← Chapters

သူတို့၏ စိုးရိမ်မှု

Vol. 008 Ch. 791

သူတို့၏ စိုးရိမ်မှု

Vol. 008 Ch. 791

“ဒါဘာလဲ” စူးရှောင်ရှောင်သည် စက္ကူငှက်ကိုဖမ်းမည် လုပ်သော်လည်း ငှက်သည် အရှိန်မြင့်ပြီး ရှောင်လိုက်ကာ ရှီမာယူယူရှေ့တွင် ကျသွားသည်။

“ဒါက ရှန်ယိရဲ့ စက္ကူငှက်ပဲ” ရှီမာယူယူသည် လက်ဆန့်ကာ ယူပြီးနောက် လက်ဖဝါးပေါ် တင်လိုက်သည်။ သူမသည် ဝိညာဉ်စွမ်းအင် ထည့်လိုက်ရာ ပုံမှန်စက္ကူငှက်အဖြစ် ပြောင်းသွားလေသည်။

“ကုန်တောင်ကြားက စက္ကူကို ဝိညာဉ်သားရဲအဖြစ် ပြောင်းနိုင်တယ်ဆိုတာ အမှန်ပဲထင်တယ်” ကျန်းကျူကျိသည် စက္ကူငှက်ကိုကြည့်ပြီး ရေရွတ်လေသည်။

ရှီမာယူယူသည် စာရွက်ဖြန့်ကြည့်ပြီး အပေါ်ပိုင်းတွင် ရေးထားသော စာများကိုဖတ်ကာ “ကျွန်တော် အပြင်ခဏလောက် သွားလိုက်ဦးမယ်”

“အခုလား”

“သူတို့ ကျွန်တော့်ကို စောင့်နေကြတယ်၊ ပြီးတော့ အနီရောင် တောင်ထိပ်မှာတုန်းက တွေ့ခဲ့တဲ့ သူငယ်ချင်းတွေကလည်း စိတ်ပူနေကြလို့ သူတို့ကိုလည်း တွေ့ရဦးမယ်၊ သူတို့က ဖက်တီးကျူနဲ့ လိုက်လာကြတာ အဲဒါကြောင့် သူတို့ကိုလည်း တွေ့ရဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။ “စီနီယာ ဒီဟာတွေကိုသိမ်းဖို့ ဒုက္ခပေးရတော့မယ်”

“အင်း သွားလိုက်” စူးရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“မြန်မြန်သွား မြန်မြန်ပြန်လာ၊ မင်းပြန်လာရင် ငါတို့အသေးစိတ် ဆွေးနွေးကြမယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

“အင်း”

“မင်း ဒီအတိုင်း သွားမလို့လား အပြင်မှာ ကျောင်းသားတွေဝိုင်းနေမှာ မကြောက်ဘူးလား”

ရှီမာယူယူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ဟိန်းသံထောင်ချီအား ခေါ်ထုတ်လိုက်သည်။ သူမသည် သူနှင့် ပေါင်းစပ်လိုက်ရာ ပုံစံလုံးဝ ပြောင်းသွားလေသည်။

“ကျွန်တော်သွားပြီ” သူမသည် အဝတ်များကို ဖြန့်ပြီးနောက် ခွဲခွာခြင်းဥယျာဉ်မှ ခြေလှမ်းကျဲများဖြင့် ထွက်သွားလေသည်။

“ရှီမာမျိုးနွယ်ရဲ့ ဝိညာဉ်အရည်အချင်း ပေါင်းစပ်မှု ...” ကျန်းကျူကျိ ရေရွှတ်လိုက်သည်။ “ဂျူနီယာညီလေးဆီမှာ ဖုံးထားတဲ့ လျှို့ဝှက်ချက်တွေ များတာပဲ”

“အစ်ကိုလည်း သတိထားမိလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။

“သိသာနေတာပဲကို ဘယ်လိုလုပ် မသိရမှာလဲ” ကျန်းကျူကျိ ပြောလိုက်သည်။ “ဂျူနီယာညီလေးက အဲဒီ ရှီမာမျိုးနွယ်နဲ့ ဘယ်လိုပတ်သက်တာလဲ မသိဘူး”

