အခန်း (၈၁၁)
Vol. 55 Ch. 811
ဂိုဏ်းကို စီမံခန့်ခွဲခြင်း မပြုလုပ်၊ တပည့်များကို သင်ကြားပြသဖြင်း မပြုလုပ်ဘဲ ခရီးသွားလာသော ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်အား စားဖိုမှူးနတ်ဘုရားပြိုင်ပွဲသို့ ခေါ်ဆောင်ကာ ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဆိုသည်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်အား ဖိနှိပ်ထားနိုင်သော အထူးတာဝန်ကို ပြည့်စုံစေချင်သည့်အတွက်ပင် မဟုတ်လား။ ဤချင်ပုတောင် ဆိုသော ကလေးသည် တကယ်ပင် ပြိုင်ပွဲ၏ ဒိုင်လူကြီး ဖြစ်လို့နေသည်။ ထိုအရာသည် သူ့အား အံ့ဩဆွံ့အသွားမိစေသည်။
သိုင်းပြိုင်ပွဲများဆိုလျှင် ရန်သူ၏ အနိုင်ယူတိုက်ခိုက်နိုင်ပြီး စင်ပေါ်မှာ ပြုတ်ကျစေနိုင်လျှင် အောင်မြင်သည်ဟု ဆိုရမည်။ သို့ပေမဲ့ ချက်ပြုတ်ခြင်း ပြိုင်ပွဲများမှာတော့ ခြားနားနေသည်။ အောင်မြင်မှု၏ အဓိကသော့ချက်သည် ဒိုင်လူကြီးပင်ဖြစ်၏။ ထို့ကြောင့် ဟင်းပွဲသည် အရသာရှိလား၊ မရှိဘူးလားဆိုသည်မှာ ဒိုင်လူကြီး၏ သုံးသပ်မှု အပေါ်တွင် မူတည်လျက်ရှိ၏။
လျှိုဝမ်ရှစ်သည် ဗိုလ်စွဲရန်အတွက် လုံလောက်သည့် ကျွမ်းကျင်မှုမျိုး ပိုင်ဆိုင်သည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း သိသည်ဆိုသော်လည်း သူမအနေနှင့် အဓိက ဒိုင်လူကြီးနှင့် တွေ့ဆုံနေပြီဆိုမှတော့ အကောင်းဆုံးဖြစ်အောင် ပြုပြင်ပြောင်းလဲပေးရမည်။ အတိကျဆုံးပြောရမည်ဆိုလျှင် ၎င်း၏တပည့်သည် ထိပ်ဆုံးသုံးယောက်ထဲသို့ တက်လှမ်းနိုင်မည်ဆိုပါက အထူးတာဝန်ကို ပြည့်စုံစေမည်ဖြစ်သည်။ သို့ပေမဲ့ ဗိုလ်စွဲနိုင်မည်ဆိုလျှင် သူ၏အထူး တာဝန် ပြည့်စုံနှုန်းသည် အများကြီး ပို၍တိုးတက်သွားမည်ဖြစ်သည်။
“ပိုက်ဆံ” သူသည် ထိုအရာကို ယူဆောင်၍ မဖြစ်ချေ။
“ဂိုဏ်းချုပ်ကျွင်း”
ချင်ပုတောင်သည် ပြုံးကာ ပြောလိုက်၏။ “မိန်းကလေးလျှိုက ကျုပ်အတွက် ချက်ပြုတ်ပေးတာလေ၊ ဒီတော့ ပိုက်ဆံနဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေက ဝန်ဆောင်ခလို့ သတ်မှတ်လို့ရတယ်၊ ဘာလို့ ကျုပ်ကို ပြန်ပေးနေတာလဲ၊ ဘာလဲ လာဘ်ထိုးဖို့ ကြိုးစားနေတာလား”
ဤလူငယ်လေးသည် ပေါက်ပန်းလေးဆယ် များကို လျှောက်ပြောလို့နေသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ညီလေးချင်... မင်းက အတွေးလွန်နေပြီလေ၊ ကျုပ်က ညီအစ်ကိုလို သဘောထားတာပါ၊ ဒီတော့ ဒီပိုက်ဆံနဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ယူလို့မဖြစ်ဘူး”
