အခန်း (၈၀၈)
Vol. 55 Ch. 808
ဝေါင်း ဝေါင်း …
သံမဏိအရိုးတောင် အတွင်းပိုင်းမှာတော့ ကြမ်းတမ်းလှသည့် သားရဲအော်သံများ ထွက်ပေါ်လျက်ရှိ၏။ တောင်၏ ထိပ်တည်နေရာတွင် မတ်တပ်ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် ခြင်္သေ့များ၊ ကျားများ၊ ကျားသစ်များ၊ ဝံပုလွေများကို စီးနင်းထားသည့် တပည့်များကို မြင်ရချိန်မှာတော့ သဘောကျလျက်ရှိသည်။
“ဂိုဏ်းချုပ်”
ရွှဲရမ်ကွေ့က ပြောလိုက်သည်။ “ခြင်္သေ့နဲ့ ကျားတပ်က သတ်ဖြတ်ဖို့အတွက်ပဲ၊ ကျားသစ်နဲ့ ဝံပုလွေတပ် ကတော့ အလစ်ငိုက် တိုက်ခိုက်ဖို့ပဲ”
တောက်ယွမ် သည် အားကောင်းလွန်းသည့် သားရဲများ၏ အမူအကျင့်အရ တပ်များ၏ တိုက်ခိုက်မှုအခြေအနေကို ပြုပြင်ပြောင်းလဲကာ လေ့ကျင့်ပေးလျက်ရှိသည်။ ခြင်္သေ့နှင့်ကျားများသည် အားအင်အဆင့်၌ အားကောင်းလွန်းလှ၏။ ထို့ကြောင့် အဓိက တိုက်ခိုက်မှုတွင် ပိုမို၍ အားကောင်းသည်။ ကျားသစ်နှင့် ဝံပုလွေများမှာတော့ အမြန်နှုန်းကို ပို၍ ဦးစားပေးကြ သည်။ ထို့ကြောင့် အလစ်ချောင်း ဝင်ရောက်တိုက်ခိုက်ချိန်တွင် ပိုမိုကာ အားသာကြ၏။
ဟုတ်ပေသည်။ သားရဲစီးဟောခန်းတွင် အဖွဲ့ဝင်မှာ ငါးထောင်မှ ခြောက်ထောင်နီးပါးခန့်ပင် ရှိသေး၏။ ထို့ကြောင့် အလုံးစုံသော အားအင်အဆင့်သည် နည်းပါးသေးသည်ဟု ဆိုရမည်။
“အနာဂတ်မှာ ဒီဟောခန်းကြီးကို ပိုပြီးအားကောင်းပြီး ကြီးမားအောင်ပြုလုပ်ဖို့ဆိုရင် ခင်ဗျားနဲ့ တောက်ယွမ်တို့ အပေါ်မှာ မူတည်လိမ့်မယ်” ကျွင်းချောင်ရှောင်းက သတိပေးလိုက်၏။
“ကောင်းပါပြီ”
ရွှဲရမ်ကွေ့နှင့် တောက်ယွမ်တို့သည် ပြိုင်တူဆိုသလိုပဲ ပြောဆိုလိုက်ကြတော့၏။ လူသားနှင့် သားရဲများ ရောနှောပေါင်းစပ်ထားသည် ဟောခန်းကြီးတစ်ခုကို တာဝန်ယူရသည်မှာ ၎င်းတို့အတွက် စမ်းသပ်မှု တစ်ခုပင်ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ အမိန့်ပေးနိုင်စွမ်းအားအင်ကို လောကကြီးတစ်ခုလုံးကို ပြသနိုင်မည့် အခွင့်အရေးပင်လည်း ဖြစ်တော့သည်။
စိတ်ဝိညာဉ်သားရဲဟောခန်း တည်ထောင်ပြီးသည့်နောက်မှာတော့ သားရဲစီးဟောခန်းသည်လည်း ပိုမိုကာ အားကောင်းခဲ့ပြီဖြစ်၏။
ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ပူစရာတစ်ခုကို သွား၍ သတိရမိ၏။ သားရဲပေါင်းငါးသိန်းကျော်တို့သည် သံမဏိအရိုးတောင်တွင် နေထိုင်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် များပြားလှသော တိရစ္ဆာန်အစားအစာဆေးလုံးများ လိုအပ်နေပြီဖြစ်သည်။ သူ့အနေနှင့် ကြိုတင်၍ မပြင်ထားဘူးဆိုပါက အချိန် အတော်ကြာ ထိန်းသိမ်းထားနိုင်ရန်အတွက် ခက်ခဲလှပေလိမ့်မည်။
“ဒီတော့”
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ အလယ်အလတ်အဆင့် တိရစ္ဆာန်အစားအစာဆေးလုံးကို ရှာဖွေဖို့အတွက် စဉ်းစားသင့်ပြီလေ၊ ဒါမှမဟုတ် အဆင့်မြင့် တိရိစ္ဆာန်အစားအစာဆေးလုံးဖော်မြူလာဆိုရင်လည်း ဟုတ်တယ်”
သူ့အနေနှင့် ဤသို့သောအရာကို မည်သည့်နေရာတွင် သွား၍ ရှာဖွေရမည်နည်း။ စတိုးကို Refresh လုပ်ခြင်းအဖြစ်သာရရှိပေလိမ့်မည်။
စနစ်သည် သူ့အား ဂိုဏ်းစုဆောင်းမှတ်များ အသုံးပြုရန် သွေးဆောင်နေခြင်းဖြစ်ကြောင်း သူကောင်းကောင်းသိ၏။ သို့ပေမဲ့ အလယ်အလတ်အဆင့် တိရစ္ဆာန်အစားအစာဆေးလုံးနှင့် ပို၍မြင့်မားသော တိရစ္ဆာန်ဆေးလုံးများကို ရရှိရန်အတွက်ဆိုလျှင် သူသည် စနစ်ကို Refresh လုပ်မှ ဖြစ်ပေလိမ့်မည်။ ထိုမှသာလျှင် သားရဲပေါင်းငါးသိန်းကျော်တို့အတွက် အစားအသောက်ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်ပေလိမ့်မည်။
“လာခဲ့”
ရေမိုးချိုး၊ အမွှေးတိုင်ထွန်းပြီးသည့်နောက်မှာတော့ သူသည် စာကြည့်ခန်းထဲသို့ ဝင်လိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ အလယ်အလတ်အဆင့်စတိုးအား ဖွင့်လှစ်လိုက်၏။
“ကံကောင်းပါစေ” စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို ပွတ်သပ်ပြီးသည့်နောက်မှာတော့ ဂိုဏ်းစုဆောင်းမှတ်တစ်ရာကို အသုံးပြု၍ Refresh ပြုလုပ်လိုက်တော့သည်။ ပစ္စည်းအသစ်များ ပေါ်ပေါက်လာပြီးသည့်နောက်မှာ သူ၏မျက်နှာ ပေါ်တွင် ဝမ်းနည်းဆွေးမြေ့သည့် အမူအရာများ ပေါ်ပေါက်လာတော့၏။ အသုံးဝင်သည့်အရာသည် တစ်ခုမှ မရှိ လှချေ။ ထို့ကြောင့် မှော်စွမ်းအင်ဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးကို ဝယ်ယူလိုက်ပြီး ထပ်မံကာ Refresh လုပ်လိုက်တော့သည်။
“ဒင်... ဒင်”
