ဒီထဲ မှုတ်လိုက်
Vol. 109 Ch. 1624
“ ဘယ်သူ ဖြစ်ဖြစ် ဘယ်သူ့ ဂရုစိုက်နေရမှာ … ယွီဟန်က ကျွန်မတို့ ရှောင်မိသားစုရဲ့ ပိုင်နက် .. ကျွန်မတို့ ဘယ်သူ့ကိုမှ ကြောက်မနေဘူး…”
“ သောက်ရမ်း အံ့ဩဖို့ကောင်းလောက်အောင် အင်အား ရှိတဲ့လူဆိုရင်ကော မင်းတို့ မကြောက်ဘူးပေါ့ …”
“ တကယ်လို့ ရှောင်မိသားစုက အပြစ်ပြုဖို့ မစွမ်းသာတဲ့လူဆိုရင် အစ်ကိုရီ တစ်ယောက်လုံး ရှိနေတာပဲ မဟုတ်လား … ရှင် ဝင်ပြီး ဖြေရှင်းလှည့်ပေါ့ … ဘာကို ကြောက်နေရမှာ …”
လင်းရီ ပြုံးလိုက်ပြီး “ ဆိုတော့ မင်းက ငါ့ကို အသုံးချချင်နေတယ်ပေါ့ …”
ရှောင်ပင်း ရယ်သွမ်းလိုက်ပြီး “ ဒါဆိုလည်း ဖြည်းဖြည်းလေးမောင်း … ဘယ်သူ ကျွန်မတို့နောက် လိုက်လာနေလဲဆိုတာ ကြည့်ကြတာပေါ့ .. ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မလည်း မအိပ်ချင်သေးပါဘူး …”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ကားအရှိန်ကို သိသိသာသာ လျှော့ချပစ်လိုက်သည်။
မိနစ် အနည်းငယ် ကြာပြီးနောက် အနောက်ရှိ အက်ကော့မှာ လိုက်မီလာခဲ့ပြီး ကားနှစ်စင်းမှာ ဘေးချင်းကပ် အနေအထားသို့ ကျရောက်သွားခဲ့လေသည်။ လင်းရီ ဘေးသို့ တစ်ချက် ငဲ့ကြည့်လိုက်၏။
နောက်ခုံတွင် ထိုင်နေသည့် ကောင်မလေးက အနည်းငယ် ရင်းနှီးသယောင် ရှိနေသည်ကို သတိထားမိလိုက်သည်။
“ အဲ့တာ ကျွန်မတို့တွေ ကားဝယ်တဲ့ အချိန်တုန်းက တွေ့ခဲ့တဲ့ အမျိုးသမီး မဟုတ်လား …”
ရှောင်ပင်း ပြောတော့မှ လင်းရီလည်း နောက်ခုံတွင် ထိုင်နေသည့် အမျိုးသမီး မည်သူဆိုတာကို အမှတ်ရသွားခဲ့တောသည်။
“ ဒီမိန်းမက ရူးနေတာလား … ဘာလို့ ငါတို့နောက်ကနေ လိုက်နေတာ ..”
“ ဘယ်သူက သိမှာမို့လို့ …”
“ ဟေ့… နင် ကားကို ချက်ချင်းရပ်လိုက်စမ်း … နင်က အရက်သောက်ပြီး ကားမောင်းနေတာပဲ …” ကူရိရန်သည် ပြတင်းပေါက် အပြင်ဘက်သို့ ခေါင်းထွက်ပြီး လင်းရီအား လှမ်းအော်ဟစ်လိုက်၏။
အရက်သောက်ပြီး ကားမောင်းတယ်….
လင်းရီနှင့် ရှောင်ပင်းတို့ အချင်းချင်း ကြည့်လိုက်မိကြ၏။
“ ဒီ မိန်းမက ငါတို့ သောက်ပြီး မောင်းနေတာကို ဘယ်ကနေ ဘယ်လို သိသွားခဲ့တာ …”
“ ပုံစံကြည့်ရသလောက်တော့ ကျွန်မတို့နောက်ကို တမင် ရည်ရွယ်ချက် ရှိရှိနဲ့ လိုက်နေသလိုပဲ … ဧကန္တ ဘားထဲမှာ အရက်သောက်ပြိုင်တုန်းက သူလည်း ရှိနေတာများလား …”
“ အဲ့လောက် တိုက်ဆိုင်တာမျိုးက ဖြစ်နိုင်လို့လားဟ….”
