အခန်း (၈၂၂)
Vol. 55 Ch. 822
လျှိုဝမ်ရှစ် ချက်ပြုတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုသည် ချင်စုန့်ပေါင်ကြောင့် ဖြစ်တည်လာသော နဂါးနှင့်ဖီးနစ် ကခုန်ခြင်းများကိုပင် ဖုံးလွှမ်းသွားခဲ့တော့သည်။ ကခုန်နေသည့် နဂါးနှင့် ဖီးနစ် တို့သည် ပွဲကြည့်ပရိသတ်များကဲ့သို့ နဂါးနှင့်ဖီးနစ်ဆိုသည့် စာတန်းကြီး ဖြစ်တည်လာသည်ကို ငေးကြည့်လျက် ရှိနေရ၏။
“အံ့အားသင့်စရာပဲ၊ ဒီလို ပတ်ဝန်းကျင်ပြောင်းလဲမှုကို စာလုံးတွေနဲ့တောင် ပြောင်းလဲလို့ ရတာလား”
“ပြီးတော့ ပြိုင်စံရှားဂိုဏ်းဆိုတဲ့ စာတန်းကြီးဖြစ်အောင်လို့ တကယ့်ကို မောက်မာလိုက်တာ”
အားလုံးသည် ဤကဲ့သို့ အတင်းကာရော ကြော်ငြာခြင်းကို ခံနေသည့်အချိန်မှာတော့ စိတ်ဓာတ်သည် ပြိုလဲလု မတတ် ဖြစ်နေကြသည်။
ကောင်းသည်ပဲတွေးတွေး၊ မကောင်းသည်ပဲတွေးတွေး ဤစာလုံးများသည် သူတို့၏ စိတ်ထဲတွင် ကဗ္ဗည်းထိုးထားသလို တည်ရှိလို့နေတော့၏။
ကျွင်းချောင်ရှောင်းမှာတော့ လျှိုဝမ်ရှစ်ကို ရည်ရွယ်ချက်ရှိရှိနှင့် သင်ပြထားခြင်း မဟုတ်ပေ။ ကျွင်းချောင်ရှောင်း၏ စိတ်ထဲ သဘောကျမှုကို မည်သို့ပြုလုပ်ရမည်ဆိုသည်ကို လျှိုဝမ်ရှစ်က ကောင်းကောင်းနားလည်မိသည်။ ထို့ကြောင့် ရုတ်တရက် ဖြစ်ပေါ် လာသော ဉာဏ်အလင်းများနှင့် ပေါင်းစပ်ကာ ပြုလုပ်လိုက်ခြင်းပင် ဖြစ်တော့သည်။
စနစ်က ပြောလိုက်သည်။ “အံ့အားသင့်နေပြီ မဟုတ်လား”
ကုန်းရှန့်၏ လွှမ်းမိုးမှုကြောင့် ဂိုဏ်းထဲတွင် သွက်သွက်လက်လက်နှင့် လိမ်လိမ်မာမာ နေတတ်သော ဤမိန်းကလေးသည်ပင်လျှင် သေလမ်းရှာတတ်နေပြီ ဖြစ်၏။
ပါဝင်ယှဉ်ပြိုင်နေသူနှစ်ယောက်တို့သည် ချက်ပြုတ် နေရာတွင် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြီး နှစ်ခုကို ဖြစ်တည်လာအောင်ပင် ဖန်တီးနိုင်ခဲ့ကြ၏။ ထိုအရာသည် အလွန်ပင် တုန်လှုပ်မိစရာ ကောင်းနေတော့၏။ မည်သူသည် ဗိုလ်စွဲမည်ဆိုသည်ကို အားလုံးက စဉ်းစားလျက်ရှိနေ၏။ လျှိုဝမ်ရှစ်သာ ဤကဲ့သို့ မလုပ်ဆောင်နိုင် ပါက ဗိုလ်စွဲသူသည် ချင်စုန့်ပေါင်တစ်ယောက်တည်းသာဖြစ်မည်ဟု အားလုံးက တွေးထင်ထားပြီးဖြစ်သည်။
