← Chapters

အခန်း (၈၂၁)

Vol. 55 Ch. 821

အခန်း (၈၂၁)

Vol. 55 Ch. 821

ဒိုင်လူကြီးဆယ်ဦးတို့သည် တဟူးဟူးနှင့် မီးများ မှုတ်ထုတ်နေသော နဂါးများကဲ့သို့ပင် ဖြစ်လျက်ရှိနေတော့သည်။ ၎င်းတို့သည် သောက်သုံးရန်ရေကို အလုအယက်ရှာဖွေလျက် ရှိနေကြ၏။ ကြည့်ရှုနေကြသူများအားလုံးသည် မျက်လုံးပြူးသွားကြသည်။ မာပိုတို့ဖူးသည် ဤကဲ့သို့ အစစ်အမှန်ပင် စပ်သည့်အရာလား။ စပ်လွန်း၏။ အထူး အထူးကို စပ်လွန်းသည်ဟု ဆိုရမည်။ တို့ဖူးဆိုသည်မှာ အလွန်တရာ ချောမွေ့၍ တတုန်တုန်နှင့် စားလို့ ကောင်းသော အရာတစ်ခုဖြစ်သည်။ ထိုသို့သောအရာကို အဘယ်သို့ ဤမျှစပ်ပြဲနေအောင် ချက်ပြုတ်ထားနိုင် သနည်း ဆိုသည်မှာ သူတို့ နားမလည်နိုင်ကြချေ။

ဟောင်ကျိကျန်သည် ကြေညာလိုက်တော့၏။ “လျှိုဝမ်ရှစ်ရဲ့ မာပိုတို့ဖူးက အမှတ်ပြည့်ရခဲ့တယ်”

“ထပ်ပြီး အမှတ်ပြည့်လား”

အားလုံးသည် အံ့အားသင့်မိသွားကြသည်။ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲသည် နှစ်ပေါင်းများစွာကတည်းက ကျင်းပခဲ့ ခြင်းဖြစ်ပြီး အမှတ်ပြည့်ရသည့် ဟင်းပွဲဆိုသည်မှာ အနည်းငယ်သာရှိ၏။ လက်ရှိပြိုင်ပွဲတွင်တော့ ပထမ အကျော့ မှာတင် အမှတ်ပြည့်ရသည့် ဟင်းပွဲနှစ်ခု တည်ရှိလို့နေသည်။

“ကောင်မလေး”

အစပ်ကို အလွန်ကြိုက်သည်ဆိုသောအဘိုးအိုသည် အသာမျက်ရည်သုတ်ကာ ပြောလိုက်၏။ “မင်းရဲ့ ဟင်းပွဲက တကယ့်ကို စပ်လွန်းတယ်၊ စားဖူးသမျှ ဟင်းပွဲထဲမှာ အစပ်ဆုံးလို့ ပြောရမယ်၊ ဒါပေမဲ့ အရမ်းလည်း အရသာရှိတယ်လေ”

“တို့ဖူးတစ်ခုကို ဒီလိုအနေအထားထိရောက်အောင် ချက်ပြုတ်ဖို့ဆိုတာ အံ့အားသင့်စရာပဲ” အဘိုးအိုတစ်ယောက်က မှတ်ချက်ပေးလိုက်တော့သည်။

ဒိုင်လူကြီးများ၏ ချီးကျူးစကားကို ကြားရပြီးသည့်နောက်မှာတော့ လျှိုဝမ်ရှစ်၏ ဟင်းပွဲသည် အမှန်ပင်ကောင်းမွန်လှသည့်အရာဖြစ်ကြောင်း လူပေါင်းများစွာတို့က နားလည်လိုက်မိကြ၏။

