အခန်း (၈၁၂)
Vol. 55 Ch. 812
ကျွင်းချောင်ရှောင်းသည် အင်ပါယာမြို့ထဲသို့ ဝင်လာသည့်အချိန်တွင် ထန်ရမ်သည် ထိုသတင်းကို ရရှိခဲ့ပြီးဖြစ်၏။ သူသည် ကျွင်းချောင်ရှောင်းနေထိုင်ရန်အတွက် အရင်အိမ်တော်ကိုပင် ကြိုတင်ပြင်ဆင်ခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ မြို့တော်ဝန်ဟန်သည် သူ့ထက် ခြေတစ်လှမ်းဦးသွားခဲ့၏။
ဘယ်က ခြေတစ်လှမ်းဦးတာလဲ၊ ငါက လောကဝတ်အနေနဲ့ ဖိတ်ခေါ်လိုက်တာလေ၊ တစ်ဖက်လူက ဘာမှမဆိုင် ဘဲနဲ့ သဘောတူခဲ့တာ မဟုတ်လား။
“မြို့တော်ဝန်ဟန်၊ ဂိုဏ်းချုပ်ကျွင်း” ထန်ရမ်သည် အစေခံတစ်ယောက်၏လမ်းပြမှုနှင့်အတူ ခန်းမငယ်လေးထဲသို့ ရောက်ရှိလာသည်။ ပြီးသည့်နောက် ဦးညွတ်ကာ ဂါရဝပြုလိုက်တော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သခင်လေးထန်က အချိန်ကိုက် ရောက်လာတာပဲ၊ ဒီကျွင်းနဲ့ မြို့တော်ဝန်ဟန်တို့က စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားဆွေးနွေးနေကြတာလေ”
“ဪ”
ထန်ရမ်သည် ချက်ချင်းပဲ စိတ်ဝင်စားသလို ဖြစ်သွားမိ၏။ “ကျုပ်လည်း အသေးစိတ် ကြားချင်ပါတယ်”
ကျွင်းချောင်ရှောင်းက ထပ်မံကာ ရှင်းပြလိုက်၏။ လက်ရှိအချိန်မှာတော့ သူသည် ဧည့်သည်တစ်ယောက်လို မဟုတ်တော့ချေ။ ဤမြို့တော်ဝန်အိမ်ရာတစ်ခုလုံး၏ ပိုင်ရှင်ကဲ့သို့ပင် ဖြစ်နေသည်။
ဧည့်သည်မှာ မြို့တော်ဝန်ဟန် ဖြစ်လို့နေသည်။ သူသည် ဘေးတစ်ဖက်တွင် ငြိမ်ငြိမ်သက်သက် ထိုင်လျက်ရှိပြီး သေသေချာချာ နားထောင်လျက် ရှိသည်။ သူသည် သူ့ကိုယ်သူ တွေးမိနေ၏။ ဤကောင်လေးသည် ကြော်ငြာခြင်းကိစ္စအကြောင်းကို နားလည်ရုံမျှမက မည်ကဲ့သို့ စီးပွားရေး ပြုလုပ်ရမည်ဆိုသည်ကိုပင် ကောင်းကောင်း သိရှိလို့နေ၏။
“ဒီလိုကိုး”
ကျွင်းချောင်ရှောင်း ပြောပြောပြီးချင်းမှာပဲ သူသည် ရေနွေးတစ်ခွက်ကို ကောက်မော့ကာ ပြောလိုက် တော့သည်။ “သခင်လေးထန်၊ ပုံရိပ်ယောင် အစီအရင်မှာ ခင်ဗျားရဲ့ စီးပွားရေးတွေကို ကြော်ငြာဖို့အတွက် စိတ်ဝင်စားရဲ့လား”
“ဟာ.. စိတ်ဝင်စားတာပေါ့” ထန်ရမ်သည် တစ်ချက်ကလေးမှ မစဉ်းစားခဲ့ချေ။ အရင် နဂါးကျားပြိုင်ပွဲတုန်းက ဂိုဏ်းချုပ်ကျွင်း၏ ရူးရူးမူးမူး ကြော်ငြာခြင်းနည်းလမ်းအား သူသည် မနာလိုဖြစ်မိခဲ့ပြီဖြစ်၏။ ထို့ကြောင့် ၎င်း၏ ကိုယ်ပိုင်ဆေးဆိုင်အား ကြော်ငြာနိုင်မည်ဆိုပါက ကျိန်းသေပေါက် တခြားသူများ၏ အာရုံစူးစိုက်မှုကိုရမှာ သေချာ၏။
“မြို့တော်ဝန်ဟန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သခင်လေးထန်က သဘောတူပြီဆိုမှတော့ ကြော်ငြာခကို တိုင်ပင်ဆွေးနွေးကြတာပေါ့”
