← Chapters

အခန်း (၈၀၉)

Vol. 55 Ch. 809

အခန်း (၈၀၉)

Vol. 55 Ch. 809

ကြမ်းတမ်းလှသော သားရဲရိုင်းများသည် သာမန်တိရစ္ဆာန်များထက် ပိုမို၍ အားကောင်းလှ၏။ ထို့ကြောင့် ၎င်းတို့ ခန္ဓာကိုယ်မှ အသားအနည်းငယ်ကိုမပြောနှင့် ကတ်တီဒါဇင်ပေါင်းများစွာကို ပိုင်းဖြတ်မည်ဆိုလျှင်တောင်မှ အဆင်ပြေနိုင်သေး၏။

ထို့ကြောင့်ပင် အလယ်အလတ်အဆင့် သားရဲဆေးလုံးဖန်တီးရန်အတွက် ကုန်ကြမ်းများသည် အဆင်ပြေသွားခဲ့ပြီဟု ဆိုရမည်။ ထို့အပြင် သားရဲရိုင်းများသည် ငါးသိန်းကျော်ရှိနေ၏။ ထို့ကြောင့် များများစားစား ထုတ်လုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ရောင်းချမှုအဖြစ်ပင် ဈေးကွက်ထဲသို့ ပို့ဆောင်နိုင်နေပြီဖြစ်သည်။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် အသားနှစ်ကတ်တီအားဖြင့် ကန့်သတ်ထားမည်မဟုတ်ချေ။ အလယ် အလတ်အဆင့်သားရဲဆေးလုံး၏ ကျေးဇူးကို ခံစားပြီးသည့်နောက်မှာတော့ လှီးဖြတ်နိုင်သည့် ပမာဏ တိုးမြှင့်လိုက်မည်ဆိုလျှင်လည်း မည်သည့် သားရဲကမှ စောဒကတက်လိမ့်မည်မဟုတ်ချေ။

ကြည့်ရသည်မှာ ဂိုဏ်းချုပ်ကျွင်း သည် ခရမ်းရောင်ဘုရင်အား လှည့်စား၍ သံမဏိအရိုးတောင်ဆီသို့ ၎င်း၏သားရဲများကို ခေါ်ဆောင်ခိုင်းသည် သာမက ဂိုဏ်းအတွက် စီးတော်သားရဲတိရစ္ဆာန်များကိုလည်း ပိုမိုကာ ချဲ့ထွင်ခဲ့၏။ ထို့အပြင် သားသတ်ရုံကိုပါ ဖန်တီးနေသေး၏။

အဲ ….. သားသတ်ရုံဟုဆိုရမည်ထက် သားလှီးရုံဟုဆိုပါက ပိုမို၍ မှန်ကန်ပေလိမ့်မည်။ သို့ပေမဲ့ အလယ် အလတ်အဆင့် သားရဲဆေးလုံးများကို စားသောက်ပြီးသည့်နောက် စိတ်ဝိညာဉ်စွမ်းအင်များ၏ စုပ်ယူနိုင်မှု အမြန်နှုန်းသည် ပိုမို၍ တိုးပွားလာစေသည်ဆိုသော်အချက်သည် သားရဲရိုင်းများအား စွဲဆောင်လျက်ရှိနေသည်။

“လက်ခံသူရဲ့ စီစဉ်ထားနိုင်မှုက တကယ့်ကို လေးနက်လွန်းတယ်နော်” စနစ်က သက်ပြင်းချလိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့ရဲ့ အသက်တွေလည်းမသေဘူး၊ ပြီးတော့ အလွန်အမင်း နာကျင်မှုလည်း မဖြစ်ဘူး၊ စိတ်ဝိညာဉ်စွမ်းအင်တွေ စုပ်ယူမှုနှုန်း ပိုမိုမြန်ဆန်လာစေဖို့အတွက် သူတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ အသားတွေ လှီးဖြတ်ခံလိုက်ရတာ ဘာတစ်ခုမှ ကိစ္စမရှိဘူးလေ၊ ပြီးတော့ သူတို့က ပိုပြီး အားကောင်းလာတာ မဟုတ်ဘူးလား၊ ဒါဆိုရင် ငါက လိမ်ညာလှည့်စားတာ မဟုတ်တော့ဘူးပေါ့”

