ဂိုဏ်း၏တောင်းဆိုချက်
Vol. 008 Ch. 794
ကျန်းကျူကျိသည် အိပ်ရာပေါ်မှထကာ ခေါင်းဦးကိုယူလိုက်သည်။ သူသည် ခန္ဓာကိုယ်ကို ရွှေ့လိုက်ပြီး နောက်က နံရံကိုမှီလိုက်သည်။ သူ သက်သောင့်သက်သာ ဖြစ်သည်နှင့် ပြောလေသည်။ “ဒီနေ့ ဒါရိုက်တာမုန့်က ငါ့ကိုခေါ်ပြီး တောင်ကမ်းပါးအဖွဲ့ရဲ့ အခြေအနေကိုပြောတယ်”
ရှီမာယူယူ မအံ့သြပေ။ ရှဲရုန်တို့ကိစ္စတွင် ကျောင်းသားအများအပြား သေဆုံးခဲ့သည်။ ဖုံးကွယ် ထားစရာ အကြောင်းမရှိနိုင်ပေ။ ထို့အပြင် ရှုယွမ်ယွမ်၏ တုံ့ပြန်မှုသည်လည်း သေးငယ်သော ကိစ္စ မဟုတ်ပေ။ သူတို့ကိုယ်တိုင် ကိုင်တွယ်ရမည့် ကိစ္စပင်ဖြစ်သည်။
သူတို့လုပ်ရမည်မှာ ဂိုဏ်းသို့သွားပြီး သူတို့ကိုယ်တိုင် ကိုင်တွယ်ရမည်ဖြစ်သည်။
သို့သော် ဂိုဏ်းမှ ကျန်းကျူကျိကို ပြောလိမ့်မည်ဟု သူမ မထင်မိပေ။
“သူတို့က သုသာန်တစ်ခုကို မတော်တဆရောက်သွားပြီး အဲဒီကိုဝင်တဲ့လူတိုင်းက သေသွား ပေမဲ့ ရှုယွမ်ယွမ်တစ်ယောက်တည်း အသက်ရှင်တာမလား” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်တယ်” ကျန်းကျူကျိ ပြောလိုက်သည်။
“ရှုယွမ်ယွမ်က ဘယ်လိုလွတ်လာတာလဲ” ရှီမာယူယူ မေးလိုက်သည်။ “ကျွန်တော်သိသလောက် ဆိုရင်တော့ သုသာန်ထဲက တည်ဆောက်မှုက ရှေးကျတဲ့တစ်ခု ဖြစ်မယ်”
“သူတို့ တည်ဆောက်မှုထဲ မဝင်မိဘူးလို့ ရှုယွမ်ယွမ်ပြောတယ်၊ အဲဒီမှာ လူတွေအရမ်းများတာနဲ့ ရပ်လိုက်ကြတာ၊ ဒါပေမဲ့ သူတို့က တည်ဆောက်မှုရဲ့ သက်ရောက်မှုကို ခံလိုက်ရပြီး ၇ယောက် ၈ယောက်လောက် သေသွားကြတယ်၊ ရှုယွမ်ယွမ်က ပြန်လာလိုက်လို့ လွတ်သွားတာ၊ သူမ အနောက်က လူတွေက အချိန်ဆွဲလိုက်လို့ဖြစ်မယ်”
“သူမ ကံကောင်းတာပဲပေါ့” ရှီမာယူယူ သက်ပြင်းချလိုက်သည်။ “ဒါပေမဲ့ သူတို့က ဘာလို့ စီနီယာ့ကို ခေါ်တာလဲ”
“အဲအထဲမှာ တစ်ခါမှမမြင်ဖူးတဲ့ သတ္တဝါတချို့ ရှိတယ်လို့ ရှုယွမ်ယွမ် ပြောတယ်၊ ရှေးကျတဲ့ နေရာဆိုတော့ တစ်ခုခုဖြစ်မှာစိုးလို့ သူတို့က လူခေါ်ပြီး သွားကြည့်ချင်ကြတာ”
“အဲဒါနဲ့ သူတို့က ကျွန်တော်တို့ကို သွားစေချင်တာလား” ရှီမာယူယူ မျက်တောင်ခတ်လိုက် သည်။
“ငါတို့ မဟုတ်ဘူး မင်းကို” ကျန်းကျူကျိသည် ရှီမာယူယူအား ကြည့်လိုက်သည်။ “ဒါပေမဲ့ မင်းသွားမယ် ဆိုတော့လည်း ငါတို့လည်းသွားမှာပဲ၊ အဲဒါကြောင့် ငါတို့လည်းသွားမယ် ဆိုတာတော့ မှန်နေတာပဲ”
“ကျွန်တော့်ကိုရှာတာလား ကျွန်တော့်ကို သွားစေချင်တာပေါ့” ရှီမာယူယူသည် ဒီတစ်ခေါက်တွင် တကယ် အံ့သြသွားသည်။ “စီနီယာတို့ နောက်နေကြတာလား”
“ဂိုဏ်းက ဂျူနီယာညီလေးကို ဘယ်လိုဖြစ်ပြီး သွားခိုင်းရတာလဲ အန္တရာယ်များလွန်းတယ်” စူးရှောင်ရှောင်သည်လည်း အလွန် အံ့သြသွားသည်။
“ဂျူနီယာ မောင်လေးကို အန္တရာယ်တောထဲ ပို့လိုက်တာပေါ့ ဟုတ်လား” ဟန့်မြောင်ရွှမ်သည် သဘောမတူပေ ...