“ဂျူနီယာမောင်လေးက အနိမ့်ပိုင်း တိုင်းပြည်ကလာက ဒီအချက်ကတော့ရှင်းတယ်၊ ဒါပေမဲ့ ရှီမာမျိုးနွယ်ကလည်း အဲဒီဝိညာဉ်ကျမ်းကို မဖြန့်တာလည်း အမှန်ပဲ၊ သူတို့သာ ဂျူနီယာမောင်လေး ရှိတာကို သိရင် ဘယ်လိုလုပ်မလဲ မသိဘူး” ဟန့်မြောင်ရွှမ်သည် စိုးရိမ်စွာ ပြောလေသည်။

“ဘာတွေစိုးရိမ်နေတာလဲ” ကျန်းကျူကျိသည် အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်သည်။ “ငါတို့ ဆရာက ခံတတ်တဲ့လူမဟုတ်ဘူး သူတို့က ဂျူနီယာညီလေးကို အနိုင်ကျင့်ရဲရင် သူ့အကျင့်အရ သူတို့ကို ဖျက်ဆီးပစ်မှာပဲ ပြီးခဲ့တဲ့နှစ်က ကိစ္စက သက်သေပဲ”

ဟန့်မြောင်ရွှမ်သည် ပြီးခဲ့သည့်နှစ်က သူမဆရာဟု အော်ခေါ်ခဲ့သည့် ကိစ္စကို ပြန်တွေးမိသည်။ သူမသည် သူမမျိုးနွယ် အတွင်းတွင် အေးအေးချမ်းချမ်း မနေရသည်ကို သိသည်နှင့် လူအများရှေ့တွင် သူမကို အနိုင်ကျင့်သောလူများကို သတ်ပစ်ခဲ့သည်။ ထို့နောက်တွင် သူသည် ထိုမျိုးနွယ်မှ လူများနှင့် သူမနှင့် ပတ်သက်မှုမရှိတော့ဟု ပြောကာ သူမကိုခေါ်လာခဲ့သည်။

ထိုအကြောင်း တွေးလိုက်သောအခါ သူမနှုတ်ခမ်းတွင် ပြုံးယောင်သန်းသွားသည်။

“ဟုတ်တယ် ဆရာက တကယ်ပဲ ကမ္ဘာ့အကောင်းဆုံး ဆရာပဲ”

“ဒါပေမဲ့ ဆရာက ဒီတစ်ခေါက် ထွက်သွားတာ နာမည်ပြားထားခဲ့တယ်၊ သတင်းဆိုး ဖြစ်လိမ့်မယ်လို့ ထင်တယ်” စူးရှောင်ရှောင် ပြောလိုက်သည်။ “ဆရာဘယ်သွားတာလဲ”

“ဆရာက ဂျူနီယာညီလေးရဲ့ အသက်ကိုကယ်ဖို့ တစ်ခုခုသွားရှာတာ” ကျန်းကျူကျိ ပြောလိုက်သည်။

ရှုဂျင်းထွက်မသွားခင် သူရှုဂျင်းနှင့် စကားပြောခဲ့သည်။ သူသည် ထွက်သွားရသည့် အကြောင်းအရင်းနှင့် ကိစ္စတချို့ကို ပြောသွားသည်။ သို့သော် သူအဝေးကို သွားရှာမည်ဟု ပြောသွားသည်။ ဘာအတွက်ကြောင့် ဆိုသည်ကိုတော့ ပြောမသွားပေ။

“ဂျူနီယာညီလေးက ဘာဖြစ်လို့လဲ” စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် တုန်လှုပ်သွားကြသည်။

ကျန်းကျူကျိသည် ခေါင်းယမ်းလိုက်သည်။ “ဆရာက မပြောပြဘူး၊ ဂျူနီယာညီလေးကို ဂရုစိုက်ပေးဖို့ပဲ ပြောသွားတယ်”

“ဟူး ...”

ရှီမာယူယူသည် ပုံစံပြောင်းကာ ခွဲခွာခြင်းဥယျာဉ်မှ ထွက်ခွာလေသည်။ သူမကိုဖြတ်သွားသော လူများကို အမှန်တကယ်ပင် တွေ့လေသည်။ သူမအားမြင်သောအခါ ကြည့်ရုံသာ ကြည့်သွားကြပြီး သူမအား မှတ်မိခြင်းမရှိကာ ဆက်လျှောက် သွားကြလေသည်။

တည်ဆောက်မှုအား တာဝန်ယူထားသည်မှာ အရင်ကနှစ်ယောက်ပင် ဖြစ်သည်။ ရှီမာယူယူ လာသည်ကို မြင်သောအခါ သူတို့၏ မျက်လုံးများသည် စိတ်အားထက်သန်မှုများ ပြည့်သွားသော်လည်း ယွမ်ရှောင်ဂျီပြောခဲ့သည့်စကားကို အမှတ်ရသွားကာ သူတို့အတွေးများကို ပြန်ရုပ်သိမ်းလိုက်သည်။

