မှော်ဆန်သောနဂါးကြေးခွံ
Vol. 25 Ch. 341
ဇူယွမ်နှင့်ဝေယိုရွှမ်း နှစ်ဦးသည် ကျောက်တုံးစင်မြင့်ထက်တွင် မျက်နှာချင်းဆိုင်အနေအထားဖြင့် ရှိနေကာအကြည့်များသည် စိတ်နှလုံးကိုပင် ဖောက်ထွက်သွားမတက် သွေးဆာနေကြပြီး သူတို့နှစ်ဦးအကြားတွင် ပြင်းထန်သောဖိအားများ ဖြစ်ပေါ်လျက်ရှိသည်။
တောင်ကုန်းပေါ်၌ရှိနေသော တပည့်များမှာ မျက်တောင်ပင်မခတ်နိုင်ပဲ သူတို့နှစ်ဦးအားစောင့်ကြည့်နေကြသည်။ယနေ့ပြုလုပ်လျက်ရှိသော ဂူနန်းပြိုင်ပွဲသည် အံ့သြစရာ အလှည့်အပြောင်းများစွာဖြင့် လူတိုင်းအားစိတ်ဝင်စားစေခဲ့သည်။
ပထမ၌ လူတိုင်းသည် စိန်းထိုက်ယွမ်၏ဖက်ရှိ ယှဥ်ပြိုင်သူများမှာ ဝေယိုရွှမ်းတစ်ယောက်ထဲဆီ၌ကျရှုံးကာ မျက်နှာရစရာ မရှိအောင်ပင် အရှက်တကွဲ ရှုံးနိမ့်ရလိမ့်မည်ဟူ၍ ဖြစ်သည်။
သို့သော် သူတို့အားလုံး မထင်မှတ်ထားခဲ့သော ဇူယွမ်သည် ဖန်းယုနှင့်ချန်းယွင်အား အလွယ်တကူပင် အနိုင်ရရှိခဲ့ကာ နောက်ဆုံးပွဲစဥ်အား ယှဥ်ပြိုင်ရန် စင်မြင့်ထက်တွင် ရပ်နေနိုင်ခဲ့သည်။နောက်ဆုံးပွဲစဥ်အတွက် နှစ်ဖက်လုံးတွင် တစ်ဦးစီသာကျန်ရှိလေသည်။
“ဇူယွင်က တကယ်ကို မရိုးရှင်းဘူးပဲ။သူသာ တကယ်လို့ ဝေယိုရွှမ်းကို နိုင်သွားခဲ့မယ်ဆိုရင်ကန်ရွှမ်းကလန်တစ်ခုလုံးမှာ သူ့နာမည်ကို မသိတဲ့သူရှိမှာမဟုတ်တော့ဘူး။”
“မူလစဦး တတိယအဆင့်နဲ့တင် ပဥ္စမအဆင့်နှစ်ယောက်ကို လွယ်လွယ်လေး အနိုင်ယူလိုက်တယ်ဆိုတော့ သူ့ရဲ့ချီသိုလှောင်နိုင်စွမ်းက မခန့်မှန်းနိုင်လောက်အောင်ပဲ။”
“ဒါပေမယ့် ဝေယိုရွှမ်းကလည်း တိုက်ရလွယ်တဲ့သူမှမဟုတ်တာ။ သူကအရမ်းကို သန်မာပြီးတော့ မူလစဦးဆဋ္ဌမအဆင့်ကိုတောင် ရောက်နေပြီ။သူ့ရဲ့အဆင့်နဲ့ဆိုခရမ်းရောင်ခါးစည်းတပည့်တချို့နဲ့တောင် ယှဥ်တိုက်လို့ ရနေပြီ။ဇူယွမ်က ဖန်းယုနဲ့ချန်းယွင်ကိုပဲ နိုင်ရင်နိုင်လိမ့်မယ်။ ဝေယိုရွှမ်းကို အနိုင်ယူဖို့ကတော့ လွယ်မှာမဟုတ်ဘူး။”
“အမှန်ပဲ။ ခုနကနှစ်ယောက်က ဝေယိုရွှမ်းနဲ့မှ ယှဥ်လို့မရတာ။”
“အဟက်...ပွဲကတော့ ကြည့်ကောင်းပြီဟေ့။ ဒီအထိလာကြည့်ရတာ အချည်းအနှီးတော့ မဖြစ်ဘူးပဲ။”
“...”
