အခန်း (၈၁၃)
Vol. 55 Ch. 813
ကျွင်းချောင်ရှောင်းသည် မနေ့ညက တစ်ညလုံး ဤကဲ့သို့ လှပသည့်မိန်းကလေးအဖွဲ့အား မည်ကဲ့သို့ ကခုန်ရမည် ကို သင်ကြားပေးခဲ့သောကြောင့် အလွန်ပင်ပန်း နွမ်းနယ်ခဲ့ရသည်။ သူသင်ကြားပေးခဲ့သော ကခုန်ခြင်းနည်းစနစ် သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် မတူညီခြားနားလွန်း၏။ ကောင်းမွန်လှသည့် နတ်ဘုရားသီချင်းသံနှင့်အတူ အချိုးအစားလှပသော ခန္ဓာကိုယ်များကို ထင်ဟင်ကာ ကပြရသည့်အကလည်း ဖြစ်နေ၏။
ထို့ကြောင့် ထိုအချင်းအရာကို မြင်ပြီးသည့်နောက်မှာတော့ မြို့တော်ဝန်ဟန်နှင့် ထန်ရမ်တို့သည် အချိန်အတော်ကြာ ဆွံအလျက်ရှိနေသည်။ ဤကဲ့သို့သော မတူညီသော ကခုန်ခြင်းနည်းစနစ်နှင့် ကြော်ငြာခြင်းသည် ခန့်မှန်း၍ မရနိုင်အောင် ထွန်းပေါက်မှာ သေချာ၏။
၎င်းတို့နှစ်ယောက်တည်းသာ မဟုတ်၊ ထိုအကကို မြင်ရသည့် ကုန်းမြေတိုက်ကြီးတွင် ရှိသော ကျင့်ကြံသူများအားလုံးသည်လည်း ဆွံ့အလျက်ရှိသည်။ ဤကဲ့သို့ ခေတ်သစ် ကြော်ငြာခြင်းနည်းစနစ်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ လောကအပေါ် အမြင်ကို ကျိန်းသေပေါက် ပြောင်းလဲသွားစေခဲ့သည်။
ဤအရာသည် ကျွင်းချောင်ရှောင်း၏ စကားလုံးအတိုင်းပင်ဖြစ်သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး နှင့် အသားကျရန် သူသည် ကြိုးစားလိမ့်မည် မဟုတ်ချေ။ သူ၏အကျင့်အတိုင်း ကြယ်ကြွေကုန်းမြေတိုက်ကြီးက လိုက်ပါ၍ အသားကျရမည်ဖြစ်သည်။
ပုံရိပ်ယောင်အစီအရင်တွင် ပြသထားသော အကြောင်းအရာမှာ တခြားသူများ တွေးတောထားခြင်းမရှိသည့် အကြောင်းအရာပင်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ကျွင်းချောင်ရှောင်းသည် လောကကြီးကို ပြောင်းလဲရန် ပြင်ဆင်နေခြင်းပင်ဖြစ်၏။ ပြောင်းလဲနိုင်မည်လား၊ မပြောင်းလဲနိုင်ဘူးလား ဆိုသည် ကတော့ သူ့အနေနှင့် မည်မျှ အတိုင်းအတာအထိ ပြုလုပ်ခဲ့သည်ဆိုသည်မှာ အရေးကြီးလျက် ရှိနေတော့၏။
“အံ့အားသင့်စရာပဲ” မြို့တော်ဝန်ဟန်သည် လေးလေးနက်နက်နှင့် ချီးကျူးလိုက်မိသည်။ ကျွင်းချောင်ရှောင်း၏ ထန်မိသားစုဆေးဆိုင်ကို ကြော်ငြာခြင်းနည်းလမ်းနှင့်ပတ်သက်၍ သူသည် အလွန်တရာ ကောင်းမွန်လှသည်ဟု ဝန်ခံရပေလိမ့်မည်။ သူ၏စိတ်ထဲတွင်လည်း စွဲစွဲမြဲမြဲ သတိရသွားမိ၏။ သတိမရဖြစ်နေသည်လား၊ ကိစ္စမရှိပေ။ ထပ်တလဲလဲ ပြသမည်ဖြစ်သည်။
ဒုန်း ဒုန်း ဒုန်းဒုန်းဒုန်း