“........” စနစ်သည် ဆွံ့အသွားမိ၏။

ကျွင်းချောင်ရှောင်းသည် ဤနည်းလမ်းကို အသုံးပြုနေသည်ဆိုသော်လည်း ဤနည်းလမ်းမှာ သားရဲရိုင်းများ ပိုမိုအားကောင်းစေရန်အတွက် အလွန်အကျွံကို အထောက်အကူပြုသည့် နည်းလမ်းလည်း ဖြစ်နေပြန်တော့၏။

ခရမ်းရောင်ဘုရင်သည် အစစ်အမှန်ကို နားလည်သည်ဆိုလျှင်တောင်မှ အသားများကို လှီးဖြတ်ခြင်း ကိစ္စနှင့်ပတ်သက်၍ မငြင်းပယ်ချေ။ ထို့အပြင် ၎င်း၏နောက်လိုက်များအား တက်တက် ကြွကြွနှင့် ပူးပေါင်းပါဝင်စေရန် စေခိုင်းခဲ့သေး၏။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ညီနောင်များအားလုံးသည် မိမိ ကိုယ်ကိုစတေး၍ ပိုမိုအားကောင်းအောင် ဖန်တီးပြုလုပ်နေကြသည် မဟုတ်ပါလား။

လက်ရှိအချိန်တွင်တော့ သံမဏိအရိုးတောင်၏ အနောက်ဘက် အတွင်းပိုင်းထဲသို့ လှမ်း၍ ကြည့်မည်ဆိုလျှင် များပြားလှသည့်သားရဲများသည် ပျော်ရွှင်စွာဖြင့် စီတန်းကာ အလယ်အလတ်အဆင့် သားရဲဆေးလုံးများကို ရယူ နေသည်ကို ထင်ထင်ရှားရှား မြင်ရပေလိမ့်မည်။

တောင်၏ထိပ် တည်နေရာမှာတော့ ခရမ်းရောင်ဘုရင်သည် မတ်မတ်ရပ်လျက်ရှိပြီး သူ၏နောက်လိုက်များ တစ်နေ့ ထက်တစ်နေ့ ပိုမိုအားကောင်းလာသည်ကို ကြည့်ရှုလျက်ရှိသည်။ သူသည် စိတ်ထဲမှာ ကျိတ်ကာ ကျိန်ဆိုလိုက်၏။ “တစ်နေ့မှာ ဒီဘုရင်က မင်းတို့အားလုံးကို ဦးဆောင်ပြီးတော့ ကြီးမားတဲ့အရာကို ပြုလုပ်မယ်”

.............

တိရစ္ဆာန်အစားအစာအရောင်းဆိုင်များသည် သားရဲဆေးလုံးအသစ်တစ်မျိုးကို ထုတ်လုပ်ခဲ့၏။ ဤအရာသည် သောက်သုံးလိုက်သည်ဆိုသည်နှင့် ရက်ငါးဆယ်တိတိ အစားစားစရာ မလိုအပ်ကြောင်းကိုလည်း တစ်ခါတည်း ကြေညာလိုက်၏။

“မှော်ဆန်လိုက်တာ”

“သွားရအောင်၊ သွားကြည့်ကြမယ်”

ကျွင်းချောင်ရှောင်းသည် အလယ်အလတ်အဆင့် သားရဲဆေးလုံးအား စတင်ရောင်းချသည့်အချိန်မှာတော့ များပြားလှသောနိုင်ငံတွင် ရှိနေသောလူများသည် အလျင်အမြန်ပဲ ရောက်ရှိလာကာ အလုအယက်တိုး၍ ဝယ်ယူ ကြတော့၏။ ဤအရာသည် အစစ်အမှန်ပင် အမြတ်များလှသော စီးပွားရေးကိစ္စတစ်ခုပင် ဖြစ်နေတော့၏။ ထို့အပြင် အသားများသည် သံမဏိအရိုးတောင်တွင် များများစားစား ရရှိနေ၏။ ဆာလောင်မြက်များကိုသာ လုံလောက်အောင် ရရှိသည်ဆိုပါက သားရဲဆေးလုံးများကို ပမာဏများများ ထုတ်လုပ်ရောင်းချနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် တိရစ္ဆာန်အစားအစာ အရောင်းဆိုင်များအား လီလိုရှုနှင့် လွှဲထားခဲ့၏။