အသားဟင်းပွဲဆိုလျှင် ဤကဲ့သို့စပ်အောင် ချက်ပြုတ်ဖို့ လွယ်ကူလွန်းလှ၏။ သို့ပေမဲ့ တို့ဖူးကို ဤကဲ့သို့ စပ်အောင် ချက်ပြုတ်ဖို့ဆိုသည်မှာ လွယ်ကူလှသည့်အရာ မဟုတ်ပေ။ ထို့ပြင် ပြိုင်ပွဲဝင်တော်တော်များများသည် အသားကိုသာ အဓိကထား၍ ချက်ပြုတ်ပြင်ဆင်ကြ၏။ လျှိုဝမ်ရှစ်မှာတော့ တမူထူးခြားစွာဖြင့် တို့ဖူးနှင့် ပြိုင်ဆိုင် ခဲ့ခြင်းပင်ဖြစ်၏။ ထူးခြားသလို အရသာလည်း ရှိလွန်းလှသည်။

“ကျေးဇူးပါပဲ” လျှိုဝမ်ရှစ်သည် တောက်ပစွာပြုံးလိုက်တော့၏။

ပြိုင်ပွဲစတင်ကတည်းက သူမသည် အနည်းငယ် ကြောက်လန့်နေမိ၏။ ကောင်းမွန်သည့်ရလဒ်များကို မရနိုင်မည်ကို စိုးရိမ်နိုင်မိသည်။ ယခုအမှတ်ကို ကြေညာပြီးသည့်နောက်မှာတော့ သူသည် အလုံးစုံ စိတ်သက်သာရာရမိသွားမိခဲ့၏။ စားဖိုမှူးနတ်ဘုရား၏ တပည့်သည် ကြည့်ရသည် မှာ ကြောက်မက်ဖွယ်ကောင်းပုံ မပေါ်ချေ။

……………….

“ပထမအကျော့က ပြီးသွားပြီ၊ အဆင့်တက်သွားနိုင်တဲ့ ပါဝင်ယှဉ်ပြိုင်သူတွေက ဆယ့်ငါးမိနစ် အနားယူမယ်၊ ပြီးတော့ ပါဝင်ယှဉ်ပြိုင်ကြတဲ့ လူအရေအတွက်က နည်းပါးလွန်းတာကြောင့် စည်းမျဉ်းစည်းကမ်းကို ပြောင်းလဲပစ်လိုက်မယ်၊ နောက်ဆုံးဗိုလ်လုပွဲကို တိုက်ရိုက်ကျင်းပမယ်၊ ထိပ်ဆုံးသုံးယောက်ထဲကနေ အမှတ် အများဆုံးလူကို ရွေးချယ်မယ်” ဟောင်ကျိကျန်သည် ကြေညာလိုက်တော့၏။

“ထင်ထားတဲ့အတိုင်းပဲကိုး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဗိုလ်လုပွဲ တန်းရောက်သွားတာပဲ”

ပါဝင်ယှဉ်ပြိုင်သူတစ်ရာကျော်ရှိသည့်အနက် ဒုတိယအကျော့သို့ ရောက်သည်ဆိုသည်နှင့် ဗိုလ်လုပွဲသို့ တန်းရောက်သွားသည်ဆိုခြင်းမှာ အလွန်တရာ တင်းကျပ်လှသော စည်းမျဉ်းစည်းကမ်းများကြောင့်သာ ဖြစ်ပေလိမ့်မည်။

“နောက်ထပ်ပြိုင်ပွဲဝင် ဆယ်ယောက် ယှဉ်ပြိုင်မယ့် ဟင်းပွဲတွေက ဘယ်လောက်အရသာရှိမယ်ဆိုတာကို သိချင်လိုက်တာ”

“အင်း… ငါတို့က ကြည့်ပဲကြည့်လို့ရတယ်၊ စားလို့မရဘူး၊ ဗိုက်တွေတောင် ဆာလာပြီ”

ကြည့်ရှုနေကြသောသူများသည် ပုံရိပ်ယောင်အစီအရင်ကြီး၏ မြင်ကွင်းထဲမှာ မြင်နေသော ဟင်းပွဲများကို ကြည့်ရှုပြီးနောက် သွားရည်ပင် ယိုနေကြသည်။

“မိန်းကလေးလျှို”

