မောက်မာသူ တစ်ယောက်ရဲ့ အပြုအမူ
Vol. 109 Ch. 1629
“ မင်းတို့က ပိုက်ဆံပဲ လိုချင်တာမလား … ငါမင်းတို့ကို ပေးလိုက်မယ်…”
လင်းရီ ကျီချင်းရန်အား ကြည့်လိုက်ပြီး “ ကုမ္ပဏီရဲ့ ဘဏ္ဍာရေး ဌာနကို ပြောပြီး ယွမ် သန်း ၃၀၀ ငွေသား ပြင်ထားခိုင်းလိုက် … ဒီလူတွေ လိုချင်သလောက် လျော်ပေးလို့ရတယ်…”
“ လျော်ပေးမှာလား …”
ကျီချင်းရန် ကြောင်အမ်းသွားခဲ့ပြီး လင်းရီ တကယ်ပဲ ဘာတွေ ဖြစ်ချင်နေလဲဆိုတာကို သူမ နားမလည်နိုင်တော့ချေ။
သို့ပေမယ့် ပြန်ပြီး မေးခွန်းထုတ်သည့် အလုပ်တော့ သူမ မလုပ်ခဲ့ချေ။
“ ငါ အခု ဖုန်းဆက်လိုက်မယ်…”
လင်းရီဘက်က လျော်ကြေးပေးရန် အသင့်ဖြစ်နေသည်ကို မြင်တော့ အနက်ရောင် ဂျက်ကတ်နှင့် အမျိုးသားမှ “ မင်းက မင်းကိုယ်မင်း ဘယ်လိုလုပ်ရင် ကောင်းမယ်ဆိုတာတော့ သိသားပဲ … မဟုတ်ရင် မင်း ဒီပရောဂျက်ကို ဆက်လုပ်ဖို့ မေ့လိုက်လို့ရပြီ…”
“ ပရောဂျက် ဆက်လုပ်နိုင်အောင်လို့ ငါ့ဘက်က မင်းတို့ကို လျော်ကြေးပေးမယ်… ဒါပေမယ့် ကျေးဇူးပြုပြီး မင်းတို့ဘက်ကလည်း စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားဖို့ ပြောချင်တယ်…” လင်းရီ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
“ ဘောကိုလား … ငါတို့က ဘာမို့လို့ ပြင်ဆင်ထားရမှာ …”
“ ငါမင်းတို့ကို အမှန်အတိုင်း ပြောပြလိုက်မယ်… ဒီပရောဂျက်ကို ကျိုးဟိုင် မြူနီစီပယ် ကော်မတီကနေပြီး ဦးစီးဦးဆောင်လုပ်ပြီးမှ အစိုးရ နောက်ခံလည်း ရှိတယ်.. ဒါကြောင့်မို့ မင်းတို့ရဲ့ အခု လုပ်ရပ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်တဲ့ အမှုနဲ့ ငြှိစွန်းနေပြီ… နောက်ဆက်တွဲ ဘယ်လို ကိုင်တွယ်မလဲဆိုတာတော့ ငါလည်း လုံးဝ မသေချာဘူး … မင်းတို့ ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးနိုင်တယ်…”
“ မင်း … မင်း ဘာပြောလိုက်တယ်… ဒီနေရာက အစိုးရနောက်ခံ ရှိတယ် ဟုတ်လား …”
“ မဟုတ်လို့ ဘာဖြစ်ရမှာ … အဲ့လိုသာ မဟုတ်လို့ကတော့ ဘာလို့ ရဲတွေ အများကြီးက တစ်ခါတည်း ရောက်ချလာမှာ…”
