မျက်လုံးက မီတာပေါင်းများစွာ အကျယ်ရှိသည်။ ထိုရေထဲတွင်တော့ အလောင်း(၂)ခုရှိနေခဲ့၏။ ထိုအလောင်း(၂)ခုလုံးက ကျယ်ပြန့်သောအင်္ကျီကို ဝတ်ဆင်ထားပြီး ရှေးဟောင်းဝတ်ရုံနဲ့ ရှည်လျားသော ဦးထုပ်များ ဆောင်းထားကြသည်။ သူတို့(၂)ယောက်လုံးက အလယ်ခေတ် ပုံသဏ္ဍာန်ရှိကြပြီး ရှေးခေတ်ပညာရှင်များ မဟုတ်ကြပေ။
သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ပျက်စီးယိုယွင်းနေသော လက္ခဏာမျိုးလည်း မရှိပေ။ သူတို့က စီးဆင်းနေသော ရေခဲများကို စုပ်ယူနေပြီး ပင်မချီစွမ်းအင်များကို စုပ်ယူနေသည့်အလား သူတို့၏အရေပြားက သိမ်မွေ့စွာ တုန်ခါနေခဲ့သည်။
သူတို့ထဲမှ တစ်ယောက်ကတော့ ကိုယ်တွင်းပေါက်များထဲမှနေ၍ ခရမ်းရောင်လျှပ်စီးကြောင်းများ ထွက်ပေါ်လာနေခဲ့သည်။ သူတို့က မျက်လုံးများကို မှိတ်ထားကြပြီး သူတို့၏ခန္ဓာကိုယ်ထဲတွင် အသက်စွမ်းအင်များ စီးဆင်းနေခြင်း မရှိချေ။ သူတို့က ရေခဲရေများကို အားကိုးပြီး သူတို့၏အစွမ်းများ ပျောက်ကွယ်သွားခြင်းကို ထိန်းသိမ်းထားနိုင်ခြင်းသာ ဖြစ်သည်။
ချောင်ဖေးယွဲ့နှင့် အလွန်ချောမောလှပသော ချောင်အာတို့က စမ်းချောင်း၏ ဘေး(၂)ဖက်တွင ်ထိုင်နေကြသည်။ ထိုအချိန်တွင် သိသာထင်ရှားမှုမရှိသော လျှပ်စီးကြောင်းများက ချောင်အာ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရောယှက်နေပြီး သူမကို အအေးဒဏ်မှ ခုခံရန် ကူညီပေးနေသည်။
သူမက ထိုစမ်းချောင်း၏မျက်လုံးနှင့် အလွန်နီးကပ်နေခဲ့၏။ သူမက အာရုံခံစွမ်းရည်နှင့်သူမ၏ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေပြီး ခရမ်းလျှပ်စီးကြောင်း မြေအင်မော်တယ်၏ ခန္ဓာကိုယ်ကို ခံစားမိနေခဲ့သည်။ သူမက ထိုခန္ဓာကိုယ်၏ အတွင်းပိုင်း သွေးကြောမှတ်များ၊ အသွေးအသားနှင့် အရေပြားများ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ဖြည်းညင်းစွာ လေ့လာရှာဖွေနေခဲ့၏။
လူတစ်ယောက်၏ ပုံရိပ်ယောင်ခန္ဓာကို လေ့ကျင့်ရန် အတိကျဆုံးနည်းလမ်းကတော့ အနှစ်သာရများကို နားလည်ရန် တူညီသောကျင့်စဉ် လေ့ကျင့်ထားသော အင်မော်တယ်၏ စိတ်ကူးကို အသုံးချခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ထိုအရာက သူမ၏အခြေခံကို အခိုင်မာဆုံး တည်ဆောက်ရန် ကူညီပေးနိုင်သည်။
