အခန်း (၈၁၇)
Vol. 55 Ch. 817
“ဂိုဏ်းချုပ်ကျွင်း”
မြို့တော်ဝန်အိမ်ရာကို ပြန်ရောက်ပြီးသည့်နောက် မြို့တော်ဝန်ဟန်သည် ဆွံ့အလျက်ရှိ၏။ “ခင်ဗျားက ကျုပ်ကို တခြားသူတွေရဲ့ အမြင်မှာ အထင်အမြင်သေးအောင် လုပ်နေသလိုပဲ”
သူသည် မြို့တော်ဝန် တစ်ယောက် ဖြစ်သည်ဆိုသော်လည်း စည်းမျဉ်းစည်းကမ်းများကို လျစ်လျှူရှုထားခဲ့၏။ ထို့ပြင် များပြားလှသော လူများသည်လည်း လက်ရှိတွင် ကြည့်ရှုလျက်ရှိသည်။ ပြိုင်စံရှားဂိုဏ်းကို အတင်းကာရော ကာကွယ်ပေးနေခြင်းမှာ သင့်လျော်လှသော ကိစ္စမဟုတ်ချေ။
“ကျုပ် ထပ်ပြီးမလုပ်တော့ပါဘူး” ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် တောင်းပန်လိုက်မိ၏။ သူနှင့် မြို့တော်ဝန်ဟန်တို့သည် စီးပွားရေးလက်တွဲဖော်များဖြစ်၏။ ထို့ကြောင့် လက်ရှိအချိန်တွင် ကျိန်းသေပေါက် တစ်ဖက်လူကို တောင်းပန်ရပေလိမ့်မည်။
“နောက်ထပ် စီးပွားရေးမိသားစုနှစ်ခုက ကြော်ငြာဖို့လုပ်ငန်းကို ရရှိသွားတယ်၊ ဒီတော့ ကြော်ငြာဖို့ လုပ်ရမယ်” မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ စီးပွားရေးကိစ္စများကို ပြောဆိုသည့်အချိန်တွင် ဤသိုင်းနယ်မြေ ကျင့်ကြံသူ သည် ချက်ချင်းပဲ ပြောင်းသွားမိ၏။ ကျန်သောကိစ္စများအားလုံးသည် ကိစ္စသေးများသာဖြစ်သည်။ ပိုက်ဆံရှာခြင်း လုပ်ငန်းသည်သာ ကြီးမားသောကိစ္စဖြစ်သည်။
“ပြဿနာမရှိဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ မြို့တော်ဝန်ဟန်နှင့် အချိန်အတော်ကြာ စကားပြော ပြီးသည့်နောက်မှာတော့ သူသည် ခဏတာ နားနေရာ ခြံဝန်းဆီသို့ ပြန်လာခဲ့တော့သည်။
လျှိုဝမ်ရှစ်သည် ခန်းမဆောင်ထဲတွင် တစ်ယောက်တည်း ထိုင်နေသည်ကို မြင်လိုက်ရ၏။ သူမ၏ မျက်နှာပေါ်တွင်တော့ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။
“ဒါပေမဲ့ တခြား တခြားရှိသေးတယ်လေ” လျှိုဝမ်ရှစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်လိုက်မိသည်။ “မင်းကို အထင်အမြင်သေးတဲ့လူတွေကို ဘယ်လိုမှ သည်းခံမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အထင်မသေးအောင် လုပ်ဖို့ကတော့ ကိုယ့်ဆီမှာပဲ တာဝန်ရှိ တယ်လေ၊ မဟုတ်ရင်တော့ မျှော်လင့်ချက်မဲ့သွားပြီပဲ”
လျှိုဝမ်ရှစ်သည် ခေါင်းကို အသာမော့လိုက်၏။ တရားမဝင်သမီးဆိုသည့်အရာသည် သူမနှလုံးသားထဲတွင် အပ်နှင့် စိုက်သလို နာကျင်သည့်အရာပင်ဖြစ်ခဲ့၏။
“ဒီမှာကြည့်”