လက်ရှိအခြေအနေ မှာတော့ သူသည် လျှိုဝမ်ရှစ်ကို ခေါ်ဆောင်ကာ စားဖိုမှူးနတ်ဘုရား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အင်ပါယာမြို့ ဆီသို့ ထွက်ခွာလာခဲ့တော့သည်။

ဤအရာသည် နောက်တစ်လအတွင်း ကျင်းပမည့်ပွဲပင် ဖြစ်တော့သည်။ ရောင်မုန့်ယဉ်နှင့် ခရမ်းရောင်ဘုရင် တို့သည်လည်း လိုက်ပါလာခဲ့ကြ၏။ ရောင်မုန့်ယဉ်သည် လျှိုဝမ်ရှစ်နှင့် အရင်းနှီးဆုံး ပတ်သက်ဆက်နွယ်နေသူဖြစ်၏။ ထို့ကြောင့် သူမသည် သူမ၏ စီနီယာအစ်မအား အားပေးရန် မျှော်လင့်ချက်ဖြင့် လိုက်ပါလာခြင်းဖြစ်၏။

ဟောခန်းသခင်ကျိမှာတော့ သူ၏အပြောအရဆိုလျှင် သက်တော်စောင့်တစ်ယောက်အဖြစ် စောင့်ရှောက်ကာကွယ် ပေးရန်ဖြစ်သည်။ သို့ပေမဲ့ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာတော့ လျှိုဝမ်ရှစ် ချက်ပြုတ်ထားသည့် အစားအစာများကို စားသုံးရန်သာ ဖြစ်တော့သည်။

“ကျိရှု”

လမ်းတလျှောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အထပ်ထပ် မှာကြားလိုက်၏။ “ဘယ်လိုကိစ္စတွေပဲ ဖြစ်ဖြစ် ခင်ဗျားအဝတ်အစားတွေကို ချွတ်မပစ်ရဘူးနော်”

“ကောင်းပါပြီ”

ခရမ်းရောင်ဘုရင်သည် စိတ်ထဲမှာ ကျိတ်ကာ ပြောလိုက်မိ၏။ “ဒီဘုရင်ကို မတိုက်ခိုက်ခိုင်းရင် အင်္ကျီလည်း ချွတ်စရာ မလိုဘူး”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ များပြားလှတဲ့ ကျင့်ကြံသူ တွေ၊ သားရဲရိုင်းတွေ အများကြီးရှိတယ်လေ၊ ဘယ်လိုဖြစ်ပြီး ခင်ဗျားက သားရဲငါးသိန်းကျော်ကိုပဲ လက်အောက်ကို သိမ်းသွင်းနိုင်ခဲ့တာလဲ၊ ပြီးတော့ ခင်ဗျားအောက်မှာရှိနေတဲ့သူတွေက သိုင်းအုပ်စိုးသူအဆင့်ပဲရှိတယ်၊ သိုင်းနယ်မြေ တစ်ပိုင်း သားရဲတွေ တစ်ကောင်မှ မရှိပါလား”

ဤမေးခွန်းသည် သူအရင်ကတည်းက မေးချင်နေသော မေးခွန်းပင်ဖြစ်သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ရှေးယခင်ကနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ဘူးဟုဆိုသော်လည်း သိုင်းအင်ပါယာကိုးယောက်ကတော့ ရှိနေသေး၏။ ထို့အပြင် ၎င်းသိုင်းအင်ပါယာများ၏ အောက်၌ များပြားလှသော သိုင်းနယ်မြေသူတော်စင်ကျင့်ကြံသူများ၊ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများရှိကြသည်။ သားရဲရိုင်းများတွင်လည်း ထိုကဲ့သို့သောအဆင့် သားရဲရိုင်းများ ရှိနေမှာ သေချာ၏။

ခရမ်းရောင်ဘုရင်က ပြောလိုက်၏။ “ကျုပ်ရဲ့အားအင်အဆင့်က ထိပ်ဆုံးအဆင့်ကို ပြန်မရောက်သေးဘူးလေ၊ ဒီတော့ အခြားမျိုးနွယ်စုတွေက ကျုပ်ကို အညံ့ခံဖို့ဆိုတာ ခက်ခဲတယ်”

