← Chapters

လက်ဆောင်များ ပေးပို့ခြင်း

Vol. 008 Ch. 793

လက်ဆောင်များ ပေးပို့ခြင်း

Vol. 008 Ch. 793

ရှီမာယူယူသည် သားအမိကျောက်တုံးထုတ်ပြီး အပြာရောင်ဓားသွားနှင့် တခြားသူများကို အားနာစွာ ပြုံးပြလိုက်သည်။ သူမသည် ဝိညာဉ်စွမ်းအင်ထည့်ကာ ပြောလိုက်သည်။ “စီနီယာအစ်ကို”

“ဂျူနီယာညီလေး ဘယ်အချိန် ပြန်လာမှာလဲ” ကျန်းကျူကျိ၏ အသံသည် ပျင်းရိစွာ ထွက်ပေါ် လာရာ သူမကိုပင် အိပ်ချင်သွားစေသည်။

“မကြာခင် ပြန်လာပါမယ် ဘာဖြစ်လို့လဲ”

“ဒီလိုပါပဲ မင်းနဲ့ဆွေးနွေးစရာရှိလို့ ဒါပေမဲ့ မင်းမကြာခင် ပြန်လာမယ်ဆိုတော့ မင်းပြန်လာတာကို စောင့်ပြီးမှ ဆွေးနွေးကြတာပေါ့” ကျန်းကျူကျိ ပြောလိုက်သည်။

“အင်း ကျွန်တော် မကြာခင် ပြန်လာပါမယ်”

“ကောင်းပြီ မင်းပြန်လာရင် ငါ့ကိုနှိုးဦး ...” ကျန်းကျူကျိ၏အသံမှာ တိုးသွားရာ သူပြန်အိပ်ပျော် သွားသည်ဖြစ်ကြောင်းကို စဉ်းစားမကြည့်ဘဲနှင့်တောင် သူမ သိသည်။

ထင်ထားသည့်အတိုင်းပင် တိုးညင်းသော အသံတစ်သံသည် အနောက်မှ ထွက်ပေါ်လာသည်။ “ကျန်းကျူကျိ အစ်ကို အိမ်ထဲမှာအိပ်လို့ မရဘူးလား၊ သန့်ရှင်းရေး လုပ်တာကို လမ်းမှာလာပိတ်နေတယ်”

ရှီမာယူယူသည် အပြာရောင် ဓားသွားနှင့် တခြားသူများကို ပြုံးပြလိုက်သည်။ သူတို့မျက်နှာမှ ရှုပ်ထွေးမှုကို တွေ့သောအခါ ရှင်းပြလိုက်သည်။ “ကျွန်တော့်စီနီယာ အစ်ကိုက အိပ်ရတာကို ကြိုက်တယ် ရယ်စရာတွေ ဖြစ်ကုန်ပြီ”

“ကမ္ဘာကြီးက အကြီးကြီးပဲ ထူးခြားတဲ့လူတွေလည်း အမြဲရှိတတ်တာပဲ ဒါမထူးဆန်းပါဘူး” အပြာရောင်ဓားသွား ပြောလိုက်သည်။

“ရှင့်ရဲ့ ဒဏ်ရာကရော” ကျူလန် မေးလိုက်သည်။

“အများကြီး ကောင်းလာပါပြီ ခင်ဗျားတို့က ကျွန်တော့်အတွက် ဒီကိုအထူးတလည် လာပေးတာလို့ ကျွန်တော့်အစ်ကိုတွေ ပြောပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်”

“မင်းက ငါ့ဆရာမို့လို့လေ၊ ဟုတ်သားပဲ ငါသွားရတော့မယ်၊ ငါ့အတွက် လက်ဆောင် မပေးတော့ဘူးလား၊ သတ္တုလုံးလေးလို မျိုးလေ၊ ငါလည်းကစားချင်လို့” ချီဝေသည် သူမအရှေ့သို့ အပြေးလာပြီး သူမအား မျှော်လင့်တကြီး ကြည့်လေသည်။

“သတ္တုလုံးလိုမျိုး ဟုတ်လား” ရှီမာယူယူသည် နားမလည်ပဲ ချီဝေအား ကြည့်လိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက် ကြံ့တောင်ကြားမှာတုန်းက မင်းတို့ ဂိုဏ်းဝင်တွေက သတ္တုလုံးလေးတွေ သုံးသွားကြတယ်၊ အဲအထဲကို ဝိညာဉ်စွမ်းအင်လေး နည်းနည်းထည့်လိုက်တာနဲ့ လုံးဝ ပေါက်ကွဲသွားတာ အဲဒီသတ္တုလုံး” ချီဝေရှင်းပြလေသည်။“မင်းတို့ ဂိုဏ်းဝင်တွေ သုံးတာတွေ့ရတာ အရမ်းမိုက်တာပဲ အဲဒါ လေး နည်းနည်းလောက် ပေးလို့ရမလား”