သက်လတ်ပိုင်းအရွယ် ချောင်ဖေးယွဲ့၏ အလှတရားက ရင့်ကျက်တည်ငြိမ်မှုများ ပြည့်နှက်နေသည်။ ဓမ္မကာရအဆင့် ပညာရှင်က ပင်ကျင်းကို အမှန်တကယ် တိုက်ခိုက်နေကြောင်း အတည်ပြုလိုက်ပြီးနောက် သူမက အလျင်စလို မတ်တပ်ရပ်လိုက်ပြီး ရေခဲသလင်းကျောက်ထဲတွင် ရှိနေသော မြေအင်မော်တယ်ကို ရိုရိုသေသေ ဦးညွတ်လိုက်သည်။
သူမက လက်နှစ်ဖက်နှင့် လက်ဝါးကို ရိုက်လိုက်သည့်အခါ သူမ၏သိစိတ်က ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး အလွန်ထူးခြားသော မြေအင်မော်တယ်၏ မျက်ခုံးကြားထဲသို့ ဝင်ရောက်သွားခဲ့သည်။
"ဗုန်း…"
စမ်းချောင်းမျက်လုံးထဲတွင် လှုပ်ရှားမှုလှိုင်းများ ထွက်ပေါ်လာပုံရ၏။ မြူခိုးများက ပျောက်ကွယ်သွားပြီး ရေခဲအပိုင်းအစများက ပတ်ပတ်လည်သို့ လွင့်စင်သွားခဲ့သည်။
မြေအင်မော်တယ်၏မျက်လုံးက ရုတ်တရက် ပွင့်လာပြီး သူ၏မျက်လုံးများက ရေခဲသလင်းကျောက်များကဲ့သို့ တလက်လက် တောက်ပနေခဲ့၏။ ထိုမျက်လုံးထဲမှထွက်ပေါ်လာသော အေးစက်မှုကြောင့် မြေအင်မော်တယ်၏ (၇၂)သွယ်ကျင့်စဉ်ထဲမှ ဆန်းကြယ်ရေခဲစွမ်းအားကို လေ့ကျင့်ထားသော သိုင်းသခင်တစ်ယောက်ဖြစ်သည့် ချောင်ဖေးယွဲ့က တုန်လှုပ်သွားခဲ့ရသည်။ သူမ၏ပင်မဝိညာဉ်က ရေခဲမျက်လုံးထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရ၏။
မြေအင်မော်တယ်က ရေခဲမျက်လုံးဆီမှ ပျံသန်းလာပြီး ချောင်ဖေးယွဲ့၏ အနားသို့ ကျရောက်လာခဲ့သည်။
ချောင်အာက အပြင်ဘက်ကမ္ဘာကြီးထဲတွင် ရှိနေသော အခြေအနေကို သတိထားမိခြင်း မရှိသော်လည်း ချောင်ဖေးယွဲ့နှင့် တပည့်၏စကားကို အခြေခံပြီး အခြေအနေကို ခန့်မှန်းကြည့်နိုင်သည်။ သူမက ချောင်ဖေးယွဲ့ကို စိုက်ကြည့်နေပြီး သူမဆီတွင် မျှော်လင့်ချက်နှင့် စိုးရိမ်မှုများပြည့်နှက်နေခဲ့သည်။
"မြေအင်မော်တယ်ရဲ့ခန္ဓာကိုယ်၊ ခရမ်းရောင်လျှပ်စီးကြောင်း၊ ကျောက်စိမ်းပေတံနဲ့ ပင်ကျင်းဝင်္ကပါတို့ ရှိနေမယ်ဆိုရင်တော့ ဒီနေ့ခေတ် ဓမ္မကာရအဆင့်ပညာရှင်တွေက လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး ..."