ချင်စုန့်ပေါင်သည် ဘေးတစ်ဖက်တွင် အနားယူနေရင်းမှ လေးလေးနက်နက် ပြောလိုက်သည်။ “နောက်တစ်ကျော့မှာ ဘယ်သူက ဗိုလ်စွဲမယ်ဆိုတာ ဆုံးဖြတ်ပေးမှာပဲ၊ ကျုပ်က ကျိန်းသေပေါက် အလုပ်ကြိုးစားမှလေ”

သူက ဤမိန်းကလေး၏ ချက်ပြုတ်ခြင်းစွမ်းရည်ကို အသိအမှတ်ပြုပြီးပြီဖြစ်၏။ တစ်ချိန်တည်းမှာပဲ သူသည် ပြိုင်ဆိုင်လိုစိတ်လည်း ဖြစ်နေမိ၏။ သူ့အနေနှင့် အိမ်ကို မပြန်ချင်ပေ။ အိမ်ကိုပြန်ပြီး မိသားစု၏ စီးပွားရေး လုပ်ငန်းများကို လုပ်ချင်စိတ် မရှိသောကြောင့် မဟုတ်ပေ။ အဓိကအားဖြင့် လျှိုဝမ်ရှစ်နှင့်အတူ ပြိုင်ဆိုင်နေရခြင်းကို နှစ်သက်နေပြီဖြစ်၏။

လျှိုဝမ်ရှစ်သည် သူ့အား လျစ်လျှူရှုထားပြီး မျက်လုံး မှိတ်ထားလျက် ရှိနေ၏။ ပွဲကြည့်စင်ပေါ်တွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အေးစက်သည့်အမူအရာများ ရှိလို့နေသည်။

ဤအရာသည် ဗိုလ်စွဲမည့်သူအား ဆုံးဖြတ်ပေးမည့်ပွဲဖြစ်သည်။ ၎င်း၏ တပည့်သည်လည်း ထိပ်ဆုံးသုံးခု စာရင်းတွင် မပါဝင်နိုင်ပါက အထူးတာဝန်သည်လည်း ကျဆင်းပေလိမ့်မည်။

“ကောင်မလေး”

ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ “မင်းဝတ်ဆင်ထားတဲ့ စားဖိုမှူးဝတ်စုံက ဘိုးဘေးကြီးယင်ကို ကိုယ်စားပြုတယ်နော်၊ ကောင်းကင်ပေါ်မှာရှိတဲ့ သူ့ရဲ့စိတ်ဝိညာဉ်ကို စိတ်မပျက်စေနဲ့”

ဘာတစ်ခုမှ အမှားအယွင်းမဖြစ်စေရန်အတွက် သူသည် စကားလုံးများကို အသုံးပြု၍ သူ၏တပည့်အား စိတ်အားတက်ကြွစေရန် ပြုလုပ်ပေးလိုက်တော့သည်။ အကျိုးသက်ရောက်မှုမှာတော့ မဆိုးလှချေ။

လျှိုဝမ်ရှစ်သည် မျက်လုံးကို ဖွင့်ပြီးသည့်နောက်မှာတော့ လေးနက်ခိုင်မာစွာ ကြည့်၍ ပြောလိုက်တော့သည်။ “တပည့်က ဘိုးဘေးကို ဘယ်တော့မှ စိတ်ဓာတ်မကျစေရပါဘူး၊ ဂိုဏ်းကိုလည်း သိက္ခာမကျစေရပါဘူး”

……………………

ဆယ့်ငါးမိနစ် အနားယူပြီးသည့်နောက်မှာတော့ နောက်ဆုံးဗိုလ်လုပွဲကို စတင်တော့သည်။ တည်နေရာစင်မြင့် ပေါ်မှာတော့ မီးဖိုဆယ်ခုသာ ကျန်ရှိတော့၏။ ပြိုင်ပွဲဝင်များအားလုံးတို့သည် မိမိကြိုက်နှစ်သက်ရာ မီးဖိုဆီသို့ သွားလိုက်ကြတော့၏။ လျှိုဝမ်ရှစ်သည် စင်မြင့်၏ ထောင့်စွန်းတွင်ရှိသော မီးဖိုတစ်ခုကို ရွေးချယ်လိုက်၏။ သူမကို ကြည့်ရသည်မှာ သိုသိုသိပ်သိပ်နှင့် နေထိုင်ချင်ပုံပေါ်၏။ သို့ပေမဲ့ သူမလှမ်းလျှောက်သွားသည့်အခါ ပုံရိပ်ယောင်မြင်ကွင်းကြီးသည့် သူမကိုသာ လိုက်လံရိုက်ပြလျက်ရှိနေတော့၏။