“သြော် မင်းပြောတာ အဲဒီသတ္တုလုံးလား အာ ...” ဝိညာဉ်စွမ်းအင် ထည့်လိုက်သည်နှင့် ပေါက်ကွဲစေသော သတ္တုလုံးဟု သူပြောလိုက်သည့် အခိုက်တွင် သူဘာပြောချင်သည်ကို ရှီမာယူယူ သဘော ပေါက်လိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် ငါတို့ ဆိုင်တွေမှာ အဲဒါရှာဖို့ အချိန်တော်တော် ပေးလိုက်ရတယ်၊ ဒါပေမဲ့ အဲဒီလိုသတ္တုလုံးကို မတွေ့ခဲ့ဘူး၊ မင်းတို့ဂိုဏ်းက အထူးတလည်လုပ်တာ ဖြစ်မယ်လို့ အပြာရောင်ဓားသွား ပြောတယ်၊ အပြင်မှာမရနိုင်ဘူးတဲ့၊ ငါသွားရတော့မယ် ဆိုတော့ မင်းကိုပဲ ကပ်တောင်းရမှာပဲ” ချီဝေသည် ပြောရင်းနှင့် သွားဖြဲပြလေသည်။ ရှီမာယူယူ တိတ်သွားသည်ကိုကြည့်ပြီး သူ့မျက်နှာမှ တက်ကြွမှုသည် အနည်းငယ် လျော့သွားကာ ပြောလေသည်။ “အဲဒါက မင်းပေးသိလို့မရတဲ့ မင်းတို့ဂိုဏ်းက လျှို့ဝှက်ချက် မလား”

သူခန့်မှန်းသည်မှာ မှန်သည်ဟု ထင်သွားသည့်အခါ သူ့မျက်နှာ ညှိုးသွားသည်ကို ရှီမာယူယူ မြင်သည်နှင့် ရယ်မောလိုက်သည်။

“အဲဒါက လျှို့ဝှက်လက်နက် မဟုတ်ပါဘူး ဖက်တီးရှာတွေ့ပြီး ကစားဖို့ လုပ်ထားတဲ့ဟာပါ မင်း ကြိုက်တယ်ဆိုမှတော့ နည်းနည်းပေးတာပေါ့”

သူမသည် သတ္တုလုံး တချို့ထုတ်ကာ ချီဝေအား ပေးလိုက်သည်နှင့် ချီဝေသည် ပျော်ရွှင်စွာ သိမ်းလိုက်လေသည်။

“ကျေးဇူးပဲဆရာ”

ချီဝေအား အနည်းငယ် ပေးလိုက်သည်ကို ရှီမာယူယူ စဉ်းစားလိုက်သည်နှင့် တခြားသူများကိုပါ မပေးမဖြစ်ဟု သိလိုက်သည်။ ထို့ကြောင့် သူမ နောက်ထပ် အနည်းငယ်ထုတ်ကာ တစ်ယောက်ကို ၁၀လုံးစီ ပေးလိုက်လေသည်။

“ဖက်တီးက ငပျင်းဆိုတော့ ကျွန်တော့်ဆီမှာလည်း အများကြီးမရှိဘူး အဲဒါကြောင့် နည်းနည်းပဲ ပေးနိုင်ပါတယ်”

တကယ်တော့ ချီဝေ သတ္တုလုံးတောင်းသည်ကို အပြာရောင်ဓားသွားနှင့် တခြားသူများ မြင်သောအခါ သူတို့လည်း လိုချင်မိသည်။ သို့သော် သူတို့သည် ချီဝေကဲ့သို့ တဲ့တိုးပြောတတ်သူများ မဟုတ်သဖြင့် မတောင်းကြပေ။ အခု ရှီမာယူယူမှ သူတို့ကို လက်ဆောင်များ ပေးသဖြင့် ဟန်ဆောင် မနေတော့ပဲ သတ္တုလုံးများကို ဝမ်းသာစွာ ယူကြလေသည်။

“ဆရာ ဒါကို တကယ်ပဲ ဖက်တီး လုပ်ထားတာလား” ချီဝေသည် စပ်စုစွာ မေးလေသည်။

“ဟုတ်တယ် ဒါကိုလုပ်နိုင်တာ ဒီလောကမှာ ဖက်တီးတစ်ယောက်ပဲ ရှိတယ်၊ သူ့ရဲ့ အထူးထုတ်ကုန်တွေလို့ ပြောလို့ရတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