ချောင်ဖေးယွဲ့က ချောင်အာကို နှစ်သိမ့်ရန် ကြိုးစားနေပြီး ဝင်္ကပါကို မည်သို့အသုံးချရမည်ဖြစ်ကြောင်း သူမကို လက်လွှဲပေးနေခဲ့သည်။ သူမ ထွက်သွားသည်နှင့် ရေခဲတံခါးကိုပိတ်ပြီး ဝင်္ကပါကို အသက်သွင်းရန်အတွက်လည်း ချောင်အာကို အကြိမ်ကြိမ်သတိပေးနေခဲ့သည်။
မိသားစုထဲတွင် ပြဿနာကြီး တစ်ခုခု ကျရောက်နေသည့် အချိန်တိုင်း သူမက အချိန်ဆွဲနေခဲ့ခြင်း မရှိချေ။ သူမက ချောင်အာကို ဝင်္ကပါ ထိန်းချုပ်ရန် လမ်းညွှန်ပြီးသွားသည့်အချိန်တွင် ရေခဲတံခါးကိုဖွင့်ပြီး ရေခဲသလင်းကျောက်ထဲမှ အဝေးကို ပျံသန်းသွားခဲ့သည်။
နှစ်(၁)ထောင်ရေခဲသလင်းကျောက်ဆီမှ တံခါးတစ်ခု ပွင့်လာခဲ့၏။ အတွင်းထဲမှနေ၍ တလက်လက် တောက်ပနေသော ရေခဲအလင်းတန်း(၂)ခု ပျံသန်းလာခဲ့သည်။ သူတို့က ထွက်ခွာသွားတော့မည့်အချိန်တွင် ဓားအလင်းတန်းတစ်ခုက သူတို့ကို ချက်ချင်း ခုတ်ချလိုက်သည်။
အနီရောင်ဓားအလင်းတန်းက အလွန်ထက်မြက်လွန်းလှသည့်အတွက် သူ၏လမ်းကြောင်းတွင် ရှိနေသော မည်သည့်အရာမျှ ခံနိုင်ရည်မရှိသလို ထင်မှတ်ရသည်။ ထိုအရာက အရာအားလုံးကို ထိုးဖောက်နိုင်သလို ထင်မှတ်ရပြီး သူကိုယ်တိုင်က သွေးများပြည့်နှက်သွားခဲ့၏။
ဓားအလင်းတန်းက အလွန်ကြီးကျယ်ခမ်းနားစွာ ကျရောက်လာခြင်းဖြစ်ပြီး ချောင်တိုင်၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားခဲ့၏။ ထို့နောက် ချောင်ဖေးယွဲ့ဆီသို့ ရောက်သွားခဲ့သည်။
"ဒီနေရာမှာလည်း အလစ်ချောင်းတိုက်ခိုက်မှုတစ်ခု စောင့်နေတာလား ... "
ချောင်ဖေးယွဲ့က မှင်တက်သွားခဲ့မိ၏။
သူမ၏ခေါင်းထဲတွင် ရတနာ ပြဿနာ ပေါ်မလာခဲ့ပေ။ ထိုအစား ရန်သူက သူမ၏မိသားစုတစ်ခုလုံးကို ဖျက်ဆီးရန် ကြိုးစားနေသည်ဟုသာ ခံစားမိခဲ့သည်။ သူမက ချက်ချင်းပင် ပြောင်းလဲမှုများကို လုပ်ဆောင်လိုက်၏။
ထိုအချိန်တွင် မြေအင်မော်တယ်က လေချွန်လိုက်ပြီး သူ၏လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ လေဟာနယ်တစ်စိတ်တစ်ပိုင်းက အေးခဲသွားခဲ့၏။ လေလှိုင်းများကပင် ရေခဲများအဖြစ် အေးခဲသွားခဲ့ပြီး အပေါ်ဘက်တွင် အပြာရောင်အလင်းတန်းတစ်ခု တောက်ပနေသည်။