Refresh လုပ်သံများသည် ထပ်တလဲလဲ ထွက်ပေါ်လာပြီး သူသည် ဂိုဏ်းစုဆောင်းမှတ်များကိုလည်း ထပ်တလဲလဲ အသုံးပြုနေရတော့၏။
သူ၏ ဂိုဏ်းစုဆောင်းမှတ်များသည် တဖြည်းဖြည်းလျော့နည်းလာပြီးသည့်နောက်မှာတော့ နှစ်သောင်းရှစ်ထောင် မှသည် တစ်သောင်းခွဲအထိသို့ပင် ရောက်ရှိသွား၏။ နောက်ဆုံးမှာတော့ သူသည် အလယ် အလတ်အဆင့် တိရစ္ဆာန်အစားအစာ ဖော်မြူလာအား ရရှိခဲ့၏။ သူသည် ထိုအရာကို ရရှိရန်အတွက် ဂိုဏ်းစုဆောင်း မှတ် တစ်သောင်းခွဲနီးပါးကို အသုံးပြုခဲ့ရ၏။ ထို့ပြင် မလိုအပ်သော နေ့စဉ်သုံးပစ္စည်းများကို ဝယ်ယူခဲ့ရ၏။
ထိုအထဲတွင် သိုင်းနည်းစနစ်အနည်းငယ်လည်း ပါဝင်နေ၏။ ၎င်းတို့၏အဆင့်သည် ကောင်းကင်နီဓားကွက်လောက် အဆင့်မမြင့်မားဘူးဆိုသော်လည်း ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ် စာကြည့်ခန်းထဲတွင် ထားရှိရန် အတွက်တော့ လုံ့လောက်သည့်အရာမျိုး ဖြစ်ပေလိမ့်မည်။ လုံလောက်သည်ဆိုသည်မှာ အရေအတွက်အရ လုံလောက်သည်ကို ဆိုလိုခြင်းဖြစ်သည်။ အစစ်အမှန် လေ့ကျင့်နေစရာတော့ မလိုအပ်ချေ။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံလက်ရန်ပေါ် အသာလက်တင်ကာဖြင့် ပြောလိုက်မိ၏။ “ကံတရားတန်ဖိုးတွေ ပိုပြီးတော့များလာတော့လည်း ဘာသုံးလို့ရမှာလဲ”
စနစ်က ပြောလိုက်သည်။ “ကံတရားတန်ဖိုးဆိုတာ ရရှိလာနိုင်တဲ့ အရင်းအမြစ်တွေ ပိုပြီးများလာတာကို ဆိုလို တာလေ၊ ဒီသိုင်းအရင်းအမြစ်တွေက အဓိကပေါ့၊ အလယ်အလတ်အဆင့် တိရစ္ဆာန်အစားအစာဖော်မြူလာ ဆိုတာက ကံတရားတန်ဖိုးနဲ့ ဘာမှ မသက်ဆိုင်တဲ့အရာပဲလေ၊ လက်ခံသူအနေနဲ့ ဒါကိုရတယ်ဆိုတာ မဆိုးဘူးလို့ ပြောရမယ်”
“ ...........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွား၏။ ဤကဲ့သို့သာ စောစောစီးစီးသိမည်ဆိုပါက သူသည် အဆင့်မြင့်စတိုးဆီ သို့သာ သွားပေလိမ့်မည်။ ထိုအထဲတွင် ပိုမိုအဆင့်မြင့်မားသော ပစ္စည်းများ ရရှိနိုင်စွမ်းရှိ၏။
စနစ်က ပြောလိုက်သည်။ “အဆင့်မြင့်စတိုးထဲမှာရှိတဲ့ ပစ္စည်းတွေ တော်တော်များများက သိုင်းနည်းစနစ်တွေနဲ့ ပတ်သက်နေတာလေ၊ ဒီတော့ တိရစ္ဆာန်အစားအစာ ဆေးလုံးဖော်မြူလာနဲ့ပတ်သက်ပြီးတော့ ဘာတစ်ခုမှ မရှိနိုင် ဘူးလို့ ထင်တယ်”
.......................
