ကျင်ငယ်ထွက်ကျလုမတတ် ကြောက်လန့်သွားခြင်း
Vol. 109 Ch. 1635
ကျီချင်းရန်၏ တည်ငြိမ်နေသည့် သွင်ပြင်က လီဟွာရှင်းကို အံ့အားသင့်သွားစေခဲ့လေသည်။
သူမကို ဤမျှ အသက်ငယ်ငယ်လေးနှင့် ဤကဲ့သို့ တည်ငြိမ်နေဖို့ရာ မျှော်လင့်မထားခဲ့ချေ။
သူ သာမန်အေးဆေးလေသံဖြင့် ပြောလိုက်လေသည်။
“ မဟုတ်တာ … မဟုတ်တာ … ဥက္ကဌကျီ… မင်း အထင်လွဲနေပါပြီ… မနေ့က ဖြစ်သွားခဲ့တာက ဒီတိုင်း တိုက်ဆိုင်သွားတာ နေမှာပါ … စိတ်ထဲ ထားမနေပါနဲ့ ….”
“ အမှန်ပဲ … ကျွန်မတို့ရဲ့ အလုပ်ခွင်မှာ ဒီလိုကိစ္စမျိုးတွေ ဖြစ်တယ်ဆိုတာ သာမန်ပါပဲ …” ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ဒါပေမယ့် အဲ့လို ကိစ္စတွေက တော်တော်တော့ ပြဿနာ များတယ်… ပြီးတော့ နောင်လည်း ဒီလို လူတွေ ထပ်ရှိလာဦးမယ်လို့ ကျုပ် မြင်မိတယ်… ကျုပ်အထင် ဥက္ကဌကျီက ကျုပ်ထက်ပိုပြီး နားလည်လိမ့်မယ် ထင်တယ်…”
တစ်ဖက်လူ၏ စကားကြောင့် ကျီချင်းရန် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
သူ ထင်နေတာ သူမကို ဒီလို စကားမျိုးတွေ ပြောပြီး ခြိမ်းခြောက်လို့ ရမယ် ထင်နေလား မသိဘူး …
“ အမှန်ပဲ … ပြဿနာတွေက အတောသတ်နိုင်မှာ မဟုတ်ဘူး … ဒါပေမယ့် ကျွန်မရဲ့ ကုမ္ပဏီက လည်ပတ်နေတာ နှစ်ပေါင်း မနည်းတော့ဘူး … ပြီးတော့ ပြဿနာတွေ အများကြီးကိုလည်း ရင်ဆိုင်ခဲ့ရဖူးတယ်… ဒါပေမယ့် အဆုံးမှာ အောင်အောင်မြင်မြင်နဲ့ ဖြေရှင်းလိုက်နိုင်တာချည်းပဲ … တကယ်လို့ ဥက္ကဌလီက ဒီကိစ္စလေးက ကျွန်မတို့ရဲ့ ကုမ္ပဏီအပေါ် အကျိုးသက်ရောက်မှု ရှိမယ် ထင်နေရင် ရှင် ဒါ ကျွန်မတို့ကို သိပ် အထင်သေးလွန်းရာ မကျဘူးလား …”
လီဟွာရှင်း ငှဲ့ထားသည့် ရေကို တစ်ကျိုက်သော်ကလိုက်ကာ သူ ခံစားနေရသည့် မသက်သာမှုအား ဖုံးကွယ်လိုက်၏။
ကျီချင်းရန်၏ ခိုင်မာ မတုန်လှုပ်သည့် သဘောထားက သူ စိတ်ကူးထားသည်နှင့် လွဲချော်နေသည်။
ရေခွက်ကို အောက်သို့ ပြန်ချထားရင်း လီဟွာရှင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“ တကယ်တမ်းကျ ကျုပ်တို့ ဒီပရောဂျက် အတွက် ယှဉ်ပြိုင်နေတုန်းမှာ ဥက္ကဌကျီလည်း ဒီပရောဂျက်က ကျုပ်တို့အတွက် ဘယ်လောက်ထိတောင် အရေးပါလဲဆိုတာ မြင်ခဲ့ပြီးရောပေါ့ … ကျုပ်တို့ ဟွမ်ဟိုင် အုပ်စုရဲ့ အရွယ်အစားကိုလည်း ဥက္ကဌကျီ သိပါတယ်… တကယ်လို့ ကုမ္ပဏီ နှစ်ခုကသာ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျုပ် ယုံကြည်တယ် … နောင်ကျ ချောင်ရန်အုပ်စုလည်း နောက်ထပ် အဆင့်တစ်ခုဆီ မြင့်တက်လာမယ်ဆိုတာ …. ဒီကနေ ယူဆောင်လာမယ့် အကျိုးကျေးဇူးတွေဆိုတာ ပရောဂျက်က ပေးစွမ်းနိုင်တာနဲ့ နှိုင်းယှဉ်လို့ကို မရတာနော်…”
