သုသာန်ထဲသို့ဝင်ခြင်း
Vol. 008 Ch. 796
“ရသွားပြီ” ဝေလေးသည် မြေပေါ်မှ တည်ဆောက်မှုကို မယုံကြည်စွာကြည့်ကာ အော်လေသည်။
ဘေးမှလူများသည် အော်သံကြားသောအခါ ကြည့်ကြလေသည်။
“ရသွားပြီလား” ဖန်လိုင်သည် တခြားသူများနှင့် ပျံလာလေသည်။
“ကျွန်မတို့ သုသာန်ထဲ ဝင်သင့်ရပြီ မဟုတ်ဘူးလား အပြင်ဘက် တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ဘာလုပ်ရဦးမှာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“တည်ဆောက်မှုက မအောင်မြင်တော့ အထဲက အမင်္ဂလာနယ်မြေအဖြစ် ပြောင်းသွားတာ ငါတို့သာ တည်ဆောက်မှုကို အသက်သွင်းလိုက်မယ် ဆိုရင် အထဲကရေကိုရှင်းပြီး ရေသတ္တဝါတွေကိုလည်း အားနည်း သွားစေလိမ့်မယ်၊ တစ်ခါတည်း ဆင်းသွားလိုက်မယ် ဆိုရင် သူတို့နဲ့တွေ့ပြီး ရှင်းရတာလွယ် သွားမယ်” ဝေလေး ရှင်းပြလေသည်။
သူ့ရှင်းပြချက်ကို ကြားသောအခါ အားလုံး နားလည် သွားကြလေသည်။
ထိုကဲ့သို့ ပြင်ဆင်ထားသော တည်ဆောက်မှု အရည်အချင်းသည် မရှုပ်ထွေးကာ သိပ်ကွာခြားမှု မရှိပေ။ ဝေကြီးနှင့် ဝေလေးတို့သည် ပြဿနာကိုလျင်မြန်စွာ ရှာတွေ့ပြီး ရှင်းလိုက်သည်နှင့် တည်ဆောက်မှုသည် အသက်ဝင်သွားသည်။
တည်ဆောက်မှု အသက်ဝင်သည်နှင့် ချက်ချင်းပင် အောက်တွင်ရှိနေကြသော ကျင်းဝေနှင့် တခြားသူများသည် အပြင်မှဖိအားကို ခံစားရပြီး အနည်းငယ် သက်သာသွားသည်။ ထူးဆန်းသော သတ္တဝါများ၏ တိုက်ခိုက်မှုမှာလည်း အားနည်းသွားသည်။
“ဆင်းကြည့်ရအောင်” ဝေကြီးနှင့် ဝေလေးတို့သည် အဖွဲ့၏ အရှေ့သို့ပြန်ကာ ပြောလေသည်။
သူတို့ဆင်းတော့မည်ဟု ကြားသည်နှင့် ကုန်ရှန်ယိသည် သူမလူများကို နုန်းဆီသို့ခေါ်လေသည်။
“ငါတို့လည်း ဆင်းကြမယ်” ကုန်တောင်ကြားမျိုးနွယ်ဝင်များ ဆင်းသည်နှင့် ဖန်လိုင်သည် ကောင်းကင်ဂိုဏ်းမှ လူများကို ပြောလေသည်။
ရှီမာယူယူနှင့် တခြားသူများသည် ချက်ချင်းပင် ပါးလွှာသော အတားအဆီးကို သူတို့ပတ်ပတ်လည်တွင် လုပ်လိုက်ပြီး ဆင်းကြလေသည်။
“ဗွမ်း”
“ဗွမ်း”
သူတို့ ရွှံ့များကိုဖြတ်ကျော်ရာ ရွှံ့မီတာ ရာချီလောက်ဖြတ်ပြီးပြီဟု ရှီမာယူယူ ခံစားရသည်။ ထို့နောက်တွင် သူမသည် ထူထဲသော မြေဆီလွှာကိုဖျက်ပြီး အတော်ကြာပြီးနောက် ကြီးမားသော သုသာန်တစ်ခုကို တွေ့လေသည်။ သုသာန် တစ်ခုလုံးကို ကြီးမားသော အတားအဆီးဖြင့် လွှမ်းခြုံထားသည်။
