မက်ဒါနာနှစ်ယောက်
Vol. 12 Ch. 19
ဖရာလီတာက အပူလောင်သွားလို့ နီရဲနေတဲ့ သူ့လက်ကို ပါးစပ်ကနေ လေမှုတ်နေရင်း ဆိုင်နောက်ထဲကို ဝင်လာတယ်။ ဝါ့ဇ်ကို စိတ်ဆိုးနေခဲ့လို့ စစချင်းအပူဒဏ်ကို မခံစားရဘူးဆိုပေမဲ့ အခုတော့ ငိုတော့မယ့်မျက်နှာနဲ့ ဖြစ်နေပြီ။
“ဝါ့ဇ်ဆိုတဲ့ ကောင်စုတ်ကတော့။ ငါ့ကို ဒေါသထွက်အောင် ထပ်လုပ်ပြန်ပြီ။ အရည်ကြည်ဖုတွေထပြီး ငါ့လက်မှာ အမာရွတ်တွေကျန်ခဲ့လို့ကတော့ နင့်ကို ခွင့်မလွှတ်ဘူးမှတ်။”
ဖရာလီတာက ဝါ့ဇ်ကို အပြစ်တင်လိုက်တယ်။ အဲဒီနောက် ဆိုင်နောက်က အမျိုးသမီးသန့်စင်ခန်းထဲဝင်ပြီး လက်ကို ရေအေးအေးထဲ စိမ်လိုက်တယ်။ ရေစိမ်ပြီး ငါးမိနစ်လောက် ကြာတယ်ဆိုရင်ပဲ အပြင်ကနေ ဆေလာမက်ဒါနာကို စိန်ခေါ်တဲ့ အသံကျယ်ကြီးကို သူကြားလိုက်ရတော့တာပဲ။
“နောက်ထပ် မကောင်းတဲ့ကောင်တစ်ယောက် မြို့ထဲမှာ ပေါ်လာပြန်ပြီလား။ ဆေလာမက်ဒါနာတော့ အလုပ်တွေ များနေတော့မှာပဲ။”
အသေးမလေးက စိတ်မကောင်းဖြစ်သွားတဲ့မျက်နှာနဲ့ မှော်နှင်တံကို ထုတ်လိုက်တယ်။ အဆင့်ရှစ် မှော်ပညာရှင် တစ်ယောက်အနေနဲ့ ဖရာလီတာက အားနည်းတယ်လို့ ပြောလို့မရပါဘူး။ အဲဒီအစား ရွယ်တူတွေထက်စာရင် အလွန့်အလွန် အားကောင်းတဲ့အထဲမှာပါနေပြီး စစ်ထဲ ဝင်သွားမယ်ဆိုရင်တောင် ဗိုလ်မှူးအဆင့်လောက်က ပြေးမလွတ်ပါဘူး။ ဝါ့ဇ်ရဲ့အဖေတောင်မှ အဆင့် ၉ မဟာမှော်ပညာရှင်ပဲ ဖြစ်နေသေးတာပါ။
“ငါတို့လို အစွမ်းထက်မှော်ပညာရှင်တွေက သာမန်ပြည်သူတွေကို ကာကွယ်ပေးဖို့ ပူးပေါင်းကူညီမှ ဆေလာမက်ဒါနာကို ကျေးဇူးတင်ရာရောက်မှာ။”
ဖရာလီတာက သန့်စင်ခန်းထဲကနေ ပြေးထွက်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသားသန့်စင်ခန်းထဲကနေပြီး အသည်းအသန် ပြေးထွက်လာတဲ့ ဝါ့ဇ်ကို မြင်လိုက်ရတယ်။ ဝါ့ဇ်လက်ထဲမှာ ငွေရောင်မိတ်ကပ်ဘူးလေး ကိုင်ထားတာ ဖရာလီတာမြင်လိုက်ရပြီး စိတ်ထဲထင့်သွားတယ်။
‘ဝါ့ဇ် Cosplayလုပ်ရင်သုံးတဲ့ မိတ်ကပ်ဘူးလေး မဟုတ်လား။ မဟုတ်မှလွဲရော...’
ဖရာလီတာက ဝါ့ဇ်အတွက် စိုးရိမ်သွားတယ်။ ဝါ့ဇ်က သူ့ကိုယ်သူ ဆေလာမက်ဒါနာအဖြစ် ရုပ်ဖျက်ပြီးတော့ တကယ့်အစစ်မလာခင် အချိန်ဆွဲပေးမလို့လားလို့တွေးပြီး နောက်ကနေ ပြေးလိုက်တယ်။
“ဝါ့ဇ်... နင်ပေါက်ကရတွေ လျှောက်မလုပ်နဲ့နော်။”
ဝါ့ဇ်ကတော့ ဖရာလီတာ သူ့နောက်ကနေ ပြေးလိုက်လာတဲ့ အတွက်ကြောင့် အံ့ကိုကြိတ်လိုက်ပြီး နံရံတစ်ခုကို လွှားခနဲ ခုန်ကျော်လိုက်တယ်။ ဖရာလီတာကလည်း မှော်နှင်တံနဲ့ နံရံကို ညွန်ပြလိုက်တယ်။
“အလင်းဖြတ်သန်းခြင်း...” နံရံက ရုတ်တရက်ဆိုသလိုပဲ ရွှေရောင်အလင်းတွေနဲ့ ဖုံးအုပ်ခြင်း ခံလိုက်ရပြီး ဖရာလီတာက နံရံကိုမရှိသလိုမျိုးသဘောထားကာ ဖြတ်သန်းသွားလိုက်နိုင်တယ်။ ဒါပေမဲ့ နံရံတစ်ဖက်ကို ရောက်တဲ့အခါမှာတော့ ဝါ့ဇ်ကို မတွေ့ရတော့ဘူး။
“သောက်ကောင်စုတ်။ ပြေးတာ မြန်လိုက်တာကို...”