ကျွင်းချောင်ရှောင်းသည် တကယ့်ကို အားတက်သရောဖြင့် ကူညီလျက်ရှိ၏။ ပထမဦးဆုံးအနေနှင့် သူသည် သခင်လေးထန်၏ဆေးဆိုင် အောင်မြင်ကျော်ကြားသွားမည်ဆိုပါက သူရရှိမည့်ပိုက်ဆံသည်လည်း ပိုမိုများပြား လာပေလိမ့်မည်။
ဒုတိယအားဖြင့် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကို တိုက်ရိုက်ထုတ်လွှင့်မည်ဆိုပါက လျှိုဝမ်ရှစ် သည်သာ ဗိုလ်စွဲခဲ့မည်ဆိုလျှင် ဂိုဏ်း၏ ဂုဏ်သိက္ခာသည် ထပ်မံ၍ တိုးပွားသွားပေလိမ့်မည်။ ထို့ကြောင့် ခဲတစ်လုံး တည်းဖြင့် ငှက်နှစ်ကောင် ပစ်ခတ်ခြင်းပင်ဖြစ်သည်။
အရိုးသားဆုံးပြောရမည်ဆိုလျှင် ပုံရိပ်ယောင်အစီအရင်ကြီးကို အသက်သွင်းသည်နှင့် သူသည် ကျိန်းသေပေါက် ကြီးမားသည့် အကျိုးအမြတ်ကို ရရှိမှာသေချာ၏။
“မြို့တော်ဝန်ဟန်... ထန်မိသားစုဆေးဆိုင်ရဲ့ ကြော်ငြာမှုကို လက်ခံနိုင်မယ်ဆိုရင် ဒီထန်က ကျိန်းသေပေါက် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းကို ပေးဖို့အစီအစဉ် ရှိပါတယ်”
“ကောင်းပြီ” မြို့တော်ဝန်ဟန်သည် တစ်ခါတည်း သဘောတူညီလိုက်တော့သည်။ ဤအရာကို ပြုလုပ်ရန်အတွက် လူအင်အားနှင့် အရင်းအမြစ်များ လိုအပ်သည်ဆိုသော်လည်း စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း ရရှိမည်ဆိုသည်က အလွန်ထိုက်တန်သည်ဟု ဆိုရမည်။ ပြောနေစရာမလိုပင်၊ ကျွင်းချောင်ရှောင်းသည် ထန်မိသားစုတစ်ခုတည်းကို အားကိုးမိသည်တော့မဟုတ်ပေ၊ တခြားသော စီးပွားရေးမိသားစုများအားလုံးသည်လည်း ဤနေရာသို့ ရောက်ရှိကာ ကြော်ငြာနိုင်ကြ၏။ ထိုသို့ဆိုလျှင် ၎င်းတို့အားလုံးဆီမှ ကြော်ငြာခများ ထပ်မံရရှိမှာ သေချာ၏။ သူသည် သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ ဦးဆောင်မှုနှင့်အတူ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ကဲ့သို့ အသွင်ပြောင်းလဲလျက်ရှိနေ၏။
ကြော်ငြာခြင်းကိစ္စ အဆုံးသတ်သွားပြီးသည့်နောက် မြို့တော်ဝန်ဟန်သည် ချက်ချင်းပဲ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲ ကို ဦးစီးကျင်းပနေသည့် မိသားစုများဆီသို့ သွားရောက်ခဲ့တော့သည်။ ထိုမိသားစုများအားလုံးသည် မြို့တော်ဝန် တစ်ယောက် ပြိုင်ပွဲအား တိုက်ရိုက်ထုတ်လွှင့်ရန် စီစဉ်နေသည်ကို သိရှိလိုက်ရသည့်နောက် အားတက်သရောဖြင့် ထောက်ပံ့ကူညီကြတော့သည်။ ထို့ပြင် ၎င်းတို့အားလုံးသည် ပြိုင်ပွဲ၏ ကျော်ကြားမှုကို ပိုမိုတိုးတက်ချင်သည့် လူများပင် မဟုတ်လား။
“သခင်လေးထန်”
ကျွင်းချောင်ရှောင်းက တီးတိုးပြောလိုက်၏။ “ဒီမှာ အလှအပတွေ ရှိသေးလား”
