ငါ ဒီလာခဲ့တာ မင်းကို ကိုင်တွယ်ဖို့ဆိုတာပဲ
Vol. 109 Ch. 1631
“ အဲ့လောက် မြန်လား …” လင်းရီ အံ့အားသင့်သွားခဲ့ရ၏။
သူ ယခုလေးတင် မအိပ်ခင်ကပဲ မိုဟုန်ရှန်းထံသို့ ဖုန်းဆက်၍ ဤကိစ္စအား ကူညီပေးရန် အကူအညီတောင်းခဲ့သည်။ ယခု မနက်ခင်း ၂ နာရီမျှသာ ရှိသေးပြီး သူ့ဘက်က သံသယ တရားခံကို ဖမ်းမိနေပြီတဲ့လော။
“ ငါလည်း နည်းနည်းတောင် ကြောင်သလို ဖြစ်သွားခဲ့သေးတယ်…” မိုဟုန်ရှန်း ပြုံးလိုက်ပြီး “ ပထမနေ့ဆိုတော့ ဒီလာပြီး ညအချိန်ဖြုန်းရမှာကို နည်းနည်း စိုးရိမ်မိနေသေးတာ … ပြီးမှ စီစဉ်စရာ ရှိတာလေးတွေ စီစဉ်မယ်ပေါ့ … ဒါပေမယ့် ထင်မှတ်မထားခဲ့တာ အဲ့ဒီ ပြဿနာ ရှာတဲ့ကောင်တွေက ငါတို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာခဲ့တာပဲ …”
“ ကျေးဇူးပါ အစ်ကိုရှန်း … ကျုပ် အခု လာခဲ့မယ်…”
“ ဖြည်းဖြည်း မောင်းခဲ့ … တရားခံက ငါ့လက်ထဲမှာ … အလျင်လို စရာ မလိုဘူး …”
“ ဒါပေါ့ …”
ဖုန်းချပြီးနောက် လင်းရီ ကျီချင်းရန်အား တစ်ချက်ကြည့်လိုက်သည်။
သူမ၏ အိပ်စက်နိုင်စွမ်းက အတော်လေး ကောင်းမွန်သည်ဟု လင်းရီ ခံစားလိုက်ရလေသည်။ ဖုန်းသံ မြည်လာ၍ပင် မနိုးလာခဲ့ချေ။
လင်းရီ သူ့လက်မောင်းကို ဆွဲထုတ်၍ ကျီချင်းရန်အနားက ခွာလိုက်သည်။ သူမမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေဆဲဖြစ်ပြီး မည်သို့မျှ မတုံ့ပြန်လာချေ။
လင်းရီ ပြောစရာ စကား ကင်းမဲ့သွားခဲ့ရတော့၏။ ကျီချင်းရန်၏ အိပ်စက်နိုင်စွမ်းကတော့ အမှန်တကယ် လေးစားလောက်စရာပါပင်။
သူမကိုယ်သူမ ကုတင်နှင့် ချည်နှောင်ထားသလားဟုတောင် ထင်မှတ်ရ၏။
အခြားရွေးချယ်စရာ မရှိပါဘဲ လင်းရီသည် သူမ၏ တင်ပါးကို ခြေထောက်ဖြင့် တစ်ချက်ထိုးလိုက်သည်။ ကျီချင်းရန်၏ နှုတ်ခမ်းတို့ မကျေမနပ် ထော်နမ်းလာခဲ့ကာ ဆူညံသံ အနည်းငယ် ပြု၍ တစ်ဖက်သို့ လှည့်သွားခဲ့လေသည်။
ထို့နောက် ပြန်အိပ်ပျော်သွားခဲ့၏။
လင်းရီ “ …. “
အိပ်ရာထဲက ထွက်ပြီးနောက် လင်းရီသည် အဝတ်အစား ဝတ်၍ သိုလှောင်ခန်းထဲသို့ သွားလိုက်သည်။ အရက်နှစ်လုံး၊ ဝိုင်နီ နှစ်လုံးနှင့် လက်ဖက်ခြောက် တစ်သေတ္တာကို ယူ၍ မိုဟုန်ရှန်းအား လက်ဆောင်ပေးရန် စီစဉ်လိုက်သည်။
စီးပွားရေးလုပ်ကိုင်ရာတွင် အကူအညီများ ဖလှယ်ရမည့် ဖြစ်စဉ်က မလွဲရှောင်သာသည့် ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်သည်။ ဤအရာများအားလုံးကို ကျီချင်းရန်က လိုအပ်သည့်အချိန်တွင် အသုံးချနိုင်ရန်အတွက် ဝယ်ထားခြင်းပင်။