အချိန်များစွာ ကျော်လွန်သွား၍လား မသိပေ … အတားအဆီးသည် ဖြတ်ကျော်၍ရသည်။ လူများကို မတားဆီးနိုင်တော့ပေ။ ယူယူနှင့် တခြားသူများသည် အားအနည်းငယ် ထည့်လိုက်သည်နှင့် ဝင်နိုင်သွားသည်။
သူတို့သည် သုသာန်ရှေ့မှ ဗလာကျင်းနေသော နေရာတစ်ခုသို့ ရောက်သွားသည်။ နေရာ တစ်ခုလုံးသည် အိမ်တစ်အိမ်နှင့် တူလေသည်။
“ဒီက သုသာန်က တကယ်ပဲ ရှေးကျတာပဲ၊ ရှေးဟောင်း စာအုပ်တွေထဲကနဲ့ တကယ်တူတယ် ဒီကပစ္စည်းတွေကလည်း တော်တော်ဟောင်းနေတဲ့ပုံ ပေါ်တယ်”
“ဒီနေရာရဲ့ မြင်ကွင်းက ရှုယွမ်ယွမ် ပြောတဲ့ဟာနဲ့ တူတယ်၊ သူတို့က ဒီကနေဝင်သွားတယ်နဲ့ တူတယ်” ဟန့်မြောင်ရွှမ် ပြောလေသည်။
“ဒီမှာ အရမ်းအားကောင်းတဲ့ မိစ္ဆာတွေရှိတာပဲ” ကျန်းကျူကျိသည် နောက်ဆုံးတွင် နိုးလာကာ စူးရှောင်ရှောင်ဘေးတွင် မျက်လုံးပွင့်လာသည်။
သူတို့ဆင်းလာချိန်တွင် စူးရှောင်ရှောင်သည် သူ့အားခေါ်လာရာ လုံးဝမနိုးပေ။ ဒီကိုရောက်ရောက်ချင်း နိုးလာမည်ဟု ဘယ်သူမှမထင်မိပေ။
“ရောင်ဝါက တကယ်ပဲ အားကောင်းတာပဲ” ဟန့်မြောင်ရွှမ်သည် သဘောတူလိုက်သည်။ “ကျွန်မတို့ ဒီနေရာကို ဝင်လိုက်ကတည်းက တစ်ယောက်ယောက်က စောင့်ကြည့်နေသလို ခံစားရတယ် နည်းနည်းကြောချမ်းဖို့ ကောင်းတယ်”
“ဒီမှာ တည်ဆောက်မှု ရှိသေးတာလား ဒါပေမဲ့ မခံစားရဘူးပဲ” ကုန်တောင်ကြားမှ တပည့် တစ်ယောက်က ပြောလိုက်သည်။
“ဒီတည်ဆောက်မှုကို အသက်သွင်း မထားလို့လေ” ရှီမာယူယူ ပြောလိုက်သည်။ “မဟုတ်ရင် အပြင်က တည်ဆောက်မှုကို ရှုပ်ထွေးအောင် လုပ်ထားတဲ့သူကပဲ ဒီဟာကို လုပ်ထားတာပဲ”
“တကယ့် တည်ဆောက်မှုက ဒီဟာပဲ၊ ဒီတည်ဆောက်မှုက အပြင်ကလူတွေ ဝင်လာတာကို တားပြီး အထဲကဟာတွေ အပြင်မထွက်အောင် လုပ်ထားတာ” ဝေကြီးပြောလိုက်သည်။ “အဲလူက ဒီနေရာမှာ တစ်ခုခုဖြစ်လာမယ် ဆိုတာသိလို့ ဒီနေရာကို အမင်္ဂလာနယ်မြေအဖြစ် ပြောင်းပြီး ဒီတည်ဆောက်မှုကို ဖျက်လိုက်တာဖြစ်မယ်” ဝေလေး ခန့်မှန်းလေသည်။
“ဒါကိုဘယ်သူ လုပ်ထားပါလိမ့်၊ ဒါပေမဲ့ ဘယ်သူပဲလုပ်လုပ် မကောင်းတဲ့စိတ် ရှိလို့ပဲ” ဟန့်မြောင်ရွှမ်သည် လက်မောင်းကိုပွတ်ကာ ပြောလေသည်။