စည်းချက်ညီလှသောအသံသည် ပေါ်ထွက်လျက်ရှိနေ၏။ လှပလှသော မိန်းကလေးများ အားလုံးသည်လည်း စည်းချက်နှင့်အညီ ကခုန်လျက် ရှိနေ၏။ ဤကဲ့သို့သော မြင်ကွင်းသည် ပုံရိပ်ယောင်မြင်ကွင်းပေါ်တွင်တော့ အဆက်မပြတ် ပေါ်လာလျက်ရှိနေ၏။ အလုပ်များနေကြသော သိုင်းကျင့်ကြံသူများသည် ရံဖန်ရံခါဆိုသလို မော့ကြည့်လိုက်သည့်အချိန်မှာတော့ ထိုအချင်းအရာကို မြင်ရ၏။ အချို့မှာတော့ စိတ်ရှည်လက်ရှည်နှင့်ပင် စောင့်စားလျက် ကြည့်နေရသည်။
ဟုတ်ပေသည်။ တချို့သော သိုင်းကျင့်ကြံသူများသည် ကြော်ငြာကို ကြည့်ရှုချင်ကြခြင်း မဟုတ်ပေ။ လှပလှသော မိန်းကလေးများ ကခုန်နေသည်ကို ကြည့်ရှုချင်နေခြင်းဖြစ်၏။ ဤကဲ့သို့သော တေးဂီတနှင့် ကခုန်ခြင်းသည် တစ်ချက် ကြည့်လိုက်သည်နှင့် စွဲမက်သွားစေနိုင်သည့် အရာမျိုးပင် ဖြစ်နေတော့၏။ မကြာခင်မှာပဲ ၎င်းတို့သည် ထိုအချင်းအရာကို မမြင်ရလျှင်ပင် မနေတတ်၊ မထိုင်တတ်သလို ခံစားမိလာကြတော့၏။ ဤအရာသည်မှာ တစ်ရက်ပဲ ရှိနေသေး၏။ မိန်းမလှလေးများ၏ ကခုန်မှုသည် ပုံရိပ်ယောင်မြင်ကွင်းထဲတွင်တော့ အကြိမ်တစ်ရာခန့် နီးပါး ပြသခဲ့ပြီးပြီလည်း ဖြစ်သည်။
များပြားလှသော စီရင်စုနှင့် မြို့များတွင်ရှိသော ကလေးများအားလုံးသည် ထိုအကအတိုင်း လိုက်ပါကခုန်၍ သီချင်း များကိုလည်း သီဆိုတတ်နေတော့သည်။ သံသယရှိစရာမလိုပေ။ ကျွင်းချောင်ရှောင်းသည် လူငယ်မျိုးဆက်များ၏ စိတ်ကို ဤကခုန်ခြင်းနည်းလမ်းဖြင့် သိမ်းသွင်းနိုင်ခဲ့ပြီ ဖြစ်၏။
............
ကြော်ငြာမှု ဒုတိယနေ့မှာတော့ အကျိုးသက်ရောက်မှုသည် အလုံးစုံကောင်းမွန်လာခဲ့တော့သည်။ များပြားလှသော ကျင့်ကြံသူများသည် ထန်မိသားစုဆေးဆိုင်သို့သွား၍ ဆေးများ အားရပါးရ ဝယ်ယူကြတော့သည်။ ၎င်းတို့သည် အမှတ်မထင် ထိုဆေးဆိုင်ဆီမှ ဖြတ်လျှောက်လိုက်သည်ဆိုသည်နှင့် သတိတရ ထိုထဲသို့ဝင်၍ ဝယ်ယူတတ်ကြ တော့သည်။
“သခင်လေး”
ညမှာတော့ ဆေးဆိုင် စီမံခန့်ခွဲမှု မန်နေဂျာသည် ရောက်ရှိလာပြီး သတင်းပို့တော့သည်။ “မြို့ရဲ့ အရောင်းအင်အားက သုံးဆယ်ရာခိုင်နှုန်း တိုးသွားတယ်လေ”
“ဒီလောက်တောင် များတာလား” ထန်ရမ်သည် ပျော်ရွှင်သွားမိ၏။ လူလုပ်စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းကို အသုံးပြု၍ ဂိုဏ်းချုပ်ကျွင်းနှင့်အတူ ကြော်ငြာလိုက်ခြင်းသည် လက်ရှိအချိန်မှာတော့ မထင်မှတ်ထားလောက်သော အကျိုးအမြတ်ကို ရရှိနေပြီဖြစ်၏။ ဤအရာသည် အစပိုင်းသာ ရှိနေသေးသည်။ ဆေးဆိုင်၏ ရောင်းချမှုသည် ပိုမိုကာ တိုးတက်လျက် ရှိနေတော့၏။
ရက်အနည်းငယ်အကြာ ဆက်တိုက် ကြော်ငြာပြီးသည့်နောက်မှာတော့ ထန်မိသားစု၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်နေသော တခြားစီးပွားရေးလုပ်ငန်းများ အားလုံးသည်လည်း ပိုမိုကာဖြင့် နာမည်ကျော်ကြားလာတော့သည်။
