← Chapters

ပုံတူ

Vol. 009 Ch. 810

ပုံတူ

Vol. 009 Ch. 810

သူမ အော်သံကိုကြားသောအခါ အားလုံးသည် အမူအရာများ ပြောင်းသွားကြကာ သူမကို ကယ်ရန် ချက်ချင်းပင် ပြေးသွားကြလေသည်။

“ရှန်ယိ”

“စီနီယာအစ်မ”

“ဟန့်မြောင်ရွှမ်”

သူတို့သည် အိမ်ရှေ့အရောက် ပျံသွားသော်လည်း ဘာသံမှမကြားရသဖြင့် တစ်ခုခုဖြစ်နေပြီဟု တွေးကာ အပြေးဝင်သွားလေသည်။

“ရှန်ယိ ဘာဖြစ်တာလဲ…အင် အဆင်ပြေလား” ရှီမန်ဖန်သည် ပထမဆုံးဝင်သွားသူဖြစ်ကာ ကုန်ရှန်ယိနှင့် ဟန့်မြောင်ရွှမ်တို့အတူတကွ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကုန်ရှန်ယိသည် ရုပ်ပုံတစ်ခုကိုပင် ကိုင်ထားသည်။

“ဟန့်မြောင်ရွှမ် ဘာမှမဖြစ်တာကို ဘာလို့အော်တာလဲ” ကျန်းကျူကျိသည် မျက်နှာကြီးမည်းကာ ပြောလေသည်။

“မဟုတ်ဘူး ဒီဟာကိုမြင်လိုက်တော့ စိတ်လှုပ်ရှားသွားလို့” ဟန့်မြောင်ရွှမ်သည် ကုန်ရှန်ယိ လက်ထဲမှ ပုံကိုညွှန်ပြရင်း ပြောလေသည်။

“ဒီလိုဖြစ်သွားရအောင် ဘာပုံမို့လို့လဲ ဒီပုံက…” စူးရှောင်ရှောင်သည် လျှောက်လာရာ ထိုပုံကို မြင်သည်နှင့် တုန်လှုပ်သွားလေသည်။

“အဲလောက်တောင် အံ့သြဖို့ကောင်းလား” ကျန်းကျူကျိနှင့် ရှီမန်ဖန်တို့လည်း လျှောက်လာ သည်။ သူတို့သည် ရုပ်ပုံကိုမြင်လိုက်သည်နှင့် သူတို့မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်သွားသည်။ ကျန်းကျူကျိသည် ရှီမာယူယူကို အကြိမ်ပေါင်းများစွာ ကြည့်လိုက်သေးသည်။

အားလုံးသည် သူမကို လှည့်ကြည့်ကြသည်။

ရှီမာယူယူသည် သူတို့ပုံစံကိုကြည့်ကာ လန့်သွားပြီး မေးလေသည် “တကယ်ပဲ အဲလောက် ကြောက်စရာကောင်းတာလား”

အားလုံးခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် ကျွန်တော်မကြည့်ချင်ဘူး” ရှီမာယူယူသည် ရိုးသားမှုအသိုက်အမြုံကို မဖြိုခွဲချင်သဖြင့် ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်သည်။

“ကျွန်မထင်တာတော့… ယူယူကြည့်သင့်တယ်” ကုန်ရှန်ယိ ပြောလိုက်သည်။

“ကြောက်စရာ ကောင်းတယ်လို့ ပြောတယ်မလား”

“ဒါပေမဲ့ မကြည့်ရင် နောင်တရလိမ့်မယ်” ကုန်ရှန်ယိ ပြောလိုက်သည်။

အားလုံး ခေါင်းညိတ်လေသည်။

ရှီမာယူယူသည် သူတို့အားလုံး အပြုအမူကြောင့် ရှုပ်ထွေးသွားပြီးနောက် လျှောက်လာလိုက်သည်။

ထို့နောက်… သူမပင်လျှင် တုန်လှုပ်သွားလေသည်။

ထိုပုံမှာ ရိုးရှင်းသော ပုံတစ်ပုံသာဖြစ်သည်။ မိန်းကလေးတစ်ယောက်ပုံ ဖြစ်သည်။ သူမ၏ အဝတ်များကို အသေးစိတ် မဆွဲထားသော်လည်း မျက်နှာမှာ အသေးစိတ် ရေးဆွဲထားသည်။

