အဆုံးထိ ဆန့်ကျင်သွားမယ်
Vol. 109 Ch. 1625
“ ရတယ်.. ကျုပ်က အမြဲတမ်း ဥပဒေ လိုက်နာတတ်တဲ့ နိုင်ငံကြီးသားပဲလေ…”
ကူရိရန် နှာမှုတ်လိုက်မိ၏။
နင်က ဥပဒေ လိုက်နာတတ်တဲ့ နိုင်ငံကြီးသားဆိုရင် ငါက ဟွာရှ ထိပ်တန်း ဆယ်ယောက်ဝင်တဲ့ စံပြနိုင်ငံကြီးသား ဖြစ်နေပြီ…
လင်းရီ ဘရက်တလိုင်ဇာကို ယူပြီး အထဲသို့ လေမှုတ်လိုက်၏။
“ မင်း မီတာ ဘယ်လောက် အထိ ရောက်မယ်လို့ ထင်လဲ …” ကျောက်ရှီဂန်း သူ၏ လက်အောက်ငယ်သားအား မေးလိုက်သည်။
“ Ace of spades လေးလုံးတောင် သောက်ထားတယ်ဆိုတော့ ၂၀၀ ကျော်မယ်ထင်တယ်… တကယ်လို့ ၈၀ ကျော်ရင်ကိုပဲ သောက်ပြီး မောင်းတဲ့လူလို့ သတ်မှတ်လို့ရတယ်… သူ့ဒရိုင်ဘာ လိုင်စင်လည်း ပြန်သိမ်းခံရပြီး ဥပဒေရဲ့ တရားစီရင်မှုကို ခံရမှာ သေချာပေါက်ပဲ … သူ့ အနာဂတ်မှာ ဘယ်လို စီရင်ခံရမလဲ ဆိုတာတော့ သူ့ ကံတရားပေါ် မူတည်တယ်..”
ကူရိရန် ပြုံးလိုက်မိသည်။
၂၀၀ … ဟမ့် … နည်းတောင်နည်းသေး … အနည်းဆုံး ၃၀၀ ပဲ …
ပြီးတော့ ခုလေးတင် သူ့ရဲ့ လုပ်ရပ်တွေ အရဆိုရင် အဖမ်းခံရမှာ သေချာတယ်…
“ ရပြီ…” လင်းရီ ဘရက်တလိုင်ဇာကို ပြန်ပေး၍ “ ကြည့်ကြည့်လိုက်တော့ …”
ကျောက်ရှီဂန်း ယူကြည့်လိုက်ပြီး သူ၏ အမူအရာမှာ ချက်ချင်း ထူးဆန်းသွားခဲ့လေသည်။
“ ကပ္ပတိန် … ဘယ်လောက်ထိ ဖတ်သွားလို့လဲ …”
“ ၁၆….”
“ ၁၆၀.. မဖြစ်နိုင်တာ … ဒီလောက် လေးပုလင်း သောက်ထားတာ … ဟင် … ခင်များ ၁၆ လို့ ပြောလိုက်တာလား …”
ကျောက်ရှီ ထုတ်ဖော်လိုက်သည့် ရလဒ်က လူတိုင်းကို ကြက်သေသေသွားစေခဲ့သည်။
“ ဒီလောက် အများကြီး သောက်ထားတာတောင် ၁၆ ထိပဲ ဖတ်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
လူတိုင်း ဝန်းရံလိုက်ကြပြီး ဤသည်က အနည်းငယ် မယုံကြည် စရာ ကောင်းလွန်းသည်ဟု ခံစားနေရကာ လုံးဝ ဖြစ်နိုင်သည်လို့ မထင်ပေ။
“ မင်းဘာမင်း ကြည့်လိုက် …”
ကျောက်ရှီဂန်း စစ်ဆေးသည့် ကိရိယာကို ကမ်းပေးလိုက်၏။ ပြသနေသည့် မီတာကို မြင်တော့ လူတိုင်း၏ အမူအရာမှာ အကျည်းတန်သွားခဲ့လေသည်။