အခုချိန်တွင် ချီဝေသည် ထိုနေ့က ဖက်တီးကျူ၏ သတ္တုလုံးအကြောင်းကို ပြောလာသည့် အချိန်တွင် ဟန်မင်လန်နှင့် တခြားသူများ၏ မျက်နှာအမူအရာကို မြင်သောအခါ သူတို့သည် သတ္တုလုံးကြောင့် လာရောက်ခြင်း ဖြစ်ကြောင်းကို ရှီမာယူယူ ခန့်မှန်းမိလိုက်သည်။

သို့သော် သူတို့သည် ဆိုးလှသည် မဟုတ်သော်ကြောင့် သူတို့ကိုပေးလိုက်ခြင်း ဖြစ်သည်။ အထူးတလည် ကိစ္စတော့မဟုတ်ပေ။ ဖက်တီးသည် ပိုပြီးတော့ လုပ်ချင်သွားမည်။

“ကောင်းပြီ ညီလေး ငါတို့သွားကြမယ်” ချီဝေ၏ အစ်ကိုတစ်ယောက်မှ ပြောလိုက်သည်။

ချီဝေသည် ခေါင်းညိတ်ကာ ရှီမာယူယူဘက် လှည့်လိုက်သည်။ “ဆရာ ငါအရင်ဆုံး ပြန်သွားလိုက် ဦးမယ်၊ မင်းအလယ်ပိုင်းဒေသ ရောက်ရင် ငါ့ကိုချက်ကျွေးဦး၊ ငါ့ကိုမမေ့နဲ့ မဟုတ်ရင် ငါဝမ်းနည်းမှာ”

ရှီမာယူယူသည် သူ့မျက်လုံးထဲမှ တွန့်ဆုတ်မှုကို မြင်သောအခါ ကျောက်စိမ်းပုလင်း နှစ်လုံးကို ထုတ်ပြီး ပြောလိုက်သည်။ “မင်းအတွက်”

“ဒါဘာလဲ” ချီဝေသည် အဖုံးကိုဖွင့်ပြီး ဆေးအနံ့ကို ရှူကြည့်လိုက်သည်။ “အားကောင်းလိုက်တဲ့ ဆေး ဆရာ ဒီဆေးက ဈေးကြီးမှာပဲ ဟုတ်တယ်မလား”

“အရမ်းလည်း မဟုတ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။ “သိမ်းထားလိုက် တစ်နေ့ကို မင်း အသက်ကို ကယ်ပေးမှာပါ”

ချီဝေသည် ပုလင်းများကို သိမ်းပြီးနောက် ရှီမာယူယူ၏ ပခုံးကို ရိုက်ကာ “ဆရာ မင်းက ငါ့အပေါ် တကယ်ကောင်းတာပဲ ရင်ထဲထိသွားလို့ သေတော့မယ်”

စိတ်မြန်လက်မြန်ရှိသော ချီဝေ၏ အစ်ကိုတစ်ယောက်သည် သူအချိန်ဆွဲနေသည်ကို မြင်သောအခါ နယ်နိမိတ်ဖျက် အဆောင်ကိုထုတ်ကာ လဟာပြင် ဝင်ပေါက်ဖွင့်ပြီး ပြောလိုက်သည်။ “ငါတို့ သွားလိုက်ဦးမယ်”

ဝင်ပေါက်ပွင့်သွားသည်ကို ချီဝေမြင်လိုက်သည်နှင့် အချိန်ထပ်ဆွဲ၍ မရတော့ကြောင်းကို သိ လိုက်သည်။ သူသည် နှုတ်ဆက်ပြီးနောက် အစ်ကိုများနှင့် ထွက်ခွာသွားလေသည်။

ရှီမာယူယူသည် ဝင်ပေါက်ပိတ်သွားသည်အထိ စောင့်ကြည့်ပြီး သန်မာသော ရောင်ဝါပါ ပျောက်ကွယ်သွားသည်ကို သိလိုက်သည်။

“ချီဝေရဲ့ မျိုးနွယ်က အားကောင်းတာဖြစ်မယ်၊ သူ့အစ်ကိုနှစ်ယောက်က ... သူတို့ရောင်ဝါတွေက ပြင်းတယ်” သူမ သက်ပြင်းချလိုက်သည်။

အပြာရောင်ဓားသွား ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သူတို့က အလယ်ပိုင်းဒေသမှာ အသန်မာဆုံး မျိုးနွယ်ထဲက တစ်ခုပဲ”

ရှီမာယူယူသည် သူတို့နှင့် အချိန်တစ်ခုကြာအောင် စကားပြောကြရာ အနီရောင်တောင်တန်းတွင် အင်အားများ ခွဲသွားကြသည့်သတင်းကို ကြားသိရလေသည်။ ထို့နောက်တွင် သူမသည် သူတို့အား နှုတ်ဆက်ကာ ဂိုဏ်းသို့ပြန်ခဲ့လေသည်။

အပြာရောင်ဓားသွားနှင့် တခြားသူများသည် သူတို့လိုချင်သည့် သတင်းသိရသည်နှင့် နောက်ရောက်တွင် ကောင်းကင်မြို့မှ ထွက်ခဲ့လေသည်။

ရှီမာယူယူသည် ချက်ချင်းပင် အလျင်စလို ပြန်လာခဲ့လိုက်သည်။ သူမသည် အခြေအနေများ ကြောင့် စိတ်လွတ်သွားကာ အသွင်ပြောင်းရန် မေ့သွားခဲ့သည်။ ထို့ကြောင့် သူမအတွင်းဂိုဏ်းသို့ ဝင်သည်နှင့် ချက်ချင်းပင် ကျောင်းသားများ ဝိုင်းလာလေသည်။

လူအများစုမှာ ကျင့်ကြံခြင်း၊ အနားယူနေခြင်းများ လုပ်နေကြသဖြင့် အပြင်တွင် ကျောင်းသား အများအပြားရှိမနေ၍ တော်သေးသည်။ သူမသည် စကားအနည်းငယ် ပြန်ဖြေပြီးနောက် အမြန်ပြန်လာကာ ခွဲခွာခြင်းဥယျာဉ်တွင် ပုန်းနေရတော့သည်။

ထိုကျောင်းသားများသည် ခွဲခွခြင်းဥယျာဉ်အထိ သူမနောက်သို့လိုက်ကာ သူမ ဝင်သွားသည်ကို မြင်မှပင် ထွက်သွားကြလေသည်။

ရှီမာယူယူသည် ခွဲခွာခြင်းဥယျာဉ်တွင် ရပ်ကာ ရင်ဘတ်ကိုပုတ်ပြီး အသက်ရှူထုတ်ရသည်။

“ဒီလူတွေက ရူးလွန်းတယ်၊ ကျောင်းသားအိုကြီးတွေက ဒီလိုပဲ”

“မင်းက ကျောင်းသားသစ်နဲ့ မတူလို့လေ” စူးရှောင်ရှောင်သည် သူမရှေ့တွင်ပေါ်လာကာ ပြုံးနေသည်။

“ဟူး နောက်တစ်ခါ အပြင်သွားရင် သတိထားရမယ့်ပုံပဲ၊ အနည်းဆုံးတော့ လေမငြိမ်ခင်အထိ” ရှီမာယူယူ ပြောလိုက်သည်။ “ဟုတ်သားပဲ စီနီယာ အစ်ကိုကြီးရော”

“အထဲမှာ အိပ်နေတယ်” စူးရှောင်ရှောင် ပြောလိုက်သည်။

“သူ ကျွန်တော့်ကို ဘာလို့ရှာတာလဲမသိဘူး” ရှီမာယူယူ ပြောလိုက်သည်။ “ဒါဆို သူ မနက်ဖြန် နိုးလာတဲ့အထိ စောင့်ပြီးမှ ပြောတော့မယ်”

သူမသည် မနက်ဖြန်မှပြောမည်ဟု တွေးကာ ထွက်သွားမည်လုပ်သည်။

“မင်းပြန်လာတာနဲ့ သူ့ကိုလာရှာလို့ ပြောထားတယ် သွားမယ်”

စူးရှောင်ရှောင်၏ အပြုအမူကို ရှီမာယူယူမြင်သောအခါ သူတစ်ခုခုကို သိထားရမည်ဟု ခန့်မှန်းမိသည်။

သူတို့သည် ဟန့်မြောင်ရွှမ်၏ တံခါးကိုခေါက်ပြီး သူမတံခါးဖွင့် လာသည်နှင့် သုံးယောက်သား ကျန်းကျူကျိ၏ အိမ်သို့သွားကြလေသည်။

“ကောင်းပြီ ဂျူနီယာညီလေး ရောက်လာပြီ ကျန်းကျူကျိ အစီအစဉ်ကိုပြောတော့” ဟန့်မြောင်ရွှမ်သည် ခုံယူပြီး ထိုင်လိုက်သည်။

ရှီမာယူယူသည် သူတို့အားကြည့်ပြီးနောက် ကျန်းကျူကျိကို ကြည့်လိုက်သည်။ သူမပြန်လာတဲ့ အထိ စောင့်ပြီး သူတို့ဘာအကြောင်း ပြောကြမှာလဲ။

***

All Chapters