ဒိုင်လူကြီးများအားလုံးသည် ချင်စုန့်ပေါင်ကြောင့် ပတ်ဝန်းကျင်ပြောင်းလဲသွားသည်ကို မြင်ရပြီးသည့်နောက် မှာတော့ အမှတ်အပြည့် ပေးပြီးသားဖြစ်သည်။ သူတို့အနေဖြင့် အရသာတွေကို စစ်ဆေးနေရန်ပင် မလိုအပ်ချေ။ ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲအောင် ဖန်တီးနိုင်သည့် ဟင်းပွဲတစ်ခုသည် ကျိန်းသေပေါက် ကောင်းမွန်နေမှာ သေချာတော့၏။
ချင်စုန့်ပေါင်ဆီမှ ပတ်ဝန်းကျင်ပြောင်းလဲမှု ဖီးနစ်နှင့် နဂါးများကို မြင်ရသည့် အချိန်မှာတော့ အမြဲလို ယုံကြည်ချက်ရှိနေသည့် ကျွင်းချောင်ရှောင်းပင်လျှင် သူ၏တပည့်အတွက် အနည်းငယ် စိတ်ပူခဲ့မိ၏။ သို့ပေမဲ့ လျှိုဝမ်ရှစ်သည်လည်း ဟင်းကို ချက်ပြုတ်ရင်းနှင့် ပြိုင်စံရှားဂိုဏ်းဆိုသော စာတန်းကြီးတစ်ခုကို ကောင်းကင် ပေါ်တွင် ဖြစ်တည်အောင် ဖန်တီးနိုင်ခဲ့၏။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်ကြား ကွာခြားမှုမှာ ဘာမှမရှိဟု ဆိုရပေ မည်။
သို့ပေမဲ့ ကျန်ရှိနေသော ပြိုင်ပွဲဝင် ဆယ်ယောက်အတွက်တော့ ဆိုးရွားသည့် အရာပင် ဖြစ်ပေလိမ့်မည်။ လက်ရှိအခြေအနေမှာတော့ ၎င်းတို့၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်သည့် အမူအရာများ ဖြစ်တည်လာခဲ့ကြ သည်။ သူတို့သည့် အဆုံးသတ်မှာတော့ ထွက်ခွာသွားခဲ့ရပြီဖြစ်သည်။
ဟူး ဟူး ဟူး
အရှေ့နှင့်အနောက်ဆီမှ အသီးသီးဖြစ်တည်နေသော ပတ်ဝန်းကျင်ပြောင်းလဲမှု တိမ်ထုများသည် အချိန်အတော် ကြာသည်အထိ မပျောက်ကွယ်သွားချေ။ ကောင်းကင်ယံထက်တွင် ရှေးသားရဲကြီးနှစ်ကောင်ကဲ့သို့ အလျင်အမြန် နှင့် မာန်ဆောင်လျက်ရှိနေကြတော့၏။
“အံ့အားသင့်စရာပဲ” ချင်စုန့်ပေါင်က ချီးကျူးလိုက်မိ၏။ သူသည် ကြက်နှင့်ငါးများ၏ အကူအညီဖြင့် ဤကဲ့သို့ ဖြစ်တည်အောင် ဖန်တီးပြုလုပ်ခဲ့ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ ဤမိန်းကလေးမှာတော့ ရည်ရွယ်ချက်ရှိရှိဖြင့် စာလုံး လေးလုံးဖြစ်တည်အောင် ဖန်တီးခဲ့သည်။ သို့ပေမဲ့ မည်သူနိုင်ရမည်ဆိုသည်မှာ ဒိုင်လူကြီးများအပေါ်တွင် မူတည် လျက်ရှိသည်ဟု ချင်စုန့်ပေါင်က ကောင်းကောင်းနားလည်ထားခဲ့မိသည်။
...........