“ ဒါက ကျွန်မတို့ ကုမ္ပဏီရဲ့ မဟာဗျူဟာကျတဲ့ အစီအစဉ်တွေပါ … ဥက္ကဌလီ နားလည်လောက်မှာ မဟုတ်ဘူး … ဒီလို ရမ်းသမ်းပြီး သုံးသပ်လိုက်တာကတော့ လွန်တာပေါ့ …”
ဘေးတွင် မတ်တပ်ရပ်နေသည့် အတွင်းရေးမှူးမှာ တိတ်တဆိတ် ရှော့ခ်ရနေမိသည်။
ဥက္ကဌကျီ၏ ဘေးတွင် ရှိလာသည်မှာ နှစ်ပေါင်း မနည်းတော့ပြီ ဖြစ်သော်လည်း တစ်ဖက်သူနှင့် စီးပွားရေး ဆွေးနွေးရာ၌ ဤသို့သော သဘောထား လေသံမျိုးကို ပထမဆုံးအကြိမ် ကြားရခြင်းပင်။
လီဟွာရှင်း၏ နှုတ်ခမ်းထောင့်စွန်းတို့ တစ်ဖက်သို့ တွန့်သွားကာ အေးစက်စက် ၊ ခပ်ထေ့ထေ့ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
“ ကောင်းပြီလေ… တကယ်လို့ ဥက္ကဌကျီက မနေ့ညကလို ဆုံးရှုံးမှုတွေကို ခံနိုင်သေးတယ်ဆိုရင်တော့ ကျုပ် လီဟွာရှင်း … ဒီနေ့ ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ …”
ဟင်….
ကျီချင်းရန် တစ်ယောက်တည်း ရေရွတ်လိုက်မိ၏။ လီဟွာရှင်း ဆိုလိုချင်နေသည်အား သူမ နားမလည်နိုင်ချေ။
“ ဥက္ကဌကျီ… ကျုပ်တို့ စကားပြောတာကို ဒီနေ့ ဒီမှာတင် ရပ်လိုက်ကြတာပေါ့ … ဒါပေမယ့် ကျုပ် တစ်ခွန်း ထပ်ပြောလိုက်ဦးမယ်…” လီဟွာရှင်း ပြောလိုက်ပြီး “ ကျုပ်တို့ ဟွမ်ဟိုင်အုပ်စုက ဒီပရောဂျက်ကို သိပ်တန်ဖိုးထားတယ်… လက်လျော့ဖို့ အစီအစဉ် လုံးဝ မရှိဘူး … နောင် တစ်နေ့ကျ ဥက္ကဌကျီ စိတ်ပြောင်းသွားပြီး ကျုပ်တို့နဲ့ ပရောဂျက် ကိစ္စ နောက်တစ်ကြိမ် ဆွေးနွေးချင်ရင် အချိန်မရွေး ကြိုဆိုနေမှာပါ …”
“ ဖြည်းဖြည်းသွားပါ …. လိုက်မပို့တော့ဘူး …”
ကျီချင်းရန် မတ်တပ်ရပ်၍ သူမ၏ ရုံးခန်းထဲတွင် ဆက်လက် အလုပ်လုပ်ရန် ဟန်ပြင်နေဆဲမှာပဲ ရုံးခန်း တံခါး တွန်းပွင့်လာလေသည်။ ထင်မှတ်မထားစွာဖြင့် လင်းရီ အထဲသို့ လျှောက်လှမ်းဝင်ရောက်လာသည်။
“ နင် ဘယ်လို ရောက်လာခဲ့တာလဲ…”
လင်းရီကို မြင်သည်တွင် ကျီချင်းရန်သည် ရုတ်ချည်းဆိုသလို စိတ်ထဲ သက်သာရာ ရသွားခဲ့၏။
“ ကိုယ် သူနဲ့ စကားပြောချင်လို့ လာခဲ့တာ …” လင်းရီ လီဟွာရှင်းကို ကြည့်၍ ပြောလိုက်ပြီး “ မင်းရဲ့ အတွင်းရေးမှူးကို ထွက်ခိုင်းလိုက်ဦး …”
အတွင်းရေးမှူးမှာ အလိုက်တသိဖြင့် ကျီချင်းရန် ပြောရန်ပင် မလိုဘဲ အရိုအသေပေးကာ ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
“ ငါနဲ့ စကားပြောမလို့ ဟုတ်လား …”
လီဟွာရှင်း၏ အကြည့်က ကျီချင်းရန်ထံသို့ ကျရောက်သွားခဲ့ပြီး “ မစ်ကျီ… ဒီရဲ့ လူကြီးမင်းက ဘယ်သူများလဲ ..”