စောင့်ကြည့်နေကြသော တပည့်များမှာ ဝေဖန်ဆွေးနွေးသံများဖြင့် ဆူညံနေကြလျက် ရှိသည်။ကျောက်တုံးစင်မြင့်ထက်တွင် ရှိနေသော သူတို့နှစ်ဦးမှာ ကျားနဲ့ခြင်္သေ့တို့ တွေ့ဆုံသကဲ့သို့ဖြစ်နေပြီး ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲတစ်ခုဖြစ်ပေါ်တော့မည့်ပုံစံတွင် ရှိသည်။
သူတို့နှစ်ဦးလုံးမှာစွမ်းအင်ရော အရည်အချင်းပါ ပြည့်ဝကြသူများဖြစ်သဖြင့် မည်သူမှပို၍ သန်မာသည်ကား ဝေခွဲမရနိုင်ဖြစ်နေကြ၏။ သူတို့နှစ်ဦး ရင်ဆိုင်တိုက်ခိုက်မည့်အချိန်တွင်တော့ အဖြေအား သိရတော့မည်ပင် ဖြစ်သည်။
တောင်ကုန်းပေါ်ရှိ ကျောက်တုံးပွဲကြည့်စင်ထက်တွင်စိန်းထိုက်ယွမ်နှင့်လုဟုန်းတို့၏ တပည့်များမှာတစ်ဖက်နှင့်တစ်ဖက် စိတ်ကသိကအောက်ဖြစ်စွာကြည့်နေကြသည်။
လုဟုန်း၏တပည့်များမှာ အစောပိုင်း၌ ပြိုင်ပွဲတစ်ခုလုံးသည် သူတို့၏ထိန်းချုပ်ထားမှုအောက်တွင်သာရှိနေသောကြောင့် စိတ်အေးလက်အေး ဖြစ်နေခဲ့ကြသော်လည်း ဇူယွမ်မှ အရာအားလုံးကို ရှုပ်ထွေးစေခဲ့၏။
သူတို့မှာ ဝေယိုရွှမ်းအား အလုံးစုံ ယုံကြည်စိတ်ချသော်လည်းပဲ အကယ်၍များဟူသောစိတ်ဖြင့် မခန့်မှန်းထားသော အဆုံးသတ်ဖြစ်ပေါ်လာခဲ့ပါက အရှက်မရစေရန် အော်ဟစ်အားပေး၍ စိတ်ကြီးဝင်နေခြင်းများ မပြုလုပ်ရဲတော့ပေ။
လုဟုန်း၏အမူအရာမှာမူ ခက်ထန်မဲမှောင်နေလျက် ရှိသည်။ စိန်းထိုက်ယွမ်၏ဖက်အား လုံးဝအရှက်တကွဲအကျိုးနည်း ရှုံးနိမ့်သွားစေရန် ရည်ရွယ်ထားသောသူ၏အစီအစဥ်မှာ ဇူယွမ်ဟူသော ကောင်လေးကြောင့် ရှုပ်ထွေးသွားခဲ့ရသည်။
သူ၏နောက်တွင် ရှိနေသော လုရွှမ်းယင်၏မျက်နှာတွင် ခန့်မှန်း၍မရသော အမူအရာတို့ရှိနေပြီး သူမသည် လုဟုန်း အလွန်အမင်း စိတ်တိုဒေါသထွက်နေသည်ကို မြင်ရသောအခါ ပြုံးသွား၍ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ ဦးလေးတော်လုရယ်။အဲ့ကောင်လေးက စီနီယာအကိုတော် ဝေယိုရွှမ်းရဲ့ပြိုင်ဖက်တောင် မဟုတ်ပါဘူး။”