“ဟမ်”
ထန်ရမ်သည် ကြောင်သွား၏။ ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်း၏ ဆိုလိုရင်းကို ချက်ချင်းပဲ နားလည်လိုက်မိတော့သည်။ “ရှိတာပေါ့”
“တော်တော်များလား”
“အင်း”
“ဆယ်ယောက်လောက်လား”
“နည်းလွန်းတယ်”
ထန်ရမ်သည် တီးတိုး ရေရွတ်လိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက အဲလောက်တောင် အားကောင်းတာလား၊ ဆယ်ယောက်လောက်နဲ့တောင် မကျေနပ်ဘူးထင်တယ်”
“ဒီလိုလုပ်ရအောင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အလှအပတွေ အကုန်လုံးကို ခေါ်လိုက်၊ များလေ ကောင်းလေပဲ၊ သူတို့က သီချင်းဆိုပြီးတော့ ကခုန်နိုင်ရင် အကောင်းဆုံးပဲ”
“ကောင်းပါပြီ”
ထန်ရမ်သည် အလောတကြီးဖြင့် ထွက်ခွာသွားခဲ့တော့သည်။ ပြီးနောက် သူသည် တိတ်တဆိတ် ကြိတ်ကာ တွေးလိုက်မိ၏။ “တစ်ရာလောက် ငါရှာလာမယ်ဆိုရင် ဂိုဏ်းချုပ်ကျွင်းရဲ့ ခန္ဓာကိုယ်က တောင့်ခံနိုင် ပါ့မလား၊ အင်း… ငါဂရုစိုက်စရာမလိုဘူး၊ သူက ဒီလိုအရာမျိုးကို ကြိုက်တယ်ဆိုမှတော့ သဘောကျကျေနပ်အောင် ပြုလုပ်ပေးရမယ်”
ထန်ရမ်သည် ဤနေရာနှင့်ပတ်သက်လျှင် အလွန်ပင် အဆက်အသွယ်ကောင်းလှသူဟု ဆိုရမည်။ ညနေ နေမဝင်ခင် မှာပဲ လှပလှသော မိန်းကလေးတစ်ရာကျော်တို့သည် ကျွင်းချောင်ရှောင်းနေထိုင်ရာ ခြံဝန်း၏ အပြင်ဘက်တွင် စုဝေးရောက်ရှိလာကြ၏။
မြို့ထဲရှိ မိသားစုများနှင့် ဆွေးနွေးရာမှ ပြန်ရောက်လာခဲ့သော မြို့တော်ဝန်ဟန်သည် ထိုအချင်းအရာကိုမြင်တော့ ပြောလိုက်၏။ “သခင်လေးထန်.... ဘာလို့ ဒီလောက်များတဲ့ မိန်းမတွေ ရောက်နေတာလဲ”
“သူတို့အားလုံးက ဂိုဏ်းချုပ်ကျွင်းကို ပြုစုဖို့လေ” ထန်ရမ်သည် ပြုံးကာ တီးတိုးပြောလိုက်၏။
မြို့တော်ဝန်ဟန်သည် ကြောင်သွား၏။ ယောက်ျားတစ်ယောက်အနေဖြင့် မိန်းကလေးများကို နှစ်သက်သည် ဆိုသည်မှာ သာမန်ပင် ဖြစ်၏။ သို့ပေမဲ့ ဤမျှ များပြားလှသော မိန်းကလေးများကို နှစ်သက်သည်ဆိုသည်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ ဂိုဏ်းချုပ်ကျွင်း၏ ခန္ဓာကိုယ်သည် တောင့်ခံနိုင်ပါ့မလားဆိုသည်ကိုပင် သူစိုးရိမ်မိသည်။
ကျွီ
တံခါးပွင့်လာပြီးသည့်နောက်မှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျွင်းချောင်ရှောင်းသည် လျှောက်ထွက်လာခဲ့သည်။ သူသည် ရှေ့တွင်ရှိနေသော လှပသည့်မိန်းကလေးတစ်ရာကျော်တို့ကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် ပြုံးကာ ပြောလိုက်သည်။ “မဆိုးဘူး၊ မဆိုးဘူး”