နာရီဝက်ကြာပြီးသည့်နောက်မှာတော့ အခြားသော ယှဉ်ပြိုင်ဘက် ရှစ်ယောက်တို့သည် ချက်ပြုတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ပွဲစီစဉ်သူများသည် ဟင်းပွဲများကို ယူဆောင်ပြီးသည့်နောက်မှာတော့ သေသေချာချာ မြည်းစမ်းကြ တော့သည်။
သို့ပေမဲ့ ဒိုင်လူကြီးများသည် ၎င်းတို့ကို ထုတ်ပယ်လိုက်ကြ၏။ ကောင်းကင်ပုံတွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုတိမ်ထုကြီးကို မြင်ရပြီးသည့်နောက်မှာတော့ ဒိုင်လူကြီးများ၏ စိတ်ခံစားချက်များကို သက်ရောက်စေခဲ့ တော့သည်။ ၎င်းတို့၏ မျက်လုံးထဲတွင် လျှိုဝမ်ရှစ်နှင့် ချင်စုန့်ပေါင်မှလွဲ၍ တခြားသူများအားလုံးသည် အရည်အချင်း မရှိကြတော့ချေ။
“ကျန်တဲ့ ပြိုင်ပွဲဝင်နှစ်ယောက်ကို ဆက်လက်ပြီးတော့ သုံးသပ်ပါတော့မယ်” ဤစကားပြောပြီးပြီးချင်းမှာပဲ ကုန်းမြေတိုက်ကြီးတွင်ရှိသော ကြည့်ရှုနေကြသူများ၏ စိတ်ဝင်စားမှုကို မြင်တက်စေခဲ့တော့သည်။ နောက်ဆုံးတွင် မည်သူသည် ဗိုလ်စွဲမည်ဆိုသည်ကို သုံးသပ်မည့် ဒိုင်လူကြီးများ အလှည့်ကို ရောက်ရှိလာခဲ့ပြီဖြစ်၏။
“ကျေးဇူးပြုပြီး”
ဒိုင်လူကြီးဆယ်ယောက်တို့သည် စင်မြင့်ပေါ်သို့ တက်လှမ်းလာပြီးသည့်နောက် ချင်စုန့်ပေါင်၏ အရှေ့တွင် မတ်မတ် ရပ်လိုက်ကြတော့သည်။
“ဟင်း”
လင်းရို သည် သက်ပြင်းချလိုက်မိ၏။ သူသည် ဤပြိုင်ပွဲတွင် ဗိုလ်စွဲရန် စိတ်ကူးထားခဲ့သော လူတစ်ယောက်လည်းဖြစ်သည်။ ဗိုလ်မစွဲဘူးဆိုလျှင်တောင်မှ ချင်စုန့်ပေါင်၏နောက် ဒုတိယနေရာ ရရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ဘာမှမဟုတ်ပဲ ထွက်ခွာသွားခဲ့ရပြီဖြစ်သည်။ သူသည် ညံ့ဖျင်း လွန်းလှသောကြောင့် မဟုတ်ပေ။ အစစ်အမှန် ကြမ်းတမ်းလွန်းလှသော မွန်းစတားနှစ်ယောက်နှင့် တွေ့ဆုံခဲ့ရ သောကြောင့်သာ ဖြစ်၏။
အင်မော်တယ်တစ်ယောက်ကဲ့သို့ ပုံပန်းသွင်ပြင်ရှိသော အဘိုးအိုသည် စားပွဲပေါ်တွင်ရှိနေသော ကြက်သားနှင့် ငါးကို ကြည့်ရှုလိုက်၏။ "ဒါက ဟင်းတစ်ပွဲလား၊ နှစ်ပွဲလား"
"တစ်ပွဲတည်းပါပဲ"