“ တခြား ဖြစ်နိုင်ချေမှ မရှိဘဲ … ကျွန်မတို့ နှစ်ယောက်တည်း သီးသန့်ထွက်လာခဲ့တာကို ဘယ်သူက ရှင်သောက်ထားမှန်း သိမှာမို့လို့ …”
“ အဲ့တာ ဖြစ်နိုင်တယ်… ဒါပေမယ့် ဒီ မိန်းမက တော်တော် စိတ်ရှုပ်ဖို့ ကောင်းတယ်နော်…”
“ အွန်း … အဟုတ်ပဲ ..”
“ ငါ ပြောနေတယ်လေ… နင်တို့ ကားကို ရပ်လိုက်လို့ …” ကူရိရန် ထပ်မံ အော်ဟစ်လိုက်၏။
“ ငါက ဒီတိုင်း ဒီကားကို မင်းတို့ထက် အရင် ဝယ်သွားရုံလေးပဲ မဟုတ်လား … မင်းတို့ ဒီလောက်ထိ ငါ့ကို ဆန့်ကျင်စရာ လိုလို့လားဟ …”
“ ပေါက်တတ်ကရ ပြောနေတာတွေ တော်ပြီး ကားကို ရပ်လိုက် …”
“ မင်းက မိန်းကလေးပဲလေ… မင်း နည်းနည်းလေး ပိုသိမ်မွေ့လို့ မရဘူးလား …” လင်းရီ ရယ်မောလိုက်၏။
“ ငါ့ကို အတွန့်လာမတက်နဲ့ … နင်က အရက်သောက်ထားတာတောင် ကားမောင်းချင်နေတုန်းပေါ့ ဟုတ်လား … ငါဒီနေ့ နင့်ကို သင်ခန်းစာ မပေးဘူးဆိုရင် ဘယ်လောက်တောင် စည်းမဲ့ကမ်းမဲ့ နိုင်နေလိုက်မလဲ …”
“ ငါ့ဘာငါ သောက်တာ မသောက်တာ မင်းနဲ့ ဆိုင်သလား … မင်းကိုယ်မင်း သူများရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်နေတာ တအား များနေပြီလို့ မထင်ဘူးလား …” လင်းရီ အော်ပြောလိုက်ပြီး “ မင်း သောက်ရမ်း စွမ်းတယ်ဆိုလည်း ငါ့ကို တိုင်လိုက်လေ… ဘာလို့ ကားကြီး စီးပြီး နောက်ကနေ လိုက်အော်နေလဲ …”
“ ငါ ပြောမယ်… ငါက ရဲအရာရှိပဲ … ငါ နင့်ကို ဖမ်းလို့ရတယ်…”
လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ကူရိရန်တွင် ထိုသို့သော အထောက်အထားမျိုး ရှိနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။
“ ဒီ ကိစ္စက ယာဉ်လမ်းကြောင်း ထိန်းသိမ်းရေး ဌာနရဲ့ စီမံမှုအောက်မှာ … မင်းက မဆိုင်တာတွေ ဝင်ပါနေတာပဲ မိန်းကလေး …”
ခရီးသည်ထိုင်ခုံတွင် ထိုင်နေရင်း ရှောင်ပင်း ပြုံးလျက် “ သွားပြီ… အစကတည်းကရင် ငါတို့ဘက်က မှားနေတာပဲလေ…”
“ စိတ်ချထားစမ်းပါ … သူတို့ငါ့ကို ဘာမှ မလုပ်နိုင်ပါဘူး …”
လင်းရီ ကူရိရန်ကို လှမ်းကြည့်၍ “ မင်းတို့ လူကောင်းသူကောင်းကို မှားယွင်း မစွပ်စွဲနဲ့ … သောက်ရင် မမောင်းနဲ့ ၊ မောင်းရင် မသောက်နဲ့ဆိုတဲ့ သဘောတရားကို ငါနားလည်တယ်… မင်း သတိထားနေ … မဟုတ်ရင် ငါမင်းကို အသရေ ဖျက်မှုနဲ့ တရားစွဲပစ်မယ်…”
“ အဓိပ္ပာယ် မရှိတာ … နင် ဘားထဲမှာ Ace of spades လေးလုံးသောက်ထားတာကို မသိဘူး ထင်နေလား … စကားကို ကတ်တီးကပ်ဖဲ့ လာပြောနေတယ်ပေါ့ ဟမ်…”
“ ဟိုက် သေစမ်း …” လင်းရီ ကျိန်ဆဲလိုက်၏။
