ရှေးကျသောအသံ
Vol. 009 Ch. 815
သူမသည် မည်သည့်နေရာရောက်နေသည်ကို စဉ်းစားရန်ကြိုးစားသော်လည်း သူမခန္ဓာကိုယ် သည် သူမ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။
“ယူယူ ဘာတွေငေးနေတာလဲ” အမျိုးသားတစ်ယောက်သည် သူမကိုအနောက်မှသိုင်းဖက်ကာ သူ၏ခေါင်းသည် သူမလည်ပင်းဘေးတွင် မှီတင်လေသည်။
ထိုအနေအထားသည် ရင်းနှီးလှကာ ခိုင်မြဲသော ပုံသဏ္ဍာန်ဖြစ်သည်။
ထိုသူသည် သူမ မမှတ်မိသော သူစိမ်းဖြစ်နေသည်မှာ သေချာနေသည်။ သို့သော် သူ့ရဲ့ ပွေ့ဖက်မှုက ဘာလို့အဲလောက်ရင်းနှီးနေတာလဲ။
“အဇူရာ ဒါကိုဘယ်ကရလာတာလဲ၊ ကျွန်မအတွက်ဒီလောက်လုပ်မပေးရဘူးလို့ သဘောတူ ထားတယ်မဟုတ်ဘူးလား”
ထိုအမျိုးသမီး၏ အသံမှာ သာယာနာပျော်ဖွယ်ရှိပြီး ယစ်မူးစေကာ အေးစက်မှုအနည်းငယ်စွက် နေသည်။
ရှီမာယူယူ အံ့သြသွားသည်။ သူမက သူ့ကို အဇူရာလို့ခေါ်လိုက်တယ်။ သူမနောက်ကလူက အဇူရာဧကရာဇ်ကြီးလား။
သူမသည် ထိုခန္ဓာကိုယ်ထဲတွင် ရှိနေသော်လည်း ထိုစကားလုံးများကို မပြောပေ။
သူမက တခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ။
“ယူယူ….” အဇူရာသည် သက်ပြင်းချကာ သူမကိုလှည့်လိုက်သည်။ သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ ထိုအခါမှပင် သူ့ပုံစံကို သူမမြင်လိုက်သည်။
“ဘယ်လောက်တောင် တည်တံ့ပြီးပညာရှိတဲ့ပုံပေါ်တဲ့ အမျိုးသားလဲ” သူမသည် သက်ပြင်းချမိ လေသည် “ဒါပေမဲ့ သူ့ကိုကြည့်ရတာဘာလို့မိုရှားကို သတိသွားရမိတာလဲ သူတို့ကတူသလိုပဲ”
“ယူယူ မင်းအတွက်ဆိုရင် ကိုယ်ဘာမဆိုလုပ်နိုင်တယ်” အဇူရာ၏ မျက်လုံးများသည် နာကျင်မှု နှင့် စိတ်ပိုင်းဖြတ်မှုများ ရောနှောနေသည်။ “မင်းကြိုက်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် မင်းအတွက်ကိုယ် လုပ်နိုင်တယ်”
ယူယူသည် လက်ဆန့်ထုတ်ကာ သူ့မျက်နှာကိုထိတွေ့လိုက်သည်။ သူမ၏ လက်ချောင်းများ သည် သူ၏ မျက်ခုံးစွန်းနားတွင် ထိတွေ့ထားကာ သူမ သက်ပြင်းချလေသည် “ကျွန်မတို့က မျိုးနွယ် တွေ မတူကြဘူး ကျွန်မတို့အတူရှိလို့မဖြစ်ဘူး ရှင့်ကိုယ်ရှင် ထိခိုက်အောင်လုပ်နေသလိုပဲ”
“ကိုယ်တို့နှစ်ယောက်လုံး ချစ်နေရင် မျိုးနွယ်တွေကို ဘာဂရုစိုက်စရာလိုလဲ” အဇူရာသည် သူမ လက်များကို ဆုပ်ကိုင်လေသည် “မင်းလည်း ကိုယ့်ကိုသဘောကျတယ်ဆိုတာ ကိုယ်သိတယ် ဟုတ်တယ်မလား”
“ကျွန်မ….”