ချင်စုန့်ပေါင်သည် လက်ကို ယမ်းခါလိုက်၏။ စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာသည်။ ဟင်းနှစ်ပွဲသည် ရုတ်တရက်ထ၍ စားပွဲပေါ်တွင် ချာချာလည်လျက်ရှိပြီး အိုးကြီးပေါ်သို့ အိုးလေးက ဆင့်လာ၏။ စားပွဲပေါ်တွင်တော့ ပြည့်စုံစွာချက်ပြုတ်ထားသောငါးသည် S ပုံသဏ္ဍာန်မျိုး ရှိနေပြီး ကြက်သားများကိုတော့ ထိုက်ကျိပုံသဏ္ဍာန်မျိုးဖြစ်အောင် ဖန်တီးပြုလုပ်ထားသည်ကို မြင်ရတော့၏။
ချင်စုန်ပေါင်သည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ စားပွဲပေါ်မှ အိုးတစ်ခုကို လှမ်းယူပြီး အထဲမှ ဆီပူတစ်ချို့ကို ဟင်းပွဲပေါ်သို့ လောင်းထည့်လိုက်တော့သည်။ မွှေးပျံ့သည့်ရနံများသည် အားလုံးဆီသို့ ပျံ့နှံ့ ရောက်ရှိလာခဲ့တော့၏။ ကောင်းကင်ပေါ်တွင် ရှိနေသော ကခုန်နေသည့် နဂါးနှင့် ဖီးနစ်များသည် ရုတ်တရက် တိမ်များဖြစ်တည်သွားပြီးနောက် စက်ဝိုင်းပုံသဏ္ဍာန်မျိုး ဖြစ်တည်ကာ ဟင်းပွဲထဲသို့ ဝင်ရောက်သွားသည့် ပုံရိပ်မျိုး ဖြစ်တည်လာခဲ့သည်။
ချင်စုန့်ပေါင်သည် လက်ကိုယမ်းခါကာ ပြောလိုက်၏။ "ကျုပ်ရဲ့ နဂါးနဲ့ဖီးနစ် ကခုန်ခြင်း ဟင်းက အဆင်သင့်ပါပဲ၊ ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါအုံး"
ဒိုင်လူကြီးဆယ်ယောက်တို့သည် ဆွံအသွားသည်။ ဤကောင်လေးသည် ဟင်းပွဲဖြစ်တည်ရန်အတွက် နောက်ဆုံး အဆင့်ကို ဤကဲ့သို့ ချန်ထားခဲ့မည်ဟု သူတို့ မထင်မှတ်ထားခဲ့ချေ။ သို့ပေမဲ့ ဆီပူများ လောင်းပြီးသည့်နောက် မွှေးရနံ့သည် သူတို့၏ မျက်နှာကိုပင် ဟပ်လျက်ရှိနေ၏။ ဒီအနံ့ကို ရှူရှိုက်လိုက်သည့်နှင့် အလွန်တရာ လန်းဆန်းသည့် ခံစားချက်မျိုးကို ရရှိလျက်ရှိသည်။
"အနံ့တစ်ခုတည်းနဲ့တင် သွားရည်ယိုချင်စရာပဲ"
"ဒါ... ဒါလောကကြီးမှာ တကယ့်ကို အရသာရှိတဲ့ အရာပဲ"
"ကျုပ်ရဲ့ သက်တမ်းအနည်းငယ်ကို ပေးစွမ်းပြီးတော့ မြည်းစမ်းခွင့်ရမယ်ဆိုရင် လိုလိုချင်ချင်နဲ့ မြည်းစမ်းချင်တယ်"
"သက်တမ်းအနည်းငယ်က နည်းပါးတယ်လေ၊ ဆယ်စုနှစ်တစ်ခုလောက် ယူဆိုလည်း ယူပေါ့"
ချင်စုန့်ပေါင်၏ နဂါးနှင့် ဖီးနစ် ကခုန်ခြင်း အရသာသည် ပိုက်ဆံနှင့်ပင် တိုင်းတာ၍ မရနိုင်ချေ။ ထို့ကြောင့် သက်တမ်းကိုပင် ပေးအပ်ကာ လဲလှယ်စားသုံးရန် ပြင်ဆင်နေကြတော့၏။ ပွဲကြည့်ပရိသတ်များအားလုံးတို့သည် ရှေ့သို့လှမ်းလာပြီးသည့်နောက် ဒိုင်လူကြီးများဆီမှ လုစားချင်စိတ်ပင် ပေါက်မိနေကြသည်။