“ ကျွန်မ အထင် မှန်နေတာပဲ … သူက ဘားထဲမှာ ကတည်းက ကျွန်မတို့အပေါ် မျက်စိကျနေတာပဲ …” ရှောင်ပင်း ပြောလိုက်ပြီး “ ကိုယ့်ဘက်က မှန်နေရင် ဘယ်သူ့မှ ကြောက်ဖို့ မလိုဘူးလေ… နင့်မှာ ပြဿနာ မရှိဘူးဆိုမှတော့ ကားရပ်ပြီး အစစ်ဆေးခံရမှာလည်း ကြောက်စရာမလိုပါဘူး …”
“ သူတို့က ကိုင်ပိုင်ကားထဲမှာလေ… ပြီးတော့ အဲ့မိန်းမကလည်း ငါ့ကို အော်ဟစ်နေသေးတယ်… ကားကို ဒီတိုင်း ရပ်ပေးလိုက်မယ်ဆိုရင် ငါ့ကိုယ်ငါ အရှက်ခွဲသလို ဖြစ်သွားမှာ မဟုတ်ဘူးလား …”
“ ရှင် သူနဲ့ ပြန်ပြိုင်မလို့လား …”
“ မြင်သာနေတာပဲ မဟုတ်လား … ဘယ်မိန်းမမှ ငါ့ကို အဲ့လိုမျိုး မပြောရဲသေးဘူး …”
“ သွားစို့ …”
လင်းရီ ကားကို အရှိန်တင်၍ ကူရိရန်ကို နောက်ထပ် မည်သည့် စကားမျှ ထပ်ပြောခွင့် မပေးတော့ချေ။
လင်းရီ၏ ကားက အရှိန်တင်သွားသည်ကို မြင်တော့ ကူရိရန် ဒေါသတကြီးနှင့် ကျိန်ဆဲလိုက်မိ၏။
“ သူတောင်းစားက သိပ်မောက်မာလွန်းတယ်… ငါဘယ်သူပါလို့ ပြောပြီးတာတောင် ကားမရပ်ပေးသေးဘူး … သတ္တိသိပ်ကောင်းနေတယ်ပေါ့ ဟမ့် … မိလို့ကတော့ ပြင်းပြင်းထန်ထန်ကို အရေးယူပစ်မယ်…”
“ ငါ့အထင် အဲ့လူက တအား သောက်ထားတော့ သူ့ အသိစိတ် ပျောက်နေလို့ ဖြစ်မယ်.. မဟုတ်ရင် ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး…” လီခန် ပြောလိုက်သည်။
“ ဒီလို ကားအကောင်းစားမျိုး မောင်းနိုင်တယ် ဆိုတာနဲ့တင် သူတို့ မိသားစု နောက်ခံကလည်း သာမန်တော့ မဟုတ်လောက်ဘူး … သူ ဒီလောက် အကြောက်အလန့် ကင်းနေတာ တခြား အကြောင်းကြောင်းတွေကြောင့် ဖြစ်နေမလားနော်…” ကုန်းရှောင်ယွင် သူမ၏ သံသယကို ထုတ်ဖော်ပြောလိုက်လေသည်။
“ အသုံးမဝင်ဘူး … ငါ့ ဦးလေး သူ့ကို တားတဲ့ အချိန်ကျရင် ငါတို့ ဗွီဒီယို ရိုက်ထားပြီး သူ့ကို ဖော်ထုတ်ရမယ်… ဥပဒေနဲ့ အပြစ်ပေးရုံတင် မကဘူး … လူထုရဲ့ အမြင်နဲ့လည်း သူ့ကို ချေမှုန်း ပစ်ရမယ်..” ကူရိရန် ပြောလိုက်၏။ “ Ace of spades လေးလုံး သောက်ထားတာ အရှင်းကြီးကို ငါ့ကို မသောက်ထားတဲ့ လူကောင်းသူကောင်း ဆိုပြီး လာပြန်ပြောနေလိုက်သေးတယ်.. အဲ့လိုလူစားမျိုးက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရဖို့ တန်တယ်…”
ထို့နောက် ကူရိရန်သည် သူ့အန်ကယ်ထံ ဖုန်းဆက်၍ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြောပြလိုက်၏။
ယခု အခြေအနေတွင် ကုန်းရှောက်ယွင်နှင့် လီခန်တို့လည်း မခံမရပ်နိုင် ဖြစ်နေခဲ့ကြသည်။ ထို့ပြင် နှစ်ယောက်လုံးက မြို့၏ ဥပဒေ ခိုင်မာပြဌာန်းရေး ဌာနမှ ဖြစ်နေသဖြင့် ဤသို့သော အချင်းအရာပေါ်၌ သည်းခံနိုင်စွမ်းက သုညဖြစ်၏။