ထန်မိသားစုသည် များပြားလှသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်၏။ ထို့ကြောင့် လက်ရှိအချိန်တွင် အလွန်တရာ ထင်ပေါ်ကျော်ကြားလျက်ရှိနေတော့သည်။ ထန်မိသားစု၏ ပုံမှန်အစည်းအဝေးမှာတော့ အဘိုးကြီး ထန်သည် ထန်ရမ်ကို ခေါ်၍ အားလုံး၏ရှေ့တွင် ချီးကျူးခဲ့တော့သည်။ ၎င်းသည် ၎င်း၏မြေးကို သေသေချာချာ ကြည့်ရှုလေ ပိုမို၍ နှစ်ခြိုက် သဘောကျလေ ဖြစ်လာ၏။
သို့ပေမဲ့ တိုက်ရိုက်မျိုးဆက်များနှင့် သူ၏ဦးလေးများ အားလုံးသည် ထန်ရမ်ကို သိပ်၍ အခဲမကျေလှချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိသားစုခေါင်းဆောင် ဆိုသည့်ရာထူးကို ရည်မှန်းထားကြသည် မဟုတ်လား။
ဤဝမ်းကွဲအကိုနှင့် ဦးလေးများ အားလုံးသည် အစပိုင်းတုန်းက ထန်ရမ်ကို သိပ်ပြီး အထင်ကြီးလှသည်တော့ မဟုတ်ပေ။ သို့ပေမဲ့ ယခုကဲ့သို့ ကြီးကြီးမားမား တိုးတက်ပြောင်းလဲလာခဲ့ပြီး အဘိုးကြီး၏ ချီးကျူးမှုကို အကြိမ် ပေါင်းများစွာ ရရှိခဲ့ပြီးသည့်နောက် ၎င်းတို့သည် ကြီးမားသည့်ပြိုင်ဘက်ကြီးတစ်ယောက်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း နားလည်မိလိုက်ကြ၏။
………………….
မြို့တော်ဝန်အိမ်တော်၏ နောက်ဘက်ခြံဝန်းထဲမှာတော့ ထန်ရမ်သည် အမှတ်မထင် သက်ပြင်းချလိုက်မိ၏။
“သခင်လေးထန် …. ဘာလို့ သက်ပြင်းတွေ ချနေတာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ထန်ရမ်က နာနာကျင်ကျင်နဲ့ ပြောလိုက်သည်။ “လက်ရှိမှာ အဘိုးကြီးက ကျုပ်ကို မိသားစုအစည်းအဝေးမှာ ခဏ ခဏ ချီးကျူးနေတယ်လေ”
“ဒါက အရမ်းကောင်းတာပေါ့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ထန်ရမ်သည် ဦးခေါင်းကို ခါယမ်းက ပြောလိုက်၏။ “ဝမ်းကွဲနဲ့ ဦးလေးတွေအားလုံးက မိသားစုခေါင်းဆောင်နေရာ အတွက် ယှဉ်ပြိုင်နေကြတာလေ၊ ဒီအတောအတွင်း အဘိုးကြီးက အားလုံးရဲ့ရှေ့မှာ ကျုပ်ကို ချီးကျူးတယ်ဆိုတော့ သူတို့အားလုံးရဲ့ ပစ်မှတ်က ကျုပ်ဖြစ်လာတာပေါ့”
ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ခွက်ကို ကောက်မော့ကာ ပြောလိုက်၏။ “အဘိုးကြီးက ခင်ဗျားအနေနဲ့ အားလုံးရဲ့ ပစ်မှတ်ထားခံရမှုကို ကြံ့ကြံ့ခံ ရပ်တည်နိုင်မလားဆိုတာကို စမ်းသပ်ချင်တာလည်း ဖြစ်လိမ့်မယ်”
“ဒါက” ထန်ရမ်သည် ကြောင်သွားသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားရဲ့ အဘိုးကြီးက နှစ်ပေါင်းများစွာ စီးပွားရေးတွေ လုပ်နေတာလေ၊ ဒီတော့ ခင်ဗျားတို့စားခဲ့တဲ့ ထမင်းလုံးတွေထက် သူကပိုပြီး လမ်းလျှောက်ခဲ့တယ်၊ သူ့ရဲ့ အမူအကျင့်အရဆိုရင် ကြီးမားလှတဲ့ အကြံအစည်မရှိဘဲနဲ့ ဘယ်လိုလုပ် ဒီလို အလုပ်မျိုးကို လုပ်မှာလဲ၊ ပြီးတော့ အစွမ်းအစမရှိဘဲနဲ့ ဒီလောက်ကြီးမားတဲ့ စီးပွားရေးအင်ပါယာကြီးတစ်ခုကို တည်ငြိမ်အောင်လို့ ဖန်တီးထားနိုင်မှာလဲ”