ကျွင်းချောင်ရှောင်းသည် အလွန်မွေးပျံ့လွန်းသည့် အနံ့ကို ရှူရှိုက်ပြီးသည့်နောက် ပြောလိုက်သည်။ "သူက တကယ့်ကို အားကောင်းတဲ့ ယှဉ်ပြိုင်ဘက် တစ်ယောက်ပဲ"
ဝှစ်
ဘေးတစ်ဖက်တွင် ထိုင်လျက်ရှိနေသော ခရမ်းရောင်ဘုရင်သည် သွားရည်များ ဆက်တိုက် ကျဆင်းလာ၏။ ၎င်း၏ မျက်လုံးများသည် တောက်လောင်နေသည်။ သူသည် အင်္ကျီကို ချွတ်ချင်စိတ်ပင် ပေါက်မိနေသည်။ "ကျုပ်ကို အရှက်မခွဲနဲ့နော်" ကျွင်းချောင်ရှောင်းက သတိပေးလိုက်သည်။
"ဂိုဏ်းချုပ်"
ရောင်မုန့်ယဉ်က ပြောလိုက်သည်။ "ဒီလူ လုပ်တဲ့ဟင်းက တကယ့်ကို မွှေးတာပဲ"
သူမနှင့် ခရမ်းရောင် ဘုရင်သည် လျှိုဝမ်ရှစ်၏ ဟင်းပွဲများကို စားသုံးရာတွင် အသားကျနေကြပြီးဖြစ်၏။ ထို့ကြောင့် တခြားသူများ၏ ဟင်းပွဲကို ဟင်းဟုပင် မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ ချင်စုန့်ပေါင်၏ နဂါးနှင့် ဖီးနစ် ကခုန်ခြင်းဟင်းပွဲသည် ၎င်းတို့၏ စားချင်သောက်ချင်စိတ်များကိုပင် တိုးတက်လာစေသည်။ တကယ့်ကို ကောင်းမွန်သည့် ဟင်းပွဲဖြစ်ကြောင်း သံသယဝင်စရာ မရှိချေ။
"အားလုံးပဲ"
အင်မော်တယ်တစ်ယောက်ကဲ့သို့သော အဘိုးအိုသည် လက်သီးကိုဆုပ်ကာဖြင့် ဂုဏ်ယူစွာ ပြောလိုက် သည်။ "စားကြည့်ရအောင်"
"ကျေးဇူးပြုပြီး စားပါအုံး"
အားလုံးသည် ယဉ်ယဉ်ကျေးကျေးဖြင့် စားရန် ကမ်းလှမ်းနေကြသည်ဆိုသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်များ မှာတော့ သူတို့အား သစ္စာဖောက်လျက်ရှိသည်။ တခြားသူများကို စားပါဟုဆိုသော်လည်း တူများကို ကောက်ကိုင် ကာ ကိုယ့်ပါးစပ်ထဲသို့သာ အလျင်အမြန် ထိုးထည့်လျက်ရှိ၏။
ပုံရိပ်ယောင်မြင်ကွင်းထဲမှ ကြည့်ရှုနေကြသော ပွဲကြည့်ပရိသတ်များမှာတော့ ကြည့်ရှုရန်သာ တတ်နိုင်ကြတော့ သည်။ ဒိုင်လူကြီးဆယ်ယောက်တို့သည် အတူတကွ အရသာခံပြီးသည့်နောက်မှာတော့ မျက်လုံးကို စုံမှိတ်ကာ မျက်နှာပေါ်တွင် အလွန်ကျေနပ်နှစ်သိမ့်နေသည့် အမူအရာမျိုး ဖြစ်တည်နေ၏။ ထိုအချိန်မှာတော့ ၎င်းတို့၏ ဝိညာဉ်သည် အပေါ်သို့ ပျံတက်သွားပြီးသည့်နောက် ကောင်းကင်ပေါ်တွင်ရှိနေသော တိမ်များနှင့်ဆုံတွေ့ကာ ကခုန်လျက် ရှိနေတော့သည်။
"အားလုံးပဲ"
ဟောင်ကျိကျန်က ပြောလိုက်၏။ "အမှတ်ပေးကြရအောင်"
"ဆယ်မှတ်၊ ဆယ်မှတ်"
ဒိုင်လူကြီးဆယ်ယောက်တို့သည် တစ်ယောက်ပြီးတစ်ယောက် ပေးလိုက်ကြသည်။ အားလုံးတို့သည် ဆယ်မှတ် ဆိုသည့်အမှတ်ကို ပေးစွမ်းကြ၏။