အနက်ရောင်ဂျက်ကတ်နှင့် အမျိုးသားမှာ ရူးခါနေအောင် ကြောက်လန့်သွားခဲ့တော့သည်။ ဤပရောဂျက်တွင် အစိုးရ နောက်ခံ ရှိနေသည်လို့ သူ မသိခဲ့ပါချေ။
အကယ်၍ ထိုလူများသာ စုံစမ်း စစ်ဆေးမှု ပြုခဲ့မည်ဆိုပါက သူ့ဘက်က ကိစ္စချောသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
အမှန်တော့ ဤပရောဂျက်တွင် အစိုးရနောက်ခံ လုံးဝ မရှိချေ။ လင်းရီ ဖြီးဖြန်းလိုက်ခြင်း ဖြစ်၏။
ထိုသို့ ပြောခါမှ လင်းရီသည် ဤပရောဂျက်တွင် အစိုးရနောက်ခံ ရှိမရှိကို အမှန်တကယ်လည်း အဆုံးအဖြတ်ပေးနိုင်နေသည်။
“ ခေါင်းဆောင်ချိန်… အခြေအနေကတော့ ဒီလိုပဲ … ကျေးဇူးပြုပြီး စုံစမ်းပေးပါဦး …”
“ ငါနဲ့လွှဲထားလိုက် …” ချိန်ပင်းချန် ပြောလိုက်ပြိး “ ငါ အရင်ကလည်း ဒီလိုလူတွေ အများကြီး တွေ့ဖူးတယ်… ဒီလိုလူတွေကို ဘယ်လိုကိုင်တွယ်ရမလဲ ငါကောင်းကောင်းကြီး သိတယ်…”
ပြဿနာ လာရှာကြသည့် လူ ၂၀ ကျော်တို့မှာ ဘောင်းဘီထဲ ကျင်ငယ်ထွက်ကျပြီး ဖြစ်နေလေပြီ။ အကယ်၍ သူတို့သာ အမှန်တကယ် စုံစမ်း စစ်ဆေးခံရမည်ဆိုပါက ကိစ္စတုံးပြီး ဖြစ်၏။ လက်ကျန် ဘဝ တစ်လျှောက်လုံးကို လေးဘက်လေးတန် အုတ်နံရံ ကျဉ်းကျဉ်းလေးထဲတွင် အချိန်ကုန်ရသည်မျိုးတောင် ဖြစ်ကောင်းဖြစ်သွားနိုင်သည်။
“ မဟုတ်ဘူး … မလုပ်ပါနဲ့ .. ငါတို့ အေးဆေး စကားပြောလို့ရပါသေးတယ်…”
အနက်ရောင်ဂျက်ကတ်နှင့် လူမှ ရှေ့သို့ တက်လာပြီး လင်းရီ၏ လက်မောင်းကို ဆွဲလိုက်သည်။ သူ၏ သဘောထားမှာ ယခင်ကကဲ့သို့ မမောက်မာနိုင်တော့ချေ။
“ ငါတို့ကိုယ် ငါတို့ မှားမှန်း သိပါပြီ… သူများ ပိုက်ဆံပေးပြီး တောင်းဆိုလို့ ဒီလို လုပ်ရတာပါ … အခြေအနေတွေက ဒီလောက်ထိ ဖြစ်သွားလိမ့်မယ်လို့ ငါတို့လည်း ထင်မထားဘူး …”
သူ့ဘက်က ကြောက်ရွံ့ထိတ်လန့်နေခြင်း မရှိဟု ငြင်းဆိုပါက မုသားဆိုရာ ကျလိမ့်မည်။
အကယ်၍ အခြေအနေ ကိစ္စရပ်တို့သာ ယခုလို အခြေအနေအထိ ပေါက်ကွဲထွက်လာခဲ့မည် ဆိုပါက ဧကရာဇ်မင်းကိုယ်၌ ကြွချီလာခဲ့လျှင်ပင် သူတို့အား ကယ်တင်နိုင်လိမ့်မည် မဟုတ်တော့ချေ။
