တိုက်ဆိုင်မှုလား ကံတရားလား
Vol. 009 Ch. 817
သူပြောလိုက်သည့်စကားကို သူမကြားသောအခါ အထင်လွဲနေပြီဟု ရှီမာယူယူ ခံစားရသည်။ သူမ ရှင်းပြလေသည် “တကယ်တော ကျွန်မက ဒီခန္ဓာကိုယ်ရဲ့ မူလဝိဉာဉ်မဟုတ်ဘူး”
“ကိုယ်သိတယ်”
“သိတယ်လား” ရှီမာယူယူသည် သံသယဖြင့်လှည့်ကာ “ဒါပေမဲ့ ရှင်ပြောတော့ ကျွန်မက…”
“ခန္ဓာကိုယ်နဲ့ ဝိဉာဉ်လုံးဝပေါင်းမသွားခင်ကို အချိန်တစ်ခုရှိတယ်၊ သဘာဝဥပဒေကြီးက ပြန် ဝင်စားဖို့အတွက် အချိန်တိုင်းမှာခွင့်ပြုပေးထားတယ်၊ အခုမှပဲ မင်းရဲ့ အခြေအနေက ပြီးပြည့်စုံသွားတာ” အဇူရာ ပြောလိုက်သည်။
“အခြေအနေပြည့်စုံသွားတယ်ဟုတ်လား” ရှီမာယူယူ အနည်းငယ်ရှုပ်ထွေးသွားသည် “ဒါဆိုရင် ကျွန်မကဒီခန္ဓာကိုယ်ကို မတော်တဆဝင်သွားတာမဟုတ်ပဲ ကံတရားကြောင့်လား”
“ဖြစ်လည်းဖြစ်နိုင်သလို မဖြစ်လည်းမဖြစ်နိုင်ဘူး” အဇူရာ ပြောလေသည် “ကိုယ်ထင်တာတော့ အခုအဲဒါအရေးမကြီးဘူး အရေးကြီးတာက မင်းခန္ဓာကိုယ်ထဲက ကြာပန်းအနက်ပဲ… အဲကြာပန်းက မင်း ခန္ဓာကိုယ်နဲ့ ဝိဉာဉ်နဲ့က တစ်သားတည်းဖြစ်သွားတဲ့အတွက် ပေါ်လာတာဖြစ်နိုင်တယ်”
သူမ၏ ဝိဉာဉ်သည် ကြာပန်းနက်ဖြင့် နည်းပေါင်များစွာဖြင့် ဆက်နွယ်နေသည်။ သူမ၏ ထိုခန္ဓာ ကိုယ်သည် ကြာပန်းနက်သွေးသားစီးဆင်းနေသည်။ ထိုနှစ်ခုပေါင်းစည်းမှပင် သူမ နောက်ကျောတွင် ကြာပန်းပုံပေါ်လာသည်။
သူမ၏ ငယ်ရွယ်သော တောက်ပမှုပေါ်လွင်နေသည်ကိုတားရန် အင်္ကျိထုတ်ကာ အလျင်အမြန် ဝတ်လိုက်သည်။
“ဒီပုံက ဘာအသုံးဝင်မှာလဲ”
အဇူရာ ခေါင်းရမ်းလိုက်သည် “ကိုယ်လည်းမသိဘူး၊ ကိုယ်သိတာတစ်ခုက ဒီပုံက မင်းရဲ့ လက်ရှိအခြေအနေကို ဖိနှိပ်တဲ့နေရာမှာ အကျိုးရှိလာမယ်၊ အသုံးဝင်တဲ့ပုံကတော့… ယူယူသိလောက် တယ်”
“သြော်”
“ဒီလောကအသေးက မင်းအပိုင်ပဲ ဘယ်လိုပေါင်းစပ်ထိန်းချုပ်ရမလဲဆိုတာ မင်းသိလောက်ပြီ လို့ ထင်တယ်” အဇူရာ မေးလိုက်သည်။
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။
အဇူရာသည် သူမပါးကိုနောက်တစ်ကြိမ် ပြန်ထိတွေ့ကာ “ယူယူ ကိုယ်သွားရတော့မယ်၊ အတိတ်က ကိုယ်ကဒီမှာမရှိတော့ပေမယ့် မင်းကိုဆက်ပြီးကာကွယ်သွားမယ်”