"ထင်ထားတဲ့အတိုင်းပဲ အမှတ်ပြည့်ရတာကိုး"
ပွဲကြည့်သူများ အားလုံးသည် ဤရလဒ်နှင့်ပတ်သက်၍ အံ့အား မသင့်ကြချေ။ ထို့အပြင် ပတ်ဝန်းကျင်ပြောင်းလဲမှုများ ဖြစ်တည်အောင် ဖန်တီးနိုင်သော ဟင်းပွဲဆိုသည်မှာ တော်ရုံဟုတ်သည့် ဟင်းပွဲမျိုးမဟုတ်ချေ။
"တကယ်လို့ ပြိုင်စံရှားဂိုဏ်းတပည့်သာ အမှတ်ပြည့် ရမယ်ဆိုရင် သရေကျမှာလား"
"အင်း... ဒါက တကယ်ဖြစ်နိုင်တယ်" အားလုံးခန့်မှန်းနေကြ၏။
ဒိုင်လူကြီးဆယ်ယောက်တို့သည် လျှိုဝမ်ရှစ်၏ ရှေ့ဆီသို့ ရောက်ရှိလာ၏။
အင်မော်တယ်တစ်ယောက်ကဲ့သို့ သန့်ပြန့်လှသော အဘိုးအိုက မေးလိုက်တော့သည်။ "ကောင်မလေး... မင်းရဲ့ ဟင်းပွဲက ဘာလဲ"
"လျှိုရဲ့ အသားနီကင်ပါ" လျှိုဝမ်ရှစ်က ပြောလိုက်သည်။ ဤဟင်းပွဲသည် တရုတ်ဟင်းလျာစာအုပ်ထဲမှ သင်ယူ ထားခြင်းဖြစ်သည်။ သို့ပေမဲ့ ချက်ပြုတ်ခြင်းနည်းစနစ်နှင့် ပါဝင်ပစ္စည်းများအားလုံးကို သူမ အသစ် ပြန်လည် ကာ ဖန်တီးထားခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူမ၏ လျှိုရဲ့ ဟင်းပွဲဟု အမည်ပေးခဲ့ခြင်းပင်ဖြစ်သည်။
"ဟင်းအိုးအဖုံးကို ဖွင့်လို့ရမလား"
ဝှစ်
လျှိုဝမ်ရှစ်သည် လက်ကိုယမ်းခါလိုက်သည်။ ပြီးသည့်နောက်မှာတော့ ဟင်းအိုးအဖုံးသည် ဘေးဆီသို့ လွှင့်စင် သွားခဲ့၏။ အသားနီကင်ဆယ်ပိုင်းသည် အားလုံး၏ မျက်စိရှေ့တွင် ပေါ်လာ၏။ ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ပါးစပ်ထဲသို့ထဲ၍ ဝါးချင်စရာ ပုံပန်းသွင်ပြင်ပင် ဖြစ်လို့နေ၏။
"ကြည့်ရတာတော့ သာမန်ပဲ"
အင်မော်တယ်ကဲ့သို့ အဘိုးအိုက ပြောလိုက်၏။ ဟင်း၏ ပုံပန်းသွင်ပြင်ကို ဆုံးဖြတ် ရမည်ဆိုလျှင် နဂါးနှင့်ဖီးနစ် ကခုန်ခြင်း ဟင်းပွဲလောက်တော့ အမြင်မဆန်းလှချေ။ သို့ပေမဲ့ လျှိုဝမ်ရှစ်သည် အရင် တစ်ခေါက်တုန်းက အမှတ်ပြည့်ရခဲ့ဖူးသူဖြစ်သောကြောင့် ဒိုင်လူကြီးများသည် သူမကို မထင်မသေးကြ။ အားလုံး သည် တူကို ကောက်ကိုင်ကာ ပါးစပ်ထဲသို့ ထည့်လိုက်ကြ၏။ ထူးခြားသည့် အရသာနှင့် မွှေးရနံ့တို့သည် ပါးစပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် မျက်တောင်ပင် မခတ်ဘဲ ကြည့်ရှုလျက်ရှိနေ၏။ ဒိုင်လူကြီးဆယ်ယောက်တို့၏ မျက်နှာ ပေါ်ရှိ အမူအရာများ ပြောင်းလဲမသွားသည်ကို မြင်ရသည့်အချိန်မှာတော့ သူ၏ နှလုံးသည် တဆတ်ဆတ်နှင့် ခုန်လျက်ရှိနေ၏။ နှလုံးတစ်ခုလုံးသည် ပါးစပ်ထဲမှ ထွက်လာလုမတတ် ဖြစ်နေသည်။