ထို့ပြင် ထွက်ပေါ်လာသည့် ရလဒ်သည်လည်း ဆိုးရွားသွားမည် ဖြစ်၏။ သူ့အနေဖြင့် ယခု အချိန်သို့ ရောက်ခါမှ တုံ့ဆိုင်းနေစရာ အကြောင်းပြချက် မရှိတော့ချေ။
သူ့ဘက်က တောင်းပန်လိုက်မည်ဆိုပါက သူ၏ ပြစ်ဒဏ်သည် ပေါ့လျော့သွားသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
“ ငါ့မှာ မင်းကို စီရင်ပိုင်ခွင့် အာဏာ မရှိတော့ ငါ့ကို ဒီလို စကားမျိုး လာပြောနေလို့လည်း အလကားပဲ …” လင်းရီ ပခုံးတွန့်လိုက်လေသည်။
“ လာကြစမ်း … ဒီကောင်တွေ အကုန်လုံးကို ဖမ်းခေါ်သွားကြ ..” ချိန်ပင်းချန် ပြောလိုက်၏။
ရဲအရာရှိ ၂၀ ကျော်မှာ ချိန်ပင်းချန်၏ နောက်ကွယ်မှ ရှေ့သို့ ထွ်ကလာပြီး ပြဿနာ လာရှာသူအားလုံးကို ဖမ်းဆီးချုပ်နှောင်လိုက်ကြလေသည်။ သူတို့၏ လှုပ်ရှားမှုတို့က သန့်ရှင်း သေသပ်လှ၏။
အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ သက်ကြီး ရွယ်အိုပင်ဖြစ်စေ အဖမ်းခံလိုက်ရသည့် လူတိုင်း၏ မျက်နှာထက်တွင် ဝမ်းပန်းတနည်း ဖြစ်နေသည့် အမူအရာတို့ ဖြစ်ပေါ်နေကြသည်။ သို့ဖြစ်စေကာမူ သူတို့အဖို့ နောင်တရရန် အချိန်ကား နောက်ကျလွန်းသွားချေပြီ။
လွန်ခဲ့သည့် နှစ်ရက်ခန့်က တစ်စုံတစ်ယောက် ရောက်လာပြီး သူတို့ တစ်ဦးချင်းစီကို ယွမ် ၅ ထောင်ပေးခဲ့၏။ သူတို့အားလုံးလည်း လောဘကြီးမိသွားခဲ့ကာ မေးခြင်း မြန်းခြင်း မပြုဘဲ လွယ်လင့်တကူ သဘောတူမိခဲ့ကြသည်။
ယခုတော့ အဆိုပါ ယွမ် ၅ ထောင်အတွက် သူတို့တွေသည် ထောင်ထဲသို့ လမ်းလျှောက်နေကြရပြီ ဖြစ်၏။
“ အား ……”
အနှီ ရဲအရာရှိကြီးများက သူမအား အမှန်တကယ် ဖမ်းဆီးခေါ်ဆောင်သွားတော့မည်ကို သိတော့ အဘွားကြီး တစ်ယောက်မှာ မြေပြင်သို့ ဘိုင်းခနဲ လဲချပစ်လိုက်၏။ မျက်ဖြူလည်းလှန်သွားပြီး တစ်ကိုယ်လုံး ဆန့်တငင်ငင် ဖြစ်နေလေသည်။
“ မရ … မရတော့ဘူး … လုပ်ကြပါဦး … ငါ့နှလုံးအောင့်တယ်… မြန်မြန် ငါ့ကို ဆေးရုံပို့ပေးကြပါ….”
“ အိုက်ယိုးယိုး ….”
“ ဒီလူတွေ လုပ်လို့ ငါလည်း လန့်သွားပြီ… ငါ့မှာ နှလုံးရောဂါ အခံ ရှိတယ်… ငါ အသက်ရှူလို့ မဝတော့ဘူး … မြန်မြန် ငါ့ကို ဆေးရုံပို့ပေးကြပါ ….”
