← Chapters

ပြဿနာ ရှာခြင်း

Vol. 109 Ch. 1627

ပြဿနာ ရှာခြင်း

Vol. 109 Ch. 1627

ဒေါက် ဒေါက် ဒေါက် ..

ထိုအချိန်တွင် တံခါးဝသို့ ခေါက်သံ တစ်သံ ထွက်လာခဲ့၏။

“ အစ်ကိုရီ … အပြင်မှာ တစ်ယောက်ယောက် ရှိနေတယ် တူတယ်…”

ကိုယ်လက် သန့်စင်နေသည့် ရှောင်ပင်းမှာ ရေချိုးခန်းထဲမှ လှမ်းအော်လာခဲ့သည်။

“ သိပြီ…”

လင်းရီ တည်ငြိမ်စွာဖြင့် ကုတင်ပေါ်က ဆင်းလိုက်၏။

မည်သူက တံခါး ခေါက်နေလဲဆိုတာကို လင်းရီ သိရှိပြီးဖြစ်လေသည်။

ထင်မှတ်ထားသည့်အတိုင်း သူ တံခါး ဖွင့်လိုက်တော့ အပြင်တွင် မည်သူမျှ ရှိမနေခဲ့ချေ။ SF အချောပို့ စာအိတ်သာလျှင် ရှိနေခဲ့၏။

ရင်းနှီးနေသည့် SF အမြန်အချောပို့ပင်။

“ ဘယ်သူ တံခါးလာခေါက်တာလဲတဲ့ ….” ရှောင်ပင်း သာမန်လျှံကာ မေးလာခဲ့၏။

“ ဘယ်သူမှ မရှိဘူးပဲ … အခန်းမှားသွားတာ နေမှာ…”

“ အွန်း …”

လင်းရီ စာအိတ်ကို ယူလိုက်ပြီး ကုတင်သို့ ပြန်လာခဲ့သည်။

အတွင်းတွင် ရှိနေသည်က သူ၏ အလုပ်အကိုင် အသစ်နှင့် ပတ်သက်သည့် သတင်းအချက် အလက်များဖြစ်၏။ သူ၏ အလုပ်နေရာက ရှီရှန်း ရုံးခွဲဖြစ်ပြီး လူသစ် အဆင့်မှ စတင်ရမည်။

ရှီရှန်း ခရိုင် အကြောင်း လင်းရီ နည်းနည်းသိသည်။ ၎င်းက ကျိုးဟိုင်တွင် ရှိသည်ဆိုသော်လည်း ဆင်ခြေဖုံးများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ သိပ် မဖွံ့ဖြိုးသည့် မြို့လေး တစ်မြို့ ဖြစ်၏။

လုပ်ငန်းဝင်ရမည့် အချိန်က သန်ဘက်ခါ ကိုးနာရီတွင်ဖြစ်ပြီး ထိုအချိန်တွင် သူသည် လုပ်ငန်းဝင် သင်တန်းကို တက်ရောက်ရမည် ဖြစ်၏။

သူ့အား ပြင်ဆင်ချိန် တစ်ရက် ပေးထားလေသည်။

သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့် လုပ်ငန်းစဉ်များကို ဘေးသို့ ချိတ်ထားလိုက်ရင်း လင်းရီ ထကာ အညောင်းဆန့်၍ အလုပ်သို့ သွားရန် ဟန်ပြင်လိုက်သည်။

“ အစ်ကိုရီ … ကျွန်မပြီးပြီ.. ရှင် ဝင်ချင် ဝင်လို့ရပြီ…”

ရှောင်ပင်းသည် တဘက် အရှည်ဖြင့် ပတ်ထားရင်း သူမ၏ ဆံပင်ကို ရေသုတ်နေလျက် ရှိ၏။

လင်းရီလည်း ခေါင်းညိမ့်ပြီး ရေချိုးရန် အခန်းထဲသို့ ဝင်လိုက်သည်။

သူ ပြန်ထွက်လာသည့် အခါ၌ ရှောင်ပင်းမှာ ဖိုင်အချက် အလက်များကို ကိုင်ထားရင်း သူ့အား သင်္ကာမကင်းသည့် အကြည့်ဖြင့် ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ အစ်ကိုရီ … ရှင် ရဲအရာရှိ လုပ်တော့မလို့ပေါ့ …”