ထန်ရမ်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဒါဆိုရင် ဂိုဏ်းချုပ်ကျွင်းကို မနှောင့်ယှက်တော့ပါဘူး၊ ဒီထန်က အရင်ဆုံးထွက်သွားတော့မယ်”
“အင်း” ဂိုဏ်းချုပ်ကျွင်းသည် လက်ဆီးကိုဆုပ်ကာဖြင့် ပြန်ပြောလိုက်သည်။
ထန်ရမ်ထွက်ခွာသွားပြီးသည့်နောက် မြို့တော်ဝန်ဟန်သည် လေးလေးနက်နက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း က ငယ်ရွယ်ပြီးတော့ အလားအလာရှိတဲ့လူတစ်ယောက်လေ၊ ဒါပေမဲ့ ကိုယ့်ရဲ့အသက်ဓာတ်တွေကို မထိခိုက်အောင် လို့ သေသေချာချာ ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်မိတယ်၊ ခန္ဓာကိုယ်က အရေးကြီးတယ် မဟုတ်လား”
ဒီကောင်လေးသည် ရူးရူးမူးမူး ကြော်ငြာတတ်ခြင်းနှင့် အစီအရင်အား ကြားဖြတ်ကာ လုယူသွားခဲ့ခြင်း စသည့် အကြောင်းအရာများမှ လွဲရင် သူချီးကျူးမိသော လူတစ်ယောက်ဖြစ်၏။
“စိတ်မပူပါနဲ့၊ မြို့တော်ဝန်ဟန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကျွင်းက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်ပါတယ်”
သို့ပေမဲ့ မြို့တော်ဝန်သည် ဂိုဏ်းချုပ်ကျွင်း၏ စကားကို မယုံကြည်နိုင်ပေ။ သူသည်သာ လှပသည့်မိန်းကလေး တစ်ရာကျော်နှင့် တစ်ညတည်းနေမည်ဆိုပါက အခန်းထဲမှ အပြင်သို့ ထွက်လျှောက်နိုင်လောက်မည် မဟုတ်ချေ။
“အင်း... ဒီလိုဆိုမှာတော့”
မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “ဒီဟန်က ထပ်ပြီး မပြောတော့ပါဘူး”
“အလှအပလေးတို့”
ကျွင်းချောင်ရှောင်းက လက်ခုပ်တီးကာဖြင့် ပြောလိုက်သည်။ “ကဲ စီးပွားရေးလုပ်ရမယ့် အချိန် ကျပြီလေ”
................
နောက်တစ်ရက်မှာတော့ မြို့တော်ဝန်ဟန်သည် စောစောစီးစီးထပြီးနောက် သူ၏ ပန်းခြံထဲရှိ လှပသော မြင်ကွင်း များကို ကြည့်ရှုရန်လာခဲ့သည်။ သေးငယ်လှသည့် ခန်းမဆောင်လေးထဲတွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်း ကိုမြင်တော့ အံ့အားသင့်မိသွားသည်။
“တစ်ညလုံး ဆော့ကစားထားတောင်မှ အစောကြီးနိုးနေသေးတယ် ဟုတ်လား”
ငယ်ရွယ်ရခြင်းသည် အလွန်ပင် ကောင်းမွန်လှ၏။
“မြို့တော်ဝန်ဟန်”
ကျွင်းချောင်ရှောင်းသည် မျက်လုံးကို ဖွင့်ကာဖြင့် ပြောလိုက်သည်။ “မင်္ဂလာမနက်ခင်းပါပဲ”
မြို့တော်ဝန်ဟန်သည် ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ဒီနေ့မှာ တကယ့်ကို အားတက်သရော ဖြစ်နေ တာပဲ၊ မနေ့ကအချိန်ကောင်းတွေကို ပိုင်ဆိုင်ခဲ့တယ်နဲ့ တူတယ်”
“ပြောနေစရာတောင် မလိုဘူးလေ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “မောလွန်းလို့ သေမတတ်ပဲ”
“........”