အေးခဲမှုက ဓားအလင်းတန်းဆီသို့ ဆက်လက်ပျံ့နှံ့သွားခဲ့၏။ ဓားအလင်းတန်းက အနီရောင်ဖန်သားတစ်ခုကဲ့သို့ ဖြစ်သွားပြီး စတင်အေးခဲလာခဲ့သည်။ ထိုအရာက လေထဲသို့ မြောက်တက်သွားပြီးနောက် သူ၏လက်ချောင်းလေးကို လှုပ်ရှားလိုက်ရာ ချောင်တိုင်၏ခန္ဓာကိုယ်က တစ်စစီ ပျက်စီးသွားခဲ့သည်။ ထိုအချိန်တွင် သူက ရေခဲအလွှာကိုထိုးဖောက်ပြီး ချောင်ဖေးယွဲ့ကို တိုက်ခိုက်လိုက်၏။
"ဖျောက် ... ဖျောက် ... ဖျောက်"
ဓားအလင်းတန်းနှင့် အသွေးအသားများက ပျံ့နှံ့လာသော အပြာရောင်အလင်းတန်းများကို ခက်ခက်ခဲခဲ ဖယ်ရှားနေရသည်။ သို့သော် ချောင်ဖေးယွဲ့ကတော့ လေလှိုင်းများနှင့်အတူ လွင့်မျောသွားသော ဆံပင်မွေးတစ်ချောင်းကို သတိမထားမိတော့ပေ။
ထို့နောက် ဆံပင်မွေးလေးက ပွင့်နေသော ရေခဲတံခါးကိုဖြတ်၍ အတွင်းထဲကို ပျံသန်းသွားခဲ့၏။ အကယ်၍ ဝင်္ကပါကို သိုင်းသခင်တစ်ယောက် ထိန်းချုပ်နေမည်ဆိုလျှင်တော့ သူမက ချက်ချင်းသတိထားမိနိုင်ပြီး ကျူးကျော်လာသူကို အချိန်မီတားဆီးနိုင်ပါလိမ့်မည်။ သို့သော် လက်ရှိဝင်္ကပါကို ထိန်းချုပ်နေသူမှာ ချောင်အာဖြစ်နေသည်။
တိုက်ပွဲက အလွန်ပြင်းထန်နေပြီး မြေအင်မော်တယ်က ကျူးကျော်သူကို ဖယ်ရှားရန် သူ၏ကြောက်မက်ဖွယ်ရာအစွမ်းကို ပြသနေခဲ့၏။ ဝင်္ကပါကို ပြည့်ပြည့်ဝဝ အသက်သွင်းလိုက်သည့်အချိန်တွင် ရေခဲတံခါးက နောက်တစ်ကြိမ် ပိတ်သွားခဲ့၏။ ထို့ကြောင့် သူတို့က ကျူးကျော်သူ၏ရန်မှ ယာယီလွတ်မြောက်သွားခဲ့ရသည်။
ချောင်ဖေးယွဲ့ကလည်း အလျင်အမြန် လှုပ်ရှားလိုက်ပြီး မြေအင်မော်တယ်၏အစွမ်းကို ငှားယူ၍ လေဟာနယ်ထဲကို ထိုးဖောက်လိုက်သည်။ ခြေ(၂)လှမ်းအတွင်း သူမက ပင်ကျင်းကို ရောက်လာခဲ့လေ၏။
ရေခဲတံခါး၏ နောက်ဖက်တွင်…
ဆံပင်မွေးလေးက အောက်ဘက်သို့ ဆက်လက်လွင့်မျောသွားပြီး မည်သူမျှသတိမထားမိသော အမှောင်ထဲတွင် ရောက်ရှိသွားခဲ့သည်။ ထိုအရာက တခြားလူမဟုတ်ဘဲ မုန့်ချီဖြစ်၏။
အကြီးအသေးအလံ၏ အကူအညီ၊ ဘိုးဘေးလင်းပေါင်၏ တာအို(၃)သွယ်အစွမ်း၏ လမ်းညွှန်မှုကြောင့် သူ၏ကိုယ်ပွားက အသွေးအသားခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ထို့နောက် သူက ဆံပင်မွေးတစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီး ချောင်မိသားစု၏ တားမြစ်နယ်မြေထဲသို့ ဝင်ရောက်လာနိုင်ခဲ့၏။