သူပြောဆိုခဲ့သည့် ထိပ်ဆုံးအဆင့်ဆိုသည်မှာ စည်းခတ်မခံရခင်က ကျင့်ကြံခြင်းအဆင့်ကို ဆိုလိုခြင်း မဟုတ်ပေ။ သူအထက်နယ်မြေမှာရှိခဲ့သည့် အားအင်အဆင့်ကို ဆိုလိုခြင်းသာဖြစ်တော့သည်။ အချက်အလက်အားဖြင့် သူသည် အထက်နယ်မြေမှ ထွက်ခွာလာပြီးသည့်နောက်မှာတော့ ကျင့်ကြံခြင်းအဆင့်များသည် ဆိုးရွားစွာဖြင့် ဖိနှိပ်ခြင်း ခံခဲ့ရသည်။ လက်ရှိအခြေအနေမှာတော့ ပြန်လည်တိုးတက်လာခဲ့သည်ဆိုလျှင်တောင်မှ သိုင်းနယ်မြေကျင့်ကြံသူ အဆင့်နှင့်သာ နှိုင်းယှဉ်၍ ရနိုင်ခဲ့တော့သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် နေထိုင်ခဲ့သော သားရဲရိုင်းများထဲတွင် ကျိန်းသေပေါက် သူတော်စင်အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော အဆင့်မြင့်စိတ်ဝိညာဉ်သားရဲများ ရှိနေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်သည် ခရမ်းရောင်ဘုရင် ထက် အားမကောင်းလှဘူးဆိုသော်လည်း အားအင်အဆင့်မှာတော့ နိမ့်ကျလှသည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့သည် ခရမ်းရောင်ဘုရင်၏ အမိန့်ကို နားမထောင်ကြပေ။ ခရမ်းရောင်ဘုရင် စုဝေးနိုင်ခဲ့သော နောက်လိုက် များသည် အားနည်းလှသည့်သူများသာဖြစ်သည်။ အားမနည်းလျှင်လည်း သူ၏နောက်လိုက်အဖြစ် ဖြစ်လာကြ လိမ့်မည် မဟုတ်ချေ။

သားရဲရိုင်းများသည် လူသားများကဲ့သို့ စည်းဘောင်များနှင့် နေထိုင်ကြသည် မဟုတ်သော်လည်း ၎င်းတို့တွင် ကိုယ်ပိုင်အားအင်တော့ ရှိနေကြသေး၏။ ထို့ကြောင့် ဤတည်နေရာကြီးတစ်ခုလုံးကို မည်သူက တာဝန်ယူမည်။ မည်သူ့က ဤတည်နေရာကြီးတွင် ခေါင်းဆောင်ဖြစ်သည်ဆိုသည်ကို အစောကြီးကတည်းက ပိုင်းခြားထားခဲ့ကြ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ရောက်ရှိလာသော ခရမ်းရောင်ဘုရင်သည် လုံလောက်သည့်အားအင်အဆင့် မရှိချေ။ ထို့ကြောင့် တချို့သော အားအင်ကြီးမားသည့် သားရဲများ၏ အသိအမှတ်ပြုခြင်းကို မခံရသည်မှာ သာမန် ပင်ဖြစ်တော့သည်။

ထို့အပြင် သူသည် တခြားသူများဂုဏ်ယူရလောက်သည့် အကြံအစည် အစီအစဉ်ကြီးကို ထုတ်ဖော်မလုပ်ကိုင်ရ သေးခင်မှာပဲ တစ်ဖက်လူများက ရိပ်မိသွားပြီး သူ့ကို စည်းခတ်ခဲ့၏။ ထို့ကြောင့် ဘာတစ်ခုမှ မလုပ်ရသေးခင် ကံဆိုးသူဖြစ်သွားရခြင်းပင်ဖြစ်၏။