ဤသို့ တဖြည်းဖြည်းနှင့် ……
သက်ကြီးရွယ်အို ခုနစ်ယောက် ၊ ရှစ်ယောက်တို့သည် တစ်ယောက်ပြီး တစ်ယောက် မြေပြင်သို့ ပစ်လဲချကာ ရဲများ မည်သို့ ကြိုးပမ်းစေကာမူ မထကြချေ။
၎င်းကြောင့်ပဲ ဘေးတွင် ဖြတ်သွားဖြတ်လာ ပြုနေကြသည့် လူများသည် ချိန်ပင်းချန်အား လက်ညိုးထိုးလာကြသည်။ ချိန်ပင်းချန်က အနိုင်ကျင့်နေသည်ဟု သူတို့ စိတ်ထဲ တွေးနေကြသည်မှာ သံသယ ဖြစ်နေရန် မလိုပေ။
ချိန်ပင်းချန်၏ အမူအရာ အေးစက်သွားခဲ့သည်။ သိသာစွာပင်။ သူသည် ဤသို့သော ကောလဟာလများကို ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။
“ ဒီလူတွေ အားလုံးက ဟန်ဆောင်နေကြတာ … လျစ်လျူရှုထားလိုက် … အားလုံးကို ကားထဲ ခေါ်သွားကြ ….”
“ ခင်များ မလုပ်နဲ့ … ခင်များရဲ့ အထောက်အထားက အထိခိုက်ခံလို့ ရတာ မဟုတ်ဘူး … ကျုပ် လုပ်လိုက်မယ်…”
“ ဥက္ကဌလင်း .. မင်း …..”
လင်းရီ ပြုံးလိုက်ပြီး ကော်စုန့်နန်အား ပြောလိုက်သည်။
“ တကယ်လို့ ပြဿနာ ရှိတယ်ဆိုရင် တိုက်ရိုက်ပဲ ဖြေရှင်းကြတာပေါ့ ..”
“ အာ….. ဖြေရှင်းမယ်… ဘယ်လို ဖြေရှင်းမှာ …”
“ ကားအက်စီးဒင့် ဖြစ်တဲ့ မြင်ကွင်းကို မြင်ဖူးလား … ဒီကို ကားပြေးလာခဲ့ခိုင်းလိုက် … ကျိုးဟိုင်ရဲ့ နှုန်းထားအရဆိုရင် အသက်တစ်ချောင်းကို ယွမ် ငါးသိန်းပဲ ….”
စောက်ကျိုးနည်း …
မြေပြင်ပေါ် လဲလျောင်းနေကြသည့် သက်ကြီးရွယ်အိုများအားလုံး အံ့ဩဘနန်း ဖြစ်သွားခဲ့ကြသည်။
ဒီလူက တကယ့်ကို အဆင်အခြင် မဲ့လွန်းတယ်… သူတို့ကိုတောင် ကားနဲ့ တိုက်သတ်ချင်နေတယ်…
“ မလုပ်ပါနဲ့ မလုပ်ပါနဲ့ .. နှလုံး မအောင့်တော့ဘူး … ပြန်ကောင်းသွားပြီ… ငါတို့ အသာတကြည် လိုက်ခဲ့ပေးပါ့မယ်…”
မိနစ် အနည်းငယ်ကြာပြီးနောက် ပြဿနာ လာရှာကြသည့် လူများအားလုံး ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံလိုက်ရလေသည်။
ကော်စုန့်နန်မှာ ရှော့ခ်ရနေခဲပြီး နဖူးထက်ရှိ ချွေးစေးတို့အား တိတ်တိတ်လေး ခိုးသုတ်လိုက်သည်။
ဥက္ကဌလင်းက မဆင်မခြင်နိုင်တာ မဟုတ်တော့ဘူး … အရိုးထဲ အသားထဲထိကို နတ်ဆိုးဆန်နေတာ …