“..........” ခရမ်းရောင်ဘုရင်သည် ဆွံ့အသွားမိ၏။ ပိုက်ဆံနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ယူခဲ့သည့်နှုန်းသည် အလွန်တရာ မြန်ဆန်လွန်းခဲ့သည်။ ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံးနှင့် ပိုက်ဆံများကို ယူတောင်စဉ်က ညီအစ်ကိုရောင်းရင်းဆိုသည့်စကားကို တစ်လုံးတစ်လေမှ မပြောဆိုခဲ့ချေ။
“ဂိုဏ်းချုပ်ကျွင်း”
ချင်ပုတောင်က ပြောလိုက်၏။ “ဒီပိုက်ဆံနဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေက မိန်းကလေးလျှို အတွက် ထိုက်တန်တဲ့ အရာတွေလေ၊ ကျုပ်ပြန်ယူလို့ မဖြစ်ဘူး”
“ဟုတ်ပြီ”
သူခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “ဒီနှစ်ရဲ့ ဒိုင်လူကြီးဖြစ်တယ်ဆိုမှတော့ တရားမျှတမှုကို လိုက်နာရမယ်ဆိုတာတော့ ကျုပ်ကောင်းကောင်းသိတာပေါ့”
ဤကောင်လေးသည် အသက်အရွယ်မကြီးသေးပေ။ သို့ပေမဲ့ ဒိုင်လူကြီးတစ်ယောက်တွင် ရှိသင့်သော အရှိန်အဝါမျိုးကို ပိုင်ဆိုင်လျက်ရှိနေသည်။
“ကောင်းပြီ၊ ဒါဆိုလို့ရှိရင်လည်း အတင်းဖိအား မပေးတော့ပါဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ချင်ပုတောင်က ပြောလိုက်၏။ “တကယ်တော့ ဂိုဏ်းချုပ်ကျွင်း စိတ်ပူနေစရာ မလိုဘူးလေ၊ မိန်းကလေးလျှို ပြုလုပ်လိုက်တဲ့ ငါးချိုချဉ်ဟင်းပွဲ တစ်ခုတည်းနဲ့တင် ထိပ်ဆုံးအယောက်နှစ်ဆယ်စာရင်းထဲကို တက်လှမ်းနိုင်ဖို့ ဆိုတာက ပြဿနာမဟုတ်ဘူး”
တခြားသောသူများသာ ဖြစ်မည်ဆိုပါက ဤကဲ့သို့ ဒိုင်လူကြီး၏ သုံးသပ်မှုကို ကြားမိပါက အလွန်တရာ ပျော်ရွှင်မိ နေပေလိမ့်မည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့် လျှိုဝမ်ရှစ်တို့မှာတော့ နှစ်ယောက်လုံး မျက်မှောင်ကုတ်မိသွား သည်။
“ထိပ်ဆုံးနှစ်ဆယ် ဟုတ်လား” ဤအရာသည် အသုံးမဝင်လှပေ။
“အရိုးသားဆုံး ပြောရမယ်ဆိုရင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တပည့်ကို ခေါ်လာပြီးတော့ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တယ်ဆိုကတည်းက ကျုပ်က ဗိုလ်စွဲဖို့အတွက် ပစ်မှတ်ထား တာလေ”
ချင်ပုတောင်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “စားဖိုမှူးနတ်ဘုရားပြိုင်ပွဲမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်လေ၊ ဒီတော့ ဗိုလ်စွဲဖို့ဆိုတာ အရမ်းကို ခက်လိမ့်မယ်”