“ဘယ်လောက်ဆိုးလိုက်လဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“အင်း” ခရမ်းရောင်ဘုရင်သည် သက်ပြင်းချလိုက်၏။ အထူးသဖြင့် အတိတ်တုန်းက ဖြစ်ခဲ့သော အကြောင်းအရာ များကို ပြန်လည်စဉ်းစားမိလျှင် သူသည် ငိုချင်စိတ်ပင် ပေါက်မိနေ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားနေရာမှာ ကျုပ်သာဆိုရင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အနိုင်ပိုင်း မသိမ်းခင်မှာ ကျုပ်ကိုသဘောမတွေ့တဲ့ သားရဲရိုင်းတွေကို အောင်နိုင်အောင် အရင်လုပ်မှာပဲ”

“ခင်ဗျားက သားရဲရိုင်းတွေ တစ်ကောင်နဲ့တစ်ကောင် သတ်ဖြတ်တာကို မြင်ချင်နေတာလား” ခရမ်းရောင်ဘုရင် သည် အေးစက်စက် ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်၏။ “ခင်ဗျားရဲ့အစီအစဉ် ပေါက်ကြားသွားခဲ့တဲ့တာ ခင်ဗျားလုပ်မယ့် ကိစ္စကို သဘောမတူတဲ့ သားရဲရိုင်းတွေကြောင့် ဖြစ်မယ်လို့ စဉ်းစားဖူးလား”

စနစ်က ပြောလိုက်သည်။ “မဆိုင်တာတွေကို ဆွဲထည့်ပြန်ပြီ”

“ဒါက” ခရမ်းရောင်ဘုရင်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ကျွင်းချောင်ရှောင်းသည် ခရမ်းရောင်ဘုရင်၏ ပခုံးကိုပုတ်ကာ ပြောလိုက်၏။ “လူသားတွေရဲ့ စိတ်နှလုံးက ဆိုးရွားလှတယ်၊ ဒီလိုပဲ သားရဲရိုင်းတွေရဲ့ နှလုံးသားကလည်း ဆိုးရွားလွန်းတာပဲလေ၊ ဒီတော့ အနာဂတ်မှာ ခင်ဗျား အနေနဲ့ လုံလောက်တဲ့အားအင်ရှိတယ်ဆိုတာကို အသိအမှတ် မပြုဘူးဆိုရင် တခြားလူတွေကို သွားပြီးတော့ အုပ်စိုး မင်းမူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ဂျွတ်

ခရမ်းရောင်ဘုရင်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ကျုပ်က သားရဲရိုင်းတွေ အကုန်လုံး အနိုင်ကျင့် ဗိုလ်ကျခံရခြင်းကနေ ကာကွယ်ချင်လို့ အရာအားလုံးကို လုပ်ခဲ့တာလေ၊ သူတို့လုပ်ခဲ့တာက တိရစ္ဆာန်တွေ ထက်တောင် ဆိုးရွားတဲ့အရာပဲ”

“ဒီတော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သားရဲရိုင်းတွေ အကုန်လုံးကို စုစည်းနိုင်ဖို့ အရင်ဆုံးကြိုးစား၊ အဲလိုပြုလုပ်ပြီးမှသာလျှင် သားရဲရိုင်းတွေ အကုန်လုံးက ကျေးကျွန်မဖြစ်ချင်ဘူးဆိုတဲ့ ဆောင်ပုဒ်ကို အော်ဟစ်နိုင် မှာပေါ့၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောမတူတဲ့လူတွေရှိနေရင်တော့ ဘာပဲလုပ်လုပ် အလကားဖြစ်နေမှာပဲ၊ နောက်ကျောကို ဓားထိုးခံရတယ်ဆိုတာ ဒါမျိုးပေါ့၊ နားလည်လား”

“ဒါကတော့ အမှန်ပဲ”

ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “ကျုပ် စည်းခတ်မခံရခင်က အားအင်အဆင့်ကို ပြန်ရရှိရင် ကျိန်းသေပေါက် ကျုပ်အမိန့်ကို မနာခံတဲ့ သားရဲရိုင်းတွေ အကုန်လုံးကို အနိုင်ယူတိုက်ခိုက်ပစ်မယ်”

“ခင်ဗျားက ပြိုင်စံရှားဂိုဏ်းရဲ့ ဟောခန်းသခင် ဖြစ်နေပြီလေ၊ ဒီတော့ သားရဲရိုင်းတွေအားလုံး ခင်ဗျားရဲ့ နောက်လိုက်တွေ ဖြစ်လာအောင်လို့ ကျုပ်က ကူညီပေးမယ်၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သားရဲရိုင်းတွေမှာ အစစ်အမှန် ဘုရင်တစ်ယောက်ပဲ ရှိရမယ်၊ အဲဘုရင်က ခင်ဗျားပဲ ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

စနစ် “....”