ယူယူသည် တိတ်ဆိတ်သွားသော်လည်း ထိုသည်မှာ တွေဝေမှုဖြစ်သည်ကို ခံစားမိသည်။
လေးနက်ပြီး မွန်းကြပ်သောခံစားချက်ပင်…
သူမသည် သူ့အားနှစ်သက်သော်လည်း သူနှင့်အတူရှိ၍မဖြစ်ပေ။
သူမ၏ သရုပ်မှန်ကြောင့်လား…
“အဇူရာ ကျွန်မက ကိုးခုမြောက်တောင်မြေအောက်ကမ္ဘာက ကြာပန်းနက်ဆိုတာ ရှင်သိပါတယ် ကျွန်မက လူသားလောကကို မစ်ရှင်လုပ်ဖို့လာတာ၊ ကျွန်မမစ်ရှင်ပြီးတာနဲ့ တစ္ဆေလောကကို ပြန်ရမယ် အဲအချိန်ကျရင် ကျွန်မတို့ခွဲခွာရမယ်၊ မဟုတ်ရင် ခဏတာပျော်ရွှင်ဖို့တွက် အမြဲခံစားနေရလိမ့်မယ်”
“ရှေ့ဖြစ်မယ့်အကြောင်းတွေကို ကိုယ်မသိဘူး၊ ကိုယ်သိတာအခုပဲ ကိုယ်တို့တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြတယ်၊ ခဏတာအချစ်က တစ်သက်လုံးအတွက်ပဲ ယူယူ ကိုယ်မင်းကိုချစ်တယ်…”
ကိုးခုမြောက်တောင်မြေအောက်ကမ္ဘာက ကြာပန်းဟုတ်လား။ ကိုးခုမြောက်တောင်မြေအောက် ကမ္ဘာ… အံ့ဖွယ်တောင်က ကောလဟလမဟုတ်ဘူးလား။ ကောလဟလမဟုတ်ပဲ တကယ်ပဲလား။
ကြာပန်းနက်…
လောကအသေးသို့ဝင်ရန် တံခါးတွင်လက်တင်လိုက်ချိန်က ကြာပန်းနက်သည် မြစ်ပေါ်တွင် ပေါ်လာသည်ကို တွေးမိသည်။
အဇူရာဧကရာဇ်ရဲ့ ချစ်သူမိန်းကလေးက ကြာပန်းနက်လား။
သူမ ထိုအကြောင်းတွေကို မကြေညက်ခင်မှာပင် ပုံသည် ရုတ်တရက်ပြောင်းသွားပြီး ပတ်ဝန်းကျင်သည် နောက်တစ်ကြိမ်ပြောင်းသွားသည်။ ထိုသည်မှာ သူတို့၏ အပြုအမူများကို အနည်း ငယ်စီပြသွားသည်နှင့်တူသည်။
ယူယူသည် ယူယူ့၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည်။ သူမသည် သူတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေရာ သူတို့၏ ပျော်ရွှင်မှုများ၊ ခါးသီးမှုများ၊ ချိုမြိန်မှုများနှင့် စိတ်ပျက်ဖွယ်ရာ အခိုက်အတန့် များကို ခံစားရလေသည်။
အဇူရာသည် မိုရှားနှင့် ရုပ်တူသည်ကိုကြည့်ပြီး သူမသည် သူ့အကြောင်းကိုတွေးမိသည်။
မိုရှားသာဆိုလျှင် ဒီလိုပဲဖြစ်မလး။ သူ ဒီလိုပုံစံမျိုးကိုလုပ်ပါ့မလား….