ကျွင်းချောင်ရှောင်းသည် အလယ်ခန်း၏ အဝင်ဝတွင် ပျော်ပျော်ရွှင်ရွှင်နှင့် ထမင်းစားလျက်ရှိသော ခရမ်းရောင်ဘုရင်ကို လက်ညှိုးထိုးကာ ပြသလိုက်၏။ “သူက သားရဲမျိုးနွယ်ရဲ့ဘုရင်လေ၊ သူ့ရဲ့ ဂုဏ်သိက္ခာက အရမ်းကို ကြီးမားတယ်မဟုတ်လား၊ ဒါပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်တစ်ယောက်ဖြစ်လာတဲ့အတွက် သူ့က ပျော်ရွှင် နေမယ်ထင်လို့လား”
လျှိုဝမ်ရှစ်က ဆွံ့အလျက်ရှိသည်။ “အခု သူဘာလို့ ပျော်ရွှင်နေတာလဲ”
“ဘာလို့လဲဆိုတော ထမင်းကြော်ကို စားနေရလို့လေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုမျိုး ကြီးကျယ် ခမ်းနားလှတဲ့ သားရဲဘုရင်တစ်ယောက်က ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ဖယ်ရှားပြီးတော့ ပြိုင်စံရှားဂိုဏ်းထဲမှ တပည့် တစ်ယောက်အဖြစ် လာနေတယ်ဆိုတာက ကျိန်းသေပေါက် သူနှစ်သက်တဲ့အရာတစ်ခု ရှိနေလို့ပေါ့”
ဂိုဏ်းချုပ်၏ ရှင်းပြမှုကို ကြားသိပြီးသည့်နောက်မှာတော့ လျှိုဝမ်ရှစ်သည် တစ်စုံတစ်ခုကို နားလည်သွား၏။ အထူးသဖြင့် ထမင်းကြော်များကို အားရပါးရ စားလျက်ရှိသော ခရမ်းရောင်ဘုရင်ကို လှမ်းကြည့်လိုက်သည့်အချိန် မှာတော့ သူမသည် ပြုံးရွှင်သွားမိသည်။ “ဒီတပည့်က နားလည်သွားပါပြီ”
“ဒါဆိုရင် ပြိုင်ပွဲက စတော့မယ်လေ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မင်းဘာလိုတာလဲဆိုတော့ မင်းရဲ့ စိတ်အခြေအနေကို တည်ငြိမ်အောင် ထားရမယ်၊ ပြိုင်စံရှားဂိုဏ်းကို ကိုယ်စားပြုပြီးတော့ ပြိုင်ပွဲမှ ဗိုလ်စွဲအောင် ပြုလုပ်ရမယ်”
“ကောင်းပါပြီ” လျှိုဝမ်ရှစ်သည် လေးလေးပင်ပင်နှင့် ခေါင်းညိတ်လိုက်မိ၏။
ကျွင်းချောင်ရှောင်းသည် လက်တစ်ချက်ကို ယမ်းခါလိုက်ပြီးသည့်နောက် အဖြူရောင်ဝတ်စုံကို ထုတ်ယူကာ ပြောလိုက်သည်။ “ဒါက ရှေးဘိုးဘေးတွေ ဝတ်ဆင်တဲ့ စာဖိုးမှူးဝတ်စုံပဲ၊ ဂိုဏ်းရဲ့ဂုဏ်သိက္ခာကို ပြသဖို့အတွက် ဒါကို ဝတ်ရမယ်”
စနစ်က ခွန်းတုံ့ပြန်လိုက်သည်။ “ဒါ စတိုးထဲက ဝယ်လာတာ မဟုတ်ဘူးလား”
ကျွင်းချောင်ရှောင်းအနေနှင့် လျှိုဝမ်ရှစ်ကို အားပေးနေခြင်းဖြစ်သည်ကို စနစ်သည် ကောင်းကောင်း နားမလည်ချေ။ ထိုသို့သာ မပြုလုပ်ဘူးဆိုပါက လျှိုဝမ်ရှစ်အနေနှင့် ကျိန်းသေပေါက် စိုးရွံ့မှုများ၏ သက်ရောက်မှုကို ခံစားရပေလိမ့်မည်။
ပလပ် ပလပ်
တံခါး၏ရှေ့တွင် ထိုင်ကာ စားသောက်နေသော ခရမ်းရောင်ဘုရင်သည် ကျွင်းချောင်ရှောင်းကို လှမ်းကြည့်ကာ တွေးလိုက်မိ၏။ “ဒီလူတွေ ဘာတွေပြောနေကြပြန်တာလဲ”
.............................