ဖရာလီတာက ဝါ့ဇ်ကို ဂရုမစိုက်တော့ဘဲ လန်ဒန်တံတားဆီ ဦးတည်ပြေးတယ်။ အနားမှာရှိတဲ့ တိုက်တစ်ခုရဲ့ခေါင်မိုး ပေါ်ကနေပြီး ခြေသံကြားရတဲ့အတွက် ဖရာလီတာ ပြေးနေရင်း မော့ကြည့်တော့ ငွေရောင်ဆံပင်ကို နှစ်ဖက် ခွဲစည်းထားတဲ့ အမြွှာပိုနီတေးဆံပင်ပုံစံနဲ့ ကောင်မလေးကို မြင်လိုက်ရတယ်။
“ဆေလာမက်ဒါနာ ရောက်လာပြီလား။ မဟုတ်သေးဘူး။ ဆေလာမက်ဒါနာဆိုရင်တောင် ဒီနေရာကို စက္ကန့်ပိုင်းလေးနဲ့ ရောက်လာမှာမဟုတ်ဘူး။ ဝါ့ဇ်များလား။”
ဖရာလီတာက စိတ်ပူလာပြီးတော့ အရှိန်မြှင့် ပြေးနေရင်းက လှမ်းအော်ပြောလိုက်တယ်။
“ဝါ့ဇ်၊ နင့်အဆင့် ၅ မှော်ပညာလေးနဲ့ ဝင်ပါလို့ရတဲ့ဟာ မဟုတ်ဘူးနော်။ ငါ့တာဝန်ထားလိုက်။ ဆေလာမက်ဒါနာ အစစ်မရောက်မချင်း ငါထိန်းထားပေးလို့ရတယ်။”
တိုက်တွေပေါ်မှာ ခုန်ပျံကျော်လွှားပြီး ပြေးနေတဲ့ ဆေလာ မက်ဒါနာကတော့ အသေးမလေးကို စိတ်အနှောင့်အယှက် ဖြစ်နေတဲ့အကြည့်မျိုးနဲ့ ကြည့်လိုက်ပြီး မှော်နှင်တံကို ဝေ့ယမ်းလိုက်ပါတော့တယ်။
“အဆင့် ၉ မှော်ပညာ၊ အရှိန်မြှင့်တင်ခြင်း။”
ဘုန်း...
ရုတ်တရက် ဆေလာမက်ဒါနာရဲ့ခန္ဓာကိုယ်က လေထုကို ဖောက်ခွဲပစ်လိုက်ပြီး လေယာဥ်ပျံတစ်စင်းလိုမျိုး ရှေ့ကို တစ်ခါတည်းတိုးထွက်သွားတယ်။ ဖရာလီတာကတော့ ဖုန်လုံးကြီးထဲမှာ ကျန်ရစ်ခဲ့တာပေါ့။
“အဲဒီအထောက်အပံမှော်ပညာက... အားကောင်းလိုက်တာ။”
ဖရာလီတာက ပြေးနေတာကို ရပ်လိုက်ပြီး အဝေးကြီးကို ရောက်သွားပြီဖြစ်တဲ့ ဆေလာမက်ဒါနာကို ပြုံးကာ ကြည့်လိုက်တယ်။
“ဒီလောက်အားကောင်းတဲ့ အထောက်အပံ မှော်ပညာကို ပိုင်ဆိုင်ထားတဲ့ လူဆိုလို့ ဆေလာမက်ဒါနာပဲရှိတာ။ သေချာပေါက် ဝါ့ဇ်မဟုတ်ဘူးပဲ။ ငါဘာတွေ အတွေးလွန် နေတာပါလိမ့်။ ဝါ့ဇ်က ဆေလာမက်ဒါနာလို Cosplayပြီး ရန်သူကို ရင်ဆိုင်စရာလား။ သေချာပေါက် ပုန်းစရာနေရာ လိုက်ရှာတာပဲနေမှာ။”
နောက်တော့ ဖရာလီတာရဲ့မျက်နှာပေါ်မှာ ကောက်ကျစ်တော့မယ့် အပြုံးလေးပေါ်လာပြီး
“ ကျောင်းမှာတုန်းက ဆေလာမက်ဒါနာရဲ့လက်မှတ် ငါမရလိုက်ဘူး။ ဒီတစ်ခါတော့ ရအောင်တောင်းရမယ်။”
...