“ အင်း … အဲ့ဒီ အလုပ်အကိုင်ကို အတွေ့အကြုံ ယူကြည့်မလို့ …”

“ ရှင့်ရဲ့ စကေးတွေနဲ့ ရဲအရာရှိ လုပ်တာက သိုးအုပ်ထဲ ဝင်သွားတဲ့ ဝံပုလွေလို ဖြစ်နေမှာကို ဘယ်သူကများ ရှင့် ပြိုင်ဘက် ဖြစ်နိုင်မှာမို့လို့လဲ …”

“ ဘာပဲဆိုဆို ငါ့မှာ တခြား ဘာလုပ်စရာမှ မရှိဘူးလေ… တစ်ခုခု လုပ်ရင်း အချိန်ဖြုန်းတယ်ပဲ မှတ်လိုက်တာပေါ့ ….”

“ ကျွန်မလည်း သွားချင်တယ်.. ကျွန်မကိုရော ခေါ်….”

“ မင်းက ဘာလိုက်လုပ်မှာ …”

“ ဘာလို့ဆို ကျွန်မလည်း ဘာမှလုပ်စရာ မရှိဘူးလေ… အစ်ကိုရီဆီကနေ သင်ယူရင်း ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်လို့ရတာပေါ့ …”

“ အိမ်မှာပဲနေ… ငါနဲ့ လိုက်မလာနဲ့ …”

“ ဟွန့်... ပြီးရော ….”

သန့်ရှင်းပြီးနောက် နှစ်ယောက်သား ဟိုတယ်ထဲက ထွက်လာခဲ့ကာ မနက်စာ စား၍ ကိုယ်စီ လမ်းခွဲလိုက်ကြသည်။

လင်းရီ ချောင်ရန် အုပ်စုသို့ ရောက်လာတော့ မွန်းလွဲ သုံးနာရီပင် ကျော်နေလေပြီ။

သူ ကားပါကင်သို့ မောင်းလာသည်တွင် ကျီချင်းရန်နှင့် အမှုဆောင် အဖွဲ့ဝင် နှစ်ဦးမှာ ကားထဲက ရေးကြီးသုတ်ပျာနှင့် ထွက်လာပြီး မရပ်မနား စကားပြောနေသည်ကို မြင်တွေ့လိုက်ရသည်။

တီ တီ တီ ….

တစ်စုံတစ်ယောက်က ဟွန်းတီးနေသည့် အသံကို ကြားတော့ ကျီချင်းရန် ခေါင်းလှည့်ကြည့်လိုက်ရာ လင်းရီ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

ကပျာကယာ ဖြစ်နေသည့် သူမ၏ မျက်နှာထက်တွင် ရွှင်ပြမှုက ချက်ချင်းဆိုသလို ဖြစ်ပေါ်လာကာ သူ့ထံသို့ လျှောက်လှမ်းလာခဲ့၏။

“ နင်ဆို အမြဲတမ်း ဒီတိုင်းကြီးပဲ … ပြန်လာနေပြီဆိုလဲ ငါ့ကိုတောင် ကြိုမပြောဘူး …”

“ ဒီတိုင်း စပရိုက် ဖြစ်စေချင်လို့ပါကွာ …” လင်းရီ ပြုံးလိုက်ပြီး “ ဒါနဲ့ ရေးကြီးသုတ်ပျာနဲ့ ဘာတွေ ဖြစ်နေကြတာ …”

“ မပြောစမ်းနဲ့ဟယ်…” ကျီချင်းရန် လက်ချောင်းများဖြင့် ဆံပင်ကို နောက်သို့ ထိုးဖွလိုက်ပြီး “ နှစ်သစ်ကူး မတိုင်ခင်တုန်းက ငါတို့တွေ ကော်မာရှယ် အိမ်ခြံမြေ အကျိုးဆောင်အဖြစ် အသွင်ကူးပြောင်းဖို့ ပြင်ဆင်နေတယ်လို့ ပြောခဲ့ဖူးတယ်မလား … ငါတို့ အုပ်စုက ဝယ်ထားတဲ့ မြေနေရာက လက်ရှိ ပြန်လည် နေရာချထားတဲ့ အဖြစ်အပျက်နဲ့ လာကြုံနေလို့ … ပြီးတော့ ငါတို့ ပြဿနာ တစ်ချို့လည်း တက်နေတယ်… ဒါကြောင့်မို့ ငါသွားပြီး တစ်ချက်ကြည့်ကြည့်မလို့ …”

“ ပြဿနာ တက်နေတယ်…. ဘယ်လို ပြဿနာ တက်နိုင်မှာမို့လို့….”