ဤ ပစ္စည်းများ ကောင်း၏ မကောင်း၏ သူမလည်း မသိချေ။ သို့ပေမယ့် ဈေးမပေါသည်ကတော့ အမှန်ပင်။
အရာအားလုံး ပြင်ဆင်ပြီးသည့်နောက်တွင်ပင် လင်းရီ အနည်းငယ် စိုးရိမ်နေမိဆဲပင်။ သူ အခန်းတံခါးသို့ ပြန်သွား၍ တစ်ချက် ကြည့်လိုက်၏။
မိနစ် နှစ်ဆယ်ပင် မရှိသေးသည့် အချိန်တိုအတွင်း ကျီချင်းရန်သည် သူမ၏ ကိုယ်ကို ဘေးသို့ လူးလိမ့်နေကာ အိပ်ရာ၏ အစွန်းတစ်ဖက်ခြမ်းသို့ အတော်လေးရောက်ရှိနေလျက် ရှိသည်။
လင်းရီ နှုတ်ခမ်းကိုက်မိသွားခဲ့ရင်း ကုတင် နှစ်ခုဆက်ထားလျှင်ပင် ကျီချင်းရန်အတွက် လုံလောက်လိမ့်မည် မဟုတ်ဟု ခံစားလိုက်ရ၏။
မထွက်ခွာမီ လင်းရီ စောင်နောက်တစ်ထည် ယူ၍ ကျီချင်းရန်အား ပြုတ်ကျခြင်းမှ ကာကွယ်ပေးရန်နှင့် အအေး မပတ်စေရန် ခြုံထားပေးလိုက်သည်။ သို့သော် သူမ၏ အအိပ်ကြမ်းသည့် ပုံစံဖြင့် ဤစောင်လည်း မိနစ် အနည်းငယ်ကြာသည်နှင့် ကန်ထုတ်ခံရလောက်ပေသည်။
ထွက်ခွာပြီးနောက် လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်သည်။ လက်ရှိ အချိန်အရ မနက် အရုဏ် မတက်မီ ဤကိစ္စအား ကိုင်တွယ်ပြီးစီး၍ ပြန်လည် အိပ်စက်နိုင်လောက်သည်။
အရေးကြီးဆုံးကတော့ သူ ညအချိန်မတော် ထွက်ခွာသွားသည်ကို ကျီချင်းရန် သတိထားမိလိမ့်မှာ မဟုတ်ခြင်းပင်။
ဤသည်က ကောင်း၏။
လက်ထဲရှိ လက်ဆောင် ပစ္စည်းများနှင့်အတူ လင်းရီ ကားထဲသို့ ဝင်ကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ မောင်းနှင် ထွက်ခွာလာခဲ့သည်။
ပရောဂျက်ဆိုဒ်၏ ယာယီရုံးခန်း ဝင်ပေါက်ဝ၌ လူ အယောက် ၃၀ ကျော် ဝန်းရံ နေလျက် ရှိပြီး ဧရာမ ရှာဖွေရေး မီးအလင်းရောင်ကလည်း ဤလူများအပေါ်တွင် နေအသေးစားလေးသဖွယ် တောက်ပနေသည်။
အလယ်တွင် လူ ၇ယောက် ၈ ယောက်ခန့်မှာ ဝန်းရံထားခြင်း ခံရ၏။ သူတို့၏ လက်များကို နိုင်လွန်ကြိုးဖြင့် ချည်နှောင်ထားကာ လက်ပြန် ကြိုးတုပ်ထားသည်။ ၎င်းတို့၏ အမူအရာမှာ ကင်းမဲ့နေပြီး စကားလည်း တစ်ခွန်းမျှ မဆိုကြချေ။ သူတို့တွေ မည်သည့်အရာများ စဉ်းစားတွေးခေါ်နေကြသလဲဆိုတာကို သိရဖို့ အင်မတန် ခဲယဉ်းလှ၏။
“ မစ္စတာမို … ဒါတွေ အားလုံး ခင်များကို ကျေးဇူးတင်ရမှာပဲ … ကျုပ်တို့ချည်းပဲ ဆိုလို့ကတော့ ညလယ်ကြီး အိပ်ကောင်းနေတာနဲ့ ဘာမှတောင် သိလိုက်မှာ မဟုတ်ဘူး….”