အဖြူရောင်စတော့ကင်ဝတ်ထားလို့ တင်းတင်းရင်းရင်း ဖြစ်နေတဲ့ ခြေသလုံးလေးနှစ်ဖက်နဲ့ ခြေထောက်ကလေးက လန်ဒန်တံခါးကြီးရဲ့ထိပ်ပိုင်း မျှော်စင်ပေါ်ကို ခြေချ လိုက်မိတယ်။ ဝတ်ဆင်ထားတဲ့ အပြာရောင်ခရစ်စတယ် ဖန်ဒေါက်ဖိနပ်လေးက နေရောင်အောက်မှာ တောက်ပနေပြီး သိပ်ကိုရင်သပ် ရှုမောစရာကောင်းတဲ့ မြင်ကွင်း ဖြစ်ပေါ် လာပါတော့တယ်။
“ကျွန်မက တရားမျှတမှုအတွက် ရပ်တည်နေတဲ့ ဆေလာ မက်ဒါနာပဲ။ လမင်းရဲ့နာမတော်နဲ့အတူ အများပြည်သူကို အနှောင့်အယှက်ပေးနေတဲ့ ရှင့်ကို အပြစ်ပေးရလိမ့်မယ်။”
ဆေလာမက်ဒါနာက ဂါဝန်ကားကားလေးကို ခါလိုက်ရင်း လက်ထဲက မှော်နှင်တံနဲ့ ရေမွန်ကို ချိန်လိုက်တယ်။ ရေမွန်က အရုပ်ဆိုးစွာ ပြုံးလိုက်ပြီး...
“နောက်ဆုံးတော့ ထွက်လာပြီပေါ့။ မင်းဘယ်လောက် စွမ်းအားကြီးလဲ စမ်းကြည့်ရအောင်။”
ဝုန်း...
ရေမွန်ခြေဆောင့်လိုက်တာနဲ့ ဆိုက်ဘော့ခန္ဓာကိုယ်က လေထုကို ဖောက်ခွဲပစ်လိုက်ပြီး ဆေလာမက်ဒါနာရှေ့မှာ ပေါ်လာတယ်။ သူ့လက်ထဲက ဓားကတော့ မက်ဒါနာရဲ့ခါးကို ပိုင်းဖြတ်ဖို့အတွက် အလျားလိုက် ဝင်လာနေပြီ။ ဆေလာမက်ဒါနာ ချက်ချင်းမျက်နှာပျက်ပြီး မှော်နှင်တံကို ရင်ဘတ်ရှေ့မှာ ကန့်လန့်ဖြတ်ထောင်လိုက်တယ်။
“အဆင့် ၈ လအလင်းမှော်ပညာ၊ ခရစ်စတကယ် အကာအကွယ်။”
ထန်း...
ဆေလာမက်ဒါနာရဲ့ရေမွန်ရှေ့မှာ ဗဟုဂံပုံ သလင်းကျောင် ဒိုင်းအလွှာတစ်ခုက ဖြစ်ပေါ်လာတယ်။ မြေဆွဲအားဓားက အားကောင်းပေမဲ့ ဒိုင်းရဲ့တားဆီးခြင်းကို ခံလိုက်ရပြီး ရှေ့မတိုးနိုင်တော့ဘူး။
“မဆိုးဘူး... ဒါပေမဲ့ ဒါက ငါ့အားအကုန် မဟုတ်သေးဘူး။”
ဟား...
ရေမွန်က ကြုံးဝါးလိုက်တယ်။ သူ့ဓားရဲ့အလေးချိန်က ရှစ်ဆ တိတိတိုးသွားပြီး ခရစ်စတယ်ဒိုင်းက စက္ကန့်ပိုင်းအတွင်းမှာပဲ အက်ကွဲသွားပြီး ဓားသွားက ဆေလာမက်ဒါနာကိုထိလုနီးနီး ချဥ်းကပ်လာတယ်။
ဒါပေမဲ့ ဆေလာမက်ဒါနာက ကိုယ်ကိုနောက်ကိုင်းပြီး ရှောင်လိုက်တာကြောင့် မထိတော့ဘူး။ ရေမွန်က ဓားကို လမ်းကြောင်းပြောင်းပြီး ဒေါင်လိုက်ခုတ်ချတယ်။ ဆေလာ မက်ဒါနာက ထပ်ရှောင်လိုက်တဲ့အပြင် အကွာအဝေးကို ခြားနားဖို့ ခုန်ထွက်လိုက်ပါတယ်။ ဒါကြောင့် ဓားချက်က တံတားမျှော်စင်ကိုသာ ခုတ်မိသွားပြီး အုတ်အပိုင်းအစ အကျိုးအပဲ့တွေက လမ်းပေါ်ကို ပြုတ်ကျကုန်ပါတယ်။ တံတားကြီးတစ်ခုလုံးလည်း တုန်လှုပ်သွားတယ်။
“ကျွန်မတို့ ဒီမှာဆက်တိုက်ရင် မဆိုင်တဲ့သူတွေကို ထိကုန်လိမ့်မယ်။ တခြားမှာ သွားတိုက်ကြတာပေါ့။”
ဆေလာမက်ဒါနာက တံခါးပေါ်မှာရှိနေတဲ့သူတွေ မထိခိုက် စေဖို့အတွက် မှော်ပညာနဲ့အကာအကွယ်တွေ ဖန်တီးပြီး နောက်မှာ ရေမွန်ကိုပြောလိုက်တယ်။ သူက ရေမွန် သဘောတူတာကိုတောင် မစောင့်တော့ဘဲ လက်နှစ်ဖက်ကို ဆန့်တန်းကာ တံတားအောက်ကို ခုန်ချသွားတယ်။
“မင်း ဘာကြံနေပြန်ပြီလဲ။” ရေမွန်ကလည်း နောက်ကနေ ဆက်လိုက်တယ်။ ဆေလာမက်ဒါနာရဲ့ကျောမှာတော့ ငွေရောင်အလင်းတွေနဲ့လင်းလတ် တောက်ပနေတဲ့ ဖယ်ရီနတ်သမီးလေးတစ်ပါးရဲ့တောင်ပံတစ်စုံ ပေါက်လာပြီး လေထဲမှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်နေပါတယ်။
တစ်ဖက်မှာတော့ ရေမွန်က သိမ်းမြစ်ရေမျက်နှာပြင်ကို ထိလုနီးပါးအထိ ကျဆင်းသွားပြီးမှ သူ့ဝတ်ရုံနက်ကြီးကို ဖယ်ရှားလိုက်တယ်။ အခုဆိုရင် စက်ရုပ်တစ်ပိုင်းလူတစ်ပိုင်း ခန္ဓာကိုယ်က ပေါ်ထွက်လာပြီဖြစ်ပြီး သူ့ကျောနောက်ကနေ ဂျက်အင်ဂျက်တစ်ခုပွင့်လာတယ်။
ထန်း... ထန်း... ထန်း...