“ အဲ့ဒီ ဖွံ့ဖြိုးတိုးတက်ရေး ဇုန်ထဲက မြေကွက်ကို သူများဆီကနေ ငါတို့ ဈေးမြင့်မြင့်ပေးပြီး ယူထားတာ … ကြည့်ရတာ တစ်ဖက် ပြိုင်ဘက်က အဲ့ကိစ္စကို မကျေနပ်လို့ လာပြီး ပြဿနာရှာနေပုံပဲ ..”

လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်သွားခဲ့ပြီး “ ကြည့်ရတာ တစ်ဖက် ကုမ္ပဏီက ကျိုးဟိုင်ကတော့ မဟုတ်လောက်ဘူးထင်တယ်…”

လင်းရီ၏ အမြင်မှ ကြည့်မည်ဆိုပါက ပြိုင်ဘက် ကုမ္ပဏီသည် ဒေသခံ ကုမ္ပဏီ ဖြစ်မည်ဆိုပါက ချောင်ရန် အုပ်စုအား ပြဿနာ ရှာဝံ့လိမ့်မည် မဟုတ်ချေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေက အခြား စီရင်စုမှ ဖြစ်ဖို့ များ၏။

ကျိုးဟိုင်ရှိ အခြေအနေ အရပ်ရပ်တို့ကြောင့် ဤနေရာက ကုမ္ပဏီများကတော့ ထိုသို့ ပြုရန် သတ္တိကောင်းကြလိမ့်မည် မထင်ချေ။

“ ဟောင်ကောင်က ကုမ္ပဏီ … သူတို့လည်း မူရင်းနေရာကို လာချင်ကြတော့ ပြိုင်ဆိုင်မှုက တော်တော်လေး ပြင်းထန်တယ်…”

“ သူတို့ကို ပြန်ခိုင်းလိုက် … ကိုယ်မင်းနဲ့ တစ်ချက်လိုက်ကြည့်ပေးမယ်…”

“ အွန်း …”

ကျီချင်းရန်လည်း ထိုသို့ စဉ်းစားထား၏။ လင်းရီ အနားတွင် ရှိနေမည်ဆိုပါက ထို အမှုဆောင် အဖွဲ့ဝင်များ လိုက်လာရန် လိုအပ်လိမ့်မည် မဟုတ်ချေ။

“ နင်တို့ ပြန်နှင့်ကြ … ငါတို့ ဒီကိစ္စ ကိုင်တွယ်လိုက်မယ်…”

“ နားလည်ပြီ ဥက္ကဌကျီ….”

အကျဉ်းချုပ် ရှင်းပြပြီးနောက် ကျီချင်းရန်သည် လင်းရီ၏ ကာထဲသို့ ဝင်၍ ဆောက်လုပ်သည့် လုပ်ငန်းခွင်သို့ မောင်းလာခဲ့လိုက်သည်။

တစ်နာရီ အတွင်းမှာပဲ လင်းရီသည် ကျိုးဟိုင်ရှိ ရှင်းဖူ ဖွံ့ဖြိုးတိုးတက်ရေး ဇုန်သို့ မောင်းနှင် ရောက်ရှိလာသည်။

မြို့တွင်း ဧရိယာများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဤနေရာတွင် တချို့သော အနည်းငယ်များ ချို့တဲ့နေသည်။ သို့ပေမယ့် ယာယီခေတ္တမျှသာ ဖြစ်သည်။

လုပေချိန်နှင့် နှစ်သစ်ကူးအတွင်း ထမင်းစားခဲ့စဉ်တွင် တစ်ဖက်သူက သူ့အား ဤကိစ္စနှင့် စပ်လျဉ်းပြီး သတင်းတစ်ချို့ ပြောပြခဲ့၏။