မည်သို့မျှ မတတ်နိုင်သည့်အခြေအနေဖြစ်နေသောကြောင့် သူသည် ဂိုဏ်းစုဆောင်းမှတ်များကိုသုံး၍ အလယ် အလတ်အဆင့်တိရစ္ဆာန်အစားအစာဆေးလုံးဖော်မြူလာ ရရှိခဲ့သည်မှာ ကံကောင်းခြင်းဖြစ်သည်ဟု တွေးတော လိုက်မိ၏။ ဤဖော်မြူသာသည် စိတ်ဝိညာဉ်သားရဲဟောခန်းနှင့် အလိုအလျောက် လိုက်ဖက်ညီသွားတော့၏။ သူသည် အလယ်အလတ်အဆင့် သားရဲဆေးလုံးကို နှိပ်ကြည့်လိုက်၏။
“ပစ္စည်းအမျိုးအစား - အလယ်အလတ်အဆင့် သားရဲဆေးလုံး
အကျိုးသက်ရောက်မှု - သားရဲတစ်ကောင်သည် ဤအရာကို စားသုံးမည်ဆိုပါက စွမ်းအင်များ ပြန်လည်ရရှိပေ လိမ့်မည်။ ထို့အပြင် ရက်ငါးဆယ်တိတိ ဆာလောင်မှု ကင်းမဲ့ပေလိမ့်မည်၊ သားရဲများ၏ အမြန်နှုန်းနှင့် စိတ်ဝိညာဉ် စွမ်းအင်စုပ်ယူမှုမြန်ဆန်နှုန်းကလည်း ပို၍ တိုးတက်လာပေလိမ့်မည်
လိုအပ်ချက် - ... သားရဲအသား (...) ဂျင်၊ ဆာလောင်မြက် (...) ဂျင်”
ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်မိ၏။ “ဒါလေးပဲ လိုတာလား၊ မဆိုးဘူးပဲ၊ ဒါလေး နည်းနည်းလေး တိုးလိုက်တာနဲ့ သားရဲတွေရဲ့ စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်မှုကလည်း တိုးလာတယ်၊ အဆင့်နိမ့် တိရစ္ဆာန်အစားအစာဆေးလုံးထက် ပိုပြီးကောင်းတယ်”
စနစ်က ပြောလိုက်သည်။ “လက်ခံသူက သားရဲပေါင်းငါးသိန်းကျော်အတွက် လိုအပ်တဲ့အစားအစာပြဿနာကို ပူပန်စရာမလိုတော့ဘူး၊ ဒါ့အပြင် ဈေးနှုန်းမြင့်မြင့်မားမားနဲ့ ဒီဆေးလုံးတွေကို တခြားမှာ ပြန်ရောင်းလို့ရသေးတယ်၊ ဂိုဏ်းစုဆောင်းမှတ်တွေ အသုံးပြုခဲ့ရတယ်ဆိုတာ ဆုံးရှုံးမှု မဟုတ်ပါဘူး”
ဟား ဟား ဟား ဟား
ကျွင်းချောင်ရှောင်း ရယ်မောလိုက်၏။ သူ၏စိတ်ထဲတွင်ရှိနေသော စိတ်ဓာတ်ကျမှုများသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။ အလယ်အလတ်အဆင့် တိရိစ္ဆာန်ဆေးလုံးသည် ပိုမို၍ အားကောင်းနေ၏။ ထို့အပြင် အသုံးပြုရသည့် ကုန်ကြမ်းမှာလည်း များများစားစား မရှိလှချေ။ သန့်စင်ရသည့်အချိန်ကလည်း သိပ်မကြာလှချေ။ ထို့ကြောင့် တစ်စက္ကန့်လောက် သန့်စင်လိုက်မည်ဆိုပါက ဆေးလုံးပေါင်း မြောက်များစွာ ရရှိပေလိမ့်မည်။ သူ့တွင် လုံလောက်သည့်ကုန်ကြမ်းပစ္စည်းများရှိပါက တစ်ညအတွင်း ဆေးလုံးပေါင်းတစ်သန်းအထိ သန့်စင်ရန်အတွက် အခက်အခဲမရှိချေ။
“ဟောခန်းသခင်လီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဝယ်တော်ခန်းမကို အမိန့်ပေးပြီးတော့ အဓိက မြို့ကြီးတွေမှာရှိတဲ့ ဆာလောင်မြက်နဲ့ အသားတွေကို ဝယ်ယူဖို့အမိန့်ပေးလိုက်တော့၊ များလေကောင်းလေပဲ”
“ကောင်းပါပြီ”
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များအားလုံးကိုလည်း တောထဲသို့ဝင်၍ ကြမ်းတမ်းလှသည့် သားရဲရိုင်းများ ကို ရှင်းလင်းပစ်ရန် မှာကြားခဲ့၏။ ပုံမှန်လေ့ကျင့်ချိန်တွင် အရေခွံနှင့် အရိုးကိုသာယူခဲ့သော်လည်း လက်ရှိအချိန် မှာတော့ အသားကိုပါ ရယူခဲ့ရန် မှာကြားခဲ့၏။
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်သည်။ “တောင်ထဲမှာက သားရဲရိုင်းတွေ အများကြီး ရှိတယ်လေ၊ ဒါပေမဲ့ အရမ်းအများကြီးတော့ မကျန်တော့ဘူး၊ ဒီတော့ အသားတွေက ရှာဖွေရ ခက်သွားလိမ့်မယ်”
“ဒါကတော့ အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “သူတို့ဆီကနေပြီးတော့ အသားနှစ်ဂျင်လောက် လှီးဖြတ်နိုင်မယ်ဆိုရင် ပြန်ပြီးကောင်းမွန်လာလိမ့်မယ်”
“ချီးတဲ့မှ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူက သူတို့အသားကိုလှီးပြီးတော့ သူတို့ကို ပြန်ကျွေးဖို့ စီစဉ်နေတာ လား”
...............