ဒီနည်းလမ်းက ကိုယ်ထိလက်ရောက်နဲ့ ခြိမ်းခြောက်မှုတွေကို ချေပဖို့ ကြမ်းတမ်းခက်ထန်တဲ့ မျက်နှာ အမူအရာလုပ်တာထက်ကို ပိုပြီး အံ့ဩဖို့ ကောင်းနေတာပဲ …
ဒါက … ထောင်လွှား မောက်မာသူတွေရဲ့ အပြုအမူပဲ
ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲရှိ အခြေအနေ ကိစ္စရပ်တို့အား ကိုင်တွယ်ပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့ ပြန်လာခဲ့ကြ၏။
ကော်စုန့်နန်ကတော့ နောက်ဆက်တွဲ ကိစ္စရပ်တို့အား ကိုင်တွယ်ရန်အတွက် ထိုနေရာ၌ ကျန်နေရစ်ခဲ့လေသည်။
“ ဒီနေ့ နင်ရှိလို့သာပေါ့ … မဟုတ်ရင် ငါတော့ အဲ့လူတွေကို ကိုင်တွယ်ဖို့ တကယ် အခက်တွေ့နေရမှာ …”
လမ်းတွင် ကျီချင်းရန်မှ စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။
ဤပြဿနာ ဖြေရှင်းပြီးသည်နှင့် ပရောဂျက်သည်လည်း အချိန်စာရင်းအတိုင်း စတင်နိုင်တော့မည်ဖြစ်သည်။
“ ဒီလိုလူတွေ ကိုင်တွယ်ဖို့ဆို ကိုယ့်ဘက်က အင်အားသုံးရတယ်… ကိုယ့်ဘက်က ကောင်းပေးနေရင် သူတို့က ပိုလို့တောင် မောက်မာလာဦးမယ်…”
“ ငါတော့ နင့်ဆီကနေ ဒီလိုအရာမျိုးတွေ သင်ယူတတ်မြောက်ဖို့ဆိုတာ ဖြစ်နိုင်မယ် မထင်ပါဘူး …” ကျီချင်းရန် ပြုံးလိုက်၏။ “ ဒါပေမယ့် နင်ရှိနေမှတော့ အဲ့လို အသေးမွှား ကိစ္စလေးတွေကို စိတ်ပူနေစရာ မလိုလောက်ပါဘူး … ဟုတ်တယ်မလား လင်းလူကြီးမင်း …”
“ ဒါကတော့ မင်းရဲ့ လုပ်ရည်ကိုင်ရည်ပေါ် မူတည်တာပေါ့ …”
“ ပြဿနာ မရှိဘူး … ငါ့ရဲ့ ဟင်းချက်စကေးတွေကလည်း ခုရက်ပိုင်း တိုးတက်လာပြီ… ပြန်ရောက်ရင် နင့်ဖို့ အရသာ ရှိတာတွေ ချက်ပေးမယ်…”
“ လူသားထက် ပိုကောင်းတဲ့ အရသာ ရှိမယ်လို့တော့ မထင်ဘူးနော်…”
ကျီချင်းရန် မျက်လုံးလှိမ်းလိုက်ပြီး အရှက်ကင်းမဲ့စွာ ပြန်ပြောလိုက်သည်။ “ အဲ့လိုတွေ မရှိပါဘူး …”
ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက ထွက်လာပြီးသည့်နောက် လင်းရီနှင့် ကျီချင်းရန်တို့သည် ကွမ်းတုံ စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်၍ ထမင်းစားလိုက်ကြ၏။
စားနေရင်းဖြင့် စုန့်ကျားယွီအကြောင်း စကားစပ်မိကြလေသည်။ ပြီးနောက် ရုပ်ရှင်ကြည့်ရန် ထွက်လာခဲ့ကြကာ ၁၀ နာရီ ဝန်းကျင်လောက်တွင်မှ အိမ်သို့ ပြန်ရောက်လာခဲ့ကြ၏။