လုဟုန်းမှ ခေါင်းငြိမ့်ပြလိုက်သည်။ သူတို့သည် ယခုအချိန်တွင် ဝေယိုရွှမ်းမှ အဲ့ဘဝင်မြင့်နေသောအရူးအား မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပစ်ရန်ပင် မျှော်လင့်နေကြသည်။
ကျောက်တုံးစင်မြင့်ပေါ်၌ ဝေယိုရွှမ်းသည် တည်ငြိမ်လေးနက်သော အသံဖြင့် ဇူယွမ်အား လှမ်း၍ ပြောလိုက်သည်။
“ငါအစက မင်းကို သုံးယောက်ပြည့်အောင်ထည့်ပေးလိုက်တဲ့သူလို့ပဲ ထင်ခဲ့တာ။ဒါပေမယ့်မင်းက သုံးယောက်ထဲမှာ အသန်မာဆုံး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
“ဒါပေမယ့် အခုက မင်းကိုရပ်တန့်ပေးရမယ့်အချိန်ပဲ။ဟုတ်တယ်မလား။”
ထိုစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုင်နက်ဝေယိုရွှမ်း၏မျက်ဝန်းအစုံမှာ တည်ကြည်လေးနက်သွားခဲ့သည်။
ဝုန်း...
ပြင်းထန်လှသော ချီစွမ်းအင်များသည်သူ့၏ကိုယ်ခန္ဓာထဲမှ တရစပ် ထွက်ပေါ်လျက်ရှိပြီးခြေထောက်အောက်ရှိ မြေပြင်များမှာ စွမ်းအင်ဖိအားများကြောင့် ကွဲကြေကုန်ရသည်။စောင့်ကြည့်နေကြသော တပည့်များ၏မျက်နှာအမူအရာသည်ပင် သူ၏မူလစဦး ချီစွမ်းအင်ဖိအားများကြောင့် သိသိသာသာ ပြောင်းလဲလာခဲ့သည်။
ဆဋ္ဌမအဆင့်…
ဝေယိုရွှမ်း ထုတ်ဖော်လိုက်သော ချီစွမ်းအင်များသည်မူလစဦး ပဥ္စမအဆင့် တပည့်ပေါင်းများစွာ၏စိတ်ဝိဉာဥ်အား ပြင်းထန်သောဖိအားကို ခံစားရစေသည်။ဇူယွမ်သည် ဝေယိုရွှမ်း၏ ချီစွမ်းအင်ဖိအားများကိုခံစားမိသည့်အချိန်တွင် မျက်ဝန်းအစုံမှာ ကျဥ်းမြောင်းသွားခဲ့ရသည်။
တကယ့်ကို ဆဋ္ဌမအဆင့်ပီသပါပေ၏။ သူ၏ချီစွမ်းအင်လှိုင်းများမှာဖန်းယုနှင့်ချန်ယွင်တို့ထက် များစွာပို၍ သာလွန်ပေသည်။တကယ်ကိုပင် ဝေယိုရွှမ်းသည် ယှဥ်ပြိုင်ရန်ခက်ခဲသော ပြိုင်ဘက်တစ်ဦးပင် ဖြစ်သည်။
ဇူယွမ်၏ချီသိုလှောင်ခန်းထဲမှ ချီကြယ်ပွင့် ခုနစ်ရာသည် လင်းလက်တောက်ပလာကာ သန့်စင်သောချီစွမ်းအင်များက အကြောများမှတဆင့် သူ၏ရိုးတွင်းချဥ်ဆီတိုင်အောင် ပျံ့နှံ့နေလျက် ရှိသည်။
ဝုန်း...