“ဘာ”
ခရမ်းရောင်ဘုရင်သည် မတ်တပ်ထရပ်ကာ မျက်လုံးအပြူးသားဖြင့် ပြောလိုက်၏။ “ကျုပ်ရဲ့သားရဲတွေ ဆီက အသားကိုလှီးဖြတ်ချင်တယ် ဟုတ်လား”
“မများပါဘူး၊ နှစ်ဂျင်လောက်ပါပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ခရမ်းရောင်ဘုရင်၏နှုတ်ခမ်းများသည် တုန်ယင်သွား၏။ အသားနှစ်ဂျင်ကို လှီးဖြတ်ရခြင်းသည် သေဆုံးသွားရမည့် ကိစ္စမျိုးမဟုတ်ပေ။ သို့ပေမဲ့ ကျိန်းသေပေါက် နာကျင်ရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “သူတို့စားဖို့အတွက် သူတို့အသားကို လှီးတာပဲလေ”
“ဟမ်... ဘာကိုဆိုလိုတာလဲ” ခရမ်းရောင်ဘုရင်က မေးလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “အသားတွေက အခုချိန်မှာ လွယ်လွယ်ကူကူ မရတော့ဘူးလေ၊ ဒီတော့ အသားတွေကို နည်းနည်းလှီးဖြတ်လိုက်ပြီး မြန်မြန်ဆန်ဆန် ပြန်လည်ရနိုင်မယ့် သားရဲမျိုးဆီက အသားမျိုး ရမယ်ဆိုရင် အကောင်းဆုံးပေါ့”
“ခင်ဗျား ဘယ်သူ့ကို အရူးလုပ်နေတာလဲ” ခရမ်းရောင်ဘုရင်သည် လူသားတစ်ယောက်မဟုတ်ပေ။ သို့ပေမဲ့ လူသားများ၏ လုပ်ဆောင်တတ်မှု ပုံစံအကြောင်းကို ကောင်းကောင်းနားလည်နေ၏။
“ခင်ဗျား ကျုပ်ကို မယုံဘူးလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် အကြီးအကဲညိုကို ဆင့်ခေါ်လိုက်၊ သူ့ဆီကနေ အသားနှစ်ဂျင်လောက် လှီးလိုက်မယ်၊ သူလည်း အဲ့အသားတွေကို မြန်မြန်ဆန်ဆန် ပြန်ပြီးဖြစ်တည်လာမှာပဲ၊ ဒါပေမဲ့ သူပြန်ပြီးရမယ့် သားရဲဆေးလုံးကတော့ ဘယ်လောက်ထိ ပြောင်းလဲမှုရှိလဲ ဆိုတာ ကြည့်ရမယ်”
သူလေးလေးနက်နက် ပြောနေသည်ကိုမြင်တော့ ခရမ်းရောင်ဘုရင်သည် နဝေတိမ်တောင်နဲ့ ထွက်ခွာသွားပြီး သည့်နောက်မှာတော့ သူ၏ ညာလက်ရုံးကို လှမ်းခေါ်လိုက်သည်။
“ဟမ်”
အကြီးအကဲညိုသည် ဆွံ့အသွားသည်။ “အသားကိုလှီးမှာ ဟုတ်လား”
“ပေါက်ကရတွေ မပြောနဲ့တော့၊ မြန်မြန်လုပ်”
“ကောင်းပါပြီ”
အကြီးအကဲညိုသည် စိတ်ဝိညာဉ်သားရဲဟောခန်းဆီမှ ထွက်ခွာသွားပြီးနောက် သူ၏ မူရင်းခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ဟူး ဟူး