ချင်းယန်မြို့တွင် စတင်တွေ့ဆုံစဉ်က သူမသည် ဆယ့်နှစ်နှစ်အရွယ်သာ ရှိနေသေး၏။ သို့ပေမဲ့ သုံးနှစ်တာ ကျော်ပြီးသည့်နောက် သူမသည် ပိုမိုကာ အရပ်အမောင်းရှည်လာပြီး ပိုမိုကာ လှပလာခဲ့သည်။

“ချစ်စရာ မိန်းကလေးပဲ”

“လှရုံနဲ့တင် မဟုတ်ဘူး၊ ချက်ပြုတ်တဲ့ စွမ်းရည်ကလည်း တကယ့်ကို ကောင်းမွန်လွန်းတယ်၊ သူမကို လက်ထပ်နိုင်တဲ့လူကတော့ တကယ့်ကို ကံကောင်းတဲ့လူပဲ” အားလုံးက တီးတိုးဆိုလျက်ရှိသည်။

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီထိုင်ပြီး တွေးလျက်ရှိ၏။ “ကျုပ်တပည့်ကို ဘယ်သူ့မှ မပေးနိုင်ဘူး”

ပြိုင်စံရှားဂိုဏ်းထဲတွင် အဓိက ဆယ်လီမှာ ရီရှင်းချန်တစ်ယောက် ဖြစ်၏။ လက်ရှိအချိန်မှာတော့ သူသည် အဓိကဆယ်လီများကို ထပ်မံမွေးဖွားချင်စိတ်ပင် ဖြစ်နေမိ၏။

“နောက်ဆုံးပွဲရဲ့ စည်းမျဉ်းစည်းကမ်းကတော့ လွတ်လွတ်လပ်လပ်နဲ့ ကြိုက်နှစ်သက်ရာကို ယှဉ်ပြိုင်နိုင် တယ်လေ၊ အမှတ်အများဆုံးရတဲ့လူက ဗိုလ်စွဲလိမ့်မယ်၊ ဒုတိယနဲ့ တတိယတွေကလည်း ဒုတိယနဲ့ တတိယနေရာကို ရရှိလိမ့်မယ်” ဟောင်ကျိကျန်က ပြောလိုက်သည်။

နောက်ဆုံးပွဲဖြစ်သောကြောင့် ပါဝင် ယှဉ်ပြိုင်သူများသည် လေးလေးနက်နက် ဖြစ်သွားမိကြ၏။ ၎င်းတို့သည် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရတော့မည် ပုံစံလိုမျိုးပင် ဖြစ်လို့နေသည်။

“အကြိမ်ငါးဆယ်ကြိမ်မြောက် စားဖိုမှူးပြိုင်ပွဲကြီး ရဲ့ ဗိုလ်လုပွဲ စတင်ပြီ” ဟောင်ကျိကျန်သည် ကျယ်လောင်စွာဖြင့် ကြေညာလိုက်တော့၏။

ဟူး ဟူး

ကြေညာမှုပြီးသည့်နောက် ပြိုင်ပွဲဝင်များအားလုံးသည် ၎င်းတို့၏ မီးတောက်များကို တစ်ခုပြီးတစ်ခု ဆင့်ခေါ် လိုက်ကြ၏။ ၎င်းတို့၏ လေးနက်သည့် အမူအရာများကို ကြည့်မည်ဆိုလျှင် မည်မျှအာရုံထားကာ ချက်ပြုတ် နေသည်ဆိုသည့်အကြောင်းကို သိရှိနိုင်တော့သည်။