“ ကျွန်မရဲ့ ကောင်လေး … လင်းရီ …”
“ အိုး … ဟယ်လို မစ္စတာလင်း …”
လီဟွာရှင်း မတ်တပ်ရပ်၍ လက်ကို ဆန့်တန်းလိုက်သည်။ သို့သော် လင်းရီမှာ တုံ့ပြန်မလာချေ။
လီဟွာရှင်း စိတ်မကွက်သွားခဲ့ချေ။ သူ၏ လက်အား ပြန်ရုတ်ရင်း လင်းရီအား အပြုံးတု တစ်ခုဖြင့် ကြည့်၍ “ မစ္စတာလင်းက ငါ့ကို ဘာအကြောင်း ပြောချင်လို့များလဲ မသိဘူး …”
“ ထွေထူးမဟုတ်ပါဘူး … အဓိကက မာစန်းအကြောင်းပါ … ခင်များ သူနဲ့ ရင်းနှီးရောပေါ့ …”
လင်းရီ၏ နှုတ်က မာစန်းအကြောင်း ထွက်လာသည်တွင် လီဟွာရှင်း၏ အမူအရာမှာ မဆိုစလောက်လေး ပြောင်းလဲသွားခဲ့၏။
“ သူက ငါ့လက်ထောက်ပဲ … ဒါပေမယ့် ဒီတစ်ခေါက်တော့ အတူ ပါမလာခဲ့ဘူး … မစ္စတာလင်းက သူ့အကြောင်း ဘာများပြောစရာ ရှိလို့ … တစ်ခုခု ဖြစ်ထားလို့လား …”
လင်းရီ ပြုံးလိုက်ပြီး “ ကျုပ် ခင်များရဲ့ နည်းလမ်းတွေကို အနည်းနဲ့ အများ နားလည်ထားပြီးသား … ခင်များက ဖွံ့ဖြိုးတိုးတက်ရေးဇုန်မှာ မြေနေရာ မရလိုက်ဘူး … ဒါကြောင့်မို့ ကျုပ်တို့ အခက်တွေ့အောင် ပရောဂျက်ဆိုဒ်မှာ ပြဿနာတွေ ဖန်တီးတယ်… ဒါက ခင်များရအောင် ချဉ်းကပ်တဲ့ နည်းလမ်းပဲ ဟုတ်တယ်မလား …”
“ မစ္စတာလင်း … မင်း စကားကို အဲ့လို ရှေ့နောက် မကြည့်ဘဲ မပြောပါနဲ့ … ငါတို့အားလုံးက တရားဝင် စီးပွားရေး သမားတွေပဲကို ဘာလို့ အဲ့လိုတွေ လုပ်ရမှာ …”
“ ဒီလို အချိန်ရောက်ပြီးမှတောင် မသိချင်ယောင် ဆောင်နေလို့ အလကားပဲနော်… ပြီးတော့ ကျုပ် အခုတင် မာစန်းနဲ့ တွေ့ပြီး သူနဲ့ စကား ခဏပြောလာခဲ့တာ … ဒီတော့ ကျုပ်ကို လိမ်နေလို့ အလကားပဲ …”
“ မင်းတို့က တွေ့ခဲ့တာလား …”
လီဟွာရှင်း၏ မျက်လုံး ကျဉ်းမြောင်းသွားခဲ့ရသည်။ ဤအချင်းအရာကို သူ မျှော်လင့်မထားခဲ့ချေ။ သူ၏ အမူအရာမှာ လေးလေးနက်နက် ဖြစ်လာလေသည်။