ထန်ရမ်သည် ငြိမ်သက်သွား၏။
ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ “အစစ်အမှန်ယောက်ျားဆိုတာက ဘယ်စိန်ခေါ်မှုကိုမှ ကြောက်လန့်စရာ မလိုဘူးလေ၊ ခင်ဗျားက နောက်ထပ်ဖြစ်တည်လာမယ့် မိသားစုခေါင်းဆောင် အဖြစ် အဘိုးကြီးကို ခင်ဗျားရဲ့လုပ်ရပ်တွေနဲ့ သက်သေပြမှ ဖြစ်လိမ့်မယ်”
“ဒါပေမဲ့”
ထန်ရမ်သည် စိတ်လက်ပူပင်မိ၏။ “ဝမ်းကွဲအစ်ကိုနဲ့ ဦးလေးတွေ အားလုံးကလည်း အားကောင်းလှတယ် လေ၊ သူတို့ စုပေါင်းပြီးတော့ ကျုပ်ကို ပစ်မှတ်ထားလားရင် မလွယ်ဘူး”
စီးပွားရေးနှင့်ပတ်သက်မည်ဆိုလျှင် သူသည် တခြားသောသူများထက် မည်သို့မှ အားမနည်းချေ။ သို့ပေမဲ့ မသင့်တော်သည့်ကိစ္စရပ်များနှင့် သူ့ကိုချောက်ချမည်ကိုတော့ စိုးရိမ်မိ၏။
“သခင်လေးထန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကျွင်းက ခင်ဗျားရဲ့ဘေးမှာ အမြဲတမ်းရှိနေမယ်”
သူသည် မည်သည့်ဘက်တွင် ရပ်နေခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းနှင့် ပြောပြခဲ့ခြင်းပင်ဖြစ်၏။ အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်း၏ အမြင်အရဆိုလျှင် ထန်ရမ်သည် ထန်မိသားစု၏ မိသားစု ခေါင်းဆောင် နေရာကို ကျိန်းသေပေါက် ရယူရမည်ဟု မျှော်လင့်မိ၏။ ထိုမှသာလျှင် ၎င်းတို့သည် ရေရှည်ပူးတွဲ လုပ်ကိုင်ပြီး အနာဂတ်တွင် ပိုက်ဆံများကို ရှာဖွေနိုင်မည် မဟုတ်လား။ ထို့ပြင် ဤကဲ့သို့ ပေါင်းသင်းဆက်ဆံပြီး သည့်နောက် တစ်ဖက်လူ၏ အရည်အသွေးသည် အလွန်ကောင်းမွန်သည်ကို သူသိရှိပြီးဖြစ်၏။ မိတ်ဆွေအဖြစ် ပြုလုပ်ထားရန် သင့်တော်လှသော လူတစ်ယောက်လည်းဖြစ်၏။ ထိုသူသည်သာ မိသားစုခေါင်းဆောင်နေရာ အတွက် ယှဉ်ပြိုင်ချင်သည်ဆိုလျှင် သူသည် ဖြစ်နိုင်သမျှ ကျိန်းသေပေါက် ကူညီရမှာဖြစ်၏။
ထန်ရမ်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ကျေးဇူးပါပဲ ဂိုဏ်းချုပ်ကျွင်း”
ဤကဲ့သို့ အကန့်အသတ်မဲ့ အလားအလာနှင့် ဂိုဏ်းတစ်ခု၏ ထောက်ပံ့မှုကို ရထားသည်ဖြစ်သောကြောင့် သူသည် အနည်းငယ်ယုံကြည်မှုကို ပြန်ရရှိလာ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျေးဇူးတင်စရာမလိုဘူး၊ သခင်လေးထန်ကို ကူညီတယ်ဆိုတာကလည်း ကျုပ်ကိုကျုပ် ကူညီတာနဲ့ တူတူပဲလေ”