အရာအားလုံးကို အရှုံးပေးချင်စိတ်မရှိသော ချင်စုန့်ပေါင် မှာတော့ မျက်မှောင်ကုတ်လျက်ရှိသည်။ သူသည် အကောင်းမွန်ဆုံးသော ကြက်တစ်ကောင်နှင့် ငါးတစ်ကောင် ကို ရွေးချယ်၍ ပါဝင်ပစ္စည်းများကိုလည်း သေသေချာချာ စစ်ဆေးလိုက်တော့၏။

ဒိုင်လူကြီးတစ်ယောက်က အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒီကောင်လေးက နဂါးနှင့်ဖီးနစ် ချက်ပြုတ်ခြင်းကို စတင်တော့မယ်နဲ့တူတယ်”

“ကျုပ်တို့က ကံကောင်းချင်တော့ ဒီဟင်းပွဲကြီးကို ဘယ်လိုချက်ပြုတ်တယ်ဆိုတာ မြင်ရတော့မှာပဲ” တစ်စုံ တစ်ယောက်က ရယ်မောကာပြောလိုက်၏။

ချင်စုန့်ပေါင်ရွေးချယ်နေသည့် ပစ္စည်းများကို မြင်လိုက်ရချိန်မှာတော့ ပြိုင်ဆိုင်နေကြသည့် ယှဉ်ပြိုင်ဘက် များ၏ မျက်နှာသည် ပျက်ယွင်းသွားကြ၏။ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲတွင် စားဖိုမှူးနတ်ဘုရား၏ တပည့်သည် အမှန်ပင် နဂါးနှင့်ဖီးနစ်ဟင်းပွဲကို ပြင်ဆင်လျက်ရှိနေသည်။ ဤအရာသည် အလွန်ကျော်ကြားလှသော ဟင်းပွဲတစ်ခုဖြစ်ပြီး သူတို့အနေနှင့် ယှဉ်ပြိုင်၍ မရနိုင်သည့် ဟင်းပွဲမျိုးလည်း ဖြစ်သည်။ ထို့ကြောင့် အားလုံးသည် ဖိအားဒဏ် ကို ခံလာကြရ၏။

“မဟုတ်ဘူး”

ချင်စုန့်ပေါင်သည် ခေါင်းကို ခါယမ်းပြီး ခေါင်းကိုမော့ကာ ပြောလိုက်သည်။ “ကျုပ် ဒီနေ့ ချက်မယ့်ဟင်းက နဂါးနဲ့ဖီးနစ် ကခုန်ခြင်းလို့ ခေါ်တယ်လေ၊ အဓိက ပါဝင်တဲ့ပစ္စည်းတွေက ကြက်သားနဲ့ ငါးပါပဲ၊ ဒါပေမဲ့ ချက်ပြုတ်ခြင်းနည်းကတော့ နဂါးနဲ့ဖီးနစ်ဟင်းပွဲ ရိုးရိုးထက် ပိုကောင်းတယ်လေ”

“နဂါးနဲ့ဖီးနစ် ကခုန်ခြင်း ဟုတ်လား”

ဒိုင်လူကြီးဆယ်ယောက်တို့သည် ဤဟင်းပွဲကို တစ်ခါမှ မကြားဘူးချေ။ ထို့ကြောင့် ဤအရာကို မြည်းစမ်းရရန် မျှော်လင့်လျက် ရှိနေသည်။

ထောင့်တစ်နေရာတွင် ထိုင်လျက်ရှိသော လျှိုဝမ်ရှစ်မှာတော့ ဆုံးဖြတ်ချက်ချပြီး ဖြစ်နေသည်။ သူမသည် အသားတစ်ခုကို ရွေးချယ်ပြီးသည့်နောက် မှာတော့ မီးဖိုချောင်သုံးဓားမော့ကို အသုံးပြုကာ တစ်စင်တီမီတာရှိသော လေးထောင့်ကွက်များအဖြစ် လှီးဖြတ်လျက်ရှိ၏။