ငါးချိုချဉ်ဟင်းပွဲသည် အလွန်အံ့အားသင့်စရာ ကောင်းသည်ဆိုသော်လည်း တခြားသော ပြိုင်ပွဲဝင်များ ပြုလုပ်သည့် ဟင်းပွဲများသည်မှာလည်း ပေါ့သေးသေးတော့ မဟုတ်နိုင်ချေ။ ထို့ကြောင့် ချင်ပုတောင်သည် လျှိုဝမ်ရှစ်အနေဖြင့် အကောင်းဆုံးသော ရလဒ်များကို ရနိုင်မည်ဟု မစဉ်းစားထားသေးပေ။
“ဒီလိုဆိုရင်”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒီနှစ် စားဖိုမှူးနတ်ဘုရား ပြိုင်ပွဲက ကြီးကျယ်ခမ်းနားပြီးတော့ တန်ဖိုးကြီးမားမှာပေါ့”
“အရမ်းကို တန်ဖိုးကြီးမားတာပေါ့”
ချင်ပုတောင်က ပြောလိုက်သည်။ “အတိတ်တုန်းက ရှိခဲ့တဲ့ မှတ်တမ်းတွေကို ကြည့်လိုက်တာနဲ့ ဒီနှစ်ရဲ့ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲက ကျွမ်းကျင်လှတဲ့လူတွေအကုန်လုံး စုစည်းထားတာလေ၊ အကုန်လုံးက အားအကောင်းဆုံးသော လူတွေထဲက အားအကောင်းဆုံးလူတွေ လာပြိုင်တာလေ”
လျှိုဝမ်ရှစ်၏ မျက်လုံးထဲတွင်တော့ စိုးရိမ်မကင်းသည့် အမူအရာများ ဖြစ်တည်လာခဲ့တော့သည်။ ဤမိန်းကလေး သည် အနည်းငယ် စိတ်ပူပန်လျက်ရှိသည်။ သူမအနေနှင့် ဗိုလ်မစွဲဘဲနှင့် ဂိုဏ်းချုပ်အား စိတ်ပျက်လျက် ရှိနေမည်ကို စိုးရွံ့လျက်ရှိနေ၏။ ထို့ပြင် သူမသည် ကလေးသာ ရှိသေး၏။ ထို့ကြောင့် ကြီးကျယ်ခမ်းနားသော ပြိုင်ပွဲ အတွေ့အကြုံများ မရှိသေးပေ။ ယခုနှစ်၏ စားဖိုမှူးပြိုင်ပွဲတွင် များပြားလှသော ကျွမ်းကျင်သူများ ပါဝင်မည်ကို သိရှိပြီးသည့်နောက်မှာတော့ သူမသည် ယုံကြည်ချက် အနည်းငယ် လျော့ကျလျက်ရှိနေတော့၏။
“ကောင်မလေး”
ကျွင်းချောင်ရှောင်းက ထိုအရာကိုမြင်တော့ အားပေးလိုက်၏။ “မင်းကို အနိုင်ယူနိုင်စွမ်း ရှိတဲ့လူက ပြိုင်ဘက်တွေမဟုတ်ဘူး၊ မင်းကိုမင်းပဲ၊ ဘာပဲဖြစ်ဖြစ် မင်းအနေနဲ့ အားအကောင်းဆုံးဖြစ်တယ်ဆိုတာ ယုံကြည် ထားရမယ်”
လျှိုဝမ်ရှစ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်၏။ “ကျွန်မက အလုပ်ကို ကြိုးစားပါ့မယ် ဂိုဏ်းကို အရှက်သိက္ခာ မကျစေရပါဘူး”
“သွားကြစို့” ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာဖြင့် အင်ပါယာမြို့တော်ဆီသို့ ခေါ်ဆောင်လာခဲ့ တော့သည်။
“ညီလေးချင်... မင်းမိသားစုက ဘာတွေလုပ်တာလဲ”
“အရမ်းကြီးတော့ မဟုတ်ပါဘူး၊ မြေလေးတချို့ကို ပိုင်ဆိုင်တာလောက်ပါပဲ”
“မင်းအနေနဲ့ ပြိုင်စံရှားဂိုဏ်းကို ဝင်ဖို့ စိတ်ဝင်စားလား”
“အင်း... အခုအချိန်မှာတော့ ဂိုဏ်းတစ်ခုခုထဲကို ဝင်ရောက်ဖို့အတွက် ကျုပ်ဆီမှာ အစီအစဉ် မရှိပါဘူး”
............