ဆယ့်ကိုးရက်နေ့
ရာသီဥတု တစ်ခုလုံးသည် နေသာလျက်ရှိနေပြီး ကြည်လင်ရှင်းသန့်နေ၏။ နိုင်ငံအသီးသီးဆီမှ သိုင်းကျင့်ကြံသူ များသည် မြို့၏ အရှေ့ဘက်ဆီသို့ သွားနေကြပြီး ကျယ်ပြောလှသော တည်နေရာကြီးတစ်ခုဆီသို့ ရောက်ရှိသွား ခဲ့ကြသည်။ ကျွင်းချောင်ရှောင်းသည် ရောင်မုန့်ယဉ်နှင့် ခရမ်းရောင်ဘုရင်တို့ကို ခေါ်ဆောင်လာကာ ကြည့်ရှုတော့သည်။
“ဂိုဏ်းချုပ်ကျွင်း”
သူထိုင်ထိုင်ချင်းမှာပဲ ထန်ရမ်သည် ရောက်ရှိလာကာ ပြောလိုက်၏။ “ကျုပ် ခင်ဗျားတပည့်ကို လာအားပေးတာ”
“ကျေးဇူးပါပဲ” ကျွင်းချောင်ရှောင်းသည် ပြန်လည်ကာ ဂါရဝပြုလိုက်သည်။
အားလုံး၏ ရှေ့မြင်ကွင်းထဲတွင်တော့ ကျယ်ပြောလှသော စင်မြင့်ကြီးတစ်ခု တည်ရှိနေသည်။ ထိုအပေါ်တွင် မီးဖိုနှင့် ချက်ပြုတ်စရာပစ္စည်းများအားလုံး တည်ရှိလို့နေ၏။ အမှန်ပင်ဖြစ်သည်။ ဤနေရာသည် စားဖိုမှူး နတ်ဘုရားပြိုင်ပွဲ ကျင်းပရာ နေရာပင် ဖြစ်တော့၏။ ပြိုင်ပွဲစတင်သည့်အချိန်တွင် တစ်လောကလုံးတွင်ရှိကြသော စားဖိုမှူးများသည် ရောက်ရှိလာခဲ့ကြပြီး စားဖိုမှူးနတ်ဘုရားဆိုသည့် ဘွဲ့ထူးကို ရရှိရန်အတွက် ဤနေရာတွင် ပြိုင်ဆိုင်ကြပေလိမ့်မည်။
ပုံရိပ်ယောင်အစီအရင်ကြီးသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးဆီသို့ ဤမြင်ကွင်းအား ထုတ်လွှင့်လျက်ရှိသည်။ ဤနေရာသို့ မလာနိုင်သော ကျင့်ကြံသူများအားလုံးသည် မုန့်ပဲသရေစာများ၊ နေကြာစေ့များအားလုံးကို ယူ၍ တိုက်ရိုက်ထုတ်လွှင့်မှုကို အားရပါးရ ကြည့်ရှုအားပေးလျက် ရှိနေကြ၏။
ဟုတ်ပေသည်။ ဤအရာသည် သွေးဆူ ရလောက်သည့် တိုက်ခိုက်ရေးတိုက်ပွဲမျိုးလည်း မဟုတ်ချေ။ အလွန်တရာ ပျင်းရိငြီးငွေ့စရာကောင်းသည့် ချက်ပြုတ်ခြင်းလုပ်ငန်းစဉ်တစ်ခုလည်းဖြစ်သည်။
ဒုန်း ဒုန်း ဒုန်း
ဒုန်း ဒုန်း ဒုန်း
အားလုံးက ပြိုင်ပွဲဝင်များ ဝင်ရောက်လာမည်ကို စောင့်စားလျက်ရှိနေတုန်းမှာပဲ ပုံရိပ်ယောင်မြင်ကွင်းကြီး တစ်ခုလုံးသည် ရုတ်တရက် ပြောင်းလဲသွား၏။ ပြီးသည့်နောက်မှာတော့ ထန်မိသားစုဆေးဆိုင်၏ ကြော်ငြာသည် ရောက်ရှိလာခဲ့သည်။
စားဖိုမှူးပြိုင်ပွဲသည် စတင်ကျင်းပတော့မည်ဖြစ်၏။ သို့ပေမဲ့ အားရပါးရ ကြော်ငြာလျက်ပင် ရှိသေးသည်။ သို့ပေမဲ့ အားလုံးသောသူများကို ပြိုလဲသွားစေသည်မှာ ကြော်ငြာသည် စတင်သည်ဆိုသည်နှင့် မရပ်မနား ပေါ်ထွက်နေခြင်းပင်ဖြစ်သည်။ ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ကြော်ငြာဆယ်ခုလောက် ပေါ်လာပြီးမှ စားဖိုမှူး နတ်ဘုရားပြိုင်ပွဲဆီသို့ ပြန်ရောက်သွားခဲ့တော့သည်။
“အားလုံးပဲ”
ထိုအချိန်မှာတော့ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် တည်နေရာတွင် ရောက်ရှိလာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “ငါးဆယ်ကြိမ်မြောက် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲက ကြိုဆိုပါတယ်၊ ကျုပ်က ဒီပွဲကြီးတစ်ခုလုံးကို စီစဉ်သူ ဟောင်ကျိကျန်ပဲ ဖြစ်ပါတယ်”