“အသားနီကင်လား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။

တရုတ်ပြည်၏ ကျော်ကြားလှသော ဟင်းပွဲ ဆယ်မျိုးထဲတွင် ဤအသားနီကင်သည် နာမည်ကြီး လှသော ဟင်းပွဲတစ်မျိုးပင် ဖြစ်နေတော့သည်။ သို့ပေမဲ့ လျှိုဝမ်ရှစ်မှာတော့ ဤချက်ပြုတ်ခြင်းနည်းလမ်းကို ပိုမိုတိုးတက်အောင် ပြင်ဆင်ထားခဲ့၏။ ပါဝင်ပစ္စည်းများနေရာတွင် ဝါး၍ကောင်းမွန်လှသော သားရဲအသားများကို ရွေးချယ်ထားခဲ့သည်။ မီးဖိုနတ်ဘုရား မီးတောက်သည် ထပ်မံဖြစ်တည်လာပြီးဖြစ်သည်။ သို့ပေမဲ့ သူမသည် တခြားသူများ၏ မီးတောက်ကို ဖိနှိပ်မှုမဖြစ်စေရန် သေသေချာချာ ထိန်းချုပ်ထားနိုင်ခဲ့တော့သည်။

နောက်ဆုံးဗိုလ်လုပွဲသည် အလွန်တရာကြည့်ကောင်းလှသော ပြိုင်ပွဲမျိုး ဖြစ်ပေလိမ့်မည်။ အားလုံးသည် စိတ်လှုပ်ရှားမှုအပြည့်နှင့် စောင့်မျှော် ကြည့်ရှုလျက် ရှိနေ၏။ ပြိုင်ဆိုင်ကြသူများအားလုံးသည် လေးလေးနက်နက်နှင့် ရှိနေ၏။

ချင်စုန့်ပေါင်ကဲ့သို့သောလူပင်လျှင် အာရုံစူးစိုက်မှုကို မပျံ့လွှင့်ရဲချေ။ ထို့အပြင် ချင်စုန့်ပေါင်သည် မီးဖိုနှစ်ခုကို ပြင်ဆင်ကာ ချက်ပြုတ်နေ၏။ တစ်ခုသည် ကြက်သားကို ချက်လျက်ရှိပြီး တစ်ခုမှာ ငါးကို ပေါင်းလျက် ရှိနေ၏။ သူသည် အလယ်တွင် မတ်မတ်ရပ်ပြီး လက်ဝါးကိုဖြန့်ကာ ခရမ်းရောင် မီးတောက်များကို မီးဖိုထဲသို့ အဆက်မပြတ် ထည့်သွင်းနေ၏။ တစ်ခါတစ်ရံတွင် မီးတောက်သည် အလွန်တရာ ကြီးမားပြီး တစ်ခါတစ်ရံတွင် အလွန်တရာ သေးငယ်လွန်းသည်။

ဓားမော့အလင်းတန်းများ ဖြတ်ပြေးသွားပြီးနောက် ပါဝင်ပစ္စည်းများအားလုံးသည် အိုးထဲသို့ တစ်ခုပြီးတစ်ခု ကျဆင်းလျက်ရှိနေ၏။

“ဒီကောင်လေးရဲ့ ဓားစွမ်းရည်ကလည်း မဆိုးဘူးပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက် မိသည်။ တခြားသော ပါဝင်ယှဉ်ပြိုင်သူများသည် ချင်စုန့်ပေါင်အား အာရုံမစိုက်ကြတော့ချေ။ ၎င်းတို့၏ ကိုယ်ပိုင်ချက်ပြုတ်ခြင်းကိုပင် အာရုံစူးစိုက်လျက် ရှိနေကြ၏။ အချိန်သည် ဖြေးညှင်းစွာဖြင့် ကုန်ဆုံးသွားခဲ့၏။ များပြားလှသော ဟင်းပွဲများ၏ မွှေးရနံ့သည် စင်မြင့်ထက်တွင် ဖြစ်တည်လျက်ရှိနေသည်။

ဝှစ် …..။

ဘယ်ဘက်ခြမ်းတွင်ရှိသောအိုးသည် အပေါ်သို့ မြောက်တက်လာခဲ့၏။ ပြီးနောက် အိုးသည် ချာချာလည်လျက် ရှိနေ၏။ တခြားသောအိုး၏ အပေါ်တွင် လှည့်ပတ်နေခြင်းလည်း ဖြစ်သည်။ ဤအရာသည် မီးတောက်ထဲတွင် ဖီးနစ် ကခုန်ခြင်းပင်ဖြစ်တော့၏။