အပေါ်ကို မော့ကြည့်လိုက်သည့်အချိန်တွင် အလွန်ကြီးမားသော ရေခဲတုံးကြီးတွင် တူးဖော်ထားသော လမ်းကြောင်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုလမ်းကြောင်းက အောက်ဘက်သို့ ဦးတည်နေခြင်းဖြစ်၏။ ဘေး(၂)ဖက်ကတော့ ရေခဲအလွှာ၏ အတွင်းပိုင်းထဲတွင် ဖြစ်သည်။ သူတို့ထဲတွင်တော့ အရိပ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့၏။
သူတို့အားလုံးက ဆန်းကြယ်ရေခဲစွမ်းအားကို လေ့ကျင့်ရန် ဤနေရာမှ အထောက်အပံ့ယူနေရသော ချောင်မိသားစုမှ တပည့်များဖြစ်ကြသည်။ မုန့်ချီက ဘိုးဘေးလင်းပေါင်ဆီမှ ယူလာခဲ့သော နောက်ဆုံးပစ္စည်းကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။
ထိုအရာက အာရုံပျံ့လွင့်ခြင်း အဆောင်ဖြစ်၏။ ထိုအဆောင်က သူ့ကို ဖုံးကွယ်ပေးထားနိုင်ပြီး သူ၏အငွေ့အသက်များကို ဖယ်ရှားပေးနိုင်သည်။ ထို့ကြောင့် သူက လမ်းကြောင်းထဲတွင် ပွင့်ပွင့်လင်းလင်း လမ်းလျှောက်နိုင်ခဲ့၏။
တခြားတစ်ဖက်တွင်တော့ ကျင်းကျန်းမှ နတ်ဆရာများကို ရှာဖွေတွေ့ရှိသွားသည့်အတွက် ဘိုးဘေးလင်းပေါင်က အင်မော်တယ်များ၏ ဝင်ပေါက်ဆီကို အလျင်အမြန် ပြန်ရောက်လာခဲ့သည်။ သူက ပြင်ဆင်ထားသော ပစ္စည်းပေါင်းများစွာကို လဲလှယ်လိုက်၏။
………….
ချောင်မိသားစုစံအိမ်ထဲတွင် …
အရူးမင်းသားကောင်းလန်နှင့် မကောင်းဆိုးဝါးသခင်ဟန်ကွမ်းတို့က မျက်နှာချင်းဆိုင် ထိုင်နေကြ၏။ တစ်ယောက်က အေးစက်ပြီး တစ်ယောက်က တည်ငြိမ်သည်။ ယခင်မျိုးဆက်၏ တက်ကြယ်(၂)ယောက်က နောက်ဆုံးတွင်တော့ ပထမဆုံးအကြိမ် တွေ့ဆုံကြရ၏။
ချောင်မိသားစုမှ အဖွဲ့သားများက သူ့ကိုစိုက်ကြည့်နေကြောင်း သတိထားမိသည့်အခါ ဟန်ကွမ်းက ပြုံးပြလိုက်သည်။
"ငါတို့က လှုပ်ရှားလိုက်ပြီဆိုတာနဲ့ အပြင်ဘက်မှာရှိတဲ့ တစ်ယောက်ကို မသတ်နိုင်ဘူးဆိုရင် ဒီကိစ္စက သေချာပေါက်ပေါ်သွားလိမ့်မယ်။ မင်းတို့အတွက်တော့ ကပ်ဆိုးကြီးတစ်ခု ကျရောက်လာနိုင်ပြီး ချောင်မိသားစုက လူတိုင်းရဲ့ပစ်မှတ် ဖြစ်လာလိမ့်မယ်။ မင်းတို့မိသားစုက ဓမ္မကာရအဆင့်ပညာရှင်တစ်ယောက်ကိုတောင် မတားဆီးနိုင်ဘူးလား ..."