ရှီမာယူယူသည် သူ့ကိုကြည့်လိုက်ရာ သူ့မျက်လုံးထဲမှ တွန့်ဆုတ်မှုကိုမြင်တွေ့ရလေသည်။ သူမ စိတ်ထဲတွင် နာကျင်မှုများ ရုတ်တရက်ပြည့်လာကာ မျက်ရည်များသည် သူ့လက်ပေါ်သို့ကျသွားလေ သည်။
“ကိုယ်ထွက်မသွားခင်မှာ မင်းငိုနေတာကိုမြင်ရတာနဲ့တင် ကိုယ်ကျေနပ်နေပါပြီ” အဇူရာသည် သူမ မျက်ရည်များကိုသုတ်ပေးလေသည် “လက်ပတ်ထဲက တစ်ယောက်က အားနည်းလွန်းတယ် ပြီၤးတော့ ပျောက်ကွယ်တော့မလိုဖြစ်နေတယ်၊ ကိုယ် သူ့ကိုအားအင်တွေပေးခဲ့ပြီး ကိုယ့်ကိုယ်စား သူ့ကို မင်းကိုကာကွယ်ဖို့ထားခဲ့မယ်”
“အဇူရာ…”
“ယူယူ ကိုယ် မင်းနဲ့တွေ့တာ တစ်ခါမှနောင်တမရခဲ့ဘူး”
အဇူရာသည် ပြောရင်းနှင့် သူ၏ ဝိဉာဉ်သည် ဖြည်းညင်းစွာအလင်းတန်းအဖြစ်ပြောင်းသွားပြီး သူမအား တစ်ပတ်ပတ်ပြီးနောက် နတ်ဆိုးညွှတ်လက်ကောက်ထဲသို့ဝင်သွားလေသည်။
မိုရှားသည် အဇူရာ၏ဝိဉာဉ်ဝင်လာသည်ကို ကြည့်ပြီး ခန္ဓာကိုယ်ကို အကြောလျော့ထားကာ ထို ဝိဉာဉ်ကို သူ့တွင် ဖြည့်ခွင့်ပေးလိုက်သည်။ ထိုအလင်းတန်းပျောက်ကွယ်သွားသည်နှင့် သူသည် အားအင်များပြည့်သွားလေသည်။
ရှီမာယူယူသည် ထိုအချိန်တွင် ထိုအဖြူရောင်ကမ္ဘာတွင်ပင် ရှိနေသေးသည်။ အရင်ဆုံး သူမသည် ဝတ်စုံတစ်စုံအသစ်လဲလိုက်သည်။ ထို့နောက်တွင် ထိုကမ္ဘာအား ဂရုတစိုက် စစ်ဆေးလေ သည်။
ထိုနေရာသည် သူမ ထင်ယောင်ထင်မှားနေရာမှ ထွက်လာသည်နှင့် ရောက်လာသော နေရာ ဖြစ်သည်။ ထိုနေရာသည် လောကအသေးတွင် မပွင့်သေးသော နောက်ထပ်နေရာတစ်ခုဖြစ်ရမည်။
ထိုနေရာမှ ထွက်ခွာနိုင်သည့်နည်းလမ်းကို အဇူရာသည် သူမကိုမပြောပြခဲ့ပေ။
သူမ ပျောက်သွားသည်မှာ အချိန်ဘယ်လောက်ကြာပြီလဲဆိုသည်ကို မသိတော့ပေ။ သူမ အချိန်ကြာအောင် ပျောက်သွားသည်ကို ရှီမန်ဖန်တို့သိပါက စိုးရိမ်နေကြတော့မည်။
“ငါ ဒီဟာနဲ့ အရင်ဆုံးပေါင်းစပ်ရမှာလား”
သူမ တွေးလိုက်သည်နှင့် လက်ထဲတွင် ချဲ့ရသောတံခါးသေးလေးပေါ်လာသည်။ တံခါးတွင် ထိုပုံပါ ပါလေသည်။
“ဒါက လောကအသေးအတွက် သော့ဖြစ်ရမယ်” သူမသည် တံခါးပေါ်မှ ကြာပန်းနက်ကိုကြည့် ကာ သက်ပြင်းချလိုက်သည် “မင်းသာ ကိုးခုမြောက်တောင်မြေအောက်ကမ္ဘာမှာ ကျင့်ကြံနေမယ်ဆိုရင် ဒီလိုမျိုးတွေဖြစ်လာမှာမဟုတ်ဘူးမလား၊ သူက နောင်တမရဘူးလို့ပြောသွားတယ်၊ မင်းလည်းအတူတူပဲ ဖြစ်မယ်ထင်တယ်”