မြို့တော်ဝန်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မြို့တော်ဝန်ဟန် အနေနဲ့ အစီအရင်ကို ဘယ်တော့ အသက်သွင်းမှာလဲ”
“ဂိုဏ်းချုပ်ကျွင်း ဆုံးဖြတ်လေ”
“ဒါဆိုရင် ဒီနေ့လုပ်ကြတာပေါ့”
“ကောင်းပါပြီ”
၎င်းတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ ထန်ရမ်သည် အထဲသို့ လျှောက်ဝင်လာခဲ့သည်။ ကျွင်းချောင်ရှောင်း၏ ကြည်လင်တောက်ပနေသော မျက်နှာကို မြင်ရချိန်မှာတော့ သူသည် ကြိတ်ကာ ချီးကျူးမိ၏။ “တကယ့်ကို အားကောင်းတဲ့ ဂိုဏ်းချုပ်ကျွင်းပဲ”
“သခင်လေးထန်... ကျုပ်တို့က ပုံရိပ်ယောင်အစီအရင်ကို ဒီနေ့မှာ အသက်သွင်းပြီးတော့ ထန်မိသားစုရဲ့ ဆေးဆိုင်ကို ကြော်ငြာပေးဖို့ စီစဉ်ထားတယ်” မြို့တော်ဝန်ဟန်က ပြောလိုက်သည်။
ထန်ရမ်သည် ပြုံးကာ ပြောလိုက်မိသည်။ “ကျေးဇူးတင်ပါတယ်၊ အရမ်းကို ကျေးဇူးတင်ပါတယ်”
ကျွင်းချောင်ရှောင်းသည် မတ်တပ် ထရပ်ကာဖြင့် အဝေးတစ်နေရာတွင်ရှိသော မြက်ခင်းစိမ်း တည်နေရာတစ်ခုကို လက်ညှိုးညွှန်ပြလိုက်သည်။ “အဲနေရာမှာ လုပ်ကြတာပေါ့”
“ဒီနေရာမှာလား” မြို့တော်ဝန်ဟန်နှင့် ထန်ရမ်တို့သည် ဆွံ့အသွား၏။
ကျွင်းချောင်ရှောင်းသည် ထိုနေရာဆီသို့ လျှောက်သွားပြီးသည့်နောက်မှာတော့ ကျွမ်းတယ်ကျွင်း သင်ပေးထား ခဲ့သော ပုံရိပ်ယောင်အစီအရင် ဖန်တီးခြင်းနည်းစနစ်အား တည်ထောင်တော့၏။ ပြီးသည့်နောက် ပြောလိုက်သည်။
“မြို့တော်ဝန်ဟန်... ခင်ဗျားရဲ့ ပုံရိပ်ယောင်အစီအရင်ကြီးနဲ့ ဆက်သွယ်ပြီးသွားပြီလေ၊ ဒီတော့ သူတို့ကို အသက်သွင်းခိုင်းလို့ရပြီ”
“ကောင်းပါပြီ” မြို့တော်ဝန်ဟန်သည် အစီအရင်ဟောခန်းတွင်ရှိနေသော သူများကို အသံပို့လွှတ်လိုက်၏။
တွီ တွီ
ချက်ချင်းဆိုသလိုပဲ အင်ပါယာမြို့ထဲတွင်ရှိသော ပုံရိပ်ယောင်အစီအရင်များသည် တစ်ခုပြီးတစ်ခု လင်းလက် သွား၏။ ထိုနေရာမှတဆင့် များပြားလှသော စီရင်စုနှင့် မြို့များတွင်ရှိနေသော ပုံရိပ်ယောင်အစီအရင်များသည် လည်း လင်းလက်လာခဲ့သည်။