ကောင်းလန်က ခံစားချက်ကင်းမဲ့သော အမူအရာနှင့် ပြောလိုက်သည်။ သူ့လက်ထဲတွင်တော့ အနက်ရောင်သားရေဓားအိမ်နှင့် ထည့်ထားသော ဓားရှည်တစ်လက် ကိုင်ထားသည်။
"ငါက ကျင်းကျန်း နတ်ဆရာတွေကို ဖယ်ရှားလိုက်တယ်..။ ထိပ်တန်းအထက်တန်းလွှာ မိသားစုတစ်ခုဆီမှာ ထင်မြင်ချက်မရှိ သက်သေမရှိဘူးလို့ ဘယ်သူကရော ယုံကြည်မှာလဲ။ ဆွေးနွေးခြင်းက မပြည့်စုံသေးဘူး။ အခွင့်အရေးကလည်း အခုထိပေါ်မလာသေးဘူး။ တကယ်လို့ ပေါ်သွားမယ်ဆိုရင် ဘာမှအကျိုးမရှိဘဲ ထိခိုက်မှုပဲ ရှိလိမ့်မယ် ... "
ချောင်မိသားစုခေါင်းဆောင်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်…"
သူက နတ်ဘုရားလက်နက်ကို ကိုင်ထားပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့၏။ ထိုအရာက ဓမ္မကာရအဆင့် ပညာရှင်(၂)ယောက်အပေါ် သူ၏ အကြွင်းမဲ့ယုံကြည်မှုကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။
ထိုအချိန်တွင် မိုးကြိုးများက လှုပ်ရှားလာပြီး ကောင်းကင်ကြီးက လျှပ်စီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။ လှိုင်းလုံးတစ်ခုချင်းဆီက တစ်ခုထက်တစ်ခုပို၍မြင့်မားလာခဲ့သည်။ ထိုအရာက ချောင်ရှန်းကျိကို ကူညီပေးလိုက်ပြီး ဝင်္ကပါက ဘိုးဘေးလင်းပေါင်၏ တိုက်ခိုက်မှုများကို ခုခံနေခဲ့သည်။
"တော်တော်အံ့သြဖို့ကောင်းတာပဲ။ မင်းတို့က ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိတယ်။ ငါတို့(၂)ယောက်နဲ့ မြေအင်မော်တယ်ရဲ့ခန္ဓာကိုယ်၊ နတ်ဘုရားလက်နက်တွေ ပြီးတော့ ဒီဝင်္ကပါရှိနေမယ်ဆိုရင် ငါတို့က ဘိုးဘေးလင်းပေါင်ကို သတ်ဖို့ အခွင့်အရေးကောင်းရှိနေတယ် ..."
"သန့်စင်နေမင်းဂိုဏ်းက ချုံဟယ်ရော မဖြစ်နိုင်ဘူးလား…"
ဟန်ကွမ်းက အပြုံးနှင့် ပြောလိုက်၏။
ကောင်းလန်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
"ကြိုတင်ပြင်ဆင်မှုတွေက မပြီးသေးဘူး .။ တကယ်လို့ မင်းက လောကကြီးကို အုပ်စိုးချင်တယ်ဆိုရင် အသေးအဖွဲ့ အကျိုးအမြတ်လေးတွေအတွက် ကြီးကြီးမားမားတွေ စွန့်လွှတ်ရတာ မထိုက်တန်ဘူး…"
………………
ထောင့်နေရာသို့ ရောက်သည့်အချိန်တွင် အပြာရောင်ရေခဲများဆီမှ စီးလာသော အအေးဓာတ်ကြောင့် တဖြည်းဖြည်း ပို၍ဆိုးရွားလာခဲ့သည်။ အာရုံပျံ့လွင့်ခြင်းအဆောင်နှင့်အတူ မုန့်ချီက ရေခဲမျက်လုံး၏အတွင်းပိုင်းထဲကို အလွယ်တကူ ဝင်လာနိုင်ခဲ့၏။