နိုင်ငံက ကျိုးဟိုင်တွင် စီးပွားရေး ဇုန်အသစ် တည်ဆောက်ရန် ခွင့်ပြုထားပြီး တက်တက်ကြွကြွနှင့်လည်း ပံ့ပိုးထောက်ပံ့ပေးနေလျက် ရှိလေသည်။ ယခုလောလောဆယ်တွင် အမြင်ဖမ်းစားနိုင်သည့် ထွေထူး အဆောက်အဦးတို့ မရှိသော်လည်း ကျိုးဟိုင်၏ ဖွံ့ဖြိုးနေသည့် နှုန်းဖြင့် အများဆုံး ငါးနှစ်တွင် မြို့လယ်ခေါင် နေရာကဲ့သို့ စည်ပင်ဝပြောလာနိုင်လေသည်။

သူတို့ ဖွံ့ဖြိုးတိုးတက်ရေးဇုန်ကို ရောက်လာတော့ လင်းရီသည် ကျီချင်းရန် ညွှန်ကြားသည့်အတိုင်း ပရောဂျက် site သို့ မောင်းနှင်လာခဲ့၏။

ထိုနေရာကိုရောက်တော့ လူတော်တော်များများက ဆောက်လုပ်ရေး လုပ်ငန်းခွင်အား ဝန်းရံနေသည်ကို မြင်တွေ့လိုက်ရ၏။

“ ဥက္ကဌကျီ… ဥက္ကဌကျီ…”

လင်းရီနှင့် ကျီချင်းရန်ကို မြင်တော့ သတ်လတ်ပိုင်း အမျိုးသားတစ်ဦးမှာ သူတို့ထံ ချဉ်းကပ်လာခဲ့၏။

သက်လတ်ပိုင်း အမျိုးသား၏ နာမည်က ကော်စုန့်နန် ဖြစ်ပြီး ချောင်ရန် အုပ်စုက ငှားရမ်းထားသည့် ပရောဂျက်အသစ် မန်နေဂျာပင်။

လင်းရီကတော့ သူ့ကို သိမနေပေ။ သို့သော် ကော်စုန့်နန်မှာ သူ့ကို နှစ်ပတ်လည် တွေ့ဆုံပွဲတွင် မြင်တွေ့ဖူးထားပြီး သူ မည်သူ ဖြစ်ကြောင်းကိုလည်း သိနေခဲ့၏။

“ ဘာတွေ ဖြစ်နေတာလဲ ..” အခြေအနေကို နားလည်ချင်သဖြင့် လင်းရီ မေးမြန်းလိုက်၏။

သို့သော် ကော်စုန့်နန် မဖြေနိုင်မီ အနက်ရောင် ဂျက်ကတ်နှင့် လူငယ်တစ်ဦးက ကြားဖြတ်ပြောလာသည်။

“ မင်းကများ မေးရတယ်ရှိသေး … မင်း ငါတို့ အိမ်တွေကို ခွင့်ပြုချက် မရှိဘဲ ဖြိုချ ဖျက်ဆီးပစ်တယ်… မင်း ငါတို့ မိသားစုတွေကို လမ်းဘေးအိပ်ရအောင် လုပ်နေတာလားကွ….”

“ မင်းတို့တွေ အိမ်တစ်လုံးကို အကြောင်းပြချက် မရှိ ဖျက်စီးပစ်တယ်… ချောင်ရန်အုပ်စုက တော်တော်ကို တရားလွန်နေပြီ…” နောက်ထပ် သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးကလည်း ပြောလာသည်။

“ ငါ ပြောလိုက်မယ်.. မင်းတို့ ဒီနေ့ ငါ့ကို ဖြေရှင်းချက် ပေးရင်ပေး … မပေးဘူးဆိုရင် ဒီကိစ္စ ဒီတိုင်း ပြီးသွားလိမ့်မယ် ထင်မနေနဲ့ … ရန်ကျင်း အထိ တက်ရမယ်ဆိုရင်တောင် ငါတို့ လုံးဝ လက်မလျော့ပေးနိုင်ဘူး …”

ဆူဆူပူပူနှင့် မကျေမနပ် အော်ဟစ်နေကြသည့် အနှီလူတို့ကို မြင်တော့ လင်းရီသည် ကော်စုန့်နန်အား လှမ်းကြည့်လိုက်၏။

“ ငါတို့ အိမ်တွေ မဖြိုဖျက်ခင် သူတို့ကို လျော်ကြေး မပေးခဲ့ဘူးလား …”