လက်ခံသူကို ကြည့်ရသည်မှာ ကောင်းသည့်ရည်ရွယ်ချက်ရှိပုံ မပေါ်ပေ။

“ဒါက” ခရမ်းရောင်ဘုရင်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “ကျုပ်က ဂိုဏ်းလေးတစ်ခုရဲ့ ဟောခန်း သခင်ပဲ ဖြစ်သေးတယ်လေ”

“ဒါက ကိစ္စမရှိဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ဂိုဏ်းချုပ်”

ထိုအချိန်မှာတော့ လျှိုဝမ်ရှစ်သည် ရှေ့တည်နေရာဆီသို့ လက်ညှိုးထိုးကာ ပြောလိုက်၏။ “ဟိုမှာ လူတစ်ယောက် မြေပေါ်လဲနေတယ်”

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည်ရှု့လိုက်သည့်နောက်မှာတော့ အသက် ဆယ့်နှစ်နှစ်မှ ဆယ့်သုံးနှစ် ကောင်လေးတစ်ယောက်သည် တောရိုင်းထဲတွင် လဲလျောင်းလျက်ရှိသည့်ကို မြင်ရ၏။ သူ၏ အသက်ရှူနှုန်းများသည် မြန်ဆန်လျက်ရှိပြီး ဒဏ်ရာရရှိထားပုံပေါ်သည်။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်က ခန့်မှန်းလိုက်သည်။ “သူ တောရိုင်းထဲမှာ သားရဲရိုင်းတစ်ကောင်ကောင်နဲ့ တွေ့ခဲ့တာ ဖြစ်နိုင်တယ်”

“လာ... သွားကြည့်ကြရအောင်”

သူတို့အားလုံးသည် ထိုလဲနေသော ကောင်လေးရှေ့၌ ရပ်တန့်လိုက်ကြ၏။ လူငယ်သည် ဖြူလျော်နေသော မျက်နှာ နှင့် ဝမ်းဗိုက်ကို အုပ်ကိုင်ကာ အားပြတ်သလို ပြောလိုက်၏။ “ဆာ ဆာလိုက်တာ”

ပြီးနောက် လူငယ်သည် မေ့မျောသွားခဲ့သည်။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “သူဗိုက်ဆာလွန်းလို့ သတိလစ်သွားတာပဲ”

“.........” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သစ်တောထဲတွင် အသီးအနှံအပင်များ များစွာရှိနေ၏။ ဤသို့သော အခြေအနေတွင် ဆာလောင်၍ သတိလစ်မေ့မျောခဲ့သေး၏။ မည်ကဲ့သို့သော ပါရမီရှင်နည်း။

................

ဖြောက် ဖြောက်

ကျောက်လှိုဏ်ဂူကြီးထဲမှာတော့ မီးဖိုတစ်ဖိုသည် ဖိုထားလျက်ရှိသည်။ လူငယ်လေးသည် မျက်လုံးကို ဖွင့်လိုက်သည့် အချိန်မှာတော့ သူ၏ရှေ့တွင်ရှိသော ချစ်စဖွယ်မျက်နှာလေးကို မြင်လိုက်ရ၏။ ထိုကလေးမက ပြုံးကာ ပြောလိုက်၏။ “ဒီမှာ ထမင်းကြော်တစ်ပန်းကန်ရှိတယ်၊ ဆာနေတယ်ဆိုရင်...”