“ဒါပေမဲ့ သူ့ရဲ့ ရိုင်းစိုင်းတဲ့ တွက်ချက်မှုကို တစ်ယောက်ယောက်က ဖျက်ဆီးလိုက်မယ် ဆိုတာကို အဲလူတွေးမိမှာ မဟုတ်ဘူး” ကုန်ရှန်ယိ ပြောလေသည်။
“ဒီဟာကိုလုပ်ဖို့ ဆိုရင် အင်အားကတော့ သေးမှာတော့မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။ “ပြောင်းလဲတဲ့ လုပ်ငန်းစဉ်ကရှည်တယ်၊ ဒီနေရာက နုန်းမြေအဖြစ် ပြောင်းမယ်ဆိုရင်တောင် အနေအထားကို မဖြစ်မနေပြောင်းဖို့မလိုဘူး၊ တစ်ယောက်ယောက်ကသာ အနေအထားကို ပြောင်းချင်တယ်ဆိုရင် နှစ်ရာချီမဟုတ်ပဲ နှစ်ပေါင်းထောင်ချီ ကြာဖို့လိုတယ် သာမန်အားလောက်က ဒီလောက်ကြာအောင် မထိန်းနိုင်ဘူး”
အားလုံးသည် သူမ၏ ယူဆချက်ကို သဘောတူလိုက်ကြသည်။ သာမန်အားရှိသူသည် ဒီလို ဖြစ်အောင်မလုပ်နိုင်ပေ။ သို့သော် ဘယ်သူ လုပ်ထားသည်ကို သူတို့မသိကြပေ။
“ယူယူ ငါတို့အရင် သွားကြည့်ရအောင်” ကုန်ရှန်ယိသည် အထဲမှလူများအတွက် အားမနာနိုင်တော့ပဲ အထဲမှ သူမ၏ မျိုးနွယ်ဝင်များကို ဦးဆောင်သွားမည်ကို ရှီမာယူယူအား ပြောလိုက်သည်။
သူတို့သိပ်မသွားရ သေးခင်မှာပင် တိုက်ခိုက်နေသံများကို ကြားလိုက်ရသည်။ ဝိညာဉ်စွမ်းအင်များသည် တက်လိုက်ကျလိုက် ဖြစ်နေသည်။
“ငါတို့ သွားကြည့်ကြမယ်” ဖန်လိုင်သည် ဆရာများကို ပြောလိုက်သည်။
ရှဲရုန်နှင့် ရှုယွမ်ယွမ်တို့သည် နုန်းမြေအပေါ်တွင် နေခဲ့ကာ လိုက်မဆင်းခဲ့ပေ။ အထဲသို့ ဝင်သွားသူများသည် အားကောင်းကြသည်။ သူတို့ဝင်သွားသည်နှင့် ရှေးဟောင်း သတ္တဝါများသည် သူတို့အား လာတိုက်ခိုက်ကြလေသည်။
မကွာဝေးသော နေရာတွင် ကုန်ရှန်ယိနှင့် တခြားသူများသည် ထိုသတ္တဝါများ၏ ဝန်းရံခြင်းကို ခံလိုက်ရပြီး အသက်လုတိုက် ရတော့သည်။
“ဒီသတ္တဝါတွေက ရှေးကျတဲ့ပုံပဲ ဘာလို့ဒီလောက် များနေတာလဲ” ဆရာတစ်ယောက် အော် လေသည်။
ကျန်းကျူကျိနှင့် ဟန့်မြောင်ရွှမ်တို့သည် ရှီမာယူယူဘေးတွင် ရှိနေကြသည်။ သူတို့သည် လက်ထဲတွင် မီးလုံးများ ဖန်တီးကာ သတ္တဝါများကို လောင်ကျွမ်းစေကာ သေအောင်တိုက်ကြလေ သည်။ သူတို့ တစ်ကောင် သတ်ပြီးသည်နှင့် ထိုနေရာတွင် နောက်တစ်ကောင် ပေါ်လာသည်။ သည်လို နှင့် သူတို့အားအင်များ ခန်းလာသည်။
“ဒီသတ္တဝါတွေက ထူးဆန်းတယ်” ဟန့်မြောင်ရွှမ်သည် နောက်ထပ် ပေါ်လာသော ဝိညာဉ်မိစ္ဆာအား တွေ့သောခါ သူမသတ်လိုက်သော အကောင်နှင့် တူနေသည်ကို မြင်လိုက်ရာ မျက်မှောင်ကြုတ် လိုက်သည်။
ရှီမာယူယူကို အလယ်တွင်ထားကာ ကာကွယ်ထားရာ သူမသည် ဝင်မပါရပေ။ သူမသည် ဟန့်မြောင်ရွှမ် ပြောလိုက်သောစကားကို ကြားသောအခါ ဝိညာဉ်မိစ္ဆာများကို ဂရုတစိုက်ကြည့်မိသည်။
သူတို့၏ ပုံစံသည် သူမ၏ ဝိညာဉ်စေတီအတွင်းမှ ရှေးဟောင်းစာအုပ်ထဲမှ ပုံနှင့်တူသည်။ တချို့မှာ ရှေးခေတ်မှဖြစ်ပြီး တချို့မှာ မမှတ်မိနိုင်လောက်သော ခေတ်မှဖြစ်ကြသည်။ သူတို့အားလုံး သည် မျိုးတုံးသွားကြပြီ ဖြစ်သည်။
ဒီလောက်သတ္တဝါတွေ အများကြီး ဘယ်လိုဖြစ်ပြီး ပေါ်လာတာလဲ။ သူတို့က ဒီလောက်အကြာကြီး နေနိုင်ကြတာလား။ မဟုတ်ရင် ရွှေမြွေလေးလိုမျိုး အသက်ရှင်အောင်လို့ ဝိညာဉ်ကျောက်တုံးထဲမှာ ပိတ်ထားပြီး အခုမှ လွှတ်လိုက်တာလား။
သူမသည် မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားသော်လည်း သူမ၏ သီအိုရီကို ဆန့်ကျင်နေ သည်။
ဝိညာဉ်သခင် တစ်ယောက်က သူတို့ကို မလွှတ်ပဲနှင့်တော့ သူတို့သည် လွတ်မြောက်ရန် မလွယ်ပေ။ သူတို့သည် တစ်ခါတည်း ပေါ်မလာနိုင်ပေ။
ထို့အပြင် ရှာဖွေသူ ဝိညာဉ်သခင်တစ်ယောက် ဖြစ်ရင်တောင် ဒီလောက်အများကြီး ရှာမတွေ့နိုင်ဘူးလေ။
သူတို့က ဝိညာဉ်ကျောက်တုံးကနေ ထွက်လာတာမဟုတ်ရင် ဒီလောက်အကြာကြီး မနေနိုင်ဘူးမလား၊ သူတို့အားလုံးက အတုအယောင်တွေလား။
“ထင်ထောင်ထင်မှား တည်ဆောက်မှုများ ဖြစ်မလား” ဝေလေးသည် စဉ်းစားကာ ဝေကြီးအား အော်ပြောလိုက်သည်။
“မြန်မြန်စစ်ကြည့်လိုက် ဖန်လိုင် ကျွန်တော့်ညီကို နည်းနည်း ကာတိုက်ပေးထား” ဝေကြီးသည် အနီးတွင်ရှိနေသော ဖန်လိုင်အား အော်လိုက်သည်။
“ဒီမှာ ထင်ယောင်ထင်မှား တည်ဆောက်မှုမရှိဘူး” ရှီမာယူယူ ပြောလိုက်သည်။ “ဒီနေရာမှာ ထင်ယောင်ထင်မှား တည်ဆောက်မှုမရှိဘူး၊ ဘာတည်ဆောက်မှုမှ မရှိဘူး”
“မင်းစစ်ကြည့်ပြီးပြီလား”
“အင်း စစ်ပြီးပြီ ဒီမှာ တည်ဆောက်မှုရဲ့ အတက်အကျမရှိဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုရင် ဒီဟာတွေက တကယ်ပဲ ရှေးဟောင်းမိစ္ဆာတွေလား” ဆရာတစ်ယောက်က ပြောလိုက်သည်။
“ဒီအကောင်တွေက ဒီလောက်အကြာကြီး အသက်ရှင် မနေနိုင်ပါဘူး” ရှီမာယူယူသည် လျှပ်စီး ဝိညာဉ်စွမ်းအင် ထုတ်ကာ ထိုဝိညာဉ်မိစ္ဆာများဆီသို့ ပစ်လွှတ်ရင်း ပြောလေသည် ...
***