“ယူယူ အပြင်သွားမလို့လား” ဝေကြီးသည် ပြုံးကာ မေးလိုက်သည်။

“ဟုတ်တယ် ကျွန်တော် ကိစ္စလေးတွေ လုပ်စရာရှိသေးလို့” ရှီမာယူယူသည် ရှုဂျင်း၏ နာမည်ပြားထုတ်ကာ ဝေကြီးအား ပေးလိုက်သည်။

ဝေကြီးသည် ယူကာ ခါတိုင်းလိုပင်ကြည့်ပြီး သူမအား ပြန်ပေးကာ ပြောလေသည်။ “သွားလိုက် ဂရုစိုက် မင်းကိုသတ်ချင်တဲ့လူတွေ များနေတယ်ဆိုတာ မမေ့နဲ့ဦး”

ရှီမာယူယူသည် နာမည်ပြားကိုသိမ်းပြီး ပြုံးကာ ပြောလိုက်သည်။ “သိပါတယ် ဒါပေမဲ့ အဲလူတွေက ကောင်းကင်ဂိုဏ်းမှာတော့ ပြဿနာမရှာရဲလောက်ဘူး ထင်ပါတယ်၊ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

သူမသည် ဖြတ်လမ်းတည်ဆောက်မှုပေါ်တွင် ရပ်လိုက်ရာ ဝေလေးသည် အသက်သွင်း လိုက်သည်နှင့် သူမ ပျောက်ကွယ်သွားလေသည်။

ရှီမာအိမ်တော်တွင် ရှီမန်ဖန်သည် ရှီမာလိုင်နှင့် စကားလက်ဆုံ ကျနေသည်။ ကုန်ရှန်ယိသည် ဘေးမှ ကြည့်နေသည်။ ရှီမာယူယူ ပြန်လာသည်ကို သူမ မြင်သောအခါ မတ်တတ်ရပ်ကာ သူမအား စစ်ဆေးလေသည်။

“အဆင်ပြေရဲ့လား”

“ကောင်းပါတယ် နေမကောင်းတဲ့ပုံ ပေါက်နေလို့လား” ရှီမာယူယူ ပြုံးလိုက်သည်။

“ယူယူ ဒဏ်ရာ ရထားတာလား” ရှီမာလိုင်သည် လျှောက်လာကာ သူမအား ဘေးသို့ဆွဲပြီး စစ်ဆေးလေသည်။

သူ့အပြုအမူကို ရှီမာယူယူမြင်သောအခါ အဖြစ်အပျက်များကို မသိကြောင်း သိလိုက်သည်။

“အဘိုး သမီး အဆင်ပြေပါတယ် နည်းနည်းပဲ ဒဏ်ရာရတာပါ”

“နည်းနည်းပဲ ဒဏ်ရာရတယ် ဟုတ်လား၊ နည်းနည်းပဲ ဒဏ်ရာရတယ် ဆိုရင်တောင် အဘိုးကို သူတို့က ဖုံးကွယ်ထားတာလား၊ အဲကောင်လေးတွေ အိမ်ပြန်ရောက်ရင် သိတယ်၊ သူတို့ကို သေချာပေါက် ပညာပေးရမယ်” ရှီမာလိုင် ပြောလိုက်သည်။

ထိုကောင်လေးများသည် ထိုနေ့က ထူးဆန်းသည်ကို သူသိသည်။ ရှီမာယူယူ နေမကောင်းသည်ကို ဖုံးကွယ်ထားသည့် အချက် ဖြစ်နေတာကိုး ...

“အဘိုး သမီးအခု နေမကောင်းတဲ့ပုံ ပေါက်နေလို့လား” ရှီမာယူယူသည် သူ့လက်မောင်းကို ချိတ်လိုက်သည်။ “အစ်ကိုနဲ့ တခြားသူတွေက အဘိုးစိတ်ပူမှာကိုသိလို့ မပြောပြချင်တာပါ၊ ဖြစ်ပြီးသွားတဲ့ ကိစ္စတွေကြောင့် ဒေါသထွက် မနေနဲ့တော့နော်”