သူပြော၍ မပြီးခင်မှာပဲ ထမင်းကြော်ပန်းကန်သည် လက်ထဲမှ ဆွဲယူခြင်း ခံလိုက်ရ၏။

ပလပ် ပလပ်

ကောင်လေးသည် တူကိုပင် မသုံးတော့ချေ။ လက်ဖြင့် တိုက်ရိုက်ဆိုသလို စားသုံးလိုက်တော့၏။ ခဏကြာသည့် နောက်မှာတော့ သူသည် ထမင်းကြော်တစ်ပန်းကန်လုံးကို စားသုံးခဲ့ပြီးဖြစ်သည်။ သူ၏ နှုတ်ခမ်းထောင့်များသည် ကော့တက်လျက်ရှိသည်။ “ဒီလောက်ကောင်းတဲ့ ထမင်းကြော်မျိုးကို ကျုပ်ဘဝမှာ စားကို မစားဖူးဘူး”

လူငယ်လေးသည် အချိန်အတော်ကြာ ရေရွတ်လျက်ရှိ၏။ မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးသည့်နောက် လျှိုဝမ်ရှစ်ကို ကျေးဇူးတင်စကားဆိုလိုက်၏။ “ထမင်းကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မိန်းကလေး”

ကျွင်းချောင်ရှောင်းသည် ကျောက်နံရံရှေ့တွင်ထိုင်ရင်း ပြောလိုက်၏။ “မင်းက မငယ်တော့ဘူးလေ၊ သစ်ပင်ပေါ်ကို တက်ပြီးတော့ အသီးအနှံတွေ ခူးစားလို့ရတယ် မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး ဆာလောင်လွန်းလို့ လမ်းပေါ်မှာ မေ့လဲသွားရတာလဲ”

“အင်း”

ကောင်လေးသည် ခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ ကျုပ်က ငယ်ငယ်လေး ကတည်းက အရမ်းကို ပျင်းတယ်လေ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလောက် ပျင်းရဲ့သားနဲ့ ဒီအချိန်အထိ အသက်ရှင်နေတယ်ဆိုတော့ မင်းမိသားစုက အရမ်းကို ချမ်းသာလို့ နေလိမ့်မယ်”

“ကျုပ်က မြေတည်နေရာတချို့ကို ပိုင်တယ်လေ” ကောင်လေးသည် ပြုံးလိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုလို့ရှိရင် ဒီထမင်းကြော်က မင်းရဲ့အသက်ကို ကယ်ခဲ့တာလေ၊ ငွေတစ်သိန်းဆိုတာက ဈေးမကြီးဘူး မဟုတ်လား”

“ကျုပ်ဘဝမှာ ဒီလောက်ကောင်းတဲ့ ထမင်းကြော်ကို တစ်ခါမှ မစားဖူးဘူးလေ၊ ဒီတော့ ငွေတစ်သိန်းဆိုတာ ဈေးတောင်ပေါနေပြီ၊ အနည်းဆုံး တစ်သန်းလောက်တန်တယ်”

ဝှစ်

ကောင်လေးသည် လက်ကိုယမ်းခါလိုက်ပြီးသည့်နောက် မြေပေါ်တွင် ငွေတစ်သန်းပေါ်လာတော့၏။ သူသည် လေးလေးနက်နက် ပြောလိုက်၏။ “ကျေးဇူးပြုပြီး ယူပါ”

ဝှစ်

ကျွင်းချောင်ရှောင်းသည် ကောင်လေး၏ ရှေ့၌ ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ ကောင်လေး၏ ပခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်တော့သည်။ “ရောင်းရင်းလေးရဲ့ ခန္ဓာကိုယ်က သာမန်မဟုတ်ဘူးဆိုတာကို တစ်ချက် ကြည့်လိုက်တာနဲ့ သိတယ်လေ၊ ကျိန်းသေပေါက် သာမန် မဟုတ်ဘူး၊ ကျုပ်တို့ မိတ်ဆွေတွေ လုပ်ကြရအောင်”

“........” ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ လျှိုဝမ်ရှစ်သာ ကူညီရန် မပြောဆိုခဲ့ပါက ဂိုဏ်းချုပ်သည် ထိုသူအား ကျော်ခွ၍ပင် ထွက်ခွာသွားပေလိမ့်မည်။

ယခု ငွေတစ်သန်း ထွက်လာသည့် အချိန်မှာတော့ ရုတ်တရက် အားတက်သရောဖြင့် မိတ်ဆွေတစ်ယောက်ပြုလုပ်ရန် ပြောဆိုလျက်ရှိနေပြန်၏။ အံ့ဩစရာ ကောင်းလွန်းလှသည်။

All Chapters