ပေခုနစ်ရာအချင်းရှိသော ရွှေရောင်မူလချီစွမ်းအင်များသည် သူ၏ဦးခေါင်းထက်မှ ထွက်ပေါ်လာခဲ့ပြီးဖြည်းညင်းစွာဖြင့် သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံထားခဲ့သည်။
ဝေယိုရွှမ်းထံမှ ထုတ်လွှတ်လျက်ရှိသောဖိအားများ ပျောက်ကွယ်သွားခဲ့၏။ သူတို့နှစ်ဦးမှာ အကြည့်ချင်းဆုံသွားခဲ့ကာ နှစ်ဦးလုံး၏ အကြည့်များသည် မီးတောက်များပေါက်ကွဲကာ လေမုန်တိုင်းများထန်နေသကဲ့သို့ ပြင်းထန်နေကာ မျက်ဝန်းများတွင် တိုက်ပွဲဆာလောင်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
သူတို့နှစ်ဦး၏ချီစွမ်းအင်များမှာ လေထုကိုပင်ဆုတ်ဖြဲနေလျက် ရှိသည်။ဝေယိုရွှမ်းသည် ရှေ့သို့ဦးစွာ ထွက်လာခဲ့ပြီး သူ၏လက်တွင် ရစ်ဝဲလျက်ရှိနေသော ချီစွမ်းအင်များအားနေလုံးသဏ္ဍာန်ဖြင့် စုစည်းစေလိုက်၏။သူ၏လက်များကို လှုပ်ခါလိုက်သည်နှင့်တကွထိုချီစွမ်းအင်လုံးကြီးသည် ဇူယွမ်ထံသို့ ပျံသန်းလာကာ လေထုများကို ဆုတ်ဖြဲစေလျက် အပျက်အစီးများကို ဖြစ်ပေါ်စေပေသည်။
“မင်းလို မူလစဦး တတိယအဆင့်လောက်ကောင်ရဲ့ချီစွမ်းအင်က ဘယ်လောက်များ သန်မာနိုင်မလဲလို့ငါသိချင်မိတယ်။”
ဝေယိုရွှမ်းမှ အေးစက်စွာ ပြောဆိုလိုက်သည်။ သူ၏တိုက်ခိုက်မှုသည် သူ၏ မူလစဦး ဆဋ္ဌမအဆင့်ပေါ်တွင်သာ အခြေခံထားခြင်းဖြစ်ပြီးဇူယွမ်မှမရှောင်ရှားနိုင်စေရန် အသေအချာချိန်ဆထားခြင်း ဖြစ်သည်။
ပထမပွဲများ၌ ဇူယွမ်သည် ဖန်းယုနှင့်ချန်ယွင်အားအနိုင်ယူနိုင်ရန် သူ၏ချီစွမ်းအင် အရေအတွက်နှင့်အရည်အသွေး အပေါ်တွင် မူတည်ထားရမည်ပင် ဖြစ်သည်။ထို့ကြောင့် ဝေယိုရွှမ်းသည်လည်း ဤနည်းကိုပင် အသုံးပြုကာ ဇူယွမ်အားအနိုင်ယူရန် ကြံရွယ်ထားလေသည်။
ချီစွမ်းအင်လုံးအား မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက်ဇူယွမ်၏မျက်ဝန်းအစုံမှာ ပြူးကျယ်သွားခဲ့ရပြီးအန္တရာယ်ရှိသောဖိအားကို ခံစားလိုက်ရသည်နှင့်တကွသူ၏မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားကာ မြေပြင်အား ဆောင့်နင်းချလိုက်သည်။
ဝှစ်…
သူ၏ဦးခေါင်းထက်တွင် ရှိနေသော ပေခုနစ်ရာအချင်းမျှ ချီစွမ်းအင်များမှာ ပေါင်းစည်းသွားကာ ရွှေရောင်စပါးအုံးသဏ္ဍာန်အခိုးအငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
ဝုန်း...