“ မစ္စတာလင်း … မင်းငါ့ကို ဒါတွေ ဘာလို့ လာပြောပြနေရတာ …”
“ တကယ်တော့ … ဘာမှထွေထူး မဟုတ်ပါဘူး … ကျုပ် ခင်များကို တစ်ခု ပြချင်လို့ … ဒါက နှုတ်တစ်ရာ ပြောနေတာထက် ပိုပြီး ထိရောက်တယ်…”
“ ပြမယ်.. ဘာပြမှာ …”
လင်းရီ အနက်ရောင် အိတ်ကို ကော်ဖီစားပွဲပေါ် ပစ်တင်ပေးလိုက်သည်။
ပုံစံ ကြည့်ရသလောက်တော့ ဆလင်ဒါပုံရှိပြီး အထဲတွင် ရှိသည့်အရာကိုတော့ မသိရသေးချေ။
ကျီချင်းရန်လည်း အနည်းငယ် စပ်စုချင်သွားခဲ့၏။
လင်းရီ ဒီအထိ ရောက်လာခဲ့တာ လီဟွာရှင်းကို တစ်ခုခု ပေးချင်လို့ပဲလား …
လီဟွာရှင်း လင်းရီအား သတိထားသည့် အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် အနက်ရောင် အိတ်ကို ဂရုတစိုက်ဖြင့် ဖွင့်ကြည့်လိုက်ရာတွင်
“ အားးး …..”
အထဲတွင် ရှိနေသည့် အရာကို မြင်တွေ့လိုက်ရတော့ လီဟွာရှင်း ထိတ်လန့်တကြား မြည်တမ်းမိသွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် အိတ်ထဲတွင် သွေးသံတရဲရဲနှင့် လက်တစ်ဖက် ရှိနေသောကြောင့် ဖြစ်၏။ ၎င်းလက်၏ လက်ခလယ်တွင် မြလက်စွပ် တစ်ကွင်းလည်း ရှိထားပြီး ထိုလက်စွပ်ကား သူ လေလံပွဲ တစ်ခုတွင် ဝယ်၍ မာစန်းအား လက်ဆောင် ပေးခဲ့ဖူးသည်အား မှတ်မိနေသေးသည်။
တစ်ချိန်တည်းတွင် လင်းရီ၏ လက်က ကျီချင်းရန်၏ မျက်လုံးအား ဖုံးအုပ်ထားလိုက်၏။
ကျီချင်းရန်၏ ကိုယ်မှာ တွန့်ခနဲ ဖြစ်သွားလေသည်။ သူမ၏ အလိုလိုသိစိတ်က အထဲတွင် ရှိနေသည့် အရာတွင် သူမ ကြည့်ဖို့ရာ မသင့်လျော်ဟု အလိုအလျောက် မှန်းဆမိသွားခဲ့သည်။
လီဟွာရှင်း၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်နေပြီး မျက်နှာသည်လည်း ဖြူလျော်နေလျက် ရှိကာ “ မင်း …. မင်း တကယ်ကြီး ……..”