“အင်ပါယာမြို့မှာရှိတဲ့ ပုံရိပ်ယောင်အစီအရင်က အသက်ဝင်သွားခဲ့တယ်လေ”
“ဘယ်လိုဖြစ်ရတာလဲ၊ ငါမကောင်းတဲ့ ခံစားချက် တစ်ခုခု ရနေကြတယ်”
ကုန်းမြေတိုက်ကြီးထဲတွင်ရှိသော သိုင်းကျင့်ကြံသူများသည် ဆွေးနွေးလျက်ရှိနေကြ၏။ ၎င်းတို့သည် ထင်မှတ်ထား သည့်အတိုင်းပင် ထိုမြင်ကွင်းပေါ်တွင် အလွန်တရာ ရင်းနှီးနေသော မျက်နှာတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။ ထိုသူသည် ပြုံးကာ ပြောလိုက်၏။ “ရောင်းရင်းတို့ ထပ်ပြီးတွေ့ကြပြန်ပြီနော်”
ဤအချိန်မှာတော့ ကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် ပါးစပ်ထဲတွင် ပြောစရာ တစ်ခုသာ ရှိတော့သည်။ (လာပြန်ပြီ ဒီအခွက်ကြီး)
“လေးဆယ့်ကိုးကြိမ်မြောက် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲက စတင်တော့မယ်လေ၊ ဒီတော့ ပုံရိပ်ယောင်အစီအရင် ကြီးကို တစ်နေကုန် တိုက်ရိုက် ထုတ်လွှင့်နေမှာပါ၊ ဒီတော့ ကျေးဇူးပြုပြီး စောင့်မျှော်ကြည့်ရှုကြပါအုံး၊ ဒီပြိုင်ပွဲကို အဓိက ကူညီပံ့ပိုးပေးတဲ့လူတွေကတော့ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းနဲ့ ထန်မိသားစုရဲ့ ဆေးဆိုင်တို့ပါပဲ”
“ပြိုင်စံရှားဂိုဏ်း - ရှေးယခင်ကတည်းက အမွေအနှစ်တွေကို ရရှိခဲ့တဲ့ ဂိုဏ်းတစ်ခုဖြစ်ပြီး ခင်ဗျားတို့ရဲ့ ဘဝအတွက် အကောင်းဆုံးသော ရွေးချယ်မှုပဲ”
“ယောက်ျားတစ်ယောက်အနေနဲ့ သန်မာ အားကောင်းစေဖို့ လိုအပ်တယ်၊ တကယ်လို့ အားကောင်းချင်တယ် ဆိုရင်တော့ ထန်မိသားစုဆေးဆိုင်က ပစ္စည်းတွေကို ဝယ်ယူခြင်းဖြင့် ပိုမိုအားကောင်းတဲ့လူတွေ ဖြစ်လာနိုင် စေတယ်၊ လိပ်သုံးကောင်မလို၊ ထန်မိသားစုရဲ့ ဆေးဆိုင်သာလိုသည်”
ကုန်းမြေတိုက်ကြီး တစ်ခုလုံး “...”