“ငါးဆယ်ကြိမ်မြောက် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ကြောင်သွားသည်။
သူ၏ဘေးနားတွင် ထိုင်နေသော ထန်ရမ်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း.... ဘာဖြစ်လို့လဲ”
“ဒါက လေးဆယ့်ကိုးကြိမ်မြောက် မဟုတ်ဘူးလား”
“လေးဆယ့်ကိုးကြိမ်က အရင်တစ်ကြိမ်လေ”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွားသည်။ သူ့အနေနှင့် အင်ပါယာမြို့ထဲသို့ ဝင်ရောက်ပြီးသည့်နောက် မှာတော့ ဤအရာသည် လေးဆယ့်ကိုးကြိမ်မြောက်ဟုပင် ကြေညာခဲ့သေးသည် မဟုတ်ပါလား။
“မဟုတ်ဘူး၊ မဟုတ်ဘူး ငါးဆယ်ကြိမ်မြောက်ဆိုရင် လေးဆယ့်ကိုးကြိမ်မြောက် ဒိုင်လူကြီးက ဘယ်နေရာမှာ သွားသုံးရမှလဲ”
“အစ်ကိုထန်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျား ချင်မိသားစုကို သိလား”
“သိတာပေါ့”
ထန်ရမ်က ပြောလိုက်သည်။ “တကယ့်ကို မိုင်းတွင်းတွေနဲ့ မြေတွေကိုပိုင်တဲ့ မိသားစုကြီးတစ်ခုပဲလေ”
ဖော်ပြချက်အရဆိုလျှင် တစ်ဖက်လူမှာ ပိုက်ဆံနှင့်ပတ်သက်လျှင် စိတ်ပူစရာလိုသည် လူများမဟုတ်ကြောင်းကို နားလည်လိုက်မိသည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ပြိုလဲလုမတတ် ဖြစ်နေသည်။ “ငါ အလိမ်ခံလိုက်ရတယ်လို့ ဘာလို့ ခံစားနေ ရတာလဲ”
“အခုထိ သိသေးပုံမပေါ်ဘူး”
စနစ်က ပြောလိုက်သည်။ “မင်းတကယ့်ကို အလိမ်ခံခဲ့ရတာ”
“...........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။ သူသည် တခြားသူများကိုသာ လိမ်ညာ လှည့်စားခဲ့သူဖြစ်သည်။ သူ့အား ဤသေးငယ်လှသော ကလေးလေးတစ်ယောက်က လှည့်စားသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ သို့ပေမဲ့ ဆုံးရှုံးမှုတော့ မရှိခဲ့ချေ။ ပိုက်ဆံနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကိုပါ ရရှိခဲ့သေး၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းက ဇဝေဇဝါ ဖြစ်မိနေသည်မှာ ထိုကောင်လေးသည် မည်သူဖြစ်နေသနည်း။ သာမန် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဆိုလျှင် ဤမျှ များပြားလှသော ပိုက်ဆံများကို ပိုင်ဆိုင်လိမ့်မည် မဟုတ်သလို အမှတ်တမဲ့နှင့် တခြားသောသူများကို ပေးအပ်နိုင်လိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်း တွေးနေတုန်းမှာပဲ ဟောင်ကျိကျန်သည် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲ၏ ကြီးမားလှသော သမိုင်းကြောင်းများကို သေချာရှင်းပြလျက်ရှိသည်။ ပြီးနောက် ကြည်လင်ရှင်းသန့်စွာဖြင့် ကြေညာလိုက်တော့ သည်။ “ပြိုင်ပွဲဝင်တွေကို ကြိုဆိုလိုက်ရအောင်”
ဝှစ်
ပြိုင်ပွဲဝင်များအားလုံး စင်မြင့်ပေါ်သို့ တက်ခါနီးမှာတော့ ပုံရိပ်ယောင်မြင်ကွင်းကြီးတစ်ခုလုံးသည် ထန်မိသားစု ကြော်ငြာအား ထပ်မံကာ ပြသပြန်သည်။ ကြည့်ရှုနေကြသော လူများအားလုံးသည် ထကာ ဆဲမိကြတော့သည်။
..........................