အထူးသဖြင့် ကူရိရန်ပင်။ သူမ၏ အမူအရာမှာ ကြွက်သတ်ဆေး စားမိသည်ထက်ကို အရုပ်ဆိုးနေတော့၏။
“ လူကြီးမင်း … မင်း ကိုယ်ထဲက အရက်ပမာဏက ၁၆ ပဲ ရှိတယ်ဆိုတော့ သောက်ပြီး မောင်းတယ်လို့ သတ်မှတ်လို့ မရဘူး … ဒါပေမယ့် မင်း အခုမတိုင်ခင် ဘာလုပ်ခဲ့တာလဲ ဆိုတာတော့ ငါ့မှာ မေးပိုင်ခွင့် ရှိတယ်…”
“ ဒီတိုင်း ဘားသွားပြီး သောက်ထားတဲ့ လူတွေနဲ့ ခန္ဓာကိုယ်ချင်း နည်းနည်းပါးပါး ထိတွေ့ခဲ့မိရုံပါပဲ … ကျုပ် တကယ်ကို မသောက်ခဲ့တာ …”
ကျောက်ရှီဂန်း ခေါင်းညိမ့်လိုက်သည်။ “ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းဆိုရင် ၂၀ အောက် မှန်သမျှကို သောက်ပြီး မောင်းတယ်လို့ သတ်မှတ်ခွင့် မရှိဘူး … ခုလို ပူးပေါင်းပါဝင်ပေးတဲ့အတွက် လူကြီးမင်းကို ကျေးဇူးတင်ပါတယ်…”
“ ဒါပေါ့ဗျ…”
ရှောင်ပင်း တိတ်တိတ်ကလေး အထင်ကြီးမိသွားခဲ့၏။
Ace of spades လေးပုလင်း သောက်ထားတာတောင် ဘရက်တလိုင်ဇာထဲ ပြနေတာက ၁၆ တဲ့လား …
သောက်ရမ်းမိုက်တယ်ဆိုတဲ့ စကားကလွဲရင် သူမ အစ်ကိုရီကို ဖော်ပြဖို့ တခြား အသုံးနှုန်းတွေ မသုံးတတ်တော့ဘူး ...
လင်းရီ တစ်ဖက်သို့လှည့်ပြီး ကူရိရန်အား လက်ဝှေ့ရမ်းပြလိုက်၏။ “ ငါ မင်းကို မသောက်ပါဘူးလို့ ပြောခဲ့ရဲ့သားနဲ့ ဘာလို့ သူများ ကိစ္စကို လိုက်ဝင်ပါနေရတာ … ပြောစမ်း … မင်း ဒီနေ့ စိတ်မကြည်လို့ သူများကို အပြစ်လိုက်ရှာနေတာမလား …”
ကျောက်ရှီဂန်း တစ်ခုခု ဝင်ပြောချင်သော်လည်း သူ့ဘက်က အမှားဖြစ်နေသဖြင့် ခပ်မဆိတ်သာ နေလိုက်တော့၏။
“ ဦးလေး … ကျွန်မတို့ သူ့ကို လုံးဝ လုံးဝ လွှတ်ပေးလိုက်လို့ မရဘူးနော်…” ကူရိရန် အေးတိအေးစက် အမူအရာဖြင့် ပြောလိုက်ပြီး “ သူ သောက်နေတာကို ကျွန်မမျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့တာ … မယုံဘူးဆိုရင် ကျွန်မရဲ့ သူငယ်ချင်းကို မေးကြည့်လိုက် …”
ကုန်းရှောက်ယွင် ခေါင်းညိမ့်လိုက်သည်။ “ ကျွန်မတို့ တကယ်မြင်ခဲ့တာ ဟုတ်တယ်…”
“ မင်းတို့ သေချာလို့လား …”
“ အွန်း …” ကုန်းရှောက်ယွင် အာမခံ လိုက်ပြီး “ ကျွန်မတို့ ခုလေးတင် T3 ဘားမှာ တွေ့ခဲ့တာပဲ …”
“ ဒါဆို ….”