ဤလူက သူတို့၏ လုပ်ပိုင်ခွင့်အာဏာကို လာရောက် စိန်ခေါ်နေလေသည်။ ထိုသို့သော လူမျိုးကို နောင်လာနောက်သားများအတွက် ဥပမာ ပြထားပေးသင့်၏။ သူ၏ လုပ်ရပ်က အင်မတန် တရားလွန်သည်။
လင်းရီမှာမူ အပူအပင် ကင်းကင်းနှင့် မောင်းနေဆဲပင်။
တစ်ခါတစ်ရံ နှေးသွားလိုက် ၊ တစ်ခါတစ်ရံ မြန်သွားလိုက်နှင့် ကူရိရန်တို့ အုပ်စုကို မထိတထိ အမျိုးမျိုး စနောက်နေသည်။
ကူရိရန် မှီခါနီးတွင် လင်းရီသည် ကားကို အရှိန်ချက်ချင်း တင်လိုက်ပြီး သူ၏ ကျွမ်းကျင်သည့် ယာဉ်မောင်းစကေးတို့ဖြင့် သူမကို ခါချထားခဲ့၏။
သူတို့နှစ်ဦးကြားရှိ အကွာအဝေးက အတော်လေး ကြီးမားလာသည်တွင် ကားကို တစ်ဖန် ဖြည်းဖြည်းချင်း အရှိန်လျော့လိုက်ပြီး ဤသံသရာမှာ ထပ်ခါထပ်ခါ လည်ပတ်နေသည်။ ကြောင်နှင့်ကြွက် စိန်ပြေးတမ်း ကစားနေသည်ဟုပင် ထင်ရသည်။
“ သူ တမင်တကာကို လုပ်နေတာပဲ ..” ကူရိရန် အံတင်းတင်း ကြိတ်လိုက်မိသည်။
“ မပူနဲ့ .. ငါတို့ ခဏနေကျရင် သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးလို့ရတော့မှာ …” ကောင်းရှောက်ယွင်မှ ပြောလိုက်သည်။
ကူရိရန်ကို ခေတ္တမျှ စနောက်ပြီးနောက် လင်းရီသည် သူမနှင့် ဆက်ပြီး ကစားလိုစိတ်မရှိတော့ချေ။ ထို့ကြောင့် လုံးဝ ခါချထားခဲ့ရန် ကြံရွယ်လိုက်လေသည်။
ထိုအချိန်တွင်ပဲ ရုတ်တရက်ဆိုသလို ရဲကား နှစ်စင်းက ရှေ့တွင် ဘွားကနဲ ပေါ်လာပြီး သူ၏ သွားလမ်းတွင် ပိတ်ဆို့ထားကာ လော်စပီကာဖြင့် “ ခုလာနေတဲ့ယာဉ် ချက်ချင်းရပ်မယ်…”
နှစ်ယောက်သား လှမ်းမျှော်ကြည့်မိလိုက်ကြသည်။
“ ဆိုတော့ သူတို့က သောက်ပြီးမောင်းတာကို တားဖို့ လမ်းပိတ်ထားကြတာပေါ့ ..” ရှောင်ပင်း ပြောလိုက်ပြီး “ ဒါပေမယ့် စိတ်ထဲတော့ ကျွန်မတို့တွေကို ဖမ်းဖို့ သပ်သပ် ရှိနေသလိုပဲ …”
“ ဟမ့် … သိသာနေတာကြီးကို …”
လင်းရီ ကားကို အရှိန်လျော့၍ နောက်ဆုံးတွင် ထိုးရပ်လိုက်၏။ ထိုင်ခုံ ခါးပတ်ဖြုတ်ရင်း ကားထဲက ထွက်လာသည်။
“ ဆင်းပြီး တစ်ချက်ကြည့်ကြစို့ …”
နှစ်ယောက်သား ထိတ်ထိတ်ပျာသွားခြင်း လုံးဝ မရှိပါဘဲ ကားပေါ်မှ အေးဆေးဆင်းလာကြသည်။
သူတို့တွင် မည်သည့် ပြဿနာမျှ ရှိမနေသည်ကို လျစ်လျူရှုထားလျှင်ပင် အကယ်၍ တစ်စုံတစ်ရာ ဖြစ်ပျက်ထားသည့်တိုင် သူတို့ရှေ့ရှိ ဤ ပြဿနာကို လက်ထဲရှိ အိုင်ဒီနှင့် လွယ်လင့်တကူ ဖြေရှင်းလိုက်၍ ရသည်။
တစ်ချိန်တည်းတွင် ကူရိရန်စီးလာသည့်ကားလည်း မလှမ်းမကမ်းတွင် ရပ်တန့်လာသည်။
“ နင် သိပ် အံ့ဩဖို့ကောင်းနေတာ မဟုတ်ဘူးလား … ဘာလို့ ကားရပ်ပစ်လိုက်တာလဲ ..” ကူရိရန်သည် လင်းရီအား ကြည့်၍ မေးခွန်းထုတ်လိုက်၏။
“ ငါ ရပ်ချင် ရပ်မှာပေါ့ … မင်းက ဘာတွေ လာဖြစ်နေတာ …”
“ နင် ….”