အိမ်သို့ ပြန်ရောက်သည်နှင့် လင်းရီသည် ချိန်ပင်းချန်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။
“ ဥက္ကဌလင်း .. ငါတို့ စစ်ဆေးမေးမြန်းပြီးသွားပြီ… ဒီလူတွေက သာမန်လူတွေပဲ … ဒါပေမယ့် သူတို့ရဲ့ သတင်းတွေကတော့ သိပ်မကောင်းကြဘူး .. အားလုံးက သေမထူး နေမထူးတွေချည်းပဲ …”
“ သူတို့ပြောတာတော့ ရှေ့နှစ်ရက်တုန်းက မာစန်းဆိုတဲ့ လူတစ်ယောက်က ဒီလာပြီး ပြဿနာ မရှာခိုင်းခင် တစ်ယောက်ကို ယွမ် ငါးထောင်စီ ပေးခဲ့တယ်ဆိုပဲ …”
လင်းရီ ခေတ္တမျှ စဉ်းစားလိုက်ပြီး “ ခင်များ အဲ့ဒီ မာစန်းလို့ခေါ်တဲ့ လူကို ရှာနိုင်မလား …”
“ တစ်ဖက်လူက တော်တော် သတိကြီးတယ်.. ပိုက်ဆံပဲ ပေးသွားပြီး ဆက်သွယ်လို့ ရမယ့် ဘာအချက်အလက်ကိုမှ မထားခဲ့ပေးဘူး .. လက်ထဲ ရှိတဲ့ ဒီအချက်အလက်လေးတွေလောက်နဲ့တော့ အဲ့လူကို ရှာဖို့ မလွယ်လောက်ဘူး …”
“ ကောင်းပြီ … ကျုပ်နားလည်ပြီ… ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ချိန်…”
“ အချင်းချင်းတွေကိုပဲ … ယဉ်ကျေးနေစရာ မလိုပါဘူး …”
သာယာနာပျော်ဖွယ် စကားတစ်ချို့ ဖလှယ်ပြီးသည့်နောက် လင်းရီ ဖုန်းချလိုက်သည်။
လင်းရီ၏ လေးနက်သည့် မျက်နှာထားကို မြင်တော့ ကျီချင်းရန် လှီးထားသည့် အသီးတစ်ချို့ ယူလာပေး၏။
“ တစ်ခုခု ဖြစ်ထားလို့လား … မျက်နှာလည်း မကောင်းဘူးရော်…”
“ မင်းတို့နဲ့ မြေပြိုင်လုနေတဲ့ ကုမ္ပဏီနာမည်က ဘယ်လိုခေါ်လဲ …”
“ ဟွမ်ဟိုင် အုပ်စု … သူလည်း တော်တော်နာမည်ကြီးတဲ့ ကုမ္ပဏီထဲမှာ ပါတယ်… ဥက္ကဌက ဟွာရှမှာ တစ်ခါက အချမ်းသာဆုံး ဖြစ်ခဲ့ဖူးတဲ့ လီတုံရှင်း … အခု ကုန်းတွင်းပိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက မီးရှူးမီးပန်းတွေလို ပေါက်ကွဲထွက်လာပြီဆိုတော့ သူတို့လည်း ဝေစု လာခွဲချင်နေကြတာ …” ကျီချင်းရန် ပြောလိုက်သည်။ “ ဒါပေမယ့် ဒီခုပရောဂျက်ကိုတော့ ဟွမ်ဟိုင် အုပ်စုရဲ့ အထွေထွေ မန်နေဂျာ သူ့သား လီဟွာရှင်းက စီမံတာ … “
လင်းရီ ပြုံးလိုက်လေသည်။
“ သူက ဟွာရှ ဈေးကွက်မှာ ရှယ်ယာတစ်ခု လိုချင်နေတယ်ဆိုရင်တော့ သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာပဲ …”