← Chapters

ဂူသင်္ချိုင်းအစစ်အမှန်

Vol. 009 Ch. 809

ဂူသင်္ချိုင်းအစစ်အမှန်

Vol. 009 Ch. 809

အားလုံးသည် မှင်တက်စွာဖြင့် အံ့သြမှုအပြည့်နှင့် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။

ဘာတွေဖြစ်နေတာလဲ၊ တံခါးကဘယ်လိုလုပ် ပေါ်လာတာလဲ။

“ယူယူ အခုက….အဲဒါက…အစ်မရဲ့သွေးက နံရံပေါ်စုပ်ယူခံလိုက်ရလို့ ဖြစ်သွားတာပဲ” ကုန်ရှန်ယိသည် ရှီမာယူယူအား မျက်လုံးပြူးပြီးကြည့်ကာ “အစ်မရဲ့သွေးက ထူးခြားနေတာလား”

“ဘယ်လိုမျိုး ထူးခြားနိုင်မှာမို့လို့လဲ၊ တံခါးက အသက်ဝင်ဖို့အတွက် သွေးလိုလို့နေမှာပါ” ရှီမာယူယူ ငြင်းဆန်လေသည် “တံခါးရှာတွေ့ပြီဆိုမှတော့ ဝင်ရအောင်”

သူမသည် ထိုမေးခွန်းနှင့်ပတ်သက်ပြီး ဆက်မေးတာမျိုး မဖြစ်လိုပါ။ အကြောင်းမှာ အစောက အနက်ရောင်ကြာပန်းအား မြင်လိုက်ချိန်တွင် သူမ နောက်ကျောမှ မီးမြှိုက်သလိုအပူကို ခံစားရသောကြောင့်ပင်။ ထိုခံစားချက်မှာ မီးတောက်နေသကဲ့သို့ပင်။

သို့သော် ထိုအကြောင်းအား ဘယ်သူ့ကိုမှမသိစေလိုပါ။

“ဟုတ်တယ်” ဟန့်မြောင်ရွှမ် သဘောတူလေသည် “ခုနက တံခါးရှာမတွေ့လို့လေ၊ အခု တံခါးပွင်သွားပြီဆိုတော့ အထဲဝင်ကြည့်သင့်တယ်”

စူးရှောင်ရှောင်နှင့် ရှီမန်ဖန်တို့သည် ရှေ့တိုးကာ တံခါးကိုတစ်ဖက်တစ်ချက်စီ တွန်းကြလေသည်။ သို့သော် တံခါးသည်ရွေ့သည့်ပုံ မပေါ်ပေ။

“ဟူး တကယ်ထူးဆန်းတာပဲ” စူးရှောင်ရှောင် ပြောလိုက်သည် “ငါတို့က အားမသန်လို့များလား”

“ရှန်ယိလည်း တွန်းကြည့်မယ်”

ဟန့်မြောင်ရွှမ်နှင့် ကုန်ရှန်ယိတို့သည် ရှေ့တိုးကာ သူတို့ကိုကူညီပေးလေသည်။ သူတို့လေးယောက်သည် အတူတွန်းကြသော်လည်း အသုံးမဝင်ပေ။

သူတို့လေးယောက်သည် အကြိမ်အနည်းငယ် ကြိုးစားကြည့်သော်လည်း ရလဒ်မှာအတူတူပင်။

သူတို့သည် နောက်ဆုံးတွင် နောက်ဆုတ်ကာ ကြီးမားသောတံခါးကို စကားလုံးမဲ့စွာ ကြည့်မိလေသည်။

“ထူးဆန်းလိုက်တာ သော့ပွင့်သွားပြီမလား ဘာလို့မပွင့်တာလဲ၊ တံခါးခလုတ်က အပြင်မှာမလား စက်ယန္တရားများရှိမလားပဲ” ဟန့်မြောင်ရွှမ်သည် သူမ မေးစေ့အားထိလိုက်သည် “ရှန်ယိ စမ်းကြည့်ပါလား စက်ယန္တရားတွေ ရှိမလားလို့”

“အင်း” ကုန်ရှန်ယိသည် အနေအထား ပြောင်းလိုက်သည်။ သူမသည် စက်ယန္တရားရှိမလားဟု တံခါးအား စမ်းသပ်ကြည့်လေသည်။ သို့သော် နေ့တစ်ဝက် ရှာပြီးသော်လည်း ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ပေ။