ဤလူများအားလုံးကို လင်းရီငှားရမ်းထားမှန်း ကောင်စုန့်နန် သိသည်။ သို့သော် မိုဟုန်ရှန်းနှင့် ကျန်သူများ၏ အထောက်အထားကိုတော့ သူ မသိပါချေ။ အကယ်၍ သိခဲ့မည်ဆိုပါက သူ ထိတ်လန့်သွားလောက်၏။
ထို့ပြင် ဤသို့ ဖြစ်ပျက်ပြီးနောက် သူ့ရင်ဘက်ထဲတွင် လင်းရီအား စိတ်ရင်း အမှန်ဖြင့် လေးစားမိလာခဲ့၏။ သူက တစ်စုံတစ်ယောက် လာပြီး ပြဿနာရှာမည်ကိုပင် ကြိုတင်၍ မှန်းဆ တွက်ချက်နိုင်ခဲ့လေသည်။ ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် ဘီလီယမ်နာ သူဌေးကြီး ဖြစ်လာသည်က မထူးဆန်းတော့ချေ။ သာမန်လူဆိုပါက သတိလက်လွတ် ဖြစ်နေမိလောက်၏။
“ ယဉ်ကျေးနေစရာ မလိုပါဘူး ..” မိုဟုန်ရှန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါလည်း မင်းတို့ ဥက္ကဌလင်းရဲ့ မိတ်ဆွေကောင်းပဲလေ… အချင်းချင်း ကူညီတယ်ဆိုတာ ဖြစ်သင့်တဲ့ ကိစ္စပါပဲ…”
“ ကျုပ်တို့ ဒီလူတွေကို ဘာလုပ်ကြမှာ … ဒီလိုမျိုး ထိုင်ကြည့်နေလို့တော့ မဟုတ်သေးဘူးနော်…” ကော်စုန့်နန် ပြောလိုက်ပြီး “ အခု ရဲခေါ်လိုက်ရင်ကော …”
“ မပူနဲ့ … ငါ ဥက္ကဌလင်းကို ဖုန်းခေါ်ထားတယ်… သူ ခဏဆို ရောက်လာတော့မှာ …”
“ ဥက္ကဌလင်း လာမယ်ဆိုတော့ ကောင်းတာပေါ့ …”
သူ၏ အမြင်တွင် လင်းရီ၏ အဆင့်အတန်းဖြင့် ဆိုပါက ဤကိစ္စအား ပြီးပြည့်စုံစွာ ကိုင်တွယ်ဖြေရှင်းနိုင်ပေမည်။
“ ကောင်းပြီ … လူတိုင်းပဲ … ပြန်ပြီး နားကြတော့ … ငါတို့ မနက်ဖြန်လည်း အလုပ်ဆက်လုပ်ကြရဦးမှာ … ငါပဲ ဒီမှာနေပြီး စောင့်ကြည့်နေလိုက်မယ်…”
ပြဿနာရှာရန် ရောက်လာခဲ့ကြသူများအားလုံးက ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ဖြစ်သဖြင့် ကော်စုန့်နန်သည် ကျန်လူများအား လူစုခွဲလိုက်၏။
သူ ၊ မိုဟုန်ရှန်းနှင့် ကျိုးဟိုင် မြို့စောင့်တပ်ဖွဲ့ဝင်များသာ နောက်တွင် ကျန်နေရစ်ပြီး ဤလူများအား ဆက်လက်စောင့်ကြည့်နေလိုက်သည်။
“ အမြန်ပြော … မင်းတို့ကို ဘယ်သူ ဒီလွှတ်လိုက်တာလဲ … နေ့ခင်းက ပြဿနာ လာရှာတဲ့လူတွေကရော မင်းတို့နဲ့ ကြံရာပါပဲလား …”
“ မင်း ဘာတွေပြောနေလဲ ငါ နားမလည်ဘူး ..” ခေါင်းတုံးပြောင်နှင့် အမျိုးသားတစ်ယောက်က သာမန် အေးဆေး လေသံဖြင့် ပြောလိုက်ပြီး “ ငါတို့ ဒီလာတာ ပစ္စည်းခိုးဖို့ … အခု ငါတို့ အဖမ်းခံလိုက်ရပြီဆိုတော့ ဘာမှ ပြောစရာမရှိဘူး … အလွန်ဆုံး ဖမ်းခံရလဲ နှစ်လ ၊ သုံးလလောက်ပေါ့ …”
ဘေးတွင် ရပ်နေသည့် မိုဟုန်ရှန်းမှ ရယ်မောလိုက်မိသည်။
ဘယ်လိုတောင် ရိုးအပြီး ချစ်ဖို့ကောင်းလိုက်တဲ့ လူတစ်စုလဲ ..