“ တော်စမ်း … ရန်ဖြစ်မနေကြနဲ့ … ခု ဘာဖြစ်နေကြလဲ ရှင်းအောင် ပြောကြ …”
ပြောလိုက်သူက ယခုလေးတင် ကားရပ်တန့်ဖို့ ပြောခဲ့သည့်လူပင်။
သူနာမည်က ကျောက်ရှီဂန်း ဖြစ်ပြီး ကူရိရန်၏ ဦးလေးပင်။
“ ဦးလေး … သမီးတို့ သူ ကားမမောင်းခင် Ace of spades လေးလုံး သောက်ထားတာကို ကိုယ်တိုင် မျက်လုံးနဲ့ မြင်ခဲ့တာ … သူ့ကို ကားရပ်ဖို့ ပြောတာတောင် ရွဲ့ပြီး အရှိန်တောင် ပြန်တင်လိုက်သေး … သူက ကျွန်မတို့ရဲ့ လုပ်ပိုင်ခွင့်ကို လာစိန်ခေါ်နေတာပဲ ..” ကူရိရန် ပြောပြလိုက်၏။
“ Ace of spades လေးလုံး …”
ကျောက်ရှီဂန်း ရှော့ခ်ရသွားခဲ့သည်။ ဤသည်က တစ်ဖက်သူသည် ဤမျှ သောက်ထားသည့်တိုင် ကားမောင်းဝံ့နေသည်ကို ပထမဆုံးအကြိမ် ကိုယ်တိုင် ကြုံတွေ့လိုက်ရခြင်း ဖြစ်၏။
“ မင်း မဟုတ်တာတွေ လျှောက်ပြောမနေနဲ့ … ငါ ဘားသွားခဲ့တယ်ဆိုပေမယ့် အရက် တစ်စက်လေးတောင် သောက်ခဲ့တာ မဟုတ်ဘူး … ဆိုဒါပဲ သောက်တာ … မင်း လူကောင်းကို မှားယွင်း မစွပ်စွဲနဲ့ …”
“ ငါက ဟော့ဒီ မျက်လုံးနှစ်လုံးနဲ့ သေချာ တပ်အပ်ကြီး မြင်ခဲ့တာကို နင်က ပြန်ခံငြင်းနေတယ်ပေါ့ ဟုတ်လား … နင်ငါ့ကို အရူးများ ထင်နေလား …”
လင်းရီ ခေါင်းညိမ့်လိုက်၏။ “ မင်းပုံစံ ကြည့်ရတာလည်း ဉာဏ်သိပ်ကောင်းလှတဲ့ပုံ မပေါ်ပါဘူး..."
“ နင် …”
“ တော်ပြီ .. ဘယ်သူမှ ထပ်မပြောနဲ့ …”
ကျောက်ရှီဂန်း ဘရက်တလိုင်ဇာ(Breathalyzer)ကို ကိုင်ပြီး “ မင်း မသောက်ဘူး ဒီတိုင်း ငြင်းနေလို့ အလကားပဲ … ပြောချင်ရင် သက်သေနဲ့ ပြောရတယ်ကွ… ဒီထဲ လေမှုတ်လိုက်…..”