ချီစွမ်းအင်အခိုးအငွေ့များနှင့် ချီစွမ်းအင်လုံးမှာလေထုထဲ၌ တွေ့ဆုံသွားခဲ့၏။ထို့ကြောင့် ကြီးမားသော စွမ်းအင်လှိုင်းဂယက်များ ပေါ်ပေါက်လာရကာ အနီးနားရှိ တောင်ကုန်းများကိုပင် ကွဲအက်သွားစေခဲ့သည်။
ကျောက်တုံးစင်မြင့်၏ အလယ်ဗဟိုတွင် ရှိနေသောပုံရိပ်နှစ်ခုသည် တစ်လက်မပင် မရွေ့လျားသွားချေ။အရာအားလုံးကို ဖျက်စီးနိုင်စွမ်းရှိသော စွမ်းအင်လှိုင်းများသည်ပင် သူတို့အား မတုန်လှုပ်စေနိုင်ပေ။
သူတို့သည် မုန်တိုင်းကြားတွင် ကြံ့ကြံ့ခိုင်လျက်ရှိသောတောင်တန်းများနှင့် အသွင်တူပေသည်။ဝေယိုရွှမ်း၏မျက်ဝန်းများတွင် အ့့ံသြထူးဆန်းသောအရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။
ဇူယွမ်မှာ ယခုနမှ ချီစွမ်းအင်များဆုံတွေ့မှုတွင် အနည်းငယ်မှပင် ယိမ်းယိုင်သွားခြင်း မရှိပေ။ပြောရမည်ဆိုလျှင်ဇူယွမ်၏ချီစွမ်းအင်အခြေခံမှာ သူ၏မူလစဦး ဆဋ္ဌမအဆင့်ထက် လျော့နည်းခြင်းမရှိပေ။
“ဒီပွဲက စိတ်ဝင်စားစရာတော့ ကောင်းသားပဲ။”ဝေယိုရွှမ်းမှ ရေရွတ်လိုက်၏။
“အသံမဲ့အရိပ် ခြေလှမ်း”
ချီစွမ်းအင်များသည် ဝေယိုရွှမ်း၏ ခြေဖဝါးအောက်တွင် ရစ်ဝဲသွားလျက်ရှိကာ အလွန်လျင်မြန်သောအရှိန်ဖြင့် သူ၏ပုံရိပ်မှာ ရွေ့လျားသွားသည်။ လျင်မြန်လွန်းလှသဖြင့် မျက်စိနှင့်ပင် မမြင်တွေ့လုနီးပါးပင် ဖြစ်သည်။
ချပ်…
ဝေယိုရွှမ်းသည် တစ္ဆေသရဲကဲ့သို့ အလွန်လျင်မြန်သောအရှိန်ဖြင့် ဇူယွမ်၏ရှေ့တွင် ပေါ်လာခဲ့ခြင်းကစောင့်ကြည့်နေသော တပည့်များကိုပင် အံ့သြသွားစေခဲ့၏။သူတို့နှစ်ဦး၏ကြားတွင် ခြေလှမ်းတဝက်စာမျှသာဝေးတော့သည်။
ဝေယိုရွှမ်း၏ နှုတ်ခမ်းအစုံမှာ တွန့်ကွေးသွားပြီးသူ၏လက်ဖဝါးပေါ်တွင် မူလမှော်စာလုံးများမှေးမှိန်စွာလင်းလက်လာကာ သူ၏လက်တစ်ခုလုံးအား ဖြန့်ကျက်လျက်ရှိသည်။ ထိုမှိန်ပြပြအလင်းရောင်လေးသည် မဖော်ပြနိုင်လောက်သော ထက်မြမှုအား ပေးစွမ်းလျက်ရှိ၏။
“ချီဖြိုခွဲခြင်း လက်ဝါး”
သူ၏လက်ချောင်းနှစ်ခုစီမှ ချီစွမ်းအင်များသည်လျင်မြန်စွာဖြင့်ပင် ဇူယွမ်ထံသို့ ရောက်ရှိလာသည်။တိုက်ခိုက်မှုသည် အလွန်ပင်ပြင်းထန်ကာ သေစေနိုင်လောက်သောစွမ်းအင်များ ပါဝင်နေပေသည်။ဤတိုက်ခိုက်မှုသည် ထုံးလုံနှင့်ဖန်းစုန်အား ရှုံးနိမ့်စေခဲ့သော တိုက်ခိုက်မှုနဲ့အတူတူပင် ဖြစ်၏။
ဝေယိုရွှမ်း၏လက်များ လင်းလက်လာသည်ကိုမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဇူယွမ်၏မျက်ဝန်းအစုံမှာ ခေတ္တမျှ ကျဥ်းမြောင်းသွားကာ ချက်ချင်းဆိုသလိုပင် သူ၏လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး ရွှေရောင်ချီစွမ်းအင်များသည် သူ၏လက်အား အထပ်ထပ်လွှမ်းခြုံသွားခဲ့သည်။
ဝုန်း...