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အလယ်ပိုင်းကုန်းမြေဒေသဆီသို့ ရောက်ရှိ လာခဲ့သည်။ သူသည် အင်ပါယာမြို့တွင်ရှိသော အဓိကလမ်းမကြီးဆီသို့ လျှောက်သွားလိုက်တော့၏။
“စားဖိုမှူးနတ်ဘုရားက သူ့တပည့်ကို စေလွှတ်ပြီးတော့ ပြိုင်ပွဲဝင်ခိုင်းခဲ့တယ်တဲ့၊ ဒီတော့ သူက ဗိုလ်ဆွဲမယ်ဆိုတာ သံသယရှိစရာမလိုဘူး”
“အဲလိုလား၊ ကျုပ်ကြားတာတော့ အရင်ဗိုလ်စွဲခဲ့တဲ့လူတွေကလည်း သူတို့ရဲ့တပည့်တွေကို ပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်း မယ်တဲ့၊ အဲလူတွေရဲ့ အားအင်ကလည်း စားဖိုမှူးနတ်ဘုရားရဲ့ တပည့်ထက် ဘယ်လိုမှ အားမနည်းနိုင်ဘူးလေ”
လမ်းတလျှောက်မှာတော့ များပြားလှသော ကျင့်ကြံသူများသည် ဆွေးနွေးလျက်ရှိနေ၏။ ၎င်းတို့အားလုံးသည် အင်ပါယာမြို့သို့ သွားရောက်၍ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲအား ကြည့်ရှုရန် လာရောက်ကြခြင်းပင် ဖြစ်တော့သည်။ ချက်ပြုတ်ခြင်းအကြောင်းအရာဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အဓိက အကြောင်းအရာတွင် မပါဝင်ချေ။ သို့ပေမဲ့ ကြီးကျယ်ခမ်းနားလှသော စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကိုတော့ လူပေါင်းများစွာတို့သည် စိတ်ဝင်စားလျက် ရှိနေကြသေး၏။
“ညီငယ်လေး... မင်းမသိမှာကို ငါစိုးရိမ်မိတယ်၊ တကယ်တော့ စားဖိုမှူးနတ်ဘုရားရဲ့တပည့်ဖြစ်တဲ့ စုန့်ပေါင် က အရှေ့ပိုင်းပြည်နယ်ရဲ့ စားဖိုမှူးပြိုင်ပွဲမှာ ဟင်းချက်ခဲ့တုန်းက နဂါးတွေ၊ ကျားတွေတောင် ထခုန်တယ်လို့ ပြောတယ်” ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကြားလိုက်သည့်နောက် သူ၏မျက်နှာပေါ်တွင် ထူးခြားသည့် အသွင်သဏ္ဍာန် မျိုးဖြစ်တည်လာခဲ့၏။ ဟင်းတစ်ပွဲကို ချက်ပြုတ်ရင်းဖြင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ဤအရာမှာ တကယ့်ကို ကြမ်းတမ်းလွန်းလှ၏။
“ဒီလိုအရာမျိုး ရှိလား”
လမ်းပေါ်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူများသည် အံ့အားသင့်မိသွားကြ၏။ ထိုသူက ပြောလိုက်သည်။ “သဘာဝပတ်ဝန်းကျင် ပြောင်းလဲသွားခဲ့တာကို ဒိုင်လူကြီးဆယ်ယောက်လုံးက မြင်ခဲ့တယ်လေ၊ ဒီတော့ အရသာကိုတောင် မခံတော့ဘူး၊ ဒီတော့ တစ်ခါတည်း ဆုကို တန်းပေးလိုက်တာ”
“ချက်ပြုတ်ခြင်းဆိုတာက ဆေးလုံးသန့်စင်တာနဲ့ မတူဘူးလေ၊ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ပြောင်းလဲစေနိုင်တဲ့ နဂါးတွေ၊ ဖီးနစ်တွေ ထခုန်တာမျိုးက ဖြစ်နိုင်တာလဲ၊ မယုံနိုင်စရာပဲ”
“ဒါက သာမန်ပဲလေ၊ အရင်စားဖိုမှူးနတ်ဘုရားပြိုင်ပွဲမှာ စားဖိုမှူးနတ်ဘုရားက သဘာဝပတ်ဝန်းကျင်ပြောင်းလဲ သွားစေနိုင်တဲ့ ဟင်းပွဲတွေ ချက်ပြုတ်ခဲ့တယ်လေ၊ သူတောင်လုပ်နိုင်တယ်ဆိုမှတော့ သူ့တပည့်လုပ်နိုင်တာ ထူးဆန်းတာ မဟုတ်တော့ဘူး”
..........................
“ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်သည် တွန့်ဆုတ် တွန့်ဆုတ်ဖြင့်ပြောလိုက်၏။ “ကျွန်မက ပိုပြီး ယုံကြည်ချက် ကင်းမဲ့လာ သလို ခံစားရတယ်”
“အရမ်းကြီး တွေးမနေနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းက အတော်ဆုံးပဲလေ”
စုန့်ပေါင် ဟုခေါ်သော ကောင်လေးသည် အမှန်ပင်အံ့အားသင့်စရာကောင်းသည်မှာ ငြင်းပယ်၍ မရချေ။ သို့ပေမဲ့ သူ၏ တပည့်သည် တရုတ်ဟင်းလျာများကို ကျွမ်းကျင်လှ၏။ ထို့ကြောင့် အနိုင်ရရှိရန်ဆိုသည်မှာ တထစ်ချ သတ်မှတ် ထား၍ မရနိုင်ချေ။ ထို့အပြင် ချက်ပြုတ်ခြင်းအတတ်ပညာဆိုသည်မှာ အရောင်၊ အနံ့နှင့် အရသာကို ယှဉ်ပြိုင်ကြခြင်းပင်ဖြစ်၏။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲသွားခြင်း၊ မပြောင်းလဲသွားခြင်းသည် သိပ်၍ အဓိပ္ပာယ်မရှိလှချေ။
အင်ပါယာမြို့
ကျွင်းချောင်ရှောင်းသည် ဤနေရာသို့ ရောက်ရှိလာသည်မှာ ဒုတိယအကြိမ်ဖြစ်၏။ သူမြို့ထဲကို ဝင်လိုက်သည့် အချိန်မှာတော့ များပြားရှုပ်ထွေးလှသည့် လူများကို မြင်လိုက်ရ၏။ ထိုအချင်းအရာကိုမြင်တော့ သူသည် အံ့အား သင့်မှုတော့ မဖြစ်ပေါ်တော့ချေ။
“ဂိုဏ်းချုပ်ကျွင်း”
မြို့တံတိုင်းပေါ်တွင် မတ်တပ်ရပ်နေသော မြို့တော်ဝန်ဟန်သည် ပြောလိုက်၏။ “ထပ်ပြီး လာပြန်ပြီလား”
၎င်းတို့ နှစ်ယောက်သည် လက်ရှိအချိန်မှာတော့ အသိအကျွမ်းဟောင်းပင် ဖြစ်လို့နေ၏။ ကျွင်းချောင်ရှောင်းက ပြုံးလိုက်သည်။ “ကျုပ်က တပည့်ကိုခေါ်လာပြီးတော့ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကို လာပြိုင်တာလေ”
“ကျုပ်သိပြီ”
မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “ဒါဆိုရင် နေစရာ ရှိပြီလား”
“အင်း... စားသောက်ခန်းတစ်ခုခုကို ရှာပြီး နေဖို့စဉ်းစားထားတယ်လေ”
“ဂိုဏ်းချုပ်ကျွင်း... စိတ်မရှိဘူးဆိုရင် ခင်ဗျားက မြို့တော်ဝန်အိမ်ရာမှာ နေလို့ရတယ်လေ”
“ဟုတ်လား၊ ဒါဆိုရင်လည်း ကောင်းပြီလေ”
မြို့တော်ဝန်ဟန်သည် မြို့၏ တံတိုင်းပေါ်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွား၏။ သူသည် ကြုံသလို ဧည့်ဝတ်ကျေ စကား ပြောလိုက်ခြင်းဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် အရှက်မဲ့စွာဖြင့် လက်ခံလျက်ရှိသည်။
...............
မြို့တော်ဝန်အိမ်ရာ၏ ခြံအနောက်ဘက်မှာ ကျွင်းချောင်ရှောင်းသည် ငါးကန်ဘေးရှိ လမ်းလေးတွင် လျှောက်လျက် ရှိ၏။
“မြို့တော်ဝန် စီစဉ်ပေးထားတဲ့ နေရာနဲ့ပတ်သက်ပြီး ကျုပ်အရမ်းကို သဘောကျမိတယ်”
“..........”