တံခါးပေါ်မှကြာပန်းနက်သည် ပြန်မဖြေပေ။
သက်ပြင်းချကာ သူမ ပြောလိုက်သည် “တံခါးလေး အခုငါကမင်းသခင်ဖြစ်နေပြီ ဒီနေရာကနေ ထွက်သွားဖို့ခေါ်ပြီး အရင်နေရာကိုပြန်ပို့ပေး”
သူမအရှေ့မှ မြင်ကွင်းသည် ပြောင်းသွားပြီး မြေအောက်ခန်းသို့ ပြန်ရောက်သွားသည်။ သို့သော် ဖန်အခေါင်းမှလွဲပြီး လူတစ်ယောက်မှရှိမနေပေ။
သူမသည်အခေါင်းဘေးလျှောက်လာရာ ကောင်းကင်ခွဲနတ်ဆိုးဓားမရှိတော့သည်ကို တွေ့လိုက်ရသည်။ ထိုနေရာတွင် ဘာမှရှိမနေပေ။
ထိုအချိန်က ယူယူသည် သူမခန္ဓာကိုယ်ကိုသုံးကာ ကောင်းကင်ခွဲကို ချိပ်ပိတ်ခဲ့သောကြောင့် သူမ၏ခန္ဓာကိုယ်ထည်မှာ ရှိမနေခြင်းဖြစ်သည်။ ဖန်အခေါင်းတွင်ရှိနေသည်မှာ ကောင်းကင်ခွဲထားဖြစ် သလို သူမလည်းဖြစ်သည်။
သူမသည် ရှီမန်ဖန်ှနင့် တခြားသူများကိုမတွေ့သောအခါ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး ချက်ချင်းပင် သူတို့ရှိသည့်နေရာကို သိလိုက်သည်။
သူမသည် မြေအောက်ခန်းမှထွက်ရာ ရှီမန်ဖန်နှင့် တခြားသူများ အိမ်ထဲတွင်ရှိနေသည်ကို တွေ့ လိုက်ရသည်။ သူမ ထွက်လာသည်ကို မြင်သည်နှင့် သူချက်ချင်းပင် ပြေးလာသည်။
“ဘယ်တွေသွားနေတာလဲ စိုးရိမ်လွန်းလို့သေတော့မယ်”
“ငါအဆင်ပြေပါတယ်”
ကုန်ရှန်ယိနှင့် ဟန့်မြောင်ရွှမ်တို့သည် သူတို့ပြောသောစကားများကိုကြားသောအခါ ချက်ချင်း ပင် ပြေးလာကြသည်။
“ဂျူနီယာမောင်လေး အဆင်ပြေရဲ့လား” ဟန့်မြောင်ရွှမ် လျှောက်လာကာ သူမ အဆင်ပြေရဲ့ လားဟု နှစ်ခါပြန်ကြည့်လေသည်။ ထိုအချိန်မှသာ သူမ စိတ်အေးသွားလသည်။
“စီနီယာအစ်မ ကျွန်တော်အဆင်ပြေပါတယ်”
“အဆင်ပြေတယ်ဟုတ်လား အဝတ်တွေတောင်လဲလာတာကို ဘယ်လိုလုပ် အဆင်ပြေတယ် ဖြစ်ရမှာလဲ” ဟန့်မြောင်ရွှမ်ပြောလေသည် “ဘယ်တွေသွားနေတာလဲ၊ မြေအောက်ခန်းကနေ ဘယ်လို ဖြစ်ပြီး ရုတ်တရက်ပျောက်သွားတာလဲ”
“ဟုတ်တယ် မင်းရုတ်တရက်ပျောက်သွားတာကို မြင်လိုက်တော့လန့်သွားကြတာ အဲတုန်းက ငါတို့က လှုပ်မရတော့ စိုးရိမ်လို့သေတော့မှာပဲ”
“ဂျူနီယာညီလေး ဘယ်တွေသွားနေတာလဲ” စူးရှောင်ရှောင်မေးလေသည်။
“ထင်ယောင်ထင်မှားတစ်ခုထဲ ရောက်သွားတာဖြစ်လောက်တယ်….”