ကျောက်ရှီဂန်း အနည်းငယ် ကျည်းတည်းကြပ်တည်း ရောက်သွားခဲ့ရ၏။ အကယ်၍ ဤကောင်လေးက အမှန်တကယ် သောက်ထားသည်ဆိုပါက မီတာတံသည် ၁၆ အထိမျှသာ ဖတ်ဖို့ မဖြစ်နိုင်ပေ။
“ ဦးလေး … ရှင် ခုနက တစ်ခုခု အမှားလုပ်မိလို့များလား …” ကူရိရန် မေးမြန်းလိုက်၏။
ကျောက်ရှီဂန်း စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်မိသွားခဲ့လေသည်။
“ အဲ့တာလည်း ဖြစ်နိုင်တယ်…”
ထို့နောက် သူ၏ စမ်းသပ်ကိရိယာကို ယူ၍ လင်းရီရှေ့ မတ်တပ်ရပ်လိုက်၏။
“ လူကြီးမင်း … ကျေးဇူးပြုပြီး ငါနဲ့ နောက်တစ်ကြိမ်လောက် ထပ်ပြီး ပူးပေါင်းပေးပါဦး …”
“ ပြဿနာ မရှိဘူး .. ကျုပ်ရဲ့ အကြီးမားဆုံး အားသာချက်က နိုင်ငံ့စည်းမျဉ်း လိုက်နာတာပဲလေ…”
ဤတစ်ကြိမ်တွင်တော့ ကျောက်ရှီဂန်းသည် လေးလေးနက်နက် အမူအရာဖြင့် ဘရက်တလိုင်ဇာကို ကိုင်၍ သူကိုယ်တိုင် တိုင်းတာတော့သည်။
သို့သော် နောက်ဆုံးရလဒ်သည်ကား ၁၆ ဖြစ်နေဆဲပင်။ ထိုရလဒ်ကို ကူရိရန်ထံ ပြလိုက်လေသည်။
“ တစ်ချက်ကြည့်လိုက် … နောက်တစ်ခေါက် စမ်းကြည့်လည်း အတူတူပဲ … သူ တကယ်ကြီး မသောက်ထားဘူး …”
“ မဖြစ်နိုင်တာ …”
ကူရိရန် အော်ဟစ်လိုက်ပြီ “ ဒီ ပစ္စည်းကိုက တစ်ခုခု ဖြစ်နေတာပဲ ဖြစ်ရမယ်….”
“ ဘယ်လိုဖြစ်နိုင်မှာလဲ .. ဒီနေ့မှ လတ်လတ်ဆတ်ဆတ် ပါကင်ဖောက်ထားတာကို …”
“ နေဦး … ကျွန်မ စမ်းကြည့်မယ်…”
ကူရိရန်သည် စစ်ဆေးသည့် ဘရက်တလိုင်ဇာကို ယူ၍ အထဲသို့ လေမှုတ်သွင်းလိုက်၏။ စက်မှာ ချက်ချင်းဆိုသလို သတိပေးသံတွေ မြည်ဟည်းလာကာ ရှိနေကြသည့်လူတိုင်း သတိနှင့် ဖြစ်ကုန်ကြ၏။ ရလဒ်မှာ ၈၃ ပင်။
“ ဒါက …..”
ကူရိရန် ခေတ္တ ရပ်တန့်၍ “ ရှောက်ယွင် … နင် စမ်းကြည့်ကြည့် ….”
တစ်ဖက်သူလည်း သူမပြောသည့်အတိုင်း စစ်ဆေးကြည့်ရာ ပစ္စည်းမှာ သတိပေးသံတွေ ထပ်မံ ထွက်ပေါ်လာပြီး ရလဒ်ကား ၉၁ ဖြစ်လေသည်။
ကုန်းရှောက်ယွင်လည်း ကြက်သေသေသွားခဲ့ပြီး ဘရက်တလိုင်ဇာကို သူမ ကောင်လေးလက်ထဲ ထည့်ပေးလိုက်၏။
“ နင် စမ်းကြည့် …”
လီခန်လည်း စကားနာခံစွာဖြင့် စမ်းကြည့်လိုက်ရာ ရလဒ်ကား သုညပင်။
ဘရက်တလိုင်ဇာ၏ ရလဒ်များက သူတို့၏ လက်ရှိအခြေအနေမှန်ကို အတိအကျကြီး ဖော်ပြနေလျက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကူရိရန်နှင့် ကုန်းရှောက်ယွင်မှာ အရက်ဘားတွင် အတော်လေး သောက်ခဲ့ကြသောကြောင့် ဖြစ်၏။
“ ဒါ မင်းတို့ပြောတဲ့ ‘ သောက်ပြီးမောင်းရင်း ထွက်ပြေးတဲ့ ကိစ္စ’ လား ဟမ်…..” ကျောက်ရှီဂန်း အုံ့မှိုင်းသည့် အမူအရာဖြင့် ကြိမ်းမောင်းလိုက်၏။