ထိုနေရာတွင် မြူခိုးများ လွှမ်းခြုံနေပြီး ရေခဲအပိုင်းအစများထဲမှ ဝင်္ကပါတစ်ခု ထွက်လာနေခဲ့သည်။ သူက အတွင်းပိုင်းတွင် ကာကွယ်ထားသော မှော်အစွမ်းကို ခံစားမိသည့်အချိန်တွင် ရှေ့ဆက်လျှောက်သွားမည်ဆိုလျှင်လည်း အဆောင်က အသုံးမဝင်တော့ကြောင်း သတိထားမိခဲ့သည်။
သူက ထိုအရာကို စဉ်းစားလိုက်ပြီးနောက် ဆန်းကြယ်ရေခဲစွမ်းအား လေ့ကျင့်နေသော ချောင်မိသားစုမှ တခြားဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်အဖြစ် ပြောင်းလဲလိုက်သည်။ ထိုအရာက လွန်ခဲ့သော ရက်အနည်းငယ်ကမှ မိသားစုတွင် စောင့်ကြည့်ရွေးချယ်ခဲ့သော လူတစ်ယောက်လည်းဖြစ်သည်။
သူက ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် ရေခဲမြူခိုးများအလယ်တွင် လူရိပ်တစ်ခု ရပ်နေကြောင်း မြင်လိုက်ရသည်။ ထိုနေရာတွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော ရေခဲဝိညာဉ်အငွေ့အသက်များ ရောယှက်နေခဲ့၏။ ထိုအရာက ဤနေရာတွင် လေ့ကျင့်နေသော ပြိုင်ဘက်ကင်းပညာရှင် တစ်ယောက်ဖြစ်သည်။
"မင်းလည်း ဒီကိုရောက်လာပြီလား ချန်းရွှမ် ..."
ထိုပညာရှင်က သူ၏လေ့ကျင့်မှုကို စတင်လိုက်သည့်အချိန်တွင် အပြင်ဘက်ကမ္ဘာကြီးအပေါ် အလေးမထားတော့ပေ။ ထို့ပြင် မိသားစုထဲမှ ဝေ့ကျင်းအဆင့် ပညာရှင်ပေါင်းများစွာက တားမြစ်နယ်မြေထဲတွင် ဝင်လိုက်ထွက်လိုက် သွားလာနေသည့်အတွက် မည်သူကရော သူတို့ကိုခြေရာခံနိုင်မည်နည်း။
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
"အပြင်ဘက်မှာ လှုပ်ရှားမှုတွေ ရှိနေတယ် ထင်တယ် .။ ငါက သူတို့ကို သိပ်ပြီးတော့ ဘဝင်မကျဘူး။ ဒါကြောင့် ငါက လမ်းလျှောက်ကြည့်နေတာ ... "
ထိုပညာရှင်က မုန့်ချီ၏စကားကို သံသယဝင်နေခဲ့ခြင်း မရှိချေ။ သူကိုယ်တိုင်လည်း အစောပိုင်းတွင် မြေအင်မော်တယ်၏ခန္ဓာကိုယ်ဆီမှ ထွက်လာသော လှုပ်ရှားမှုကို သတိထားမိခဲ့သည်။ သူက မုန့်ချီနှင့် စကားအနည်းငယ်ပြောဆိုပြီးနောက် မုန့်ချီက ချောင်အာကို မေးမြန်းစရာရှိသည်ဆိုကာ ထွက်လာခဲ့သည်။
သူက ရေခဲမျက်လုံးဆီသို့ စတင်၍ လျှောက်လာခဲ့၏။ လမ်းတစ်လျှောက်တွင် အပြာရောင်ရေခဲစီးဆင်းမှုက တဖြည်းဖြည်း ပို၍ပြင်းထန်လာခဲ့သည်။ မုန့်ချီက ချီစွမ်းအင်ပြောင်းလဲမှုတစ်ခုကိုလည်း သတိထားမိခဲ့ပြီး ရေခဲမျက်လုံး၏ ဆန့်ကျင်ဘက်ဆီကို လျှောက်သွားခဲ့သည်။
ရေခဲနံရံပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ပြီးနောက် သူက အပြာရောင်ရေကန်တစ်ခုကို ရောက်လာခဲ့သည်။ အတွင်းဘက်တွင် ရှိနေသော ရေများက အေးခဲသွားရလောက်သည်အထိ အေးစက်နေခြင်း မရှိချေ။ ထိုအရာကတော့ နှင်းရေခဲအဆီအနှစ်ဖြစ်ပြီး အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်ကိုသန့်စင်ရန် အသုံးပြုရသည့် ဆေးအမယ်တစ်ခုလည်းဖြစ်သည်။