ပလပ် ပလပ် …။
အင်မော်တယ်ကဲ့သို့ အဘိုးအိုနှင့် တခြားသော ဒိုင်လူကြီးများ အားလုံးသည် အားရပါးရ ဝါးပြီးသည့်နောက် ပါးစပ် ထဲသို့ မြိုချလိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ သူတို့သည် နောက်ထပ်တူကို ကောက်ယူ၍ ထပ်စားရန် ပြင်ဆင်လိုက်ကြ၏။ သို့ပေမဲ့ စားပွဲပေါ်တွင်တော့ မရှိနေတော့ချေ။
လျှိုဝမ်ရှစ်သည် အများကြီးကို ချက်ပြုတ်ထားခြင်း မဟုတ်ပေ။ ဆယ်ခုကိုသာ ချက်ပြုတ်ထား၏။ လူတစ်ယောက် သည် တစ်ခုကိုသာ စားနိုင်စွမ်းရှိသည်။
"အင်း... အင်း"
အဘိုးအိုသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "ကျုပ်ထပ်စားချင်သေးတယ်"
အစပ်ကြိုက်သည့် အဘိုးအိုကလည်းပြောလိုက်၏။ "ဒီဟင်းပွဲက ဝိညာဉ်ထဲထိ တုန်လှုပ်စေလောက်အောင် မဖြစ်စေဘူးဆိုပေမယ့် စားချင်သောက်ချင်စိတ်ကို ပိုပြီးမြင့်တက်စေတယ်၊ စားလိုက်ရုံနဲ့ မဝဘူးဆိုတဲ့ ခံစားချက် ကိုရတယ်၊ ဒီတော့"
သူသည် ခဏရပ်ကာဖြင့် အမှတ်ပေးလိုက်သည်။ "ဆယ်မှတ်ယူလိုက်"
"အစားအသောက်ဆိုတာက လူတွေအတွက် အရမ်းကို အရေးကြီးတယ်၊ အဓိကအားဖြင့် ဝမ်းဗိုက်ကို ပြည့်ဝစေဖို့ ပေါ့၊ ဒီဟင်းပွဲက ရိုးရှင်းတယ်ဆိုပေမဲ့ ထပ်တလဲလဲ စားချင်စိတ်ကို ဖြစ်ပေါ်စေတယ်လေ" ဒိုင်လူကြီးသည် ပြောရင်းနှင့် ဆယ်မှတ်ပေးလိုက်ပြန်၏။
ဟောင်ကျိကျန်သည် ကျယ်လောင်စွာ ကြေညာလိုက်တော့၏။ "လျှိုဝမ်ရှစ်ရဲ့ ဟင်းပွဲကလည်း အမှတ်ပြည့်ရတယ်"
"ထင်ထားတဲ့အတိုင်းပဲကိုး၊ သူတို့က အမှတ်ပြည့်ရတယ်"
"ဒါဆိုရင် သရေကျပြီပေါ့၊ ဘယ်သူ နိုင်တယ်လို့ သတ်မှတ်မှာလဲ" အားလုံးက ဆွေးနွေးလျက်ရှိကြသည်။
ဟောင်ကျိကျန်သည်လည်း ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနေသည်။ ယခင်နှစ်၏ စားဖိုမှူးနတ်ဘုရားပြိုင်ပွဲတွင် ဗိုလ်စွဲသူသည် သီးခြားထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ ဤကဲ့သို့ သရေကျနေသည့် အခြေအနေမျိုးသည် တစ်ခါမှ မဖြစ်ပေါ်ခဲ့ချေ။
"ဆရာဟောင်"
အင်မော်တယ်ကဲ့သို့ အဘိုးအိုက ပြောလိုက်၏။ "သူတို့နှစ်ယောက်ကို နောက်တစ်ကြိမ် ထပ်ပြီးတော့ ပြိုင်ခိုင်းရင်ကော …"