“ပြီးတော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မိန်းမလှလေးတွေရဲ့ ကပြအသုံးတော်ခံမှုကို ကြည့်ရှုကြပါအုံး”
“မိန်းမလှလေးတွေ ဟုတ်လား” ထန်ရမ်နှင့် မြို့တော်ဝန်ဟန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက် ကြသည်။ ဘာတွေဖြစ်မလဲဆိုသည်ကို သူတို့တွေ သိချင်နေမိကြသည်။
ဖြောင်း ဖြောင်း ဖြောင်း
ပုံရိပ်ယောင်မြင်ကွင်းထဲမှ ထွက်ခွာသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးလိုက်တော့၏။ ပြီးနောက် မျက်နှာကို ဇာမျက်နှာဖုံးများ အုပ်ထားသော မိန်းကလေးများ အားလုံးသည် လှပသည့် ခြေလှမ်းများ နှင့်အတူ လျှောက်လှမ်းလာခဲ့တော့၏။
မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဆောင်းဘောက်ဆီမှ စည်းချက် ညီလှသော သီချင်းသံတစ်ခု ထွက်ပေါ်လာတော့သည်။ မိန်းကလေးများသည် စည်းချက်အတိုင်း လှပစွာ ကခုန်လျက် ရှိနေတော့သည်။ တစ်ခါတစ်ရံတွင် စီတန်း၍ ကခုန်ကြပြီး တစ်ခါတစ်ရံတွင် လူစုခွဲကာ ကခုန်ကြသည်။
ပုံရိပ်ယောင်မြင်ကွင်းထဲတွင်တော့ ၎င်းတို့သည် အလွန်တရာ ကြည့်ကောင်းလှသည်မှာ သံသယရှိစရာပင် မလိုချေ။
ထန်ရမ်နှင့် မြို့တော်ဝန်ဟန်တို့သည် အလုံးစုံ ဆွံအလျက်ရှိနေသည်။ ကြော်ငြာမှု - ဒီလိုမျိုး ပြုလုပ်၍ ရနေသည်လား။
သီချင်းအဆုံးသတ်ပြီးသည့်နောက် မိန်းကလေးများအားလုံးသည် တစ်နေရာထဲတွင် စုစည်းထားလိုက်ကြသည်။ ၎င်းတို့၏ လက်ထဲတွင်တော့ ရှည်လျားလှသော စာတမ်းအဝတ်စတစ်ခုကို ကိုင်ဆောင်ထားပြီး ထိုအဝတ်စ၏ အပေါ်မှာတော့ ထန်မိသားစုဆေးဆိုင် ဟူ၍ ရေးသားထားခဲ့တော့သည်။ အလယ်ဗဟိုတွင် ရပ်နေသည့် မိန်းကလေး သည် သူမ၏ မျက်နှာပေါ်ရှိ ဇာပုဝါအား အသာဖယ်ရှားပြီးသည့်နောက် လှပသည့်မျက်နှာလေးတစ်ခု ပေါ်လာ တော့သည်။ သူမသည် ချိုသာသောအသံဖြင့် ပြောလိုက်တော့သည်။ “ဆေးတွေကို ဝယ်ယူဖို့ ထန်မိသားစုကို အားကိုးစို့”
ဝှစ်
ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ရှိနေသော ပုံရိပ်ယောင်မြင်ကွင်းသည် ချက်ချင်းပဲ မဲမှောင်သွားတော့သည်။ ကျွင်းချောင်ရှောင်းသည် လက်အမူအရာကို ပြုလုပ်ပြီး ပြုံးကာ ပြောလိုက်တော့သည်။ “မင်းတို့ အလုပ်ကြိုးစားတဲ့ အတွက် ကျေးဇူးတင်ပါတယ် မိန်းမလှလေးတို့”
“ကျေးဇူးပါပဲ မြို့တော်ဝန်၊ ဒီကျွင်းက ပုံရိပ်ယောင်အစီအရင်ကြီးတစ်ခုလုံးမှာ ဒီမြင်ကွင်းကို မှတ်တမ်းတင်ထား ခဲ့တယ်လေ၊ တစ်နေကုန် ဒါကိုပဲ တောက်လျှောက်ပြနေလို့ရတယ်”
မြို့တော်ဝန်ဟန်နှင့် ထန်ရမ်တို့သည် ပါးစပ်အဟောင်းသား ဖြစ်မိနေကြ၏။ ၎င်းတို့၏ အမူအရာများသည် အလွန်တရာ စိတ်ဝင်စားလျက်ရှိသည်။ ယနေ့မြင်ရသည့်မြင်ကွင်းများသည် သူတို့၏ လောကကြီးအပေါ်တွင် ရှိသော အမြင်၊ ဗဟုသုတများ ပြောင်းလဲသွားခဲ့သည်ကို သူတို့ ကျိန်ဆိုကာ ဝန်ခံရဲကြတော့သည်။