လေထဲတွင် တဖျောက်ဖျောက်မြည်သံများ ကြားနေရပြီး နှင်းရေခဲအဆီအနှစ်က ရေကန်၏အောက်ခြေတွင် ဖြစ်ပေါ်လာနေခဲ့သည်။ မုန့်ချီက ကျန်းဝူအင်ပါယာ၏ လက်တံဆိပ်ကို ဖန်တီးလိုက်ပြီး သူ့ကိုယ်သူ အလင်းတန်းအဖြစ် ပြောင်းလဲ၍ ရေကန်ထဲကို ခုန်ဝင်သွားခဲ့၏။
"ဗုန်း…"
သူ၏ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာကြီးက ပြောင်းလဲသွားသည့်အချိန်တွင် မုန့်ချီကတော့ မျက်နှာပြင်အလွှာပေါင်းများစွာကို ဖြတ်ကျော်လာရသလို ခံစားလိုက်ရသည်။ သူ လှုပ်ရှားနေသည့်အချိန်တွင် ရေများက သူ၏ရင်ဘတ်ဆီသို့ ရောက်လာခဲ့၏။
သူ၏မျက်စိရှေ့တွင် နန်းတော်ခန်းမများကလည်း တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ လေထဲတွင်တော့ အေးစက်သော လမင်းကြီးတစ်ခု ရှိနေခဲ့၏။ သူ၏မျက်လုံးထဲတွင်တော့ အဆုံးအစမဲ့ စကြဝဠာကြီးကိုသာ မြင်နေရသည်။ ထိုနေရာက သီးသန့်နယ်မြေတစ်ခု ဖြစ်ပုံရ၏။
ပတ်ပတ်လည်ကို လှည့်ကြည့်နေရင်း မုန့်ချီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။ ပျက်စီးနေသော နံရံများနှင့် တိုင်လုံးများက နေရာအနှံ့ ပြန့်ကျဲနေပြီး တစ်စုံတစ်ယောက်က ဖျက်ဆီးထားသလို ထင်မှတ်ရသည်။ အလယ်တွင် ရှိနေသော အနက်ရောင်ခန်းမကြီးကသာ လှုပ်ရှားနေသော ရေလှိုင်းများ၏ အပေါ်ဘက်တွင် အကောင်းအတိုင်း ရှိနေခဲ့၏။
"တစ်ယောက်ယောက်က ဒီနေရာကို ရောက်လာခဲ့ပေမယ့် ကျန်းဝူအင်ပါယာ ချန်ထားခဲ့တဲ့ ရတနာသိုက်တံဆိပ်ကို ဖျက်စီးဖို့ မအောင်မြင်ခဲ့တာလား ..."
မုန့်ချီက ရုတ်တရက် တွေးလိုက်မိသည်။
………….
ရေခဲမျက်လုံး၏အနားတွင်…
ချောင်အာက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး ခရမ်းလျှပ်စီးကြောင်းမြေအင်မော်တယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ဆက်လက်လေ့လာနေခဲ့၏။ ရုတ်တရက်ဆိုသလို သူမက အလွန်ထူးဆန်းသော ခံစားမှုတစ်ခု ခံစားမိခဲ့ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူမ မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူမ၏စိတ်ဝိညာဉ်က လှုပ်ရှားသွားခဲ့သလို ခံစားလိုက်ရ၏။ သူမ၏ရှေ့တွင် ရှိနေသော မြေအင်မော်တယ်ခန္ဓာကိုယ်ကလည်း မျက်လုံးပွင့်လာခဲ့သည်။ ထိုမျက်လုံးတစ်စုံဆီမှ လျှပ်စီးကြောင်း(၂)ခု ထွက်ပေါ်လာလေ၏။
Translated by Hein Htet.