အဲဒီနောက်တော့ သူက အသံမြန်နှုန်းထက် ကျော်လွန်တဲ့ အမြန်နှုန်းနဲ့ တိုက်ခိုက်ရင်း ဆေလာမက်ဒါနာကို ဆက်တိုက် ဖိအားပေးတယ်။ ဆေလာမက်ဒါနာက ခရစ်စတယ်ဒိုင်းနဲ့ ကာကွယ်နေပေမဲ့ ဒိုင်းတိုင်းက သူ့ကိုရှောင်နိုင်ရုံသာ ရှောင်နိုင်ဖို့အတွက် အချိန်ဆွဲပေးဖို့သာ တတ်နိုင်တယ်။
“ကိစ္စပြတ်ပြီ...”
တစ်ခါတော့ ရေမွန်က ဓားကို ပိုပြီးအားထည့်လိုက်တယ်။ လက်ကိုင်ကို ဆက်ကိုင်ထားမယ့်အစား ဓားကိုလွှဲပစ်တာ ဖြစ်ပြီးတော့ လွှဲပစ်လိုက်တဲ့ဓားက ဒိုင်းကိုဖောက်သွား နိုင်တယ်။ လူကိုယ်တိုင်ကတော့ ဓားကိုရှောင်ဖို့သာ ဂရုစိုက်နေခဲ့တဲ့ ဆေလာမက်ဒါနာနားကို ချဥ်းကပ်သွားပြီး တစ်ပတ်လည်တံတောင်တိုက်ကွက်နဲ့ မေးကိုတိုက်ဖို့ ပြင်တယ်။
‘အို.... အကွက်လေးက မဆိုးဘူးပဲ။' ဆေလာမက်ဒါနာရဲ့ မျက်နှာပေါ်မှာ အပြုံးကပေါ်လာတယ်။
ရေမွန်က တိုက်ပွဲအတွေ့အကြုံ သိပ်ကိုပြည့်ဝတဲ့ လူပါ။ သူအခုဖန်တီးလိုက်တဲ့တိုက်စစ်က ပြီးပြည့်စုံလုနီးပါးပဲ။ ဒါပေမဲ့...
ဆေလာမက်ဒါနာက လေထုထဲမှာတင် ခေါင်းကိုစောင်းငဲ့ပြီး တံတောင်ကိုရှောင်လိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဆေလာမက်ဒါနာရဲ့ညာခြေက ဆန့်ထွက်လာပြီး
“အဆင့် ၁၀ မှော်ပညာ၊ ပေါင်းစည်းခွန်အား။”
ဘုန်း...
မှော်ပညာနဲ့အားဖြည့်ထားလို့ အစိမ်းရောင်တောင်ပနေတဲ့ ဆေလာမက်ဒါနာရဲ့ညာဖြောင့်ကန်ချက်က ရေမွန်ရဲ့ခါးကို ထိမှန်သွားတယ်။
ဝေါ... ဖလော... ဖလော...
ရေမွန်ရဲ့ခန္ဓာကိုယ်က သိမ်းမြစ်မျက်နှာပြင်ပေါ်မှာ ရှပ်ပြေး နေပြီးတော့ မြစ်ကမ်းနံဘေးက မြေထိန်းအုတ်နံရံနဲ့ဝင်ပြီး တိုက်မိတော့မှပဲ ရပ်သွားတယ်။
ရေမွန်က ချက်ချင်းပြန်ထလိုက်ပြီး ပါးစပ်ထဲကနေ သွေးတချို့ အန်ထုတ်လိုက်ရတယ်။ အဲဒီနောက်တော့ သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။ သိမ်းမြစ်ထဲ ကျသွားတဲ့ မြေဆွဲအားဓားက သခင်ခေါ်နေတာကို သတိပြုမိတဲ့အလား ရေထဲကနေ ခုန်ထွက်လာတယ်။
ဝှစ်...