“ယူယူ”
အဇူရာခေါ်လိုက်ရာ ယူယူ၏ အတွေးများပြန်ရုတ်သိမ်းသွားသည်။
သူမ ကြည့်လိုက်ရာ ကောင်းကင်ခွဲနတ်ဆိုးဓားသည် နီးသထက်နီးလာသည်နှင့် သွားတွေ့ သည်။
ရွှီး
ကောင်းကင်ခွဲဓားသည် ယူယူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကာ သူမသည် လက်ဖြင့် ဓားကို ဆုပ်ကိုင်လိုက်သည်။ လက်တစ်ဖက်ဖြင့် သူမကိုတိုက်ခိုက်သူကို ပြန်တိုက်ခိုက်ကာ ထိုလူအားရင်ဘတ် ကန်လိုက်ခြင်းသဖြင့် ထိုလူသည်နေရာတွင် ပွဲချင်းပြီးလေသည်။
“ယူယူ” အဇူရာသည် သူမဘေးပျံလာကာ ဖက်လိုက်သည်။ သူမ၏ သွေးအမည်းများသည် သူ့ ပေါ်သို့စီးဆင်းသွားသည် “ယူယူ ယူယူ မကြောက်နဲ့ ကိုယ်မင်းကို အခုပဲကုပေးမယ် အဆင်ပြေသွားမှာ ပါ”
သူသည် သူမအား နှစ်သိမ့်သော်လည်း သူ၏ နှုတ်ခမ်းများသည် အဆက်မပြတ်တုန်ယင်နေ သည်။
ယူယူသည် သူ့လက်အားဆုပ်ကိုင်ပြီး နောက်လက်တစ်ဖက်ဖြင့် သူ့မျက်နှာအား နူးညံ့စွာ ကိုင်တွယ်ချင်မိသည်။ သို့သော် သူမ လက်မှာလမ်းတစ်ဝက်သာရောက်သေးကာ ဆက်လှမ်းရန် အားအင်မရှိတော့ပေ။
“ယူယူ…”
အဇူရာသည် သူမလက်အားဆုပ်ကိုင်ကာ သူကိုယ်တိုင်ပင် ထိတွေ့ခွင့်ပေးလိုက်သည်။
သူမ သူ့မျက်နှာအားထိတွေ့လိုက်ချိန်တွင် ပြုံးလိုက်သည်။
“အဇူရာ…” ယူယူ၏ နှုတ်ခမ်းထောင့်တွင် သွေးအမည်းများ စတင်စီးဆင်းလာသည်။
“ယူယူ စကားမပြောနဲ့” အဇူရာသည် သူမပါးစပ်မှ သွေးများစီးလာသည်ကိုတွေ့သောအခါ အော်ပြီးသူမကို တားလေသည် “ယူယူ မပြောနဲ့ ကိုယ် မင်းကိုတောင်းပန်ပါတယ်…”
မျက်ရည်များသည် ယူယူ၏ မျက်လုံးများမှ ကျဆင်းလာသည်။ သူမသည် မျက်ရည်ကျ တော့မည့် သူ့အားကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည်လည်း သူ့အတိုင်းပင် ပူဆွေးနေသည်။ သို့သော် သူမ ပြောရမည့်စကားများရှိနေသေးသည်။
“အဇူရာ ဝမ်းမနည်းပါနဲ့ ရှင်သိပါတယ် ကောင်းကင်ခွဲနဲ့အသတ်ခံရတဲ့လူတစ်ယောက်က အသက်မရှင်နိုင်ဘူး” သူမသည် အားတင်းကာ သူ့အားပြုံးပြလိုက်သည်။ သို့သော် သူမအပြုံးသည် ခြောက်သွေ့လွန်းသည်။
“ယူယူ ကိုယ် မင်းအတွက်နည်းလမ်းရှာမယ် သေချာပေါက်မင်းကိုကယ်နိုင်မှာ” အဇူရာ၏ မျက်ရည်များသည် စတင်ကျဆင်းလာသည်။