ကျွင်းချောင်ရှောင်းသည် သူ၏ ဆေးပြင်းလိပ်ကို ထုတ်ယူကာ ပြောလိုက်သည်။ “ကြည့်လို့ကောင်းလိုက်တာ”

ဝှစ် ဝှစ်

မိနစ်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ အိုးနှစ်ခုသည် စားပွဲပေါ်သို့ ကျဆင်းလာ၏။ အဖုံးကို ဖွင့်လှစ်ထားခြင်း မဟုတ်သော်လည်း အထဲတွင် အပူလှိုင်းများ တောက်လောင်လျက်ရှိနေသည်ကို အာရုံခံစား နိုင်စွမ်း ရှိနေကြ၏။

“ကောင်းကင်ကို ကြည့်လိုက်ကြ” တစ်စုံတစ်ယောက်က ထအော်လိုက်သည်။

ဆေးပြင်းလိပ်ကို ညှိရန်ပြင်နေသော ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာ ကြည့်လိုက်သည့်နောက် မှာတော့ တိမ်များကြားတွင် ရွှေရောင်နှင့် အနီရောင်တိမ်များ ဖြစ်တည်လာသည်ကို မြင်လိုက်ရသည်။ ပြီးနောက် ထိုအရာများသည် စုစည်းလာပြီးသည့်နောက် နဂါးနှင့်ဖီးနစ်များ ကခုန်နေသည့်ပုံကို ဖြစ်ပေါ်လာ တော့သည်။

“ချီးတဲ့မှ… ဟင်းချက်တာက တကယ့်ကို ဒီလိုမျိုး ဖြစ်တည်လာနိုင်တာလား”

သူ၏ မျက်လုံးထဲတွင် နဂါးနှင့် ဖီးနစ်များ ကခုန်နေသည့်မြင်ကွင်းကို မြင်ရပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်နေ၏။ သူ၏ပါးစပ်ထဲတွင်ရှိနေသော ဆေးပြင်းလိပ်ကြီး ပင်လျှင် အောက်သို့ ပြုတ်ကျသွား၏။

ဒိုင်လူကြီးဆယ်ဦးတို့သည် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ပင် ထရပ်လိုက်မိကြသည်။ ချက်ပြုတ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်ကို သူတို့ အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးပြီ ဖြစ်သော်လည်း ကိုယ်တွေ့မြင်ရချိန်မှာတော့ အံ့အားတသင့်ပင် ဖြစ်မိနေကြသည်။

ဒိုင်လူကြီးများ၏ စိတ်လှုပ်ရှားနေသည့် မြင်ကွင်းကို မြင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သုံးသပ်လိုက်မိ၏။ “ဒီနှစ်ပြိုင်ပွဲကို နိုင်ချင်တယ်ဆိုရင်တော့ တော်တော်ခက်လိမ့်မယ်ထင်တယ်”

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ အရှေ့ဘက်ကောင်းကင်ဆီမှ လေနှင့် တိမ်များ ဖြစ်တည်လာပြီး စုစည်းလာခဲ့သည်။ ထို့နောက် တိမ်များအားလုံးသည် ကခုန်လျက်ရှိသော နဂါးနှင့်ဖီးနစ်များဆီသို့ ဦးတည်လျက်ရှိနေတော့သည်။

“ဒါက”

ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားမိသည်။ ချက်ချင်းပဲ တိမ်များ၏အောက်ခြေကို ကြည့်လိုက်ပြီးသည့် နောက်မှာတော့ ထိုတိမ်များဖြစ်တည်လာမှုသည် လျှိုဝမ်ရှစ်၏ စားဖိုမှူးနတ်ဘုရားမီးတောက်များဆီမှ ဖြစ်တည် လာခြင်းဖြစ်ကြောင်း မြင်လိုက်ရတော့သည်။ အပူလှိုင်းများသည် အပေါ်သို့ တက်သွားပြီးသည့်နောက် တိမ်ပုံစံ ကဲ့သို့ ဖြစ်တည်လာခြင်းပင်။