ဆေလာမက်ဒါနာက သူ့နားကနေ ဖြတ်သွားတဲ့ဓားနဲ့ မတိုက်မိအောင် ရှောင်လိုက်ရတယ်။ ရေမွန်ကတော့ ဓား လက်ထဲပြန်ရောက်လာတာနဲ့ မြေပြင်ကိုဓားနဲ့ထောက်ကာ ဓားကိုအားပြုရပ်လိုက်ရင်း လေပေါ်ကနေ သူ့ကိုကြည့်နေတဲ့ ဆေလာမက်ဒါနာကို ကြည့်လိုက်တယ်။
“မိန်းကလေးတစ်ယောက်က ကိုယ်ခံပညာကို ဒီလောက်အဆင့်ထိ နားလည်ထားမယ်မထင်ထားဘူး။ မှော်ပညာကိုသုံးပြီး ခန္ဓာကိုယ်ရဲ့အားနည်းချက်ကို ဖြည့်ဆည်းတယ်။ သိပ်ကောင်းတယ်။ ငါမင်းကို ညှာစရာ မလိုတော့ဘူးပေါ့။”
ရေမွန်က ဓားကိုလက်နှစ်ဖက်နဲ့ ပြောင်းကိုင်လိုက်တယ်။ နောက်တော့ ဓားပေါ်က လုံခြုံရေးခလုတ်မောင်းကို ဆွဲဖြုတ်လိုက်တယ်။ ဓားကနေ အလင်းဒြပ်စင်မှုန်တွေ အရူးအမူးပြန့်နှံလာပြီး လျှပ်စီးကြောင်းတစ်ခုလိုမျိုး ရေမွန့်ကိုယ်ထဲကို စီးဝင်တယ်။
ဓားရဲ့အလေးချိန်ကလည်း သိပ်ကိုလေးလံလာပြီး ရေမွန့်လက်ထဲကနေ မြေပေါ်ကို တအိအိပြုတ်ကျ သွားတယ်။
ဘုန်း...
ဓားနဲ့မြေကြီးနဲ့ထိတဲ့အချိန်မှာပဲ လန်ဒန်တစ်မြို့လုံး သိမ့်ခနဲ တုန်ခါသွားတယ်။ သိမ်းမြစ်တောင်မှ ရေလှိုင်းတွေ မြင့်တက်လာပြီး ပင်လယ်ပြင်ငယ်တစ်ခုအလား ထင်ရတဲ့ အထိပါပဲ။
“ငါ ရေမွန်၊ ဂလော်ရီးယားက တိုင်းနိုင်ငံတွေကို တစ်ကိုယ်တော် ဖျက်ဆီးခဲ့သူပဲ။ ငါ့ရဲ့စွမ်းအားအစစ်ကို ခံစားကြည့်လိုက်။”
ဘုန်း...
ရေမွန်က ဓားကိုတစ်ချက် ဝေ့ယမ်းလိုက်တာနဲ့ လေထုကြီး တစ်ခုလုံးတင်းကျပ်သွားပြီး မီတာငါးဆယ်လောက် အလျားရှိတဲ့ အလင်းဒြပ်စင်ဓားအားလှိုင်းကြီး ဖြစ်တည် လာပါတယ်။ စွမ်းအားလှိုင်းတွေက ပြင်းထန်လွန်းတဲ့ အတွက်ကြောင့် လေထုတစ်ခုလုံးဆူပွတ်နေပြီးတော့ မြို့ကြီးတစ်ခုလုံးကို တော်လဲသံကြီးတစ်ခုက ဖုံးလွှမ်းသွား တယ်။
“သေစမ်း...” ဆေလာမက်ဒါနာက သက်ရောက်အားလှိုင်းတွေကြောင့် ပြိုကျတော့မလို ဖြစ်နေတဲ့ လန်ဒန်တံတားကြီးကို ကြည့်ပြီးတော့ ထိတ်လန့်သွားတယ်။
“မလုပ်နဲ့...”
“အဆင့် ၁၀ မှော်ပညာ၊ အကာအရံစက်ဝန်း။”
ဆေလာမက်ဒါနာက သူ့ကိုယ်သူရော လန်ဒန်တံတားကိုပါ မှော်စွမ်းအင်အရံအတားတစ်ခုနဲ့ ကာကွယ်ထားလိုက်တယ်။
ဂျိန်း... ဂလိန်း...