“ အေးအေးသက်သက်သာသာနေ … ငါ မင်းတို့ကို ရဲ စခန်း မပို့ဘူး … ဥက္ကဌလင်းက မင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်လိမ့်မယ်…”
“ ဥက္ကဌလင်း …”
ခေါင်းတုံးပြောင်နှင့် အမျိုးသားမှ ပြုံးလိုက်ပြီး “ ရဲတောင် မကြောက်တဲ့ ငါက ဘာမို့လို့ မင်းတို့ကို ကြောက်နေရမှာ … လာပြီး ခြိမ်းခြောက်မနေနဲ့ …”
“ မင်းတို့က မင်းတို့ကိုယ်မင်းတို့ ဘာက ပိုကောင်းလဲဆိုတာ တကယ် မသိဘူးပဲ … ဥက္ကဌလင်း ရောက်လာတဲ့အချိန်ကျရင် မင်းတို့တွေ အချိန်ကောင်းလေး ပိုင်ဆိုင်ရတော့မယ်…”
“ ဟီးဟီး ….”
“ ဟားဟား ….”
အဖမ်းခံထားရသည့် လူများအားလုံး တစ်ချိန်တည်း လိုလို ရယ်မောလိုက်ကြ၏။ ကော်စုန့်နန်၏ စကားကို မည်သူကမျှ လေးလေးနက်နက် အမှုထားမနေကြချေ။
ဘွန်း ဘွန်း ဘွန်း ….
အင်ဂျင်ဟိန်းသံ တစ်ခု ပျံ့လွင့်လာသည်။ လူတိုင်း ထွက်ပေါ်လာသည့် အလင်းတန်းနှစ်ခုကို လှမ်းကြည့်မိလိုက်ကြ၏။
ည၏ လမ်းတွင် လူတို့ ကင်းမဲ့နေကာ လင်းရီသည် သူ၏ La Voiture Noire နှင့်အတူ ပရောဂျက်ဆိုဒ်သို့ မိနစ် ၂၀ အတွင်း ရောက်ရှိလာခဲ့၏။
ထိုအချိန်တွင် မိုဟုန်ရှန်းနှင့် ကော်စုန့်နန်တို့ သူ့အနား ရောက်လို့လာသည်။
“ အစ်ကိုရှန်း … ပင်ပန်းစေမိပြီ…”
“ အသေးအမွှားလေးပါ … တရားခံတွေအကုန်လုံး ထိန်းချုပ်မှုအောက်မှာ ရှိတယ်… သွားပြီး တစ်ချက် ကြည့်ကြစို့ …”
သူတို့နှစ်ဦး၏ ဦးဆောင်မှုအောက်တွင် လင်းရီသည် ယာယီ ရုံးခန်း ဝင်ပေါက်ဝသို့ ရောက်ရှိလာခဲ့၏။
ကြိုးတုပ်ခံထားရသည့် လူ ရှစ်ယောက်ကို လင်းရီ ကြည့်လိုက်သည်။ သူတို့၏ ဝတ်စားဆင်ယင်မှုနှင့် ကိုယ်လုံးသွင်ပန်းသဏ္ဌာန်အရ ၎င်းတို့၏ ပုံစံမှာ နယ်ခံ လူမိုက်များနှင့် ခြားနားနေခြင်း မရှိချေ။
“ မာစန်း မင်းတို့ကို လွှတ်လိုက်တာလား …”
ချိန်ပင်းချန်၏ စုံစမ်း မေးမြန်းမှုများအရ နေ့ခင်းဘက်တွင် ပြဿနာ လာရှာကြသူများ၏ နောက်ကွယ်၌ မာစန်းဟု ခေါ်သည့် တစ်စုံတစ်ယောက် ရှိနေသည်ကို သိရှိလိုက်ရသည်.