ထိုမျက်နှာသည် သူမနှင့် အလွန်တူလေသည်။

“ဒီပုံက မိန်းကလေး ဖြစ်နေတာတော့ နှမြောစရာပဲ မိန်းကလေးသာဆိုရင် မင်းနဲ့ တစ်ပုံစံတည်းပဲ” စူးရှောင်ရှောင် ပြောလေသည်။

ရှီမာယူယူ လျှောက်သွားရာ ရှီမန်ဖန်နှင့် တခြားသူများသည် သူမအတွက် လမ်းဖယ်ပေးလိုက်ပြီး ကုန်ရှန်ယိသည် သူမကိုပုံတူပေးကာ ပြောလေသည် “ကိုယ်တိုင်သာကြည့်လိုက်”

“ဂျူနီယာမောင်လေး မင်းက နှစ်ပေါင်းသောင်းချီနေလာတဲ့ သတ္တဝါအိုကြီးလား” ဟန့်မြောင်ရွှမ်သည် ပြုံးပြီး စနောက်လေသည်။

“နှစ်ပေါင်းသောင်းချီ နေလာတဲ့လူလို့ ဘာလို့မြင်ရတာလဲ” ရှီမာယူယူသည် သူမအား ကြည့်လိုက်သည်။ သူမ ကုန်ရှန်ယိဆီမှပုံယူပြီး ဂရုတစိုက် စစ်ဆေးကြည့်လေသည်။

အမှန်တကယ်ပင် သူမနှင့်တူသော ပုံဖြစ်သည်။ ထိုမျက်လုံးများ၊ ထိုမျက်နှာ…. နှာခေါင်းနှင့် ပါးစပ်… သူမကို မိတ္တူကူးထားသလိုပင်။

“ဒီမှာ ဘာလို့ အနံ့သင်းသင်းလေး ရနေတာလဲ” သူမသည် စာရွက်မှ အနံ့ထွက်လာသည်ကို အနံ့ခံပြီးမေးလေသည်။

“အနံ့သင်းသင်းလေး ရှိတယ် ထင်တယ်” ကုန်ရှန်ယိ ပြောလေသည် “ငါတို့လာတုန်းက ဘာအနံ့မှမရှိဘူးနော် ဟုတ်တယ်မလား ဟန့်မြောင်ရွှမ်”

“ငါလည်း ဘာမှသတိမထားမိဘူး” ဟန့်မြောင်ရွှမ်သည် အသက်ပြင်းပြင်း ရှူလိုက်သည် “ရှေးဟောင်းအနံ့လိုပဲ ဒါပေမဲ့ သစ်ပင်တွေမြက်ပင်တွေ ရှိနေတော့ ဒီလိုအနံ့မွှေးမွှေးလေးရှိတာ မထူးဆန်းတော့ဘူး ဟုတ်တယ်မလား”

ကုန်ရှန်ယိ ခေါင်းညိတ်လေသည် “ဟုတ်တယ် အနံ့အကြောင်း မစဉ်းစားနဲ့တော့ ပြောဦး ဒါကို ဘယ်လိုစဉ်းစားလဲ”

“မသိဘူးလေ” ရှီမာယူယူသည် ပခုံးတွန့်လေသည် “ကမ္ဘာကြီးက အကြီးကြီးပဲ ရုပ်တူတဲ့လူရှိတာ မထူးဆန်းတော့ပါဘူး”

“ဒါပေမဲ့ ဒါက လုံးဝတူနေတာလေ၊ ပြီးတော့ မင်းရဲ့သွေးနဲ့ ဒီလောကအသေးကို ဖွင့်လာတာ၊ ဒါနဲ့ ပတ်သက်ပြီး ဘာပတ်သက်မှုမှ မရှိဘူးလား” စူးရှောင်ရှောင် မေးလိုက်သည်။

“ဘာပတ်သက်မှုမှမရှိဘူး ဒီအတိုင်း တိုက်ဆိုင်တာပဲ၊ တော်ပြီ သူမက မိန်းကလေးဖြစ်ပြီး ကျွန်တော်က ယောက်ျားလေးပဲ သူမနဲ့လာမရောနဲ့” သူမသည် တည်ငြိမ်စွာ ပြောလိုက်သည်။