စွမ်းအားလှိုင်းကို အကာအကွယ်တွေက ခုခံလိုက်နိုင်တယ် ဆိုပေမဲ့ အကြွင်းအကျန်အားလှိုင်းတွေက မြစ်ရဲ့တစ်ဖက်မှာ ရှိနေတဲ့ အဆောက်အဦတွေဆီ သွားနေဆဲပါ။ ပြီးတော့ အဲဒီအဆောက်အအုံတွေမှာ လူတွေအများကြီးရှိနေတယ်။
“မဖြစ်ဘူး... အားလုံးကို ကယ်မှဖြစ်မယ်။”
ဆေလာမက်ဒါနာက နောက်ကိုလှည့်ပြီး နောက်ထပ် အကာအရံတစ်ခု ဖန်တီးဖို့လုပ်ပေမဲ့ ရေမွန်က ဓားကို လျင်မြန်စွာပဲ ဝေ့ယမ်းပြီး နောက်ထပ် ပိုအားနည်းပေမဲ့ သွက်လတ်မြန်ဆန်ပြီး အန္တရာယ်များတဲ့ ဓားလှိုင်းတွေနဲ့ ဆေလာမက်ဒါနာကို တားဆီးလိုက်တယ်။
“ဘယ်သွားမလို့လဲ၊ မင်းရဲ့ပြိုင်ဘက်က ငါပဲ။”
ဆေလာမက်ဒါနာက သူ့ကိုယ်သူကာကွယ်ဖို့ ဒိုင်းတွေကို အမြန်ဖန်တီးလိုက်ရတဲ့အတွက် မြို့ကိုကာကွယ်ဖို့ မတတ်နိုင် တော့ပါဘူး။
“အဆင့် ၇ မှော်ပညာ၊ အလင်းလှိုင်း။”
ဒါပေမဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရပြီး ပုံစံတူအလင်းစွမ်းအင်လှိုင်း တစ်ခုက လက်ကျန်ဓားအားလှိုင်းတွေကို တားဆီးပစ်တယ်။ ဆေလာမက်ဒါနာက မြစ်တစ်ဖက်ကမ်းကို ငုံကြည့်တော့ ချစ်စရာဂါဝန်နီလေးနဲ့ အသေးမလေးကို သူ့ကိုလှမ်းအော် ပြောနေတာ ကြားလိုက်ရပါတယ်။
“ဆေလာမက်ဒါနာ၊ နောက်ဆံတင်းမနေဘဲ ရန်သူကို အနိုင်ယူလိုက်တော့။ မြို့ကို ကျွန်မကာကွယ်ထားလိုက်မယ်။”
ဆေလာမက်ဒါနာက ပြုံးလိုက်တယ်။ အဲဒီနောက်တော့ ရေမွန်ကို ကြည့်လိုက်ပြီး...
“ဓားတစ်ချက်နဲ့ မြို့တစ်မြို့ကို ဖျက်ဆီးပစ်နိုင်တာလား။ ဒီလို စွမ်းအားမျိုးကို ပိုင်ဆိုင်ဖို့အတွက် ရှင့်ကိုယ်ရှင် ယန္တရားရုပ်တစ်ပိုင်းဖြစ်အောင် လုပ်ခဲ့တာလား။ တကယ့်ကို အထင်ကြီးစရာပဲ။”
ဆေလာမက်ဒါနာက မှော်နှင်တံကို ဝေ့ယမ်းလိုက်တယ်။ သိမ်းမြစ်ထဲက ရေတွေက အသက်ဝင်လာသလိုမျိုး လှုပ်ရှားလာပြီး ဧရာမရေမြွေနဂါးကြီးအဖြစ်ကို ဖွဲ့စည်း သွားတယ်။
“အဆင့် ၁၀ ရေမှော်ပညာ၊ ရေမြွေနဂါး။”
ဒါပေမဲ့ ဆေလာမက်ဒါနာက ဒီလောက်နဲ့မတော်သေးဘဲ နောက်ထပ် မှော်ဂါထာတွေကို ဆက်လက်ရွတ်ဆိုနေဆဲပါ။
“အဆင့် ၁၀ မီးမှော်ပညာ၊ ဘာမီလီယန်ငှက်။” မီးလျှံတွေက ကောင်းကင်မှာ စုဝေးသွားပြီး ဧရာမမီးသိမ်းငှက်ကြီး တစ်ကောင်အဖြစ်ကို ဖွဲ့စည်းတယ်။”
“အဆင့် ၁၀ လေမှော်ပညာ၊ ဟာရီကိန်း။”
လေမုန်တိုင်းငယ်တစ်ခုက ဆေလာမက်ဒါနာကို ဗဟိုပြုပြီး စတင်တိုက်ခတ်တယ်။
“အဆင့် ၁၀ မြေမှော်ပညာ၊ အချုပ်နှောင်ချလက်။”
ဘုန်း...
ရုတ်တရက်ဆိုသလိုပဲ ဧရာမကျောက်သား လက်ကြီးတစ်ဖက်က သိမ်းမြစ်သဲသောင်ပြင် ကနေထွက်ပေါ်လာပြီး ရေမွန်ကိုရိုက်ချလိုက်တယ်။ ရေမွန်က သူ့ဓားကို ခေါင်းပေါ်မြှောက်ပြီး ကာကွယ်လိုက်ပေမဲ့ အချိန်တစ်ခဏလေးအတွင်းမှာ ထွက်ပြေးဖို့ မဖြစ်နိုင်တော့ပါဘူး။
“သွားစမ်း...”ဆေလာမက်ဒါနာက အမိန့်ပေးလိုက်တာနဲ့ ရေနဂါးက ရေမွန်ကို ဝင်တိုက်လိုက်တယ်။ ရေမွန့်ကိုယ်က လေထုထဲ မြောက်တက်သွားပြီး ဓားတခြားကိုယ်တခြား ဖြစ်သွားပါတယ်။
“တခြားလူတွေဆိုရင်တော့ ခွင့်လွှတ်ပေးလို့ရပေမဲ့ ရှင်က မြို့သားတွေကိုတောင် ထည့်မတွက်ဘဲ တိုက်ခိုက်ခဲ့တာမလို့ ခွင့်လွှတ်လို့မရဘူး။ အပြစ်ပေးခံလိုက်တော့...”
