အခန်း (၈၁၄)
Vol. 55 Ch. 814
ဧည့်ခံ ပြုစုပေးမည့် မိန်းကလေး လေးယောက်တို့ ထွက်ခွာသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။ “သခင်လေးထန်... ဒီဂိုဏ်းချုပ်ကို ဘာလို့ ရှာရတာလဲ”
ထန်လီသည် အနည်းငယ် မျက်မှောင်ကုတ်သွားမိ၏။ ထန်မိသားစု တတိယမျိုးဆက်သခင်လေးတစ်ယောက် အနေနှင့် သူသည် အဓိကဂိုဏ်းများမှ ဂိုဏ်းချုပ်များနှင့် မိတ်ဆွေ အပေါင်းအသင်း ဖွဲ့ထားပြီးဖြစ်သည်။ သို့ပေမဲ့ မည်သူမှသည့် ကိုယ့်ကိုယ်ကိုယ် ဒီဂိုဏ်းချုပ်ဟု ပြောဆိုသုံးနှုန်းကြခြင်း မရှိပေ။
အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ ဒီဂိုဏ်းချုပ်ဟု ပြောဆိုတတ်ခြင်း မရှိပေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တမင်တလာ အသုံးပြုနေခြင်းပင်ဖြစ်သည်။ ဤအရာမှာ သူပြောဆို ဆက်ဆံနေရသည့် နေရာနှင့် လူအပေါ်တွင် မူတည်နေ၏။
ဥပမာအားဖြင့် ထန်ရမ်၊ မြို့တော်ဝင်ဟန်တို့နှင့် စကားပြောဆိုသည့် အချိန်တွင် ဒီကျွင်းဟုသာ ပြောဆိုခဲ့၏။ သို့ပေမဲ့ တခြားသော ဂိုဏ်းချုပ် သို့မဟုတ် ရန်သူများနှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူသည် ဒီဂိုဏ်းချုပ်ဟူသော စကားကို ပြောဆိုတတ်သည်။
ထန်လီ၏အရှေ့မှာတော့ သူသည် သူ့ကိုယ်သူ ဒီဂိုဏ်းချုပ်ဟု ပြောဆိုနေသည်။ ဆိုလိုသည်မှာ ကျွင်းချောင်ရှောင်း သည် တစ်ဖက်လူအား မိတ်ဆွေ အပေါင်းအသင်းအဖြစ် မသတ်မှတ်ထားခြင်းပင် ဖြစ်တော့သည်။ ဤအရာသည် ထန်ရမ်ဘက်မှ နေထိုင်နေ၍ မဟုတ်ပေ။ သူ့ကို ဖိတ်ခေါ်ခဲ့သော သက်လတ်ပိုင်းလူနှင့် သခင်လေးထန်၏ အမူ အကျင့်သည် လုံးဝကို မောက်မာလွန်းသောကြောင့်ဖြစ်သည်။
ဤကဲ့သို့သောသူမျိုးသည် သူချစ်ခင်နှစ်သက်သော သူမျိုးထဲတွင် မပါဝင်ချေ။ ထို့အပြင် သူသည် ထန်ရမ်နှင့် ပူးပေါင်းထားပြီဖြစ်ကြောင်း အားလုံးသောသူများက သိရှိထားပြီးကြပြီဖြစ်သည်။ အဘယ်ကြောင့် သူ့အား ခေါ်ဆိုရသနည်း။
ထန်လီက ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက ငယ်ရွယ်ပြီး အလားအလာရှိတာပဲ၊ ဂိုဏ်းကလည်း လတ်တလောမှာ အောင်မြင်ကျော်ကြားနေတယ်လေ၊ ဒီတော့ ဒီသခင်လေးက အရမ်းကို ချီးကျူးမိတယ်လေ၊ ဒါကြောင့် ဒီနေမှာ ဖိတ်ခေါ်ပြီးတော့ မိတ်ဆွေအပေါင်းအသင်း ပြုလုပ်ချင်တာပါ”
သူ့အနေနှင့် စီးပွားရေးမိတ်ဖက်တစ်ယောက်အဖြစ် ကျွင်းချောင်ရှောင်းကို ဖိတ်ခေါ်ချင်သည်ဆိုမှတော့ လေးလေး နက်နက် ပြင်ဆင်ထားရတော့မှာဖြစ်သည်။