အကယ်၍ သူထင်တာ မမှားယွင်းခဲ့ဘူးဆိုပါက ယခု ပြဿနာ လာရှာကြသူများ၏ နောက်ကွယ်တွင် မာစန်း ရှိနေနိုင်သည်။
“ မင်း ဘာတွေ ပြောနေလဲ ငါ နားမလည်ဘူး … ဘယ်လိုပ ဖြစ်ဖြစ် ငါတို့က ဒီကို ပစ္စည်းခိုးပဲ လာခဲ့တာပဲ … မင်းတို့လူတွေ ဖမ်းမိသွားလိမ့်မယ်လို့တော့ ထင်မထားဘူး … မင်းပြောနေတဲ့ မာစန်းကိုလဲ ငါမသိဘူး …”
ခေါင်းတုံးနှင့် လူ၏ လေသံတွင် အကြောက်တရားတို့ ကင်းသည်။ အဆိုးရွားဆုံး အခြေအနေတွင် ရဲစခန်းသို့ အပို့ခံရရုံမျှသာ ရှိ၏။
အရေးကြီးဆုံး အချက်ကတော့ သူတို့တွေ စပြီး ပြဿနာ မရှာရသေးခင် အဖမ်းခံလိုက်ရခြင်းပင်။ ထို့ကြောင့် ပြဿနာ ရှာရန် ကြိုးပမ်းသူများ အဖြစ်သာ ယိုးစွပ်ခံရမည်ဖြစ်ပြီး ပြစ်ဒဏ်ကလည်း ပေါ့လျော့လိမ့်မည်။ ထောင်သွင်း အကျဉ်းခံရဖို့တောင် မသေချာပေ။ အလွန်ဆုံး လေးငါးရက် တစ်ပတ်ခန့် ချုပ်ထားပြီး ပြန်လွှတ်ရမည် ဖြစ်၏။ ဤလူများအား ထိတ်လန့်ကြောက်ရွံ့နေစရာ အကြောင်း မရှိချေ။
အကယ်၍ ဤလူများက သူ့အား ကိုယ်ထိလက်ရောက် ကျူးလွန်ဝံ့သည်ဆိုပါက သူ့တွင်လည်း နိုင်ငံသား အခွင့်အရေး အပြည့်အဝရှိပြီး ဤလူများအား ပိုလို့ပင် ကြောက်စရာ လိုတော့မည် မဟုတ်ချေ။
“ မင်းတို့ကောင်တွေ ကြည့်ရတာ ….. ဒီခုလို ဖမ်းခံထားရတာကို စိတ်ထဲ ရှိတဲ့ပုံလည်း မပေါ်ပါလား …” လင်းရီ မေးစေ့ပွတ်သပ်ရင်း ပြောလိုက်၏။
“ ငါတို့က ဒီတိုင်း ပစ္စည်းလေး နည်းနည်း ပါးပါး ခိုးချင်ရုံပဲ … အဲ့တာကိုလည်း ငါတို့ မငြင်းဘူး … မင်းက ငါတို့ကို ဘာများ လုပ်စေချင်သေးတာ …” ခေါင်းတုံးနှင့် အမျိုးသားက ပြောလိုက်သည်။ “
“ မြန်မြန် … ငါတို့ကို ရဲစခန်း ပို့ပေးစမ်း … မင်း အခုလို လုပ်နေတာက တရားမဝင်ဘူး …” နောက်ထပ် ကြံရာပါ အမျိုးသား တစ်ဦးက အသံထွက်လာသည်။
“ မင်းတို့ကောင်တွေ ဘာလို့ အကြောက်အလန့် ကင်းနေကြလဲဆိုပြီး ငါက သိချင်နေတာ လက်စသတ်တော့ မင်းတို့က ငါ ဒီအလာကို စောင့်နေကြတာကိုး …” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ထင်နေတာ ရဲတွေကလည်း မင်းတို့ ခိုးယူထားတယ်ဆိုတဲ့ သက်သေမရှိရင် အရေးယူလို့ မရပါဘူး ဆိုပြီးတော့ပေါ့ ဟုတ်လား …”
မည်သူကမျှ ပြန်မငြင်းချေ။ အဘယ်ကြောင့်ဆိုသော် သူတို့စိတ်ထဲ တွေးနေသည်ကလည်း ထိုသို့ ဖြစ်နေသောကြောင့် ဖြစ်၏။
“ အဲ့လိုဆိုရင်တော့ မင်းတို့ နည်းနည်းလေး မျှော်လင့်လွန်းသွားပြီ…” လင်းရီ ပြောလိုက်ပြီး “ ငါသာ မင်းတို့ကို ကိုင်တွယ်ချင်တဲ့ ရည်ရွယ်ချက် မရှိရင် ညတွင်းချင်း လာခဲ့မှာတောင် မဟုတ်ဘူး …”