လေထုထဲမှာ ကူရာမဲ့လွင့်မျောနေတဲ့ ရေမွန်ကို ဆေလာ မက်ဒါနာက ပြောလိုက်တယ်။ ဘာမီလီယန်မီးငှက်က လေမုန်တိုင်းထဲကို ဝင်သွားပြီး လေမုန်တိုင်းက မီးမုန်တိုင်းအဖြစ် ချက်ချင်းပြောင်းသွားတယ်။ တကယ်လို့ ရေမွန်သာ အဲဒီထဲကိုရောက်သွားရင် ချက်ချင်းအရည်ကျို ခံရတော့မှာ။
“အာ.....” ရုတ်တရက် ချိုသာသံတေးညည်းသံက တိုက်ပွဲ မြေပြင်မှာ ထွက်ပေါ်လာပြီး မီးမုန်တိုင်းဟာ အသံလှိုင်း တွေကြောင့် ချက်ချင်းပယ်ဖျက်ခြင်းကို ခံလိုက်ရတယ်။
“အသံမှော်ပညာလား...” ဆေလာမက်ဒါနာ အံ့ဩသွားတယ်။ အသံလာရာကို ကြည့်လိုက်တော့ လန်ဒန်တံတားပေါ်မှာ ချစ်စရာဂါဝန်ကိုဝတ်ထားပြီး သီချင်းဆိုနေတဲ့ ဆံပင်ဖြူ အရှည်နဲ့ မိန်းမလှလေးတစ်ယောက်ကို မြင်လိုက်ရတယ်။ အဲဒီတစ်ယောက်က သူနဲ့တူလွန်းလို့ လုံးဝခွဲလို့တောင် မရတဲ့အထိပဲ။
“မဖြစ်နိုင်တာ...”
လေထဲကနေ ပြန်ပြုတ်ကျလာပြီဖြစ်တဲ့ ရေမွန်ကိုတော့ ညိုချောကောင်မလေးတစ်ယောက်က လေထုထဲကို ပျံတက်ကာ ဖမ်းဆွဲလိုက်တယ်။ နောက်တော့ အဲဲဒီသီချင်းဆိုနေတဲ့ မိန်းကလေးနောက်မှာ ဝင်နေရာ ယူလိုက်ပါတယ်။
ဆေလာမက်ဒါနာက ချက်ချင်းပဲ မျက်မှောင်ကြုတ်လိုက် ပါတော့တယ်။ တံတားပေါ်မှာရှိနေတဲ့ မက်ဒါနာ နောက်တစ်ယောက်ကတော့ ခါးမှာပတ်ထားတဲ့ မန်မိုရီ စတစ်ကိုဖြုတ်လိုက်ပြီး ပုံမှန်အဝတ်အစားတွေနဲ့ မက်ဒါနာ အဖြစ်ကို ပြန်ပြောင်းလိုက်တယ်။
“တရားမျှမျှတတနဲ့ တစ်ယောက်နဲ့တစ်ယောက် တိုက်ကြတာပေါ့။” ခါးပတ်နဲ့မက်ဒါနာက လေထဲမှာ ရှိနေသေးတဲ့ မက်ဒါနာကို လှမ်းပြောလိုက်တယ်။
သိမ်းမြစ်တစ်ဖက်ကမ်းမှာ ရှိနေတဲ့ ဖရာလီတာကတော့ မက်ဒါနာ နှစ်ယောက်ဖြစ်နေတာကိုကြည့်ရင်း မျက်စိ လည်နေပါပြီ။
“အယ်... ဆေလာမက်ဒါနာက နှစ်ယောက်တောင် ဖြစ်နေတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်က ရန်လိုနေကြသလိုပဲ။ မဟုတ်မှလွဲရော အာသာဘုရင်ကြီး ဒဏ္ဍာရီထဲက မိုဒရစ်လိုမျိုး ဇာတ်ကောင်များလား။”
တစ်ဖက်မှာတော့ ဆေလာမက်ဒါနာအစစ်က လေပူတွေ မှုတ်ထုတ်လိုက်ပြီး မှော်နှင်တံကို ခေါင်းပေါ်မြှောက်တယ်။ “အဆင့် ၁၀၊ နေရာပြောင်းရွေ့ခြင်းမှော်။”
ဖျောက်...
အဲဒီနောက်တော့ ဆေလာမက်ဒါနာက နောက်ထပ်ပေါ်လာတဲ့ မက်ဒါနာနဲ့ ယှဥ်မတိုက်ဘဲ လူမြင်ကွင်းကနေ ပျောက်ကွယ် သွားရော။
...