မည်သို့ပင်ဆိုစေ ဤသည်က ပြည်သူအပေါ် ထိခိုက်နစ်နာမှုဖြစ်ပြီး သူ၏ တူမလေးက ထိုအမှုကို ပြုသူ ဖြစ်နေသည်။ သူ့အား အမှန်ပင် အရှက်ရစေမိ၏။
“ ဒါပေမယ့် ကျွန်မ တကယ်ကြီး သူသောက်နေတာကို မြင်ခဲ့တာပါဆို… ကျွန်မ မနောက်ဘူး …” ကူရိရန် ရှင်းပြလိုက်၏။
“ ဒါပေမယ့် နှစ်ကြိမ် နှစ်ခါ စမ်းသပ်ပြီးပြီ … ပြီးတော့ မင်းတို့လည်း စမ်းသပ်ပြီးပြီ … စက်က ပြဿနာ မရှိဘူး …”
လင်းရီ ပခုံးတွန့်လိုက်၏။ ထို့နောက် ကျောက်ရှီဂန်းအား ကြည့်၍ “ အရာရှိကြီး … ကျုပ်တော့ မူးနေတာက ကျုပ်မဟုတ်ဘဲ ခင်များရဲ့ တူမလေးလို့ ထင်တယ်… သူ့ကို စစ်ဆေးသင့်တယ်.. ပြီးတော့ ကျုပ်ကို ဆက်တိုက် စွပ်စွဲနေပြီး ဒီထဲ ကိုယ်ရေး ကိုယ်တာ အမုန်းတရားတွေပါ ပါဝင်နေတယ်လို့ ကျုပ် ခံစားရတယ်… ကျုပ် ဒီကိစ္စကို တဆုံးလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ…”
“ ရဲဘော် … ဒါက ဒီတိုင်း အထင်လွဲသွားတာကို မင်း ငါ့ကို မျက်နှာသာ နည်းနည်းပေးပြီး လွှတ်ပေးလိုက်လို့ မရဘူးလား …”
“ ခင်များဘက်က တောင်းဆိုလာမှတော့ ကျုပ်ဘက်ကလည်း ပေးရတာပေါ့ … ဒါပေမယ့် ကျုပ်အထင် ခင်များ တူမလေးကို တန်ဖိုးထားတယ်ဆိုရင် ဆေးရုံပို့ပြီး စိတ်ရောဂါကု ဆရာဝန်နဲ့ ပြကြည့်ဖို့ အကြံပေးချင်တယ်…”
ကျောက်ရှီဂန်း အနည်းငယ် ကိုးရို့ကားယားဖြစ်သွားခဲ့ပြီး ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့တော့သည်။
“ အိုကေ … တာ့တာ … ဘိုင့် …..”
“ နေဦး …” ကူရိရန် ရှေ့သို့ တက်လာပြီး “ ဦးလေး .. သူ အရက်သောက်ထားတယ်ဆိုတာ ကျွန်မ အသက်နဲ့ပါ လောင်းကြေးထပ်ပြီး ကျိန်ရဲတယ်…”
“ ပြဿနာ ရှာနေတာတွေ တော်စမ်း …” ကျောက်ရှီဂန်း လေသံမာမာဖြင့် ပြော၍ “ မင်း ဒီလို ဆက်လုပ်နေရင် ငါ မင်း အဒေါ်ကို ဒီခေါ်လိုက်တော့မယ်…”
“ ဒေါ်ဒေါ်လာလည်း ဒီအတိုင်းပဲ ပြောမှာပဲ ..” ကူရိရန် ပြောလိုက်ပြီး “ ကျွန်မတို့ သူ အရက်သောက်နေတာကို တကယ်ကြီး မြင်ခဲ့တာ … ဘာလို့ အဲ့ဒီ စစ်တဲ့ ပစ္စည်းကလည်း မထောက်လှမ်းမိလဲ မသိပါဘူး …”
“ မင်းလည်း မီတာကို မြင်ပြီးပြီ မဟုတ်လား … မင်း အဲ့တာကျ ဘယ်လို ရှင်းပြမှာ ….”
“ သူ တခြား နည်းလမ်းတွေသုံးပြီး မီတာကို ထိန်းချုပ်ထားတာ နေမှာပေါ့ …” ကူရိရန် စွပ်စွဲခံထားရသလို လေသံနှင့် အော်ပြောလိုက်၏။ “ သူ့ကို ခုချက်ချင်း ဆေးရုံခေါ်သွားပြီး သွေးစစ်ဆေးမှု လုပ်မယ်… အဲ့တာက အမှန်ကန်ဆုံး စစ်ဆေးနည်းလမ်းပဲ …”
“ ကျွန်မလည်း သူ သောက်ထားတယ်ဆိုတာ အာမခံပေးနိုင်တယ်….”