တောင်တစ်ခုနီးပါးခန့် ကြီးမားလှသော နွားထီးကြီးတစ်ကောင်သည် ကွင်းပြင်ကြီးထဲတွင် ပေါ်လာတော့သည်။ ဤအရာသည် (တောင်ဖယ်ရှားခြင်း) စိတ်ဝိညာဉ်နွားထီးကြီးဖြစ်သည်။ ထူးခြားလှသည့် သားရဲမျိုးဆက်မျိုး မဟုတ်သော်လည်း အလွန်တရာအားကောင်းလှ၏။ အထူးသဖြင့် ၎င်း၏ အသားသည် လတ်ဆတ်ပြီးတော့ နူးညံ့ လှ၏။ ချက်ပြုတ်စားလျှင် အလွန်ကောင်းမွန်လှသည့် သားရဲမျိုးပင်ဖြစ်၏။
“ခေါင်းကနေ ခြေထောက်အထိ ကြည့်မယ်ဆိုရင် အနည်းဆုံးအသားက ဂျင်နှစ်သောင်းလောက်ရှိမယ်၊ ဒီလောက်ထဲ ကမှ နှစ်ဂျင်လောက်ကို လှီးဖြတ်တယ်ဆိုတာ ဘာမှ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းလာပြီးသည့်နောက် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ဆင့်ခေါ်လိုက်သည်။
ဝှစ် ဝှစ်
ဓားသွားသည် လေထုထဲတွင် ပေါ်လာပြီးသည့်နောက် နေရောင်နှင့်အတူ တလက်လက် တောက်ပနေတော့သည်။ ကျွင်းချောင်ရှောင်းသည် ဓားမော့ကြီးကို ကိုင်ကာဖြင့် ပြောလိုက်၏။ “အကြီးအကဲညို... ကျုပ်ဓားက အရမ်းထက် တယ်၊ အသားကို လှီးတယ်ဆိုတာက ပန်းသီးအခွံခွာသလိုပဲ အသားလေး လှီးလိုက်မှာ၊ အဲတော့ စိတ်ကို လျော့ထား၊ ဘာခံစားမှုကိုမှ ရမှာမဟုတ်ဘူး”
.........
အကြီးအကဲညို၏ နဖူးတွင်တော့ ချွေးစီးများပင် ပြန်လာမိ၏။
ဝှစ် ဝှစ်
ဓားသွားသည် အသာလှုပ်ရှားသွားပြီးသည့်နောက် အကြီးအကဲညို၏ ကျောကုန်းအား အသာခုတ်ပိုင်းလိုက်၏။ အကြီးအကဲညိုသည် သူ၏အကာအကွယ်ကို အသက်မသွင်းထားသည်ဖြစ်သောကြောင့် အသားနှစ်ဂျင်တို့သည် ချက်ချင်းပဲ လှီးဖြတ်ခံလိုက်ရတော့သည်။
လီဖေးသည် ပုံးတစ်ခုကို ကောက်ယူ၍ အသားများကို အသာဖမ်းဆီးလိုက်၏။ စွန်းပုကုံးမှာတော့ ရှေ့သို့တိုးလာ ပြီးသည့်နောက် အကြီးအကဲညို၏ အနာပေါ်သို့ ရွှေဆေးများဖြူးကာဖြင့် သွေးရပ်သွားအောင် ပြုမူဆောင်ရွက် ပေးလိုက်၏။ ပြီးသည့်နောက်မှာ ပတ်တီးအသာလေး အုပ်ပေးလိုက်၏။
“နာလား”
“မနာဘူး”
သားရဲရိုင်းများသည် အရမ်းကို အားကောင်းလွန်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်၏။ တခြားသော အစွမ်းထက်သည့် လက္ခဏာမှာ မြန်မြန်ဆန်ဆန်ဖြင့် ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာခြင်းပင်ဖြစ်၏။ ထို့ကြောင့် တစ်ရက် အတွင်းမှာပဲ အကြီးအကဲညို၏ ခန္ဓာကိုယ်အတွင်းရှိ အသားနှစ်ဂျင်မှာ ပြန်လည်ကာ ပေါက်ရောက်လာတော့သည်။
“လာခဲ့”
ကျွင်းချောင်ရှောင်းသည် အလယ်အလတ် တိရစ္ဆာန်ဆေးလုံးအား အကြီးအကဲညို၏ ပါးစပ်ထဲသို့ လှမ်းပစ် ပေးကာ ပြောလိုက်၏။ “ဒါကိုစားကြည့်လိုက်”