ထန်ရမ်သည် ကြောင်သွား၏။ ပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ သဘောပေါက်ကာ ရယ်မောလိုက်မိ၏။ သူသည် ဤကဲ့သို့ တည့်တိုးကာ ပွင့်လင်းတတ်သော လူတစ်ယောက်ကို သဘောကျနှစ်ခြိုက်မိသည်။
ဟုတ်ပေသည်။ ထန်ရမ်သည်လည်း ကောင်းကောင်းသိ၏။ ကျွင်းချောင်ရှောင်း၏ စကားအရဆိုလျှင် သူသည် ရရှိနိုင်မည့် အကျိုးအမြတ်များအားလုံးကို ၎င်းအပေါ်တွင် မူတည်ထားခဲ့ခြင်းဖြစ်ပြီး အဆုံးစွန်အထိ ကျိန်းသေပေါက် ကူညီလိမ်မည် ဖြစ်ကြောင်း နားလည်လိုက်မိ၏။
.................
မိန်းမလှလေးများ၏ ဆက်တိုက်ကြော်ငြာမှုသည် တစ်နေကုန် ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ထင်ပေါ်လျက်ရှိနေ၏။ ထန်မိသားစု၏ ဆေးလုံးအရောင်းဆိုင်သည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုကာ ရောင်းကောင်းလာခဲ့တော့သည်။ ထန်ရမ်သည် ဆိုင်ခွဲများပင် ထပ်မံ၍ ဖွင့်လှစ်နေရတော့သည်။ ထို့ပြင် သူသည် ဆေးလုံးတင်သာမဟုတ်၊ ဆေးပင်နှင့် ကျောက်ရိုင်းတုံးများကိုလည်း စတင်ကာ ရောင်းချရန် ပြင်ဆင်လိုက်တော့သည်။
ထန်မိသားစု၏ အဓိက စီးပွားရေးသည် စိတ်ဝိညာဉ်ကျောက်တုံးများသည်ဖြစ်သည်။ သို့ပေမဲ့ တစ်ခုတည်းသော အရာကို အားကိုး၍ လုပ်ကိုင်နေရခြင်းသည် အကျိုးအမြတ်မရှိဟု သူက ထင်မှတ်မိ၏။ ထန်ရမ်၏ ရည်ရွယ်ချက် သည် အလွန်ပင် ရိုးရှင်းလှ၏။ မိသားစု၏ စီးပွားရေးကို အဘက်ဘက်မှ ပိုမိုတိုးတက် လာစေရန်အတွက် စီးပွားရေးလမ်းကြောင်းများကိုလည်း အဘက်ဘက်မှ ပြန်လည်ဖွင့်လှစ်ထားရန် စဉ်းစားထားခြင်းသာဖြစ်၏။
...................
စားဖိုမှူးနတ်ဘုရားပြိုင်ပွဲကျင်းပရန် လဝက်ကျော် လိုအပ်နေသေး၏။ ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန် အိမ်ရာတွင် ပျင်းပျင်းရိရိနှင့် နေထိုင်ရင်းမှာပဲ တစ်ခါတစ်ရံ ရောင်မုန့်ယဉ်ကိုခေါ်၍ ဈေးဝယ်ထွက်တက်သည်။
“ဂိုဏ်းချုပ်ကျွင်း”
တစ်နေ့မှာတော့ သူသည် သလင်းအမြူတေဆိုင်ထဲမှ လျှောက်ထွက်လာလာခြင်းမှာပဲ ခပ်တောင့်တောင့်လူတစ်ယောက်သည် သူ၏လမ်းကို တားဆီးကာ အချိုးမပြေစွာနှင့် ပြောလိုက်၏။ “ကျုပ်တို့ရဲ့ သခင်လေးက ရိဟုန် စားသောက်ဆိုင်မှာ စားပွဲတစ်ခု ပြင်ဆင်နေတယ်လေ၊ ဒီတော့ ဂိုဏ်းချုပ်ကျွင်းသာ အချိန်ရမယ်ဆိုရင် လိုက်လာ နိုင်မလား သိချင်နေမိတယ်”
“သခင်လေး ဟုတ်လား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
သက်လတ်ပိုင်းလူက ပြောလိုက်သည်။ “ထန်မိသားစုရဲ့ သခင်လေး ထန်လီပါ”
“ဪ”
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “သူက တကယ့်ဆရာကြီးပဲ၊ ကျုပ်ဆီမှာ အချိန်မရှိဘူးဆိုရင်တောင်မှ အချိန်ရှိအောင် လုပ်ရမှာပေါ့”
.......
“ဂျူနီယာညီမလေး... ဘာလို့တစ်ယောက်တည်း ပြန်လာတာလဲ၊ ဂိုဏ်းချုပ်ကော”
“ဂိုဏ်းချုပ်က ရိဟုန်စားသောက်ဆိုင်ဆီကို ဖိတ်ခေါ်ခံရလို့ သွားတယ်လေ”
“ရိဟုန် စားသောက်ဆိုင် ဟုတ်လား၊ ဒါက ဆောင်ကြာမြိုင်တစ်ခုပဲလေ၊ ဂိုဏ်းချုပ်က ဘာလို့ အဲလိုနေရာကို သွားရတာလဲ”
“ကျွန်မလည်း သူ့ကို တားဖို့ ကြိုးစားပါသေးတယ်၊ ဒါပေမဲ့ ဂိုဏ်းချုပ်က သွားချင်နေတယ်ဆိုမှတော့ ဘာတတ်နိုင် ပါ့မလဲ၊ ကျွန်မကိုတောင်မှ ဒီတိုင်းပြန်ဖို့ စေခိုင်းလိုက်သေးတယ်လေ”
“အင်း... ငါသိပြီ၊ စီနီယာအစ်မကို တိုင်ရမယ်”
...............
ရိဟုန် စားသောက်ဆိုင် - အင်ပါယာမြို့၏ အကြီးမားဆုံးသော အထက်တန်းဆောင်ကြာမြိုင်ထဲမှ တစ်ခုဖြစ်သည်။ လက်ရှိအချိန်မှာတော့ အဓိက အခန်း၏တံခါးသည် ဖွင့်ထားပြီး အမျိုးသမီးလေးယောက်တို့သည် အပြင်ဘက်တွင် မတ်မတ်ရပ်ကာ ကြိုဆိုလျက်ရှိနေတော့၏။
“သခင်လေးထန်”
ကျွင်းချောင်ရှောင်းသည် အထဲတွင် ဝင်ထိုင်လိုက်ကာ ပြောလိုက်၏။ “ဆွေးနွေးပွဲ တစ်ခုပဲလေ၊ ဘာလို့ အဲ့လောက်ကြီး ခမ်းခမ်းနားနား လုပ်ထားရတာလဲ၊ မသင့်လျော်ပါဘူး၊ မသင့်လျော်ပါဘူး”
“ဒီတိုင်းလုပ်လို့ ဘယ်ဖြစ်မလဲ” ထန်လီက ပြုံးလိုက်သည်။
ပြီးသည့်နောက်မှာတော့ မိန်းကလေးများအား တစ်ချက် လှမ်းကြည့်လိုက်သည်။ မိန်းကလေးများသည် အသာအယာ နောက်ဆုတ်သွားခဲ့၏။ “ဒီလူက ယောက်ျား တစ်ယောက်ကော ဟုတ်ရဲ့လား”
ဂိုဏ်းချုပ်ကျွင်းသည် သာမန်လူတစ်ယောက် မဟုတ်သည်ကို သိရှိပါက ဤလှပသည့်မိန်းကလေးများသည် အံ့အားတသင့် ဖြစ်သွားကြမှာ သေချာသည်။ အလွန်တရာ လှပသော မိန်းကလေး တစ်ရာကျော်ကိုတောင်မှ အခန်းထဲထည့်၍ အက သင်ပေးခဲ့သည့် ဂိုဏ်းချုပ်ကျွင်းသည် သာမန်မဟုတ်သည်ကို သူမတို့ မသိရှိခဲ့ပေ။
ဂိုဏ်းချုပ်ကျွင်းသည် သာမာန်မဟုတ်ချေ။ သောက်ကျိုးနည်း ဂိုဏ်းချုပ်ကျွင်းပင် ဖြစ်တော့၏။