ဇူယွမ်သည် သူ၏ရှေ့တွင်ရှိနေသော လေထုအား ဖြိုခွင်းလိုက်သည်။လက်သီးနှင့်လက်ချောင်းတို့ လေထုထဲ၌ တွေ့ဆုံသွားကြသည်။
တောင်ကုန်းပေါ်၌ စောင့်ကြည့်နေကြသော တပည့်များသည် ခေါင်းကိုခါယမ်းလိုက်ကာ သူတို့၏မျက်လုံးများကို ဖုံးကွယ်ထားလျက် ရှိသည်။ ဝေယိုရွှမ်း၏ ချီဖြိုခွဲခြင်း လက်ဝါးသည် မည်သည့်ချီစွမ်းအင်ကိုမဆို ဖြိုခွဲနိုင်သည်အား ဇူယွမ်မေ့လျော့သွားပါလော။
ထုံးလုံသည်လည်း ထိုသို့ပင် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပြီးယခုတစ်ကြိမ်မှ ချီဖြိုခွဲခြင်း လက်ဝါး၏ စွမ်းအင်သည် ယခင်တစ်ကြိမ်ထက်ပင် ပို၍သန်မာနေသေးသည်။ဇူယွမ်မှာ ရူးမိုက်လှသောကြောင့် ပြန်ခံထိုးလိုက်ခြင်း ဖြစ်ပေမည်။
“စဥ်းစားဆင်ခြင်နိုင်စွမ်းမရှိတဲ့ အရူး” လုရွှမ်းယင်သည် လှောင်ပြောင်သရော်လိုဟန်ဖြင့် ရေရွတ်လိုက်သည်။
ဝုန်း...
အကြည့်များစွာ၏ အောက်တွင်ပင် လက်သီးနှင့်လက်ချောင်းတို့ တွေ့ဆုံသွားကြပြီး ဝေယိုရွှမ်း၏မျက်ဝန်းများသည် လှောင်ပြောင်သရော်ဟန်များဖြင့်ပြည့်နှက်နေကာ နှုတ်ခမ်းအစုံမှာ တွန့်ကွေးသွားခဲ့သည်။သို့သော် ထိုအပြုံးများသည် ချက်ချင်းဆိုသလိုပင် အေးခဲသွားခဲ့ရသည်။
ချပ်...
သူ၏ချီစွမ်းအင်များ ရစ်ခွေလျက်ရှိသော လက်ချောင်းများသည် ဇူယွမ်၏လက်သီးအားကာကွယ်လျက်ရှိသော ချီစွမ်းအင်များကို အလွယ်တကူပင် ဖြိုခွဲသွားသည်။ သို့သော် အလုံးစုံပြိုကွဲသွားရမည့်အချိန် မတိုင်ခင်မှာပင် ခရမ်းပြာရောင် အလင်းတန်းတစ်ခုသည် ဇူယွမ်၏လက်ပေါ်တွင် လင်းလက်လာခဲ့ပြီး ဝေယိုရွှမ်း၏လက်ချောင်းများမှာ ထိုအလင်းတန်းနှင့် ထိလိုက်မိသည်နှင့်တကွ တောင်များကိုပင် ဖြိုခွင်းနိုင်လောက်သော စွမ်းအင်အား ခံစားလိုက်ရသည်။
ခရက်....