“ ကျုပ်က ပေါက်တတ်ကရတွေ ပြောဖို့ လိုသေးလို့လား …”
“ မဟုတ်ဘူး … မလိုဘူး …. မင်း ဘာမှ ပြောစရာ မလိုဘူး …”
“ ကျုပ်တို့ဘက်က သာမန်ရိုးကျ စီးပွားရေး ပြိုင်ဆိုင်မှာကို ကြိုဆိုပြီးသား … ဒါပေမယ့် ဒီလိုမျိုး ထပ်ဖြစ်လာမှာကိုတော့ မလိုချင်ဘူး …” လင်းရီ ပြောလိုက်ပြီး “ ကျုပ် ခင်များတို့ကို အခွင့်အရေး မပေးဘူးလို့ အပြစ်မတင်နဲ့ … ခင်များတို့က ဟွာရှမှာ ဈေးကွက်ချဲ့ချင်တာ အကြောင်းမဟုတ်ဘူး … ဒါပေမယ့် ကမ်းရိုးတန်း ဒေသဘက်ကိုတော့ မလာတာ အကောင်းဆုံးပဲ … ကျုပ် အသက်ရှိသေးသရွေ့ ခင်များတို့ လီမိသားစု ဒီကို ပိုင်နက် ကျူးကျော်ဖို့ စိတ်တောင် မကူးနဲ့ …”
လီဟွာရှင်း၏ ခန္ဓာကိုယ်မှာ အပြင်းအထန် ဝေဒနာ ခံစားနေရသည့် လူနာ တစ်ယောက်နှယ် တုန်ယင်နေသည်။ သူ၏ ခေါင်းမှာလည်း ပူထူသွားခဲ့ပြီး လင်းရီ ပြောနေသည့် စကားလုံးတို့ပင် ရှင်းရှင်းလင်းလင်း မကြားနိုင်တော့ချေ။
“ ငါ … ငါ အရင်သွားနှင့်ပြီ…”
လီဟွာရှင်း အလျင်အမြန် မတ်တပ်ရပ်လိုက်၏။ ဤလူက သူ့အား သိပ်ကြောက်စရာကောင်းသည့် ခံစားချက်တို့ ပေးစွမ်းနေသည်။ ဤနေရာ၌ တစ်စက္ကန့်လေးမျှပင် ဆက်မနေချင်တော့ပေ။
“ ဒါပါ တစ်ခါတည်း ယူသွား … ချန်မထားခဲ့နဲ့ …”
“ ကောင်း .. ကောင်းပြီ…”
လီဟွာရှင်း ထိတ်ထိတ်ပျာပျာ သဘောတူလိုက်သည်။ ထို့နောက် အနက်ရောင် အိတ်ကို ဆွဲ၍ အလျင်စလို ပြေးထွက်သွားခဲ့လေတော့သည်။
“ ရပြီ…”
တံခါး ပိတ်သွားသည့် အခိုက်အတန့်တွင် လင်းရီ သူ၏ လက်အား ပြန်ဖယ်ရှားလိုက်သည်။
“ နင် သူ့ကို ဘာပြလိုက်တာလဲ … ငါ့ကိုတောင် မျက်စိ ကွယ်ထားခိုင်းတယ်ဆိုတော့ …”
“ ကောင်းတဲ့အရာ မဟုတ်ဘူး … ကလေးတွေ ကြည့်ဖို့ မသင့်ဘူး ….”
ကျီချင်းရန် လင်းရီအား မျက်လုံးလှန်လိုက်ပြီး “ နင်က ကလေးတွေကြည့်ဖို့ မသင့်တဲ့ ကိစ္စတွေချည်း လုပ်နေတာလေ… နင့် နှုတ်က အဲ့လို စကားမျိုး ပြောထွက်လာတာ ငါ တော်တော် အံ့ဩမိတယ် သိလား …”
“ ငါ နေ့တိုင်း ကလေးတွေကြည့်ဖို့ မသင့်တဲ့ ကိစ္စတွေချည်း ပြုနေတယ်ဆိုတာ မင်း ဘယ်လိုသိလဲ … ကိုယ့်ဘာကိုယ် ဖော်ထုတ်မိသွားတာများလား …” လင်းရီ အံ့အားသင့်သွားချင်ယောင် ဆောင်လိုက်၏။
“ နင်ငါ့ကို နေ့တိုင်း အခွင့်ကောင်းယူနေတာကို အဲ့တာက မလုံလောက်သေးဘူးလား …”
“ ထွေထူး မဟုတ်ပါဘူး … ကိုယ်စဉ်းစားမိတာ မင်း အဲ့တာ မြင်သွားရင် ကိုယ့်ကို ကြောက်သွားမှာစိုးလို့ ….”
“ ဟင် ..” ကျီချင်းရန်၏ အမူအရာမှာ အေးခဲသွားခဲ့ပြီး လင်းရီကို စုံထောက်ပေါက်စနလေး တစ်ယောက်သဖွယ် ကြည့်လိုက်ကာ “ နင် တစ်ခုခု ထူးဆန်းတာတွေ လုပ်ထားပြန်ပြီလို့ မပြောနဲ့နော်…”
စာစဉ် (၁၀၉) ပြီး၏။