“စွမ်းအင်တွေ အကုန်မခံပါနဲ့တော့ ကောင်းကင်ခွဲဓားက ခန္ဓာကိုသတ်ပြီး ဝိဉာဉ်ကိုပျောက်ကွယ် စေတယ်၊ ဘယ်သူမှအသက်မရှင်နိုင်ဘူး” ယူယူသည် နောက်ထပ်သွေးအန်ပြန်သည် “တကယ်တော့ ရှင်အခု ကျွန်မကို ကယ်တာမကယ်တာ အရေးမကြီးတော့ပါဘူး တကယ်လို့ ကျွန်မအသက်ရှင်နိုင်ရင် ကျွန်မ… တစ္ဆေလောကကို…ပြန်ရမယ်၊ ကျွန်မ.. ရှင့်ကိုပြောစရာရှိတယ်၊ ကျွန်မ…သေသွားပြီးတဲ့ နောက်ပိုင်းမှာ… တစ်ယောက်နဲ့တစ်ယောက်..မေ့လိုက်ရအောင်”
“မဖြစ်ဘူး မဖြစ်ဘူး ကိုယ်မင်းကိုမမေ့ချင်ဘူး၊ ကိုယ်မင်းကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး ကိုယ်တို့ တစ်သက်လုံးအတူရှိသွားမယ်” သူမ၏ အေးစက်သောခန္ဓာကိုယ်ကို အဇူရာသည် ဖက်ထားပြီး မျက်ရည်များဖြင့် နွေးထွေးစေသည်။
“အဇူရှာ ရှင့်ကိုတွေ့ရတာ ချစ်ရတာက… ကျွန်မ ဘဝရဲ့ အကောင်းဆုံးအပိုင်းပါပဲ၊ ရှင့်ကို အဖော်ပြုဖို့အတွက် အစတုန်းက ကျွန်မဝိဉာဉ်ကိုထားပေးချင်ခဲ့တာ” ယူယူသည် ခေါင်းငုံ့ကာ သူမ ကိုယ်တွင် စိုက်ဝင်နေသော ကောင်းကင်ခွဲဓားကို ကြည့်လိုက်သည်။ “ကောင်းကင်ခွဲက ခွင့်မပြုတာ တော့ နှမြောစရာပဲ၊ ဒီဓားနဲ့အသတ်ခံရတဲ့လူက ဝိဉာဉ်ပါဆုံးရှုံးသွားတယ်၊ တောင်းပန်ပါတယ် ကျွန်မ.. ရှင်နဲ့အတူမနေနိုင်တော့ဘူး”
“မင်းဝိဉာဉ်ကို ပျောက်ကွယ်ခွင့်မပေးနိုင်ဘူး”
အဇူရာသည် သူမကိုချီကာ သမားတော်ဆီခေါ်သွားလိုသော်လည်း သူမ တားလိုက်သည်။
သူ ခေါင်းကိုအားနည်းစွာ ရမ်းလိုက်ပြီး “အဇူရာ အားအကုန်မခံပါနဲ့တော့ အသုံးမဝင်တော့ဘူး ဒီကျန်တဲ့အချိန်လေးကို ကျွန်မနဲ့အဖော်ပြုပေးပါ၊ ကျွန်မတစ်ယောက်တည်းမဖြစ်ချင်ဘူး ကျွန်မနဲ့ နေပေးပါ”
“ယူယူ…”
ရှီမယူယူသည် အဇူရာ၏ မျက်ရည်များ နှာခေါင်းနှင့် မျက်လုံးမှ စီးကျလာသည်ကို ကြည့်နေခဲ့ သည်။ သူတကယ်ပဲ…ရုပ်ဆိုးတာပဲ။
“အဲအမှောင်နေရာကိုပြန်ရတာနဲ့ယှဉ်ရင် ဒီလိုမျိုးကိုကြိုက်တယ်၊ ရှင့်လက်ထဲမှာ ထွက်သွားရ မှာ ရှင်ကျွန်မကိုပို့ပေးတာ” ယူယူ ပြုံးလိုက်သည်။
“ယူယူ ကိုယ်မင်းနဲ့တစ်သက်လုံးနေပေးမယ်”
“ကျွန်မ သိတယ် ရှင့်ကိုယုံပါတယ်” ယူယူသည် လက်ကိုညင်သာစွာပြန်ရုတ်ကာ ကောင်းကင်ခွဲ ဓားပေါ်သို့ လက်နှစ်ဖက်လုံးတင်ကာ ပြောလေသည် “ကျွန်မလည်း ရှင်နဲ့တစ်သက်လုံးအဖော်ပြုပေး ချင်ပါတယ် ဒါပေမဲ့ ဒါကမဖြစ်နိုင်ဘူး၊ ကျွန်မ မသေချင်တစ်ခုခုလုပ်ချင်တယ်”
“ယူယူ ဘာလုပ်ချင်တာလဲ ကိုယ်ကူညီမယ်….”