ရှီမာယူယူသည် ဖြစ်ပျက်သမျှကို ရှင်းပြသည်။ သူမသည် ယူယူ၏ အကြောင်းများကို အဝေးမှ မြင်ရပုံကိုသာရှင်းပြသည်။ နောက်ပိုင်းအဇူရာနှင့် တွေ့ခဲ့သည်ကို မပြောတော့ပေ။
သူမပြောစကားများကို ကုန်ရှန်ယိကြားသောအခါ ရင်ဘတ်ကိုလက်ဖြင့်ဖိပြီး အော်လေသည် “ဘုရားရေ ယူယူက တကယ်ပဲ ရှေးခေတ်အချစ်ဇာတ်လမ်းကို မျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့ရတာလား ဒဏ္ဍာရီဆန်လိုက်တာ”
“အဇူရာဧကရာဇ်ကိုမြင်ခဲ့လား”
“မြင်ခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည် “သူကလည်း ထင်ယောင်ထင်မှားထဲမှာရှိနေတော့ သူ့ကိုလည်းတွေ့တယ်”
“သူကဘယ်လိုလူမျိုးလဲ၊ ဧကရာဇ်လေ မင်းတကယ်ပဲ ဧကရာဇ်နဲ့တွေ့ခဲ့တာပဲ၊ သူလည်း ငါတို့ လိုပဲလား သူ့ရောင်ဝါကဘယ်လိုလဲ” ဟန့်မြောင်ရွှမ်သည် သူမလက်အားဆုပ်ကိုင်ကာ စိတ်လှုပ်ရှားရင်း မေးလေသည်။
“ကျွန်တော်တွေ့တုန်းက သူကဧကရာဇ်မဖြစ်သေးဘူး၊ အဲတော့သူ့မှာ ဧကရာဇ်ရောင်ဝါမရှိ သေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ တစ်ခုတော့သေချာတယ်၊ သူက အခုကျွန်တော်တို့လိုပုံ ပဲ။ မျက်လုံးနှစ်လုံး နှာခေါင်းတစ်ခု ပါးစပ်တစ်ခုနဲ့”
“ဘာလို့လဲ မင်းပဲမြင်ရပြီး ငါတို့ကဘာလို့မမြင်ရတာလဲ” ဟန့်မြောင်ရွှမ် သက်ပြင်းချလေသည် “ငါတို့လည်းမြင်ရရင် ကောင်းမှာပဲ၊ ဧကရာဇ်ရဲ့ အံ့ဖွယ်ချီကို တွေ့ကြုံဖူးသွားတာပေါ့၊ ငါတို့လည်း ဧကရာဇ်ဖြစ်လာနိုင်တာပဲ”
ရှီမာယူယူသည် ထိုရူးသွပ်သောလူကိုရှင်းမပြချင်တော့ပေ။ ထို့ကြောင့် သူမသည် ရှီမန်ဖန်နှင့် တခြားသူများဘက်လှည့်ကာ မေးလိုက်သည် “ငါပျောက်သွားတာဘယ်လောက်ကြာလဲ”
“၁၀ရက်ကျော်” ရှီမန်ဖန် ပြန်ဖြေလေသည်။
၁၀ရက်ကျော်…
သူတို့ သင်္ချိုင်းအတွင်းကုန်ဆုံးခဲ့သည့်ရက်များကိုပါတွက်ကြည့်လျှင် သူတို့သည် ထိုနေရာသို့ ရောက်နေသည်မှာ တစ်လရှိပြီဖြစ်သည်။
“ငါတို့ဒီနေရာကို ရောက်နေတာကြာပြီလို့မထင်ဘူးလား” သူမ သက်ပြင်းချလိုက်သည် “အခု ထွက်သွားမယ်ဆိုရင်တောင် စီနီယာအစ်ကိုကြီးကသွားလောက်ပြီ၊ ကောင်းကင်ခွဲကိုယူပြီး အပြင်ပိုင်း ဒေသကနေထွက်သွားလောက်ပြီ”
“သူသေချာပေါက် အပြင်ပိုင်းဒေသကထွက်သွားပြီ” ဟန့်မြောင်ရွှမ် ပြောလေသည် “သူအတွင်း ပိုင်းဒေသကိုသွားပြီး ကောင်းကင်ခွဲကို ပေးပြီးလောက်ပြီ”
“အခု ကောင်းကင်ခွဲပြန်ပေါ်လာပြီ ထပ်ပြီးသွေးကြောင်းစီးတော့မယ်” စူးရှောင်ရှောင်သည် ကျန်းကျူကျိလုပ်ခဲ့သည်အရာကို မကျေနပ်နိုင်သေးပေ။
“ယူသွားပြီးပြီဆိုမှတော့ စိတ်ညစ်နေလည်းအပိုပဲ ကျွန်တော်တို့ ပထမဦးစားပေးက ဂိုဏ်းကိုပြန် ပြီး ကောင်းကင်ခွဲအကြောင်းကိုပြောပြရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်တယ် ငါတို့သွားရမယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “ဒါပေမဲ့ ငါတို့ နယ်နိမိတ်ခွဲ အဆောင်ယူခဲ့ကြလား”
အားလုံးသည် ခေါင်းရမ်းလိုက်ကြသည်။
“နယ်နိမိတ်ခွဲအဆောင်မရှိပဲနဲ့ ဒီလောကအသေးကနေဘယ်လိုထွက်မှာလဲ”
“ကျွန်တော်လုပ်တယ်” ရှီမာယူယူသည် တံခါးအသေးကိုထုတ်လိုက်ရာ ကုန်ရှန်ယိနှင့် ဟန်မြောင်ရွှမ်တို့ စိတ်ဝင်စားသွားကြသည်။
***