“ ကျုပ်တို့ အကုန်ပေးခဲ့တာပေါ့ဗျာ.. ပြီးတော့ ကျုပ်တို့ရဲ့ ရန်ပုံငွေကလည်း လုံလောက်တယ်… ဈေးလည်း အမြင့်ကြီး ပေးခဲ့တာ … အကုန်လုံး နှစ်ရက် အတွင်း ဖြေရှင်းပြီးခဲ့တာ ဒါပေမယ့် ထင်မှတ်မထားတာ သူတို့က နောက်ထပ် လာပြီး ပြဿနာ ရှာကြလိမ့်မယ်လို့ပဲ …” ကော်စုန့်နန် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ ပြီးတော့ ဖြိုဖျက်ရေး သဘောတူညီချက်ကလည်း ကျုပ် လက်ထဲမှာပဲ … ကိုယ့်သဘောနဲ့ကိုယ် ဖြိုဖျက်ခဲ့တာမှ မဟုတ်တာ …”

“ မဟုတ်တာတွေ လျှောက်မပြောစမ်းနဲ့ … မင်းတို့ အိမ်တွေ ဖျက်စီးတုန်းက ငါတို့ ဒီမှာ ရှိတောင် ရှိတာမဟုတ်ဘူး … သဘောတူညီချက်ကို ဘယ်သူလက်မှတ်ထိုးခဲ့တာလဲ… တစ္ဆေလား …”

ဂျက်ကတ်နှင့် အမျိုးသားက ကျိန်ဆဲလိုက်သည်။

“ ဟုတ်တယ်… ငါတို့ ဒီအတောအတွင်း ခရီးထွက်နေကြတာ အိမ်မှာ တစ်လကျော်လောက်ကို မရှိကြဘူး … မင်းနဲ့ သဘောတူညီချက်မှာ လက်မှတ်ထိုးဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ … မင်းတို့ သူဌေးတွေက သွေးစွန်းနေတဲ့ ပိုက်ဆံကိုလည်း ယူဖို့ ဝန်မလေးကြဘူး … ဒီလိုမျိုး အသိစိတ်နဲ့ မင်းတို့ ဘယ်လိုတွေ အသက်ရှင်နေကြတာလဲ …”

အသက် ရှစ်ဆယ် အရွယ်လောက် ရှိမည့် လူအိုကြီး တစ်ယောက်က ထိုသို့ ပြောလာခဲ့၏။

“ ခင်များတို့အားလုံးက ခရီးထွက်နေခဲ့ကြတယ်ပေါ့ … အဲ့လောက် တိုက်ဆိုင်တယ်လား …”

လင်းရီ မျက်ခုံးပင့်လိုက်မိသည်။

“ အမှန်ပဲ …” လမ်းလျှောက်တုတ်ကို ကိုင်ထားသည့် အဘိုးကြီးမှ စကားကို အခိုင်အမာ ပြောဆိုလိုက်ပြီး “ ငါတို့ ဘယ်သွားလဲက မင်း ကိစ္စမဟုတ်ဘူး .. ကုန်ကုန်ပြောရင် မင်း ငါတို့အိမ်ကို ငါတို့ရဲ့ သဘောတူညီချက် မပါဘဲ ဖြိုဖျက်ခဲ့တယ်.. မင်းငါတို့ကို ဖြေရှင်းချက်ပြန်ပေးရမယ်…”

သူ့အနား ဝိုင်းရံနေသည့် လူ ၂၀ ကျော် ၃၀ ခန့်ကို ကြည့်ရင်း လင်းရီ အားလုံး နားလည်သဘောပေါက်သွားခဲ့လေသည်။

“ ငါတို့ လူတွေ အခု ဒီရောက်နေတယ်ဆိုတာလည်း ဒီပြဿနာကို ဖြေရှင်းပေးဖို့ပဲ …” လင်းရီ ဖြည်းညင်းစွာ ပြောလိုက်ပြီး “ ခင်များတို့ ဒီလိုတွေ အာကောင်းကောင်းနဲ့ အသံကုန် ဟစ်နေလို့လည်း ပြဿနာက ဖြေရှင်းပြီးသွားမှာ မဟုတ်ဘူး … ခင်များတို့ စဉ်းစားနေတဲ့ အရာတွေ ကျုပ်ကို ပြော… ကျုပ် နားထောင်ပေးမယ်…”

All Chapters