နှစ်ယောက်သား ယုံကြည်ချက် အပြည့်ဖြင့် ဖြစ်နေသည်ကို မြင်တော့ ကျောက်ရှီဂန်းလည်း ဘယ်လို လုပ်ပေးရမှန်း မသိ ဖြစ်နေတော့သည်။
သူ ကူရိရန်ကို ကောင်းစွာ နားလည်သည်။ သူမက ကျိုးကြောင်း မညီညွှတ်သည့်လူ မဟုတ်ပေ။
အကယ်၍ တော်ရုံတန်ရုံ အကြောင်းပြချက် မရှိထားဘူးဆိုပါက ယခုလို ရဲတင်းစွာ စွပ်စွဲနေလိမ့်မည် မဟုတ်သည်မှာ သေချာသည်။
ထို့ပြင် သူမ၏ သူငယ်ချင်းကောင်းကလည်း တူညီစွာ ထောက်ခံနေသည်က ထူးဆန်းလှ၏။
“ ကပ္ပတိန်… သောက်ပြီးမောင်းတာက ပေါ့သေးသေး ပြဿနာ မဟုတ်ဘူးနော် … စိတ်ချရဖို့ သူတို့ကို ဆေးရုံခေါ်သွားပြီး စစ်ကြည့်လိုက်တာ ပိုကောင်းမယ်… အဲ့လိုက ပိုပြီး မှန်လိမ့်မယ်…” ကျောက်ရှီဂန်း၏ လက်အောက်ငယ်သားက ပြောလိုက်သည်။
“ သာမန် စစ်ဆေးတဲ့ ကိရိယာတွေကို ဖုံးကွယ်နိုင်တဲ့ နည်းလမ်းတစ်ချို့ ရှိတာတော့ အမှန်ပဲ … သွေးစစ်ဆေးလိုက်ရင် ပိုတိကျတယ်..”
ကျောက်ရှီဂန်းလည်း ခေါင်းညိမ့်လိုက်ပြီး သူ့လက်အောက်ငယ်သားများ ပြောသည်က အဓိပ္ပာယ်ရှိသည်ဟု ခံစားနေရ၏။
“ လူကြီးမင်း … ပိုပြီး စိတ်ချရအောင် လူကြီးမင်းကို ဆေးရုံလိုက်ခဲ့ဖို့ ဒုက္ခပေးရဦးမယ်.. ဆေးရုံကလည်း ဒီနဲ့ မဝေးပါဘူး .. လူကြီးမင်း ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်…”
“ သန်းခေါင် အချိန်တောင် ရောက်နေပြီ.. ငါ အိပ်ချင်ပြီ….”
“ ငါတော့ နင် မလိုက်ရဲတာကြောင့်လို့ ထင်တယ်…” ကူရိရန် ပြောလိုက်ပြီး “ ဘာလဲ … နင် သွေးစစ်ဆေးမှုကို မကျော်ဖြတ်နိုင်မှန်းသိလို့ ကြောက်နေတာမလား …”
လင်းရီ ကူရိရန်အား စိုက်ကြည့်၍ သူမအား အစုန်အဆန် အကဲခတ်လိုက်သည်။
“ မင်း ငါ့ကို ဒီလောက်ထိ ဆန့်ကျင်ချင်နေတာ သေချာပြီလား …”
ကူရိရန် သူမ၏ ခေါင်းကို မော်လိုက်ပြီး သူမ၏ သွင်ပြင်က လင်းရီကို အနိုင်ယူနိုင်သည်မှာ သေချာနေသကဲ့သို့ပင်။
“ ငါ နင့်ကို ဘယ်မှာ ဆန့်ကျင်နေလို့ … သောက်ပြီး မောင်းမှတော့ အပြစ်ပေးခံရသင့်တာ ပုံမှန်ပဲ မဟုတ်ဘူးလား …”
“ ရတယ်လေ… တကယ်လို့မှ သွေးစစ်ဆေးရင်တောင် ဘာရလဒ်မှ မပြလာခဲ့ဘူးဆိုရင်တော့ ငါမင်းကို တကယ်ကြီး အသရေဖျက်မှုနဲ့ တရားစွဲတော့မှာ … မင်းဘက်ကရော တာဝန်ခံနိုင်လား …”
“ သွေးစစ်ဆေးပြီးတာတောင် ဘာရလဒ်မှ ထွက်မလာဘူးဆိုရင် နင့်ဘာနင် ကြိုက်သလိုသာ တရားစွဲလိုက် ….”