“ရှင်မကူညီနိုင်ဘူး” ယူယူသည် သူ့ကိုမကြည့်နိုင်တော့ပေ “ရှင်ဒီဓားကို အမြစ်ဖြတ်ချင်တယ် ဆိုတာ ကျွန်မသိတယ် ဒါပေမဲ့ ရှင်က အဲလောက်အားမကောင်းဘူး၊ ပြီးတော့ ဒီဓားကို တခြားသူတွေ ကို မထိခိုက်စေချင်ဘူး၊ ဒီဓားကို ချိပ်ပိတ်ဖို့ ကျွန်မကူညီပေးခဲ့မယ်၊ ရှင်ဧကရာဇ်အဆင့်ကျော်ပြီဆိုတာနဲ့ ဒီဓားကို အပြတ်ရှင်းလိုက်ပါ၊ ဒီဓားကိုနှစ်တစ်ထောင်ချိပ်ပိတ်ဖို့အတွက် ကျွန်မရှင့်ကိုကူညီပေးခဲ့မယ်၊ အဲအချိန်ကျရင် ရှင်ဧကရာဇ်အဆင့်ရောက်မယ်လို့ကျွန်မယုံတယ်”
“ယူယူ ယူယူ မင်းဘာလုပ်ချင်တာလဲ” အဇူရာသည် သူမလက်များကို စိုးရိမ်စွာ ဆုပ်ကိုင်ပြီး ဘာမှလုပ်ခွင့်မပေးပေ။
ယူယူသည် သူမလက်များကိုရုန်းထွက်ပြီး ကောင်းကင်ခွဲကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် တွင် သူမသည် သူ့အားပြန်ကြည့်ပြီး သူ၏ ပုံရိပ်ကို သူမဦးနှောက်ထဲမှ တစ်သက်လုံးမြှုပ်နှံလိုက်သည်။
“ကျွန်မသွားပြီးတဲ့အချိန်ကျရင် ရှင်ကောင်းကောင်းအသက်ရှင်ရမယ် အာ…”
သူမသည် သွေးအန်လိုက်ရာ သူမအသက်ဆုံးရှုံးတော့မည်ဟု ခံစားရသည်။ သူမသည် အဇူရာ အားတွန်းပြီး မတ်တပ်ရပ်လိုက်သည်။ သူမသည် ကောင်းကင်ခွဲဓားကို ဆွဲနှုတ်ပြီး သူမနှလုံးသားဆီသို့ တိုက်ရိုက်စိုက်လိုက်သည်။
“ကျွန်မ၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်ကိုချုပ်နှောင်ပါတယ်၊ ကိုးခုမြောက်မြေအောက်ကမ္ဘာရဲ့ ဝိဉာဉ်….
အံ့ဖွယ်စွမ်းအားကို ပေးသနားပါ ချိပ်ပိတ်ခြင်း”
***