သို့ပေမဲ့ သူသည် အမူအရာနှင့် အခမ်းအနား အပြင်အဆင်အရ ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ထားခဲ့သည်ဆိုသော်လည်း စိတ်ထဲတွင်တော့ နှစ်နှစ်ကာကာ ယုံကြည်သက်ဝင်မှု မရှိသည်ကို ကျွင်းချောင်ရှောင်းက ခံစားမိ၏။
ကျွင်းချောင်ရှောင်းသည် ကြောင်အအနှင့် ပြောလိုက်မိသည်။ “သခင်လေးထန်က ဒီလောက် ပိုက်ဆံတွေ အများကြီး သုံးထားတာဆိုတော့ ဒီဂိုဏ်းချုပ်က ရှက်ရွံ့မိတယ်လေ”
“အဆင်ပြေပါတယ်”
ထန်လီက ပြုံးကာ ပြောလိုက်သည်။ “ဒါက နည်းနည်း အကုန်အကျများတယ်ဆိုပေမဲ့ ဒီသခင်လေး တတ်နိုင်တဲ့အရာပဲလေ”
“ဒီလိုဆိုမှတော့”
ကျွင်းချောင်ရှောင်းသည် သူ၏ဘေးတွင်ရှိနေသော အစားအသောက်စာရွက်အား ကောက်ကိုင်ကာ ပြောလိုက်တော့၏။ “ကျုပ်မှာလို့ရပြီလား”
“ကျေးဇူးပြုပြီး … မှာပါ” ထန်လီက ပြုံးလိုက်သည်။
“မရွေးတော့ဘူး”
ကျွင်းချောင်ရှောင်းသည် ထိုစာရွက်အား အသာချပြီး ပြောလိုက်သည်။ “ဟင်းပွဲတွေ တစ်ခုစီသာ ပေးတော့”
ထန်လီ၏ အမူအရာသည် အေးခဲသွားသည်။ “ဒီ … ဒီထဲမှာ အစားအသောက် အမျိုးအစား တစ်ရာကျော်လောက် ရှိတယ်လေ၊ ဂိုဏ်းချုပ်ကျွင်း ဒါတွေအကုန်လုံးကို စားနိုင်လို့လား”
“အင်း ကျုပ် ဒါတွေအကုန်လုံးတော့ ဘယ်စားနိုင်ပါ့မလဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ ဈေးအကြီးဆုံး ဝိုင်တွေထဲက ဝိုင်အနည်းငယ်နဲ့ သောက်ပြီးစားလိုက်ရင်တော့ ပြဿနာမရှိဘူးလေ။ ဗိုက်ချောင်သွားမှာမဟုတ်လား”
..................
ထန်လီ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
“ထားလိုက်ပါတော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သခင်လေးထန်ရဲ့ အမူအရာကို ကြည့်ရတာ ထမင်းတစ်ပန်းကန်နဲ့ ဟင်းတစ်ပွဲလောက်ပေးရင် ရပါပြီ”
“မဟုတ်ဘူး၊ မဟုတ်ဘူး”
ထန်လီသည် အလောတကြီးဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း စားနိုင်တယ်ဆိုမှတော့ ဒီသခင်လေးက ကောင်းကောင်းမွန်မွန် ကျွေးမွေးရမှာပေါ့၊ ချေးပြီး ကျွေးမွေးရမယ်ဆိုရင်တောင်မှ ဝမ်းမြောက်ဝမ်းသာနဲ့ ကျွေးမှာပဲလေ”
သူသည် ဘေးတစ်ဖက်တွင် စောင့်၍ ကြည့်နေသော အဘွားအိုဆီသို့ လှမ်းကြည့်ကာ ပြောလိုက်၏။ “ဆိုင်ရှင် ရှင်း... ခင်ဗျားတို့ စားသောက်ဆိုင်မှာရှိတဲ့ ဟင်းပွဲအကုန်လုံး တစ်ပွဲစီပေး”
“ကောင်းပါပြီ သခင်လေးထန်” ဆိုင်ရှင်ရှင်းသည် ထွက်ခွာဟန် ပြင်လိုက်သည်။
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “တကယ်လို့ စားလို့မကုန်ဘူးဆိုရင်ကော ထုတ်ယူသွားလို့ ရလား”
............
ထန်လီသည် မြေပေါ်သို့ လဲကျလုမတတ်ဖြစ်သွားသည်။ အစ်ကိုကြီး... မစားနိုင်ရင်လည်း အများကြီး မမှာနဲ့လေ၊ ပြီးတော့ ထုတ်ယူသွားမယ်ဆိုတာ ဘာသဘောလဲ။
ဤသခင်လေးသည် ပိုက်ဆံရှားပါးနေသည် မဟုတ်ချေ။ သို့ပေမဲ့ ပိုက်ဆံကို ဖြုန်းတီးခြင်းတော့ မလုပ်ချင်ပေ။
ဆိုင်ရှင်ရှင်းက ပြုံးကာ ပြောလိုက်၏။ “သခင်လေးထန်ရဲ့ မိတ်ဆွေ ဆိုမှတော့ ယူချင်သလောက် ယူသွားလို့ ရပါတယ်”
“အင်း”
ကျွင်းချောင်ရှောင်းသည် ထန်လီကို လှမ်းကြည့်ကာ ပြောလိုက်၏။ “ကျုပ်ဆီမှာ မစားရ၊ မသောက်ရ ဖြစ်နေတဲ့ တပည့်တစ်ယောက် ရှိသေးတယ်လေ၊ သူ့ကို လာခိုင်းရင် အဆင်ပြေတယ် မဟုတ်လား”
ထန်လီသည် ယဉ်ကျေးစွာဖြင့် ပြောလိုက်မိသည်။ “စိတ်မရှိပါဘူး”
................
ရွှီး
မကြာခင်မှာပဲ ခရမ်းရောင်ဘုရင်သည် ဂိုဏ်းချုပ်၏ အသံပို့ချက်ကို ရရှိပြီးရောက်ရှိလာခဲ့သည်။ သူသည် ထိုင်ခုံတွင် ဝင်ရောက်ထိုင်ပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် စားပွဲကြီးပေါ်တွင်ရှိနေသော များပြားလှသည့် ဟင်းပွဲများကို ကြည့်ရင်း ချက်ချင်း မျက်လုံးပြူးသွားမိ၏။ စားပွဲပေါ်တွင် ဟင်းပွဲပေါင်းများစွာ ရှိနေ၏။ ထို့ပြင် နေရ ထားစရာ မရှိသောကြောင့် များပြားလှသော အစေခံများသည် တစ်ယောက်ကို ဟင်းနှစ်ပွဲဆီကိုင်၍ ဘေးတွင် မတ်မတ်ရပ်လျက် ရှိနေကြသေး၏။
ဘာတွေဖြစ်နေသနည်း။
“ကျိရှု”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျား မစားရတာ တော်တော်ကြာနေပြီမဟုတ်လား၊ ဒီတော့ သခင်လေးထန်က အစားအသောက်တွေ ကျွေးမွေးတုန်း ကုန်အောင်စား၊ ရှက်မနေနဲ့”
သူသည် အသံပို့လွှတ် လိုက်၏။ “စားနိုင်သမျှစား မလောက်ရင် ထပ်မှာမယ်”
................
ခရမ်းရောင်ဘုရင်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ သို့ပေမဲ့ ဂိုဏ်းချုပ်က ထိုသို့ ပြောနေသည်ဆိုမှတော့ သူသည် အသက်ကို ပြင်းပြင်းရှူကာဖြင့် ပြောလိုက်သည်။ “ဒီလိုဆိုမှတော့ ကျုပ်လည်း ရှက်မနေတော့ဘူး”
ထန်လီက ပြောလိုက်သည်။ “ကျေးဇူးပြုပြီး စားပါအုံး”
ဖောင်း ….။
ပြောပြောပြီးချင်းမှာပဲ ခရမ်းရောင်ဘုရင်၏ အဝတ်အစားများအားလုံးသည် ရုတ်တရက် ပွင့်ထွက်သွားခဲ့၏။ သူ၏ တစ်ကိုယ်လုံးတွင် အနီရောင်အတွင်းခံ တစ်ထည်သာ ကျန်ရှိတော့၏။ ဤကဲ့သို့ ရုတ်တရက်ပြောင်းလဲမှုသည် သခင်လေးထန်အား ထိုင်ခုံမှ ပြုတ်ကျလုမတတ်ပင် ထိတ်လန့်တုန်လှုပ်မိစေ၏။
ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံးသည်လည်း ရှုံ့မဲ့သွားခဲ့သည်။ ချီးတဲ့မှ... စားတဲ့အချိန်လေးတော့ အင်္ကျီကောင်းကောင်းလေး ဝတ်ထားလို့ မရဘူးလား။
“ဂိုဏ်းချုပ်ကျွင်း... ခင်ဗျားရဲ့တပည့်က”
ထန်လီသည် ဇဝေဇဝါ ဖြစ်မိနေ၏။ ထို့ပြင် သူသည် ဂုဏ်သိက္ခာကြီးမားလှသော မိသားစုကြီးမှ လူဖြစ်သည်မို့ ယဉ်ကျေးမှုလည်းရှိ၏။ ဤကဲ့သို့သော ကိုယ်လုံးတီးအခြေအနေနှင့် ထမင်းစားသည်ဆိုခြင်းမှာ သင့်လျော်လှသော အမူအကျင့် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သခင်လေးထန်... စိတ်မရှိပါနဲ့ ကျုပ်ရဲ့တပည့်က အဲလို ကိုယ်လုံးတီး စားမှ အဆင်ပြေတာလေ”
“..........”
ထန်လီသည် ပြိုလဲလုမတတ် ဖြစ်နေသည်။ “ဘယ်လို လူမျိုးပါလိမ့်”
ခရမ်းရောင်ဘုရင်သည် တခြားသောသူများ၏ ထူးဆန်းလှသော အကြည့်များကို လျစ်လျှူရှုထား၏။ သူသည် အရှေ့တွင်ရှိသော ဟင်းပွဲအနည်းငယ်ကို လှမ်းဆွဲကာဖြင့် အားရပါးရ စားတော့သည်။ အရသာသည် လျှိုဝမ်ရှစ် ချက်ပြုတ်ထားသော ဟင်းပွဲများလောက် မကောင်းသည်ဆိုသော်လည်း အသားကြမ်းများထက်တော့ ပို၍ စားကောင်းသေး၏။ ထို့ကြောင့် သူ့အနေနှင့် ကျိန်းသေပေါက် စားရပေတော့မည်။
“စားပဲ စားမနေနဲ့၊ ဝိုင်လေးဘာလေးသောက်အုံး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီဝိုင်တစ်ခွက်က အနည်းဆုံးတော့ ငွေတစ်သောင်းလောက် တန်တယ်မဟုတ်လား”
“ကောင်းပါပြီ၊ ကောင်းပါပြီ”
ခရမ်းရောင်ဘုရင်သည် လက်နှစ်ဖက်ဖြင့် စားလျက်ရှိသည်။ လက်တစ်ဖက်တွင် ထမင်းများကို ကိုင်ရင်း လက်တစ်ဖက်တွင် ဝိုင်ခွက်ကို ကိုင်ထား၏။ သူသည် တစ်ခါစားလျှင် လေးငါးလုတ်လောက် ပါးစပ်ထဲကို ထိုးသွင်းလျက်ရှိသည်။ လူသားတစ်ယောက်သာဆိုလျှင် ဤကဲ့သို့ များပြားလှသည့် အရာများကို စားသည်ဆိုပါက ကျိန်းသေပေါက် ကုန်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူသည် သားရဲတစ်ကောင်ဖြစ်သည်မို့ အနှောက်အယှက်မရှိ စားနိုင်စွမ်းရှိသည်။ သူသည် ရိဟုန်စားသောက်ဆိုင်တွင် ရှိနေသော အရာအားလုံးကိုပင် စားသောက်နိုင်စွမ်း ရှိနေ၏။
ပျော်ပျော်ရွှင်ရွှင် စားသုံးနေသည်ကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည်လည်း ဆာလောင်လာခဲ့၏။ ထို့ကြောင့် သူ၏ ဂိုဏ်းချုပ်ဆိုသော ဂုဏ်သိက္ခာကို ဘေးဖယ်ထားကာ အားရပါးရ လွေးတော့သည်။
သီးသန့်ခန်းထဲမှာတော့ ထန်လီသည် မျက်လုံးအပြူးသားဖြင့် ဖြစ်နေ၏။ ၎င်း၏ရှေ့တွင် ရှိနေသော ဇူဇကာပုဏ္ဍား ကဲ့သို့ အားရပါးရ စားသောက်နေသော လူနှစ်ယောက်ကို ကြည့်ပြီး သူသည် ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်မိနေ၏။
“ဂိုဏ်းချုပ်ကျွင်း”
“ခဏလေး... ပြောစရာတစ်ခုခုရှိရင် ဝအောင်စားပြီးမှ ပြောကြတာပေါ့”
“ကောင်းပြီ” ထန်လီသည် မည်သည့်စကားမှ ဆက်၍ မဆိုတော့ချေ။
နာရီဝက်လောက်ကြာပြီးသည့် နောက်မှာတော့ စားပွဲပေါ်တွင် များပြားလှသော ပန်းကန်ပြားအလွတ်များ တည်ရှိလို့နေသည်။ ထိုပန်းကန်ပြား များပေါ်တွင် ဆီတစ်စက်ပင် မကျန်ခဲ့ချေ။ အရာအားလုံးကို ပြောင်ရှင်းအောင် စားသုံးထား၏။
ကျိရှုဆိုသော လူသည် ပန်းကန်ပြားပေါ်တွင် ဆီကျန်မည်ကို စိုးရိမ်သောကြောင့် လျှာဖြင့်ပင်လျက်၍ ထားသေး၏။ ထို့အပြင် ငွေတစ်သောင်းခန့်ကုန်သော ဝိုင်ဂျားများသည်လည်း ငါးဂျား၊ ခြောက်ဂျားခန့် သောက်ခဲ့ပြီးပြီဖြစ်သည်။
“...........”
ထန်လီ၏ မျက်နှာတစ်ခုလုံးသည် တုန်ခါလျက်ရှိသည်။ သူသည် ပိုက်ဆံလိုအပ်နေသူတစ်ယောက် မဟုတ်ချေ။ အလွန်တရာဈေးကြီးလှသော စားခြင်းသောက်ခြင်းကိုပင် ပြုလုပ်နိုင်၏။ သို့ပေမဲ့ ဤကဲ့သို့သော ကုန်ကျစရိတ်မျိုး သည် သူ့အား မျက်ဖြူဆိုက်စေသည်။ ပိုက်ဆံဆိုသည်မှာ အလွန်တရာ ရှာရခက်သည့်အရာမျိုးဖြစ်သည်။ တွင်းထဲမှ နှိုက်၍ ရရှိနိုင်သည့်အရာမျိုးလည်း မဟုတ်ချေ။
ဟူး
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီထိုင်လိုက်ပြီးနောက် သွားကြားထိုးတံကို ကိုက်ကာ ပြောလိုက်သည်။ “ဒီလို ဖော်ဖော်ရွေရွေနဲ့ ခေါ်ပြီးကျွေးမွေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးထန်”
ထန်လီသည် ဧည့်ဝတ်ကျေပွန်စွာဖြင့် ရင်နာနာ ပြုံးလိုက်မိသည်။ သူသည် မျက်စိထောင့်မှတဆင့် ပြိုင်စံရှားဂိုဏ်း တပည့်ဆီသို့ လှမ်းကြည့်လိုက်သည်။ ဤလူသည် အများဆုံးစားနိုင်ခဲ့၏။ ကြည့်ရသည်မှာ ဗိုက်တစ်ဝက်လောက်ပင် ဝသေးပုံမပေါ်ချေ။
“ဂိုဏ်းချုပ်” ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။
“ထပ်ပြီးမှာလို့ရသေးလား”
“ဒါက …”
ကျွင်းချောင်ရှောင်းသည် ထန်လီကို ကြည့်ကာ ပြောလိုက်၏။ “ဒါက သခင်လေးထန်အပေါ် မူတည်တယ် လေ”
ထန်လီသည် သောက်ကျိုးနည်းဟု ထဆဲလုမတတ်ပင် ဖြစ်သွားတော့သည်။ သို့ပေမဲ့ သူ၏ဖော်ရွေမှုကို ပြသသည့် အနေဖြင့် အားတင်းကာ ပြုံးလိုက်မိသည်။ ပြီးနောက် ပြောလိုက်သည်။ “ကျေးဇူးပြုပြီး မှာပါ”
“ဒါဆိုရင် ဟင်းပွဲတစ်ခုကို တစ်မျိုးစီ ထပ်ပေးအုံး၊ ပြီးတော့ ဝိုင် လေးဂျား လည်း ယူခဲ့ပေးအုံးနော်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ တစ်စုံတစ်ယောက်သည် ဧည့်ဝတ်ကျေပွန်စွာဖြင့် ကျွေးမွေးနေသည် ဆိုမှတော့ သူသည် စားနိုင်သမျှ စားရပေလိမ့်မည်။ အားနာနေ၍ မဖြစ်ချေ။ ထို့အပြင် အားနာခြင်းဆိုသည်မှာ ကျွင်းချောင်ရှောင်းတွင် ရှိသောအရာလည်း မဟုတ်ပေ။