ဂလု
အကြီးအကဲညိုသည် မျိုချလိုက်၏။ ဆေးစွမ်းသက်ရောက်မှုကို ခံစားလိုက်ပြီးသည့်နောက်မှာတော့ သူသည် စူးစိုက် ကြည့်ကာ ပြောလိုက်၏။ “ဘုရင်... လောကမှာရှိတဲ့ ဓာတ်သဘာဝတွေကို စုပ်ယူတဲ့ ကျုပ်ရဲ့အမြန်နှုန်းက အရင်ကထက် ပိုပြီးမြန်လာတာပဲ”
ဟုတ်ပေသည်။ ခရမ်းရောင်ဘုရင်သည် သူ၏ ညာလက်ရုံးတစ်ယောက် သူ့အားလိမ်ညာလိမ့်မည်ဟု ဘယ်တုန်းကမှ သံသယမဝင်ချေ။ ထို့ကြောင့် တွေးလိုက်မိ၏။ “ဒီလိုမျိုး အသားကိုလှီးဖြတ်ပြီး ရလာတဲ့ တိရစ္ဆာန်အစားအစာကို ပြန်ပြီးတော့စားတာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ တကယ်ကြီးပါလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားအခုယုံပြီလား”
ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “ဒါဆိုလို့ရှိရင် နည်းနည်းလောက် ထပ်ပြီး စမ်းကြည့်ရအောင်”
စိတ်ဝိညာဉ်သားရဲတော်တော်များများသည် ၎င်းတို့၏ မူရင်းပုံသဏ္ဍာန်များကို ပြောင်းလဲလိုက်ကြ၏။ ပြီးနောက် ၎င်းတို့ဆီမှ အသားများကို ကျွင်းချောင်ရှောင်းအား ပေးအပ်လျက်ရှိသည်။ အလယ်အလတ်အဆင့် တိရစ္ဆာန် အစားအစာဆေးလုံးကို သောက်သုံးပြီးသည့်နောက် ၎င်းတို့သည် စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူမှု အမြန်နှုန်း ပိုမိုကာ တိုးတက်လာကြတော့၏။ လက်ရှိအခြေအနေမှာတော့ ဤကဲ့သို့ ကုန်ကြမ်းမျိုးရှိသည်ကို ခရမ်းရောင် ဘုရင်သည် အလုံးစုံ ယုံကြည်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် တည့်တိုးပင် ပြောလိုက်၏။
“ခင်ဗျားအနေနဲ့ အသားတွေကို ကျုပ်ရဲ့သတ္တဝါတွေဆီက ကြိုက်သလောက်လှီးလို့ရတယ်၊ သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေ ပိုပြီးမြန်ဆန်လာမယ်ဆိုရင် အသားဂျင်အနည်းငယ်လောက်လှီးတာ ဘာပြဿနာမှ မရှိဘူး”
“အသားတွေ များများလှီးတာလဲ ဘာအကျိုးသက်ရောက်မှုမှ မရှိပါဘူး၊ ပြီးတော့ ဒီအစွမ်းသက်ရောက်မှုက ရက်ငါးဆယ်တောင်ခံတာလေ၊ အလျင်လိုစရာ မလိုပါဘူး”
“ကျုပ်သိပြီ”
ဤသို့နှင့်ပဲ ပြိုင်စံရှားဂိုဏ်းတပည့်များအားလုံးသည် တောင်ဆီသို့သွား၍ သတ်မှတ်ထားသည့်အချိန်ကာလ တစ်ခုတွင် သားရဲများဆီမှ အသားများကို လှီးဖြတ်ရသည့်တာဝန်ကို စတင်ရယူရတော့၏။