မြို့တော်ဝန်ဟန်သည် မည်သည့်စကားမှ မဆိုချေ။ ထပ်မံ၍ ပြောမည်ဆိုပါက လောကဝတ်ပြုသည်ဟု မထင်ဘဲ တကယ်ပင် တောင်းဆိုစရာရှိသည်များကို တောင်းဆိုနေမည့်ရုပ်မျိုးပင်ဖြစ်သည်။
“ဒါနဲ့”
ကျွင်းချောင်ရှောင်းသည် ခန်းမဆောင်တစ်ခုထဲတွင် ထိုင်ကာ ပြောလိုက်သည်။ “ဒီနှစ်ရဲ့ စားဖိုမှူးပြိုင်ပွဲက လူတွေတော်တော်များများရဲ့ အာရုံကို စွဲဆောင်ထားနိုင်တယ်လေ၊ ဒီတော့ မြို့တော်ဝန်ဟန် အနေနဲ့ တိုက်ရိုက် ထုတ်လွှင့်ဖို့ အစီအစဉ် ရှိသေးလား”
မြို့တော်ဝန်ဟန်က ခေါင်းကို ခါယမ်းလိုက်၏။ “စားဖိုမှူးနတ်ဘုရားပြိုင်ပွဲဆိုတာက မြို့တိုင်းမှာရှိတဲ့ မိသားစုတွေ စုပေါင်းပြီး ကျင်းပကြတာလေ၊ ကျုပ်နဲ့ ဘာမှမဆိုင်ဘူး”
“ကျုပ်သိပြီ”
ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ခွက်ကို ကောက်မော့ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “မြို့တော်ဝန်ဟန်... ဒါက ပိုက်ဆံရှာရဖို့အတွက် အကောင်းဆုံးသော စီးပွားရေး အခွင့်အလမ်း ကြီးလေ”
“ပိုက်ဆံရှာဖို့ အခွင့်အလမ်းကြီး ဟုတ်လား” မြို့တော်ဝန်ဟန်သည် ဇဝေဇဝါ ဖြစ်မိနေ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ သိုင်းပညာရှင်ဆိုတာတွေက အဓိကပဲ၊ ဒါပေမဲ့ အဲလူတွေ အကုန်လုံးကလည်း စားသောက်ခြင်းကို ပြုလုပ်ကြတယ်လေ၊ ဒီတော့ အစားအသောက်ပြပွဲ တွေက တကယ့်ကို လူကြိုက်များကြမှာ မဟုတ်လား၊ ကျုပ်တို့အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြုလုပ်လို့ရတယ်”
မြို့တော်ဝန်ဟန်၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ “အစီအရင်တွေကို ဖန်တီးရတာ ငွေအင်အားကော၊ လူအင်အားပါ ကုန်တယ်လေ၊ အဲပိုက်ဆံတွေကို ဘယ်က ရမှာလဲ”
“ရိုးရှင်းပါတယ်၊ ဒါကို ရင်းနှီးမြှုပ်နှံရမှာပေါ့”
“ရင်းနှီးမြှုပ်နှံရမယ် ဟုတ်လား”
“ဒီကိစ္စကို ခဏထားလိုက်တော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပြိုင်ပွဲမစတင်ခင်မှာ အစီအရင်ကြီးကို အသက်သွင်းလိုက်မယ်၊ ပြီးရင် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကို လူတွေပိုပြီး စိတ်ဝင်စားလာအောင်လို့ ကျုပ်တို့က လုပ်ရမယ်၊ ပြီးရင် မိသားစုတချို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အချိန်ကိုက် ကြေညာရမယ်”
မြို့တော်ဝန်ဟန်သည် ပါးစပ်ထဲတွင်ရှိသော ရေနွေးများ ပန်းထွက်လုမတတ် ဖြစ်သွားတော့သည်။ ကြော်ငြာခြင်း နှင့်ပတ်သက်လျှင် ဤကောင်လေး၏ အရှက်မဲ့လှသော အပြုအမူကို ပြန်လည်ကာ စဉ်းစားမိသည်။
“မြို့တော်ဝန်”
အစေခံတစ်ယောက်သည် ရောက်ရှိလာပြီး ပြောလိုက်၏။ “ထန်မိသားစုရဲ့ ဒုတိယသခင်လေးက လာလည်တယ်”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “ခင်ဗျားအနေနဲ့ ပိုက်ဆံရှာချင်တယ်ဆိုရင် ထန်သခင်လေးက ပိုက်ဆံကောင်းကောင်းပေးနိုင်မယ်ထင်တယ်၊ သူက ကြော်ငြာဖို့အတွက် စိတ်ဝင်စားနေတာလေ”