သူမ၏ တည်တံ့သော အပြုအမူကြောင့် အားလုံး ပါးစပ်ပိတ်သွားကြလေသည်။ ကုန်ရှန်ယိတို့ သုံးယောက်သား သူမသည် မိန်းကလေးဖြစ်သည်ကို မသိပါက သူမစကားများကို ယုံမည်ဖြစ်သည်။

“ပစ္စည်းတွေကိုလည်း မပျက်စီးအောင် ထိန်းသိမ်းထားတယ်၊ လောကအသေးကြောင့် ဖြစ်မယ် ဒီမှာ တခြားဘာတွေရှိလဲလို့ ကြည့်ရအောင်” ကျန်းကျူကျိ ပြောလေသည်။

“လောကအသေးမှာ ရတနာတွေ အများကြီးရှိတဲ့ပုံပဲ” ဟန့်မြောင်ရွှမ်သည် စိတ်လှုပ်ရှားစွာပြောလေသည်။ “ဒါပေမဲ့ ဒီလောကအသေက ကြီးလွန်းတယ်၊ တစ်ခုခုရှာဖို့ကို မခက်ဘူးလား”

“လူခွဲပြီးရှာကြတာပေါ့” စူးရှောင်ရှောင် အကြံပေးလေသည်။

“သဘောတူတယ်” ကုန်ရှန်ယိ ပြောလိုက်သည်။

“မလိုပါဘူး” ရှီမာယူယူသည် သူတို့ကိုတားပြီး ပြောလိုက်သည် “လောကအသေးရဲ့ ပိုင်ရှင်ကလည်း အခုမရှိတော့ဘူး၊ ပိုင်ရှင်သေသွားတော့ သူ့မှာရှိတဲ့ အရာတွေလည်း နေရာအတိုင်းပဲရှိမှာ နေရာကလည်း ဒီကနေမြင်ရသလောက်ပဲ ကြီးမှာပဲ”

“ဒါဆိုရင် ဒီမှာဘာမှမရှိဘူးဆိုတဲ့ သဘောပဲပေါ့” ဟန့်မြောင်ရွှမ်သည် စိတ်ပျက်စွာ ပြောလေသည်။

“မဟုတ်ဘူး ဒီမှာ ဖန်အခေါင်းရှိသေးတယ်” ကျန်းကျူကျိ ပြောလေသည်။

“အခေါင်းက ဘာအသုံးဝင်မှာမို့လို့လဲ၊ ကိုယ့်အတွက်ကိုယ်သုံးဖို့ ယူလို့ရတာလည်းမဟုတ်”

“ဟား” ရှီမာယူယူသည် သူတို့၏ စကားများကိုကြားသောအခါ ရယ်မောရင်း ပြောလေသည် “လောကအသေးက သေးနေပေမဲ့ ပစ္စည်းတွေတော့မနည်းဘူး၊ နေရာခွဲရှာစရာမလိုဘူး ဆိုတာက အပြင်ကနေကြည့်ရုံပဲ”

“ဟုတ်တယ် ဒါဆိုရင် ရှာကြအောင်”

သူတို့သည် နေရာကိုလှည့်ပတ်ကြည်ရာ ပစ္စည်းတချို့ကို တွေ့လေသည်။ သို့သော် ထိုအရာများသည် အလွန်တန်ဖိုးကြီးကာ ရှေးကျကြသည်။

“ငါတို့တော့ ချမ်းသာပြီ” ဟန့်မြောင်ရွှမ်သည် ဆေးဖက်ဝင်အပင်များကို တူးရင်း စိတ်လှုပ်ရှားစွာ အော်လေသည်။

“ဆရာသာ ဒီနေရာကိုသိရင်ပျော်မှာပဲ” စူးရှောင်ရှောင်လည်း စိတ်လှုပ်ရှားလေသည်။

ကျန်းကျူကျိနှင့် တခြားသူများသည် အဲဒီလောက် စိတ်မလှုပ်ရှားကြပေ။ အသုံးဝင်သော ဆေးပင်များတူးရာမှလွဲပြီး သူတို့သည် လှည့်ပတ် ကြည့်နေရသည်နှင့်ပင် အချိန်ကုန်နေသည်။