“တွန်းလို့မရဘူး ပြီးတော့ ဘာစက်ယန္တရားမှ မရှိဘူး၊ တံခါးအတုများ ဖြစ်နေမလား” စူးရှောင်ရှောင် ယူဆလေသည်။

“တကယ်ပဲဖွင့်မရဘူးလား” ရှီမာယူယူ ပြောလိုက်သည် “အစ်ကိုတို့ခန္ဓာကိုယ်တွေက ကြက်ခြေထောက်ထက်တောင် အားနည်းနေလို့ မဟုတ်ဘူးလား ကျွန်တော်စမ်းကြည့်မယ်”

သူမ လျှောက်လာကာ တံခါးမှန်အကွက် ပေါ်လက်တင်လိုက်သည်။ သူမ တံခါးကိုထိလိုက်သည်နှင့် တစ်ခါမှမခံစားဖူးသော နောက်ကျောမှအပူသည် အအေးဓာတ် ပြောင်းသွားလေသည်။

သူတို့လေးယောက်ပေါင်းပြီး မတွန်းနိုင်သောကြောင့် သူမသည် တံခါးပေါ် လက်နှစ်ဖက်လုံး တင်လိုက်သည်။ သူမသည် အားပင်မသုံးလိုက်ရပေ… တံခါးသည် ကလစ်ဟုအသံထွက်ကာ ပွင့်သွားပြီး ဟသွားလာလေသည်။

တောက်ပသောအဖြူရောင် အလင်းတန်းသည် တံခါးမှ ဖြတ်လာရာ သူမသည် မျက်စိစွေကြည့်မိလေသည်။ ထိုအချိန်တွင် အဖြူရောင်မြူများကြားတွင် ထာဝရရှင်သန်သူ အမျိုးသမီးတစ်ဦးကို မြင်မိသလိုထင်မိသည်။

သို့သော် သူမ မြင်လိုက်သည်မှာ တစ်ခဏပင်။ သူမ အလင်းနှင့် အသားကျသွားသည်နှင့် မျက်လုံးပြန်ဖွင့်ပြီး ရှာရာ ထိုအမျိုးသမီး မရှိတော့ပေ။ သူမသည် အားစုစည်းပြီး တံခါးကိုတွန်းဖွင့်လိုက်ရာ ပွင့်သွားလေသည်။

သူမသည် တံခါးအနောက်မှ ကြိုဆိုနေသော မြင်ကွင်းအားမြင်ရသောအခါ မှင်တက်သွားလေသည်။

“ယူယူ တကယ်ပဲ အားကောင်းတာပဲ အစ်မ…” ကုန်ရှန်ယိသည် မျှော်လင့်ချက် ပြည့်သွားသော်လည်း သူမ သက်ပြင်းချသည်ကို မြင်သောအခါ ကြောင်သွားလေသည်။

“ဘာလဲ ဒီမှာရတနာရှိလို့လား”

ဟန့်မြောင်ရွှမ်လည်း ဆက်လျှောက်ရာ ရှီမန်ဖန်နှင့် ကျန်းကျူကျိလည်း လိုက်လာကြသည်။ သူတို့၏ တုံ့ပြန်မှုမှာ ရှီမာယူယူလောက် ကြီးမားခြင်း မရှိသော်လည်း သူတို့လည်း မှင်တက်နေဆဲပင်။

ထိုတံခါးနောက်တွင် မည်သည့်ကျောက်အိမ်မှရှိမနေဘဲ ဂူလည်းမဟုတ်တော့ပေ။ ထိုအစား ကောင်းကင်ရှိလေသည်။ ကောင်းကင်နှင့်မြေကြီး၊ တောင်များ မြစ်များ၊ ပန်းများနှင့် မြက်ပင်များရှိလေ သည်။ သူတို့နှင့် သိပ်မကွာဝေးသော နေရာတွင် တောင်တစ်ဝက်လောက်တွင် အိမ်နှစ်အိမ်ရှိလေသည်။

“မင်း မင်း…”

တိုးညင်းသောအသံသည် အချိန်များစွာ ကျော်ဖြတ်လာရသကဲ့သို့ အဝေးမှထွက်လာပြီး ရှီမာယူယူ၏ နားနားတွင် ရိုက်ခတ်လာသည်။

ထိုနှုတ်ဆက်မှုသည် ပျော့ပျောင်းကာ လေသံမျှသာ ဖြစ်သော်လည်း သူမ နှလုံးသားတွင် အလွန် တုန်လှုပ်မိလေသည်။

သူမကို ဘယ်သူက ခေါ်နေတာလဲ။

သူမကို တကယ်ပဲ ခေါ်နေတာလား။

သူမသည် သူမကိုခေါ်သောလူအား ခြေရာခံချင်သော်လည်း အထဲတွင် ဘယ်သူမှရှိမနေသည်ကို တွေ့လိုက်ရသည်။

“ဒါက… လှလိုက်တာ” ကုန်ရှန်ယိသည် သတိပြန်ဝင်လာကာ ရင်ဘတ်ပေါ်လက်တင်ပြီး အော်လေသည်။

ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် ကြောင်စီစွာဖြင့် အထဲသို့လျှောက်သွားပြီး သူတို့ သွေးလေချောက်ချားခြင်း ဟုတ်မဟုတ်ကို သိချင်နေကြသည်။

“ဒီနေရာက တကယ်လှတာပဲ၊ ဒါပေမဲ့ အစစ်တော့မဟုတ်ဘူး” ကျန်းကျူကျိ ပြောလေသည်။

“ဟုတ်တယ် ငါတို့က မြေအောက်ထဲမှာကို ဘယ်လိုလုပ် ဒီလိုလှတဲ့နေရာမျိုးကို ရုတ်တရက် ရောက်သွားနိုင်မှာလဲ” ရှီမန်ဖန် သဘောတူလေသည်။

“ဒါက ထင်ယောင်ထင်မှား တည်ဆောက်မှု ဖြစ်လောက်တယ်၊ ဒီဟာကိုဖန်တီးတဲ့လူက ဒီလို ပတ်ဝန်းကျင်ရအောင် လုပ်နိုင်တာ တကယ်ပဲ အားကောင်းတာဖြစ်မယ်” ဟန့်မြောင်ရွှမ် သက်ပြင်းချလေသည်။

“ဒီနေရာက ထင်ယောင်ထင်မှား တည်ဆောက်မှုမဟုတ်ဘူး” ရှီမာယူယူ ပြောလေသည်။

“မဟုတ်ဘူးလား ဒါက တကယ့်ဟာလို့တော့ မပြောနဲ့နော်”

ရှီမာယူယူသည် အသက်ပြင်းပြင်းရှူကာ အထဲသို့ဝင်လိုက်သည်။ ထို့နောက်တွင် သူမသည် လက်နှစ်ဖက်လုံးဆန့်တန်းကာ ပြောလေသည် “ကျွန်တော့်ကို ခံစားလို့ရလား”

ဟန့်မြောင်ရွှမ်သည် လက်နှစ်ဖက်ဆန့်ကာ သူမအား ကိုင်လိုက်သည်။ သို့သော် ယူယူသည် သူမနှင့် ခြေတစ်လှမ်း ကွာနေသည်မှာ သေချာပါလျက်နှင့် လက်ကိုဆုပ်ကိုင်၍ မရပေ။ သူမ၏ လက်များ သည် ရှီမာယူယူ၏ လက်ဖဝါးကို ဖြတ်သွားလေသည်။

“ဒါက… နေရာနှစ်ခုလား”

“ငါပြောတာမမှားရင် ဒါကလောကအသေး ဖြစ်လောက်တယ်” ကျန်းကျူကျိ ပြောလေသည် “အဇူရာဧကရာဇ်က ဒီမှာလောကအသေး ထားခဲ့တယ်၊ ပြီးတော့ဒီတံခါးက လောကအသေးကိုဖွင့်တဲ့ တံခါးဖြစ်လောက်တယ်၊ တံခါးလုပ်ဆောင်ချက်တွေက သင်္ချိုင်းရဲ့နောက်ဆုံးအပိုင်းပဲ”

“အဲဒီလောက် အားကောင်းတာလား” စူးရှောင်ရှောင်သည် အလွန်အံ့သြနေလေသည် “တကယ့်သင်္ချိုင်းက လောကအသေးပဲ”

“အဲဒါကြောင့် ဒီမှာဘာစက်ယန္တရား ဘာတည်ဆောက်မှုမှ မရှိတာကိုး ဒီအတိုင်း မြူခိုးဖန်သားပြင်လိုပဲ ဒါကမှ တကယ့်နေရာအစစ်ပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည်။

သူတို့ လောကအသေးကို မြင်သောအခါ အရင်က နားမလည်သောအရာများကို သဘောပေါက်သွားသည်။ သူမသည် သင်္ချိုင်းထဲတွင် ဘာအကာအကွယ်မှ မရှိသကဲ့သို့ ထင်ရလောက်အောင် စက်ယန္တရားနည်းပါးသည်ကို ဆက်တိုက် စဉ်းစားလာခဲ့သည်။ ချီဝိညာဉ်များအဖြစ် ပျိုးထောင်ခဲ့သော သတ္တဝါများစွာရှိခဲ့သော်လည်း စက်ယန္တရားနှင့် တည်ဆောက်မှုများမှာ နည်းပါးသည်။

သို့သော် သူမစိတ်ထဲမှ သံသယများသည် လုံးဝ ကွယ်ပျောက်မသွားသေးပေ။ အနည်းငယ် ချိတ်ဆက်မှုများ ရှိနေသေးသည်။

“အဲဒီအမျိုးသမီးရဲ့ သင်္ချိုင်းက ဒီမှာဖြစ်လောက်တယ်”  ကျန်းကျူကျိသည် အထဲသို့ဝင်ရာ ရှီမာယူယူသည် ဘေးမှလိုက်လာသည်။

“စီနီယာအစ်ကိုကြီး ဒီသင်္ချိုင်းက အဇူရာဧကရာဇ်ရဲ့ ချစ်သူမိန်းကလေးရဲ့ ဂူဆိုတာ သေချာလား” ရှီမာယူယူ မေးလိုက်သည်။

“ငါလည်း အစတုန်းကမသေချာဘူး ဒါပေမဲ့ အခုလောကအသေးကို မြင်လိုက်ရတော့ ပိုသေချာသွားတယ်”

“ဘာလို့လဲ”

“အဇူရာဧကရာဇ်မှာ လောကအသေးတွေရှိတယ်လို့ ရှေးဟောင်းစာအုပ်တွေမှာ ရေးထားတယ် အဲထဲက တစ်ခုမှာ အမျိုးသမီးရဲ့ အလောင်းကို မြှုပ်နှံထားခဲ့တယ်၊ သူက သူမရဲ့ ဂူအဖြစ် လောကအသေးကို သုံးခဲ့တယ် အဲလောက်ဆိုရင် သက်သေမဖြစ်ဘူးလား” ကျန်းကျူကျိ ပြောလေသည်။

“ဖန်အခေါင်းကျဘယ်လိုလဲ၊ အဲဒါက ဒီအိမ်တွေထဲကတစ်ခုလား” ဟန့်မြောင်ရွှမ်သည် ထိုအမျိုးသမီးအကြောင်း သိချင်လာကာ တစ်ခုခုများ ကျန်ခဲ့မလားဟု သိချင်မိသည်။

“အဲဒီအိမ်တွေထဲ ဝင်ကြည့်ရအောင်” ကုန်ရှန်ယိလည်း တခြားသူများကဲ့သို့ ခံစားမိသည်။ သူတို့နှစ်ယောက်သည် တလေသံတည်းထွက်ကာ အိမ်ဆီသို့ပျံသွားကြလေသည်။

“တကယ်စိတ်မရှည်ကြတာပဲ၊ ဖြည်းဖြည်းသွားရင် ရရဲ့သားနဲ့ အပြေးအလွှား သွားနေကြတယ်” ကျန်းကျူကျိသည် ပြုံးပြီးပြောလေသည် “ငါတို့လည်း သွားရအောင်”

ရှီမာယူယူသည် လှည့်ကြည့်ရာ တံခါးသည် ပျောက်ကွယ်သွားလေပြီ။ အဆုံးမရှိသော လမ်းသာ ကျန်ခဲ့လေသည်။

“ငါတို့ဘယ်လိုလုပ် အလွယ်တကူ ဝင်လာလိုက်တာလဲ” သူမသည် တိတ်တဆိတ် စဉ်းစားမိသည်။ အားလုံးကိုကြည့်လိုက်ရာ သူတို့သည် ထိုအကြောင်းအား တွေးမိသည့်ပုံမပေါ်ပေ။

သူတို့သည် အဇူရာဧကရာဇ်ထားခဲ့သော လောကအသေးကြောင့် အံ့သြ မှင်တက်နေသောကြောင့် ဘယ်သူမှ မတွေးမိသည့်ပုံပင်။

“အာ…”

အိမ်ထဲမှ ကုန်ရှန်ယိ၏ အော်သံသည် ရုတ်တရက်ထွက်လာသည်။

****

All Chapters