ကြော်ငြာပြီးသည့်နောက်မှာတော့ အားလုံး၏ အကြည့်အောက်မှာပဲ များပြားလှသော စားဖိုမှူးများသည် တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။ ထိုသူများထဲတွင် လျှိုဝမ်ရှစ်လည်း ပါဝင်နေခဲ့သည်။
သူမသည် ဂိုဏ်းချုပ်ပေးထားသော စားဖိုမှူးဝတ်စုံနှင့် ခေါင်းဆောင်းကို ဆောင်းထား၏။ ထို့ကြောင့် အားလုံးသော သူများထဲတွင် ထင်းထင်းကြီး ဖြစ်လို့နေသည်။ အဝတ်အစားသည် အကြောင်းအရာတစ်ခုသာ ဖြစ်သည်။ ပို၍ မျက်လုံးထဲတွင် ထင်ရှားစေသည်မှာ လာရောက်ယှဉ်ပြိုင်ကြသော လူများထဲတွင် အမျိုးသမီးဆို၍ သူမ တစ်ယောက်တည်းသာ ရှိနေခြင်းပင် ဖြစ်တော့၏။
“ပြိုင်ပွဲဝင်တွေထဲမှ မိန်းကလေးတစ်ယောက် ပါလာလိမ့်မယ်လို့ မထင်မိဘူး”
“ဒီမိန်းကလေးက ပြိုင်စံရှားဂိုဏ်းတပည့်လေ”
“ဟုတ်လား”
အားလုံးသည် အံ့အားသင့်မိသွားကြ၏။ လတ်တလောတွင် ကျော်ကြားလျက်ရှိနေသော ဂိုဏ်းတစ်ခုအနေနှင့် တပည့်တစ်ယောက်ကို စေလွှတ်ကာ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်စေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြချေ။
“စီနီယာအစ်မလျှို၊ ဂျူနီယာညီမလေး အားတင်းထား”
ပြိုင်စံရှားဂိုဏ်းထဲမှာတော့ လီထျန်းထျန်း၊ စွေ့ပုကျန့်နှင့် တခြားသောသူများ အားလုံးသည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ တစ်ဖက်လူသည် ၎င်းတို့၏ အော်သံကို ကြားရလိမ့်မည် မဟုတ်သော်လည်း ၎င်းတို့ အနေနှင့် သဘာဝအတိုင်း အားပေးရမှာ အလုပ်တစ်ခုပင် ဖြစ်တော့၏။ စားဖိုမှူးပြိုင်ပွဲ၏ အဝင်ဝသည် နဂါးကျား တိုက်ပွဲတုန်းက အဝင်ဝလောက် ခမ်းနားကြီးကျယ်မှု မရှိပေ။ ကြည့်ရှုနေသူများသည်လည်း မည်သည့် စိတ်ခံစားချက်မှ ပြောင်းလဲမှု မရှိကြ။ ၎င်းတို့ အားလုံးသည် အပျော် လာရောက်ကြည့်ရှုခြင်းသာ ဖြစ်ကြ၏။
“ပြီးတော့”
ရုတ်တရက် ဟောင်ကျိကျန်သည် ကြည်လင်ရှင်းလင်းသည့်အသံဖြင့် ပြောလိုက်တော့သည်။ “စားဖိုမှူး နတ်ဘုရားတပည့် ကို ကြိုဆိုလိုက်ကြရအောင်”