လျင်မြန်စွာပင် သူတို့သည် ဆေးပင်များအားလုံးကို တူးပြီးလေသည်။ ထိုအရာကြောင့် ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် ဝမ်းနည်းရသည်။ လောကအသေးသာ ကျုံ့မသွားပါက ဘယ်လောက်တောင် ရှိနေမလဲ။

“အိမ်ကိုပြန်သွားရအောင်” ကျန်းကျူကျိ ပြောလိုက်သည် “ဖန်အခေါင်းက အိမ်တွေထဲက တစ်အိမ်အိမ်မှာတော့ ရှိမယ်ထင်တယ်”

“ပြန်ရအောင် အဲဒီအိမ်ထဲမှာ ဘယ်လိုရတနာမျိုး ငါတို့အတွက် ချန်ထားမလဲလို့” ကုန်ရှန်ယိ သဘောတူလေသည်။

ထိုဆေးပင်များသည် အသုံးဝင်လှသည် မဟုတ်သောကြောင့် သူမသည် အများအပြား တူးယူခြင်းမရှိပေ။ တခြားသူများ ရတနာများရမည်ကို တွေးကြည့်သောအခါ သူမလည်း လိုချင်လာသည်။

သည်လိုနှင့် သူတို့အဖွဲ့သည် အိမ်သို့ပြန်ကြလေသည်။ သူတို့သည် တစ်အိမ်ချင်းစီကို သိမ်းကြုံးကြလေသည်။

“ဖန်အခေါင်းမရှိဘူး၊ ကြည့်ရတာ ဒီမှာရှိတဲ့ပုံမပေါ်ဘူး၊ မဟုတ်ရင် ဖန်အခေါင်းက ဒဏ္ဍာရီပဲလား” လှည့်ပတ်ရှာဖွေပြီးနောက်တွင် ဖန်အခေါင်းရှိမရှိကို သူတို့သံသယဝင်လာသည်။

“မဖြစ်နိုင်ဘူး အဲဒီဖန်အခေါင်းက သေချာပေါက်ဒီမှာပဲ” ကျန်းကျူကျိသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

ရှီမာယူယူသည် ဟာစွန်အား ထိုနေရာကို ထပ်အာရုံခံခိုင်းပြီးနောက် အားလုံးကိုပြောလိုက်သည် “ဒီနေရာအနောက်မှာ နောက်တစ်ခန်း ရှိသေးတယ်”

“နောက်အခန်းလား”

ရှီမာယူယူသည် နံရံဘက်လာကာ လက်နှစ်ဖက်တင်ပြီး ခံစားကြည့်ပြီးနောက် တွန်းလိုက်သည်နှင့် လမ်းပွင့်သွားပြီး သူတို့ရှေ့တွင် မြေပြင်ပေါ်လာသည်။

လမ်းကြောင်းပွင့်သွားသည်နှင့် အောက်မှ အေးစက်သော လေတိုက်လာသည်။

“အောက်ဆင်းကြည့်ရအောင်” ကျန်းကျူကျိသည် ရှေ့မှ ဦးဆောင်ဆင်းသွားကာ တခြားသူများသည် သူ့နောက်လိုက်ကြလေသည်။

လမ်းကြောင်းမှာ တိုတောင်းသော်လည်း အလွန်အေးသည်။ အားလုံး အဆက်မပြတ် ကြက်သီးထသွားလေသည်။

သူတို့သည် ခေတ္တမျှ လျှောက်ပြီးနောက်တွင် လမ်းဆုံးကို ရောက်လေသည်။ သူတို့လျှို့ဝှက်အခန်းကို ရောက်သောအခါ အခန်းအလယ်တွင် ဖန်အခေါင်းတစ်လုံးကို တွေ့လိုက်လေသည်။

“ဒီမှာတကယ်ရှိနေတာပဲ” ကျန်းကျူကျိသည် ဖန်အခေါင်းဘေးတွင်ရပ်ကာ သူရှာနေသော ပစ္စည်းကို စိတ်လှုပ်ရှားစွာ ကြည့်လေသည်။

****

All Chapters