သူမသည် သူ့လက်မောင်းအား ပွတ်သပ်ကာ ချစ်စရာကောင်းအောင် ပြုမူလေသည်။

“မရပါဘူး သူတို့ကို ပညာပေးမှရမယ်၊ မဟုတ်ရင် နောက်လည်း ငါ့ကိုဖုံးကွယ် ထားကြတော့မယ်” ရှီမာလိုင် နှာမှုတ်လေသည်။

“အဘိုး ...” ရှီမာယူယူသည် သူ့လက်မောင်းအား ဆက်ပွတ်သပ်လေသည်။

သူ၏ ချစ်လှစွာသော အဖိုးတန်မြေးမလေးမှ ထိုအတိုင်းပြုမူသည်ကို ရှီမာလိုင်မြင်သောအခါ စိတ်မဆိုးနိုင်တော့ပေ။ သူ သက်ပြင်းချကာ မေးလိုက်သည်။ “ဒဏ်ရာက ပြင်းထန်လား”

မပြင်းထန်ဘူးဆိုရင် အစ်ကိုတွေက ဘယ်လိုလုပ် ဖုံးကွယ်ထားမလဲ ...

ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သမီး တစ္ဆေမျိုးနွယ်နဲ့ တိုက်ပွဲတိုက်တုန်းက သေဆုံးခြင်းရောင်ဝါ ဝင်သွားတာ၊ သေဆုံးခြင်းရောင်ဝါက သမီးခန္ဓာကိုယ်ထဲမှာ အစပျိုးသလိုဖြစ်သွားလို့ ခဏလောက် ထိန်းချုပ်မရဖြစ်သွားတာ၊ အဲဒါကြောင့် သူတို့ ပြန်ပြောဖို့ အခွင့်အရေးမရှိသွားတာ၊ ပြီးတော့ ဆရာက ဂိုဏ်းကို ပြန်ခေါ်သွားပြီး ကျောင်းအုပ်နဲ့ တခြားသူတွေက ကုပေးပါတယ်၊ အဲဒါကြောင့် ဘာမှမဟုတ်ပါဘူး”

ရှီမာလိုင်သည် သူမအား ကြည့်ပြီး ပြောလိုက်သည်။ “အဘိုးမသိဘူးလို့ တကယ် ထင်နေတာလား၊ သမီး အဲဒီလိုပြောနေတဲ့အချိန်မှာ ပြင်းထန်တယ်ဆိုတာ သိပြီးပြီ အဲဒါကို ဘာမှမဟုတ်သလို ပြောနေသေးတယ်”

“အဲဒါကလည်း ဖြစ်ပြီးသွားပြီလေ အစ်ကိုတွေကလည်း သူငယ်ချင်းတွေဆီက သတင်းကြားလို့လေ သူတို့လည်း ကိုယ်တိုင်တွေ့ရတာ မဟုတ်ဘူး၊ အဲဒါကြောင့် သူတို့က မပြောရဲတာပါ၊ သူတို့ချဲ့ကား  ပြောလိုက်လို့ အဘိုးလန့်သွားရင် ဘယ်လိုလုပ်မလဲ” ရှီမာယူယူ သွားဖြဲပြလိုက်သည်။

“နောက်ကို သမီးနားမှာ ကပ်နေမှရတော့မယ်” ရှီမာလိုင်ပြောလိုက်သည်။ “အဘိုးက ဘာမှမလုပ်နိုင်တာလည်း မဟုတ်ဘူး၊ အဘိုးဝိညာဉ်စေတီထဲမှာ ကျင့်ကြံလို့ရတယ်၊ သမီးနဲ့ရှိနေမှ စိတ်ချမယ်”

ရှီမာယူယူသည် ခေတ္တမျှ တွေဝေပြီးနောက် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ကောင်းပါပြီ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီမှာဆိုရင် အချိန်ပိုရတယ် အဘိုးလည်း မြန်မြန်ကျင့်ကြံလို့ ရတာပေါ့၊ အဲဒီမှာဆိုရင် စကားပြောမယ့် လူမရှိတော့ အဘိုးပျင်းမှာစိုးလို့ပါ”

“ဒါဆိုရင် အဘိုး သူတို့၃ယောက်ကိုရှာပြီး ဆွေးနွေးလိုက်ဦးမယ် သမီးတို့လည်း စကားပြောကြ အဘိုး မနှောင့်ယှက်တော့ဘူး”

ရှီမာလိုင်သည် ပြောပြီးသည်နှင့် ဆန်းမူယုနှင့် တခြားသူများကို သွားရှာလေသည်။

***

All Chapters