“ကောင်းကင်ဘုံ.... ဒီကောင်မလေးကလည်း သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကို ဖြစ်တည်အောင် လုပ်နိုင်တာပဲ”

“ပြောင်းလဲနေပြီ၊ ပြောင်းလဲနေပြီ” ကျွင်းချောင်ရှောင်းသည် အလျင်အမြန် မော့ကြည့်လိုက်သည့်နောက် တလိပ်လိပ် တက်လာသော တိမ်များသည် အသွင်သဏ္ဍာန်အဖြစ် ပြောင်းလဲလာ၏။ နောက်ဆုံးမှာတော့ ပြိုင်စံရှားဂိုဏ်းဟူသော စာတန်းကြီး ဖြစ်တည်လာခဲ့တော့သည်။

ပြိုင်စံရှားဂိုဏ်းဟူသော စာတမ်းကြီး ဖြစ်တည်လာသည်ကို ပုံရိပ်ယောင်မြင်ကွင်းထဲတွင် မြင်ရပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် ကျယ်လောင် စွာဖြင့် အော်ဟစ်အားပေးကြတော့၏။

လီဖေးနှင့် ထျန်းချီတို့သည် စိတ်လှုပ်ရှားစွာဖြင့် အရူးများကဲ့သို့ အော်လျက်ရှိသည်။ ၎င်းတို့၏ မျက်နှာတစ်ခုလုံး သည် ပျော်ရွှင်မှုကြောင့် နီမြန်းလျက်ရှိသည်။

ထိုက်ရွှမ်အအေးဂိုဏ်း တောင်၏ အနောက်ဘက်တွင် လေ့ကျင့်လျက် ရှိသော စုရှောင်မိုသည် အတွင်းခြံဝန်းထဲရှိ ပုံရိပ်ယောင်မြင်ကွင်းထဲမှ ဤမြင်ကွင်းကို မြင်ရချိန်မှာတော့ သူ၏ ရင်ထဲ တလှိုက်လှိုက်နှင့် တက်လာခဲ့တော့သည်။ သူသည် ငိုချင်စိတ်ပင် ဖြစ်မိနေ၏။

ကျွင်းချောင်ရှောင်းမှာတော့ မြေပြင်ပေါ်သို့ ကျသွားသော ဆေးပြင်းလိပ်ကြီးကို ကောက်ကိုင်ကာဖြင့် ခေါင်းကိုအသာမော့ကာ ကြည့်လိုက်သည်။ ပြီးနောက် သူသည် ဆေးလိပ်ငွေ့များကို အသာမှုတ်ထုတ်ကာ ပြောလိုက်သည်။ “ကောင်မလေး... မင်းက တကယ့်ကို တော်တာပဲ”

ဤကဲ့သို့သော ဂိုဏ်း၏ ကြော်ငြာမှုသည် သူ၏ ဂိုဏ်းကြောင်ငြာမှုနှင့် ခြားနားနေပြီး သိုင်းကျင့်ကြံသူများ အားလုံး၏ မျက်လုံးထဲတွင် ထင်းကနဲ မြင်သာစေသော အရာပင် ဖြစ်တော့၏။ ကောင်းကင်ပေါ်မှာတော့ စာလုံး လေးလုံးသည် လွှင့်မျောလျက်ရှိတော့သည်။

“ပြိုင်စံရှားဂိုဏ်း”

မြို့တော်ဝန်ဟန်က လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ် အရှုံးပေးပြီ”

ဂိုဏ်းချုပ်ကျွင်းသည် သူကိုယ်တိုင် ခဏခဏ ကြော်ငြာတတ်ရုံသာမက သူ၏တပည့်ကိုပင် အသုံးပြု၍ ပြိုင်စံရှား ဂိုဏ်းကို ထပ်မံကာ ကြော်ငြာခိုင်းနေသည်။ ဤအရာသည် သူလုံးဝ တွေးထင်ထားသည့် အရာမျိုးမဟုတ်ချေ။ သောက်ကျိုးနည်းလှချေသည်တကား။

All Chapters