ထိုစကားထွက်ပေါ်လာလာချင်းမှာပဲ အားလုံးသည် စိတ်ဝင်စားမှုများနှင့် တောက်ပသွားခဲ့ကြသည်။ အားလုံးသည် ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်၏။ ကုန်းမြေတိုက်ထဲတွင်ရှိသော သိုင်းကျင့်ကြံသူများသည် စိတ်ဝင်စားလျက် ရှိနေကြ၏။ ဤဗိုလ်စွဲရန် ရေပန်းစားနေသော လူငယ်သည် မည်သူဖြစ်မည်နည်း ဆိုသည်ကို အားလုံးက သိချင် နေကြ၏။ အားလုံးသော သူများ၏ အကြည့်အောက်မှာပဲ လူတစ်ယောက်သည် လျှောက်လှမ်းထွက်ခွာလာခဲ့သည်။ ထိုသူသည် အရပ်မရှည်လှပေ။ ထို့အပြင် ငယ်ရွယ်လွန်းနေ၏။ သူ၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အပြုံး တစ်ခု တည်ရှိလို့နေသည်။
“ချီးတဲ့မှ”
ထိုလူ၏ မျက်နှာကို မြင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မျက်လုံးပြူးသွားမိ၏။
လျှိုဝမ်ရှစ်သည်လည်း သူမ၏ပါးစပ်ကို လက်ဖြင့်ကာကာ အံ့အားတသင့် ပြောလိုက်သည်။ “သူကိုး”
သူမည်သူဖြစ်သနည်း။ မြို့ထဲသို့မဝင်ခင် ထွက်ခွာသွားခဲ့သော ချင်ပုတောင်ပင် ဖြစ်တော့သည်။ လူငယ်လေးသည် စင်မြင့်ပေါ်သို့ တက်လာပြီးသည့်နောက် လျှိုဝမ်ရှစ်ရှေ့တွင်ရပ်လိုက်သည်။ ပြီးနောက် သူ၏ဖြူဖွေးနေသော သွားများကို ထင်းနေအောင် ပြုံးလိုက်မိ၏။ “ကျုပ်ကိုကျုပ် မိတ်ဆက်ပေးရဦးမယ်၊ ကျုပ်က စုန့်ပေါင်ပါ၊ စားဖိုမှူး နတ်ဘုရားရဲ့ တပည့်တစ်ယောက်လေ”
စားဖိုမှူးနတ်ဘုရား၏ တပည့်တစ်ယောက်၊ ဗိုလ်စွဲရန်အတွက် ရေပန်းအစားဆုံးလူ၊ ထိုသူသည် တကယ်ပဲ ပါဝင် ယှဉ်ပြိုင်သူတစ်ယောက်အား သွား၍ မိတ်ဆက်လျက်ရှိနေ၏။ ချက်ချင်းဆိုသလိုပဲ ယှဉ်ပြိုင်နေကြသည့်သူများ အားလုံးသည် လျှိုဝမ်ရှစ်ကို လှမ်းကြည့်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်နေသည့် အရိပ် အယောင်များ တည်ရှိလို့နေသည်။
စုန့်ပေါင်သည် လေးလေးနက်နက် ပြောလိုက်၏။ “မိန်းကလေးလျှိုရဲ့ အချက်အပြုတ်စွမ်းရည်က တကယ့်ကို အားကောင်းတယ်လေ၊ ကျုပ်နိုင်မယ် မထင်ဘူး၊ ဒါပေမဲ့ ဝင်ပြိုင်ပြီဆိုမှတော့ အကောင်းဆုံး ကြိုးစားပါ့မယ်”
ထိုစကား ထွက်ပေါ်လာလာချင်းမှာပဲ ကြည့်ရှုနေကြသူများအားလုံးသည် ဝုန်းကနဲ ထ၍ အော်လိုက်မိကြ၏။ စားဖိုမှူးနတ်ဘုရား၏ တပည့်တစ်ယောက်ပင်လျှင် ဤမိန်းကလေး၏ ချက်ပြုတ်ခြင်းစွမ်းရည်မှာ အလွန် အားကောင်းကြောင်း ပြောဆိုလျက်ရှိနေသည်။ အံ့အားသင့်စရာ ကောင်းလွန်းလှ၏။