ဟောင်ကျိကျန်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ "ဒီနည်းလမ်းပဲ ရှိတော့ တာကိုး"
"ဆရာဟောင်"
ထိုအချိန်မှာတော့ ပွဲကြည့်စင်ပေါ်တွင် ထိုင်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် မတ်တပ် ထကာ ပြောလိုက်၏။ "သူတို့နှစ်ယောက်က ထပ်ပြီးတော့ အမှတ်ပြည့်ရရင် ဘယ်လိုလုပ်မလဲ"
စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ "ဒါက ဂွင်ဖန်နေတာပဲ"
"ဒါက ….." ဟောင်ကျိကျန်က တွေဝေလျက်ရှိသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်အကြံပေးချင်တယ်၊ သူတို့နှစ်ယောက်ကို အိုးကြီးနဲ့ ချက်ပြုတ်ခိုင်း လိုက်၊ ပြီးတော့ လာကြည့်နေကြတဲ့ လူတွေအားလုံးကို မြည်းစမ်းပြီးတော့ အမှတ်ပေးခိုင်းရင်ကော၊ ဒီနှစ်ယောက်ကို ဆက်ပြီးတော့ ပြိုင်ခိုင်းမယ်ဆိုရင် ဒိုင်လူကြီးဆယ်ယောက်ရှိရင် ဆယ်မှတ်ပဲ အမြဲတမ်း ရနေမှာ၊ ကွဲပြားခြားနားတဲ့ အဖြေမျိုး ထွက်လာမှာ မဟုတ်ဘူးလေ၊ အားလုံးပဲ"
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောလိုက်သည်။ "ဘယ်လိုထင်ကြလဲ၊ သဘောတူလား"
"သဘောတူပါတယ်၊ ဂိုဏ်းချုပ်ကျွင်းရဲ့ အကြံဉာဏ်က တကယ့်ကို မဆိုးဘူးပဲ"
"ဆရာဟောင်... ကျုပ်တို့လည်း မြည်းစမ်းချင်တယ်"
"ဆရာဟောင်... ကျုပ်တို့ ဒိုင်လူကြီး အလကား လုပ်ပေးမယ်လေ"
"ဆရာဟောင်"
ထိုအချိန်မှာတော့ မြို့တော်ဝန်ဟန်၏ အသံသည် ပွဲတည်နေရတစ်ခုလုံးဆီသို့ ပျံ့နှံ့လာသည်။ "ဒီနေရာက လူတွေအားလုံး အမှတ်ပေးနိုင်တာ ပိုပြီးကောင်းတာပဲ"
အင်ပါယာမြို့၏ မြို့တော်ဝန်တစ်ယောက်အနေနှင့် သူသည် အချိန်ကိုက် ဝင်၍ ပြောဆိုခဲ့တော့သည်။ မြို့တော်ဝန်ဟန်၏ အကြံပြုချက်ကို ရရှိပြီးသည့်နောက် ဆရာဟောင်သည် ကျယ်လောင်စွာ ကြေညာလိုက်တော့သည်။
"ဒီလိုဆိုရင် နောက်တစ်ကြိမ် ယှဉ်ပြိုင်လိုက်ကြတာပေါ့၊ ဘယ်သူပိုပြီးတော်တယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကို ချမှတ်မယ့် ဒိုင်လူကြီးက လာရောက်ကြည့်ရှုကြတဲ့သူတွေပဲ"
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို ထိုင်ခုံကိုအသာမှီထိုင်ပြီးနောက် အအသံပို့လွှတ်လိုက်သည်။ "မြို့တော်ဝန်ဟန်... ကျေးဇူးတင်ပါတယ်"