ဆေလာမက်ဒါနာက လမ်းကြားလေးတစ်ခုထဲမှာ ပြန်ပြီး ပေါ်လာတယ်။ သူ့နဖူးပေါ်မှာ ဇောချွေးတချို့စီးကျနေတာ မြင်နိုင်တယ်။ ရန်သူက တော်တော်ကို အားကောင်းတာပါ။ ကျောင်းကို ဝင်တိုက်ခဲ့တဲ့ အဆင့်ဆယ့်နှစ် မှော်ပညာရှင်က အဲဒီလူထက်စာရင် အများကြီးအားနည်းသေးတယ်။
“ရှိသမျှမှော်စွမ်းအားတွေသုံးပြီး တစ်ချက်တည်းပွဲသိမ်းဖို့ ပြင်ဆင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးပဲ။”
ဆေလာမက်ဒါနာက ဖြစ်ခဲ့တာတွေကို ပြန်တွေးတယ်။ ရန်သူ့ဘက်က အလားတူအားကောင်းမယ် ထင်ရတဲ့ နောက်ထပ် လူနှစ်ယောက်ထပ်ရောက်လာလို့ ပြန်ဆုတ်ဖို့ ရွေးချယ်ခဲ့တာ။
“ဘာပဲဖြစ်ဖြစ် ဆေလာမက်ဒါနာရဲ့စွမ်းအားတောင်မှ အကန့်အသတ်မရှိတာ မဟုတ်ဘူးလေ။ ငါးမိနစ်ပြည့်တာနဲ့ သာမန်လူပြန်ဖြစ်သွားပြီး ငါအသတ်ခံရမှာ။”
ဆေလာမက်ဒါနာက ညည်းညူရင်းနဲ့ ငွေရောင်စာအုပ်လေး တစ်အုပ်ကို ထုတ်လိုက်ပါတယ်။
“ဒါပေမဲ့ အဲဒီမိန်းမက... သေချာပေါက် တခြားအပြိုင်ကမ္ဘာက ငါပဲမဟုတ်လား။ ပြီးတော့ သူ့ခါးမှာ ထူးဆန်းတဲ့ ခါးပတ်လည်းရှိနေပြီး ငါ့ကိုစိန်ခေါ်နေသေးတယ်။ ဘာမှန်းမသိပေမဲ့ ငါ့လက်ထဲက တားမြစ်မှော်စာအုပ်လိုပဲ အပြိုင်စကြဝဠာစွမ်းအား ရှိနေတဲ့ အရာမျိုးဖြစ်နိုင်မလား။”
ဆေလာမက်ဒါနာက စိုးရိမ်လာတယ်။ အရင်နှစ်က ဒီတားမြစ် မှော်စာအုပ်ကို သူမိစ္ဆာနတ်ဘုရားဂိုဏ်းနဲ့ ပြိုင်လုခဲ့ပြီး ရလာခဲ့တာပါ။ အပြိုင်ကမ္ဘာတစ်ခုကိုလည်း သူခရီးသွားခဲ့သေးတယ်။ ဒါကြောင့်မလို့ သူမဟုတ်တဲ့ မက်ဒါနာတွေရဲ့တည်ရှိမှုကို သိနေတာပါ။
“ပြီးတော့ သူ့လက်ထဲက မန်မိုရီစတစ်တွေက မတူညီတဲ့ လူတွေရဲ့စွမ်းအားကို အသုံးပြုနိုင်အောင် ကူညီပေးနေတဲ့ ပုံပဲ။ မဟုတ်မှလွဲရော တခြားအပြိုင်ကမ္ဘာကလူတွေရဲ့ စွမ်းအားကို လိုက်ယူနေတာလား။”
သက်သေမရှိသေးပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ သီအိုရီတစ်ခုကို တွေးမိပြီးတဲ့နောက် ဆေလာမက်ဒါနာက ကျောရိုးထဲ စိမ့်တက်သွားအောင် ကြောက်သွားတယ်။ သူက စာအုပ်ကို ဖွင့်လိုက်ပြီး ဂါထာတချို့ကို စတင်ရွတ်ဆိုတယ်။ သူ့ရှေ့မှာ ငွေရောင်ပေါ်တယ်တစ်ခု ပွင့်လာတယ်။
“အရင်သွားဖူးတဲ့ကမ္ဘာက မက်ဒါနာက ဉာဏ်ကောင်းတယ်။ သူတစ်ခုခုသိထားမလား ကြည့်ရအောင်။”
ဆေလာမက်ဒါနာက ပေါ်တယ်ထဲကို ခြေတစ်လှမ်းလှမ်းလိုက်တဲ့ အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ခါးကို ဖက်ထားတာ ခံစားမိလိုက်တယ်။
“ဘယ်သူလဲ၊ မှန်းကြည့်လေ။ ဆေလာမက်ဒါနာ၊ ရှင်ကျွန်မကို ဒီတစ်ခါ လက်မှတ်ထိုးမပေးဘဲ သွားလို့မရဘူးနော်။”
‘ဖ... ဖရာလီတာလား။ သူငါ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ။”
“ရှင်နေရာပြောင်းရွေ့မှော် သုံးပြီးတော့ ဒီလမ်းကြားထဲမှာ အလင်းရောင်လေးလတ်သွားတာ တွေ့လိုက်တယ်လေ။ ဒါကြောင့် အပြေးရောက်လာတာ။”
ဖရာလီတာက ဝမ်းသာအားရနဲ့ ဆေလာမက်ဒါနာရဲ့ခါးကို အတင်းဖက်ထားတာကြောင့် နှစ်ယောက်လုံးအားလွန်ပြီး ပေါ်တယ်ထဲကို ဝင်မိပြီးသားဖြစ်သွားတယ်။
“မာလင့်မုတ်ဆိတ်၊ ငါ့ရဲ့အပြိုင်ကမ္ဘာကိုသွားပြီး စုံစမ်းမယ့် အစီအစဥ်မှာ ဖရာလီတာမပါဘူးလေ။ အကုန်လုံး ရှုပ်ကုန် တော့မှာပဲ။”