“ငါစကားမဆုံးသေးဘူး မင်းတို့က ဖြတ်ပြောနေကြတယ်” ကျန်းကျူကျိ ပြောလေသည်။
“ဘာလို့ အချိန်ဆွဲနေတာလဲ” စူးရှောင်ရှောင် စောဒကတက်လေသည်။
“မြန်မြန်ပြော ဘာတွေဖြစ်နေတာလဲ” ဟန့်မြောင်ရွှမ်သည် တိုက်တွန်းလေသည်။
“ဂိုဏ်းက အဲဒီကိုလူတွေလွှတ်ဖို့ ပြင်နေတယ်၊ တည်ဆောက်မှုရှိနေလို့ သူတို့က တည်ဆောက်မှုကို တာဝန်ယူမယ့် လူနှစ်ယောက်ကို ရှာပြီး လွှတ်ပြီးသွားပြီ၊ ဒါပေမဲ့ အဲဒီနှစ်ယောက်က ပြောကြတယ် ရှေးဟောင်းမိစ္ဆာတွေလည်း ပေါ်လာတယ် တည်ဆောက်မှုကလည်း ရှေးကျတဲ့ဟာဆိုတော့ ယူယူ့ကို သွားစေချင်ကြတာ” ကျန်းကျူကျိ ပြောလေသည်။
“ဝေကြီးနဲ့ ဝေလေးကလား” ဟန့်မြောင်ရွှမ်သည် အံ့သြစွာဖြင့် မျက်ခုံးပင့်လိုက်သည်။
“ဘယ်သူရှိဦးမှာလဲ” ကျန်းကျူကျိ ပြောလိုက်သည်။
“ဂျူနီယာညီလေးက တည်ဆောက်မှုတွေအကြောင်း သိတာလား” စူးရှောင်ရှောင်သည် ရှီမာယူယူအား စမ်းသပ်သလို ကြည့်လေသည်။
“ဒါပေါ့” ကျန်းကျူကျိသည်လည်း သူမကိုကြည့်ပြီး ပြောလေသည်။ “သူ မသိဘူးဆိုရင် အစကတည်းက ငါတို့ခြံဝင်းထဲ ဝင်လို့ရမှာတောင် မဟုတ်ဘူး”
“သူ့ကို ကျွန်တော်တို့ အရင်ခေါ်ခဲ့တာ မဟုတ်ဘူးလား”
“သူ သိပြီးသားပဲ မင်းတို့ရှေ့မို့လို့ ဟန်ဆောင်ပြီးတော့ မင်းတို့နောက် လိုက်ဝင်လာတာ”
စူးရှောင်ရှောင်သည် သူ့ပေါင် သူပြန်ရိုက်ပြီးနောက် အော်လေသည်။ “ဟုတ်သားပဲ အဲတုန်းက ဂျူနီယာညီလေးက ဘာလို့အဲလောက်မြန်မြန် လာနိုင်တာလဲလို့ ထင်နေတာ သူက သိပြီးသားကိုး ဂျူနီယာညီလေး မင်းကတော့ ငါတို့ကိုရှုပ်အောင် လုပ်နေတယ်”
“ဂျူနီယာမောင်လေးက မင်းကိုမလန့်စေချင်လို့ပါ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။ “ပြီးတော့ သူကလည်း သေချာချင်လို့လေ ဟုတ်တယ်မလား ဂျူနီယာမောင်လေး”
“ဂျူနီယာညီလေးက တည်ဆောက်မှုသခင် ဖြစ်လိမ့်မယ်လို့ ငါတကယ် ထင်မထားဘူး” စူးရှောင်ရှောင်သည် သူမ၏ ပြည့်စုံသော အဂ္ဂိရတ်ပညာ အကြောင်းကို စဉ်းစားမိပြီးနောက် အလွန် အံ့သြနေလေသည်။
“တကယ်တော့ မင်းတို့နှစ်ယောက် သတိမထားမိလို့ပါ၊ ဂျူနီယာညီလေးက အဲဒီတည်ဆောက်မှုကို လုပ်ထားတယ်လို့ ဆရာပြောဖူးတယ်” ကျန်းကျူကျိ ပြောလေသည်။ “မင်းတို့နှစ်ယောက် အဲဒါကို စဉ်းစားလိုက်ရင် ဒီနေ့လိုအံ့သြမှာ မဟုတ်ဘူး”
စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် စဉ်းစားပြီးနောက် သဘောတူကြလေသည်။
“ဒါဆို ဂျူနီယာညီလေးက သူတို့နဲ့သွားမှာလား”
“ဟုတ်တယ်” ကျန်းကျူကျိ ခေါင်းညိတ်လေသည် “ငါသဘောတူပြီးသွားပြီ”
“ဘယ်လိုလုပ် သဘောတူလိုက်တာလဲ၊ ဂျူနီယာညီလေး အပြင်ထွက်ရင် ဘယ်လောက် တောင် အန္တရာယ်များလိုက်လဲ၊ အပြင်မှာ သူ့ကိုသတ်ချင်တဲ့ လူတွေလည်း အများကြီးပဲ သူအပြင်ထွက်တယ် ဆိုတာ သိရင်တော့ သူတို့ ...”
“ရှောင်ရှောင် မင်းက တုံးသွားတာလား အဲဒါက ဂျူနီယာမောင်လေး အတွက် အလွယ်လေးလို့ ဆရာ ပြောခဲ့တာ မေ့သွားတာလား၊ အဲဒီလူက သူဆိုတာကို မသိကြဘူး၊ သူသာ အဲဒီအကွက်ကို မသုံးသရွေ့တော့ ဘယ်သူမှ သူ့ကိုသတိထားမိမှာ မဟုတ်ဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
“သြော် ဟုတ်သားပဲ” စူးရှောင်ရှောင် ပြုံးလိုက်သည်။
“ငါက အဲဒါကိုစိုးရိမ်တာ မဟုတ်ဘူး” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။ “ငါက အပြင်က သဘာဝ အခြေအနေရဲ့ အန္တရာယ်ကိုကြောက်တာ၊ ဂိုဏ်းက ဝေကြီးနဲ့ ဝေလေးကို လွှတ်ပြီးသွားပြီ ဆိုလိုတာက အခြေအနေဆိုးတယ် ဆိုတာပဲ ဂျူနီယာမောင်လေး သွားမယ်ဆိုရင် တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ”
“သေချာပေါက်တော့ အန္တရာယ်ရှိမှာလဲ၊ အဲဒါကြောင့် ငါတို့အတူသွားရမယ်” ကျန်းကျူကျိ ပြော လေသည်။
“ဝါး ဂျူနီယာမောင်လေးနဲ့ ပထမဆုံး အပြင်သွားရမယ် နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူအား ကြည့်လိုက်သည်။
“ဘာတွေစိတ်လှုပ်ရှားစရာ ရှိလို့လဲ”
“သူအပြင်ထွက်တိုင်း ပျော်စရာတစ်ခုခုတော့ ဖြစ်တာပဲလေ၊ ဒီတစ်ခေါက်လည်း ဖြစ်နိုင်တာပဲ” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။
ရှီမာယူယူ သူတို့အား ကြည့်လိုက်သည်။ သူတို့သည် စကားကိုဆုံးအောင် မပြောရသေးခင်မှာ ပင် သူတို့ဟာနှင့်သူတို့ နောက်ပြောင်နေကြသည်။
“စီနီယာတို့ ကျွန်တော့်အမြင်ကိုလည်း မေးပါဦး”
ဟန့်မြောင်ရွှမ်သည် လျှောက်လာကာ သူမ ပခုံးအား ဆုပ်ကိုင်လိုက်ပြီး “ဂျူနီယာမောင်လေး မင်း ငါတို့ကိုငြင်းလို့မရဘူး မင်းလုံခြုံရေးကို သေချာပေါက် ကာကွယ်သွားမှာပါ၊ မဟုတ်ရင် မင်းမသွားချင်ဘူးလို့ ပြောနေတာလား”
ရှီမာယူယူသည် ခေါင်းယမ်းလိုက်သည်။ “တကယ်တော့ ကျွန်တော်ဒီနေ့ ဂိုဏ်းကိုခွင့်တိုင်ဖို့ လာတာ”
“မင်းဘယ်သွားချင်လို့လဲ”
“ခရမ်းရောင်နုန်းမြေ”
“မင်း ကိုယ့်ဘာသာ သွားမလို့လား”
“ကျွန်တော့်သူငယ်ချင်းက သူ့လူတွေ သုသာန်ထဲမှာ ပိတ်မိနေတယ်ဆိုပြီး လာရှာတယ်၊ သူတို့က ကျွန်တော့်ကို အဲဒီကိုသွားပြီး ကူကြည့်ပေးစေချင် နေတယ်”
“ဒါဆိုရင်တော့ ထပ်ကုန်ပြီ”
“ဟုတ်တယ် ကျွန်တော်တော့ ဘယ်တော့သွားရမလဲဆိုတာ ဂိုဏ်းကပြောလား”
“မနက်ဖြန်မနက် ဖြစ်လောက်တယ်”
“ဒါဆို ကျွန်တော် သူတို့ကို သွားပြောလိုက်မယ်”
“ငါ ဒါရိုက်တာမုန့်ကို ပြန်ပြောလိုက်မယ်”
နောက်နေ့မနက်တွင် သူတို့လှုပ်ရှားကြသည်။ ရှီမာယူယူသည် ကုန်ရှန်ယိတို့နှင့် အတူမသွားပဲ ကျားလင်းမြို့ အနီးအနားတွင် တွေ့ရန် ပြောလိုက်သည်။
ကောင်းကင်ဂိုဏ်းမှ ဖန်လိုင်သည် ဦးဆောင်သည်။ ဝေကြီးနှင့် ဝေလေးတို့သည် တခြားသော ဆရာများနှင့်အတူ လာကြသည်။ ထိုဆရာများကို ရှီမာယူယူ မသိသဖြင့် သူတို့သည် ကျောင်းသားများကို သင်ကြားပေးသော ဆရာများ မဟုတ်ကြောင်းကို သူမ သတိထားမိလိုက်သည်။
ထိုဆရာများမှလွဲပြီး ကျန်အဖွဲ့များမှာ ရှီမာယူယူနှင့် စီနီယာသုံးယောက်၊ ကုန်ရှန်ယိနှင့် ရှုယွမ်ယွမ်တို့ ဖြစ်ကြသည်။
ဖန်လိုင်သည် ထိုနေရာရှိ ဝင်ပေါက်အား ဖွင့်လိုက်သည်။ သူတို့ထွက်သည်နှင့် ကျားလင်းမြို့ အပြင်ကို ရောက်လေသည်။
“ယူယူ” မြို့အပြင်တွင် စောင့်နေကြသော ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့သည် ရှီမာယူယူအား မြင်သည်နှင့် ခေါ်ကြလေသည်။
ရှီမာယူယူသည် သူတို့အားလာရန် လက်ယက်ခေါ်လိုက်ပြီး ရိုးရှင်းစွာပင် မိတ်ဆက်ပေးလေ သည်။
“ကုန်ယိ မင်းတို့မျိုးနွယ်ဝင်တွေ ကရော” သူမ မေးလိုက်သည်။
“ခရမ်းရောင် နုန်းမြေထဲမှာ”
“ဒုကျောင်းအုပ်ဖန် ဒီလိုဆိုမှတော့ ကျွန်တော်တို့ ခရမ်းရောင်နုန်းမြေကို အမြန်သွားကြတာပေါ့” ရှီမာယူယူသည် ကုန်ရှန်ယိ စိတ်ပူနေသည်ကို တွေ့ပြီးနောက် ကျင်းဝမ်၏ လုံခြုံရေးကို သူမပါ စိုးရိမ်ကာ ဖြစ်နိုင်သလောက် မြန်မြန်သွားချင်မိသည်။
***