တစ်စုံတစ်ခု ကျိုးပဲ့အက်ကွဲသံအား သူ၏လက်ချောင်းထိပ်မှ ကြားလိုက်ရပြီးနောက် နာကျင်လွန်းလှသဖြင့် သူ၏အမူအရာများပင် ပြောင်းလဲသွားခဲ့ရသည်။သူတို့နှစ်ဦး ရင်ဆိုင်တိုက်ခိုက်မှုမှ စွမ်းအင်လှိုင်းဂယက်များသည် တအိအိလှိုင်းထလျက်ရှိသည်။
တောင်ကုန်းပေါ်၌ ရှိနေသော တပည့်များမှာလည်း ဝေယိုရွှမ်း၏ တုန်လှုပ်နေသောပုံရိပ်အား မယုံကြည်နိုင်သော အကြည့်များဖြင့် အံ့အားသင့်စွာ ငေးကြည့်နေကြ၏။
ဝေယိုရွှမ်းသည် အားတင်းကာ တည်ငြိမ်စွာ ရပ်လိုက်ပြီး အလွန်အမင်းနာကျင်နေဟန်ဖြင့်လက်ချောင်းများအား ကြည့်လိုက်သောအခါတွင်သူ၏လက်ချောင်းများသည် သွေးချင်းချင်းနီရဲနေကာအရိုးများပင် အနည်းငယ် ကြေမွနေလေ၏။ သူသည် ပြီးခဲ့သည့်ရင်ဆိုင်တိုက်ခိုက်မှုတွင် ရှုံးနိမ့်ခဲ့ရသည်အား မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။
သူက ဇူယွမ်အား စူးရှစွာ စိုက်ကြည့်လိုက်၏။ဇူယွမ်မှာ လက်သီးများကို ဖြေလျှော့လိုက်ကာ ပြုံးလိုက်သည်။ သူ၏လက်သီးတဝိုက်တွင် ခရမ်းပြာရောင်ကြေးခွံများက တလက်လက်ထလျက် ရှိ၏။ထိုအရာသည် နဂါးရှစ်ကောင်ကောင်းချီး ရရှိခဲ့သောအချိန်တွင် မှော်စပါးအုံးကြေးခွံမှ မှော်ဆန်သော နဂါးကြေးခွံအဖြစ်သို့ အဆင့်တက်သွားသော ကြေးခွံများ ဖြစ်သည်။
“စိတ်မကောင်းပါဘူး။ကြည့်ရတာ ငါ့ရဲ့လက်သီးကမင်းမှန်းထားတာထက် သန်မာနေတဲ့ပုံပဲ။မင်းရဲ့ ချီဖြိုခွဲခြင်း လက်ဝါးတောင် မဖြိုခွဲနိုင်ခဲ့ဘူးဆိုတော့လေ။”
ဇူယွမ်မှ ဖြည်းညင်းစွာ ပြုံး၍ ပြောလိုက်သည်။ထိုအချိန်တွင် တောင်ကုန်းပေါ်၌ စောင့်ကြည့်လျက်ရှိသော တပည့်များထံမှ ဆူညံအော်ဟစ်သံများသည်လေထုအား ပြည့်နှက်သွားစေခဲ့သည်။
သူတို့နှစ်ဦး၏ ရင်ဆိုင်တိုက်ခိုက်မှုတွင် ဇူယွမ်မှ အသာစီး ရသွားလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ချေ။ ဝေယိုရွှမ်း၏ ချီဖြိုခွဲခြင်းလက်ဝါးသည်ပင် ဇူယွမ်၏လက်ထဲတွင် ကျိုးပဲ့ပျက်စီးသွားရသည်။ကျောက်တုံးပွဲကြည့်စင်ပေါ်မှ ရပ်လျက်စောင့်ကြည့်နေသော လုရွှမ်းယင်သည်ပင် ဖြူရော်နေသောမျက်နှာဖြင့် ခုံပေါ်သို့ ထိုင်လျက်ပြုတ်ကျသွားခဲ့ရ၏။